မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ကျွန်တော်ဆက်ပြီး အလုပ်များနေ

ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ကျွန်တော်ဆက်ပြီး အလုပ်များနေ

ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ကျွန်တော်ဆက်ပြီး အလုပ်များနေ

ဗာနန် ဇူကို ပြောပြသည်

ကျွန်တော်က ကနေဒါနိုင်ငံ၊ ဆက်စ်ခက်ချဝမ်ပြည်နယ်မှာရှိတဲ့ စတန်နဲန်ရွာအနားက စိုက်ပျိုးမွေးမြူရေးခြံမှာ ကြီးပြင်းလာခဲ့သူပါ။ ကျွန်တော့်မိဘတွေဖြစ်တဲ့ ဖရဒ်နဲ့ အဒဲလ်လာက ကျွန်တော့်အစ်မ အာရယ်လျာနဲ့ ကျွန်တော်၊ ကျွန်တော့်ရဲ့ညီ၊ ညီမတွေဖြစ်တဲ့ အယ်ဗန်၊ အလယ်ဂရာနဲ့ ဒါရာလ်တို့ကို ဘုရားသခင်ကိုချစ်ဖို့သင်ပေးတဲ့နေရာမှာရော ကာယရေးအရကျွေးမွေးရာမှာပါ အလုပ်ကြိုးစားတဲ့သူတွေဖြစ်တယ်။ ကျွန်တော်တို့ကို အမှန်တရားသင်ပေးခဲ့တဲ့အတွက် ဒီနေ့ထိ ကျွန်တော့်မိဘတွေကို ကျေးဇူးတင်နေဆဲပဲ။

အဖေက ရဲစွမ်းသတ္တိရှိရှိဟောပြောတဲ့ စွမ်းအားတော်ဖွားခရစ်ယာန်တစ်ဦးဖြစ်တယ်။ စားဝတ်နေရေးအတွက် ကြိုးစားအလုပ်လုပ်ပေမဲ့ သူ သက်သေခံတစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်းသိတယ်။ သူက အမှန်တရားအကြောင်း အမြဲပြောတယ်။ ဇွဲနဲ့ သတ္တိတင်ပြရာမှာ အဖေ့ရဲ့ကောင်းတဲ့ပုံသက်သေကို ကျွန်တော်အမြဲအမှတ်ရနေမှာပါ။ “ယေဟောဝါရဲ့အဖွဲ့အစည်းမှာဆက်ပြီးအလုပ်များနေပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ပြဿနာအတော်များများကို ရှောင်နိုင်လိမ့်မယ်” လို့ ကျွန်တော့်ကို အဖေ မကြာခဏပြောလေ့ရှိတယ်။

