မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရွေးနုတ်ဖိုးက ကျွန်ုပ်တို့ကို ကယ်တင်ပုံ

ရွေးနုတ်ဖိုးက ကျွန်ုပ်တို့ကို ကယ်တင်ပုံ

ရွေးနုတ်ဖိုးက ကျွန်ုပ်တို့ကို ကယ်တင်ပုံ

“သားတော်ကို ယုံကြည်ကြောင်း တင်ပြသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ငြင်းပယ်သူမူကား အသက်ကို ရလိမ့်မည်မဟုတ်။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေ၏။”—ယော. ၃:၃၆

၁၊ ၂။ ဇိအုန်ကင်းမျှော်စင်ကို စတင်ထုတ်ဝေခဲ့ရသည့် အကြောင်းရင်းတစ်ခုမှာ အဘယ်နည်း။

“သမ္မာကျမ်းစာကို စေ့စေ့စပ်စပ်လေ့လာသူများသည် ယေရှုသေခြင်း၏ အရေးကြီးမှုကို သိမြင်မည်ဖြစ်သည်” ဟု ၁၈၇၉၊ အောက်တိုဘာလတွင်ထုတ်ဝေသော ဤမဂ္ဂဇင်း၏ စတုတ္ထမြောက်စာစောင်တွင် ဖော်ပြထားသည်။ ယင်းဆောင်းပါးတွင် ဤအရေးပါသောမှတ်ချက်ဖြင့် နိဂုံးချုပ်ထားသည်– “ယေရှု၏သေခြင်းကို ပူဇော်ရာယဇ်နှင့် အပြစ်ဖြေရာယဇ်အဖြစ် အလေးမထား၊ ဂရုမပြုသည့်အဖြစ်မျိုးကို ရှောင်ကြစို့။”—၁ ယောဟန် ၂:၁၊ ၂ ကိုဖတ်ပါ။

၁၈၇၉ ခုနှစ်တွင် ဇိအုန်ကင်းမျှော်စင်ကို စတင်ထုတ်ဝေရသည့် အကြောင်းရင်းများထဲမှတစ်ခုမှာ ရွေးနုတ်ဖိုးနှင့်ပတ်သက်သော သမ္မာကျမ်းစာသွန်သင်ချက်ကို ထောက်ခံရန်ဖြစ်သည်။ ကင်းမျှော်စင်ပါအကြောင်းအရာများသည် “အချိန်တန်အစာ” ဖြစ်သည်၊ အကြောင်းမှာ ၁၈၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ခရစ်ယာန်အမည်ခံသူများစွာသည် ယေရှု၏သေခြင်းက အပြစ်မှရွေးနုတ်နိုင်သည်ဟူသောအချက်ကို စတင်သံသယဝင်လာကြသည်။ (မ. ၂၄:၄၅) ထိုအချိန်တွင် လူများစွာသည် ဆင့်ကဲအယူဝါဒကို စတင်လက်ခံယုံကြည်လာကြ၏၊ ယင်းအယူဝါဒက လူများသည် စုံလင်သောအခြေအနေမှ ယုတ်လျော့လာသည်ဟူသောအယူအဆနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူတို့သည် မိမိတို့ဘာသာ အဆင့်ဆင့်တိုးတက်ဖြစ်ပေါ်လာခြင်းဖြစ်၍ ရွေးနုတ်ဖိုးမလိုအပ်ဟု ဆင့်ကဲဝါဒီများက သွန်သင်ကြသည်။ တိမောသေထံ တမန်တော်ပေါလုရေးခဲ့သော ဤသွန်သင်ချက်မှာ အထူးသဖြင့် သင့်လျော်သည်– “သင်၌ ယုံကြည်လွှဲအပ်ထားသောအရာကို စောင့်ရှောက်လော့။ သန့်ရှင်းသောအရာကို မထီမဲ့မြင်ပြုသည့် အချည်းနှီးသောစကားများကိုလည်းကောင်း၊ ‘အသိပညာ’ ဟုတလွဲခေါ်သည့် ရှေ့နောက်မညီသော အယူအဆများကိုလည်းကောင်း ရှောင်လော့။ ထိုသို့သောအသိပညာဖြင့် ဟိတ်ဟန်ထုတ်ခြင်းကြောင့် လူအချို့သည် ယုံကြည်ခြင်းတရားမှ လမ်းလွဲခဲ့ကြပြီ။”—၁ တိ. ၆:၂၀၊ ၂၁

