မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်ခြေပေးခြင်းကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲ

ဆင်ခြေပေးခြင်းကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲ

ဆင်ခြေပေးခြင်းကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲ

ယောက်ျားက “ကျွန်တော်၌အပ်ပေးတော်မူသောမိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်” ဆိုပြီးပြောတယ်။ မိန်းမကလည်း “မြွေသည် ကျွန်တော်မကိုလှည့်စား၍ ကျွန်တော်မသည် စားမိပါပြီ” ဆိုပြီး ပြန်ပြောတယ်။ ပထမလူသားမောင်နှံဖြစ်တဲ့ အာဒံနဲ့ဧဝ ဘုရားသခင်ကိုပြောခဲ့တဲ့ ဒီစကားတွေက လူ့သမိုင်းရဲ့ ဦးဆုံးဆင်ခြေဖြစ်တယ်။—က. ၃:၁၂၊ ၁၃

အာဒံနဲ့ဧဝတို့ရဲ့ တမင်တကာမနာခံမှုကို ယေဟောဝါ တရားစီရင်ခဲ့ခြင်းက သူတို့ရဲ့ဆင်ခြေကို ကိုယ်တော်လက်မခံခဲ့ကြောင်း ထင်ရှားတယ်။ (က. ၃:၁၆-၁၉) ဒါက ဘယ်ဆင်ခြေကိုမှ ယေဟောဝါလက်မခံဘူးဆိုတဲ့ သဘောလား။ ဒါမှမဟုတ် ခိုင်လုံတဲ့ဆင်ခြေတချို့ကို ကိုယ်တော်လက်ခံသလား။ ဒါဆိုရင် ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ မခိုင်လုံတဲ့အကြောင်းပြချက်ကို ဘယ်လိုခွဲခြားနိုင်သလဲ။ အဖြေရဖို့ ဆင်ခြေဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဦးဆုံး သုံးသပ်ကြည့်ကြစို့။

ဆင်ခြေဆိုတာက တစ်ခုခုကို ဘာကြောင့်လုပ်ခဲ့တယ်၊ ဘာကြောင့် မလုပ်ခဲ့တာလဲ၊ ဘာကြောင့်မလုပ်မှာလဲဆိုတာကို ရှင်းပြတဲ့အကြောင်းပြချက်ဖြစ်တယ်။ ဆင်ခြေဆိုတာ ပျက်ကွက်မှုအတွက် ခိုင်လုံတဲ့ရှင်းပြချက်ဖြစ်ပြီး အဲဒီအတွက် ထောက်ထားညှာတာဖို့၊ ခွင့်လွှတ်ပေးဖို့ စိတ်ရင်းမှန်နဲ့တောင်းပန်ခြင်း ပါဝင်နိုင်တယ်။ ဒါပေမဲ့ အာဒံနဲ့ဧဝကိစ္စမှာတော့ ဆင်ခြေက အဖြစ်မှန်ကိုဖုံးကွယ်လိုတဲ့ မခိုင်လုံတဲ့အကြောင်းပြချက် ဖြစ်တယ်။ များသောအားဖြင့် အဲဒီသဘောနဲ့ ဆင်ခြေပေးတတ်ကြလို့ လူတွေက ဆင်ခြေပေးတာကို သံသယဝင်ကြတယ်။

ဆင်ခြေပေးတဲ့အခါ အထူးသဖြင့် ဝတ်ပြုရေးနဲ့ ပတ်သက်တယ်ဆိုရင် “မှားယွင်းသောအတွေးအခေါ်ဖြင့် မိမိကိုယ်ကို လှည့်စားသူများ မဖြစ်” ဖို့ သတိပြုရမယ်။ (ယာ. ၁:၂၂) ဒါကြောင့် “သခင်လက်ခံနိုင်ဖွယ်သောအရာသည် အဘယ်အရာ ဖြစ်ကြောင်းကို ဆန်းစစ်” ရာမှာ အထောက်အကူပြုတဲ့ ကျမ်းစာနမူနာအချို့နဲ့ မူတွေကို သုံးသပ်ကြည့်ကြစို့။—ဧ. ၅:၁၀

