မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘူလ်ဂေးရီးယား အထူးကင်ပိန်း အောင်မြင်

ဘူလ်ဂေးရီးယား အထူးကင်ပိန်း အောင်မြင်

ဘူလ်ဂေးရီးယား အထူးကင်ပိန်း အောင်မြင်

“စပါးရိတ်စရာ များစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများစေလွှတ်ပေးရန် စပါးရှင်ထံ တောင်းဆိုကြလော့။”—မ. ၉:၃၇၊ ၃၈

ယေရှု ပြောခဲ့တဲ့စကားတွေက ဥရောပအရှေ့တောင်ပိုင်းရဲ့ လှပတဲ့ဘော်လ်ကန်ဒေသမှာရှိတဲ့ ဘူလ်ဂေးရီးယားရဲ့အခြေအနေနဲ့ ကိုက်ညီလှပါတယ်။ အဲဒီနိုင်ငံက လူဦးရေ ခုနစ်သန်းကျော်ထံ သတင်းကောင်းရောက်ရှိဖို့ လုပ်သားတွေအများကြီး လိုတယ်။ ဘူလ်ဂေးရီးယားမှာ ကြေညာသူ ၁,၇၀၀ ခန့်ရှိပေမဲ့ ဒေသတစ်ခုလုံးကို နှံ့နှံ့စပ်စပ်ဟောပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဥရောပနိုင်ငံအတော်များများမှာရှိတဲ့ ဘူလ်ဂေးရီးယားစကားပြောသူတွေကို ၂၀၀၉ ခုနှစ် အထူးကင်ပိန်းမှာပါဝင်ဖို့ ဖိတ်ခေါ်နိုင်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုလိုက်တယ်။ နွေရာသီမှာပြုလုပ်တဲ့ ဒီကင်ပိန်းက ရက်သတ္တပတ် ခုနစ်ပတ်ကြာမှာဖြစ်ပြီး ၂၀၀၉၊ ဩဂုတ် ၁၄-၁၆ အထိ ဆိုဖီယာမြို့မှာ ကျင်းပတဲ့ “စောင့်နေကြလော့” ခရိုင်စည်းဝေးကြီးမစခင် ပြီးမှာဖြစ်တယ်။

အံ့ဖွယ်တုံ့ပြန်မှု

ဌာနခွဲရုံးက ညီအစ်ကိုတွေက ဂျာမနီ၊ စပိန်၊ ပိုလန်၊ ပြင်သစ်နဲ့ အီတလီမှာရှိတဲ့ ညီအစ်ကိုညီအစ်မ ဘယ်နှစ်ယောက်များ ဒီဖိတ်ခေါ်ချက်ကို တုံ့ပြန်ကြမလဲဆိုတာ သိချင်ခဲ့ကြတယ်။ ဒါက ကိုယ်ပိုင်ခရီးစရိတ်၊ ကိုယ်ပိုင်အားလပ်ခွင့်နဲ့ ဘူလ်ဂေးရီးယားကိုသွားပြီး ဟောပြောရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တစ်ပတ်ပြီးတစ်ပတ် လျှောက်လွှာတွေ တဖွဲဖွဲရောက်လာလိုက်တာ ၂၉၂ ယောက် ရှိတဲ့အထိပဲ။ အဲဒီလိုအများကြီးတုံ့ပြန်တဲ့အတွက် ဘူလ်ဂေးရီးယားမြို့တွေထဲက သုံးမြို့ဖြစ်တဲ့ ကန်ဇန်လက်၊ စန်ဒန်စကီနဲ့ စီလီစထရာမြို့တွေမှာ တာဝန်ချနိုင်ခဲ့တယ်။ ဘူလ်ဂေးရီးယားရဲ့ တိုက်နယ်ကြီးကြပ်မှူးတွေကလည်း ဒေသခံရှေ့ဆောင်တွေနဲ့ ကြေညာသူတွေကို ဒီကင်ပိန်းမှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ နောက်ဆုံးမှာတော့ စေတနာ့ဝန်ထမ်း ၃၈၂ ယောက်ဟာ သတင်းကောင်းရောက်ခဲတဲ့ နေရာတွေမှာ ဇွဲထက်သန်စွာ ဟောပြောခဲ့ကြတယ်။

