မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား’ ကို ဦးစွာရှာလျက်နေကြလော့

‘ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား’ ကို ဦးစွာရှာလျက်နေကြလော့

‘ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား’ ကို ဦးစွာရှာလျက်နေကြလော့

“ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။”—မ. ၆:၃၃

၁၊ ၂။ ဘုရားသခင့်ဖြောင့်မတ်ခြင်းဆိုတာ ဘာလဲ။ အဲဒါက ဘယ်အရာအပေါ်အခြေခံသလဲ။

‘ဘုရားသခင်၏ နိုင်ငံတော်ကို ဦးစွာ ရှာလျက်နေကြလော့။’ (မ. ၆:၃၃) ယေဟောဝါသက်သေတွေဟာ တောင်ပေါ်တရားတော်မှာ ယေရှုပြောခဲ့တဲ့ ဒီတိုက်တွန်းချက်နဲ့ အကျွမ်းတဝင်ရှိကြပါတယ်။ ကျွန်ုပ်တို့ရဲ့ဘဝကဏ္ဍတိုင်းမှာ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုကို ချစ်မြတ်နိုးပြီး အဲဒီအပေါ်သစ္စာစောင့်သိဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ‘ဘုရားသခင့်ဖြောင့်မတ်ခြင်းတရား’ ဆိုတဲ့ ဒုတိယအပိုင်းကိုလည်း စိတ်စွဲမှတ်ထားဖို့လိုတယ်။ ဘုရားသခင့်ဖြောင့်မတ်ခြင်းဆိုတာ ဘာလဲ၊ အဲဒါကို ဦးစွာရှာပါဆိုတာက ဘာကိုဆိုလိုသလဲ။

“ဖြောင့်မတ်ခြင်း” အတွက် မူရင်းစကားလုံးကို “တရားမျှတခြင်း” ဒါမှမဟုတ် “တော်တည့်မှန်ကန်ခြင်း” လို့လည်း ပြန်ဆိုနိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းဆိုတာက ကိုယ်တော့်စံနှုန်းတွေနဲ့အညီ တော်တည့်မှန်ကန်ခြင်း ဖြစ်တယ်။ ဖန်ဆင်းရှင်အနေနဲ့ ယေဟောဝါမှာ အမှားအမှန်၊ အကောင်းအဆိုးနဲ့ပတ်သက်တဲ့ စံနှုန်းတွေချမှတ်ပိုင်ခွင့်ရှိတယ်။ (ဗျာ. ၄:၁၁) ဒါပေမဲ့ ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းက အေးစက်ခက်ထန်တဲ့ ဥပဒေတွေ၊ ရှည်လျားတဲ့စည်းမျဉ်းတွေ မဟုတ်ဘူး။ အဲဒီအစား ယေဟောဝါရဲ့ အရည်အသွေးတွေ၊ အထူးသဖြင့် ကိုယ်တော်ရဲ့ အဓိကအရည်အသွေးတွေထဲက တစ်ခုဖြစ်တဲ့ တရားမျှတခြင်းကို အခြေခံတယ်။ အဲဒါကို မေတ္တာ၊ ဉာဏ်ပညာ၊ တန်ခိုးတော်တို့နဲ့ တွဲဖက်တင်ပြတယ်။ ပြီးတော့ ဘုရားသခင့်ဖြောင့်မတ်ခြင်းက ကိုယ်တော့်အလိုတော်၊ ရည်ရွယ်ချက်နဲ့ ဆက်စပ်နေတယ်။ ဘုရားသခင့်ဖြောင့်မတ်ခြင်းထဲမှာ ကိုယ်တော့်ကိုအမှုဆောင်လိုတဲ့သူတွေ လိုက်လျှောက်ရမယ့် ကိုယ်တော်သတ်မှတ်ထားတဲ့စံနှုန်းတွေ ပါဝင်တယ်။

၃။ (က) ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ဦးစွာရှာပါဆိုတာက ဘာကိုဆိုလိုသလဲ။ (ခ) ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့စံနှုန်းတွေကို ကျွန်ုပ်တို့ ဘာကြောင့်ကိုင်စွဲကြသလဲ။

ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ဦးစွာရှာခြင်းဆိုတာ ဘာကိုဆိုလိုပါသလဲ။ ရိုးရိုးလေးပြောရရင် ကိုယ်တော့်မျက်နှာသာရဖို့ ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို ဆိုလိုတယ်။ ကိုယ်တော့်ဖြောင့်မတ်ခြင်းကို ရှာခြင်းဆိုတာက ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စံနှုန်းနဲ့မဟုတ်ဘဲ ကိုယ်တော်ရဲ့စုံလင်တဲ့စံနှုန်းတွေနဲ့အညီ ကြိုးစားအသက်ရှင်ခြင်းဖြစ်တယ်။ (ရောမ ၁၂:၂ ကိုဖတ်ပါ။) ဒီဘဝလမ်းစဉ်မှာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ပါဝင်ပတ်သက်တယ်။ အပြစ်ပေးခံရမှာကြောက်လို့ နာခံခြင်းမျိုးမဟုတ်ဘူး။ အဲဒီအစား ကိုယ်ပိုင်စံနှုန်းတွေကို မချမှတ်ဘဲ ကိုယ်တော်ရဲ့စံနှုန်းတွေကိုကိုင်စွဲဖို့ ဘုရားသခင်ကိုချစ်တဲ့မေတ္တာက လှုံ့ဆော်ပေးတယ်။ ဒါက ကျွန်ုပ်တို့လုပ်သင့်လုပ်ထိုက်ရာဖြစ်ပြီး အဲဒီလိုလုပ်ဖို့ ကျွန်ုပ်တို့ပုံစံပြုထားခံရတယ်ဆိုတာကို အသိအမှတ်ပြုလုပ်ဆောင်ခြင်းဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်ဘုရင်ဖြစ်တဲ့ ယေရှုခရစ်လိုပဲ ကျွန်ုပ်တို့လည်း ဖြောင့်မတ်ခြင်းကို ချစ်ရမယ်။—ဟေဗြဲ ၁:၈၊ ၉

၄။ ယေဟောဝါရဲ့ဖြောင့်မတ်ခြင်းကိုရှာဖို့ ဘာကြောင့်အရေးကြီးသလဲ။

ယေဟောဝါရဲ့ ဖြောင့်မတ်ခြင်းကိုရှာဖို့ ဘယ်လောက်အထိ အရေးကြီးသလဲ။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– ဧဒင်ဥယျာဉ်မှာပေါ်ပေါက်ခဲ့တဲ့ ဦးဆုံးစမ်းသပ်မှုက ယေဟောဝါရဲ့စံနှုန်းချမှတ်ပိုင်ခွင့်ကို အာဒံနဲ့ ဧဝ လက်ခံမလား၊ လက်မခံဘူးလား ဆိုတဲ့အချက်အပေါ် အခြေခံတယ်။ (က. ၂:၁၇; ၃:၅) သူတို့ရဲ့ပျက်ကွက်မှုကြောင့် သူတို့ရဲ့သားစဉ်မြေးဆက်ဖြစ်တဲ့ ကျွန်ုပ်တို့အပေါ် ဆင်းရဲဒုက္ခနဲ့ သေခြင်း ကျရောက်လာတယ်။ (ရော. ၅:၁၂) ဒါပေမဲ့ သမ္မာကျမ်းစာကဒီလိုဖော်ပြတယ်– ‘ဖြောင့်မတ်ခြင်းတရားကိုရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ အသရေထင်ရှားခြင်းကိုတွေ့တတ်၏။’ (သု. ၂၁:၂၁) ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ဦးစွာရှာခြင်းက ယေဟောဝါနဲ့ သင့်မြတ်တဲ့ဆက်ဆံရေးရရှိစေပြီး အဲဒါက ကျွန်ုပ်တို့ကို ကယ်တင်ခြင်းရရှိစေတယ်။—ရော. ၃:၂၃၊ ၂၄

မိမိကိုယ်ကိုဖြောင့်မတ်တယ်လို့ထင်ခြင်းရဲ့ အန္တရာယ်

၅။ ကျွန်ုပ်တို့ ဘယ်အန္တရာယ်ကို ရှောင်ဖို့လိုသလဲ။

ရောမမြို့မှာရှိတဲ့ ခရစ်ယာန်တွေဆီရေးတဲ့စာမှာ တမန်တော်ပေါလုက ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ရှာတွေ့လိုတယ်ဆိုရင် ရှောင်ရမယ့်အန္တရာယ်တစ်ခုကို ဖော်ပြထားတယ်။ ဂျူးအမျိုးသားချင်းတွေနဲ့ပတ်သက်ပြီး ပေါလု ဒီလိုပြောခဲ့တယ်– “ထိုသူတို့သည် ဘုရားသခင်ဘက်၌ စိတ်အားထက်သန်ကြသည်ဟု ငါသက်သေခံ၏။ သို့သော် တိကျမှန်ကန်သော အသိပညာအတိုင်းမဟုတ်။ ထိုသူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မသိဘဲ ကိုယ့်ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မလိုက်နာကြ။” (ရော. ၁၀:၂၊ ၃) ပေါလုရဲ့စာအရ ဒီဂျူးတွေဟာ သူတို့ရဲ့ဖြောင့်မတ်ခြင်းတည်ဖို့ပဲ ရှာကြံနေကြလို့ ဘုရားသခင့်ဖြောင့်မတ်ခြင်းကို နားမလည်ကြဘူး။ *