ကျွန်ုပ်တို့ထံမှ ဘုရားသခင်တောင်းဆိုရာ

ယေဟောဝါကိုဝတ်ပြုသူတွေ လိုက်နာရမယ့် သတ်သတ်မှတ်မှတ် ပညတ်တွေကို သမ္မာကျမ်းစာမှာ တွေ့ရတယ်။ ဥပမာ၊ “သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့” ဆိုတဲ့ ခရစ်တော်ရဲ့မိန့်မှာချက်က ခရစ်တော်ရဲ့နောက်လိုက်စစ်တွေအားလုံးနဲ့ သက်ဆိုင်တဲ့ ပညတ်တစ်ခုဖြစ်တယ်။ (မ. ၂၈:၁၉၊ ၂၀) ဒီပညတ်ကိုလိုက်နာဖို့ အလွန်အရေးကြီးတဲ့အတွက် တမန်တော်ပေါလုက “သတင်းကောင်းကို မဟောဘဲနေလျှင် ငါ၌ အမင်္ဂလာရှိ၏” ဆိုပြီးပြောခဲ့တယ်။—၁ ကော. ၉:၁၆

ကျွန်ုပ်တို့နဲ့ နှစ်ပေါင်းများစွာ ကျမ်းစာလေ့လာခဲ့တဲ့သူတွေက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောဖို့ တွန့်ဆုတ်နေနိုင်တယ်။ (မ. ၂၄:၁၄) ဟောပြောခြင်းလုပ်ငန်းမှာ အရင်က ပါဝင်ခဲ့တဲ့ တခြားသူတွေက ဆက်မဟောပြောတော့ဘူး။ ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်တဲ့သူတွေ ဘယ်လိုအကြောင်းပြချက်တွေ ပေးတတ်ကြသလဲ။ သတ်သတ်မှတ်မှတ်ပညတ်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ ရှေးခေတ်ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို တုံ့ပြန်ခဲ့သလဲ။

ဘုရားသခင်လက်မခံတဲ့ ဆင်ခြေများ

“အရမ်းခက်တယ်။” အထူးသဖြင့် ရှက်ကြောက်တတ်သူတွေအတွက် ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ဆိုတာ အရမ်းခက်နိုင်တယ်။ အဲဒီလိုလူတွေ ယောနရဲ့အဖြစ်အပျက်ကနေ ဘယ်အချက်တွေကို သင်ယူနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။ နိနေဝေမြို့ပေါ်ကျရောက်တော့မယ့် ဖျက်ဆီးခြင်းဘေးအကြောင်း ကြေညာဖို့ ယောနကို ယေဟောဝါ တာဝန်ပေးခဲ့တယ်။ ဒီတာဝန်က ယောနအတွက် အရမ်းခက်တယ်လို့ထင်ရတယ်။ ဒီတာဝန်ကိုလုပ်ဆောင်ဖို့ ယောန ဘာကြောင့်ကြောက်ရွံ့ခဲ့တယ်ဆိုတာ အလွယ်တကူသိနိုင်တယ်။ နိနေဝေမြို့ဆိုတာက အာရှုရိရဲ့မြို့တော်ဖြစ်ပြီး အာရှုရိလူတွေဟာ ရက်စက်မှုမှာ သရဖူဆောင်းတဲ့သူတွေဖြစ်တယ်။ ယောနအနေနဲ့ ‘ဒီလူတွေကြားမှာ ငါ ဘာဖြစ်သွားနိုင်မလဲ။ ဒီလူတွေ ငါ့ကို ဘာလုပ်ကြမလဲ’ ဆိုပြီး စဉ်းစားမိနိုင်တယ်။ သိပ်မကြာခင်မှာပဲ သူထွက်ပြေးသွားတော့တယ်။ ဒါပေမဲ့ ယောနရဲ့ဆင်ခြေကို ယေဟောဝါ လက်မခံခဲ့ဘူး။ အဲဒီအစား နိနေဝေမြို့မှာသွားဟောဖို့ ယောနကို ယေဟောဝါ တာဝန်ထပ်ပေးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ယောနက သူ့ရဲ့တာ၀န်ကို ရဲစွမ်းသတ္တိရှိရှိ အောင်မြင်ပြီးမြောက်ခဲ့ပြီး သူ့ရဲ့လုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။—ယောန ၁:၁-၃; ၃:၃၊ ၄၊ ၁၀

