မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ယေရှုထင်ရှားပြပုံ

ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ယေရှုထင်ရှားပြပုံ

ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ယေရှုထင်ရှားပြပုံ

“အသွေးတော်ကို ယုံကြည်ခြင်းဖြင့် အပြစ်ဖြေလွှတ်ခွင့်ရရန် ဘုရားသခင်သည် ခရစ်တော်ကို အပြစ်ဖြေရာယဇ်အဖြစ် စေလွှတ်တော်မူ၏။ . . . ဖြောင့်မတ်တော်မူကြောင်း ဖော်ပြမည်အကြောင်းဖြစ်၏။”—ရော. ၃:၂၅

၁၊ ၂။ (က) သမ္မာကျမ်းစာက လူသားများ၏အခြေအနေအကြောင်း အဘယ်အရာ ဖော်ပြသနည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်မေးခွန်းများကို သုံးသပ်မည်နည်း။

ဧဒင်ဥယျာဉ်တွင်ပေါ်ပေါက်ခဲ့သော ပုန်ကန်မှုအကြောင်းဖော်ပြသည့် သမ္မာကျမ်းစာမှတ်တမ်းသည် လူသိများ၏။ ကျွန်ုပ်တို့အားလုံးသည် အာဒံ၏အပြစ်ကြောင့် ဆိုးကျိုးများခံစားနေရကြောင်း ဤစကားများက ဖော်ပြ၏– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရော. ၅:၁၂) မှန်ရာကိုပြုလုပ်ရန် ကျွန်ုပ်တို့ မည်မျှပင်ကြိုးစားပါစေ ကျွန်ုပ်တို့သည် အမှားများပြုလုပ်ကြရာ ဘုရားသခင်၏ခွင့်လွှတ်မှု လိုအပ်ကြသည်။ တမန်တော်ပေါလုပင် ဤသို့မြည်တမ်းခဲ့သည်– “ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်မိလေ့ရှိ၏။ ငါ့အဖြစ် ဆိုးလိုက်လေခြင်း။”—ရော. ၇:၁၉၊ ၂၄

ကျွန်ုပ်တို့အားလုံးသည် အပြစ်ရှိသောကြောင့် ဤအရေးကြီးသောမေးခွန်းများ ပေါ်လာသည်– နာဇရက်မြို့သားယေရှုသည် အဘယ်နည်းဖြင့် အပြစ်ကိုအမွေမခံရဘဲ မွေးဖွားလာသနည်း။ ကိုယ်တော် အဘယ်ကြောင့် နှစ်ခြင်းခံခဲ့သနည်း။ ယေရှု၏ဘဝအသက်တာသည် ယေဟောဝါ၏ဖြောင့်မတ်ခြင်းကို မည်သို့ ထင်ရှားပြခဲ့သနည်း။ အရေးအကြီးဆုံးမှာ ခရစ်တော်၏သေခြင်းသည် အဘယ်အရာများကို ပြီးမြောက်စေသနည်းဟူသော မေးခွန်းဖြစ်သည်။

ဘုရားသခင့်ဖြောင့်မတ်ခြင်း စောဒကတက်ခံရ

၃။ စာတန်သည် ဧ၀ကို မည်သို့လှည့်စားခဲ့သနည်း။

ကျွန်ုပ်တို့၏ ကနဦးမိဘဖြစ်သော အာဒံနှင့်ဧ၀သည် ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို မိုက်မဲစွာငြင်းပယ်ကာ “စာတန်ခေါ် မူလမြွေ နဂါးကြီး” ၏အုပ်ချုပ်မှုကို လက်အောက်ခံခဲ့သည်။ (ဗျာ. ၁၂:၉) မည်သို့ဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ စာတန်သည် ယေဟောဝါအုပ်ချုပ်ပုံနည်းလမ်း၏ ဖြောင့်မတ်မှုကို မေးခွန်းထုတ်ခဲ့သည်။ “ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလော” ဟု ဧဝအား မေးခွန်းထုတ်ခဲ့ခြင်းအားဖြင့်ဖြစ်သည်။ ဧ၀က အပင်တစ်ပင်၏အသီးကို မကိုင်မစားဘဲနေရမည်၊ မဟုတ်လျှင် သေမည်ဟူသော ဘုရားသခင်၏ရှင်းလင်းသည့်အမိန့်ကို ပြန်ပြောပြခဲ့၏။ ထို့နောက် စာတန်သည် ဘုရားသခင်အား မုသာသုံးသူအဖြစ် စွပ်စွဲကာ “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်” ဟုပြောခဲ့သည်။ ဘုရားသခင်သည် ကောင်းသောအရာတစ်ခုခုကို ထိန်ချန်ထားကြောင်း၊ အသီးကိုစားခြင်းဖြင့် သူမသည် ဘုရားသခင်ကဲ့သို့ဖြစ်လာပြီး လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိလာမည်ဖြစ်ကြောင်းပြောကာ ဧ၀ယုံကြည်လာရန် လှည့်စားခဲ့သည်။—က. ၃:၁-၅

