မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အားလုံးကို ဖိတ်ခေါ်ပါသည်

အားလုံးကို ဖိတ်ခေါ်ပါသည်

အားလုံးကို ဖိတ်ခေါ်ပါသည်

အဘယ်အရာ အတွက်နည်း။ ဗေသလဟုခေါ်သည့် ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတစ်ခုသို့ လည်ပတ်ရန်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ယင်းသို့သောရုံး ၁၁၈ ခုရှိသည်။ ဗေသလတွင် လုပ်ဆောင်နေရာများကို မြင်တွေ့ခဲ့ရသည့် ဧည့်သည်များသည် ယင်းအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း လှိုက်လှိုက်လှဲလှဲ ဖော်ပြလေ့ရှိသည်။

ကျမ်းစာလေ့လာနေသော လူငယ်တစ်ဦးသည် မက္ကဆီကိုဌာနခွဲတွင် ယေဟောဝါအတွက် ပျော်ရွှင်စွာဖြင့် အားကြိုးမာန်တက် အမှုဆောင်နေကြသူများကို မြင်တွေ့ပြီးနောက် စိတ်စွဲမှတ်သွားရာ “ဒီမှာနေပြီး အလုပ်လုပ်ဖို့ ကျွန်တော် ဘာလုပ်ရမလဲ” ဟုမေးခဲ့သည်။ “ခင်ဗျား အရင်ဆုံးနှစ်ခြင်းခံရမယ်။ ပြီးတော့ အချိန်ပြည့်နိုင်ငံတော်ကြွေးကြော်သူဖြစ်တဲ့ ရှေ့ဆောင်လုပ်ရင် ကောင်းတယ်” ဟု သူ့အား ပြန်ဖြေခဲ့သည်။ ထိုလူငယ်သည် ကြားခဲ့သည့်အတိုင်းလုပ်ဆောင်ခဲ့ရာ နှစ်နှစ်ကြာပြီးနောက် မက္ကဆီကိုဗေသလတွင် အမှုဆောင်ရန် ဖိတ်ခေါ်ခံခဲ့ရပြီး ထိုတွင် အမှုဆောင်နေသည်မှာ အနှစ်နှစ်ဆယ်ရှိပြီဖြစ်သည်။

ဗေသလဟူသည် အဘယ်နည်း

ဟေဗြဲဘာသာစကားတွင် “ဗေသလ” ဟူသည် “ဘုရားသခင့်အိမ်တော်” ဟု အဓိပ္ပာယ်ရသည်။ (က. ၂၈:၁၉) ဌာနခွဲရုံးရှိ အဆောက်အဦများတွင် ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများ၏ အသင်းတော် ၁၀၀,၀၀၀ ကျော်အတွက် လိုအပ်သော သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို ပုံနှိပ်ဖြန့်ဝေသည်။ လူမှုအဆင့်အတန်းနှင့် ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးမှ အမျိုးသား၊ အမျိုးသမီးများဖြစ်သော ဗေသလအိမ်သား ၂၀,၀၀၀ ခန့်သည် ယေဟောဝါနှင့် ခရစ်ယာန်ညီအစ်ကိုညီအစ်မများအတွက် ကိုယ်ကျိုးမဖက်ဘဲ အချိန်ပြည့်အမှုဆောင်နေကြသည်။ ဤခရစ်ယာန်လုပ်ငန်းတွင် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့သူများသည် ကျန်းမာသန်စွမ်းသောလူငယ်များနှင့်အတူယှဉ်တွဲကာ အမှုဆောင်နေကြသည်။ ညနေခင်းများနှင့် စနေ၊ တနင်္ဂနွေနေ့များတွင် ဗေသလအိမ်သားများသည် အနီးအနားရှိ ယေဟောဝါသက်သေများ၏အသင်းတော်များတွင် အစည်းအဝေးများတက်ရောက်ကာ ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ကြသည်။ သူတို့၏အားလပ်ချိန်များကို ကျမ်းစာသင်အံမှုများ၊ အပန်းဖြေမှုများနှင့် ကိုယ်ရေးကိုယ်တာကိစ္စများအတွက် အသုံးပြုကြသည်။

