မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ကောင်းချီးကို စိတ်ထက်သန်စွာရှာဖွေပါ

ယေဟောဝါ၏ကောင်းချီးကို စိတ်ထက်သန်စွာရှာဖွေပါ

ယေဟောဝါ၏ကောင်းချီးကို စိတ်ထက်သန်စွာရှာဖွေပါ

‘ဘုရားသခင်သည် စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်၏။’—ဟေဗြဲ ၁၁:၆

၁၊ ၂။ (က) ဘုရားသခင့်ကောင်းချီးရဖို့ လူတွေ ဘယ်လိုလုပ်ဆောင်ကြသလဲ။ (ခ) ယေဟောဝါရဲ့ကောင်းချီးရဖို့ ကျွန်ုပ်တို့ ဘာကြောင့် အထူးစိတ်ဝင်စားသင့်သလဲ။

တချို့နိုင်ငံတွေမှာ၊ တစ်ယောက်ယောက်က နှာချေရင် သူစိမ်းတစ်ယောက်ကတောင် “ဘုရားသခင်ကောင်းချီးပေးပါစေ” လို့ပြောလေ့ရှိတယ်။ ၀တ်ပြုရေးမှာဦးဆောင်နေတဲ့သူတွေက လူတွေ၊ တိရစ္ဆာန်တွေနဲ့ သက်မဲ့အရာတွေကို ကောင်းချီးပေးတာ မြင်တွေ့နိုင်တယ်။ လူတွေက ကောင်းချီးရဖို့အတွက် ဝတ်ပြုရေးနဲ့ဆိုင်တဲ့ နေရာတစ်ခုခုကို သွားကြတယ်။ နိုင်ငံရေးသမားတွေက သူတို့ရဲ့နိုင်ငံကို ဘုရားသခင်ကောင်းချီးပေးဖို့ ဆုတောင်းကြလေ့ရှိတယ်။ အဲဒီလိုတောင်းတာ သင့်တော်တယ်လို့ ထင်သလား။ တကယ်ကော ကောင်းချီးရသလား။ ဘယ်သူတွေက ဘုရားသခင့်ကောင်းချီးကို အမှန်တကယ်ရသလဲ၊ ဘာကြောင့်လဲ။

နောက်ဆုံးကာလမှာ  လူမျိုးအသီးသီးကထွက်လာတဲ့ သန့်ရှင်းပြီး ငြိမ်သက်တဲ့လူမျိုးတစ်မျိုးရှိမယ်လို့ ယေဟောဝါကြိုဟောခဲ့တယ်၊ အဲဒီလူမျိုးက မုန်းတီးမှုနဲ့ဆန့်ကျင်မှုတွေကြားမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မြေကြီးစွန်းတိုင်အောင် ဟောပြောကြမှာဖြစ်တယ်။ (ဟေရှာ. ၂:၂-၄; မ. ၂၄:၁၄; ဗျာ. ၇:၉၊ ၁၄) ဒီတာဝန်ကိုလက်ခံဖို့ ကိုယ်တော့်လူမျိုးအဝင်အဖြစ် ခံယူမယ်လို့ ဆုံးဖြတ်တဲ့သူတွေဟာ ဘုရားသခင့်ကောင်းချီး လိုချင်ကြပြီး လိုအပ်ကြတယ်၊ အကြောင်းကတော့ ဘုရားသခင့်ကောင်းချီးမရှိဘဲ ဘာကိုမှ အောင်မြင်နိုင်မှာမဟုတ်လို့ပဲ။ (ဆာ. ၁၂၇:၁) ဒါဆိုရင် ဘုရားသခင့်ကောင်းချီးကို ဘယ်လိုရနိုင်မလဲ။

နာခံသူတွေကို ဘုရားသခင် ကြွယ်ဝစွာကောင်းချီးပေး

၃။ အစ္စရေးလူမျိုး နာခံမှုပြခဲ့မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲ။

သု. ၁၀:၆၊ ၇ ကိုဖတ်ပါ။ အစ္စရေးလူမျိုးသာ ဘုရားသခင့်စကားကို နာခံမယ်ဆိုရင် ထူးခြားတဲ့ကြွယ်ဝချမ်းသာမှုနဲ့ ကာကွယ်မှုကို ခံစားရမယ်လို့ ကတိထားရာပြည်မဝင်ခင်မှာ ယေဟောဝါ သူတို့ကို မိန့်တော်မူခဲ့တယ်။ (တရား. ၂၈:၁၊ ၂) နာခံတဲ့အစ္စရေးလူတွေကို ဘုရားသခင် ကြွယ်ဝစွာကောင်းချီးပေးမယ်ဆိုတာ အသေအချာပဲ။