အနီးအနားအသင်းတော်တွေမှာရှိတဲ့ ညီအစ်ကိုတွေက နေရာထိုင်ခင်းစီစဉ်ဖို့ ကြိုပြီးသွားကြတယ်။ သူတို့တွေက အခန်းတွဲတွေငှားပြီး ဈေးသက်သာတဲ့ဟိုတယ်တွေကို ကြိုတင်ဘွတ်ကင်လုပ်ကြတယ်။ ဒေသခံညီအစ်ကိုတွေက ရောက်လာတဲ့ညီအစ်ကိုတွေကို နေရာချထားပြီး သူတို့ရဲ့လိုအပ်ရာတွေကို ကူညီပေးရာမှာ မမောနိုင်မပန်းနိုင် လုပ်ဆောင်ပေးကြတယ်။ အဲဒီမြို့သုံးမြို့စလုံးမှာ တွေ့ဆုံစည်းဝေးမယ့်နေရာတွေကို ငှားရမ်းခဲ့ကြတယ်။ ရောက်ရှိလာတဲ့ ညီအစ်ကိုတွေ ဦးဆောင်ပြီး အသင်းတော်အစည်းအဝေးကျင်းပနိုင်ဖို့ အစီအစဉ်တွေ ပြုလုပ်ခဲ့ကြတယ်။ သက်သေခံတစ်ယောက်မှမရှိတဲ့နေရာမှာ ကြေညာသူ ၅၀ ဟာ ယေဟောဝါကိုချီးမွမ်းဖို့ စည်းဝေးကြတာကို မြင်တွေ့ရတာက စိတ်လှုပ်ရှားစရာပါပဲ။

ကင်ပိန်းအတွက် တခြားနိုင်ငံကနေရောက်လာတဲ့သူတွေရဲ့ ဇွဲထက်သန်မှုကို တွေ့မြင်ရတာ အားရှိစရာပါပဲ။ နွေရာသီမှာ ဘူလ်ဂေးရီးယားနိုင်ငံရဲ့ အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ်အထက်ရှိတယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ဇွဲကို ဘယ်အရာကမှ မတားဆီးနိုင်ခဲ့ဘူး။ လူဦးရေ ၅၀,၀၀၀ ကျော်နေထိုင်တဲ့ ဒန်းညုမြစ်ကမ်းပေါ်မှာရှိတဲ့ စီလီစထရာမြို့ကို ပထမသုံးပတ်အတွင်းမှာပဲ စေ့စေ့စပ်စပ် သက်သေခံနိုင်ခဲ့တယ်။ ဒါကြောင့် ညီအစ်ကိုညီအစ်မတွေက အနီးအနားမှာရှိတဲ့ရွာတွေကို သက်သေခံခဲ့တာ စီလီစထရာမြို့ရဲ့ အနောက်ဘက် ၃၅ မိုင်မှာရှိတဲ့ တူထရာကန်မြို့အထိတောင် ရောက်ခဲ့တယ်။ သူတို့တွေက များသောအားဖြင့် မနက် ၉:၃၀ နာရီမှာ အမှုဆောင်စထွက်ကြတယ်။ နေ့လယ်စာစားပြီးတဲ့နောက်မှာ များသောအားဖြင့် ည ၇:၀၀ နာရီ ဒါမှမဟုတ် အဲဒီထက်နောက်ကျတဲ့အထိ ဆက်ဟောကြတယ်။ ကင်ပိန်းမှာပါဝင်တဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ဇွဲထက်သန်မှုကြောင့် ကန်ဇန်လက်နဲ့ စန်ဒန်စကီ မြို့တွေမှာလည်း အနီးအနားကရွာတွေ၊ မြို့တွေအထိ ဟောပြောနိုင်ခဲ့တယ်။

