မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့် အချိန်တိကျရ

အဘယ်ကြောင့် အချိန်တိကျရ

အဘယ်ကြောင့် အချိန်တိကျရ

အချိန်တိကျဖို့ သို့မဟုတ် အချိန်မီရောက်ရှိဖို့ဟူသည် အမြဲမလွယ်ကူပါ။ ခရီးဝေးခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်းနှင့် အလုပ်များလွန်းခြင်းတို့သည် အခက်အခဲများဖြစ်သည်။ သို့သော် အချိန်မီရောက်ရှိရန်မှာ အရေးကြီးသည်။ ဥပမာအနေနှင့် အလုပ်ခွင်တွင် အချိန်တိကျသူသည် များသောအားဖြင့် ယုံကြည်စိတ်ချရပြီး လုံ့လဝီရိယရှိသူဖြစ်သည်ဟု သတ်မှတ်ခံရသည်။ သို့သော် နောက်ကျသူသည် အခြားသူများ၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ထုတ်ကုန်အရည်အသွေးနှင့် လုပ်ငန်းကိုပါ ထိခိုက်နိုင်သည်။ ကျောင်းသားတစ်ဦး ကျောင်းနောက်ကျခြင်းကြောင့် သင်ခန်းစာတချို့ လွတ်သွားနိုင်ပြီး ပညာရေးတိုးတက်မှုတွင် နှောင့်နှေးနိုင်သည်။

သို့ရာတွင် အချို့ဒေသများ၌မူ အချိန်တိကျမှုကို အရေးပါသောအရာအဖြစ် သဘောမထားကြချေ။ ထိုကဲ့သို့သောဝန်းကျင်တွင်နေထိုင်ရပါက ကျွန်ုပ်တို့လည်း နောက်ကျသည့်အကျင့် ပါသွားနိုင်သည်။ ထိုကဲ့သို့ဖြစ်မည်ဆိုလျှင် အချိန်တိကျလိုသည့်စိတ်ရှိအောင် မွေးမြူသင့်သည်။ အချိန်တိကျခြင်း၏အရေးကြီးမှုကို နားလည်သဘောပေါက်ခြင်းက ကျွန်ုပ်တို့အား အချိန်တိကျမှုရှိရန် ကူညီပေးနိုင်သည်။ အချိန်တိကျဖို့လိုသည့်အကြောင်းရင်းအချို့ကား အဘယ်နည်း။ အဘယ်နည်းဖြင့် အချိန်တိကျနိုင်သနည်း။ အချိန်မီရောက်ရှိခြင်းမှ အဘယ်အကျိုးကျေးဇူးများ ရနိုင်သနည်း။

အချိန်တိကျသောဘုရားသခင် ယေဟောဝါ

ကျွန်ုပ်တို့ အချိန်တိကျဖို့လိုသည့် အရေးကြီးဆုံးအကြောင်းရင်းမှာ ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်ကို တုပလိုသောကြောင့်ဖြစ်သည်။ (ဧ. ၅:၁) ယေဟောဝါသည် အချိန်တိကျခြင်းတွင် အကောင်းဆုံးစံနမူနာရှင်ဖြစ်သည်။ ကိုယ်တော်သည် မည်သည့်အခါမျှ နှောင့်နှေးခြင်းမရှိခဲ့ပါ။ ကိုယ်တော်၏ရည်ရွယ်ချက်များ ပြည့်စုံစေရာ၌ သတ်မှတ်ထားသောအချိန်ဇယားအတိုင်း အတိအကျ လုပ်ဆောင်တော်မူသည်။ ဥပမာ၊ ယေဟောဝါသည် ဆိုးယုတ်သောလောကကို ရေလွှမ်းမိုးဘေးဖြင့် ဖျက်ဆီးရန် ကိုယ်တော်ဆုံးဖြတ်သောအခါ နောဧကို ဤသို့ပြောခဲ့သည်– “ဂေါဖရသစ်သားဖြင့် သင်္ဘောကိုကိုယ်ဖို့တည်လုပ်လော့။” အချိန်နီးကပ်လာသောအခါ ယေဟောဝါသည် နောဧအား သင်္ဘောအတွင်းသို့ ဝင်ရန်မိန့်မှာခဲ့ပြီး ဤသို့လည်းပြောခဲ့သည်– “ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့မိုးရွာစေမည်။ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်။” ထို့နောက် သတ်မှတ်ထားသောအချိန်ဖြစ်သော “ခုနစ်ရက်စေ့သောအခါ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ပေါ်လာ၏။” (က. ၆:၁၄; ၇:၄၊ ၁၀) နောဧနှင့်သူ၏မိသားစုသာ သင်္ဘောထဲ အချိန်မီမဝင်ခဲ့လျှင် သူတို့အဘယ်အရာနှင့် ကြုံတွေ့ရမည်ကို မြင်ယောင်ကြည့်ပါ။ သူတို့လည်း သူတို့ကိုးကွယ်သော ဘုရားသခင်ကဲ့သို့ အချိန်တိကျခဲ့ကြသည်။