၄။ စစ်မှန်တဲ့နာခံမှုမှာ ဘယ်အချက်တွေ ပါဝင်သလဲ။

အစ္စရေးလူမျိုးဟာ ဘယ်လိုစိတ်သဘောထားနဲ့ နာခံမှုတင်ပြခဲ့ကြသလဲ။ “ဝမ်းမြောက်ရွှင်လန်းသောစိတ်” နဲ့ ကိုယ်တော့်အမှုကို မဆောင်ဘူးဆိုရင် ကိုယ်တော်မနှစ်သက်ဘူးလို့ ဘုရားသခင့်ပညတ်တရားမှာ ဖော်ပြထားတယ်။ (တရားဟောရာ ၂၈:၄၅-၄၇ ကိုဖတ်ပါ။) တိရစ္ဆာန်တွေနဲ့ နတ်ဆိုးတွေတောင်တင်ပြနိုင်တဲ့ တာဝန်အရနာခံခြင်းမျိုးနဲ့ ယေဟောဝါကိုနာခံဖို့ မသင့်တော်ဘူး။ (မာ. ၁:၂၇; ယာ. ၃:၃) စစ်မှန်တဲ့နာခံမှုက ဘုရားသခင်ကိုချစ်ကြောင်း တင်ပြခြင်းဖြစ်တယ်။ စစ်မှန်တဲ့နာခံမှုတင်ပြသူဟာ ရွှင်လန်းမှုလည်း ခံစားရတယ်၊ အကြောင်းကတော့ ယေဟောဝါရဲ့ပညတ်တွေဟာ ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ ကိုယ်တော့်ကို “စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်း” ယုံကြည်တဲ့အတွက်ဖြစ်တယ်။—ဟေဗြဲ ၁၁:၆; ၁ ယော. ၅:၃

၅။ ယေဟောဝါရဲ့ကတိတော်ကို ယုံကြည်ခြင်းက တရားဟောရာ ၁၅:၇၊ ၈ မှာပါတဲ့ ပညတ်ကိုနာခံဖို့ လူတစ်ဦးကို ဘယ်လိုကူညီပေးသလဲ။

အစ္စရေးလူမျိုးက တရားဟောရာ ၁၅:၇၊ ၈ မှာပါတဲ့ပညတ်ကို စောင့်ရှောက်ခြင်းအားဖြင့် ဆုချခံရမယ်ဆိုတဲ့ယုံကြည်ခြင်းမျိုး ဘယ်လိုတင်ပြနိုင်သလဲဆိုတာ သုံးသပ်ကြည့်ကြစို့။ (ဖတ်ပါ။) အဲဒီပညတ်ကို စိတ်မပါဘဲလိုက်နာမယ်ဆိုရင် ဆင်းရဲသားတွေအတွက် အနည်းငယ်အထောက်အကူဖြစ်နိုင်ပေမဲ့ ဘုရားသခင့်လူမျိုးအချင်းချင်းစပ်ကြားမှာရှိတဲ့ ချစ်ခင်ရင်းနှီးမှုကတော့ တိုးလာမှာမဟုတ်ဘူး။ အရေးကြီးဆုံးက မိမိရဲ့ကျေးကျွန်တွေကို ထောက်ပံ့နိုင်တဲ့ ယေဟောဝါရဲ့အစွမ်းကို ယုံကြည်ကြောင်းနဲ့ ကိုယ်တော်ရဲ့ ရက်ရောမှုကိုတုပနိုင်တဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်းလည်း တင်ပြရာရောက်မှာမဟုတ်ဘူး။ အမှန်တကယ်ရက်ရောတဲ့သူရဲ့ စိတ်သဘောထားကို ယေဟောဝါသိရှိတော်မူပြီး သူပြုလေရာရာ၊ လုပ်ဆောင်လေရာရာအတွက် ကိုယ်တော်ကောင်းချီးပေးမယ်လို့ ကတိပြုထားတယ်။ (တရား. ၁၅:၁၀) အဲဒီကတိတော်ကို ယုံကြည်ခြင်းက လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးပြီး ကြွယ်ဝတဲ့ကောင်းချီးများစွာ ရရှိစေမှာဖြစ်တယ်။—သု. ၂၈:၂၀

