မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်သူချင်းများကို ဂုဏ်တင်ရာတွင် သင်ဦးဆောင်သလော

ယုံကြည်သူချင်းများကို ဂုဏ်တင်ရာတွင် သင်ဦးဆောင်သလော

ယုံကြည်သူချင်းများကို ဂုဏ်တင်ရာတွင် သင်ဦးဆောင်သလော

“ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်း ချစ်ခင်စုံမက်ကြလော့။ အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။”—ရော. ၁၂:၁၀

၁၊ ၂။ (က) ရောမမှာရှိတဲ့ခရစ်ယာန်တွေကို ရေးတဲ့စာမှာ ပေါလု ဘယ်လိုတိုက်တွန်းခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

ရောမမှာရှိတဲ့ ခရစ်ယာန်တွေကိုရေးတဲ့စာမှာ တမန်တော်ပေါလုက အသင်းတော်အတွင်းမှာ ခရစ်ယာန်အချင်းချင်းမေတ္တာပြဖို့ အရေးကြီးတဲ့အကြောင်း အလေးပေးဖော်ပြခဲ့တယ်။ ကျွန်ုပ်တို့ရဲ့မေတ္တာက “ဟန်ဆောင်မှုကင်း” သင့်တယ်လို့ သူသတိပေးခဲ့တယ်။ “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်း” အကြောင်းကိုလည်းဖော်ပြခဲ့ပြီး အဲဒီချစ်ခြင်းမေတ္တာကို “ချစ်ခင်စုံမက်ခြင်း” နဲ့တင်ပြသင့်တယ်လို့ပြောခဲ့တယ်။—ရော. ၁၂:၉၊ ၁၀က

ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းက အခြားသူတွေအပေါ် လှိုက်လှဲတဲ့ခံစားချက်ရှိခြင်းထက်မက ပါဝင်တယ်။ အဲဒီခံစားချက်ကို လုပ်ရပ်နဲ့ပြဖို့လိုတယ်။ ဒါကို တစ်နည်းနည်းနဲ့ ထုတ်ဖော်မပြရင် ကျွန်ုပ်တို့ရဲ့ မေတ္တာနဲ့ ချစ်ခင်စုံမက်မှုကို ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒါကြောင့် ပေါလုက “အချင်းချင်းဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့” ဆိုပြီး ဆက်တိုက်တွန်းခဲ့တယ်။ (ရော. ၁၂:၁၀ခ) ဂုဏ်တင်မှုပြရာမှာ ဘယ်အရာပါဝင်ပတ်သက်သလဲ။ ယုံကြည်သူအချင်းချင်းကို ဂုဏ်တင်ရာမှာဦးဆောင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဒါကို ကျွန်ုပ်တို့ ဘယ်လိုပြနိုင်သလဲ။

လေးစားမှုနဲ့ ဂုဏ်တင်မှု

၃။ “ဂုဏ်တင်” ဆိုတဲ့ မူရင်းကျမ်းစကားလုံးမှာ ဘယ်လိုအဓိပ္ပာယ်တွေပါဝင်သလဲ။

“ဂုဏ်တင်” ဆိုတဲ့ မူရင်းဟေဗြဲစကားလုံးက စာသားအရ “လေးလံခြင်း” လို့အဓိပ္ပာယ်ရတယ်။ ဂုဏ်တင်ခံရတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ အချိန်စီးသူ ဒါမှမဟုတ် အရေးပါအရာရောက်သူအဖြစ် သတ်မှတ်ခံရတယ်။ ဒီစကားလုံးကို ကျမ်းစာမှာ “ဘုန်းစည်းစိမ်” လို့လည်းပြန်ဆိုလေ့ရှိပြီး ဒါက ဂုဏ်တင်ခံရသူကို အလွန်အထင်ကြီးလေးစားမှု ပြခြင်းဖြစ်တယ်။ (က. ၄၅:၁၃) ကျမ်းစာမှာပါတဲ့ “ဂုဏ်တင်” ဆိုတဲ့ ဂရိစကားလုံးက ကြည်ညိုခြင်း၊ လေးမြတ်ခြင်း၊ အဖိုးထိုက်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ (လု. ၁၄:၁၀) ဒါကြောင့် ကျွန်ုပ်တို့ဂုဏ်တင်တဲ့သူတွေက ကျွန်ုပ်တို့ တန်ဖိုးထားတဲ့သူတွေဖြစ်တယ်။