သတင်းကောင်းဟောပြောခြင်းက သင့်အတွက် အရမ်းခက်တယ်လို့ ယူဆတဲ့အခါ “ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ” တယ်ဆိုတာ သတိရပါ။ (မာ. ၁၀:၂၇) အကူအညီရဖို့ ကိုယ်တော့်ထံ ဆက်တောင်းလျှောက်မယ်ဆိုရင် ယေဟောဝါ သင့်ကို ခွန်အားပေးမယ်၊ ခရစ်ယာန်ဓမ္မအမှုမှာ ရဲစွမ်းသတ္တိရှိရှိပါဝင်ဖို့ သင့်ကြိုးစားအားထုတ်မှုကို ကိုယ်တော် ကောင်းချီးပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—လု. ၁၁:၉-၁၃

“မလုပ်ချင်ဘူး။” ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ဖို့ သင့်မှာစိတ်ဆန္ဒမရှိဘူးဆိုရင် ဘာလုပ်နိုင်သလဲ။ ယေဟောဝါက သင့်အထဲမှာလုပ်ဆောင်နိုင်ပြီး သင့်ဆန္ဒတွေကို ပြောင်းလဲပေးနိုင်တယ်ဆိုတာ စိတ်စွဲမှတ်ထားပါ။ ပေါလု ဒီလိုပြောခဲ့တယ်– “သင်တို့အလိုဆန္ဒရှိစေရန်လည်းကောင်း၊ ပြုမူလုပ်ဆောင်စေရန်လည်းကောင်း မိမိနှစ်သက်တော်မူရာအတွက် သင်တို့အထဲတွင် လုပ်ဆောင်နေတော်မူသောအရှင်ကား ဘုရားသခင်ဖြစ်၏။” (ဖိ. ၂:၁၃) ဒါကြောင့် ယေဟောဝါရဲ့အလိုတော်ကို လုပ်ဆောင်လိုစိတ်ရှိလာအောင် လုပ်ပေးဖို့ ဆုတောင်းနိုင်တယ်။ ဘုရင်ဒါဝိဒ်က ကိုယ်တော်ပြညွှန်တဲ့အမှန်တရားလမ်းမှာ လျှောက်လှမ်းလိုတဲ့ဆန္ဒရှိလာအောင်လုပ်ပေးပါလို့ ယေဟောဝါထံ ဆုတောင်းခဲ့တယ်။ (ဆာ. ၈၆:၁၁) ကိုယ်တော်နှစ်သက်ရာကို လုပ်ဆောင်လိုစိတ်ရှိလာအောင် ယေဟောဝါ သင့်ကိုလှုံ့ဆော်ပေးဖို့ စိတ်အားထက်သန်စွာဆုတောင်ခြင်းအားဖြင့် သင်လည်း အလားတူလုပ်ဆောင်နိုင်ပါတယ်။

ကျွန်ုပ်တို့ ပင်ပန်းပြီး စိတ်ဓာတ်ကျတဲ့အခါ ဝတ်ပြုရာခန်းမမှာ အစည်းအဝေးတစ်ခုတက်ဖို့ ဒါမှမဟုတ် ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရတဲ့အခါတွေ ရှိနိုင်တယ်။ အဲဒီလိုဖြစ်နေရင် ကျွန်ုပ်တို့ဟာ ယေဟောဝါကို တကယ်မချစ်တော့ဘူးလို့ ယူဆသင့်သလား။ မယူဆသင့်ပါဘူး။ အတိတ်က ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေဟာ ဘုရားသခင့်အလိုတော်ဆောင်ဖို့ အပြင်းအထန်ကြိုးစားရတဲ့အခါတွေ ရှိခဲ့တယ်။ ဥပမာ၊ ပေါလုက ဘုရားသခင့်ပညတ်တွေကိုနာခံဖို့ ပုံဆောင်သဘောအရ ကိုယ့်ကိုယ်ကိုယ် “ထိုးနှက်” ခဲ့ရတယ်လို့ ပြောခဲ့တယ်။ (၁ ကော. ၉:၂၆၊ ၂၇) ဒါကြောင့် ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးရတယ်ဆိုရင်တောင် ယေဟောဝါရဲ့ကောင်းချီး ခံစားရမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ အကြောင်းကတော့ တော်မှန်တဲ့အကြောင်းပြချက်ဖြစ်တဲ့ ဘုရားသခင်ကိုချစ်တဲ့မေတ္တာကြောင့် ကိုယ်တော့်အလိုတော်ကိုဆောင်ဖို့ မိမိကိုယ်ကိုတွန်းအားပေးတာဖြစ်လို့ပဲ။ အဲဒီလိုလုပ်မယ်ဆိုရင် ဘုရားသခင့်ကျေးကျွန်တွေဟာ စမ်းသပ်မှုခံရတဲ့အခါ ဘုရားသခင်ကိုစွန့်ပစ်လိမ့်မယ်ဆိုတဲ့ စာတန့်စွပ်စွဲချက်မှားကြောင်း အဖြေပေးနိုင်မှာဖြစ်တယ်။—ယောဘ ၂:၄

