မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါ၏စိတ်တော်ကို မည်သူသိသနည်း’

‘ယေဟောဝါ၏စိတ်တော်ကို မည်သူသိသနည်း’

‘ယေဟောဝါ၏စိတ်တော်ကို မည်သူသိသနည်း’

‘“ယေဟောဝါကို သွန်သင်နိုင်မည်အကြောင်း ကိုယ်တော်၏စိတ်တော်ကို မည်သူသိသနည်း။” ငါတို့၌ကား ခရစ်တော်၏စိတ်သဘောထားမျိုးရှိ၏။’ —၁ ကော. ၂:၁၆

၁၊ ၂။ (က) လူများစွာဟာ ဘာအတွက်အခက်တွေ့နေကြသလဲ။ (ခ) ကျွန်ုပ်တို့ရဲ့စဉ်းစားတွေးခေါ်ပုံ၊ ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သတိရဖို့လိုသလဲ။

အခြားသူတစ်ဦးရဲ့စိတ်ကို နားလည်ဖို့ သင်အခက်တွေ့နေသလား။ သင်ဟာ မကြာသေးခင်ကမှ လက်ထပ်ထားတဲ့သူဖြစ်ပြီး သင့်အိမ်ထောင်ဖက်ရဲ့ စဉ်းစားတွေးတောပုံကို အပြည့်အဝနားမလည်နိုင်ဘူးလို့ ခံစားနေရတာဖြစ်နိုင်တယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ စဉ်းစားတွေးခေါ်ပုံ၊ စကားပြောဆိုပုံတွေက တကယ်ပဲကွာခြားပါတယ်။ တချို့ယဉ်ကျေးမှုတွေမှာ အမျိုးသားနဲ့ အမျိုးသမီးဟာ ဘာသာစကားတစ်မျိုးတည်းကို ပြောတာတောင် အသုံးအနှုန်းတွေက ကွာတယ်။ ဒါ့ပြင် ယဉ်ကျေးမှုနဲ့ ဘာသာစကားကွာခြားမှုကြောင့် လူတွေရဲ့စဉ်းစားတွေးခေါ်ပုံ၊ အမူအကျင့်တွေက ကွဲပြားသွားတယ်။ ဒါပေမဲ့ တခြားသူတွေအကြောင်း ပိုပြီးသိလာလေ သူတို့ရဲ့စဉ်းစားတွေးခေါ်ပုံကို နားလည်နိုင်တဲ့အခွင့်အရေး ပိုများလေဖြစ်တယ်။

ဒါကြောင့် ကျွန်ုပ်တို့ရဲ့စဉ်းစားတွေးခေါ်ပုံနဲ့ ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံ အလွန်ကွာခြားတာကို မအံ့သြသင့်ပါဘူး။ ပရောဖက်ဟေရှာယကတစ်ဆင့် အစ္စရေးလူတွေကို ယေဟောဝါ ဒီလိုပြောခဲ့တယ်– “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်နှင့်မတူ။” ဒီအချက်ကို ဥပမာသုံးပြီး ဒီလိုဆက်ပြောခဲ့တယ်– “မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။”—ဟေရှာ. ၅၅:၈၊ ၉

၃။ ‘ယေဟောဝါနှင့်မိတ်သဟာယဖွဲ့’ ဖို့ ကြိုးစားရာမှာ ကျွန်ုပ်တို့လုပ်ဆောင်နိုင်တဲ့ နည်းနှစ်နည်းက ဘာလဲ။

ဒါက ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံကို နားလည်ဖို့ မကြိုးစားသင့်ဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။ ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံကို ဘယ်တော့မှ အပြည့်အဝနားမလည်နိုင်ပေမဲ့ ‘ယေဟောဝါနှင့်မိတ်သဟာယဖွဲ့’ ဖို့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အားပေးထားတယ်။ (ဆာလံ ၂၅:၁၄; သု. ၃:၃၂ တို့ကိုဖတ်ပါ။) ယေဟောဝါထံချဉ်းကပ်နိုင်တဲ့နည်းတစ်နည်းက ကိုယ်တော်ရဲ့တရားစကားတော် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ကိုယ်တော့်လုပ်ဆောင်မှုတွေကို ရိုသေလေးမြတ်စိတ်နဲ့ အာရုံစိုက်ခြင်းဖြစ်တယ်။ (ဆာ. ၂၈:၅) နောက်နည်းတစ်နည်းကတော့ “မျက်မြင်မရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်” ဖြစ်တဲ့ “ခရစ်တော်၏စိတ်သဘောထား” ကို သိအောင်လုပ်ခြင်းဖြစ်တယ်။ (၁ ကော. ၂:၁၆; ကော. ၁:၁၅) ကျမ်းစာမှတ်တမ်းတွေကို ဖတ်ရှုပြီး တွေးတောဆင်ခြင်ဖို့ အချိန်ယူမယ်ဆိုရင် ယေဟောဝါရဲ့ အရည်အသွေးတော်တွေနဲ့ ကိုယ်တော့်စဉ်းစားတွေးခေါ်ပုံကို နားလည်လာမှာဖြစ်တယ်။