၄၊ ၅။ ဂုဏ်တင်မှုပြခြင်းနဲ့ လေးစားမှုရှိခြင်းက ဘယ်လိုဆက်စပ်မှုရှိသလဲ၊ ရှင်းပြပါ။

တခြားသူတွေကိုဂုဏ်တင်ခြင်းမှာ ဘာပါဝင်သလဲ။ ဂုဏ်တင်နိုင်ဖို့အတွက် အရင်ဆုံးလေးစားမှုရှိဖို့လိုတယ်။ “ဂုဏ်တင်” နဲ့ “လေးစား” ဆိုတဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်က ဆက်စပ်နေတဲ့အတွက် ဒီစကားလုံးနှစ်လုံးကို တွဲသုံးလေ့ရှိတယ်။ ဂုဏ်တင်ခြင်းက လေးစားမှုရှိကြောင်း ထုတ်ဖော်ပြသခြင်းဖြစ်တယ်။ ညီအစ်ကိုညီအစ်မတွေကို လေးစားတယ်ဆိုတာက သူတို့ကို ကျွန်ုပ်တို့ ဘယ်လိုရှုမြင်တယ်ဆိုတာကို ရည်ညွှန်းခြင်းဖြစ်ပြီး ညီအစ်ကိုညီအစ်မတွေကို ဂုဏ်တင်တယ်ဆိုတာက သူတို့ကို ကျွန်ုပ်တို့ ဘယ်လိုဆက်ဆံတယ်ဆိုတာကို ရည်ညွှန်းတယ်။

ခရစ်ယာန်တစ်ဦးဟာ ယုံကြည်သူချင်းတွေကို စိတ်နှလုံးထဲကနေ တကယ်မလေးစားဘဲနဲ့ စစ်မှန်တဲ့ဂုဏ်တင်မှု ပြနိုင်မှာမဟုတ်ဘူး။ (၃ ယော. ၉၊ ၁၀) အပင်တစ်ပင်ဟာ မြေဆီလွှာကောင်းကောင်းမှာ အမြစ်စွဲနေမှ ကြီးထွားပြီး ရေရှည်ရှင်သန်နိုင်မှာဖြစ်သလို စိတ်နှလုံးထဲကနေ တကယ်လေးစားမှုရှိမှသာ ဂုဏ်တင်ခြင်းက စစ်မှန်ပြီး ရေရှည်တည်တံ့မှာဖြစ်တယ်။ ဒါကြောင့် စိတ်နှလုံးထဲမှာ တကယ်လေးစားမှုမရှိတဲ့ ဟန်ဆောင်ဂုဏ်တင်မှုဟာ အနှေးနဲ့အမြန် ကွယ်ပျောက်သွားမှာဖြစ်တယ်။ ဒါကြောင့် ပေါလုက ဂုဏ်တင်မှုပြပါဆိုတဲ့ တိုက်တွန်းချက်ကိုမပြောခင် “သင်တို့၏မေတ္တာသည် ဟန်ဆောင်မှုကင်းပါစေ” ဆိုပြီး ရှင်းရှင်းလင်းလင်း သတိပေးခဲ့တယ်။—ရော. ၁၂:၉; ၁ ပေတရု ၁:၂၂ ကိုဖတ်ပါ

“ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံရသူတွေကို ဂုဏ်တင်ပါ

၆၊ ၇။ တခြားသူတွေကို ကျွန်ုပ်တို့ ဘာကြောင့် လေးစားဖို့လိုသလဲ။

စိတ်နှလုံးထဲကနေ လေးစားမှုရှိမှသာ ဂုဏ်တင်နိုင်မှာဖြစ်လို့ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေကို လေးစားဖို့ ကျမ်းဆိုင်ရာအကြောင်းပြချက်ရှိတယ်ဆိုတာကို မမေ့သင့်ဘူး။ ဒီအကြောင်းပြချက်တွေထဲက နှစ်ခုကို သုံးသပ်ကြည့်ကြစို့။