ရလဒ်များ

ဒီခုနစ်ပတ်အတွင်းမှာ ကောင်းကောင်းသက်သေခံနိုင်ခဲ့ကြတယ်။ တမန်တော်တွေအချိန်ကလိုပဲ ဒီမြို့တွေမှာရှိတဲ့သူတွေက ‘ငါတို့မြို့ကို သင်တို့၏သွန်သင်ချက်နှင့် ပြည့်စေကြလေပြီ’ လို့ ပြောကြမှာပဲ။ (တ. ၅:၂၈) ဒီကင်ပိန်းမှာပါဝင်တဲ့ သက်သေခံတွေက မဂ္ဂဇင်း ၅၀,၀၀၀ ခန့်ဝေငှနိုင်ခဲ့ပြီး ကျမ်းစာသင်အံမှု ၄၈၂ ခု စတင်နိုင်ခဲ့တယ်။ ဝမ်းသာစရာကောင်းတာက ၂၀၀၉၊ စက်တင်ဘာ ၁ ရက်မှာ စီလီစထရာမှာ အသင်းတော်အသစ် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး ကန်ဇန်လက်နဲ့ စန်ဒန်စကီမှာ အုပ်စုတွေဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီကင်ပိန်းအတွင်းမှာ ဦးဆုံးအကြိမ် သတင်းကောင်းကြားရတဲ့သူတွေ ကောင်းကောင်းတိုးတက်လာတာကို တွေ့ရတာဝမ်းသာစရာပါပဲ။

ကင်ပိန်းရဲ့ပထမအပတ်အတွင်းမှာ စပိန်ကလာတဲ့ ဘူလ်ဂေးရီးယားစကားပြော အထူးရှေ့ဆောင်ညီအစ်မက စီလီစထရာမြို့ရဲ့လမ်းပေါ်မှာ သတင်းစာရောင်းတဲ့ ကရီးနာဆိုတဲ့အမျိုးသမီးတစ်ဦးကို ဟောပြောခဲ့တယ်။ ကရီးနာက စိတ်ဝင်စားမှုပြခဲ့ပြီး အစည်းအဝေး လာတက်ခဲ့တယ်။ ကျမ်းစာလေ့လာဖို့လည်း သဘောတူခဲ့တယ်။ သူမရဲ့ခင်ပွန်းက ဘုရားသခင်တည်ရှိကြောင်း မယုံကြည်သူတစ်ဦးဖြစ်လို့ ပန်းခြံထဲမှာလေ့လာဖို့ တောင်းဆိုခဲ့တယ်။ သမီးနှစ်ယောက်လည်း သူနဲ့အတူ ကျမ်းစာလေ့လာတယ်။ သမီးအကြီး ဒံယယ်လက သမ္မာကျမ်းစာအမှန်တရားကို အထူးစိတ်ဝင်စားခဲ့တယ်။ သူက သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို တစ်ပတ်အတွင်း အပြီးဖတ်ပြီး ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကျမ်းစာသွန်သင်ချက်ကို ချက်ချင်းလိုက်နာခဲ့တယ်။ ပြီးတော့ သူမရဲ့သူငယ်ချင်းတွေကို ကျမ်းစာအမှန်တရားအကြောင်း စပြောပြတယ်။ အသင်းတော်အစည်းအဝေးကို သုံးပတ်ကြာတက်ပြီးတဲ့နောက် သူ့ကိုကျမ်းစာသင်ပေးတဲ့ ညီအစ်မကို ဒီလိုပြောတယ်– “ကျွန်မလည်း သက်သေခံတစ်ယောက်ဖြစ်နေပြီလို့ ခံစားရတယ်။ ကျွန်မလည်း ဟောပြောခြင်းမှာပါဝင်ဖို့ ဘာလုပ်ရမလဲ။” ဒံယယ်လက သူ့အမေ၊ ညီမနဲ့အတူ အမှန်တရားမှာ ကောင်းကောင်းတိုးတက်နေတယ်။