စတန်နဲန်နဲ့ အဲဒီအနီးတစ်ဝိုက်မှာ ကျွန်တော်တို့ မကြာခဏ လမ်းပေါ်သက်သေခံခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ လမ်းပေါ်သက်သေခံရတာက အမြဲမလွယ်ကူဘူး။ မြို့တိုင်းမှာ အနိုင်ကျင့်တဲ့သူတွေရှိပြီး သူတို့တွေက ကျွန်တော်တို့လို လူငယ်တွေဆီလာပြီး လှောင်ပြောင်သရော်ကြတယ်။ တစ်ကြိမ်မှာ ကျွန်တော်အသက်ရှစ်နှစ်အရွယ်တုန်းက ကင်းမျှော်စင်နဲ့ နိုးလော့!မဂ္ဂဇင်းတွေကိုင်ပြီး လမ်းထောင့်မှာရပ်နေတုန်း ကျွန်တော့်အနားကို လူငယ်တွေဝိုင်းလာတယ်။ သူတို့က ကျွန်တော့်ရဲ့ဦးထုပ်အသစ်ကို ဆွဲချွတ်လိုက်ပြီး ကျွန်တော့်ဘေးမှာရှိတဲ့တိုင်ပေါ် တင်လိုက်တယ်။ ကျေးဇူးတင်စရာကောင်းတာက ကျွန်တော့်ကိုဂရုစိုက်ကြည့်နေတဲ့ သက်ကြီးညီအစ်ကိုတစ်ယောက်က တွေ့သွားလို့ အနားရောက်လာပြီး “ဘာဖြစ်နေတာလဲ၊ ဗာနန်” ဆိုပြီး မေးတယ်။ အဲဒီကောင်လေးတွေလည်း ချက်ချင်းကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။ အဲဒီအတွေ့အကြုံက နည်းနည်းစိတ်ပျက်စရာကောင်းပေမဲ့လည်း လမ်းပေါ်သက်သေခံတဲ့အခါ ကျောက်ရုပ်လို မလှုပ်မယှက်ရပ်မနေဘဲ လျှောက်နေသင့်တယ်ဆိုတဲ့ သင်ခန်းစာရခဲ့တယ်။ ကျွန်တော်ကြီးလာတဲ့အခါ အဲဒီလေ့ကျင့်ပေးမှုတွေကြောင့် တစ်အိမ်မှတစ်အိမ်ဟောပြောဖို့ လိုအပ်တဲ့ရဲစွမ်းသတ္တိ ရှိလာတယ်။

အယ်ဗန်နဲ့ ကျွန်တော်က ၁၉၅၁၊ မေလမှာ နှစ်ခြင်းခံခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်အသက် ၁၃ နှစ်ပဲရှိသေးတယ်။ ညီအစ်ကို ဂျက် နေသန်ရဲ့ နှစ်ခြင်းဟောပြောချက်မှာ ယေဟောဝါအကြောင်းမပြောဘဲနဲ့ ဘယ်တော့မှ တစ်လမကုန်သွားစေနဲ့လို့ တိုက်တွန်းခဲ့တာကို မှတ်မိနေသေးတယ်။ * ကျွန်တော်တို့မိသားစုက ရှေ့ဆောင်လုပ်ငန်းကို အကောင်းဆုံးသက်မွေးလုပ်ငန်းအဖြစ် အမြဲသတ်မှတ်ထားတယ်။ ဒါကြောင့် ကျွန်တော်ကျောင်းပြီးသွားတဲ့ ၁၉၅၈ ခုနှစ်မှာ မဲန်နီတိုဘာခရိုင်၊ ဝင်နီပက်ဂ်မြို့မှာ ရှေ့ဆောင်လုပ်ဖို့ ပြောင်းရွှေ့ခဲ့တယ်။ အဖေက မိသားစုစီးပွားရေးဖြစ်တဲ့ သစ်အချောကိုင်လုပ်ငန်းမှာ သူနဲ့အတူ အလုပ်လုပ်စေချင်ပေမဲ့ အဖေရော အမေကပါ ကျွန်တော် အချိန်ပြည့်လုပ်ငန်းလုပ်ဖို့ အားပေးပြီး ပြောင်းရွှေ့နေထိုင်ဖို့ ခွင့်ပြုပေးကြတယ်။

အိမ်အသစ်နဲ့ အဖော်အသစ်

၁၉၅၉ ခုနှစ်မှာ ဌာနခွဲရုံးက သတင်းကောင်းဟောပြောသူ အရမ်းလိုအပ်တဲ့ ကွီဘတ်မှာ ပြောင်းရွှေ့နေထိုင်နိုင်တဲ့သူတွေကို ဖိတ်ခေါ်ခဲ့တယ်။ မွန်ထရီရောလ်မြို့မှာ ရှေ့ဆောင်လုပ်ဖို့ ကျွန်တော်သွားခဲ့တယ်။ ဒါက အပြောင်းအလဲကြီးတစ်ခုပါပဲ။ ပြင်သစ်စကားကို သင်ယူရပြီး ယဉ်ကျေးမှုအသစ်နဲ့အညီ လိုက်လျောညီထွေနေရလို့ ဒါက ကျွန်တော့်ဘဝရဲ့ စာမျက်နှာအသစ်ဖြစ်ခဲ့တယ်။ “ကျွန်တော်အရင်က ဒီလိုပဲလုပ်နေကျ” ဆိုပြီး ဘယ်တော့မှမပြောမိစေနဲ့လို့ တိုက်နယ်ကြီးကြပ်မှူးက ကျွန်တော့်ကိုပြောတယ်။ ဒါက တကယ့်ကို ကောင်းတဲ့အကြံပေးချက်ပဲ။—၁ ကော. ၉:၂၂၊ ၂၃