မှားယွင်းသောသဘောထားကို သတိပြုပါ

၄၊ ၅။ (က) အဘယ်မှားယွင်းတဲ့သဘောထားကို ကျွန်ုပ်တို့ ရှောင်ဖို့လိုသလဲ။ ရှင်းပြပါ။ (ခ) အစ္စရေးလူမျိုးတွေ ဘယ်လိုမှားယွင်းစွာ တွေးခေါ်ခဲ့သလဲ။

ယေဟောဝါရဲ့လုပ်ဆောင်မှုတွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားသခင်ကို လူ့စံနှုန်းတွေနဲ့ စီရင်တဲ့သဘောထားကို ရှောင်ဖို့လိုတယ်။ ဒီသဘောထားကို “ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား” ဆိုတဲ့ ဆာလံ ၅၀:၂၁ မှာ မှတ်တမ်းတင်ထားတဲ့ ယေဟောဝါရဲ့စကားမှာ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၁၇၅ နှစ်ကျော်လောက်က ကျမ်းပညာရှင်တစ်ဦး ဒီလိုပြောခဲ့တယ်– “လူတွေက ဘုရားသခင်ကို သူတို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ စီရင်လိုကြပြီး လူတွေလိုက်လျှောက်သင့်တဲ့ ဥပဒေတွေကို ဘုရားသခင်လိုက်လျှောက်သင့်တယ်လို့ ယူဆကြတယ်။”

ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေ၊ ဆန္ဒတွေနဲ့ မဆုံးဖြတ်မိဖို့ သတိပြုရမယ်။ ဒါ ဘာကြောင့်အရေးကြီးသလဲ။ သမ္မာကျမ်းစာကိုလေ့လာတဲ့အခါ ကျွန်ုပ်တို့ရဲ့ အကန့်အသတ်ရှိတဲ့၊ မစုံလင်တဲ့ ရှုမြင်ချက်တွေကြောင့် ယေဟောဝါရဲ့လုပ်ဆောင်မှုတချို့ကို ကောင်းကောင်းသဘောမပေါက်ဘဲ ဖြစ်နေနိုင်တယ်။ ရှေးအစ္စရေးလူမျိုးလည်း အဲဒီလိုဖြစ်ခဲ့လို့ ဘုရားသခင် သူတို့ကိုဆက်ဆံပုံနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ကောက်ချက်ချမိခဲ့ကြတယ်။ ယေဟောဝါ သူတို့ကို ဘယ်လိုပြောခဲ့တယ်ဆိုတာ ကြည့်ပါ– ‘သင်တို့က ယေဟောဝါစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလအမျိုး ငါစီရင်ချက်သည်ဖြောင့်၍ သင်တို့စီရင်ချက် ကောက်သည်မဟုတ်လော။’—ယေဇ. ၁၈:၂၅

၆။ ယောဘ ဘာသင်ခန်းစာ ရခဲ့သလဲ။ သူ့အဖြစ်အပျက်ကနေ ကျွန်ုပ်တို့ ဘယ်လိုအကျိုးရနိုင်သလဲ။

ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ မဆုံးဖြတ်မိစေဖို့ ထောက်ကူပေးတဲ့ အဓိကအချက်က ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံက အကန့်အသတ်ရှိပြီး တစ်ခါတစ်ရံမှာ တက်တက်စင်အောင်လွဲမှားနေတတ်တယ်ဆိုတာကို အသိအမှတ်ပြုခြင်းဖြစ်တယ်။ ဒီအချက်ကို ယောဘသင်ယူဖို့လိုခဲ့တယ်။ သူ ဒုက္ခခံစားနေရချိန်အတွင်းမှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မိမိကိုယ်ကို ပိုအာရုံစိုက်လာခဲ့တယ်။ ပိုအရေးကြီးတဲ့ ကိစ္စရပ်တွေအပေါ် မျက်ခြည်ပြတ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက သူအမြင်ကျယ်လာအောင် မေတ္တာပါပါ ကူညီပေးခဲ့တယ်။ ယေဟောဝါက ယောဘမဖြေနိုင်တဲ့ မေးခွန်း ၇၀ ကျော်ကိုမေးပြီး ယောဘရဲ့သိနားလည်နိုင်မှုက အကန့်အသတ်ရှိတယ်ဆိုတာကို သိစေခဲ့တယ်။ ယောဘက နှိမ့်ချစွာနဲ့ သူ့ရဲ့ရှုမြင်ပုံကို ပြောင်းလဲခဲ့တယ်။—ယောဘ ၄၂:၁-၆ ကိုဖတ်ပါ။