၃။ ယခု ကျွန်ုပ်တို့အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။

‘ယုံကြည်ခြင်းတရားမှ လမ်း’ မလွဲသွားရန် သင်စိတ်ပိုင်းဖြတ်ထားမည်မှာ သေချာသည်။ ထို့ကြောင့် သင်၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် အောက်ပါမေးခွန်းများကို သုံးသပ်သင့်ပေသည်– ငါ ဘာကြောင့် ရွေးနုတ်ဖိုးလိုသလဲ။ ရွေးနုတ်ဖိုးပေးဖို့ ယေဟောဝါနဲ့ ယေရှု ဘယ်အရာတွေကို ဆုံးရှုံးအနစ်နာခံခဲ့ရသလဲ။ ဘုရားသခင့်အမျက်တော်ကနေ လွတ်မြောက်စေနိုင်တဲ့ ဒီအဖိုးထိုက်ပြင်ဆင်ပေးချက်ကနေ ငါ ဘယ်လိုအကျိုးခံစားနိုင်သလဲ။

ဘုရားသခင်၏အမျက်တော်မှ ကယ်တင်ခံရနိုင်

၄၊ ၅။ ဆိုးယုတ်သည့် လက်ရှိလောကစနစ်အပေါ်တွင် ယေဟောဝါ၏အမျက်တော် တည်နေကြောင်း အဘယ်အချက်များက ဖော်ပြသနည်း။

အာဒံအပြစ်ပြုချိန်ကတည်းက လူသားမျိုးနွယ်အပေါ် “ဘုရားသခင်၏အမျက်တော်တည်နေ” ကြောင်း သမ္မာကျမ်းစာနှင့် လူ့သမိုင်းက ဖော်ပြသည်။ (ယော. ၃:၃၆) မည်သည့်လူသားမျှ သေခြင်းနှင့် မလွတ်ကင်းနိုင်ဟူသောအချက်က ယင်းကို ထင်ရှားပြသည်။ ဘုရားသခင့်ရန်သူ စာတန်၏အုပ်ချုပ်မှုသည် အဆက်မပြတ်ကျရောက်နေသော ဘေးဒုက္ခများမှ လုံးလုံးမကာကွယ်ပေးနိုင်သကဲ့သို့ လူ့အုပ်ချုပ်မှုသည် ပြည်သူပြည်သားများ၏ အခြေခံလိုအပ်ရာများကို မဖြည့်ဆည်းပေးနိုင်ချေ။ (၁ ယော. ၅:၁၉) ထို့ကြောင့် လူသားများသည် စစ်ပွဲ၊ ရာဇဝတ်မှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ဖြင့် ဘေးသင့်နေလျက်ရှိသည်။

ထို့ကြောင့် ဆိုးယုတ်သည့် လက်ရှိလောကစနစ်အပေါ်တွင် ယေဟောဝါ၏ကောင်းချီးမရှိကြောင်းထင်ရှားသည်။ ပေါလုက “မတရားမှုအပေါင်းတို့အပေါ် ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက်ရှိ၏” ဟုပြောခဲ့သည်။ (ရော. ၁:၁၈-၂၀) ထို့ကြောင့် ဘုရားသခင်မနှစ်သက်သော ဘ၀လမ်းစဉ်အတိုင်း အသက်ရှင်နေသည့် နောင်တမရသူများသည် သူတို့လုပ်ရပ်၏အကျိုးဆက်များမှ လွတ်ကင်းကြမည်မဟုတ်ပါ။ ယနေ့ ဘုရားသခင်၏အမျက်တော်ကို တရားစီရင်ချက်သတင်းအနေနှင့် ကြေညာခြင်းဖြင့် စာတန့်လောကအပေါ် ကပ်ဘေးများသဖွယ် သွန်းလောင်းနေသည်၊ ယင်းသတင်းကို ကျမ်းစာအခြေပြုစာပေများစွာတွင် တွေ့ရှိရသည်။—ဗျာ. ၁၆:၁

၆၊ ၇။ စွမ်းအားတော်ဖွားခရစ်ယာန်များသည် အဘယ်အလုပ်တွင် ဦးဆောင်နေကြသနည်း၊ စာတန့်လောက၏အစိတ်အပိုင်းဖြစ်နေသူများအတွက် အဘယ်အခွင့်အရေးပွင့်နေဆဲဖြစ်သနည်း။

ယင်းက စာတန့်အုပ်ချုပ်မှုအောက်မှထွက်ကာ ဘုရားသခင့်မျက်နှာသာရရှိအောင် လုပ်ဆောင်ဖို့ အလွန်နောက်ကျနေပြီဟု ဆိုလိုနေခြင်းလော။ မဟုတ်ပါ။ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ရန် အခွင့်အရေးတံခါးကြီးမှာ ပွင့်နေဆဲဖြစ်သည်။ “ခရစ်တော်၏ကိုယ်စား သံအမတ်များ” ဖြစ်ကြသော စွမ်းအားတော်ဖွားခရစ်ယာန်များသည် လူမျိုးအပေါင်းမှလူများကို “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင်ပြုကြလော့” ဟုဖိတ်ခေါ်ခြင်းဖြင့် လူထုဓမ္မအမှုကို ဦးဆောင်နေသည်။—၂ ကော. ၅:၂၀၊ ၂၁