၆။ ကျွန်ုပ်တို့ ဘယ်သဘောထားကို ရှောင်သင့်သလဲ၊ ဘာကြောင့်လဲ။

ကျွန်ုပ်တို့ ဒီအန္တရာယ်ထဲကျရောက်သွားနိုင်တဲ့ နည်းတစ်နည်းကတော့ ဘုရားသခင့်အမှုဆောင်ခြင်းကို ပြိုင်ဆိုင်မှုတစ်ခုလို သဘောထားပြီး တခြားသူတွေနဲ့နှိုင်းယှဉ်ခြင်းဖြစ်တယ်။ ဒီသဘောထားက ကိုယ့်ရဲ့အစွမ်းအစအပေါ် ယုံကြည်ကိုးစားလွန်းတဲ့အဖြစ်မျိုးထဲ အလွယ်တကူ ကျရောက်သွားစေနိုင်တယ်။ ကျွန်ုပ်တို့ ဒီလိုလုပ်နေတယ်ဆိုရင် ယေဟောဝါရဲ့ဖြောင့်မတ်ခြင်းကို လျစ်လျူရှုရာရောက်တယ်။ (ဂလ. ၆:၃၊ ၄) မှန်ရာကိုပြုလုပ်စေတဲ့ အဓိကလှုံ့ဆော်မှုက ယေဟောဝါကိုချစ်တဲ့မေတ္တာ ဖြစ်တယ်။ မိမိရဲ့ဖြောင့်မတ်မှုကို ထင်ရှားပြဖို့ ကြိုးစားတဲ့အရာမှန်သမျှဟာ ကိုယ်တော့်ကိုချစ်တယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ပြောဆိုချက်ကို အချည်းနှီးဖြစ်စေတယ်။—လုကာ ၁၆:၁၅ ကိုဖတ်ပါ။

၇။ မိမိကိုယ်ကိုဖြောင့်မတ်တယ်လို့ ထင်တဲ့သူတွေကို ယေရှု ဘယ်လိုသွန်သင်ခဲ့သလဲ။

“မိမိတို့ဖြောင့်မတ်သည်ဟု ထင်မှတ်လျက် သူတစ်ပါးကို အထင်အမြင်သေးသူအချို့” ကို ဒီဥပမာသုံးပြီး ယေရှု သွန်သင်ခဲ့တယ်– ‘လူနှစ်ဦးသည် ဆုတောင်းရန် ဝတ်ပြုရာအိမ်တော်သို့ တက်သွားကြ၏။ တစ်ဦးကား ဖာရိရှဲဖြစ်၏။ တစ်ဦးကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် ရပ်လျက် တစ်ကိုယ်တည်း ဤသို့ဆုတောင်း၏။ “အိုဘုရားသခင်၊ ကျွန်ုပ်သည် အခြားသူများကဲ့သို့ လုယက်သူ၊ မဖြောင့်မတ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သည်သာမက ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပါ၏။ ရသမျှကို ဆယ်ဖို့တစ်ဖို့ လှူပါ၏။” အခွန်ခံမူကား အဝေးကရပ်လျက် ကောင်းကင်သို့ မော့၍ပင်မကြည့်ဝံ့ဘဲ “အိုဘုရားသခင်၊ အပြစ်သားဖြစ်သော ကျွန်ုပ်ကို သနားတော်မူပါ” ဟု ရင်ဘတ်ကိုထုလျက် လျှောက်လေ၏။ ငါဆိုသည်ကား ထိုသူသည် အိမ်ပြန်သော် ဖာရိရှဲထက် ဖြောင့်မတ်ရာသို့ ရောက်လေပြီ။ အကြောင်းမူကား ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သူတိုင်း နှိမ့်ချခြင်းသို့ ရောက်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူမူကား ချီးမြှောက်ခြင်းသို့ ရောက်လိမ့်မည်။’—လု. ၁၈:၉-၁၄

‘လွန်ကျူးစွာဖြောင့်မတ်ခြင်း’ အန္တရာယ်

၈၊ ၉။ ‘လွန်ကျူးစွာဖြောင့်မတ်ခြင်း’ က ဘာကိုဆိုလိုတာလဲ၊ အဲဒါက ကျွန်ုပ်တို့ကို ဘာလုပ်မိစေနိုင်သလဲ။

