မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ အကျွမ်းတဝင်ရှိအောင် ကလေးများကို ကူညီပါ

ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ အကျွမ်းတဝင်ရှိအောင် ကလေးများကို ကူညီပါ

ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ အကျွမ်းတဝင်ရှိအောင် ကလေးများကို ကူညီပါ

ကလေးတွေက သင်ယူချင်စိတ်ရှိကြတယ်။ အစ္စရေးလူမျိုးတွေ အီဂျစ်ပြည်မှာ ဦးဆုံးပသခါပွဲကျင်းပတုန်းက ကလေးတွေမေးနိုင်တဲ့ မေးခွန်းတချို့ကို စဉ်းစားကြည့်ပါ။ ‘သိုးသငယ်ကို ဘာလို့ သတ်ရတာလဲ။ အဖေက ဘာလို့ သိုးရဲ့သွေးကို တံခါးပေါက်မှာ သုတ်ရတာလဲ။ ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ။’ အစ္စရေးဖခင်တွေကိုပြောခဲ့တဲ့စကားအရ အဲဒီလိုမေးခွန်းတွေကို ယေဟောဝါနှစ်သက်ကြောင်း ထင်ရှားတယ်။ နောက်ပိုင်းမှာကျင်းပမယ့် ပသခါပွဲတွေနဲ့ပတ်သက်ပြီး ယေဟောဝါ သူတို့ကို ဒီလိုပြောခဲ့တယ်– ‘သင်တို့၏သားမြေးတို့က “ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်း” ဟုမေးမြန်းကြလျှင်၊ “ယေဟောဝါသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်၍ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏ အိမ်များကိုလွန်သွားတော်မူသော ယေဟောဝါ၏ ပသခါယဇ်ဖြစ်သတည်း” ဟုပြန်ပြောရကြမည်။’ (ထွ. ၁၂:၂၄-၂၇) နောက်ပိုင်းမှာ ယေဟောဝါထုတ်ဆင့်ထားတဲ့ “စီရင်ထုံးဖွဲ့ချက်” တွေနဲ့ပတ်သက်ပြီး ကလေးတွေမေးတဲ့အခါ အစ္စရေးမိဘတွေ ပြန်ဖြေဖို့အရေးကြီးကြောင်း ယေဟောဝါသတိပေးခဲ့တယ်။—တရား. ၆:၂၀-၂၅

စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ပတ်သက်ပြီး ကလေးတွေမေးတဲ့အခါ ကျေနပ်ဖွယ်အဖြေပေးဖို့ ယေဟောဝါ အလိုရှိတယ်၊ အဲဒီအဖြေက ယေဟောဝါကို သူတို့ရဲ့ ဘုရားသခင်နဲ့ ကယ်တင်ရှင်အဖြစ် ကလေးတွေချစ်မြတ်နိုးလာအောင် လှုံ့ဆော်ပေးတယ်။ ယေဟောဝါက ယနေ့လူငယ်တွေကိုလည်း အဲဒီလိုပဲဖြစ်စေချင်တယ်။ ဘုရားသခင်နဲ့ ကိုယ်တော့်လူမျိုးကို စိတ်နှလုံးထဲကနေချစ်မြတ်နိုးအောင် မိဘတွေ မိမိတို့ရဲ့ကလေးတွေကို သွန်သင်ပေးနိုင်တဲ့နည်းတစ်နည်းက ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ အကျွမ်းတဝင်ရှိလာအောင်၊ အဖွဲ့အစည်းရဲ့အစီအစဉ်တွေကနေ ဘယ်လိုအကျိုးရရှိတယ်ဆိုတာ နားလည်သဘောပေါက်အောင် ကူညီပေးခြင်းဖြစ်တယ်။ ဒါကြောင့် ကလေးတွေ ဘုရားသခင့်အဖွဲ့အစည်းအကြောင်း အသေးစိတ်သိလာအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတချို့ကို သုံးသပ်ကြည့်ကြစို့။