လူသားတွေဟာ တခြားသတ္တဝါတွေနဲ့မတူဘဲ “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံထားရတယ်။ (ယာ. ၃:၉) ဒါကြောင့် ဘုရားသခင်ရဲ့အရည်အသွေးတွေဖြစ်တဲ့ မေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတခြင်းစတဲ့ အရည်အသွေးတွေ ကျွန်ုပ်တို့မှာ ရှိတယ်။ ဖန်ဆင်းရှင်ထံက ရရှိထားတဲ့ အခြားအရာတစ်ခုကိုလည်း သတိပြုကြည့်ပါ။ ဒါနဲ့ပတ်သက်ပြီး ဆာလံဆရာ ဒီလိုဖော်ပြခဲ့တယ်– ‘အိုယေဟောဝါ ဘုန်းအာနုဘော်တန်ခိုးတော်သည် မိုးကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။ [လူ]ကို ကောင်းကင်တမန်တို့အောက် အနည်းငယ်နှိမ့်တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေ နှင့် ပတ်ရစ်တော်မူပြီ။’ (ဆာ. ၈:၁၊ ၄၊ ၅; ၁၀၄:၁) * ဘုရားသခင်က လူသားတွေကို အတိုင်းအတာတစ်ခုအထိ လေးစားမှုပြခြင်းအားဖြင့် သူတို့ကို ဘုန်းအသရေနဲ့ပတ်ရစ်ဂုဏ်တင်ခဲ့တယ်။ ဒါကြောင့် တခြားသူတစ်ဦးကို လေးစားခြင်းက လူသားတွေကို အစပြုလေးစားမှုပြခဲ့တဲ့ ယေဟောဝါကို အသိအမှတ်ပြုခြင်းဖြစ်တယ်။ လူသားထုတစ်ရပ်လုံးကို လေးစားဖို့ခိုင်လုံတဲ့အကြောင်းရင်းတွေရှိတယ်ဆိုရင် ယုံကြည်သူချင်းတွေကို ပိုပြီး လေးစားရမှာဖြစ်တယ်။—ယော. ၃:၁၆; ဂလ. ၆:၁၀

မိသားစုဝင်များဖြစ်ကြ

၈၊ ၉။ ယုံကြည်သူချင်းတွေကို လေးစားရတဲ့ ဘယ်လိုအကြောင်းရင်းတွေကို ပေါလုဖော်ပြခဲ့သလဲ။

တစ်ဦးကိုတစ်ဦး လေးစားမှုပြရတဲ့ နောက်ထပ်အကြောင်းရင်းကို ပေါလုဖော်ပြခဲ့တယ်။ ဂုဏ်တင်မှုပြရမယ်ဆိုတဲ့ တိုက်တွန်းချက်ကိုမပေးခင် ပေါလုက “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်း ချစ်ခင်စုံမက်ကြလော့” လို့ ပြောခဲ့တယ်။ “ချစ်ခင်စုံမက်” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက ချစ်ခင်ပြီး အပြန်အလှန်ဖေးမတတ်တဲ့ မိသားစုကိုစည်းလုံးစေတဲ့ ခိုင်မြဲတဲ့နှောင်ကြိုးကို ရည်ညွှန်းတယ်။ ဒါကြောင့် ပေါလုက အဲဒီအသုံးအနှုန်းကိုသုံးပြီး အသင်းတော်ရဲ့ဆက်ဆံရေးဟာ ချစ်ခင်စည်းလုံးတဲ့ မိသားစုဆက်ဆံရေးလိုဖြစ်သင့်တယ်လို့ အလေးပေးဖော်ပြတယ်။ (ရော. ၁၂:၅) အဲဒီစကားတွေကို စွမ်းအားတော်ဖွားခရစ်ယာန်တွေအတွက် ရေးခဲ့တယ်ဆိုတာ မှတ်သားပါ၊ သူတို့တွေက ခမည်းတော်ယေဟောဝါရဲ့ မွေးစားခြင်းကိုခံရတဲ့ သားသမီးတွေဖြစ်တယ်။ အလွန်ထူးခြားတဲ့အဓိပ္ပာယ်နဲ့ သူတို့ဟာ ရင်းနှီးတဲ့မိသားစုတစ်စုဖြစ်တယ်။ ဒါက ပေါလုခေတ်က စွမ်းအားတော်ဖွားခရစ်ယာန်တွေ တစ်ဦးကိုတစ်ဦးလေးစားသင့်တဲ့ အကြောင်းရင်းဖြစ်တယ်။ ယနေ့စွမ်းအားတော်ဖွားတွေလည်း အဲဒီအကြောင်းရင်းကြောင့်ပဲ အချင်းချင်းလေးစားသင့်တယ်။