၆။ ဟေဗြဲ ၁၁:၆ က ဘယ်အချက်ကို စိတ်ချစေသလဲ။

ဟေဗြဲ ၁၁:၆ က ယေဟောဝါကို ဆုချသောအရှင်အဖြစ်ယုံကြည်ခြင်းအပြင် ဘုရားသခင့်ကောင်းချီးခံစားရဖို့ လိုအပ်တဲ့နောက်ထပ် အရည်အသွေးတစ်ခုကိုလည်း ဖော်ပြတယ်။ ယေဟောဝါဟာ ကိုယ်တော့်ကို “စိတ်ထက်သန်စွာရှာဖွေ” သူကို ဆုချတယ်ဆိုတာ သတိပြုပါ။ မူရင်းဘာသာစကားမှာ ဒီစကားလုံးက ပြင်းပြင်ထန်ထန်နဲ့ ဇောက်ချပြီးကြိုးစားအားထုတ်ခြင်းကို ဆိုလိုတယ်။ ဒီအချက်က ကောင်းချီးခံစားရဖို့ ကြိုးစားအားထုတ်ရမယ်ဆိုတာ ကျွန်ုပ်တို့ကိုသိစေတယ်။ ဒီစကားက “မုသာနှင့်ကင်းစင်” တဲ့ ယေဟောဝါဆီကလာတာဖြစ်တယ်။ (တိ. ၁:၂) ကိုယ်တော့်ကတိတော်ကို လုံးလုံးယုံကြည်စိတ်ချနိုင်တယ်ဆိုတာ ကိုယ်တော် နှစ်ထောင်နဲ့ချီ သက်သေပြခဲ့တယ်။ ကိုယ်တော့်စကားတော်တွေက ဘယ်တော့မှ ပျက်ကွက်မှာမဟုတ်ဘူး၊ အမြဲပြည့်စုံတယ်။ (ဟေရှာ. ၅၅:၁၁) ဒါကြောင့် စစ်မှန်တဲ့ယုံကြည်ခြင်းတင်ပြမယ်ဆိုရင် ကိုယ်တော်ဟာ ကျွန်ုပ်တို့ကို ဆုချမယ့်အရှင်ဖြစ်မယ်ဆိုတာ လုံးလုံး ယုံကြည်စိတ်ချနိုင်တယ်။

၇။ အာဗြဟံရဲ့ “အမျိုးအနွယ်” ကတစ်ဆင့် ကောင်းချီးခံစားရဖို့ ဘာလုပ်ရမလဲ။

ယေရှုခရစ်ဟာ အာဗြဟံ “အမျိုးအနွယ်” ရဲ့ အဓိကအပိုင်းဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ စွမ်းအားတော်ဖွားခရစ်ယာန်တွေက ကြိုတင်ဟောထားတဲ့ “အမျိုးအနွယ်” ရဲ့ ဒုတိယအပိုင်းဖြစ်တယ်။ သူတို့တွေက “မှောင်မိုက်မှ အံ့ဖွယ်အလင်းသို့ ခေါ်တော်မူသောအရှင်၏ မွန်မြတ်သောဂုဏ်ရည်တော်များကို အနှံ့အပြား ဟောပြော” ဖို့တာဝန်ရထားကြတယ်။ (ဂလ. ၃:၇-၉၊ ၁၄၊ ၁၆၊ ၂၆-၂၉; ၁ ပေ. ၂:၉) မိမိရဲ့ပိုင်ဆိုင်ရာတွေကို ကြည့်ရှုဖို့ ယေရှုခန့်အပ်ထားသူတွေကို လျစ်လျူရှုမယ်ဆိုရင် ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမရှိနိုင်ဘူး။ “သစ္စာနှင့်သတိပညာရှိသောကျွန်” ရဲ့အကူအညီမရရှိဘူးဆိုရင် ကျမ်းစာကို အပြည့်အဝနားလည်နိုင်မှာမဟုတ်သလို ဘယ်လိုကျင့်သုံးရမယ်ဆိုတာကိုလည်း သိမှာမဟုတ်ဘူး။ (မ. ၂၄:၄၅-၄၇) ကျမ်းစာလေ့လာရာကနေ သိရှိလာတဲ့အချက်တွေကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ဘုရားသခင့်ကောင်းချီးခံစားရမှာ သေချာပါတယ်။

ဘုရားသခင့်အလိုတော်ကို အာရုံစူးစိုက်ခြင်း

၈၊ ၉။ ဘုရားသခင့်ကတိတော်နဲ့အညီဖြစ်စေဖို့ ဘိုးဘေးယာကုပ် ဘယ်လို ကြိုးစားအားထုတ်ခဲ့သလဲ။