၄။ လူသားများသည် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အန်တုသူ စာတန်၏ အုပ်ချုပ်မှုအောက် မည်သို့ကျရောက်ခဲ့သနည်း။

အမှန်တွင် လူသားများသည် ဘုရားသခင်နှင့်သီးခြားနေခြင်းဖြင့် ပို၍ပျော်ရွှင်မည်ဖြစ်ကြောင်း စာတန်ပြောနေခြင်းဖြစ်သည်။ အာဒံသည် ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှု ဖြောင့်မတ်ကြောင်း ထောက်ခံမည့်အစား ဇနီးဖြစ်သူ၏စကားကို နားထောင်ကာ သူမနှင့်အတူ တားမြစ်ထားသောအသီးကို စားခဲ့သည်။ ဤနည်းဖြင့် အာဒံသည် ဘုရားသခင်ရှေ့ မိမိ၏စုံလင်သောအနေအထားကို ဆုံးရှုံးကာ ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်း၏ ရက်စက်သောထမ်းပိုးအောက် ရောက်ရှိစေခဲ့သည်။ တစ်ချိန်တည်းတွင် လူသားများသည် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အန်တုသူ ‘ဤလောကစနစ်၏ဘုရားသခင်’ ဖြစ်သော စာတန်၏ အုပ်စိုးမှုအောက် ကျရောက်ခဲ့ရသည်။—၂ ကော. ၄:၄; ရော. ၇:၁၄

၅။ (က) မိမိ၏စကားများမှန်ကန်ကြောင်း ယေဟောဝါ မည်သို့သက်သေပြခဲ့သနည်း။ (ခ) အာဒံနှင့်ဧ၀၏သားစဉ်မြေးဆက်ကို ဘုရားသခင် အဘယ်မျှော်လင့်ချက်ပေးခဲ့သနည်း။

ယေဟောဝါသည် အာဒံနှင့်ဧ၀ကို သေဒဏ်ချမှတ်ခြင်းဖြင့် မိမိ၏စကားများ မှန်ကန်ကြောင်း ဖော်ပြခဲ့သည်။ (က. ၃:၁၆-၁၉) သို့သော် ယင်းကြောင့် ဘုရားသခင့်ရည်ရွယ်ချက် ပျက်ပြားသွားပြီဟု မဆိုလိုချေ။ ယေဟောဝါသည် အာဒံနှင့်ဧ၀ကို သေဒဏ်ချမှတ်ချိန်တွင် သူတို့၏အနာဂတ်သားစဉ်မြေးဆက်အတွက် မျှော်လင့်ချက်ရောင်ခြည် ပေးခဲ့သည်။ စာတန်ကြောင့် ဖနောင့်တွင် ဒဏ်ရာရမည့် “အမျိုးအနွယ်” ကို ပေါ်ထွက်စေမည့် မိမိ၏ရည်ရွယ်ချက်ကို ကြေညာခဲ့ခြင်းဖြင့် မျှော်လင့်ချက်ပေးခဲ့သည်။ သို့သော် ကတိထားရာအမျိုးအနွယ်သည် ဖနောင့်ဒဏ်ရာ ပျောက်ကင်းသွားမည်ဖြစ်ပြီး “[စာတန်] ၏ခေါင်းကို ကြိတ်လိမ့်မည်။” (က. ၃:၁၅) သမ္မာကျမ်းစာက ဤအဓိကအချက်ကို ယေရှုခရစ်နှင့်ပတ်သက်သည့် ဤစကားများတွင် ရှင်းရှင်းလင်းလင်းဖော်ပြသည်– ‘စာတန်၏အမှုအရာများကို ချိုးဖျက်ရန် ဘုရားသခင်၏သားတော် ကြွလာရခြင်းဖြစ်၏။’ (၁ ယော. ၃:၈) သို့သော် ယေရှု၏လုပ်ဆောင်မှုများနှင့် သေခြင်းသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မည်သို့ထင်ရှားစေသနည်း။