ခရစ်တော်၏စိတ်သဘောထားကို ရရှိနိုင်ပုံ

၇။ ယေရှုရဲ့လုပ်ဆောင်မှုတွေကို ဆန်းစစ်လေ့လာခြင်းက ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံကို နားလည်ဖို့ ဘာကြောင့်အထောက်အကူ ဖြစ်စေသလဲ။

ယေရှု ပြောလေရာ၊ လုပ်လေရာတိုင်းမှာ ခမည်းတော်ကို စုံလင်ပြည့်ဝစွာ တုပခဲ့တယ်။ (ယော. ၁၄:၉) ဒါကြောင့် ယေရှုရဲ့လုပ်ဆောင်မှုတွေကို ဆန်းစစ်ခြင်းက ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံကို နားလည်ဖို့ အထောက်အကူ ဖြစ်စေတယ်။ (ရော. ၁၅:၅; ဖိ. ၂:၅) ခရစ်ဝင်ကျမ်းမှတ်တမ်းနှစ်ခုကို သုံးသပ်ကြည့်ကြစို့။

၈၊ ၉။ ယောဟန် ၆:၁-၅ မှာမှတ်တမ်းတင်ထားချက်အရ ဘယ်အခြေအနေကြောင့် ဖိလိပ္ပုကို ယေရှုမေးခွန်းမေးခဲ့တာလဲ။ ယေရှု ဘာကြောင့် အဲဒီလို မေးခဲ့တာလဲ။

အဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ စီအီး ၃၂၊ ပသခါပွဲမတိုင်မီလေးမှာဖြစ်တယ်။ ယေရှုရဲ့တမန်တော်တွေဟာ ဂါလိလဲတစ်ခွင် ဟောပြောခြင်းခရီးစဉ်ကနေ ပြန်ရောက်ခါစဖြစ်တယ်။ ဒီခရီးစဉ်ကြောင့် ပင်ပန်းနေတဲ့သူတို့ကို ယေရှုက ဂါလိလဲအိုင် အရှေ့မြောက်ဘက်ကမ်းခြေ လူဆိတ်ငြိမ်တဲ့နေရာကို ခေါ်သွားတယ်။ ဒါပေမဲ့ သူတို့နောက်ကို ထောင်နဲ့ချီတဲ့လူအုပ် လိုက်လာတယ်။ လူအုပ်မှာပါတဲ့သူတွေကို ယေရှုကုသပေးပြီး များစွာသွန်သင်ပေးပြီးတဲ့နောက် ပြဿနာတစ်ခုပေါ်လာတယ်။ ဒီလောက်ဝေးလံတဲ့နေရာမှာ ဒီလောက်များတဲ့သူတွေအတွက် အစားအစာကို ဘယ်ကရနိုင်မလဲ။ ဒီလိုအပ်ချက်ကို သတိပြုမိတဲ့အတွက် ယေရှုက အဲဒီနယ်သားဖြစ်တဲ့ ဖိလိပ္ပုကို “ဤသူတို့အတွက် စားစရာမုန့်ကို အဘယ်မှာ ငါတို့ဝယ်ရမည်နည်း” လို့မေးခဲ့တယ်။—ယော. ၆:၁-၅