ဒေသခံအသင်းတော်

သင့်မိသားစုတက်ရောက်နေတဲ့ အသင်းတော်အကြောင်း ကလေးတွ သိဖို့လိုတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ခရစ်ယာန်အစည်းအဝေးအားလုံးကိုတက်ရောက်ဖို့ ကလေးတွေကို ခေါ်သွားလိုကြတယ်။ ဒီလိုလုပ်ခြင်းက အစ္စရေးလူမျိုးအတွက် ယေဟောဝါချမှတ်ပေးတဲ့ နည်းအတိုင်း လုပ်ဆောင်ခြင်းဖြစ်တယ်– ‘ယောက်ျား၊ မိန်းမ၊ သူငယ်များတို့သည်ကြား၍ နားလည်သဖြင့် သင်တို့၏ဘုရားသခင် ယေဟောဝါကိုကြောက်ရွံ့၍ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။ ထိုသို့ပြုလျှင် နားမလည်သေးသောသူငယ်တို့သည် ကြားသဖြင့် သင်တို့ဘုရားသခင်ယေဟောဝါကို ကြောက်ရွံ့စေခြင်းငှာ သင်ကြလိမ့်မည်။’—တရား. ၃၁:၁၂၊ ၁၃

ကလေးတွေက နို့စို့အရွယ်ကစပြီး ကျမ်းစာအကြောင်း သင်ယူနိုင်ကြတယ်။ တမန်တော်ပေါလုက တိမောသေနဲ့ပတ်သက်ပြီး “သင်သည် နို့စို့အရွယ်မှစ၍ သန့်ရှင်းသောကျမ်းဂန်များကို သိရှိခဲ့ပြီ” လို့ပြောခဲ့တယ်။ (၂ တိ. ၃:၁၅) အလွန်ငယ်ရွယ်တဲ့ကလေးတွေတောင်မှ အစည်းအဝေးတွေမှာ ဟောပြောတဲ့အကြောင်းအရာတွေကို နားလည်ပြီး ဘုရားသခင့်နိုင်ငံတော်သီချင်းတွေနဲ့ အကျွမ်းတဝင်ရှိလာကြတယ်။ သမ္မာကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို အသုံးပြုဖို့နဲ့ ရိုရိုသေသေကိုင်တွယ်ဖို့ သင်ယူကြတယ်။ အဲဒီအပြင် ခရစ်တော်ရဲ့နောက်လိုက်စစ်တွေရဲ့အမှတ်အသားဖြစ်တဲ့ စစ်မှန်တဲ့မေတ္တာကို အစည်းအဝေးတွေမှာ သူတို့ခံစားသိရှိလာမှာဖြစ်တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့အချင်းချင်း ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသော ပညတ်သစ်ကို ငါပေး၏။ သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။” (ယော. ၁၃:၃၄၊ ၃၅) ဘုရားသခင့်နိုင်ငံတော်ခန်းမမှာတွေ့ရတဲ့ လှိုက်လှဲတဲ့မေတ္တာ၊ စစ်မှန်တဲ့လုံခြုံမှုကို ကလေးတွေ ခံစားရနိုင်တယ်။ အဲဒါက သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာ ခရစ်ယာန်အစည်းအဝေးတွေကို စွဲစွဲမြဲမြဲတက်ရောက်ဖို့ ကူညီပေးနိုင်တယ်။

အစည်းအဝေးမတိုင်မီ စောစောရောက်ပြီး အစည်းအဝေးပြီးတဲ့နောက် ခေတ္တခဏနေတဲ့အကျင့်ရှိခြင်းက သင့်ကလေးတွေ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေးရစေတယ်။ တခြားကလေးတွေနဲ့ပဲပေါင်းသင်းစေမယ့်အစား အသက်အရွယ်အမျိုးမျိုးရှိတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့လည်း မိတ်ဆက်ပေးပါ။ အသက်ကြီးတဲ့သူတွေနဲ့ သူတို့ရင်းနှီးလာတဲ့အခါ အသက်ကြီးတဲ့သူတွေမှာ သိပ်ကောင်းတဲ့အတွေ့အကြုံတွေနဲ့ ဉာဏ်ပညာရှိတယ်ဆိုတာ သင့်ကလေးတွေ သိရှိလာမယ်။ ရှေးခေတ်က ငယ်ရွယ်တဲ့ယုဒဘုရင်သြဇိကို စစ်မှန်တဲ့ဘုရားသခင်ကိုကြောက်ရွံ့လာအောင် သွန်သင်ပေးခဲ့တဲ့ ဇာခရိလိုပဲ ယေဟောဝါကို နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုဆောင်ခဲ့သူတွေဟာ ကလေးတွေအပေါ် ကောင်းတဲ့သြဇာသက်ရောက်နိုင်တယ်။ (၆ ရာ. ၂၆:၁၊ ၄၊ ၅) ကလေးတွေကို ဝတ်ပြုရာခန်းမမှာရှိတဲ့ စာကြည့်တိုက်၊ ကြော်ငြာသင်ပုန်းနဲ့ တခြားအရာတွေအကြောင်းကိုလည်း ရှင်းပြနိုင်တယ်။