ယေရှုခံခဲ့သောနှစ်ခြင်း၏အဓိပ္ပာယ်

၆။ ယေရှုသည် အာဒံထံမှ အပြစ်ကို အမွေမခံခဲ့ရကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။

အရွယ်ရောက်ပြီးသောလူကြီးတစ်ဦးအနေနှင့် ယေရှုသည် တစ်ချိန်က စုံလင်ခဲ့သောအာဒံနှင့် တူညီသည်။ (ရော. ၅:၁၄; ၁ ကော. ၁၅:၄၅) ယင်းက ယေရှုသည် စုံလင်သောလူသားတစ်ဦးအနေနှင့် မွေးဖွားလာသည်ကို ဆိုလိုသည်။ မည်သို့ဖြစ်နိုင်ပါမည်နည်း။ ကောင်းကင်တမန် ဂါဗြေလသည် ယေရှု၏မိခင် မာရိအား ဤသို့ ရှင်းရှင်းလင်းလင်း ပြောပြခဲ့၏– “သန့်ရှင်းသောစွမ်းအားတော်သည် သင့်အပေါ် သက်ရောက်၍ အမြင့်ဆုံးသောအရှင်၏ တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် မွေးဖွားမည့်သူငယ်သည် ဘုရားသခင်၏သားတော်၊ သန့်ရှင်းတော်မူသောသူဟု ခေါ်ဆိုခြင်းကို ခံရလိမ့်မည်။” (လု. ၁:၃၅) မာရိသည် ယေရှုငယ်ရွယ်စဉ်က ယေရှု၏မွေးဖွားခြင်းနှင့်ဆိုင်သော အချက်အချို့ကို ပြောပြခဲ့ပုံရသည်။ ထို့ကြောင့် တစ်ကြိမ်တွင် မာရိနှင့် မွေးစားဖခင်ဖြစ်သူ ယောသပ်တို့ ယေရှုအား ဝတ်ပြုရာအိမ်တော်တွင် ရှာတွေ့သောအခါ သူငယ်က “ကျွန်ုပ်သည် အဖ၏အိမ်တော်၌ ရှိနေမည်အကြောင်းကို မသိကြသလော” ဟုမေးခဲ့သည်။ (လု. ၂:၄၉) ယေရှုငယ်ရွယ်စဉ်ကတည်းက မိမိသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သိခဲ့သည်မှာထင်ရှားသည်။ ထို့ကြောင့် ဘုရားသခင့်ဖြောင်မတ်ခြင်းကို ထင်ရှားစေခြင်းသည် ကိုယ်တော့်အတွက် အလွန်အရေးကြီးသည်။

၇။ ယေရှုတွင် အဘယ်အဖိုးထိုက်ရာများ ပိုင်ဆိုင်ထားသနည်း။

ယေရှုသည် ဝတ်ပြုရေးအစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းဖြင့် ဘုရားသခင်အကြောင်း အလွန်စိတ်ဝင်စားကြောင်း တင်ပြခဲ့သည်။ ကိုယ်တော်သည် စုံလင်သောဦးနှောက်ဖြင့် ဟေဗြဲကျမ်းစာစောင်များမှ ကြားသမျှ၊ ဖတ်ရှုခဲ့သမျှကို ကောင်းစွာသိရှိ၊ နားလည်သဘောပေါက်ခဲ့သည်။ (လု. ၄:၁၆) ကိုယ်တော့်တွင် နောက်ထပ်အဖိုးထိုက်သောအရာဖြစ်သည့် လူသားတို့အတွက် ပူဇော်ရာယဇ်အဖြစ်ပေးဆက်နိုင်သော စုံလင်သောခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ကိုယ်တော်နှစ်ခြင်းခံချိန်တွင် ဆုတောင်းနေပြီး ဆာလံ ၄၀:၆-၈ တွင်ဖော်ပြထားသော ပရောဖက်ပြုချက်များကို စဉ်းစားနေပေမည်။—လု. ၃:၂၁; ဟေဗြဲ ၁၀:၅-၁၀ ကိုဖတ်ပါ။ *