“အခြားသိုး” ဝင်တွေကော ဘယ်လိုလဲ။ (ယော. ၁၀:၁၆) သူတို့တွေဟာ ဘုရားသခင်ရဲ့ မွေးစားခြင်း မခံရသေးပေမဲ့ သူတို့ကို စည်းလုံးတဲ့ ကမ္ဘာချီခရစ်ယာန်မိသားစုတစ်ခုအဖြစ် ဖွဲ့စည်းထားတဲ့အတွက် တစ်ဦးကိုတစ်ဦး ညီအစ်ကို၊ ညီအစ်မလို့ ခေါ်နိုင်တယ်။ (၁ ပေ. ၂:၁၇; ၅:၉) ဒါကြောင့် အခြားသိုးဝင်တွေဟာ “ညီအစ်ကို၊” “ညီအစ်မ” လို့ ခေါ်ရတဲ့အကြောင်းရင်းကို ကောင်းကောင်းနားလည်မယ်ဆိုရင် သူတို့မှာလည်း ယုံကြည်သူချင်းတွေကို စိတ်နှလုံးထဲက လေးစားမှုပြဖို့ ခိုင်လုံတဲ့အကြောင်းရင်းရှိတယ်။—၁ ပေတရု ၃:၈ ကိုဖတ်ပါ။

ဘာကြောင့်အရေးကြီး

၁၀၊ ၁၁။ လေးစားမှုရှိပြီး ဂုဏ်တင်မှုပြဖို့ ဘာကြောင့်အရေးကြီးတာလဲ။

၁၀ လေးစားမှုနဲ့ ဂုဏ်တင်မှုပြဖို့ ဘာကြောင့် အရေးကြီးတာလဲ။ ဒီအချက်ကြောင့်ဖြစ်တယ်– ညီအစ်ကို ညီအစ်မတွေကို ဂုဏ်တင်မှုပြခြင်းက အသင်းတော်တစ်ခုလုံးရဲ့ကောင်းကျိုးနဲ့ စည်းလုံးမှုအတွက် ကျွန်ုပ်တို့ ကူညီပေးနေခြင်းဖြစ်တယ်။

၁၁ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ကိုယ်တော့်စွမ်းအားတော်ရဲ့ထောက်မမှုကို ရရှိခြင်းက စစ်မှန်တဲ့ခရစ်ယာန်တွေကို ခွန်အားရှိစေတဲ့ ရင်းမြစ်ဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ သိထားကြတယ်။ (ဆာ. ၃၆:၇; ယော. ၁၄:၂၆) ဒါ့အပြင် ယုံကြည်သူချင်းတွေက ကျွန်ုပ်တို့ကို တန်ဖိုးထားကြောင်းတင်ပြတဲ့အခါ ကျွန်ုပ်တို့ အားရှိကြတယ်။ (သု. ၂၅:၁၁) တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို လေးစားကြောင်း အပြုအမူအပြောအဆိုနဲ့တင်ပြတဲ့အခါ စိတ်အားတက်လာတယ်။ ဒါက ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း အသက်လမ်းပေါ်မှာ ရွှင်လန်းစွာဆက်လျှောက်ဖို့ ခွန်အားရရှိစေတယ်။ သင်ကိုယ်တိုင် ဒီလို ခံစားခဲ့ဖူးမှာသေချာပါတယ်။

၁၂။ အသင်းတော်ကို မေတ္တာလွှမ်းခြုံတဲ့ဝန်းကျင်ဖြစ်ဖို့ တစ်ဦးစီက ဘယ်လိုကူညီပေးနိုင်သလဲ။

၁၂ လေးစားမှုခံရဖို့လိုတဲ့ ကျွန်ုပ်တို့ရဲ့မွေးရာပါလိုအပ်ချက်ကို ယေဟောဝါ သိတဲ့အတွက် ကိုယ်တော်ရဲ့စကားတော်ကနေတစ်ဆင့် “ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့” လို့ တိုက်တွန်းထားတယ်။ (ရော. ၁၂:၁၀သမ္မာကျမ်း; မဿဲ ၇:၁၂ ကိုဖတ်ပါ။) အချိန်မရွေးမှန်ကန်တဲ့ ဒီအကြံပေးချက်ကိုလိုက်နာတဲ့ ခရစ်ယာန်အားလုံးဟာ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကို မေတ္တာလွှမ်းခြုံတဲ့ အသိုင်းအဝိုင်းဖြစ်အောင်လုပ်ဆောင်နေကြတယ်။ ဒါကြောင့် မိမိကိုယ်ကို ဒီလိုမေးသင့်တယ်– ‘အသင်းတော်က ညီအစ်ကို၊ ညီအစ်မတစ်ယောက်ယောက်ကို နှလုံးထဲက တကယ်လေးစားကြောင်း အပြောအဆို၊ အပြုအမူနဲ့တင်ပြခဲ့တဲ့ နောက်ဆုံးအကြိမ်က ဘယ်တုန်းကလဲ။’—ရော. ၁၃:၈