တမန်တော်ပေါလုက “ကျရောက်မည့်အမျက်တော်မှ ငါတို့ကို ကယ်နုတ်တော်မူသော” သူမှာ ယေရှုဖြစ်သည်ဟု ပြောခဲ့သည်။ (၁ သက်. ၁:၁၀) ယေဟောဝါ၏အမျက်တော်ကို အပြီးသတ်သွန်းလောင်းခြင်းသည် နောင်တမရသောအပြစ်သားများအတွက် ထာ၀ရပျက်စီးခြင်းဖြစ်ပါလိမ့်မည်။ (၂ သက်. ၁:၆-၉) မည်သူများ လွတ်မြောက်လိမ့်မည်နည်း။ သမ္မာကျမ်းစာတွင် ဤသို့ဆိုသည်– “သားတော်ကို ယုံကြည်ကြောင်း တင်ပြသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ငြင်းပယ်သူမူကား အသက်ကို ရလိမ့်မည်မဟုတ်။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေ၏။” (ယော. ၃:၃၆) ဤအစီအစဉ်စနစ် အဆုံးရောက်သောအခါ ယေရှုနှင့် ကိုယ်တော်၏ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြသူများအားလုံးသည် ဘုရားသခင့်အမျက်တော်သွန်းလောင်းသည့်နောက်ဆုံးနေ့တွင် ကယ်တင်ခံရမည်ဖြစ်သည်။

ရွေးနုတ်ဖိုးက ပြီးမြောက်စေရာများ

၈။ (က) အာဒံနှင့်ဧ၀တွင် အဘယ်ထူးမြတ်သောအလားအလာ ရှိခဲ့သနည်း။ (ခ) ယေဟောဝါသည် စုံလင်သောတရားမျှတရှင်ဖြစ်ကြောင်း မည်သို့ပြသခဲ့သနည်း။

အာဒံနှင့်ဧ၀သည် စုံလင်စွာ ဖန်ဆင်းခံခဲ့ရသည်။ သူတို့သာ ဘုရားသခင်ကို ဆက်သစ္စာရှိခဲ့မည်ဆိုလျှင် ယခုအချိန်တွင် မြေကြီးပေါ်၌ ပျော်ရွှင်သော သူတို့၏သားမြေးများနှင့် ပြည့်နေမည်ဖြစ်ပြီး ပရဒိသုတွင် သူတို့နှင့်အတူ အသက်ရှင်နေမည်ဖြစ်သည်။ ဝမ်းနည်းစရာမှာ ကျွန်ုပ်တို့၏ကနဦးမိဘသည် ဘုရားသခင်၏ပညတ်ကို တမင်တကာ ချိုးဖောက်ခဲ့ကြ၏။ ရလဒ်အနေနှင့် သူတို့သည် ထာ၀စဉ်သေဆုံးရန် ပြစ်ဒဏ်ချမှတ်ခံရပြီး မူလပရဒိသုမှ နှင်ထုတ်ခံခဲ့ရသည်။ အာဒံနှင့်ဧ၀သည် ကလေးမမွေးဖွားမီကတည်းကပင် အပြစ်၏ဆိုးကျိုးကို ခံနေရပြီဖြစ်ပြီး ကနဦးယောက်ျားနှင့်မိန်းမသည် တဖြည်းဖြည်း အိုမင်းလာကာ သေဆုံးသွားကြသည်။ ယင်းက ယေဟောဝါမိန့်တော်မူရာသည် မှန်ကန်ကြောင်း အထောက်အထားဖြစ်သည်။ ထို့ပြင် ကိုယ်တော်သည် စုံလင်သောတရားမျှတရှင်ဖြစ်သည်။ တားမြစ်ထားသောအသီးကိုစားမည်ဆိုလျှင် သေရမည်ဖြစ်ကြောင်း အာဒံကို ယေဟောဝါ သတိပေးခဲ့ပြီး ယင်းအတိုင်း ဖြစ်ပျက်ခဲ့သည်။

၉၊ ၁၀။ (က) အာဒံ၏သားစဉ်မြေးဆက်သည် အဘယ်ကြောင့် သေရသနည်း။ (ခ) ထာ၀စဉ်သေခြင်းမှ ကျွန်ုပ်တို့ မည်သို့လွတ်မြောက်နိုင်သနည်း။