“အရမ်းအလုပ်များတယ်။” အရမ်းအလုပ်များတယ်လို့ခံစားရတဲ့အတွက် ခရစ်ယာန်ဓမ္မအမှုမှာ မပါဝင်တာဆိုရင် သင့်ရဲ့ ဦးစားထားရာတွေကို ပြန်ဆန်းစစ်ဖို့ အရေးကြီးတယ်။ ‘ဘုရားသခင်၏နိုင်ငံတော်ကို ဦးစွာ ရှာလျက်နေကြလော့’ လို့ ယေရှုပြောခဲ့တယ်။ (မ. ၆:၃၃) အဲဒီမူအတိုင်းလိုက်လျှောက်ရာမှာ သင့်ဘဝပုံစံကို ရိုးရှင်းဖို့ ဒါမှမဟုတ် ခရစ်ယာန်ဓမ္မအမှုအတွက် အချိန်ရဖို့ သင့်အပန်းဖြေမှုကို လျှော့ဖို့လိုပါလိမ့်မယ်။ အပန်းဖြေမှုနဲ့ တခြားလိုက်စားမှုတွေအတွက် သူ့အချိန်နဲ့သူရှိပေမဲ့ ဒါတွေက ဓမ္မအမှုကိုလျစ်လျူရှုဖို့ ခိုင်လုံတဲ့ဆင်ခြေမဟုတ်ဘူး။ ဘုရားသခင့်ကျေးကျွန်တစ်ဦးအဖို့ ဘုရားသခင့်နိုင်ငံတော်က သူ့ဘဝရဲ့ ဦးစားထားရာဖြစ်တယ်။

“အရည်အချင်းမရှိဘူး။” သတင်းကောင်းဟောဖို့ အရည်အချင်းမရှိဘူးလို့ သင်ခံစားရနိုင်တယ်။ သမ္မာကျမ်းစာခေတ်က ဘုရားသခင့်သစ္စာရှိကျေးကျွန်တချို့လည်း ယေဟောဝါ သူတို့ကိုပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ခံစားခဲ့ကြရတယ်။ ဥပမာအနေနဲ့ မောရှေကိုကြည့်ပါ။ ယေဟောဝါထံက တာဝန်တစ်ခုရတဲ့အခါ မောရှေ ဒီလိုပြောခဲ့တယ်– ‘အို ယေဟောဝါ၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်းမရှိပါ။ ကိုယ်တော်ကျွန်အားမိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူဖြစ်ပါ၏။’ ယေဟောဝါက သူ့ကို စိတ်ချအောင်ပြောပေမဲ့ မောရှေ ဒီလိုပြန်ပြောခဲ့တယ်– ‘အို ယေဟောဝါ၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါ။” (ထွ. ၄:၁၀-၁၃) ဒါကို ယေဟောဝါ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

ယေဟောဝါက မောရှေကို တာဝန်ကနေ လွတ်ကင်းခွင့်မပေးခဲ့ဘူး။ ဒါပေမဲ့ မောရှေကို အကူအညီပေးဖို့ အာရုန်ကို ခန့်အပ်ခဲ့တယ်။ (ထွ. ၄:၁၄-၁၇) ဒါ့အပြင် နှစ်ပေါင်းများစွာကြာတဲ့အထိ ယေဟောဝါ ခန့်အပ်ထားတဲ့တာဝန်တွေကို မောရှေ အောင်မြင်စွာထမ်းဆောင်နိုင်ဖို့ လိုအပ်ရာတွေကိုလည်း ထောက်မပေးခဲ့တယ်။ ယနေ့လည်း ယေဟောဝါက သင် ဓမ္မအမှုမှာပါဝင်တဲ့အခါ အကူအညီပေးဖို့ အတွေ့အကြုံရှိတဲ့ ယုံကြည်သူချင်းတွေကို လှုံ့ဆော်ပေးပါလိမ့်မယ်။ အရေးအကြီးဆုံးအချက်က ယေဟောဝါ ပေးအပ်ထားတဲ့တာဝန်ကိုလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို ကိုယ်တော် အရည်အချင်းပြည့်မီစေနိုင်တယ်ဆိုပြီး သမ္မာကျမ်းစာက အာမခံထားတယ်။—၂ ကော. ၃:၅;  “ကျွန်တော့်ဘဝရဲ့ အပျော်ရွှင်ဆုံးနှစ်တွေ” လေးထောင့်ကွက်ကို ကြည့်ပါ။

“တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက်နေလို့။” တချို့သူတွေက စိတ်ထိခိုက်နေလို့ ဓမ္မအမှုမှာ ဒါမှမဟုတ် အစည်းအဝေးတွေမှာ မပါဝင်တော့ဘူး။ အဲဒီအကြောင်းပြချက်ကြောင့် ခရစ်ယာန်လုပ်ဆောင်မှုတွေမှာ မပါဝင်တာကို ယေဟောဝါ လက်ခံမယ်လို့ သူတို့ထင်မှတ်ကြတယ်။ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို စိတ်နာကျင်အောင်လုပ်တဲ့အခါ စိတ်ပျက်မယ်ဆိုတာကို နားလည်နိုင်ပေမဲ့ အဲဒါက ခရစ်ယာန်လုပ်ဆောင်မှုတွေကို ရပ်ပစ်လိုက်ဖို့ ခိုင်လုံတဲ့အကြောင်းရင်းလား။ ပေါလုနဲ့ ယုံကြည်သူချင်းဖြစ်တဲ့ ဗာနဗတို့ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲပြီး “အကြီးအကျယ်အငြင်းပွား” ခဲ့ကြတဲ့အတွက် စိတ်ထိခိုက်ခဲ့ကြပါလိမ့်မယ်။ (တ. ၁၅:၃၉) ဒါပေမဲ့ အဲဒီကိစ္စကြောင့် သူတို့နှစ်ယောက်စလုံး ဓမ္မအမှုမှာ မပါဝင်ဘဲ နေခဲ့ကြသလား။ မနေခဲ့ကြဘူး။

အလားတူပါပဲ၊ ယုံကြည်သူတစ်ဦးကြောင့် သင်စိတ်ထိခိုက်တဲ့အခါ သင့်ရန်သူက မစုံလင်တဲ့ခရစ်ယာန်ညီအစ်ကိုမဟုတ်ဘဲ သင့်ကိုဝါးမျိုလိုတဲ့ စာတန်ဖြစ်တယ်ဆိုတာ စိတ်စွဲမှတ်ထားပါ။ ‘စာတန်ကို ဆန့်ကျင်ကြလော့၊ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံနေကြလော့’ ဆိုတဲ့အတိုင်း သင်လုပ်ဆောင်မယ်ဆိုရင် စာတန် အနိုင်ရမှာ မဟုတ်ဘူး။ (၁ ပေ. ၅:၈၊ ၉; ဂလ. ၅:၁၅) သင့်မှာ အဲဒီလိုယုံကြည်ခြင်းမျိုးရှိမယ်ဆိုရင် “စိတ်ပျက်ခြင်း” ကို အောင်မြင်ကျော်လွှားနိုင်ပါလိမ့်မယ်။—ရော. ၉:၃၃

အကန့်အသတ်နဲ့ပဲ လုပ်ဆောင်နိုင်တဲ့အခါ

ဆင်ခြေပေးခြင်းနဲ့ပတ်သက်တဲ့ ဒီအဖြစ်အပျက်တချို့က သတင်းကောင်းဟောပြောခြင်းအပါအဝင် ယေဟောဝါပေးတဲ့ တာဝန်တွေကို ပျက်ကွက်ဖို့အတွက် ခိုင်လုံတဲ့ ကျမ်းစာဆိုင်ရာအကြောင်းပြချက်မရှိဘူးဆိုတာ ထင်ရှားတယ်။ ဒါပေမဲ့ ဘာကြောင့် ဓမ္မအမှုမှာအကန့်အသတ်နဲ့ပဲ ပါဝင်တယ်ဆိုတဲ့ ခိုင်လုံတဲ့အကြောင်းပြချက်တွေ ကျွန်ုပ်တို့မှာ ရှိနိုင်တယ်။ တခြားသော ကျမ်းပေးတာဝန်တွေကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ အကန့်အသတ်နဲ့ပဲ ပါဝင်ရတာဖြစ်နိုင်တယ်။ ဒါ့ပြင် တစ်ခါတလေ ကျွန်ုပ်တို့ဟာ အရမ်းပင်ပန်းတာ၊ ဖျားနာတာကြောင့် ယေဟောဝါရဲ့အမှုတော်ဆောင်ခြင်းမှာ ပါဝင်ချင်သလောက် အပြည့်အဝမပါဝင်နိုင်ဘဲ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့ရဲ့ စိတ်ဆန္ဒကို သိမြင်ပြီး ကျွန်ုပ်တို့ရဲ့အကန့်အသတ်ဖြစ်မှုကို ထည့်တွက်ပေးတယ်ဆိုပြီး သမ္မာကျမ်းစာက အာမခံထားတယ်။—ဆာ. ၁၀၃:၁၄; ၂ ကော. ၈:၁၂