၈။ နှစ်ခြင်းဆရာယောဟန်သည် ယေရှုနှစ်ခြင်းခံမည်ကို အဘယ်ကြောင့် တားဆီးခဲ့သနည်း။

နှစ်ခြင်းဆရာယောဟန်သည် အစပိုင်းတွင် ယေရှုနှစ်ခြင်းခံဖို့လာသည်ကို တားဆီးခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယောဟန်ပေးသည့်နှစ်ခြင်းသည် ဂျူးများ ပညတ်တရားကို ချိုးဖောက်သည့်အပြစ်မှ နောင်တယူသည့် အထိမ်းအမှတ်ဖြစ်သည်။ ယောဟန်သည် ယေရှု၏ရင်းနှီးသောဆွေမျိုးတစ်ဦးဖြစ်ရာ ယေရှုသည် ဖြောင့်မတ်သူဖြစ်၍ နောင်တယူဖို့မလိုကြောင်း သိထားသည်။ ယေရှုက မိမိနှစ်ခြင်းခံရမည်ဖြစ်ကြောင်း ယောဟန်အား ရှင်းပြခဲ့သည်။ “ဖြောင့်မတ်ခြင်းတရားအလုံးစုံကို ကျင့်သင့်သည်ဖြစ်၍ ယခု အခွင့်ပေးပါ” ဟု ယေရှုပြောခဲ့၏။—မ. ၃:၁၅

၉။ ယေရှုခံသည့်နှစ်ခြင်းသည် အဘယ်အရာ၏ အထိမ်းအမှတ်ဖြစ်သနည်း။

ယေရှုသည် စုံလင်သူတစ်ဦးအနေနှင့် အာဒံကဲ့သို့ စုံလင်သောလူသားမျိုးနွယ်၏ ဖခင်တစ်ဦးဖြစ်နိုင်သည်။ သို့သော် ယေရှုသည် ထိုသို့သောအနာဂတ်မျိုးကို တစ်ခါမျှမစဉ်းစားခဲ့ချေ၊ အကြောင်းမှာ ယင်းသည် မိမိအတွက် ယေဟောဝါ၏အလိုတော်မဟုတ်သောကြောင့်ဖြစ်သည်။ ယေရှုကို ဘုရားသခင် မြေကြီးပေါ်စေလွှတ်ခြင်းမှာ ကတိထားရာမျိုးနွယ် သို့မဟုတ် မေရှိယ၏အခန်းကဏ္ဍကို ပြည့်စုံစေရန်ဖြစ်သည်။ ယင်းတွင် ယေရှုသည် စုံလင်သောလူသားဘဝကို စွန့်လွှတ်ခြင်းပါဝင်သည်။ (ဟေရှာယ ၅၃:၅၊ ၆၊ ၁၂ ကိုဖတ်ပါ။) ယေရှုခံသည့်နှစ်ခြင်းနှင့် ကျွန်ုပ်တို့ခံသည့်နှစ်ခြင်းသည် အဓိပ္ပာယ်မတူပါ။ ယေရှုခံသည့်နှစ်ခြင်းသည် ယေဟောဝါထံမိမိကိုယ်ကို အပ်နှံခြင်းမပါဝင်ပါ၊ အကြောင်းမှာ ယေရှုသည် ဘုရားသခင်ထံအပ်နှံထားသော အစ္စရေးလူမျိုးအဝင်ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းအစား ယေရှုခံသည့်နှစ်ခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသော မေရှိယအနေနှင့် ဘုရားသခင့်အလိုတော်ကိုဆောင်ရန် မိမိကိုယ်ကို ပေးဆက်ခြင်း အထိမ်းအမှတ်ဖြစ်သည်။

၁၀။ မေရှိယအဖြစ် ဘုရားသခင့်အလိုတော်ဆောင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း၊ ယင်းကို ယေရှု မည်သို့ယူမှတ်သနည်း။

၁၀ ယေရှုအဖို့ ယေဟောဝါ၏အလိုတော်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်းနှင့် ထိုတပည့်များကို အနာဂတ်တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်းတို့ ပါဝင်သည်။ ယေရှု မိမိကိုယ်ကိုပေးဆက်ခြင်းတွင် ယေဟောဝါဘုရားသခင်၏ ဖြောင့်မတ်သော အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံဖို့အတွက် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ရက်ရက်စက်စက်အသေခံရခြင်းကိုခံရပ်ရန် လိုလိုလားလားရှိခြင်း ပါဝင်သည်။ အကြောင်းမှာ ယေရှုသည် ကောင်းကင်ခမည်းတော်ကို အမှန်ချစ်မြတ်နိုးပြီး ဘုရားသခင့်အလိုတော်ဆောင်ရသည်ကိုနှစ်သက်ကာ မိမိ၏ခန္ဓာကိုယ်ကို ပူဇော်ရာယဇ်အဖြစ်ပေးဆက်ရန် လိုလိုလားလားရှိသည်။ (ယော. ၁၄:၃၁) လူသားတို့ကို အပြစ်နှင့်သေခြင်း၏ကျွန်အဖြစ်မှ ဝယ်ယူရန် မိမိ၏စုံလင်သောအသက်၏တန်ဖိုးကို ရွေးနုတ်ဖိုးအဖြစ် ဘုရားသခင်ထံပေးဆက်နိုင်ကြောင်း သိရခြင်းမှလည်း ကိုယ်တော် ကျေနပ်မှုခံစားရသည်။ ယင်းကြီးလေးသောတာဝန်များကို ထမ်းဆောင်ရန် ယေရှု မိမိကိုယ်ကိုပေးဆက်သည်ကို ဘုရားသခင် နှစ်သက်ခဲ့သလော။ အမှန် နှစ်သက်တော်မူသည်။