အားလုံးမှာ တာဝန်ရှိ

၁၃။ (က) ဘယ်သူတွေက ဂုဏ်တင်ရာမှာ ဦးဆောင်သင့်သလဲ။ (ခ) ရောမ ၁:၇ မှာတွေ့ရတဲ့ ပေါလုရဲ့စကားက ဘာကိုဖော်ပြသလဲ။

၁၃ ဂုဏ်တင်မှုတင်ပြရာမှာ ဘယ်သူဦးဆောင်သင့်သလဲ။ ဟေဗြဲခရစ်ယာန်တွေကိုရေးတဲ့စာမှာ ပေါလုက ခရစ်ယာန်အကြီးအကဲတွေကို “ဦးဆောင်သူများ” အဖြစ်ဖော်ပြထားတယ်။ (ဟေဗြဲ ၁၃:၁၇) အကြီးအကဲတွေဟာ ကဏ္ဍများစွာမှာ ဦးဆောင်နေကြတာ မှန်ပါတယ်။ သိုးတော်စုကိုထိန်းကျောင်းတဲ့ သိုးထိန်းတွေအနေနဲ့ အတူတွဲအမှုဆောင်တဲ့ အကြီးအကဲတွေအပါအဝင် ယုံကြည်သူချင်းတွေကို ဂုဏ်တင်ရာမှာ ဦးဆောင်ဖို့လိုတယ်။ ဥပမာ၊ အသင်းတော်ရဲ့လိုအပ်ရာတွေကိုဆွေးနွေးဖို့ တွေ့ဆုံတဲ့အခါ အဖွဲ့မှာပါဝင်တဲ့ အကြီးအကဲအားလုံးရဲ့မှတ်ချက်ကို ဂရုစိုက်နားထောင်ခြင်းအားဖြင့် တစ်ဦးကိုတစ်ဦးဂုဏ်တင်ကြတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါ အကြီးအကဲအားလုံးရဲ့ ထင်မြင်ယူဆချက်နဲ့ ဖော်ပြချက်တွေကို ထည့်သွင်းသုံးသပ်ခြင်းအားဖြင့် ဂုဏ်တင်မှုပြကြတယ်။ (တ. ၁၅:၆-၁၅) ဒါပေမဲ့ ပေါလုက ရောမကျမ်းကိုရေးတဲ့အခါ အကြီးအကဲတွေကိုသာမဟုတ်ဘဲ အသင်းတော်တစ်ခုလုံးကိုရေးတယ်ဆိုတာ သတိရသင့်တယ်။ (ရော. ၁:၇) ဒါကြောင့် ဂုဏ်တင်ရာမှာ ဦးဆောင်ပါဆိုတဲ့ ပေါလုရဲ့တိုက်တွန်းချက်က ယနေ့ခရစ်ယာန်အားလုံးနဲ့လည်း သက်ဆိုင်တယ်။

၁၄။ (က) ဂုဏ်တင်မှုပြခြင်းနဲ့ ဂုဏ်တင်မှုပြရာမှာဦးဆောင်ခြင်းရဲ့ ကွာခြားပုံကို ဥပမာပေးပါ။ (ခ) မိမိကိုယ်ကို ဘယ်မေးခွန်း မေးနိုင်သလဲ။

၁၄ ပေါလုရဲ့ အကြံပြုချက်မှာပါတဲ့ ဒီအချက်ကိုလည်း သတိပြုပါ။ ရောမမှာရှိတဲ့ ယုံကြည်သူချင်းတွေကို ဂုဏ်တင်မှုပြပါလို့ပဲမပြောဘဲ ဂုဏ်တင်မှုပြရာမှာ ဦးဆောင်ပါလို့ တိုက်တွန်းခဲ့တယ်။ ဒီနှစ်ချက်က ဘယ်လိုကွာခြားသလဲ။ ဒီဥပမာကို သုံးသပ်ကြည့်ပါ– စာဖတ်တတ်တဲ့ကျောင်းသားတွေကို ဆရာက စာဖတ်တတ်အောင် သင်ယူဖို့ တိုက်တွန်းပါ့မလား။ တိုက်တွန်းမှာမဟုတ်ဘူး။ သူတို့က စာဖတ်တတ်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ ကျောင်းသားတွေ ပိုပြီးကျွမ်းကျွမ်းကျင်ကျင်ဖတ်တတ်အောင် ဆရာက ကူညီပေးလိုမှာဖြစ်တယ်။ အလားတူပါပဲ၊ တစ်ဦးကိုတစ်ဦးချစ်တဲ့မေတ္တာက ခရစ်ယာန်စစ်တွေရဲ့အမှတ်အသားဖြစ်တဲ့အတွက် ဂုဏ်တင်မှုပြဖို့လှုံ့ဆော်ပေးတဲ့ မေတ္တာက ကျွန်ုပ်တို့မှာ ရှိပြီးသားဖြစ်တယ်။ (ယော. ၁၃:၃၅) စာဖတ်တတ်တဲ့ကျောင်းသားတွေက စာဖတ်စွမ်းရည်တိုးတက်အောင် ဆက်လုပ်ဆောင်နိုင်သလို ကျွန်ုပ်တို့လည်း ဂုဏ်တင်မှုပြရာမှာ ဦးဆောင်ခြင်းအားဖြင့် ထပ်ဆင့်တိုးတက်နိုင်တယ်။ (၁ သက်. ၄:၉၊ ၁၀) ဒီတာဝန်ကို ကျွန်ုပ်တို့အားလုံးရရှိထားကြတယ်။ ကျွန်ုပ်တို့ မိမိကိုယ်ကို ဒီလိုမေးနိုင်ပါတယ်– ‘အသင်းတော်မှာရှိတဲ့ တခြားသူတွေကိုဂုဏ်တင်ဖို့ အစပြုလုပ်ဆောင်ခြင်းအားဖြင့် ဒီတာဝန်ကို ငါကျေပွန်နေသလား။’