ဒါကြောင့် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ရော၊ တခြားသူတွေကိုပါ ခက်ထန်စွာမစီရင်မိဖို့ သတိပြုရမယ်။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်ရသနည်း။ ထိုသူ တည်ရခြင်း၊ မတည်ရခြင်းကို သူ၏သခင်သာ စီရင်ရ၏။” (ရော. ၁၄:၄) ကျွန်ုပ်တို့ရဲ့ အခြေအနေကို တခြားသူတွေနဲ့ နှိုင်းယှဉ်မယ့်အစား “ငါတို့အသီးသီးသည် ဘုရားသခင်ထံ စာရင်းရှင်းကြရလိမ့်မည်” ဆိုတဲ့အချက်ကို သတိရသင့်တယ်။ (ရော. ၁၄:၁၂; ဂလ. ၆:၄၊ ၅) ကျွန်ုပ်တို့ယောက်စီယောက်တိုင်း ယေဟောဝါထံ ဆုတောင်းချဉ်းကပ်ပြီး ဆင်ခြေပေးတဲ့အခါ ‘ကိုယ့်ကိုယ်ကိုယ်သိသောစိတ် ကြည်လင်’ ပါစေ။—ဟေဗြဲ ၁၃:၁၈

ယေဟောဝါကို အမှုဆောင်ခြင်းက ကျွန်ုပ်တို့ကို ရွှင်လန်းစေ

ကျွန်ုပ်တို့ဘဝအခြေအနေ ဘယ်လိုပဲရှိနေပါစေ ကျွန်ုပ်တို့အားလုံးက ယေဟောဝါကို ရွှင်လန်းစွာအမှုဆောင်နိုင်ကြပါတယ်။ အကြောင်းကတော့ ကိုယ်တော့်တောင်းဆိုချက်တွေက အမြဲတမ်း အကျိုးသင့်အကြောင်းသင့်ရှိပြီး လိုက်မီနိုင်လို့ပဲ။ ဘာကြောင့် အဲဒီလိုပြောနိုင်ရတာလဲ။

သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “သင်သည် တတ်နိုင်သည့်အခါတိုင်း ကျေးဇူးပြုရန်လိုအပ်သူတို့ကို ကျေးဇူးပြုလော့။” (သု. ၃:၂၇ခမ) ဒီကျမ်းချက်ကနေ ဘုရားသခင့်တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး သင် ဘာမှတ်သားမိသလဲ။ ယေဟောဝါက သင့်ညီအစ်ကို တတ်နိုင်ရာအတိုင်း လိုက်လုပ်ဖို့မတောင်းဆိုဘဲ သင် “တတ်နိုင်” ရာနဲ့ ကိုယ်တော့်ကို အမှုဆောင်ဖို့ တောင်းဆိုတယ်။ ကျွန်ုပ်တို့တတ်နိုင်ရာက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျွန်ုပ်တို့တစ်ဦးစီဟာ ယေဟောဝါကို နှလုံးအကြွင်းမဲ့ အမှုဆောင်နိုင်ပါတယ်။—လု. ၁၀:၂၇; ကော. ၃:၂၃

[စာမျက်နှာ ၁၄ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 “ကျွန်တော့်ဘဝရဲ့ အပျော်ရွှင်ဆုံးနှစ်တွေ”