ဗေသလအိမ်သားများသည် လစဉ်စိုက်သုံးငွေအနည်းငယ် ရရှိကြသည်။ သူတို့သည် အရသာရှိ၍ အာဟာရရှိသော အစားအသောက်များ စားသောက်ကြကာ သန့်ရှင်း၍ သက်သောင့်သက်သာရှိသောအခန်းများတွင် နေထိုင်ကြသည်။ ဗေသလအိမ်သည် ဇိမ်ကျကျနေနိုင်ရန် ပုံစံပြုထားခြင်းမဟုတ်သော်လည်း ယင်းတို့သည် အလုပ်အတွက် သင့်တော်သည်။ ဧည့်သည်များသည် ကောင်းစွာထိန်းသိမ်းထားသော အဆောက်အဦများ၊ ခြံဝင်းများနှင့် အစီအစဉ်ကျနစွာ လုပ်ဆောင်မှုများကြောင့်သာမက ဗေသလတွင်မြင်တွေ့ရသော ကြင်နာမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုတို့ကြောင့်လည်း စိတ်စွဲမှတ်ကြသည်။ လူတိုင်းသည် လုံ့လရှိရှိအလုပ်လုပ်ကြသော်လည်း ဖော်ရွေမှုမပြနိုင်လောက်အောင် အလုပ်မများကြချေ။ ဗေသလတွင် လူတစ်ဦး၏တာဝန်ကြောင့် အခြားသူများထက်သာလွန်သည်ဟု ယူဆခြင်း သို့မဟုတ် လူမှုရေးအဆင့်အတန်း ခွဲခြားခြင်းဟူ၍ မရှိချေ။ သန့်ရှင်းရေးဖြစ်စေ၊ ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်စေ၊ ချက်ပြုတ်ခြင်းဖြစ်စေ၊ ပုံနှိပ်တိုက်တွင် အလုပ်လုပ်ခြင်းဖြစ်စေ၊ ရုံးတွင် အလုပ်လုပ်ခြင်းဖြစ်စေ မည်သည့်အလုပ်တာဝန်မဆို အရေးပါသည်။ ဗေသလတွင် အမှုဆောင်နေသူများကို ဗေသလအိမ်သားများအဖြစ် သိကြပြီး သူတို့သည် ယေဟောဝါသက်သေများ၏ဓမ္မအမှုကို ထောက်ပံ့ရန် အဖွဲ့လိုက်အတူတကွ လုပ်ဆောင်ကြသည်။—ကော. ၃:၂၃

ဗေသလအိမ်သားများ၏ နောက်ခံအခြေအနေကို သုံးသပ်ကြည့်ပါ

ဤအပြည်ပြည်ဆိုင်ရာမိသားစုဝင်များအကြောင်း ပိုသိရှိနိုင်ရန် လေ့လာကြည့်ကြစို့။ ဗေသလအိမ်တွင် အမှုဆောင်လိုစိတ်ရှိလာအောင် အဘယ်အရာက သူတို့ကို လှုံ့ဆော်ပေးသနည်း။ မာရီယိုအကြောင်း လေ့လာကြည့်ပါ။ ယေဟောဝါသက်သေတစ်ဦး စဖြစ်လာချိန်တွင် မာရီယိုသည် နာမည်ကျော် ဂျာမန်ကားကုမ္ပဏီတစ်ခုတွင် လစာကောင်းသောအလုပ်လုပ်နေပြီး တိုးတက်ရန် အခွင့်အလမ်းလည်းရှိခဲ့သည်။ သူနှစ်ခြင်းခံပြီး မကြာမီ သူ့နိုင်ငံရှိ ဗေသလ၌ တစ်ပတ်ကြာ လုပ်အားပေးခဲ့သည်။ သူသည် ပုံနှိပ်တိုက်တွင်ကူညီရန် တာဝန်ရရှိခဲ့သည်။ လောကမှအလုပ်ဖော်များနှင့် ဗေသလမှအလုပ်ဖော်များ အလွန်ကွာခြားကြောင်း သူသိမြင်ခဲ့ရသည်။ ထို့ကြောင့် ဗေသလတွင် အချိန်ပြည့်အမှုဆောင်ရန် လျှောက်လွှာတင်ခဲ့သည်။ သူ၏ဆွေမျိုးများနှင့် အလုပ်ဖော်များက သူ့ဆုံးဖြတ်ချက်ကို နားမလည်နိုင်သော်လည်း မာရီယိုသည် ယခုအထိ ဂျာမနီဗေသလတွင် ပျော်ရွှင်စွာ အမှုဆောင်နေသည်။