ယေရှု ဘာကြောင့် ဖိလိပ္ပုကို အဲဒီလိုမေးခဲ့တာလဲ။ ဘာလုပ်ရမယ်ဆိုတာ ကိုယ်တော်မသိလို့လား။ မဟုတ်ပါဘူး။ ဒါဆို ကိုယ်တော် ဘာကို စဉ်းစားနေတာလဲ။ အဲဒီနေရာမှာ ရှိနေခဲ့တဲ့ တမန်တော်ယောဟန်က ဒီလိုပြောပြတယ်– “အဘယ်သို့ပြုမည်ကို သိတော်မူလျက်ပင် ဖိလိပ္ပုကိုစမ်းသပ်ရန် [ယေရှု] ထိုသို့မေးခြင်းဖြစ်၏။” (ယော. ၆:၆) တပည့်တော်တွေရဲ့ ယုံကြည်ခြင်း ဘယ်လောက်ခိုင်ခံ့သလဲဆိုတာကို ယေရှု စမ်းသပ်နေခြင်းဖြစ်တယ်။ အဲဒီမေးခွန်းကို မေးခြင်းအားဖြင့် လူအုပ်ကို ဘယ်လိုကျွေးမွေးရမယ်ဆိုတာ တပည့်တွေကို စဉ်းစားစေပြီး ကိုယ်တော်လုပ်ဆောင်နိုင်ရာအပေါ် သူတို့ရဲ့ယုံကြည်ခြင်းကိုတင်ပြဖို့ အခွင့်အရေးရစေတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို သူတို့လက်လွတ်ခဲ့ပြီး သူတို့ရဲ့ ရှုမြင်ပုံဟာ အကန့်အသတ်ပဲရှိတယ်ဆိုတာ တင်ပြခဲ့တယ်။ (ယောဟန် ၆:၇-၉ ကိုဖတ်ပါ။) အဲဒီနောက် ယေရှုက တပည့်တွေစဉ်းစားမိမှာမဟုတ်တဲ့ အရာတစ်ခုကို ပြုလုပ်နိုင်တယ်ဆိုတာ ပြသခဲ့တယ်။ ဆာလောင်နေတဲ့ ထောင်နဲ့ချီတဲ့သူတွေကို အံ့ဖွယ်နည်းနဲ့ ကိုယ်တော်ကျွေးမွေးခဲ့တယ်။—ယော. ၆:၁၀-၁၃

၁၀-၁၂။ (က) ဂရိအမျိုးသမီးရဲ့တောင်းဆိုချက်ကို ယေရှု ဘာကြောင့် ချက်ချင်းမတုံ့ပြန်ခဲ့တာလဲ၊ ရှင်းပြပါ။ (ခ) အခု ဘယ်အချက်ကို သုံးသပ်ကြမလဲ။

၁၀ ဒီမှတ်တမ်းက နောက်အဖြစ်အပျက်တစ်ခုမှာ ယေရှုရဲ့စဉ်းစားတွေးခေါ်ပုံကို နားလည်အောင် ကူညီပေးပါလိမ့်မယ်။ လူအုပ်ကို ကျွေးမွေးပြီးတဲ့နောက် ယေရှုနဲ့ တမန်တော်တွေဟာ မြောက်ဘက်ကိုခရီးသွားပြီး အစ္စရေးနယ်ကိုကျော်လွန်ကာ တိုင်ရာနဲ့ ဆိုင်ဒုန်နယ်အနီးကို ရောက်လာခဲ့ကြတယ်။ အဲဒီမှာရှိနေတုန်း သမီးဖြစ်သူကို ကုသပေးဖို့ ယေရှုကို တောင်းပန်တဲ့ ဂရိအမျိုးသမီးတစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတယ်။ အစပိုင်းမှာ ယေရှုက အမျိုးသမီးကို ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ အမျိုးသမီးက အဆက်မပြတ်တောင်းဆိုနေတဲ့အတွက် ယေရှုက “ဦးဆုံး၊ သားသမီးတို့ကို ဝစွာကျွေးရမည်။ သားသမီးတို့၏အစာကိုယူ၍ ခွေးကလေးများကို မပေးသင့်” လို့ပြောခဲ့တယ်။—မာ. ၇:၂၄-၂၇

၁၁ ယေရှုက အစပိုင်းမှာ အမျိုးသမီးကို ကူညီဖို့ ဘာကြောင့် ငြင်းဆိုခဲ့တာလဲ။ ဖိလိပ္ပုကို စမ်းသပ်ခဲ့သလို အဲဒီအမျိုးသမီး ဘယ်လိုတုံ့ပြန်မလဲဆိုတာသိချင်လို့ စမ်းသပ်ပြီး သူမရဲ့ယုံကြည်ခြင်းတင်ပြဖို့ အခွင့်အရေးပေးခဲ့တာလား။ ယေရှုပြောတဲ့လေသံကို ကျမ်းစာမှာ မဖော်ပြထားပေမဲ့ အမျိုးသမီးဟာ စကားဆက်ပြောဖို့ မတွန့်ဆုတ်ခဲ့ဘူး။ အနှိုင်းခံရတဲ့အခါ ခံရသက်သာအောင် “ခွေးကလေး” ဆိုတဲ့ အသုံးအနှုန်းကို ကိုယ်တော်အသုံးပြုခဲ့တယ်။ သားသမီးရဲ့တောင်းဆိုချက်ကို ပေးလိုပေမဲ့ သူ့ရဲ့လိုချင်စိတ်ဘယ်လောက်ပြင်းပြတယ်ဆိုတာ သိဖို့အတွက် အစပိုင်းမှာ မပေးချင်တဲ့ပုံစံပြခဲ့တဲ့ မိဘလို ယေရှု ပြုမူခဲ့တာဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ အမျိုးသမီးက သူမရဲ့ယုံကြည်ခြင်း တင်ပြလိုက်တာနဲ့ သူမရဲ့တောင်းဆိုချက်ကို ယေရှုတလိုတလားလုပ်ပေးခဲ့တယ်။—မာကု ၇:၂၈-၃၀ ကိုဖတ်ပါ။