ကျွန်ုပ်တို့ရှောင့်သင့်တဲ့ နောက်အန္တရာယ်တစ်ခုကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကိုဖျက်ချင်သနည်း။” (ဒေ. ၇:၁၆) စွမ်းအားတော်လှုံ့ဆော်မှုနဲ့ရေးခဲ့တဲ့ ကျမ်းရေးသူက အဲဒီသဘောထားကို ရှောင်ရတဲ့အကြောင်းရင်းကို အခန်းငယ် ၂၀ မှာ ဒီလိုဖော်ပြထားတယ်– “အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်းတစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ။” ‘လွန်ကျူးစွာဖြောင့်မတ်’ သူဟာ ကိုယ်ပိုင်စံနှုန်းချမှတ်ပြီး အဲဒီစံနှုန်းနဲ့ တခြားသူတွေကို စီရင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ကိုယ့်ရဲ့စံနှုန်းကို ဘုရားသခင့်စံနှုန်းအထက်မှာတင်ခြင်းဖြစ်ပြီး အဲဒီလိုလုပ်သူက ဘုရားသခင့်အမြင်မှာ မဖြောင့်မတ်တဲ့သူဖြစ်တယ်ဆိုတာကို သူမေ့လျော့နေတယ်။

‘လွန်ကျူးစွာဖြောင့်မတ်ခြင်း’ ဒါမှမဟုတ် တခြားဘာသာပြန်ကျမ်းအရ ‘ထူးကဲစွာဖြောင့်မတ်ခြင်း’ က ကိစ္စရပ်တွေအပေါ် ယေဟောဝါကိုင်တွယ်ပုံကို သံသယဝင်စေနိုင်တယ်။ ယေဟောဝါရဲ့ဆုံးဖြတ်ချက်တွေ တရားမျှတမှုရှိမရှိ၊ ဖြောင့်မှန်မှုရှိမရှိ သံသယဝင်တာက ကိုယ်တော့်စံနှုန်းအပေါ်မှာ မိမိစံနှုန်းကို တင်လိုက်ခြင်းဖြစ်တယ်ဆိုတာ သတိရသင့်တယ်။ အဲဒါက အမှားအမှန်နဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ ယေဟောဝါကို စစ်ဆေး၊ စီရင်တာနဲ့တူတယ်။ ဒါပေမဲ့ ဖြောင့်မတ်ခြင်းနဲ့ပတ်သက်တဲ့စံနှုန်းကို ချမှတ်ပိုင်ခွင့်ရှိသူဟာ ကျွန်ုပ်တို့မဟုတ်ဘဲ ယေဟောဝါသာဖြစ်တယ်။—ရော. ၁၄:၁၀

၁၀။ ယောဘအဖြစ်မှာလို ဘယ်အခြေအနေကြောင့် ဘုရားသခင်ကို တရားစီရင်မိနိုင်သလဲ။

၁၀ ဘယ်သူကမှ ဘုရားသခင်ကို တမင်တကာစီရင်လိုကြမှာမဟုတ်ပေမဲ့ ကျွန်ုပ်တို့ရဲ့ မစုံလင်တဲ့လူ့သဘာဝက အဲဒီလိုစီရင်မိသွားစေနိုင်တယ်။ မတရားဘူးလို့ ကျွန်ုပ်တို့ရှုမြင်တဲ့အရာကိုတွေ့တဲ့အခါ ဒါမှမဟုတ် ကိုယ်တိုင်အခက်အခဲတွေခံစားရတဲ့အခါ အဲဒီလိုအလွယ်တကူဖြစ်သွားနိုင်တယ်။ သစ္စာရှိတဲ့ ယောဘတောင် အဲဒီအမှားမျိုး လုပ်မိခဲ့တယ်။ ကျမ်းချက်အစပိုင်းမှာ ယောဘကို ‘စုံလင်ဖြောင့်မတ်သူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူ’ အဖြစ် ဖော်ပြထားတယ်။ (ယောဘ ၁:၁) ဒါပေမဲ့ နောက်ပိုင်းမှာ ယောဘဟာ မတရားပုံပေါက်တဲ့ ဘေးဆိုးတွေ တစ်ခုပြီးတစ်ခု ကြုံခဲ့ရတယ်။ ဒါကြောင့် ယောဘက “ဘုရားသခင်ထက် မိမိဖြောင့်မတ်” တယ်လို့ပြောခဲ့တယ်။ (ယောဘ ၃၂:၁၊ ၂) ယောဘရဲ့ရှုမြင်ပုံ ပြုပြင်ခံခဲ့ရတယ်။ ဒါကြောင့် ကျွန်ုပ်တို့လည်း တစ်ခါတလေ အဲဒီလိုဖြစ်တယ်ဆိုရင် မအံ့သြသင့်ဘူး။ အဲဒီလိုဖြစ်ရင် ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲဖို့ ဘာကကူညီပေးမလဲ။