အာဒံ၏သားစဉ်မြေးဆက်များအနေနှင့် ကျွန်ုပ်တို့သည် အပြစ်ပြုလိုပြီး နောက်ဆုံးတွင်သေရသည့် မစုံလင်သောခန္ဓာကိုယ်ကို အမွေရရှိကြသည်။ ထို့ကြောင့် သေဒဏ်စီရင်ချက်သည် ကျွန်ုပ်တို့နှင့်လည်း သက်ဆိုင်၏။ ရွေးနုတ်ဖိုးမပါဘဲ သေခြင်းအပြစ်ဒဏ်ကို ယေဟောဝါ ပယ်ဖျက်လိုက်မည်ဆိုလျှင် ကိုယ်တော်သည် အပြောနှင့် အလုပ်မညီသူ ဖြစ်သွားပေလိမ့်မည်။ မှန်ပါသည်၊ ကျွန်ုပ်တို့အားလုံးနှင့်ပတ်သက်၍ ပေါလုဤသို့ ပြောခဲ့သည်– “ပညတ်တရားသည် ဘုရားသခင်ထံတော်မှဖြစ်ကြောင်း ငါတို့သိကြ၏။ ငါမူကား လူ့ဇာတိသဘောရှိသူ၊ အပြစ်တရားလက်သို့ ရောင်းချခံရသူဖြစ်၏။ ငါ့အဖြစ် ဆိုးလိုက်လေခြင်း။ ငါ့ကို သေခြင်းသို့ ပို့ဆောင်သော ဤခန္ဓာကိုယ်မှ မည်သူကယ်နုတ်မည်နည်း။”—ရော. ၇:၁၄၊ ၂၄

၁၀ ယေဟောဝါတစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့၏အပြစ်များကို တရားနည်းလမ်းတကျ ခွင့်လွှတ်နိုင်သည့်၊ ထာ၀စဉ်သေခြင်းအပြစ်ဒဏ်မှ လွတ်မြောက်စေနိုင်သည့် တရားဝင်နည်းလမ်းကို ပြင်ဆင်ပေးနိုင်သည်။ ယင်းသို့ဖြစ်မြောက်စေရန် ယေဟောဝါသည် ချစ်မြတ်နိုးရသောသားတော်ကို ကောင်းကင်မှစေလွှတ်ကာ ကျွန်ုပ်တို့အတွက် ရွေးနုတ်ဖိုးအဖြစ် မိမိ၏အသက်ကိုပေးနိုင်သော စုံလင်သောလူသားတစ်ဦးအဖြစ် မွေးဖွားစေခဲ့သည်။ အာဒံနှင့်မတူဘဲ ယေရှုသည် စုံလင်သူအဖြစ် ဆက်ရပ်တည်ခဲ့သည်။ အမှန်ပင် “ကိုယ်တော်သည် အပြစ်ကိုမပြု” ခဲ့ချေ။ (၁ ပေ. ၂:၂၂) ထို့ကြောင့် ယေရှုသည် စုံလင်သောလူသားမျိုးနွယ်၏ ဖခင်ဖြစ်နိုင်သည့် အလားအလာရှိခဲ့သည်။ သို့သော် ကိုယ်တော်သည် ဘုရားသခင့်ရန်သူများ၏ အသေသတ်ခြင်းကို ခံခဲ့သည်၊ ဤနည်းဖြင့် ကိုယ်တော်သည် အာဒံ၏အပြစ်ရှိသော သားစဉ်မြေးဆက်များကို မွေးစားနိုင်ခဲ့ပြီး ကိုယ်တော့်ကို ယုံကြည်ကြောင်းတင်ပြသူများကို ထာ၀ရအသက်ရရှိစေနိုင်ခဲ့သည်။ သမ္မာကျမ်းစာတွင် ဤသို့ဖော်ပြထား၏– ‘ဘုရားသခင် တစ်ပါးတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့စပ်ကြားတွင် လူဖြစ်သူ ခရစ်တော်ယေရှုတည်းဟူသော ဖျန်ဖြေသူ တစ်ပါးတည်းရှိ၏။ ကိုယ်တော်သည် လူအပေါင်းတို့အတွက် ညီမျှသော ရွေးနုတ်ဖိုးအဖြစ် မိမိကိုယ်ကို ပေးဆက်တော်မူခဲ့၏။’—၁ တိ. ၂:၅၊ ၆

၁၁။ (က) ရွေးနုတ်ဖိုး၏ အကျိုးပြုပုံကို မည်သို့ ဥပမာပေးနိုင်သနည်း။ (ခ) ရွေးနုတ်ဖိုး၏အကျိုးကျေးဇူးသည် မည်မျှအထိ အကျိုးသက်ရောက်သနည်း။