၁၂ ဒီခရစ်ဝင်ကျမ်းမှတ်တမ်းနှစ်ခုက “ခရစ်တော်၏စိတ်သဘောထား” ကို ကောင်းကောင်းနားလည်စေတယ်။ ဒါကြောင့် ဒီမှတ်တမ်းတွေက ယေဟောဝါကိုယ်တော်တိုင်ရဲ့စိတ်တော်ကို နားလည်သဘောပေါက်ဖို့ ဘယ်လိုကူညီပေးတယ်ဆိုတာ ကြည့်ကြစို့။

မောရှေနဲ့ ယေဟောဝါဆက်ဆံပုံ

၁၃။ ယေရှုရဲ့စဉ်းစားတွေးခေါ်ပုံကို သိရှိခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးသလဲ။

၁၃ ယေရှုရဲ့စဉ်းစားတွေးခေါ်ပုံကို သိရှိခြင်းက နားလည်ဖို့ခက်တဲ့ ကျမ်းချက်တွေကို သဘောပေါက်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးတယ်။ ဥပမာ၊ အစ္စရေးလူတွေ ကိုးကွယ်ဖို့ ရွှေနွားသငယ်ရုပ်လုပ်ပြီးတဲ့နောက် မောရှေကို ယေဟောဝါပြောခဲ့တဲ့ ဒီစကားကို သုံးသပ်ကြည့်ပါ– “ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသောအမျိုးဖြစ်၏။ သို့ဖြစ်၍ ငါ့ကိုရှိစေတော့။ ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကိုဖျက်ဆီးမည်။ သင့်ကိုကား ကြီးသောအမျိုးဖြစ်စေမည်။”—ထွ. ၃၂:၉၊ ၁၀

၁၄။ ယေဟောဝါပြောတာတွေကို မောရှေဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၁၄ မှတ်တမ်းက ဒီလိုဆက်ပြောတယ်– ‘မောရှေကလည်း “အိုယေဟောဝါ၊ ကိုယ်တော်သည် မဟာတန်ခိုးအားကြီးသောလက်နှင့် အဲဂုတ္တုပြည်မှနုတ်ဆောင်ခဲ့သော ကိုယ်တော်၏လူတို့ကို အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။ အဲဂုတ္တုလူတို့ကလည်း ‘ဘုရားသခင်သည် မကောင်းသောအကြံရှိသဖြင့် သူတို့ကို တောတောင်များ၌သတ်၍ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းခြင်းအလို့ငှာသာ နုတ်ဆောင်လေသည်’ ဟု အဘယ်ကြောင့် ဆိုဖွယ်အကြောင်းရှိရပါမည်နည်း။ ပြင်းစွာသောအမျက်တော်ကို ပယ်တော်မူပါ။ ကိုယ်တော်၏လူတို့၌ ဤသို့အပြစ်ပေးမည်အကြံကို နောင်တရတော်မူပါ။ ကိုယ်တော်က ‘သင်တို့အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့အမျိုးအနွယ်အား ငါပေးသဖြင့် သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်’ ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသောစကားကို ခံခဲ့ပြီးသောကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါ” ဟု မိမိဘုရားသခင် ယေဟောဝါရှေ့တော်၌ တောင်းပန်လေ၏။ ယေဟောဝါသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရ [“ဝမ်းနည်း၊” ကဘ] တော်မူ၏။’—ထွ. ၃၂:၁၁-၁၄ *

၁၅၊ ၁၆။ (က) ယေဟောဝါပြောဆိုခဲ့ရာကြောင့် မောရှေ ဘယ်အခွင့်အရေးရခဲ့သလဲ။ (ခ) ယေဟောဝါရဲ့သဘောထား ဘယ်လိုပြောင်းလဲသွားသလဲ။