ကျွန်တော် ကွီဘတ်ကို စပြောင်းတုန်းက ကျွန်တော့်မှာ ရှေ့ဆောင်အဖော်မရှိဘူး။ ဒါပေမဲ့ အစောပိုင်း ဝင်နီပက်ဂ်မှာတွေ့ခဲ့တဲ့ ညီအစ်မ ရှဲလီ ထားကတ်နဲ့ ၁၉၆၁၊ ဖေဖော်ဝါရီမှာ လက်ထပ်လိုက်တဲ့အခါ သူက ကျွန်တော့်ရဲ့ထာဝရအဖော် ဖြစ်လာတယ်။ သူမလည်း ယေဟောဝါကိုချစ်တဲ့မိသားစုကနေ ကြီးပြင်းလာသူဖြစ်တယ်။ သူမဟာ ကျွန်တော့်အတွက် နှစ်တွေတစ်လျှောက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားတွေပေးနိုင်လိမ့်မယ်လို့ အဲဒီအချိန်တုန်းက ကျွန်တော် အပြည့်အဝမသိခဲ့ဘူး။

ဂဲစ်ပေမှာ ဟောပြောခြင်း

လက်ထပ်ပြီးနှစ်နှစ်အကြာမှာ အထူးရှေ့ဆောင်အဖြစ် ကွီဘတ်ပြည်နယ်၊ ရီမုစကီမှာ တာဝန်ခန့်အပ်ခံရတယ်။ အဲဒီနှစ်ရဲ့ နွေဦးပေါက်မှာ ကနေဒါရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ဂဲစ်ပေကျွန်းဆွယ်တစ်လျှောက်မှာ ဟောပြောဖို့ ဌာနခွဲရုံးက တာဝန်ပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့တာဝန်က အမှန်တရားမျိုးစေ့ကို ကြဲနိုင်သမျှများများကြဲချဖို့ ဖြစ်တယ်။ (ဒေ. ၁၁:၆) ကျွန်တော်တို့ ကားပေါ်မှာ မဂ္ဂဇင်း ၁၀၀၀ ကျော်၊ စာအုပ် ၄၀၀ နီးပါးနဲ့ အစားအသောက်၊ အဝတ်အစားအနည်းငယ်ကိုတင်ပြီး တစ်လကြာဟောပြောဖို့ ခရီးထွက်ခဲ့ကြတယ်။ ရွာငယ်လေးတွေပါမကျန် ဂဲစ်ပေတစ်လျှောက် စနစ်တကျဟောပြောခဲ့ကြတယ်။ ဒေသခံ ရေဒီယိုအသံလွှင့်ရုံက သက်သေခံတွေလာနေပြီဆိုတဲ့အကြောင်းနဲ့ ကျွန်တော်တို့ရဲ့စာပေတွေကို လက်မခံဖို့ အသံလွှင့်သတိပေးခဲ့တယ်။ ဒါပေမဲ့ ကြေညာချက်ကို နားကြားလွဲပြီး ကျွန်တော်တို့ရဲ့စာပေတွေကို ကြော်ငြာပေးတယ်ထင်လို့ လက်ခံခဲ့ကြတယ်။