အချက်အလက်အားလုံးကို ကျွန်ုပ်တို့ အမြဲမသိကြ

၁၁၊ ၁၂။ (က) မတရားဘူးလို့ထင်တဲ့အရာတစ်ခုခုနဲ့ ကြုံရတဲ့အခါ ဘာကို သတိရဖို့လိုသလဲ။ (ခ) ယေရှုပြောခဲ့တဲ့ စပျစ်ဥယျာဉ်လုပ်သားပုံဥပမာက မျှတမှုမရှိဘူးလို့ ဘာကြောင့်ခံစားရနိုင်သလဲ။

၁၁ ကျွန်ုပ်တို့အမှတ်ရသင့်တဲ့ ပထမအချက်က အချက်အလက်အားလုံးကို ကျွန်ုပ်တို့ အမြဲမသိဘူးဆိုတာပဲ။ ယောဘ အဲဒီလိုပဲဖြစ်ခဲ့တယ်။ ကောင်းကင်မှာ ကောင်းကင်သားတွေစည်းဝေးလုပ်ပြီး အဲဒီမှာ စာတန် သူ့ကိုစွပ်စွဲခဲ့တယ်ဆိုတာကို သူမသိခဲ့ဘူး။ (ယောဘ ၁:၇-၁၂; ၂:၁-၆) သူခံစားရတဲ့အခက်အခဲတွေက စာတန်ကြောင့်ဖြစ်တယ်ဆိုတာကိုလည်း ယောဘမသိခဲ့ဘူး။ စာတန်အကြောင်း ယောဘ ဘယ်လောက်သိတယ်ဆိုတာကို ကျွန်ုပ်တို့ အသေအချာမသိဘူး။ ဒါကြောင့် သူ့ရဲ့ဒုက္ခတွေဟာ ဘုရားသခင်ကြောင့်ဖြစ်တယ်လို့ မှားယွင်းစွာ ကောက်ချက်ချခဲ့တယ်။ အလားတူပါပဲ၊ အချက်အလက်အားလုံးကို ကျွန်ုပ်တို့မသိတဲ့အခါ မှားယွင်းတဲ့ကောက်ချက် အလွယ်တကူချမိနိုင်တယ်။

၁၂ ဥပမာ၊ ယေရှုပြောခဲ့တဲ့ စပျစ်ဥယျာဉ်လုပ်သားတွေ ပုံဥပမာကို သုံးသပ်ကြည့်ပါ။ (မဿဲ ၂၀:၈-၁၆ ကိုဖတ်ပါ။) ဒီဥပမာမှာ တစ်နေကုန်အလုပ်လုပ်တဲ့ အလုပ်သမားတွေကိုရော၊ တစ်နာရီပဲလုပ်တဲ့အလုပ်သမားတွေကိုပါ တူညီတဲ့လုပ်ခပေးခဲ့တဲ့ ဥယျာဉ်ပိုင်ရှင်အကြောင်း ယေရှု ပြောခဲ့တယ်။ ဒီအကြောင်းဖတ်ပြီး ဘယ်လိုခံစားရပါသလဲ။ မတရားပုံပေါက်နေသလား။ နေပူကျဲကျဲမှာ တစ်နေကုန်အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတွေအတွက် စိတ်မကောင်းဖြစ်မိနိုင်တယ်။ သူတို့တွေ လုပ်ခပိုရသင့်တယ်လို့ သင်ခံစားရနိုင်တယ်။ အဲဒီလိုယူမှတ်တဲ့အတွက် ဥယျာဉ်ပိုင်ရှင်ကို မေတ္တာမဲ့သူ၊ မတရားသူအဖြစ် ရှုမြင်သွားနိုင်တယ်။ ပြစ်တင်ညည်းညူခဲ့ကြတဲ့အလုပ်သမားတွေကို ပိုင်ရှင်ပြန်ဖြေတဲ့အဖြေကိုကြည့်ပြီး အခွင့်အာဏာသုံးပြီး အနိုင်ကျင့်တာလို့ ယူဆမိနိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့မှာ အချက်အလက်အားလုံး ရှိသလား။

၁၃။ စပျစ်ဥယျာဉ်မှာအလုပ်လုပ်တဲ့ အလုပ်သမားတွေ ပုံဥပမာကို တခြားဘယ်ရှုထောင့်ကနေ ကြည့်နိုင်သလဲ။