၁၁။ ယေဟောဝါသည် ယေရှုကို ကတိထားရာမေရှိယ သို့မဟုတ် ခရစ်တော်အဖြစ် နှစ်သက်လက်ခံကြောင်း မည်သို့ဖော်ပြခဲ့သနည်း။

၁၁ ယေရှု ယော်ဒန်မြစ်တွင် နှစ်ခြင်းခံပြီး ရေမှပေါ်ထွက်လာချိန်တွင် ယေဟောဝါသည် မိမိ၏နှစ်သက်မြတ်နိုးမှုကို ဖော်ပြကြောင်း ခရစ်ဝင်ကျမ်းရေးသူ လေးဦးစလုံး မှတ်တမ်းတင်ခဲ့သည်။ “စွမ်းအားတော်သည် ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ [ယေရှု] အပေါ်၌ နားသည်ကို ငါမြင်ရ၏။ . . . ထိုအတိုင်းဖြစ်သည်ကို ငါမြင်၍ ထိုသူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ငါသက်သေခံ၏” ဟု နှစ်ခြင်းဆရာယောဟန် ပြောခဲ့သည်။ (ယော. ၁:၃၂-၃၄) ထို့ပြင် ထိုအချိန်တွင် “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟု ယေဟောဝါ ကြေညာခဲ့သည်။—မ. ၃:၁၇; မာ. ၁:၁၁; လု. ၃:၂၂

သေသည့်တိုင် သစ္စာရှိ

၁၂။ ယေရှုနှစ်ခြင်းခံပြီး သုံးနှစ်ခွဲအတွင်း အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။

၁၂ ယင်းနောက် သုံးနှစ်ခွဲလုံးလုံး ယေရှုသည် လူများကို ခမည်းတော်အကြောင်းနှင့် ကိုယ်တော်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု ဖြောင့်မတ်မှန်ကန်ကြောင်း သွန်သင်ပေးခြင်းတွင် အလုပ်များနေခဲ့သည်။ ကတိထားရာပြည်တစ်ခွင် ခြေကျင်သွားလာရခြင်းကြောင့် ကိုယ်တော်မောပန်းနွမ်းနယ်သော်လည်း အမှန်တရားအကြောင်း စေ့စေ့စပ်စပ်သက်သေခံခြင်းကို အဘယ်အရာကမျှ မတားဆီးနိုင်ခဲ့ချေ။ (ယော. ၄:၆၊ ၃၄; ၁၈:၃၇) ယေရှုသည် အခြားသူတို့ကို ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ပေးခဲ့သည်။ အံ့ဖွယ်နည်းဖြင့် ဖျားနာနေသူတို့ကို ကုသပေးခြင်း၊ ဆာလောင်နေသောလူအုပ်ကို ကျွေးမွေးခြင်း၊ သေသူတို့ကိုပင် ထမြောက်ပေးခြင်းတို့ဖြင့် လူသားတို့အတွက် ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပေးမည့်အရာများကို ပြသခဲ့သည်။—မ. ၁၁:၄၊ ၅