ကမ္ဘာချီအဖွဲ့အစည်း

ဒေသခံအသင်းတော်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော် ၁၀၀,၀၀၀ ကျော်ထဲက အသင်းတော်တစ်ခုဖြစ်တယ်ဆိုတာ ကလေးတွေသိဖို့လိုတယ်။ ဒီအဖွဲ့အစည်းအကြောင်းနဲ့ ဒီအဖွဲ့အစည်းရဲ့လုပ်ဆောင်မှုအကြောင်း၊ ဒီအဖွဲ့အစည်းကို ကလေးတွေ ဘယ်လိုထောက်ပံ့နိုင်တယ်ဆိုတဲ့အကြောင်း ရှင်းပြပါ။ စည်းဝေးပွဲတွေ၊ ခရိုင်စည်းဝေးကြီးတွေ၊ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မှုတွေကို ကျွန်ုပ်တို့ ဘာကြောင့် စောင့်မျှော်ရတယ်ဆိုတာ ရှင်းပြပါ။—စာမျက်နှာ ၂၈ မှာပါတဲ့  “မိသားစုဝတ်ပြုမှုမှာ ဆွေးနွေးနိုင်တဲ့အကြောင်းအရာများ” လေးထောင့်ကွက်ကိုကြည့်ပါ။

ဖြစ်နိုင်တယ်ဆိုရင် နယ်လှည့်ကြီးကြပ်မှူးတွေ၊ ခရစ်ယာန်သာသနာပြုတွေ၊ ဗေသလမိသားစုဝင်တွေနဲ့ တခြား အချိန်ပြည့်အမှုဆောင်တွေကို အိမ်အလည်ဖိတ်ပါ။ သူတို့တွေက ကလေးတွေအတွက် အချိန်မပေးနိုင်ဘူးလို့ မယူဆပါနဲ့။ ဒီအချိန်ပြည့်အမှုဆောင်တွေဟာ ကလေးတွေကို အမြဲအချိန်ပေးစကားပြောတဲ့ယေရှုကို တုပဖို့ကြိုးစားကြတယ်။ (မာ. ၁၀:၁၃-၁၆) သူတို့တွေရဲ့အတွေ့အကြုံတွေကို နားထောင်ရတာ၊ ခရစ်ယာန်ဓမ္မအမှုမှာ သူတို့ပျော်ရွှင်နေတာကို တွေ့ရတဲ့အခါ သင့်ကလေးတွေလည်း အချိန်ပြည့်အမှုဆောင်ဖို့ ပန်းတိုင်ထားကြပါလိမ့်မယ်။

သင့်ကလေး ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ ပိုရင်းနှီးလာအောင် မိသားစုလိုက် ဘာလုပ်နိုင်သေးသလဲ။ ဒါက အကြံပြုချက်တချို့ဖြစ်တယ်– ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ်ကို မိသားစုလိုက်လေ့လာနိုင်တယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေတင်ပြခဲ့တဲ့ အကြွင်းမဲ့အပ်နှံမှု၊ နှိမ့်ချမှု၊ သစ္စာစောင့်သိမှုတွေကို အလေးပေး ပြောပြပါ။ ကမ္ဘာတစ်ဝန်း သတင်းကောင်းပျံ့နှံ့ဖို့ သူတို့တွေကို ယေဟောဝါ ဘယ်လိုအသုံးပြုတယ်ဆိုတာ ပြောပြပါ။ ယေဟောဝါအဖွဲ့အစည်းကထုတ်ထားတဲ့ ဗီဒီယိုတွေကိုသုံးပြီး အတိတ်နဲ့မျက်မှောက်ခေတ်ဆိုင်ရာ အရေးကြီးတဲ့သင်ခန်းစာတွေကို သင်ပေးပါ။ ဖြစ်နိုင်တယ်ဆိုရင် သင့်နိုင်ငံမှာရှိတဲ့ ဗေသလအိမ်ကိုလည်ပတ်ပါ။ ဒီလည်ပတ်မှုက သစ္စာရှိကျွန်ရဲ့ ညွှန်ကြားမှုအောက်မှာ ယေဟောဝါရဲ့ မြေကြီးဆိုင်ရာအဖွဲ့အစည်းက ပထမရာစုတုန်းကလိုပဲ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းကို ကျမ်းစာဆိုင်ရာလမ်းညွှန်ချက်တွေပေးဖို့၊ အချိန်တန်အစာကျွေးဖို့ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ သင့်ကလေးတွေကို သိရှိမှတ်သားစေပါလိမ့်မယ်။—မ. ၂၄:၄၅-၄၇; တ. ၁၅:၂၂-၃၁