၁၁ ရွေးနုတ်ဖိုး၏ လုပ်ဆောင်ပုံကို အောက်ပါဥပမာဖြင့် ရှင်းပြနိုင်သည်– လူတစ်ဦးသည် လူအများ ယုံကြည်စိတ်ချစွာအပ်နှံထားသည့်ငွေကို အလွဲသုံးစားလုပ်သောကြောင့် ထောင်ချခံရသည်။ ငွေအပ်နှံသူများ၏အခက်အခဲကို မည်သို့ဖြေရှင်းမည်နည်း။ ကြင်နာ၍ ချမ်းသာကြွယ်ဝသူတစ်ဦးသည် ထိုသူ့ကိုယ်စား ငွေအပ်နှံထားသူများကို ငွေပြန်မအမ်းပါက သူတို့၏ ငွေကြေးအခက်အခဲကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။ အလားတူပင် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်ချစ်မြတ်နိုးသော သားတော်သည် ယေရှုသွန်းလောင်းခဲ့သောအသွေးအပေါ်အခြေပြုကာ အာဒံ၏သားမြေးများကို ဝယ်ယူခဲ့ပြီး သူတို့၏အပြစ်ကြွေးကို ဆပ်ပေးခဲ့သည်။ သို့ဖြစ်သောကြောင့် နှစ်ခြင်းဆရာယောဟန်က ယေရှုနှင့်ပတ်သက်၍ ဤသို့ပြောနိုင်ခဲ့သည်– “လောက၏အပြစ်ကို ဖယ်ရှားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်ကြလော့။” (ယော. ၁:၂၉) အပြစ်ဖယ်ရှားခံရသော လောကသားများထဲတွင် အသက်ရှင်နေသူများသာမက သေလွန်သူများပါ ပါဝင်သည်။

ရွေးနုတ်ဖိုးပေးရန် အဘယ်အရာစွန့်လွှတ်အနစ်နာခံရ

၁၂၊ ၁၃။ ဣဇာက်ကိုပူဇော်ရန် အာဗြဟံ တလိုတလားရှိခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာ သိရှိရသနည်း။

၁၂ ရွေးနုတ်ဖိုးပေးရန် ကောင်းကင်ခမည်းတော်နှင့် ချစ်မြတ်နိုးရသောသားတော် မည်မျှအထိ စွန့်လွှတ်အနစ်နာခံရသည်ကို ကျွန်ုပ်တို့ အပြည့်အဝနားလည်နိုင်မည်မဟုတ်ချေ။ သို့သော် သမ္မာကျမ်းစာတွင်ပါသော အဖြစ်အပျက်များကို တွေးတောဆင်ခြင်ခြင်းက ဤကိစ္စကို နားလည်ရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည်။ ဥပမာ၊ ဘုရားသခင်သည် အာဗြဟံကို ဤသို့မိန့်တော်မူခဲ့သည်– “သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသောသား ဣဇာက်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတ္တံ့သောတောင်ပေါ်မှာ သူ့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်လော့။” ယင်းအမိန့်တော်ကိုနာခံကာ မောရိပြည်သို့ သုံးရက်ခရီးသွားနေစဉ် အာဗြဟံ မည်သို့ခံစားရမည်ကို မြင်ယောင်ကြည့်ပါ။—က. ၂၂:၂-၄

၁၃ အာဗြဟံသည် နောက်ဆုံးတွင် သတ်မှတ်ထားသောနေရာသို့ ရောက်လာခဲ့သည်။ ဣဇာက်၏ ခြေလက်များကို ချည်နှောင်ကာ မိမိကိုယ်တိုင်တည်ထားသော ယဇ်ပလ္လင်ပေါ်တွင် သူ့ကိုလဲလျောင်းစေသည့်အခါ အာဗြဟံ မည်မျှအထိ နှလုံးကြေကွဲခဲ့မည်ကို စဉ်းစားကြည့်ပါ။ သားကိုသတ်ရန် ဓားမြှောင်ကို ကိုင်မြှောက်လိုက်စဉ် အလွန်စိတ်နာကျင်ခဲ့မည်ဖြစ်သည်။ ယဇ်ပလ္လင်ပေါ်တွင် လဲလျောင်းကာ မိမိအားသေစေမည့် ချွန်မြသောဓားသွား ထိုးဖောက်ခံရမည်ကို စောင့်နေစဉ် ဣဇာက်မည်သို့ခံစားရမည်ကို မြင်ယောင်ကြည့်ပါ။ ယေဟောဝါ၏ကောင်းကင်တမန်သည် အချိန်မီ ဝင်ရောက်တားဆီးခဲ့သည်။ ယင်းအခြေအနေတွင် အာဗြဟံနှင့်ဣဇာက်၌ ဖြစ်ပျက်ခဲ့ရာများက မိမိ၏သားတော်အားသတ်ရန် စာတန်၏ကိုယ်စားလှယ်များကို ခွင့်ပြုခဲ့သည့် ယေဟောဝါ မည်သို့ခံစားခဲ့ရသည်ကို ကျွန်ုပ်တို့အား နားလည်စေသည်။ အာဗြဟံနှင့်အတူ ဣဇာက်၏ပူးပေါင်းလုပ်ဆောင်မှုက ကျွန်ုပ်တို့အတွက် ဒုက္ခခံကာသေဆုံးရန် ယေရှုတလိုတလားရှိကြောင်း ကောင်းစွာဖော်ပြသည်။—ဟေဗြဲ ၁၁:၁၇-၁၉