၁၃။ ဆုတောင်းခြင်းနှင့်ပတ်သက်၍ ယေရှုအဘယ်အရာ သင်ပေးခဲ့သနည်း။

၁၃ ယေရှုသည် မိမိလုပ်ဆောင်ခဲ့သည့် သွန်သင်ခြင်းနှင့် ကုသခြင်းတို့အတွက် ကိုယ့်ဂုဏ်ကိုယ်ဖော်မည့်အစား ယေဟောဝါကို ချီးမွမ်းရန် နှိမ့်ချစွာညွှန်ပြခြင်းဖြင့် ပုံသက်သေကောင်းပြခဲ့သည်။ (ယော. ၅:၁၉; ၁၁:၄၁-၄၄) ယေရှုသည် အရေးအကြီးဆုံးဖြစ်သည့် ဆုတောင်းခြင်းနှင့်ပတ်သက်၍လည်း ကျွန်ုပ်တို့ကို သင်ပေးခဲ့သည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်တွင် ဘုရားသခင့်နာမတော် ယေဟောဝါကို “သန့်ရှင်းမြင့်မြတ်ခြင်း” ရှိစေဖို့နှင့် ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုသည် စာတန်၏ဆိုးညစ်သောလောကကို အစားထိုးခြင်းဖြင့် “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်းပြည့်စုံ” စေဖို့ ဆုတောင်းသင့်သည်။ (မ. ၆:၉၊ ၁၀) “ဘုရားသခင့်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာလျက်နေ” ခြင်းဖြင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များနှင့်အညီပြုမူရန် ယေရှုတိုက်တွန်းခဲ့သည်။—မ. ၆:၃၃

၁၄။ ယေရှုသည် စုံလင်သူဖြစ်သော်လည်း ဘုရားသခင့်ရည်ရွယ်ချက်တွင် ကိုယ်တော်၏အခန်းကဏ္ဍကို ပြည့်စုံစေရာ၌ အဘယ်ကြောင့် ကြိုးစားအားထုတ်ဖို့လိုသနည်း။

၁၄ ယဇ်အဖြစ် ကိုယ်တော်အသေခံရမည့်အချိန် နီးကပ်လာသည်နှင့်အမျှ ထမ်းဆောင်ရမည့် ကြီးလေးသောတာဝန်အတွက် ကိုယ်တော် ဖိစီးမှုများစွာ ခံစားခဲ့ရသည်။ ခမည်းတော်၏ရည်ရွယ်ချက်နှင့် နာမတော်ကျော်စောရေးသည် မတရားညှဉ်းဆဲခံရခြင်းနှင့် ရက်စက်စွာသေဆုံးခြင်းတို့ကို ယေရှုခံရပ်ခြင်းအပေါ် မူတည်နေသည်။ ယေရှုမသေဆုံးမီ ငါးရက်အလိုတွင် ကိုယ်တော် ဤသို့ဆုတောင်းခဲ့သည်– “ငါသည် ယခု စိတ်နှလုံးပူပန်လျက်ရှိ၏။ အဘယ်သို့ လျှောက်ရမည်နည်း။ အဖ၊ ဤအချိန်နာရီမှ ကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ရာတွင် ဤအကြောင်းကြောင့်သာ ဤအချိန်နာရီသို့ ကျွန်ုပ်ရောက်လာပါပြီ။” ယေရှုသည် လူသားပီပီ မိမိခံစားချက်ကိုဖော်ပြပြီးနောက် သာ၍အရေးကြီးသည့်ကိစ္စအပေါ် အာရုံပြောင်းလိုက်ကာ “အိုအဖ၊ ကိုယ်တော်၏နာမတော်ကို ဘုန်းထင်ရှားစေတော်မူပါ” ဟု ဆုတောင်းခဲ့သည်။ ယေဟောဝါ ဤသို့ ချက်ချင်း ပြန်ဖြေခဲ့သည်– “ငါဘုန်းထင်ရှားစေခဲ့ပြီ။ တစ်ဖန် ဘုန်းထင်ရှားစေဦးမည်။” (ယော. ၁၂:၂၇၊ ၂၈) ယေရှုသည် မည်သည့်လူသားမျှမကြုံတွေ့ခဲ့ရသည့် သမာဓိစောင့်သိမှုနှင့်ပတ်သက်သည့် အဆုံးစွန်စမ်းသပ်မှုကိုခံရပ်ရန် တလိုတလားရှိခဲ့သည်။ သို့သော် ခမည်းတော်ထံမှ ထိုစကားများကို ကြားရခြင်းကြောင့် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု ထင်ရှားစေရေးနှင့် သံသယကင်းရှင်းစေရေးတွင် မိမိအောင်မြင်မည်ဖြစ်ကြောင်း အခိုင်အမာယုံကြည်စိတ်ချနိုင်ခဲ့သည်။ အမှန်ပင် အောင်မြင်ခဲ့သည်။