ဘုရားသခင့်ကောင်းချီးရဖို့ အစွမ်းကုန်ကြိုးစားခဲ့သူတွေအကြောင်းပြောရင် ဘိုးဘေးယာကုပ်ကို သတိရမှာဖြစ်တယ်။ အာဗြဟံကိုပေးခဲ့တဲ့ ဘုရားသခင့်ကတိတော် ဘယ်လိုပြည့်စုံလာမယ်ဆိုတာ သူမသိခဲ့ပေမဲ့ ယေဟောဝါဟာ အာဗြဟံရဲ့သားမြေးတွေကို လူမျိုးကြီးဖြစ်စေမယ်ဆိုတာ သူယုံကြည်စိတ်ချခဲ့တယ်။ ဒါကြောင့် ဘီစီအီး ၁၇၈၁ မှာ ယာကုပ်ဟာ ဇနီးတစ်ဦးရှာဖို့ ခါရန်ကိုသွားခဲ့တယ်။ ဇနီးကောင်းတစ်ဦးရဖို့လောက်သာ သူစိတ်ဝင်စားခဲ့တာမဟုတ်ဘဲ ကလေးတွေအတွက် မိခင်ကောင်းတစ်ဦးဖြစ်လာမယ့်သူ၊ ဘုရားသခင်ကိုကြောက်ရွံ့ပြီး ကိုးကွယ်တဲ့သူကို ရှာဖွေခဲ့တာဖြစ်တယ်။

ယာကုပ်က သူနဲ့ဆွေမျိုးတော်တဲ့ ရာခေလနဲ့တွေ့ခဲ့တယ်။ သူ ရာခေလကို ချစ်သွားပြီး ဇနီးအဖြစ်လက်ထပ်နိုင်ဖို့ လာဗန်ထံမှာ ခုနစ်နှစ်အလုပ်လုပ်ဖို့ သဘောတူခဲ့တယ်။ ဒါက ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်လောက်ပဲ မဟုတ်ဘူး။ အဖိုးအာဗြဟံနဲ့ အဖေဣဇာက်ကို အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ပေးခဲ့တဲ့ကတိတော်ကို သူကောင်းကောင်းသိခဲ့တယ်။ (က. ၁၈:၁၈; ၂၂:၁၇၊ ၁၈; ၂၆:၃-၅၊ ၂၄၊ ၂၅) ဣဇာက်က သူ့သားယာကုပ်ကို ဒီလိုပြန်ပြောပြခဲ့တယ်– ‘အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်သည် ကောင်းချီးပေး၍ တိုးပွားစေသဖြင့် သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။ အထက်က အာဗြဟံအားပေးတော်မူ၍ သင်ယခု ဧည့်သည်ဖြစ်လျက်နေသောဤပြည်ကို သင်အမွေခံရမည်။’ (က. ၂၈:၃၊ ၄) ဒါကြောင့် ဇနီးကောင်းတစ်ယောက်ရှာပြီး မိသားစုတစ်စုတည်ဆောက်ဖို့ ယာကုပ်ကြိုးစားအားထုတ်ခဲ့တာက ယေဟောဝါမိန့်တော်မူရာကို ယုံကြည်ကြောင်းတင်ပြခြင်းဖြစ်တယ်။

၁၀။ ယာကုပ်ကို ယေဟောဝါ ဘာကြောင့် ကောင်းချီးပေးလိုခဲ့တာလဲ။

၁၀ ယာကုပ်ဟာ မိသားစုအတွက် စည်းစိမ်ဥစ္စာမရှာခဲ့ဘူး။ သူ့ရဲ့သားမြေးတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ကတိတော်ကိုပဲ စိတ်စွဲလမ်းခဲ့တယ်။ ယေဟောဝါရဲ့အလိုတော်ပြည့်စုံရေးကို အာရုံစိုက်ခဲ့တယ်။ အခက်အခဲတွေကြားထဲမှာ ဘုရားသခင့်ကောင်းချီးရဖို့ သူ့ရဲ့အစွမ်းရှိသမျှကို အသုံးပြုဖို့ စိတ်ဆုံးဖြတ်ထားခဲ့တယ်။ အသက်ကြီးတဲ့အထိ အဲဒီသဘောထားကို သူတင်ပြခဲ့တယ်၊ အဲဒီအတွက် ယေဟောဝါ သူ့ကို ကောင်းချီးပေးခဲ့တယ်။—ကမ္ဘာဦး ၃၂:၂၄-၂၉ ကိုဖတ်ပါ။

၁၁။ ဘုရားသခင်ဖော်ပြပေးတဲ့အလိုတော်နဲ့အညီ ကျွန်ုပ်တို့ ဘာလုပ်ဖို့ ကြိုးစားအားထုတ်သင့်သလဲ။