ကန်ဇန်လက်မှာ အီတလီကလာတဲ့ အော်လင်းဆိုတဲ့ ဘူလ်ဂေးရီးယားညီအစ်ကိုတစ်ဦးက အမှုဆောင်ပြီးလို့ တည်းတဲ့နေရာကို လမ်းလျှောက်ပြန်လာတဲ့အခါ ပန်းခြံရဲ့ခုံတန်းရှည်မှာထိုင်နေတဲ့ လူငယ်အမျိုးသားနှစ်ဦးကို သက်သေခံခဲ့တယ်။ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ပြန်လည်ပတ်ဖို့ အစီအစဉ်ပြုလုပ်ခဲ့တယ်။ နောက်နေ့မှာ အော်လင်းက စဗက်တိုမီယာနဲ့ ကျမ်းစာသင်အံမှုစတင်နိုင်ခဲ့ပြီး နောက်တစ်နေ့မှာလည်း အဲဒီလိုပဲဆက်သင်ပေးခဲ့တယ်။ ကိုးရက်အတွင်းမှာ အော်လင်းက စဗက်တိုမီယာနဲ့ ရှစ်ကြိမ် ကျမ်းစာလေ့လာခဲ့တယ်။ စဗက်တိုမီယာက ဒီလိုပြောတယ်– “ခင်ဗျားကိုမတွေ့ခင် နှစ်ရက်အလိုက ဘုရားသခင်အကြောင်းသိနိုင်ဖို့ ကူညီပေးပါဆိုပြီး ဆုတောင်းခဲ့တယ်။ ပြီးတော့ ဘုရားသခင်သာ ကူညီမယ်ဆိုရင် ကျွန်တော့်ရဲ့ဘဝကို ဘုရားသခင်ထံအပ်နှံမယ်ဆိုပြီး ကတိပေးခဲ့တယ်။” အော်လင်း အီတလီကို ပြန်သွားပြီးတဲ့နောက် ဒေသခံညီအစ်ကိုတွေက စဗက်တိုမီယာနဲ့ ဆက်လေ့လာပြီး အခုဆိုရင် အမှန်တရားက သူ့ရဲ့ကိုယ်ပိုင်ဖြစ်နေပြီ။

ကိုယ်ကျိုးစွန့်သူတွေအတွက် ကြွယ်ဝတဲ့ကောင်းချီး

အခြားနိုင်ငံမှာ သတင်းကောင်းဟောပြောဖို့ ကိုယ့်စရိတ်၊ ကိုယ့်အားလပ်ခွင့်တွေကို ရက်ရက်ရောရောသုံးခဲ့တဲ့သူတွေ ဘယ်လိုခံစားခဲ့ရသလဲ။ စပိန်နိုင်ငံက အကြီးအကဲတစ်ဦး ဒီလိုရေးခဲ့တယ်– “ဒီကင်ပိန်းက စပိန်နိုင်ငံက ဘူလ်ဂေးရီးယားလယ်ကွင်းမှာရှိတဲ့ ညီအစ်ကိုတွေကို ပိုရင်းနှီးစေတယ်။ ဒီကင်ပိန်းမှာပါဝင်တဲ့ ညီအစ်ကိုညီအစ်မတွေ အကျိုးများစွာရရှိခဲ့ကြတယ်။” အီတလီနိုင်ငံမှ မောင်နှံစုံတစ်စုံကလည်း ဒီလိုရေးခဲ့တယ်– “ကျွန်တော်တို့ဘဝမှာ ဒီလက အကောင်းဆုံးလပဲ။” သူတို့ ဒီလိုထပ်ပြောတယ်– “ဒီကင်ပိန်းက ကျွန်တော်တို့ရဲ့ဘဝကို ပြောင်းလဲစေခဲ့တယ်။ အခု ကျွန်တော်တို့ အရင်ကနဲ့မတူတော့ဘူး။” ဒီမောင်နှံစုံက သာ၍လိုအပ်တဲ့ ဘူလ်ဂေးရီးယားနိုင်ငံကို ပြောင်းရွှေ့နေနိုင်ဖို့ အသေအချာသုံးသပ်ကြတယ်။ စပိန်နိုင်ငံက တစ်ကိုယ်ရေ ရှေ့ဆောင်ညီအစ်မတစ်ဦးဖြစ်တဲ့ ကယ်ရီနာက စီလီစထရာကင်ပိန်းမှာ ပါဝင်ခဲ့သူဖြစ်တယ်။ ကင်ပိန်းပြီးတဲ့နောက် စပိန်နိုင်ငံမှာရှိတဲ့ အလုပ်ကနေထွက်လိုက်ပြီး အဲဒီမြို့မှာရှိတဲ့ အသင်းတော်အသစ်ကို ကူညီပေးဖို့ ဘူလ်ဂေးရီးယားကို ပြောင်းရွှေ့ခဲ့တယ်။ ဘူလ်ဂေးရီးယားမှာနေဖို့ တစ်နှစ်စာအသုံးစရိတ်ကို သူစုဆောင်းခဲ့တယ်။ ကယ်ရီနာက သူမရဲ့ ဆုံးဖြတ်ချက်ကို ပြောပြတယ်– “ကျွန်မ ဘူလ်ဂေးရီးယားမှာ အမှုဆောင်နိုင်ဖို့ ယေဟောဝါ ခွင့်ပြုတဲ့အတွက် အရမ်းပျော်တယ်။ ကျွန်မ ဒီမှာအချိန်အကြာကြီး ဆက်နေနိုင်ဖို့ မျှော်လင့်တယ်။ ကျွန်မမှာ သင်အံမှုငါးခုရှိပြီး အဲဒီထဲက သုံးဦးက စည်းဝေးတွေတက်နေပြီ။”