ရေလွှမ်းမိုးဘေးပြီးနောက် နှစ်ပေါင်း ၄၅၀ ခန့်အကြာတွင် ယေဟောဝါသည် ဘိုးဘေးအာဗြဟံအား သားတစ်ဦးရလာမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထိုသားမှတစ်ဆင့် ကတိထားရာအမျိုးအနွယ် ပေါ်ထွက်လာမည်ဖြစ်သည်။ (က. ၁၇:၁၅-၁၇) “နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်” ဣဇာက်ကို မွေးဖွားလိမ့်မည်ဖြစ်ကြောင်း ဘုရားသခင်ပြောခဲ့သည်။ ယင်းအတိုင်း ဖြစ်ခဲ့ပါသလော။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “စာရာသည် ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အား သားကိုဖွားလေ၏။”—က. ၁၇:၂၁; ၂၁:၂

သမ္မာကျမ်းစာတွင် ဘုရားသခင်၏အချိန်တိကျမှုကိုဖော်ပြသော ပုံနမူနာများစွာ ပါရှိသည်။ (ယေ. ၂၅:၁၁-၁၃; ဒံ. ၄:၂၀-၂၅; ၉:၂၅) ယေဟောဝါ၏လာမည့်တရားစီရင်ရာနေ့ကို စောင့်မျှော်ကြရန် သမ္မာကျမ်းစာတွင် မိန့်မှာထားသည်။ ယင်းနေ့သည် လူ့ရှုထောင့်မှကြည့်၍ ‘နောက်ကျ’ နေပုံပေါက်လျှင်ပင် “နောက်မကျဘဲဧကန်အမှန်ရောက်လိမ့်မည်” ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။—ဟဗ. ၂:၃

ဝတ်ပြုရေးတွင် အချိန်တိကျဖို့အရေးကြီး

အစ္စရေးအမျိုးသားအားလုံးသည် ‘ယေဟောဝါ၏ပွဲတော်များ’ ကိုတက်ရောက်ရာ၌ သတ်မှတ်ထားသောနေရာသို့ သတ်မှတ်ထားသောအချိန်တွင် ရောက်ရှိနေရမည်ဖြစ်သည်။ (ဝတ်. ၂၃:၂၊) ဘုရားသခင်သည် တချို့သောပူဇော်ရာယဇ်များ ပူဇော်ရမည့်အချိန်ကိုလည်း သတ်မှတ်ထားတော်မူသည်။ (ထွ. ၂၉:၃၈၊ ၃၉; ဝတ်. ၂၃:၃၇၊ ၃၈) ယင်းက ဘုရားသခင်သည် မိမိ၏ကျေးကျွန်များကို ဝတ်ပြုရေးတွင် အချိန်တိကျစေလိုတော်မူကြောင်း ဖော်ပြသည်မဟုတ်လော။

ပထမရာစုတွင် တမန်တော်ပေါလုက ကောရိန္သုအသင်းသားများအား ခရစ်ယာန်အစည်းအဝေးများကို မည်သို့ကျင်းပသင့်ကြောင်းပြောချိန်တွင် သူဤသို့တိုက်တွန်းခဲ့သည်– “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့။” (၁ ကော. ၁၄:၄၀) သို့ဖြစ်၍ ဝတ်ပြုရေးနှင့်သက်ဆိုင်သည့် ခရစ်ယာန်အစည်းအဝေးများကို သတ်မှတ်ထားချိန်တွင် စတင်သင့်သည်။ အချိန်တိကျမှုနှင့်ပတ်သက်၍ ယေဟောဝါ၏ရှုမြင်ပုံမှာ မပြောင်းလဲပါ။ (မာလ. ၃:၆) သို့ဆိုလျှင် ဤခရစ်ယာန်အစည်းအဝေးများတွင် အချိန်တိကျရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။