၁၁ ယေဟောဝါရဲ့ရည်ရွယ်ချက်တွေ ဘယ်လိုအသေးစိတ်ပြည့်စုံလာမယ်ဆိုတာ ယာကုပ်လိုပဲ ကျွန်ုပ်တို့ မသိကြဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာကို လေ့လာခြင်းကနေ ‘ယေဟောဝါ၏နေ့’ နဲ့ပတ်သက်တဲ့ အကြမ်းဖျင်းအချက်အလက်ကို ကျွန်ုပ်တို့ သိကြတယ်။ (၂ ပေ. ၃:၁၀၊ ၁၇) ဥပမာ၊ ယေဟောဝါရဲ့နေ့ ဘယ်တော့လာမယ်ဆိုတာကို ကျွန်ုပ်တို့ အတိအကျမသိကြပေမဲ့ နီးနေပြီဆိုတာကိုတော့သိတယ်။ ကျန်ရှိနေတဲ့အချိန်တိုအတွင်းမှာ စေ့စေ့စပ်စပ်သက်သေခံခြင်းအားဖြင့် မိမိကိုယ်တိုင်နဲ့ နားထောင်သူတွေ ကယ်တင်ခြင်းရနိုင်တယ်ဆိုတဲ့ သမ္မာကျမ်းစာပြောစကားကို ကျွန်ုပ်တို့ ယုံကြည်ကြတယ်။—၁ တိ. ၄:၁၆

၁၂။ ဘယ်အရာကို ယုံကြည်စိတ်ချနိုင်သလဲ။

၁၂ အဆုံးက အချိန်မရွေးရောက်လာနိုင်တယ်၊ ယောက်တိုင်းစေ့ကို သက်သေခံပြီးတဲ့အထိ ယေဟောဝါစောင့်မှာမဟုတ်ဘူးဆိုတာ ကျွန်ုပ်တို့သိကြတယ်။ (မ. ၁၀:၂၃) ဟောပြောခြင်းလုပ်ငန်းကို ထိထိရောက်ရောက် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ကျွန်ုပ်တို့ ရရှိကြတယ်။ ကျွန်ုပ်တို့ရဲ့ ပိုင်ဆိုင်ရာတွေကို အသုံးပြုပြီး အတတ်နိုင်ဆုံး ဒီလုပ်ငန်းမှာ ယုံကြည်ခြင်းနဲ့ ပါ၀င်နေကြတယ်။ ကျွန်ုပ်တို့ ရပ်ကွက်မှာရှိတဲ့လူတွေက သတင်းကောင်းကို လိုလိုလားလား လက်ခံကြမလား။ ဒါကိုတော့ ကြိုမပြောနိုင်ပါဘူး။ (ဒေ. ၁၁:၅၊ ၆ ကိုဖတ်ပါ။) ယေဟောဝါက ကျွန်ုပ်တို့ကို ကောင်းချီးပေးမယ်ဆိုတာကို ယုံကြည်စိတ်ချပြီး ဟောပြောနေရမှာက ကျွန်ုပ်တို့ရဲ့ တာဝန်ဖြစ်တယ်။ (၁ ကော. ၃:၆၊ ၇) ကိုယ်တော်ဟာ ကျွန်ုပ်တို့ရဲ့ လုံ့လစိုက်ထုတ်ကြိုးစားမှုကို တွေ့မြင်ပြီး ကိုယ်တော့်ရဲ့ သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့လိုအပ်တဲ့ လမ်းညွှန်ချက်မှန်သမျှကို ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။—ဆာ. ၃၂:၈

သန့်ရှင်းသောစွမ်းအားတော်ရဖို့ အားထုတ်ခြင်း

၁၃၊ ၁၄။ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်က ကိုယ်တော့်ကျေးကျွန်တွေ အရည်အချင်းပြည့်မီလာအောင် ဘယ်လိုစွမ်းဆောင်ပေးသလဲ။