၁၅ ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံကို မောရှေတည့်မတ်ပေးဖို့ တကယ်လိုအပ်ခဲ့လို့လား။ လုံးဝမဟုတ်ဘူး။ ယေဟောဝါက မိမိလုပ်ချင်တာကို ဖော်ပြခဲ့ပေမဲ့ ဒါက အပြီးသတ်ဆုံးဖြတ်ချက်မဟုတ်ဘူး။ နောက်ပိုင်းမှာ ဖိလိပ္ပုနဲ့ ဂရိအမျိုးသမီးကို ယေရှု စမ်းသပ်ခဲ့သလို မောရှေကို ယေဟောဝါ စမ်းသပ်ခဲ့တာဖြစ်မယ်။ မိမိရဲ့ရှုမြင်ပုံကို ထုတ်ဖော်ပြောဆိုဖို့ မောရှေအခွင့်အရေးရခဲ့တယ်။ * ယေဟောဝါက မောရှေကို အစ္စရေးလူမျိုးနဲ့ ကိုယ်တော့်အကြား ဖျန်ဖြေစေ့စပ်သူအဖြစ် ခန့်အပ်ခဲ့ပြီး အဲဒီခန့်အပ်မှုနဲ့အညီ ကိုယ်တော် လုပ်ဆောင်လိုခဲ့တယ်။ ဒါ့အပြင် မောရှေ စိတ်ပျက်လက်ပျက်နဲ့ တုံ့ပြန်မလား ဒါမှမဟုတ် ဒါကို အခွင့်ကောင်းယူပြီး အစ္စရေးလူမျိုးကို ပစ်ထားလိုက်ဖို့၊ သူ့ရဲ့ သားမြေးတွေကို လူမျိုးကြီးဖြစ်အောင်လုပ်ပေးဖို့ တောင်းဆိုမလားဆိုတာ ယေဟောဝါ သိလိုခဲ့တယ်။

၁၆ မောရှေရဲ့တုံ့ပြန်ပုံက  ယေဟောဝါကို  သူယုံကြည်ကြောင်း၊ ကိုယ်တော့်တရားမျှတမှုကို သူယုံကြည်ကိုးစားကြောင်း ဖော်ပြခဲ့တယ်။ သူ့ရဲ့တုံ့ပြန်ပုံက သူ့ရဲ့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ယေဟောဝါရဲ့နာမအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြတယ်။ ကိုယ်တော့်နာမရှုတ်ချခံရမှာကို မောရှေမလိုလားဘူး။ ဒီကိစ္စမှာ မောရှေဟာ ‘ယေဟောဝါရဲ့စိတ်တော်’ ကိုနားလည်ကြောင်း ဖော်ပြခဲ့တယ်။ (၁ ကော. ၂:၁၆) ဘာရလဒ်ရခဲ့သလဲ။ ယေဟောဝါက တစ်ခုခုလုပ်မယ်လို့ အခိုင်အမာ မဆုံးဖြတ်ထားတဲ့အတွက် ကိုယ်တော် “ဝမ်းနည်းတော်မူ” ပြီး အစ္စရေးလူမျိုးတစ်မျိုးလုံးအပေါ် ဘေးဆိုးကျရောက်စေလိုတဲ့ ကိုယ်တော်ရဲ့ ဖော်ပြချက်ကို မလုပ်ဆောင်တော့ဘဲ ကိုယ်တော့်သဘောထားကို ပြောင်းလဲလိုက်တာဖြစ်တယ်။

အာဗြဟံနဲ့ ယေဟောဝါဆက်ဆံပုံ

၁၇။ အာဗြဟံရဲ့ စိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီး ယေဟောဝါ အလွန်စိတ်ရှည်ကြောင်း ဘယ်လိုပြသခဲ့သလဲ။

၁၇ မိမိရဲ့ကျေးကျွန်တွေ မိမိအပေါ် ယုံကြည်ကိုးစားကြောင်း တင်ပြခွင့်ပေးတဲ့ နောက်ပုံဥပမာက သောဒုံမြို့နဲ့ပတ်သက်တဲ့ အာဗြဟံရဲ့ တောင်းဆိုချက်ဖြစ်တယ်။ ဒီမှတ်တမ်းမှာ ယေဟောဝါက အာဗြဟံကို တောင်းဆိုချက်ရှစ်ခု ဆက်တိုက်တောင်းဆိုခွင့်ပြုခြင်းအားဖြင့် ကိုယ်တော်အလွန်စိတ်ရှည်ကြောင်း ဖော်ပြခဲ့တယ်။ တစ်ကြိမ်မှာတော့ အာဗြဟံဟာ စိတ်လှုပ်ရှားစွာ ဒီလိုပြောခဲ့တယ်– “ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည်၊ တရားသဖြင့်ပြုတော်မူမည်မဟုတ်လော။”—က. ၁၈:၂၂-၃၃