အသက်အရွယ်အလိုက် သင်ပေးပါ

သင့်ကလေးတွေကို သွန်သင်ရာမှာ တမန်တော်တွေကို ယေရှု သွန်သင်တဲ့နည်းကို သတိရပါ။ ကိုယ်တော် တစ်ခါက သူတို့ကို ဒီလိုပြောခဲ့တယ်– “သင်တို့အား ငါပြောစရာ များစွာရှိသေးသော်လည်း သင်တို့သည် ယခု မခံယူနိုင်ကြ။” (ယော. ၁၆:၁၂) ယေရှု သူ့တပည့်တွေကို တစ်ကြိမ်တည်းနဲ့ အများကြီး မသွန်သင်ခဲ့ဘူး။ အဲဒီလိုလုပ်မယ့်အစား အရေးကြီးတဲ့ အမှန်တရားကို ဖြည်းဖြည်းချင်း သင်ပေးခဲ့လို့ တပည့်တွေ ကောင်းကောင်း နားလည်ခဲ့ကြတယ်။ အဲဒီလိုပဲ သင့်ကလေးတွေကို တစ်ခါတည်းနဲ့ အများကြီး မသင်ပေးပါနဲ့။ ယေဟောဝါရဲ့ အဖွဲ့အစည်းအကြောင်း တဖြည်းဖြည်းချင်း ပုံမှန်သင်ပေးခြင်းအားဖြင့် သူတို့ရဲ့စိတ်ဝင်စားမှုကို နှိုးဆွနိုင်ပြီး ခရစ်ယာန်အသင်းတော်အကြောင်း လေ့လာခြင်းက သူတို့အတွက် ပျော်စရာဖြစ်လာမယ်။ ကလေးတွေ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့လိုအပ်ချက်တွေနဲ့အညီ သူတို့သိထားတဲ့အကြောင်းအရာကို ပြန်ပြောပြနိုင်၊ အကျယ်ချဲ့ပြီး သင်ပေးနိုင်တယ်။

ဘုရားသခင်နဲ့ဆက်ဆံရေးခိုင်မြဲအောင် လုပ်ဆောင်ရာမှာ ခရစ်ယာန်အသင်းတော်ဟာ အလွန်အရေးပါတယ်၊ အသင်းတော်လုပ်ဆောင်မှုမှာ လူငယ်တွေ ဇွဲရှိရှိပါဝင်မယ်ဆိုရင် စာတန့်လောကရဲ့လွှမ်းမိုးမှုကို တွန်းလှန်နိုင်မှာဖြစ်တယ်။ (ရော. ၁၂:၂) သင့်ကလေးတွေကို ယေဟောဝါအဖွဲ့အစည်းနဲ့ အကျွမ်းတဝင်ရှိအောင် ကူညီပေးရာမှာ သင်ပျော်ရွှင်မှုခံစားရမယ်ဆိုတာ သေချာပါတယ်။ ဘုရားသခင့်ကောင်းချီးနဲ့အတူ သူတို့တွေဟာ အဖွဲ့အစည်းနဲ့ ကျွန်ုပ်တို့ ဝတ်ပြုနေတဲ့ မေတ္တာပြည့်ဝတဲ့ဘုရားသခင်ကို သစ္စာရှိရှိ ဆက်တည်ကြည်သွားနိုင်ကြပါစေ။