၁၄။ ယာကုပ်၏အသက်တာမှ အဘယ်အဖြစ်အပျက်က ရွေးနုတ်ဖိုးပေးရန် စွန့်လွှတ်အနစ်နာခံရမှုကို နားလည်စေနိုင်သနည်း။

၁၄ ရွေးနုတ်ဖိုးပေးရန် စွန့်လွှတ်အနစ်နာခံရမှုကို ယာကုပ်၏ အသက်တာမှ အဖြစ်အပျက်တစ်ခုကလည်း ဖော်ပြသည်။ ယာကုပ်သည် သူ၏သားများထဲတွင် ယောသပ်ကို အချစ်ဆုံးဖြစ်သည်။ ဝမ်းနည်းစရာမှာ ယောသပ်၏အစ်ကိုများသည် သူ့ကို မနာလိုဖြစ်ကာ မုန်းတီးကြသည်။ သို့သော် ဖခင်က အစ်ကိုများမည်သို့နေသည်ကို သွားကြည့်ရန် စေလွှတ်သည့်အခါ ယောသပ် တလိုတလားသွားခဲ့သည်။ ထိုအချိန်တွင် အစ်ကိုများသည် မိမိတို့အိမ်ရှိရာ ဟေဗြုန်မှ မြောက်ဘက် မိုင် ၆၀ ခန့်ဝေးသောနေရာတွင် ဖခင်၏သိုးများကို ထိန်းကျောင်းနေကြသည်။ ယာကုပ်၏သားများသည် သွေးများပေကျံနေသော ယောသပ်၏ဝတ်လုံဖြင့် ပြန်လာကြသည့်အခါ ယာကုပ်မည်သို့ခံစားခဲ့ရမည်ကို မြင်ယောင်ကြည့်ပါ။ “ငါ့သား၏အင်္ကျီမှန်၏။ သူ့ကိုဆိုးသောသားရဲကိုက်စားပြီ။ အကယ်၍ ယောသပ်ကိုအပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကား” ဟုသူပြောခဲ့သည်။ ယင်းအဖြစ်အပျက်တစ်ခုလုံးသည် ယာကုပ်ကို အလွန်ထိခိုက်စေခဲ့ပြီး ယောသပ်အတွက် ရက်ပေါင်းများစွာ ငိုကြွေးမြည်တမ်းခဲ့သည်။ (က. ၃၇:၃၃၊ ၃၄) ယေဟောဝါသည် အခြေအနေများကို မစုံလင်သောလူသားများတုံ့ပြန်ပုံအတိုင်း တစ်ပုံစံတည်းတုံ့ပြန်မည်မဟုတ်ပါ။ သို့သော် ယာကုပ်ဘဝမှ ယင်းအဖြစ်အပျက်ကို တွေးတောဆင်ခြင်ခြင်းက မိမိ၏သားတော် မြေကြီးပေါ်တွင် မတရားဆက်ဆံခံရပြီး ရက်ရက်စက်စက်အသတ်ခံရသောအခါ ဘုရားသခင် မည်သို့ခံစားရမည်ကို အတိုင်းအတာတစ်ခုအထိ ကျွန်ုပ်တို့အား နားလည်စေနိုင်သည်။

ရွေးနုတ်ဖိုးမှ အကျိုးခံစားရပုံ

၁၅၊ ၁၆။ (က) ရွေးနုတ်ဖိုးကို လက်ခံကြောင်း ယေဟောဝါ မည်သို့တင်ပြခဲ့သနည်း။ (ခ) ရွေးနုတ်ဖိုးမှ သင်မည်သို့ အကျိုးခံစားရသနည်း။