များစွာသောသူတို့သည် ဗေသလသို့ရောက်စတွင် အထူးအတတ်ပညာများ သို့မဟုတ် အသိပညာများ မရှိကြချေ။ မက္ကဆီကိုဗေသလတွင် အမှုဆောင်နေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်သော အေဘယ်လ်သည်လည်း ထိုအတိုင်းဖြစ်သည်။ “ဗေသလက ကျွန်တော့်ကို အများကြီးသင်ပေးတယ်။ တကယ်ရှုပ်ထွေးတဲ့ ပုံနှိပ်စက်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိလာတယ်။ ဒီပညာနဲ့ အပြင်မှာ ငွေအများကြီး ရှာလို့ရတယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေမှာတွေ့ရတဲ့ စိုးရိမ်ပူပန်မှု၊ ပြိုင်ဆိုင်မှုတွေမရှိတဲ့ ဒီလိုအေးချမ်းငြိမ်သက်တဲ့ဘ၀ကို ကျွန်တော်ရမှာမဟုတ်ဘူး။ ပညာလည်းရ၊ ဘုရားသခင်နဲ့လည်း ပိုပြီးရင်းနှီးစေတဲ့ အကောင်းဆုံးပညာရေးကို ကျွန်တော်ရရှိထားတယ်။ အကောင်းဆုံးတက္ကသိုလ်မှာ သွားတက်ရင်တောင် ဒီအကျိုးကျေးဇူးတွေ ခံစားရမှာမဟုတ်ဘူး” ဟု သူပြောခဲ့သည်။

တည်ဆောက်မှုဖြစ်စေသည့်လည်ပတ်မှု

ဗေသလသို့လည်ပတ်ခြင်းက ဘုရားသခင်နှင့် ထိုသူတို့၏ဆက်ဆံရေးအပေါ် ကောင်းကျိုးသက်ရောက်နိုင်သည်။ မက္ကဆီကိုနိုင်ငံမှ အိုမာသည် ထိုအတိုင်းခံစားခဲ့ရသည်။ သူ၏မိခင်သည် သူ့အားသမ္မာကျမ်းစာအမှန်တရားကို သင်ပေးခဲ့သည်။ သို့သော် အသက် ၁၇ နှစ်ရောက်လာသောအခါ သူသည် ခရစ်ယာန်အစည်းအဝေးများကို မတက်ရောက်တော့ဘဲ ခရစ်ယာန်ဓမ္မအမှုတွင်လည်း မပါဝင်တော့ချေ။ တဖြည်းဖြည်းနှင့် သူသည် အကျင့်ဆိုးများကို ပြုကျင့်လာပြီး ရုပ်ပစ္စည်းလိုက်စားသောဘဝပုံစံဖြင့် အသက်ရှင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ခဲ့ရာ မက္ကဆီကိုဌာနခွဲ၌ ပစ္စည်းအချို့ကိုသွားရောက်ပြသရာတွင် လိုက်ပါသွားခဲ့ရသည်။ အိုမာ ဤသို့ပြောသည်– “ပစ္စည်းတွေကို ပြသပြီးတဲ့နောက် အဆောက်အဦကို လှည့်လည်ကြည့်ရှုဖို့ ကျွန်တော်တို့ဖိတ်ခေါ်ခံရတယ်။ ကျွန်တော် တွေ့မြင်ခဲ့ရာတွေနဲ့ ကျွန်တော်ခံစားခဲ့ရတဲ့ ကြင်နာမှုက ယေဟောဝါနဲ့ဝေးကွာနေတဲ့ ကျွန်တော့်ရဲ့ဘဝပုံစံကို ပြန်စဉ်းစားစေတယ်။ ကျွန်တော် အစည်းအဝေးတွေကို ပြန်ပြီးတက်လာတယ်၊ ပြီးတော့ ကျမ်းစာပြန်လေ့လာခဲ့တယ်။ ဗေသလကိုသွားလည်ပြီး ခြောက်လအကြာမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ အဲဒီလိုလည်ပတ်ခြင်းကနေ ရရှိတဲ့လှုံ့ဆော်ခံရမှုအတွက် ယေဟောဝါကို ကျွန်တော်ကျေးဇူးတင်တယ်။”