အီတလီမှ ညီအစ်မတစ်ဦးက ကင်ပိန်းမှာပါဝင်ချင်ပေမဲ့ အလုပ်ဝင်ခါစမို့ သူ့မှာခွင့်မရှိဘူး။ ဒါပေမဲ့ တွေဝေမနေဘဲ လစာမဲ့ခွင့် တစ်လယူဖို့ ဆုံးဖြတ်လိုက်ပြီး တကယ်လို့ခွင့်မရဘူးဆိုရင် အလုပ်ကနေထွက်ဖို့ အသင့်ပြင်ထားတယ်။ အံ့အားသင့်စရာကောင်းတာက သူမရဲ့အလုပ်ရှင်က “ကောင်းပြီ၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ငါ့ကို ဘူလ်ဂေးရီးယားက ပို့စကတ်တော့ ပို့ပေးရမယ်” လို့ပြောတယ်။ ယေဟောဝါက သူ့ရဲ့ဆုတောင်းချက်တွေကို ဖြေကြားပေးတယ်လို့ အဲဒီညီအစ်မ ခံစားခဲ့ရတယ်။

ဘူလ်ဂေးရီးယား၊ ဗာနာမြို့မှာ လစာကောင်းတဲ့ အချိန်ပြည့်အလုပ်လုပ်နေတဲ့ ညီအစ်မငယ် စတန်နီစလာဗာဟာ စီလီစထရာကင်ပိန်းမှာပါဝင်ဖို့ ခွင့်ယူခဲ့တယ်။ သူ့နိုင်ငံမှာသတင်းကောင်းဟောဖို့ ဝေးလံတဲ့နိုင်ငံတွေကနေ ရောက်လာတဲ့ ရှေ့ဆောင်တွေရဲ့ ပျော်ရွှင်မှုကို မြင်တွေ့ပြီး မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတယ်။ လောကအလုပ်လုပ်နေတဲ့ သူ့ဘဝကို သူပြန်ပြီးသုံးသပ်မိတယ်။ နှစ်ပတ်ပြီးလို့ အိမ်ပြန်သွားတဲ့အခါ အလုပ်ကနေထွက်လိုက်ပြီး မှန်မှန်ရှေ့ဆောင်ဖြစ်လာတယ်။ အခုဆိုရင် ငယ်ရွယ်တဲ့အချိန်မှာ ဖန်ဆင်းရှင်ကိုသတိရလို့ သူ တကယ်ပျော်နေပြီ။—ဒေ. ၁၂:၁