၁၈။ အာဗြဟံနဲ့ ယေဟောဝါ ဆက်ဆံပုံကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။

၁၈ ဒီမှတ်တမ်းကနေ ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံနဲ့ပတ်သက်ပြီး ဘာသိရှိရသလဲ။ ယေဟောဝါ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ အာဗြဟံရဲ့ ကျိုးကြောင်းဆင်ခြင်မှုလိုအပ်သလား။ မလိုအပ်ပါဘူး။ ဘာကြောင့်ဒီလိုဆုံးဖြတ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ယေဟောဝါ အစကတည်းက ပြောပြလိုက်လို့ရတယ်။ ဒါပေမဲ့ ဒီမေးခွန်းတွေမေးဖို့ခွင့်ပြုခြင်းအားဖြင့် ကိုယ်တော့်ဆုံးဖြတ်ချက်ကို အာဗြဟံလက်ခံပြီး ကိုယ်တော့်စဉ်းစားပုံကို နားလည်ဖို့ အချိန်ပေးခဲ့တယ်။ ဒီအချက်က ယေဟောဝါရဲ့ ထောက်ထားစာနာမှုနဲ့ တရားမျှတမှုရဲ့ အတိမ်အနက်ကိုလည်း နားလည်စေခဲ့တယ်။ ယေဟောဝါဟာ အမှန်ပဲ အာဗြဟံကို မိတ်ဆွေတစ်ဦးလို ဆက်ဆံခဲ့တယ်။—ဟေရှာ. ၄၁:၈; ယာ. ၂:၂၃

ကျွန်ုပ်တို့အတွက် သင်ခန်းစာ

၁၉။ ယောဘကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။

၁၉ ‘ယေဟောဝါ၏စိတ်တော်’ နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာသင်ယူသိရှိခဲ့ရသလဲ။ ယေဟောဝါရဲ့စိတ်တော်ကို မှန်မှန်ကန်ကန်နားလည်နိုင်ဖို့ သမ္မာကျမ်းစာရဲ့ အကူအညီကို လက်ခံဖို့လိုတယ်။ ကျွန်ုပ်တို့ရဲ့ အကန့်အသတ်ရှိတဲ့ ရှုမြင်ချက်၊ စံနှုန်းတွေ၊ စဉ်းစားတွေးခေါ်ပုံတွေနဲ့ ယေဟောဝါကို ဘယ်တော့မှ မစီရင်သင့်ဘူး။ ယောဘ ဒီလိုပြောခဲ့တယ်– “ငါသည် ဘုရားသခင်၏စကားကို တစ်ဦးနှင့်တစ်ဦးတရားတွေ့နိုင်မည်အကြောင်း ဘုရားသခင်သည် ငါ့ကဲ့သို့လူဖြစ်တော်မူသည်မဟုတ်။” (ယောဘ ၉:၃၂) ယောဘလိုပဲ ယေဟောဝါရဲ့စိတ်တော်ကို နားလည်လာတဲ့အခါ ဒီလိုပြောဖို့ ကျွန်ုပ်တို့ လှုံ့ဆော်ခံရပါတယ်– “ဤရွေ့ကား အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော်အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုးကြိုးသံကို အဘယ်သူနားလည်နိုင်သနည်း။”—ယောဘ ၂၆:၁၄

၂၀။ နားလည်ရခက်တဲ့ကျမ်းပိုဒ်တွေကို တွေ့တဲ့အခါ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။