၁၅ ယေဟောဝါဘုရားသခင်သည် မိမိ၏သစ္စာရှိသားတော်ကို တန်ခိုးကြီးသော ဝိညာဉ်ခန္ဓာဖြင့် ရှင်ပြန်ထမြောက်စေခဲ့သည်။ (၁ ပေ. ၃:၁၈) ရှင်ပြန်ထမြောက်ပြီးသောယေရှုသည် ရက် ၄၀ လုံးလုံး တပည့်များရှေ့ ကိုယ်ယောင်ပြခဲ့ပြီး သူတို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေကာ ရှေ့တွင်လုပ်ဆောင်ရမည့် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းအတွက် ပြင်ဆင်ပေးခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ကောင်းကင်သို့ တက်ကြွသွားပြီး မိမိ၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်၏တန်ဖိုးကို ယုံကြည်သည့် မိမိနောက်လိုက်များအတွက် အသုံးပြုရန် မိမိသွန်းလောင်းခဲ့သော အသွေးတော်၏တန်ဖိုးကို ဘုရားသခင်ထံ ဆက်သခဲ့သည်။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့၌စုဝေးနေသော တပည့်များအပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းရန် ယေရှုအားတာဝန်ပေးခြင်းဖြင့် ယေဟောဝါဘုရားသခင်သည် ယင်း၏တန်ဖိုးကို လက်ခံကြောင်း ဖော်ပြခဲ့သည်။—တ. ၂:၃၃

၁၆ ခရစ်တော်၏ ထိုစွမ်းအားတော်ဖွားနောက်လိုက်များသည် လူများအပြစ်မှခွင့်လွှတ်ခံရရန် ယေရှုခရစ်၏နာမ၌နှစ်ခြင်းခံခြင်းဖြင့် ဘုရားသခင်၏အမျက်တော်မှလွတ်မြောက်အောင် လုပ်ဆောင်ကြဖို့ ချက်ချင်း တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။ (တမန်တော် ၂:၃၈-၄၀ ကိုဖတ်ပါ။) ယင်းသမိုင်းဝင်နေ့မှစ၍ ယနေ့ထိတိုင် လူမျိုးအသီးသီးမှ သန်းနှင့်ချီသောသူများသည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြခြင်းအပေါ် အခြေခံကာ ဘုရားသခင်ထံ ဆွဲဆောင်ခံရကြသည်။ (ယော. ၆:၄၄) ဤတွင် နောက်ထပ်မေးခွန်းနှစ်ခုကို သုံးသပ်ဖို့လိုအပ်လာသည်– ကျွန်ုပ်တို့ကိုယ်တိုင်၏ အကျင့်ကောင်းများကြောင့် ထာဝရအသက်မျှော်လင့်ချက် ရရှိခြင်းလော။ ယင်းထူးမြတ်သောမျှော်လင့်ချက်ကို ရရှိပြီးနောက် ပြန်လည်ဆုံးရှုံးနိုင်သလော။

၁၇။ ဘုရားသခင်၏မိတ်ဆွေဖြစ်ရသည့် ထူးမြတ်သည့်ကောင်းချီးကို သင်မည်သို့ ယူမှတ်သင့်သနည်း။

၁၇ ရွေးနုတ်ဖိုးသည် ဘုရားသခင်၏မဟာကရုဏာဖြစ်သည်။ သို့သော် ယနေ့ ယင်းကို ယုံကြည်ကြောင်းတင်ပြသူ သန်းနှင့်ချီသောသူတို့သည် မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းမျှော်လင့်ချက်ဖြင့် ဘုရားသခင်၏မိတ်ဆွေများ ဖြစ်လာကြသည်။ သို့ရာတွင် ယေဟောဝါ၏မိတ်ဆွေဖြစ်လာခြင်းက ဤဆက်ဆံရေးတွင် အမြဲဆက်တည်ရှိမည်ဟူသော အာမခံချက်မဟုတ်ချေ။ ဘုရားသခင်၏ အနာဂတ်အမျက်တော်နေ့မှ လွတ်မြောက်ရန် ကျွန်ုပ်တို့သည် “ခရစ်တော်ယေရှု၏ရွေးနုတ်ဖိုး” ကို ဆက်၍ တန်ဖိုးထားလေးမြတ်ရမည်ဖြစ်သည်။—ရော. ၃:၂၄; ဖိလိပ္ပိ ၂:၁၂ ကိုဖတ်ပါ။

ရွေးနုတ်ဖိုးကိုယုံကြည်ကြောင်း ဆက်တင်ပြပါ

၁၈။ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြခြင်းတွင် အဘယ်အရာပါဝင်သနည်း။