၁၃ အလုပ်တာဝန်တစ်ခု ဒါမှမဟုတ် ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ဖို့ ကျွန်ုပ်တို့ အရည်အချင်းမပြည့်မီဘူးလို့ ခံစားရရင်ကော။ ကိုယ်တော့်ရဲ့လုပ်ငန်းတော်မှာပါဝင်ဖို့ ကျွန်ုပ်တို့မှာရှိတဲ့ ဘယ်အရည်အချင်းကိုမဆို တိုးတက်လာအောင် ယေဟောဝါရဲ့သန့်ရှင်းသောစွမ်းအားတော် ကူညီပေးဖို့ ဆုတောင်းသင့်တယ်။ (လုကာ ၁၁:၁၃ ကိုဖတ်ပါ။) အရင်က အခြေအနေတွေ၊ အတွေ့အကြုံတွေ ဘယ်လိုပဲရှိခဲ့ပါစေ ဘုရားသခင့်စွမ်းအားတော်က အလုပ်တစ်ခု ဒါမှမဟုတ် တာဝန်တစ်ခုအတွက် လူတွေကို အရည်အချင်းပြည့်မီစေနိုင်တယ်။ ဥပမာ၊ အီဂျစ်ပြည်ကနေထွက်လာပြီး မကြာခင်မှာပဲ တိုက်ခိုက်ရေးအတွေ့အကြုံမရှိတဲ့ သိုးထိန်းတွေ၊ ကျွန်တွေကို သူတို့ရဲ့ရန်သူတွေကို အနိုင်ရဖို့ ဘုရားသခင့်စွမ်းအားတော်က ကူညီပေးခဲ့တယ်။ (ထွ. ၁၇:၈-၁၃) သိပ်မကြာခင်မှာပဲ အဲဒီစွမ်းအားတော်က ဗေဇလေလနဲ့ အဟောလျဘတို့ကို တကယ့်ပြောင်မြောက်တဲ့ တဲတော်ဆိုင်ရာ ဗိသုကာလက်ရာတွေကို ဘုရားသခင်ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်နိုင်အောင် ကူညီပေးခဲ့တယ်။—ထွ. ၃၁:၂-၆; ၃၅:၃၀-၃၅

၁၄ ဘုရားသခင့်စွမ်းအားတော်က မျက်မှောက်ခေတ် ကိုယ်တော့်ကျေးကျွန်တွေကိုလည်း ကူညီပေးခဲ့တယ်။ အဲဒါကတော့ အဖွဲ့အစည်းအတွက် ကိုယ်ပိုင်ပုံနှိပ်စက်တစ်လုံး စတင်လည်ပတ်ဖို့ လိုအပ်ချိန်မှာဖြစ်တယ်။ အဲဒီအချိန်တုန်းက စက်ရုံကြီးကြပ်မှူးဖြစ်တဲ့ အာ ဂျေ မာတင်က ၁၉၂၇ ခုနှစ်အထိ အောင်မြင်ပြီးမြောက်ခဲ့ရာတွေကို စာတစ်စောင်မှာ ဒီလိုရှင်းပြခဲ့တယ်– “အချိန်တန်တဲ့အခါ သခင်က လမ်းဖွင့်ပေးခဲ့တယ်။ စက်ရဲ့တည်ဆောက်ပုံနဲ့ လည်ပတ်ပုံအကြောင်း ဘာမှနားမလည်တဲ့လူတွေရဲ့လက်ထဲကို ပုံနှိပ်စက်ကြီးရောက်လာခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော့်အမှုတော်ကို အတတ်နိုင်ဆုံးလုပ်ဆောင်နေသူတွေရဲ့ စဉ်းစားဉာဏ်နဲ့ အရည်အချင်းကို တိုးတက်အောင် ဘယ်လိုကူညီပေးရမယ်ဆိုတာ သခင်သိတယ်။ . . . အပတ်အနည်းငယ်အတွင်းမှာပဲ စက် စတင်လည်ပတ်နိုင်ခဲ့ပြီး အခုထိအဆင်ပြေပြေလည်ပတ်နေဆဲပဲ။ စက်ထုတ်လုပ်သူတွေတောင် မသိတဲ့အချက်တွေကို ကျွန်တော်တို့ သိရှိခဲ့ကြတယ်။” ယေဟောဝါက ဒီလိုစိတ်အားထက်သန်စွာ ကြိုးစားအားထုတ်မှုတွေကို ဒီနေ့အထိ ဆက်ကောင်းချီးပေးနေဆဲဖြစ်တယ်။