အဲဒီနှစ်တွေမှာ လွတ်လပ်စွာဟောပြောခွင့်ရတာ သိပ်မကြာသေးလို့ ကွီဘတ်ရဲ့တချို့ဒေသတွေမှာ မကြာခဏဆိုသလို ဟန့်တားမှုတွေကို ကြုံရတယ်။ မြို့တစ်မြို့မှာ ကျွန်တော်တို့က စာပေတွေကို အိမ်တိုင်းစေ့ဝေငှနေတုန်း အဲဒီလိုဖြစ်ခဲ့တယ်။ ရဲအရာရှိက သူနဲ့အတူ စခန်းကိုလိုက်ခဲ့ဖို့ပြောလို့ ကျွန်တော်တို့ လိုက်သွားခဲ့ကြတယ်။ အဲဒီမြို့ရဲ့ရှေ့နေက ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ရပ်ခိုင်းဖို့ အမိန့်ထုတ်တယ်ဆိုတာ သိခဲ့ရတယ်။ အဲဒီနေ့မှာ စခန်းမှူးမရှိလို့ ကျွန်တော်တို့မှာ လွတ်လပ်စွာဟောပြောခွင့်ရှိကြောင်း ဖော်ပြထားတဲ့ တိုရွန်တိုဌာနခွဲကပေးထားတဲ့ စာရွက်စာတမ်းအပြည့်အစုံကို အဲဒီရှေ့နေကို ပြခဲ့တယ်။ ရှေ့နေက အဲဒီစာရွက်စာတမ်းတွေကို ဖတ်ပြီးတဲ့အခါ “ပြဿနာရှာတာ ကျွန်တော်မဟုတ်ပါဘူး။ ဒီနယ်က ခရစ်ယာန်ဘုန်းတော်ကြီးက ခင်ဗျားတို့ကို ဟန့်တားခိုင်းလို့ပါ” လို့ အလျင်စလိုပြောတယ်။ ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းက ဥပဒေနဲ့မဆန့်ကျင်ဘူးဆိုတာ ရပ်ကွက်မှာရှိတဲ့သူတွေကို သိစေချင်လို့ ရဲတွေလာတားတဲ့ရပ်ကွက်ကို ပြန်သွားပြီး ဟောခဲ့တယ်။

နောက်တစ်မနက်မှာ စခန်းမှူးကို တွေ့ဖို့ပြန်သွားတဲ့အခါ ကျွန်တော်တို့ တားမြစ်ခံရတယ်ဆိုတဲ့သတင်းကို ကြားလို့ စိတ်ဆိုးသွားတယ်။ ရှေ့နေကို သူ ဖုန်းနဲ့ပြောတဲ့စကားတွေကို ကြားစေချင်တယ်။ စခန်းမှူးက ပြဿနာတစ်ခုခုရှိရင် သူ့ကိုတိုက်ရိုက်ပြောပါ၊ သူ ဖြေရှင်းပေးမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့က မျက်နှာစိမ်းတွေဖြစ်ပြီး ပြင်သစ်စကားသိပ်မပြောတတ်ပေမဲ့ ကြင်နာပြီး ဖော်ရွေတဲ့သူတွေကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ‘ဒီလူတွေ အမှန်တရားလက်ခံလာပါ့မလား’ လို့ ကျွန်တော်တို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေအတော်ကြာပြီးတဲ့နောက် ဂဲစ်ပေမှာ ဝတ်ပြုရာခန်းမတွေဆောက်ဖို့ ကျွန်တော်တို့ ပြန်သွားတဲ့အခါ အဲဒီအဖြေကို ရခဲ့တယ်။ ကျွန်တော်တို့ သက်သေခံခဲ့သူ အတော်များများက အခုဆိုရင် ကျွန်တော်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေဖြစ်နေတာကို တွေ့ခဲ့ရတယ်။ တကယ်ပါပဲ၊ ကြီးပွားစေတဲ့သူက ယေဟောဝါဖြစ်တယ်။—၁ ကော. ၃:