၁၃ ဒီပုံဥပမာကို တခြားရှုထောင့်ကနေ ကြည့်ရအောင်။ ပုံဥပမာထဲက ဥယျာဉ်ပိုင်ရှင်က အလုပ်သမားအားလုံးဟာ မိသားစုကို ထောက်ပံ့နေရတယ်ဆိုတာကို သိထားတယ်။ ယေရှုခေတ်တုန်းက ခြံလုပ်သားတွေဟာ နေ့စားအလုပ်သမားတွေဖြစ်တယ်။ အဲဒါကို စိတ်ထဲထားပြီး နေ့ကုန်ခါနီးမှာမှ ဥယျာဉ်ပိုင်ရှင်က သူတို့ကိုခေါ်လို့ တစ်နာရီပဲအလုပ်လုပ်ရတဲ့သူတွေရဲ့ အခြေအနေကို စဉ်းစားကြည့်ပါ။ တစ်နာရီလုပ်ခနဲ့ သူတို့ရဲ့မိသားစုကို မကျွေးမွေးနိုင်ဘူး၊ ဒါပေမဲ့ သူတို့က အလုပ်လုပ်ချင်ပြီး အလုပ်ရဖို့ တစ်နေ့လုံးစောင့်နေခဲ့ကြတယ်။ (မ. ၂၀:၁-၇) တစ်နေ့လုံးအလုပ်လုပ်ခွင့်မရတာက သူတို့ရဲ့အပြစ်မဟုတ်ဘူး။ အလုပ်မလုပ်ချင်လို့ တမင်တကာရှောင်နေတာလို့လည်း မဖော်ပြထားဘူး။ ကိုယ့်ရဲ့တစ်နေ့စာလုပ်ခကို မှီခိုနေရတဲ့သူရှိတယ်ဆိုတဲ့အသိနဲ့ အလုပ်လုပ်ဖို့ တစ်နေကုန်စောင့်နေရသူအဖြစ် သင့်ကိုယ်သင်မြင်ယောင်ကြည့်ပါ။ အလုပ်ရတဲ့အတွက် အရမ်းကျေးဇူးတင်ပြီး သင့်မိသားစုကိုကျွေးမွေးဖို့ လုံလောက်တဲ့လုပ်ခရလို့ သင် အရမ်းအံ့သြမှာဖြစ်တယ်။

၁၄။ စပျစ်ဥယျာဉ်ပုံဥပမာကနေ ဘယ်အဖိုးတန်သင်ခန်းစာကို ကျွန်ုပ်တို့ သင်ယူသိရှိရသလဲ။

၁၄ အခု ခြံပိုင်ရှင်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ်ကြည့်ကြစို့။ သူ ဘယ်သူ့ကိုမှ လုပ်ခလျော့မပေးခဲ့ဘူး။ လုပ်သားအားလုံးကို သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့မိသားစုကိုထောက်ပံ့ဖို့ လုပ်ခရထိုက်တဲ့သူတွေအဖြစ် ဆက်ဆံခဲ့တယ်။ အလုပ်သမားပေါများတဲ့အတွက် ရသင့်တဲ့လုပ်ခကိုလျော့ပေးပြီး အလုပ်သမားတွေကို ခေါင်းပုံဖြတ်အမြတ်မထုတ်ခဲ့ဘူး။ လုပ်သားတွေအားလုံး မိသားစုကို အလုံအလောက်ကျွေးမွေးနိုင်တဲ့ငွေနဲ့ အိမ်ပြန်သွားကြတယ်။ ဒီထပ်ဆင့်အချက်တွေကို သုံးသပ်ခြင်းက ခြံပိုင်ရှင်ရဲ့လုပ်ရပ်အပေါ် ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံကို ပြောင်းလဲစေတယ်။ သူဟာ မေတ္တာရှိရှိ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အာဏာနဲ့ နိုင်လိုမင်းထက်ပြုလုပ်ခဲ့တာမဟုတ်ဘူး။ ဘာသင်ခန်းစာရသလဲ။ အချက်အလက် အနည်းငယ်ကိုသာသိခြင်းက မှားယွင်းတဲ့ကောက်ချက်ချမိစေနိုင်တယ်။ တရားဥပဒေနဲ့ လူတွေရထိုက်ရာတွေအပေါ်မှာသာ အခြေမခံတဲ့ ဘုရားသခင့်ဖြောင့်မတ်ခြင်းက သာလွန်မြင့်မြတ်တယ်ဆိုတဲ့အချက်ကို ဒီပုံဥပမာက အလေးပေးဖော်ပြတယ်။

ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံ လွဲမှားနိုင် ဒါမှမဟုတ် အကန့်အသတ်ရှိနိုင်