မာဆားဟီကိုသည်လည်း သက်သေခံမိသားစုမှ ကြီးပြင်းလာသူဖြစ်သည်။ သို့သော် ခရစ်ယာန်ဘဝလမ်းစဉ်သည် ချုပ်ချယ်လွန်းသည်ဟုခံစားရကာ သူသည် ကျောင်းလှုပ်ရှားမှုများတွင် အပြည့်အဝပါဝင်ပြီး ခရစ်ယာန်အစည်းအဝေးများမတက်ရောက်တော့ဘဲ ဟောပြောခြင်းလုပ်ငန်းတွင်ပါ မပါဝင်တော့ချေ။ မာဆားဟီကို ဤသို့ပြန်ပြောပြသည်– “တစ်နေ့မှာ ကျွန်တော်တို့မိသားစုနဲ့ ခရစ်ယာန်မိတ်ဆွေတချို့က ဗေသလကို အလည်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော့်မိဘတွေက မလိုက်မနေရ အတင်းခေါ်လို့ လိုက်သွားခဲ့တယ်။ ဗေသလကို လည်ပတ်နေချိန်အတွင်းမှာ အရင်ကတစ်ခါမျှ မခံစားဖူးတဲ့ လန်းဆန်းမှုကို ခံစားရတယ်။ အဲ့ဒီမှာ လောကသူငယ်ချင်းတွေနဲ့ ပေါင်းသင်းခြင်းကနေ မရရှိတဲ့အရာတစ်ခုကို ကျွန်တော်ရရှိခဲ့တယ်။ ခရစ်ယာန်အသက်တာနဲ့နေထိုင်လိုတဲဆန္ဒပြင်းပြလာပြီး ကျမ်းစာလေ့လာချင်တယ်လို့ တောင်းဆိုခဲ့တယ်။” ယခုအချိန်၌ မာဆားဟီကိုသည် သူ၏အသင်းတော်တွင် အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးအဖြစ် အမှုဆောင်နေသည်။

ပြင်သစ်နိုင်ငံမှသက်သေခံတစ်ဦးသည် အလုပ်လုပ်ရန် မော်စကိုသို့ ပြောင်းလာသည်။ ထို့နောက် သူမသည် သက်သေခံများနှင့် အဆက်အသွယ်ပြတ်သွားရာ သူမနှင့် ယေဟောဝါ၏ဆက်ဆံရေးမှာ အားနည်းလာသည်။ အမှားများကျူးလွန်လာပြီး နောက်ဆုံးတွင် သက်သေခံမဟုတ်သူတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ပြင်သစ်နိုင်ငံမှ ခရစ်ယာန်ညီအစ်မတစ်ဦးသည် သူမထံလာလည်ပြီး ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ ဗေသလသို့ အတူသွားရောက်လည်ပတ်ခဲ့ကြသည်။ သူမ ဤသို့ရေးခဲ့သည်– “ဗေသလက ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့လို့ ကျွန်မတို့ စိတ်လှုပ်ရှားခဲ့ကြရတယ်။ အဲဒီမှာ တကယ့်ကို ငြိမ်းချမ်းတယ်။ ယေဟောဝါရဲ့ စွမ်းအားတော်ရှိတယ်ဆိုတာ ကျွန်မခံစားမိတယ်။ ဘာကြောင့်များ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ ဝေးကွာသွားစေတဲ့ အမှားတွေကို ကျွန်မ လုပ်ခဲ့မိတာပါလိမ့်။ ဗေသလကို လည်ပတ်ပြီးတဲ့နောက် ယေဟောဝါရဲ့အကူအညီရဖို့ ဆုတောင်းခဲ့ပြီး သန္နိဋ္ဌာန်အသစ်နဲ့အတူ ကျွန်မရဲ့ကလေးနှစ်ယောက်ကို ကျမ်းစာသင်ပေးခဲ့တယ်။” ဘုရားသခင်နှင့်ဆက်ဆံရေးအားနည်းသူများကိုပေးသည့် အကူအညီအပြင် ဗေသလသို့လည်ပတ်ခြင်းမှ သူမသည် အမှန်တကယ် ခွန်အားရရှိခဲ့ပြီး ကောင်းစွာတိုးတက်ခဲ့သည်။