၁၅။ ရောမ ၈:၁၁ က သွေးဆောင်မှုခံနေရတဲ့သူတွေကို ဘယ်လိုအားရှိစေနိုင်သလဲ။

၁၅ ယေဟောဝါရဲ့စွမ်းအားတော်က နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်လျက်ရှိတယ်။ အဲဒီစွမ်းအားတော်ကို ဘုရားသခင့် ကျေးကျွန်အားလုံးရရှိနိုင်ပြီး ကြီးမားခက်ခဲတဲ့အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးတယ်။ သွေးဆောင်မှုတွေနဲ့ဖိစီးခံနေရတယ်လို့ ကျွန်ုပ်တို့ ခံစားရရင်ကော။ ရောမ ၇:၂၁၊ ၂၅၊ နဲ့ ၈:၁၁ မှာတွေ့ရတဲ့ ပေါလုရဲ့စကားတွေကနေ ခွန်အားရရှိနိုင်တယ်။ အမှန်ပါပဲ၊ “ယေရှုကို သေခြင်းမှထမြောက်စေသောစွမ်းအားတော်” က သွေးသားတပ်မက်မှုကို တွန်းလှန်ဖို့ ခွန်အားပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကိုယ်စား လုပ်ဆောင်ပေးတယ်။ အဲဒီကျမ်းချက်က စွမ်းအားတော်ဖွားခရစ်ယာန်တွေအတွက် ရေးသားခဲ့ပေမဲ့ မူတွေကတော့ ဘုရားသခင့်ကျေးကျွန်အားလုံးနဲ့ သက်ဆိုင်တယ်။ ခရစ်တော်ကိုယုံကြည်ကြောင်းတင်ပြခြင်း၊ မတော်လျော်တဲ့ဆန္ဒတွေကို သေစေဖို့ကြိုးစားအားထုတ်ခြင်းနဲ့ စွမ်းအားတော်ရဲ့လမ်းညွှန်မှုအတိုင်း နေထိုင်ခြင်းက ကျွန်ုပ်တို့အားလုံးကို အသက်ရရှိစေတယ်။

၁၆။ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ရဖို့ ကျွန်ုပ်တို့ဘာလုပ်ရမလဲ။

၁၆ ကျွန်ုပ်တို့ဘက်က ဘာကြိုးစားအားထုတ်မှုမှမရှိဘဲ ဘုရားသခင့်စွမ်းအားတော်ရမယ်လို့ မျှော်လင့်နိုင်သလား။ မမျှော်လင့်နိုင်ပါဘူး။ စွမ်းအားတော်ရဖို့ ဆုတောင်းရမယ့်အပြင် သမ္မာကျမ်းစာကိုလည်း အပတ်တကုတ်လေ့လာရမှာဖြစ်တယ်။ (သု. ၂:၁-၆) ဒါ့အပြင် ဘုရားသခင့်စွမ်းအားတော်က ခရစ်ယာန်အသင်းတော်အပေါ် သက်ရောက်တယ်။ အစည်းအဝေးမှန်မှန်တက်ခြင်းက “အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို” ကြားလိုတဲ့ ကျွန်ုပ်တို့ရဲ့ဆန္ဒကို ဖော်ပြခြင်းဖြစ်တယ်။ (ဗျာ. ၃:၆) ဒါ့အပြင် ကျွန်ုပ်တို့လေ့လာသိရှိခဲ့တာတွေကိုလည်း လက်တွေ့ကျင့်သုံးရမယ်။ နယပုံပြင် ၁:၂၃ က ကျွန်ုပ်တို့ကို ‘ငါဆုံးမသောစကားကိုနားထောင်၍ ပြောင်းလဲကြလော့။ ငါ့စွမ်းအားတော်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍ ငါ့စကား၏အနက်အဓိပ္ပာယ်ကို နားလည်စေမည်’ လို့ပြောခဲ့တယ်။ အမှန်ပါပဲ၊ “ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ်နာခံသူတွေကို” ကိုယ်တော့်ရဲ့ သန့်ရှင်းသောစွမ်းအားတော် ပေးတော်မူတယ်။—တ. ၅:၃၂

၁၇။ ကျွန်ုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ် ဘုရားသခင့်ကောင်းချီးသက်ရောက်မှုကို ဘာနဲ့နှိုင်းယှဉ်နိုင်သလဲ။