[စာမျက်နှာ ၂၈ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 မိသားစုဝတ်ပြုမှုမှာ ဆွေးနွေးနိုင်တဲ့အကြောင်းအရာများ

ဒီအချက်တွေက မိသားစုဝတ်ပြုမှုမှာ အသုံးပြုနိုင်တဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေဖြစ်တယ်။

▪ ဒေသခံအသင်းတော်ရဲ့ နောက်ခံသမိုင်းကြောင်းကို ပြန် သုံးသပ်ပါ။ ဘယ်အချိန်မှာ ဘယ်လိုစတည်ထောင်ခဲ့တာလဲ။ ဘယ်နိုင်ငံတော်ခန်းမတွေကို အသုံးပြုခဲ့ရသလဲ။ ဒီဆွေးနွေးမှုမှာ သင့်ကလေးရဲ့မေးခွန်းတွေကို ဖြေဆိုပေးဖို့ သက်တမ်းကြာ ခရစ်ယာန်တစ်ဦးကို ဖိတ်ခေါ်နိုင်ပါတယ်။

▪ အသင်းတော်အစည်းအဝေးအမျိုးမျိုးနဲ့ ပိုပြီးကြီးတဲ့ စုရုံးမှုတွေရဲ့ ရည်ရွယ်ချက်နဲ့ အဲဒီကနေ ကလေးတွေ ဘယ်လိုအကျိုးရနိုင်တယ်ဆိုတာ ရှင်းပြပါ။

▪ ယေဟောဝါအဖွဲ့အစည်းကနေ ပြုလုပ်တဲ့ ကျောင်း အမျိုးမျိုးရဲ့ ရည်ရွယ်ချက်တွေကို သုံးသပ်ပါ။ ကျောင်းဆင်းတွေရဲ့ ရလဒ်ကောင်းရရှိတဲ့ အတွေ့အကြုံတွေကို ပြောပြပါ။

▪ သတင်းကောင်းကို ပုံမှန်ကြေညာသူတွေဖြစ်ခြင်းရဲ့ အရေးကြီးမှုကို ကလေးတွေ သိမြင်လာအောင် ကူညီပေးပါ။ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ် မှတ်တမ်းမှာ သူတို့ ဘယ်လိုပါဝင်နိုင်တယ်ဆိုတာ ရှင်းပြပါ။

▪ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ လူငယ်တွေလုပ်ဆောင်နိုင်တဲ့ အချိန်ပြည့်လုပ်ငန်းအမျိုးမျိုးအကြောင်းကို ဆွေးနွေးပါ။ အဲဒီအချက်အလက်တွေကို ယေဟောဝါ၏ အလိုတော်ဆောင်ရန်ဖွဲ့စည်းထားခြင်းစာအုပ် အခန်း ၁၀ မှာ တွေ့ ရှိနိုင်တယ်။

▪ အသင်းတော်မှာ တချို့သောလုပ်ထုံးလုပ်နည်းတွေကို ဘာကြောင့် လိုက်နာဖို့လိုတယ်ဆိုတာ ကလေးငယ်တွေ နားလည်ဖို့ကူညီပေးပါ။ သေးငယ်တဲ့ကိစ္စရပ်တွေမှာတောင် ယေဟောဝါအဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်အတိုင်း ဘာကြောင့်လုပ်ဆောင်ဖို့လိုတယ်ဆိုတာ ရှင်းပြပါ။ အကြီးအကဲတွေရဲ့ ညွှန်ကြားချက်အတိုင်း သူတို့လုပ်ဆောင်ခြင်းက အသင်းတော်ကို စည်းစနစ် ကျနစေအောင် အထောက်အကူပြုတယ်ဆိုတာ ရှင်းပြပါ။

[ရုပ်ပုံ]

သက်တမ်းကြာအမှုဆောင်တွေနဲ့ မိတ်ဖွဲ့ခြင်းကနေ သင့်ကလေးတွေ အကျိုးရရှိနိုင်

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

ရှေးအစ္စရေးခေတ်တုန်းကလိုပဲ ယနေ့ မိဘတွေဟာ ယေဟောဝါအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ကလေးတွေရဲ့မေးခွန်းတွေကို ကျေနပ်ဖွယ်အဖြေပေးဖို့ကြိုးစားကြ