၁၈ ဤဆောင်းပါး၏ အဓိကကျမ်းချက်ဖြစ်သော ယောဟန် ၃:၃၆ တွင်ဖော်ပြထားသကဲ့သို့ သခင်ယေရှုခရစ်ကို ယုံကြည်ကြောင်းတင်ပြခြင်း၌ ကိုယ်တော်ကို နာခံခြင်းပါဝင်သည်။ ရွေးနုတ်ဖိုးကို တန်ဖိုးထားလေးမြတ်ခြင်းက ကိုယ်ကျင့်တရားနှင့်ပတ်သက်သော သွန်သင်ချက်အပါအဝင် ယေရှု၏သွန်သင်ချက်များနှင့်အညီ အသက်ရှင်ရန် လှုံ့ဆော်ခံရသင့်သည်။ (မာ. ၇:၂၁-၂၃) မတရားမေထုန်ပြုခြင်း၊ ညစ်ညမ်းသောပြက်လုံးများပြောဆိုခြင်းနှင့် ညစ်ညမ်းရုပ်ပုံများကို စွဲစွဲလမ်းလမ်းကြည့်ရှုခြင်းအပါအဝင် “အမျိုးမျိုးသောညစ်ညူးခြင်း” ကို နောင်တမရဘဲ ပြုကျင့်နေသူတို့အပေါ် “ဘုရားသခင်၏အမျက်တော် သက်ရောက်လိမ့်မည်။”—ဧ. ၅:၃-၆

၁၉။ ရွေးနုတ်ဖိုးကို ကျွန်ုပ်တို့ယုံကြည်ကြောင်း အဘယ်နည်းများဖြင့် တင်ပြနိုင်သနည်း။

၁၉ ရွေးနုတ်ဖိုးကို တန်ဖိုးထားလေးမြတ်ခြင်းက ဘုရားသခင်နှစ်သက်သောအကျင့်များကို ဆက်ကျင့်နေစေသင့်သည်။ (၂ ပေ. ၃:၁၁) မှန်မှန်နှင့် စိတ်နှလုံးပါပါဆုတောင်းရန်၊ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုပြုလုပ်ရန်၊ အစည်းအဝေးတက်ရန်၊ မိသားစုဝတ်ပြုမှုပြုလုပ်ရန်နှင့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် ဇွဲထက်သန်စွာပါဝင်ရန် အချိန်အလုံအလောက်ဖယ်ထားကြစို့။ “ကောင်းမှုပြုခြင်း၊ သူတစ်ပါးအား ဥစ္စာဝေမျှခြင်း အမှုတို့ကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင် အားရနှစ်သက်တော်မူ၏” ဟူသည့်အချက်ကို သတိရနိုင်ကြပါစေ။—ဟေဗြဲ ၁၃:၁၅၊ ၁၆

၂၀။ ရွေးနုတ်ဖိုးကိုယုံကြည်ကြောင်း ဆက်တင်ပြသူအားလုံး အဘယ် အနာဂတ်ကောင်းချီးကို မျှော်လင့်နိုင်သနည်း။

၂၀ ဆိုးညစ်သောလက်ရှိလောကစနစ်အပေါ် ယေဟောဝါ၏အမျက်တော် ရုတ်တရက်သွန်းလောင်းသောအခါ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြပြီး ယင်းကို တန်ဖိုးထားလေးမြတ်ကြောင်း ဆက်တင်ပြခဲ့သည့်အတွက် ကျွန်ုပ်တို့အလွန်ပျော်ရွှင်ရပေလိမ့်မည်။ ဘုရားသခင့်ကတိထားရာကမ္ဘာသစ်တွင် ဘုရားသခင့်အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်ပေးသည့် ဤအံ့ချီးဖွယ်ပြင်ဆင်ပေးချက်အတွက် ထာဝစဉ်ကျေးဇူးတင်လေးမြတ်နေပေလိမ့်မည်။—ယောဟန် ၃:၁၆; ဗျာ. ၇:၉၊ ၁၀၊ ၁၃၊ ၁၄ တို့ကိုဖတ်ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

• ကျွန်ုပ်တို့ အဘယ်ကြောင့် ရွေးနုတ်ဖိုးလိုအပ်သနည်း။

• ရွေးနုတ်ဖိုးပေးရန် မည်မျှစွန့်လွှတ်အနစ်နာခံရသနည်း။

• ရွေးနုတ်ဖိုးမှ အဘယ်အကျိုးကျေးဇူးများ ခံစားရသနည်း။

• ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

ယေဟောဝါနှင့်ပြန်လည်သင့်မြတ်နိုင်သည့် အခွင့်အရေးတံခါးကြီး ပွင့်လျက်ရှိ

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ပါဝင်သော ဤအဖြစ်အပျက်များကို တွေးတောဆင်ခြင်ခြင်းက ရွေးနုတ်ဖိုးပေးရန် အလွန်စွန့်လွှတ်အနစ်နာခံရကြောင်း နားလည်ရန် ထောက်ကူပေး