နိမ့်ကျသူကို ဂုဏ်တင်ပါ

၁၅၊ ၁၆။ (က) ဂုဏ်တင်မှုပြတဲ့အခါ ဘယ်သူတွေကို လျစ်လျူမရှုသင့်သလဲ၊ ဘာကြောင့်လဲ။ (ခ)  ညီအစ်ကိုညီအစ်မအားလုံးကို ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးထဲကနေ လေးစားတယ်ဆိုတာ ဘာကဖော်ပြသလဲ။

၁၅ ဂုဏ်တင်မှုပြတဲ့အခါ အသင်းတော်မှာရှိတဲ့ ဘယ်သူတွေကို လျစ်လျူမရှုသင့်သလဲ။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ဆင်းရဲသား [“နိမ့်ကျသူ၊” ကဘ] ကိုသနားသောသူသည် ယေဟောဝါအားချေးငှားသောသူဖြစ်၍ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။’ (သု. ၁၉:၁၇) ဒီကျမ်းချက်မှာပါတဲ့မူက ဂုဏ်တင်မှုပြရာမှာဦးဆောင်ဖို့ ကြိုးစားတဲ့ ကျွန်ုပ်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။

၁၆ လူအများစုဟာ သူတို့ထက်အရေးပါအရာရောက်တဲ့သူတွေကို ဂုဏ်တင်မှုပြကြပြီး သူတို့ထက် နိမ့်ကျတဲ့သူတွေကိုတော့ အထင်သေး ဒါမှမဟုတ် မလေးမစားဆက်ဆံကြတာကို သင် သဘောတူပါလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါကတော့ ဒီလိုမဟုတ်ဘူး။ “ငါ့ကိုချီးမြှောက်သောသူကို ငါ ချီးမြှောက်မည်” လို့ ကိုယ်တော်ပြောခဲ့တယ်။ (၁ ရာ. ၂:၃၀; ဆာ. ၁၁၃:၅-၇) မိမိကိုဝတ်ပြုပြီး ဂုဏ်တင်တဲ့သူတွေကို ယေဟောဝါက ဂုဏ်တင်တယ်။ နိမ့်ကျတဲ့သူတွေကိုလည်း ကိုယ်တော်လျစ်လျူမရှုဘူး။ (၁ ဓမ္မရာဇဝင် ၂:၈ ကိုဖတ်ပါ; ၆ ရာ. ၁၆:၉) ယေဟောဝါကို ကျွန်ုပ်တို့ အမှန်ပဲတုပလိုကြပါတယ်။ တခြားသူတွေအပေါ် ကျွန်ုပ်တို့ အမှန်တကယ် ဂုဏ်တင်၊ မတင် သိလိုတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အသင်းတော်မှာ ထင်ပေါ်မှုမရှိသူတွေ၊ အခွင့်အရာ၊ တာဝန်မရှိသူတွေကို ကျွန်ုပ် ဘယ်လိုဆက်ဆံသလဲ။’ (ယော. ၁၃:၁၄၊ ၁၅) ဒီမေးခွန်းရဲ့အဖြေက တခြားသူတွေကို ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးထဲကနေ ဘယ်အတိုင်းအတာအထိ လေးစားမှုရှိသလဲဆိုတာ ဖော်ပြပါလိမ့်မယ်။—ဖိလိပ္ပိ ၂:၃၊ ၄ ကိုဖတ်ပါ။