ယေဟောဝါရဲ့အမှုတော်မှာ ပါဝင်လုပ်ဆောင်ရတာ တကယ့်ကောင်းချီးတစ်ခုပါပဲ။ အရေးကြီးလုပ်ငန်းဖြစ်တဲ့ သတင်းကောင်းဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းမှာ သင့်အချိန်နဲ့ခွန်အားကို ပေးဆက်တာထက် ပိုကောင်းတဲ့အလုပ်မရှိဘူး။ အသက်ကယ်လုပ်ငန်းမှာ ပါဝင်ဖို့ သင့်ဘက်က တိုးချဲ့လုပ်ဆောင်နိုင်တဲ့နည်းလမ်း တစ်ခုခု ရှိနိုင်မလား။ သင့်နိုင်ငံအတွင်းမှာ သာ၍လိုအပ်တဲ့နေရာ တစ်နေရာရာ ရှိနိုင်ပါတယ်။ အဲဒီနေရာကို သင် ပြောင်းရွှေ့လုပ်ဆောင်နိုင်မလား။ ဒါမှမဟုတ် အမှန်တရားရေဆာငတ်နေတဲ့ သင့်နိုင်ငံအတွင်းမှာရှိတဲ့သူတွေကို ကူညီဖို့ ဘာသာစကားအသစ်တစ်ခု သင်ယူဖို့ စဉ်းစားနိုင်ပါတယ်။ ခရစ်ယာန်ဓမ္မအမှုမှာ တိုးချဲ့ပါဝင်ဖို့ သင် ပြုပြင်ပြောင်းလဲခဲ့တာတွေကို ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—သု. ၁၀:၂၂

[စာမျက်နှာ ၃၂ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

မမေ့နိုင်တဲ့နေ့တစ်နေ့

ဘူလ်ဂေးရီးယား အထူးကင်ပိန်းမှာကူညီဖို့ တခြားဥရောပနိုင်ငံကနေ ရောက်လာကြတဲ့ ညီအစ်ကိုညီအစ်မအများစုက ဆိုဖီယာမြို့မှာကျင်းပတဲ့ “စောင့်နေကြလော့” ခရိုင်စည်းဝေးကြီးကို တက်ရောက်ဖို့ စီစဉ်ခဲ့ကြတယ်။ ဒါက ဒေသခံညီအစ်ကိုညီအစ်မအများစုအတွက် တခြားနိုင်ငံက ဧည့်သည်တွေနဲ့တွေ့ဆုံရလို့ အလွန်အားပေးမှုဖြစ်စေခဲ့တယ်။ တက်ရောက်သူ ၂,၀၃၉ ဦးဟာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂျက်ဖရီ ဂျက်ဆင်က ဘူလ်ဂေးရီးယားဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာအပြည့်အစုံကို ထုတ်ဝေပေးတဲ့အတွက် အလွန်စိတ်လှုပ်ရှားခဲ့ကြတယ်။ အဲဒီ သောကြာနေ့ညနေမှာ တက်ရောက်သူအားလုံးဟာ သူတို့ရဲ့ကျေးဇူတင်လေးမြတ်မှုကို လက်ခုပ်အကြာကြီးတီးပြီး ဖော်ပြခဲ့ကြတယ်။ များစွာသောသူတို့ဟာ ဝမ်းသာမျက်ရည် ကျခဲ့ကြတယ်။ တိကျပြီးနားလည်ရလွယ်တဲ့ ဘာသာစကားနဲ့ ထုတ်ဝေတဲ့ကျမ်းစာက နှလုံးရိုးဖြောင့်တဲ့ ဘူလ်ဂေးရီးယားလူမျိုးတွေကို ယေဟောဝါအကြောင်း သိစေဖို့ အထောက်အကူပြုပါလိမ့်မယ်။

[စာမျက်နှာ ၃၀၊ ၃၁ ပါမြေပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

ဘူလ်ဂေးရီးယား

ဆိုဖီယာ

စန်ဒန်စကီ

စီလီစထရာ

ကန်ဇန်လက်

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

ရက်သတ္တပတ် ခုနစ်ပတ်အတွင်း ကောင်းစွာသက်သေခံနိုင်ခဲ့