၁၇ ဘုရားသခင့်ကောင်းချီးရဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ဖို့လိုပေမဲ့ ကိုယ်တော့်လူမျိုးတွေ အလျှံပယ်ခံစားရတဲ့ကောင်းတဲ့အရာတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတစ်ခုတည်းကြောင့်မဟုတ်ဘူးဆိုတာ သတိရပါ။ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုအပေါ် ဘုရားသခင့်ကောင်းချီးသက်ရောက်မှုကို အာဟာရရှိတဲ့အစားအစာတွေကနေ ခန္ဓာကိုယ်အကျိုးရရှိပုံနဲ့ နှိုင်းယှဉ်နိုင်တယ်။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ကို အစာစားဖို့နဲ့ စားတဲ့အစားအစာတွေကနေ အာဟာရရှိနိုင်ဖို့ ဘုရားသခင်ပုံစံပြုထားတယ်။ ကိုယ်တော်က အစားအစာတွေကိုလည်း ပေးထားတယ်။ ကျွန်ုပ်တို့အများစုက အစားအစာတွေ ဘယ်လိုနည်းနဲ့ အာဟာရရှိနေတယ်ဆိုတာ အပြည့်အဝမသိနိုင်သလို ကျွန်ုပ်တို့စားလိုက်တဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက် စွမ်းအင်တွေကို ဘယ်လိုထုတ်ပေးနေတယ်ဆိုတာလည်း မရှင်းပြနိုင်ကြဘူး။ အဲဒီဖြစ်စဉ်တွေဖြစ်ပျက်နေတယ်ဆိုတာနဲ့ ကျွန်ုပ်တို့အပိုင်းကတော့ စားရမယ်ဆိုတာ သိထားကြတယ်။ အာဟာရရှိတဲ့အစားအစာတွေကို ရွေးပြီးစားမယ်ဆိုရင် အကျိုးပိုရှိမယ်။ အဲဒီလိုပဲ ယေဟောဝါက ထာဝရအသက်အတွက် တောင်းဆိုချက်တွေချမှတ်ထားပြီး အဲဒီတောင်းဆိုချက်တွေကို ပြည့်မီနိုင်ဖို့ ကူညီပေးတယ်။ ဘုရားသခင်ဘက်က အများကြီးလုပ်ဆောင်ပေးနေတယ်ဆိုတာ ထင်ရှားနေပြီး အဲဒီအတွက် ကိုယ်တော်ချီးမွမ်းခံထိုက်တယ်။ ဒါပေမဲ့ ဘုရားသခင့်ကောင်းချီးခံစားရဖို့ ကျွန်ုပ်တို့က ကိုယ်တော်နဲ့ပူးပေါင်းပြီး ကိုယ်တော့်အလိုတော်နဲ့အညီ လုပ်ဆောင်ရမယ်။—ဟဂ္ဂဲ ၂:၁၈၊ ၁၉

၁၈။ သင် အဘယ်အရာလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားသလဲ၊ ဘာကြောင့်လဲ။

၁၈ ဒါကြောင့် ရလာတဲ့တာဝန်တိုင်းကို အတတ်နိုင်ဆုံး စိတ်ပါလက်ပါ လုပ်ဆောင်ပါ။ အောင်မြင်မှုရဖို့ ယေဟောဝါကို အမြဲမျှော်ကိုးပါ။ (မာ. ၁၁:၂၃၊ ၂၄) အဲဒီလိုလုပ်မယ်ဆိုရင် “တောင်းသောသူတိုင်းရ” မယ်ဆိုတာ စိတ်ချနိုင်တယ်။ (မ. ၇:၈) စွမ်းအားတော်ဖွားတွေက ကောင်းကင်မှာ “အသက်သရဖူ” နဲ့ဆုချခံရမယ်။ (ယာ. ၁:၁၂) အာဗြဟံရဲ့အမျိုးအနွယ်ကတစ်ဆင့် ကောင်းချီးခံစားရဖို့ ကြိုးစားနေတဲ့ ခရစ်တော်ရဲ့ “အခြားသိုး” တွေကတော့ ယေရှုဒီလိုပြောတာကိုကြားပြီး ဝမ်းမြောက်ကြလိမ့်မယ်– “ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံရသောသူတို့၊ ဤလောကတည်ချိန်မှစ၍ သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံကို လာ၍ အမွေခံကြလော့။” (ယော. ၁၀:၁၆; မ. ၂၅:၃၄) မှန်ပါတယ်၊ “ကောင်းချီးပေးတော်မူခြင်းကိုခံရသောသူသည် ပြည်တော်ကိုအမွေခံရလိမ့်မည်။ . . . အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာ. ၃၇:၂၂၊ ၂၉

သင်ရှင်းပြနိုင်သလား

• စစ်မှန်တဲ့နာခံမှုမှာ ဘယ်အရာပါဝင်သလဲ။

• ဘုရားသခင့်ကောင်းချီးရဖို့ ဘာလုပ်ရမလဲ။

• ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ရဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ၊ အဲဒါက ကျွန်ုပ်တို့ကိုယ်စား ဘယ်လို လုပ်ဆောင်ပေးနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ယာကုပ်က ယေဟောဝါရဲ့ကောင်းချီးရဖို့ ကောင်းကင်တမန်ကို မလွှတ်တမ်းဆွဲထားခဲ့

သင်လည်း အဲဒီလို အစွမ်းကုန်ကြိုးစားအားထုတ်သလား

[စာမျက်နှာ ၁၀ ပါရုပ်ပုံ]

ဗေဇလေလနဲ့ အဟောလျဘကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ဘုရားသခင့်စွမ်းအားတော် ကူညီပေးခဲ့