ယေဟောဝါသက်သေများကို မသိကျွမ်းသူများ ဗေသလသို့လည်ပတ်လျှင်ကော မည်သည့်အကျိုးကျေးဇူးရရှိနိုင်သနည်း။ နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွလုပ်ဆောင်နေသူဖြစ်သည့် အယ်လ်ဘာတိုသည် ၁၉၈၈ ခုနှစ်တွင် ဘရာဇီးနိုင်ငံရှိ ဗေသလသို့လည်ပတ်ခဲ့သည်။ သန့်ရှင်းသပ်ရပ်မှု၊ အစီအစဉ်ကျနမှုနှင့် အလုပ်များကို ပွင့်ပွင့်လင်းလင်းလုပ်ဆောင်နေမှုတို့ကြောင့် သူ အလွန်စိတ်စွဲမှတ်သွားခဲ့သည်။ ဗေသလသို့မလည်ပတ်မီက အယ်လ်ဘာတိုသည် မိမိ၏ယောက်ဖ ဓမ္မဆရာအဖြစ်အမှုဆောင်နေသည့် ကျမ်းစာသင်ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ကွာခြားချက်ကို အယ်လ်ဘာတို သတိပြုမိသည်။ “ကျမ်းစာသင်ကျောင်းမှာဆိုရင် အကုန်လုံးကို လျှို့ဝှက်ပြီးလုပ်ဆောင်နေကြတယ်” ဟု သူပြောခဲ့သည်။ ဗေသလသို့လည်ပတ်ပြီးသိပ်မကြာမီတွင် ကျမ်းစာသင်အံမှုကို လက်ခံခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို စွန့်လွှတ်လိုက်ရာ ယခုအချိန်တွင် အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေပြီဖြစ်သည်။

ဗေသလသို့ လာလည်ပါ

မိမိတို့နိုင်ငံရှိ ဌာနခွဲရုံးများသို့သွားလည်ပတ်နိုင်ရန် များစွာသောသူတို့သည် အထူးကြိုးစားအားထုတ်မှုများ လုပ်ဆောင်ခဲ့ကြရသည်။ ဥပမာ၊ ဘရာဇီးနိုင်ငံရှိ ပေါလ်လိုနှင့် ယူဂျီးနီးယားတို့သည် မိမိတို့နိုင်ငံရှိဗေသလအဆောက်အဦကို သွားရောက်လည်ပတ်ကြည့်ရှုနိုင်ရန် ကားဖြင့်နှစ်ရက်ကြာသွားရသည့် မိုင်၂၀၀၀ ခရီးအတွက် လေးနှစ်ကြာငွေစုဆောင်းခဲ့ရသည်။ သူတို့ ဤသို့ပြောသည်– “ကျွန်တော်တို့ တကယ့်ကိုကြိုးစားရကျိုးနပ်တယ်။ အခု ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ ပိုပြီးပြည့်ပြည့်စုံစုံသိလာရတယ်။ ကျွန်တော်တို့ရဲ့ သင်သားတွေကို ဗေသလမှာလုပ်ဆောင်နေတဲ့အလုပ်တွေအကြောင်း ရှင်းပြတဲ့အခါ သူတို့က ‘ခင်ဗျားတို့ကော ရောက်ဖူးသလား’ လို့ မေးတဲ့အခါတွေရှိတယ်။ အခုတော့ ရောက်ဖူးတယ်လို့ ဖြေနိုင်ပြီ။”

သင်နေထိုင်ရာဒေသအနီးတစ်ဝိုက် သို့မဟုတ် သင့်နိုင်ငံတွင် ဌာနခွဲရုံးနှင့် ဗေသလအိမ်ရှိပါသလော။ အဆောက်အဦများကို လည်ပတ်ကြည့်ရှုဖို့ သင့်အား ကျွန်ုပ်တို့ ဖိတ်ခေါ်ပါသည်။ လှိုက်လှိုက်လှဲလှဲကြိုဆိုမှုနှင့်အတူ ယေဟောဝါ၏အမှုတော်တွင် သင်ဆက်၍လုပ်ဆောင်နိုင်ဖို့ အားပေးခံရပါလိမ့်မည်။

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

မာရီယို

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

အေဘယ်လ်

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

ဂျာမနီ

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

ဂျပန်

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

ဘရာဇီး