အချိန်တိကျအောင်ပြုလုပ်နိုင်ပုံ

ကြိုတင်စီစဉ်ထားခြင်းက များစွာအထောက်အကူပြုကြောင်း အချို့သူတို့ တွေ့ရှိခဲ့ကြသည်။ (သု. ၂၁:၅) ဥပမာ၊ ကျွန်ုပ်တို့သည် သတ်မှတ်ထားသောနေရာတစ်ခုသို့ သတ်မှတ်ထားသောအချိန်တွင် ရောက်လိုလျှင် အချိန်ကပ်၍ထွက်ခြင်းသည် ပညာရှိရာရောက်ပါမည်လော။ လမ်းတွင် “ကြိုတင်မမြင်နိုင်သောအဖြစ်အပျက်” နှင့်ကြုံတွေ့လျှင်ပင် နောက်မကျစေရန် မိနစ်အနည်းငယ် စော၍ထွက်ခြင်းသည် ပညာရှိရာရောက်သည်မဟုတ်လော။ (ဒေ. ၉:၁၁) “ဒီခရီးကိုသွားဖို့အတွက် အချိန်ဘယ်လောက်ကြာသလဲဆိုတာ သိထားခြင်းက အချိန်မီရောက်ဖို့ အကူအညီဖြစ်စေတယ်” ဟု အချိန်တိကျသောလူငယ်တစ်ဦးဖြစ်သည့် ဟိုစေးကပြောသည်။ *

အချို့သူတို့အတွက်မူ ခရစ်ယာန်အစည်းအဝေးများကို အချိန်မီရောက်ရှိနိုင်ရန် အလုပ်မှစောစောထွက်ဖို့ စီစဉ်ရန်လိုပေမည်။ အီသီယိုးပီးယားမှ သက်သေခံတစ်ဦးသည် အလုပ်ဆိုင်းအပြောင်းအလဲကြောင့် ခရစ်ယာန်အစည်းအဝေးသို့ ၄၅ မိနစ် နောက်ကျမှရောက်နိုင်ကြောင်း သူသိရှိခဲ့ရာ ယင်းသို့စီစဉ်ခဲ့သည်။ အစည်းအဝေးရှိသည့်ညများတွင် အလုပ်မှစောစောထွက်နိုင်ရန် အလုပ်ချိန် အပြောင်းအလဲတွင် အလုပ်ဖော်စောစောလာနိုင်ဖို့ စီစဉ်ခဲ့သည်။ ယင်းအတွက် သက်သေခံညီအစ်ကိုသည် အချိန်ပို ခုနစ်နာရီ အလုပ်လုပ်ပေးခဲ့သည်။

ကျွန်ုပ်တို့တွင် ကလေးငယ်များရှိမည်ဆိုလျှင် အစည်းအဝေးကို အချိန်မီရောက်ရန်မှာ ပို၍ပင်ခက်ခဲနိုင်သည်။ ကလေးများကို ပြင်ဆင်ပေးခြင်းမှာ များသောအားဖြင့် မိခင်များ၏တာဝန်ဖြစ်သည်၊ သို့သော် အခြားမိသားစုဝင်များက ကူညီပေးနိုင်ပြီး ကူညီပေးသင့်သည်။ မက္ကဆီကိုနိုင်ငံမှ မိခင်တစ်ဦးဖြစ်သူ အက်စ်ပရဲန်ဇာသည် ကလေးရှစ်ယောက်ကို တစ်ဦးတည်း ပြုစုစောင့်ရှောက်ရသည်။ ယခုအချိန်တွင် ကလေးများ၏အသက်မှာ ၅ နှစ်မှ ၂၃ နှစ်အတွင်းဖြစ်သည်။ သူ၏မိသားစု အစည်းအဝေးများသို့ အချိန်မီရောက်ရှိဖို့ မည်သို့စီစဉ်သည်ကို အက်စ်ပရဲန်ဇာ ဤသို့ရှင်းပြသည်–“ကျွန်မရဲ့သမီးအကြီးတွေက ကလေးငယ်တွေ အသင့်ဖြစ်ဖို့ ပြင်ဆင်ပေးတယ်။ ဒါကြောင့် အိမ်အလုပ်တွေပြီးအောင်လုပ်နိုင်ပြီး အစည်းအဝေးသွားဖို့ သတ်မှတ်ထားတဲ့အချိန်မှာ အိမ်ကထွက်နိုင်ခဲ့တယ်။” ဤမိသားစုသည် အိမ်မှထွက်ရန် အချိန်သတ်မှတ်ထားပြီး ယင်းသို့လုပ်နိုင်ရန် မိသားစုဝင်အားလုံးက ပူးပေါင်းလုပ်ဆောင်ကြသည်။