ကျွန်ုပ်တို့ရဲ့ အချိန်ကိုပေးခြင်းဖြင့် ဂုဏ်တင်ခြင်း

၁၇။ ဂုဏ်တင်မှုပြရာမှာဦးဆောင်နိုင်တဲ့ အဓိကနည်းတစ်နည်းက ဘာလဲ။ ဒါပေမဲ့ ဘယ်အချက်ကို သတိပြုဖို့လိုသလဲ။

၁၇ အသင်းတော်မှာရှိတဲ့သူအားလုံးကို ဂုဏ်တင်မှုပြရာမှာ ဦးဆောင်နိုင်တဲ့ အဓိကနည်းတစ်နည်းက ဘာလဲ။ တခြားသူတွေအတွက် ကျွန်ုပ်တို့ရဲ့အချိန်ကို ပေးခြင်းဖြစ်တယ်။ ဒါက ဘာကြောင့် အရေးကြီးပါသလဲ။ ခရစ်ယာန်တွေအနေနဲ့ ကျွန်ုပ်တို့ဟာ အလုပ်များကြပြီး အရေးကြီးတဲ့ အသင်းတော်လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရာမှာလည်း အချိန်များစွာ ပေးရတယ်။ ဒါကြောင့် ကျွန်ုပ်တို့အားလုံး အလုပ်များကြတဲ့အတွက် ကျွန်ုပ်တို့ရဲ့ညီအစ်ကို ညီအစ်မတွေဆီကနေ အချိန်အများကြီး မတောင်းဆိုကြပါဘူး။ အလားတူပဲ အသင်းတော်မှာရှိတဲ့သူတွေကလည်း အကူအညီလိုအပ်တဲ့အခါ ကျွန်ုပ်တို့ထံက အချိန်အများကြီး မတောင်းဆိုသင့်ဘူးဆိုတာ နားလည်ကြတဲ့အတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြပါတယ်။

၁၈။ စာမျက်နှာ ၁၈ မှာဖော်ပြထားတဲ့ပုံအရ ကျွန်ုပ်တို့ရဲ့ယုံကြည်သူချင်းတွေအတွက် အချိန်ပေးဖို့ တလိုတလားရှိကြောင်း ဘယ်လိုပြသနိုင်သလဲ။

၁၈ ကျွန်ုပ်တို့ (အထူးသဖြင့် အသင်းတော်မှာ သိုးထိန်းတွေအနေနဲ့ အမှုဆောင်သူတွေ) ဟာ ယုံကြည်သူချင်းတွေကို အချိန်ပေးဖို့ ကျွန်ုပ်တို့ရဲ့အလုပ်တွေကို ရပ်ဆိုင်းထားဖို့ တလိုတလားရှိခြင်းက သူတို့အပေါ် လေးစားမှုရှိကြောင်း တင်ပြရာရောက်တယ်ဆိုတာကို သတိပြုသင့်တယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ကျွန်ုပ်တို့ရဲ့ လုပ်လက်စအလုပ်ကိုရပ်ပြီး ညီအစ်ကိုညီအစ်မတွေကို အချိန်ပေးခြင်းက ‘ကျွန်တော့်ရဲ့အလုပ်တွေ ဆက်လုပ်တာထက် ခင်ဗျားကိုအချိန်ပေးဖို့က ပိုပြီးအရေးကြီးပါတယ်’ လို့ ပြောတာနဲ့တူတယ်။ (မာ. ၆:၃၀-၃၄) အဲဒါကို ပြောင်းပြန်ပြောရင်လည်း မှန်တယ်။ ကျွန်ုပ်တို့ ညီအစ်ကိုညီအစ်မတွေအတွက် အချိန်ပေးဖို့ လုပ်လက်စအလုပ်ကို ရပ်လိုစိတ်မရှိတာက သူဟာ ကျွန်ုပ်တို့အတွက် တန်ဖိုးမရှိဘူးလို့ ခံစားသွားရစေနိုင်တယ်။ ရပ်ထားလို့မရတဲ့ အရေးကြီးကိစ္စတွေရှိတယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ တခြားသူတွေအတွက် ကျွန်ုပ်တို့ရဲ့အချိန်ကိုပေးဖို့ တလိုတလားရှိခြင်း ဒါမှမဟုတ် တွန့်ဆုတ်ခြင်းက ညီအစ်ကိုညီအစ်မတွေအပေါ်မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ လေးစားမှုအတိမ်အနက်ကို ဖော်ပြရာရောက်တယ်။—၁ ကော. ၁၀:၂၄