ယေရှု၏သေခြင်းကြောင့် ပြီးမြောက်ခဲ့ရာများ

၁၅။ ယေရှုမသေဆုံးမီတွင် “အမှုပြီးပြီ” ဟု အဘယ်ကြောင့် ပြောခဲ့သနည်း။

၁၅ ယေရှုသည် ညှဉ်းဆဲရာနှက်တိုင်ပေါ်၌ နောက်ဆုံးထွက်သက်ထွက်ခါနီးတွင် “အမှုပြီးပြီ” ဟု ပြောခဲ့သည်။ (ယော. ၁၉:၃၀) ယေရှုနှစ်ခြင်းခံပြီးချိန်မှစ၍ သေဆုံးချိန်အထိ သုံးနှစ်ခွဲအတွင်း ဘုရားသခင့်အကူအညီဖြင့် ကြီးမားသောအမှုများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ယေရှုသေဆုံးချိန်တွင် ပြင်းထန်သောမြေငလျင်လှုပ်ပြီး ယေရှုကိုသတ်ရာတွင် ကြီးကြပ်သူ ရောမတပ်မှူးက ဤသို့ပြောခဲ့သည်– “စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏။” (မ. ၂၇:၅၄) ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ပြောဆိုခြင်းကြောင့် လှောင်ပြောင်သရော်ခံရသည်ကို တပ်မှူးမြင်တွေ့ခဲ့မည်မှာ သေချာသည်။ စမ်းသပ်မှုအမျိုးမျိုးကြားမှ ယေရှုသည် မိမိ၏သမာဓိကို ဆက်စောင့်ထိန်းခဲ့ပြီး စာတန်သည် မုသာကောင်ကြီးဖြစ်ကြောင်း သက်သေထူခဲ့သည်။ ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံသူအားလုံးကို စာတန် ဤသို့စိန်ခေါ်ခဲ့သည်– “လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။” (ယောဘ ၂:၄) အာဒံနှင့်ဧဝသည် ပို၍လွယ်ကူသော စမ်းသပ်မှုအောက်တွင် သစ္စာစောင့်သိနိုင်ကြောင်း ကိုယ်တော်၏သစ္စာစောင့်သိမှုက သက်သေပြခဲ့သည်။ အရေးအကြီးဆုံးမှာ ယေရှု၏အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းက ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု၏ ဖြောင့်မတ်မှုကို ထောက်ခံပြီး ထင်ရှားစေခဲ့သည်။ (သု. ၂၇:၁၁ ကိုဖတ်ပါ။) ယေရှု၏သေခြင်းကြောင့် နောက်ထပ်ပြီးမြောက်ခဲ့ရာများ ရှိသေးသလော။ အမှန်ပင်ရှိပါသည်။

၁၆၊ ၁၇။ (က) ယေဟောဝါ၏ ခရစ်ယာန်ခေတ်မတိုင်မီကသက်သေများသည် အဘယ်ကြောင့် ကိုယ်တော့်ရှေ့တွင် ဖြောင့်မတ်သောအနေအထား ရရှိနိုင်သနည်း။ (ခ) ယေဟောဝါသည် ကိုယ်တော်၏ သစ္စာရှိသားတော်ကို မည်သို့ဆုချခဲ့သနည်း၊ သခင်ယေရှုခရစ်သည် အဘယ်အရာ ဆက်လုပ်ဆောင်နေသနည်း။

၁၆ ယေရှုမြေကြီးပေါ်မကြွလာမီအချိန်က အသက်ရှင်ခဲ့သည့် ယေဟောဝါ၏ကျေးကျွန်များစွာရှိသည်။ သူတို့သည် ဘုရားသခင့်ရှေ့ ဖြောင့်မတ်သည့် အနေအထားတွင်ရှိကြပြီး ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်လည်း ရရှိထားကြသည်။ (ဟေရှာ. ၂၅:၈; ဒံ. ၁၂:၁၃) သို့သော် အဘယ်တရားဝင်မူများအပေါ်အခြေခံ၍ သန့်ရှင်းသောဘုရားသခင် ယေဟောဝါသည် အပြစ်ရှိသောလူသားများကို ဤကဲ့သို့သောအံ့ဖွယ်နည်းဖြင့် ကောင်းချီးပေးရသနည်း။ သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– “အသွေးတော်ကို ယုံကြည်ခြင်းဖြင့် အပြစ်ဖြေလွှတ်ခွင့်ရရန် ဘုရားသခင်သည် ခရစ်တော်ကို အပြစ်ဖြေရာယဇ်အဖြစ် စေလွှတ်တော်မူ၏။ ဘုရားသခင်သည် သည်းခံတော်မူစဉ် အတိတ်မှအပြစ်များကို ခွင့်လွှတ်သဖြင့် ဖြောင့်မတ်တော်မူကြောင်း ဖော်ပြမည်အကြောင်းဖြစ်၏။ ယခုကာလ၌ ဖြောင့်မတ်တော်မူခြင်းကိုဖော်ပြ၍ ယေရှုကိုယုံကြည်သူအား ဖြောင့်မတ်ရာသို့ ရောက်စေသောအခါ၌ပင် ဖြောင့်မတ်တော်မူမည်အကြောင်းဖြစ်၏။”—ရော. ၃:၂၅၊ ၂၆ *