ကျွန်ုပ်တို့မှာ ကာယပိုင်း၊ စိတ်ပိုင်းအရ ကြီးလေးတဲ့ ကျန်းမာရေးပြဿနာတွေရှိနေတယ်ဆိုရင် အဲဒါကြောင့် ဓမ္မအမှုမှာ အပြည့်အဝမပါဝင်နိုင်ဘူးလို့ အလျင်စလို ကောက်ချက်မချသင့်ဘူး။ ဥပမာအနေနဲ့ ကနေဒါက ခရစ်ယာန်ညီအစ်ကိုတစ်ဦးဖြစ်တဲ့ အားနက်စ်အကြောင်း သုံးသပ်ကြည့်ပါ။

အားနက်စ်က စကားထစ်သူဖြစ်ပြီး အရမ်းရှက်တတ်တယ်။ သူ့ရဲ့ကျောမှာ အပြင်းအထန်ထိခိုက်ဒဏ်ရာရပြီးတဲ့နောက် ဆောက်လုပ်ရေးအလုပ်သမားအဖြစ် ဆက်မလုပ်နိုင်တော့ဘူး။ မသန်မစွမ်းဖြစ်နေပေမဲ့ သူ့ရဲ့အခြေအနေအသစ်က ဓမ္မအမှုမှာ အချိန်ပိုပြီး ပါဝင်ခွင့်ရစေတယ်။ အသင်းတော်အစည်းအဝေးမှာ အရန်ရှေ့ဆောင်လုပ်ဖို့ အားပေးတဲ့အခါ သူ ရှေ့ဆောင်လုပ်ချင်လာတယ်။ ဒါပေမဲ့ ရှေ့ဆောင်လုပ်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ သူခံစားရတယ်။

သူ အရန်ရှေ့ဆောင်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူ့ကိုယ်သူသက်သေပြဖို့ တစ်လအရန်ရှေ့ဆောင်လုပ်ဖို့ လျှောက်လွှာတင်ခဲ့တယ်။ ဒါပေမဲ့ သူ အဲဒါကို အောင်မြင်စွာလုပ်နိုင်ခဲ့လို့ အရမ်းအံ့သြသွားတယ်။ အဲဒီနောက် သူ့ကိုယ်သူ ဒီလိုတွေးမိတယ်– “နောက်ထပ် မလုပ်နိုင်ဘူးဆိုတာ ငါသိတယ်။” ဒီအချက်ကို သက်သေပြဖို့အတွက် နောက်ထပ်တစ်လ အရန်ရှေ့ဆောင်လုပ်ဖို့ လျှောက်လွှာတင်ခဲ့တယ်။ ဒီတစ်ခါလည်း သူ အောင်မြင်ခဲ့တယ်။

အားနက်စ်က အရန်ရှေ့ဆောင် တစ်နှစ်လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ ဒီလိုပြောတယ်– “မှန်မှန်ရှေ့ဆောင်လုပ်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာ ငါ ကောင်းကောင်းသိတယ်။” ဒီတစ်ကြိမ်မှာလည်း ဒါကိုသက်သေပြဖို့ မှန်မှန်ရှေ့ဆောင်လျှောက်လွှာ တင်ခဲ့တယ်။ ပထမတစ်နှစ်မှာ အောင်မြင်စွာနဲ့ မှန်မှန်ရှေ့ဆောင်လုပ်နိုင်ခဲ့လို့ အံ့သြခဲ့ရပြန်တယ်။ ရှေ့ဆောင်ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ကျောဒဏ်ရာရဲ့ နောက်ဆက်တွဲရောဂါကြောင့် မသေဆုံးမီ နှစ်နှစ်အထိ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ခြင်းရဲ့ရွှင်လန်းမှုကို ခံစားခဲ့ရတယ်။ သူ မသေခင်မှာ “မှန်မှန်ရှေ့ဆောင်တစ်ဦးအနေနဲ့ ယေဟောဝါကို အမှုဆောင်ခဲ့ရတဲ့နှစ်တွေက ကျွန်တော့်ဘဝရဲ့ အပျော်ရွှင်ဆုံးနှစ်တွေဖြစ်တယ်” လို့ မျက်ရည်ဝဲပြီး ဧည့်သည်တွေကို ပြောလေ့ရှိတယ်။

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

ခရစ်ယာန်ဓမ္မအမှုအတွက် အတားအဆီးဖြစ်စေတဲ့ ဘယ်အရာကိုမဆို ကျွန်ုပ်တို့ကျော်လွှားနိုင်

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ကျွန်ုပ်တို့အခြေအနေခွင့်ပြုသရွေ့ စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ခြင်းကို ယေဟောဝါနှစ်သက်