၁၅။ မျှတမှုနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ရှုမြင်ချက်က ဘာကြောင့်လွဲမှား ဒါမှမဟုတ် အကန့်အသတ်ရှိနိုင်သလဲ။

၁၅ မတရားပုံပေါက်တဲ့ အခြေအနေတစ်ခုနဲ့ ကြုံတွေ့ရတဲ့အခါ သတိရဖို့လိုတဲ့ ဒုတိယအချက်က ကျွန်ုပ်တို့ရဲ့ ရှုမြင်ပုံက လွဲမှားနိုင်တယ် ဒါမှမဟုတ် အကန့်အသတ်ရှိနိုင်တယ် ဆိုတဲ့အချက်ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံဟာ မစုံလင်မှု၊ မလိုမုန်းထားမှု ဒါမှမဟုတ် ယဉ်ကျေးမှုနောက်ခံတွေကြောင့် လွဲမှားသွားနိုင်တယ်။ လူတွေရဲ့သဘောထားကို သိမြင်နိုင်စွမ်းမရှိသလို သူတို့နှလုံးထဲမှာ ဘာရှိတယ်ဆိုတာ မသိနိုင်တဲ့အတွက်ကြောင့်လည်း ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံက အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှုမှာတော့ ဒီလိုကန့်သတ်ချက်တွေ မရှိဘူး။—သု. ၂၄:၁၂; မ. ၉:၄; လု. ၅:၂၂

၁၆၊ ၁၇။ ဒါဝိဒ်နဲ့ဗာသရှေဘ မှားယွင်းခဲ့တဲ့အချိန်မှာ ယေဟောဝါက ဘာကြောင့် သူတို့ကို အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ပတ်သက်တဲ့ ပညတ်အတိုင်း မစီရင်ခဲ့တာလဲ။

၁၆ ဒါဝိဒ်နဲ့ဗာသရှေဘတို့ အိမ်ထောင်ရေးဖောက်ပြန်တဲ့အကြောင်းကို သုံးသပ်ကြည့်ကြစို့။ (၂ ရာ. ၁၁:၂-၅) မောရှေပညတ်အရ သူတို့ကို သေဒဏ်ပေးရမှာဖြစ်တယ်။ (ဝတ်. ၂၀:၁၀; တရား. ၂၂:၂၂) ယေဟောဝါ သူတို့ကို အပြစ်ပေးခဲ့ပေမဲ့ ပညတ်တရားအတိုင်း မစီရင်ခဲ့ဘူး။ ယေဟောဝါ မမျှမတစီရင်တာလား။ ဒါဝိဒ်ကိုမျက်နှာလိုက်ပြီး မိမိရဲ့ဖြောင့်မတ်တဲ့စံနှုန်းတွေကို ချိုးဖောက်နေတာလား။ ကျမ်းစာဖတ်သူတချို့က အဲဒီလိုခံစားကြရတယ်။

၁၇ ဒါပေမဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ ပတ်သက်တဲ့ပညတ်က လူ့နှလုံးကိုမမြင်နိုင်တဲ့ မစုံလင်တဲ့လူသားတရားသူကြီးတွေအတွက် ထုတ်ထားတာဖြစ်တယ်။ သူတို့မှာအကန့်အသတ်ရှိပေမဲ့ တရားစီရင်ရာမှာ တစ်ပြေးညီဖြစ်စေဖို့ ဒီပညတ်က အကူအညီပေးတယ်။ ဒါပေမဲ့ ယေဟောဝါက နှလုံးကို မြင်နိုင်တယ်။ (က. ၁၈:၂၅; ၅ ရာ. ၂၉:၁၇) ဒါကြောင့် မစုံလင်တဲ့တရားသူကြီးတွေအတွက် ထုတ်ဆင့်ထားတဲ့ပညတ်တွေနဲ့ ယေဟောဝါကို မကန့်သတ်သင့်ဘူး။ အဲဒီလိုလုပ်မယ်ဆိုရင် အမြင်အာရုံချို့တဲ့သူအတွက် လုပ်ထားတဲ့မျက်မှန်ကို အမြင်အာရုံကောင်းသူကို အတင်းတပ်ခိုင်းတာနဲ့ မတူနေဘူးလား။ ဒါဝိဒ်နဲ့ဗာသရှေဘရဲ့ စိတ်နှလုံးထဲမှာရှိတာကို ယေဟောဝါသိမြင်ခဲ့ပြီး သူတို့ရဲ့ စစ်မှန်တဲ့နောင်တကို မြင်တွေ့ခဲ့တယ်။ ကိုယ်တော်က ဒီအချက်တွေကို ထည့်သွင်းသုံးသပ်ပြီး သူတို့ကို ကြင်နာမှုရှိရှိ၊ မေတ္တာပါပါ စီရင်ခဲ့တာဖြစ်တယ်။