၁၇ ယေဟောဝါသည် ယေရှုကို ရှင်ပြန်ထမြောက်စေကာ ကိုယ်တော်မြေကြီးပေါ်မကြွလာမီကထက် ပို၍ကြီးမြတ်သော ရာထူးကိုပေးအပ်ခြင်းဖြင့် ဆုချတော်မူခဲ့သည်။ ယခု ယေရှုသည် မသေနိုင်သော တန်ခိုးကြီးသည့်ဝိညာဉ်သတ္တဝါအဖြစ် အသက်ရှင်နေသည်။ (ဟေဗြဲ ၁:၃) သခင်ယေရှုခရစ်သည် ယဇ်ပုရောဟိတ်မင်းကြီးနှင့် ဘုရင်အဖြစ် မိမိ၏နောက်လိုက်များ ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ဆက်၍ထင်ရှားစေခြင်းတွင် ကူညီပေးနေသည်။ ကောင်းကင်ခမည်းတော် ယေဟောဝါသည် ယင်းသို့ပြုနေသူများနှင့် ကိုယ်တော့်သားတော်ကို တုပကာ သစ္စာရှိစွာ အမှုဆောင်နေသူအားလုံးကို ဆုချတော်မူသောအရှင်ဖြစ်ကြောင်း သိရခြင်းမှာ အလွန်ကျေးဇူးတင်စရာပင်။—ဆာလံ ၃၄:၃; ဟေဗြဲ ၁၁:၆ တို့ကိုဖတ်ပါ။

၁၈။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို ဆွေးနွေးမည်နည်း။

၁၈ အာဗေလခေတ်မှစ၍ သစ္စာရှိလူသားများအားလုံးသည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိကြသည်၊ အကြောင်းမှာ သူတို့သည် ကတိထားရာအမျိုးအနွယ်ကို ယုံကြည်ကြပြီး ယုံကြည်ချက်နှင့်အညီ လုပ်ဆောင်ခဲ့ကြသောကြောင့်ဖြစ်သည်။ မိမိသားတော်သည် အကြွင်းမဲ့သစ္စာရှိမည်ဖြစ်ကြောင်းနှင့် သားတော်၏သေခြင်းသည် “လောက၏အပြစ်ကိုဆောင်သွား” မည်ဖြစ်ကြောင်း ယေဟောဝါသိတော်မူခဲ့သည်။ (ယော. ၁:၂၉) ယေရှု၏သေခြင်းက ယနေ့အသက်ရှင်နေသူများကိုလည်း အကျိုးပြုသည်။ (ရော. ၃:၂၆) ထို့ကြောင့် ခရစ်တော်၏ရွေးနုတ်ဖိုးမှ သင် အဘယ်ကောင်းချီး ခံစားရနိုင်သနည်း။ ယင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဤတွင် တမန်တော်ပေါလုသည် “ကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ” ဟုပါရှိသော ဂရိစက်ပ်တွားဂျင့်ဘာသာပြန်ကျမ်းမှ ဆာလံ ၄၀:၆-၈ ကိုကိုးကားခြင်းဖြစ်သည်။ ယင်းစကားစုကို ရှေးဟေဗြဲလက်ရေးစာမူများတွင် မတွေ့ရချေ။

^ အပိုဒ်၊ 16 စာမျက်နှာ ၆ နှင့် ၇ မှ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

• ဘုရားသခင့်ဖြောင့်မတ်ခြင်း မည်သို့စောဒကတက်ခံရသနည်း။

• ယေရှု၏နှစ်ခြင်းသည် အဘယ်အရာ၏အထိမ်းအမှတ်ဖြစ်သနည်း။

• ယေရှု၏သေခြင်းသည် အဘယ်အရာကို ပြီးမြောက်စေခဲ့သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ယေရှု၏နှစ်ခြင်းသည် အဘယ်အရာ၏ အထိမ်းအမှတ် ဖြစ်ကြောင်း သင်သိပါသလော