အစည်းအဝေးများတွင် အချိန်မီရောက်ရှိခြင်းဖြင့် အကျိုးရ

ခရစ်ယာန်အစည်းအဝေးများသို့ အချိန်မီရောက်ရှိခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများကို စဉ်းစားသုံးသပ်ခြင်းက အချိန်တိကျလိုစိတ်ရှိလာစေပြီး အချိန်မီရောက်နိုင်ရန် မည်သည့်အရာကိုမဆို ပြုလုပ်စေသည်။ အစည်းအဝေးများသို့ အမြဲအချိန်မီ ရောက်တတ်သည့်အကျင့်ရှိသော စန္ဒြာအမည်ရှိ ညီအစ်မငယ်တစ်ဦးက ဤသို့ပြောသည်– “ကျွန်မ စောစောရောက်တဲ့အတွက် ညီအစ်ကိုညီအစ်မတွေကို နှုတ်ဆက်နိုင်တယ်၊ သူတို့နဲ့စကားပြောရတဲ့အတွက် ပိုပြီးရင်းနှီးနိုင်တယ်၊ ဒါကို ကျွန်မသဘောကျတယ်။” ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ကျွန်ုပ်တို့ စောစောရောက်ရှိပြီး သစ္စာရှိညီအစ်ကိုညီအစ်မများ ခရစ်ယာန်ဓမ္မအမှုတွင် ခံနိုင်ရည်ရှိရှိ၊ သစ္စာရှိရှိ လုပ်ဆောင်သည်ကို ကြားရခြင်းမှ အကျိုးရနိုင်သည်။ ကျွန်ုပ်တို့ရောက်ရှိနေခြင်းနှင့် တည်ဆောက်မှုဖြစ်စေသောစကားများပြောခြင်းဖြင့် “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်” နိုင်ကာ ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများအပေါ် ကောင်းကျိုးသက်ရောက်နိုင်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅

ခရစ်ယာန်အစည်းအဝေးတစ်ခုစီ၏ အဖွင့်သီချင်းနှင့် ဆုတောင်းချက်သည် ဝတ်ပြုရေး၏အလွန်အရေးပါသောအပိုင်းဖြစ်သည်။ (ဆာ. ၁၄၉:၁) ကျွန်ုပ်တို့သီဆိုသောသီချင်းများက ယေဟောဝါအား ချီးမွမ်းပြီး ကျွန်ုပ်တို့မွေးမြူသင့်သည့် အရည်အသွေးများကို သတိရစေကာ ဓမ္မအမှုတွင်ပျော်ရွှင်စွာပါဝင်နိုင်ရန် ကျွန်ုပ်တို့ကို အားပေးသည်။ အဖွင့်ဆုတောင်းချက်ကော အသို့နည်း။ ရှေးအချိန်က ယေဟောဝါသည် မိမိ၏ဝတ်ပြုရာအိမ်တော်ကို “ဆုတောင်းရာအိမ်” ဟုခေါ်ခဲ့သည်။ (ဟေရှာ. ၅၆:၇) ယနေ့အချိန်တွင် အစည်းအဝေးများ၌ ကျွန်ုပ်တို့စုရုံးကာ ဆုတောင်းကြသည်။ အဖွင့်ဆုတောင်းချက်သည် ယေဟောဝါ၏လမ်းညွှန်မှုနှင့် သန့်ရှင်းသောစွမ်းအားတော်ကို တောင်းခံရုံသာမဟုတ်ဘဲ ကျွန်ုပ်တို့ကြားရမည့် အကြောင်းအရာများအတွက် စိတ်နှလုံးကို ပြင်ဆင်ပေးခြင်းလည်းပါသည်။ အဖွင့်သီချင်းနှင့် ဆုတောင်းချက်တွင် ပါဝင်နိုင်ရန် အစည်းအဝေးများသို့ အချိန်မီရောက်ရှိဖို့ ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်သင့်သည်။

အစည်းအဝေးသို့ အဘယ်ကြောင့် စောစောလာရသည်နှင့်ပတ်သက်၍ အသက် ၂၃ နှစ်ရှိ ဟယ်လဲန်က ဤသို့ရှင်းပြသည်– “ဒါက ယေဟောဝါကို ချစ်ကြောင်းပြနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်၊ အကြောင်းကတော့ သီချင်းတွေနဲ့ အဖွင့်ဆုတောင်းချက်အပါအဝင် ဒီမှာဟောပြောတဲ့ဟောပြောချက်တွေအားလုံးကို ကိုယ်တော် ပြင်ဆင်ပေးထားလို့ပဲ။” ကျွန်ုပ်တို့လည်း ထိုအတိုင်း မရှုမြင်သင့်ပေလော။ အမှန်ပင် ရှုမြင်သင့်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏လုပ်ဆောင်မှုအားလုံးတွင် အထူးသဖြင့် စစ်မှန်သောဘုရားသခင်အား ဝတ်ပြုရေးတွင် အချိန်တိကျသည့်အကျင့်ကို မွေးမြူရန်ကြိုးစားကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 အမည်များကို ပြောင်းထားသည်။

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

ကောင်းစွာကြိုတင် ပြင်ဆင်ပါ

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

“ကြိုတင်မမြင်နိုင်သောအဖြစ်အပျက်များ” အတွက် အချိန်ကို ထည့်တွက်ထားပါ

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

အစည်းအဝေးများသို့ စောစောရောက်ခြင်းမှ အကျိုးရယူပါ