၂၀ သမ္မာကျမ်းစာကိုဖတ်တဲ့အခါမှာ အထူးသဖြင့် ယေဟောဝါရဲ့စဉ်းစားပုံနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့နားမလည်တဲ့ကျမ်းပိုဒ်တွေကိုတွေ့ရင် ဘာလုပ်သင့်သလဲ။ အကြောင်းအရာကို သုတေသနပြုပြီးတဲ့နောက်မှာတောင် ရှင်းရှင်းလင်းလင်း နားမလည်သေးဘူးဆိုရင် အဲဒါက ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ကိုးစားမှုကို စမ်းသပ်တာလို့ ရှုမြင်နိုင်တယ်။ တစ်ခါတစ်ရံ အကြောင်းအရာတစ်ခုက ယေဟောဝါရဲ့ အရည်အသွေးတော်တွေကို ကျွန်ုပ်တို့ ဘယ်အတိုင်းအတာအထိ နားလည်ကြောင်းနဲ့ ကိုယ်တော်လုပ်ဆောင်လေရာတိုင်းမှာ ကိုယ်တော့်အရည်အသွေးတော်တွေ ထင်ရှားမယ်ဆိုတာ ယုံကြည်ကြောင်းတင်ပြဖို့ အခွင့်အရေးရစေတယ်ဆိုတာ သတိရပါ။ အရာခပ်သိမ်းကို ကိုယ်တော်နားလည်သလို ကျွန်ုပ်တို့ နားမလည်နိုင်ဘူးဆိုတာ နှိမ့်ချစွာ အသိအမှတ်ပြုကြစို့။ (ဒေ. ၁၁:၅) တမန်တော်ပေါလုရဲ့ ဒီစကားတွေကို ကျွန်ုပ်တို့ မဆိုင်းမတွ သဘောတူပါလိမ့်မယ်– ‘ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။ စီရင်တော်မူချက်များကို စိစစ်၍မရနိုင်။ နည်းလမ်းတော်များကို လိုက်၍မမီနိုင်ပါတကား။ “ယေဟောဝါ၏စိတ်တော်ကို မည်သူသိသနည်း။ ကိုယ်တော်၏တိုင်ပင်ဖက် မည်သူဖြစ်ဖူးသနည်း။” သို့မဟုတ် “ကျေးဇူးဆပ်တော်မူရမည်အကြောင်း ဘုရားသခင်အား မည်သူကျေးဇူးပြုဖူးသနည်း။” အကြောင်းမူကား အရာခပ်သိမ်းသည် ကိုယ်တော်ထံမှဖြစ်ကြ၏၊ ကိုယ်တော်အားဖြင့် ဖြစ်ကြ၏၊ ကိုယ်တော်အတွက် ဖြစ်ကြ၏။ ကိုယ်တော်၏ဘုန်းတန်ခိုးတော် ထာဝစဉ်ထင်ရှားပါစေ။ အာမင်။’—ရော. ၁၁:၃၃-၃၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 အလားတူအဖြစ်အပျက်တစ်ခုကို တောလည်ရာ ၁၄:၁၁-၂၀ မှာမှတ်တမ်းတင်ထားတယ်။

^ အပိုဒ်၊ 15 ကျမ်းပညာရှင်တချို့ရဲ့ အဆိုအရ ထွက်မြောက်ရာ ၃၂:၁၀ မှာပါတဲ့ “ငါ့ကိုရှိစေတော့” လို့ ပြန်ဆိုတဲ့ ဟေဗြဲစကားလုံးက ယေဟောဝါက မောရှေကို မိမိနဲ့ အစ္စရေးလူမျိုးအကြား ကြားဝင်လုပ်ဆောင်ဖို့ ဒါမှမဟုတ် ‘မတ်တတ်ရပ်’ ဖို့ ဖိတ်ခေါ်တာ၊ အကြံပေးတာ ဖြစ်နိုင်တယ်။ (ဆာ. ၁၀၆:၂၃; ယေဇ. ၂၂:၃၀) အဲဒီလိုသာဖြစ်မယ်ဆိုရင် မောရှေက မိမိရဲ့သဘောထားကို လွတ်လွတ်လပ်လပ် သက်သောင့်သက်သာ ပြောနိုင်ခဲ့မှာသေချာတယ်။

သင်မှတ်မိသလား

• ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်စံနှုန်းတွေနဲ့ ယေဟောဝါကို မစီရင်မိဖို့ ဘာက ကူညီပေးမလဲ။

• ယေရှုရဲ့လုပ်ဆောင်မှုတွေကို နားလည်ခြင်းက ‘ယေဟောဝါနှင့်မိတ်သဟာယဖွဲ့’ ဖို့ ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။

• မောရှေ၊ အာဗြဟံနဲ့ ယေဟောဝါ စကားပြောဆိုခြင်းကနေ သင် ဘာသင်ခန်းစာရရှိခဲ့သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၅ ပါရုပ်ပုံ]

မောရှေ၊ အာဗြဟံနဲ့ ယေဟောဝါဆက်ဆံပုံကနေ ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံအကြောင်း ကျွန်ုပ်တို့ ဘာသင်ယူသိရှိရသလဲ