ယေဟောဝါရဲ့ဖြောင့်မတ်ခြင်းကို ဆက်ရှာပါ

၁၈၊ ၁၉။ ဖြောင့်မတ်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ ယေဟောဝါကို တရားမစီရင်မိဖို့ ဘာကကူညီပေးမလဲ။

၁၈ ကျမ်းစာထဲမှာဖြစ်စေ၊ ကျွန်ုပ်တို့ရဲ့အသက်တာမှာဖြစ်စေ ယေဟောဝါ မတရားဘူးလို့ ခံစားမိနိုင်တဲ့ အကြောင်းအရာတစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါတွေမှာ ဖြောင့်မတ်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ ဘုရားသခင်ကို တရားမစီရင်မိပါစေနဲ့။ ကျွန်ုပ်တို့ဟာ အချက်အလက်အားလုံးကို အမြဲတမ်းမသိနိုင်ဘူး၊ ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံက လွဲမှားနိုင် ဒါမှမဟုတ် အကန့်အသတ်ရှိနိုင်တယ်ဆိုတာ သတိရပါ။ “လူတစ်ဦး၏အမျက်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေ” ဘူးဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။ (ယာ. ၁:၁၉၊ ၂၀) ဒီလိုနည်းအားဖြင့် ကျွန်ုပ်တို့ရဲ့နှလုံးဟာ ‘ယေဟောဝါကို ကဲ့ရဲ့ပြစ်တင်’ မိမှာမဟုတ်ဘူး။—သု. ၁၉:၃

၁၉ ဖြောင့်မတ်ခြင်းနဲ့ ကောင်းမြတ်ခြင်းအတွက် စံနှုန်းချမှတ်ပိုင်ခွင့်ရှိသူဟာ ယေဟောဝါတစ်ပါးတည်းသာဖြစ်ကြောင်း ယေရှုလိုပဲ အမြဲအသိအမှတ်ပြုကြစို့။ (မာ. ၁၀:၁၇၊ ၁၈) ကိုယ်တော့်စံနှုန်းတွေနဲ့ပတ်သက်တဲ့ “တိကျမှန်ကန်သောအသိပညာ” ဒါမှမဟုတ် “မှန်သောပညာ” ရဖို့ကြိုးစားပါ။ (ရော. ၁၀:၂သမ္မာကျမ်း; ၂ တိ. ၃:၇) ဒီအချက်တွေကိုလက်ခံပြီး ယေဟောဝါရဲ့အလိုတော်နဲ့အညီ အသက်ရှင်နေထိုင်ခြင်းက ‘ဘုရားသခင့်ဖြောင့်မတ်ခြင်း’ ကိုဦးစွာရှာလျက်နေကြောင်း တင်ပြခြင်းဖြစ်တယ်။—မ. ၆:၃၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ကျမ်းပညာရှင်တစ်ဦးရဲ့အဆိုအရ “တည်စေရန်” ဆိုတဲ့ မူရင်းစကားလုံးက ‘အထိမ်းအမှတ် မှတ်တိုင်တစ်ခုကို စိုက်ထူခြင်း’ လို့လည်း အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် ဒီဂျူးတွေဟာ ဘုရားသခင်ကိုမဟုတ်ဘဲ ကိုယ်တိုင်ချီးမွမ်းခံရဖို့ ပုံဆောင်မှတ်တိုင်တစ်ခု စိုက်ထူတာနဲ့တူတယ်။

သင်မှတ်မိသလား

• ယေဟောဝါရဲ့ဖြောင့်မတ်ခြင်းကိုရှာဖို့ ဘာကြောင့် အရေးကြီးသလဲ။

• ဘယ်အန္တရာယ်နှစ်ခုကို ကျွန်ုပ်တို့ရှောင်ဖို့လိုသလဲ။

• ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ဘယ်လိုဦးစွာရှာနိုင် သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ဝတ်ပြုရာအိမ်တော်မှာဆုတောင်းတဲ့ လူနှစ်ဦးပုံဥပမာကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာသင်ယူနိုင်သလဲ

[စာမျက်နှာ ၁၀ ပါရုပ်ပုံ]

တစ်နာရီပဲအလုပ်လုပ်တဲ့သူတွေကို တစ်နေကုန်အလုပ်လုပ်တဲ့သူတွေနဲ့ လုပ်ခတန်းတူပေးတာက မတရားတာလား