ဦးဆောင်ဖို့ ဆုံးဖြတ်ချက်ချထားပါ

၁၉။ ကျွန်ုပ်တို့ရဲ့အချိန်ကို ပေးခြင်းအပြင် ယုံကြည်သူချင်းတွေကို ဂုဏ်တင်ကြောင်း ဘယ်လိုပြသနိုင်သလဲ။

၁၉ ယုံကြည်သူချင်းတွေအပေါ် ကျွန်ုပ်တို့ရဲ့ ဂုဏ်တင်မှုကို ပြသနိုင်တဲ့ နောက်ထပ်အရေးပါတဲ့နည်းတွေရှိတယ်။ ဥပမာအနေနဲ့ ကျွန်ုပ်တို့ရဲ့အချိန်ကို ပေးတဲ့အခါ ကျွန်ုပ်တို့ရဲ့အာရုံစိုက်မှုကိုလည်း ပေးသင့်တယ်။ ဒီနေရာမှာလည်း ယေဟောဝါ ပုံသက်သေပြတယ်။ ဆာလံဆရာ ဒါဝိဒ်က ‘ယေဟောဝါသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏’ လို့ ရေးခဲ့တယ်။ (ဆာ. ၃၄:၁၅) ကျွန်ုပ်တို့ထံမှာ အကူအညီလာတောင်းတဲ့သူတွေကို ကျွန်ုပ်တို့ရဲ့မျက်စိရော၊ နားနဲ့ပါ အပြည့်အဝအာရုံစိုက်ခြင်းဖြင့် ယေဟောဝါကိုတုပဖို့ ကြိုးစားကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကို ကျွန်ုပ်တို့ ဂုဏ်တင်ကြောင်း ပြကြတယ်။

၂၀။ ဂုဏ်တင်မှုပြခြင်းနဲ့ပတ်သက်တဲ့ ဘယ်သတိပေးချက်တွေကို ကျွန်ုပ်တို့ စိတ်စွဲမှတ်ထားလိုသလဲ။

၂၀ ကျွန်ုပ်တို့သုံးသပ်ခဲ့ပြီးတဲ့အတိုင်း ကျွန်ုပ်တို့ရဲ့ယုံကြည်သူချင်းတွေကို စိတ်နှလုံးထဲကနေ လေးစားသင့်တဲ့အကြောင်းရင်းကို ကျွန်ုပ်တို့မှတ်သားလိုကြတယ်။ ဒါ့အပြင် နိမ့်ကျသူတွေအပါအဝင် အားလုံးကိုဂုဏ်တင်ရာမှာ ဦးဆောင်ဖို့ ကျွန်ုပ်တို့ အခွင့်အရေးရှာကြတယ်။ ဒီအချက်တွေကို လိုက်လျှောက်ခြင်းက ကျွန်ုပ်တို့အသင်းတော်ရဲ့ စည်းလုံးမှုနဲ့ ညီရင်းအစ်ကိုမေတ္တာကို ခိုင်ခံ့စေပါလိမ့်မယ်။ ဒါကြောင့် ညီအစ်ကိုတွေကို ဂုဏ်တင်မှုပြရုံသာမက အထူးသဖြင့် ဂုဏ်တင်မှုပြရာမှာ ဆက်ပြီးဦးဆောင်ကြပါစို့။ သင် အဲဒီလိုလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလား။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဒါဝိဒ်ရေးသားခဲ့တဲ့ ဆာလံအခန်းကြီးရှစ်က စုံလင်တဲ့လူသားယေရှုခရစ်ကို ရည်ညွှန်းတဲ့ ပရောဖက်ပြုချက်လည်းဖြစ်တယ်။—ဟေဗြဲ ၂:၆-၉

သင် မှတ်မိသလား

• ဂုဏ်တင်မှုနဲ့ လေးစားမှုက ဘယ်လိုဆက်နွှယ်နေသလဲ။

• ယုံကြည်သူချင်းတွေကို ဂုဏ်တင်ဖို့ ကျွန်ုပ်တို့မှာ ဘာအကြောင်းရင်းတွေရှိသလဲ။

• အချင်းချင်းဂုဏ်တင်မှုပြဖို့ ဘာကြောင့် အရေးကြီးသလဲ။

• ဘယ်နည်းတွေနဲ့ ယုံကြည်သူချင်းတွေကို ဂုဏ်တင်မှု ပြနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါပုံစာ]

ယုံကြည်သူချင်းတွေကို ဘယ်လိုဂုဏ်တင်မှုပြနိုင်သလဲ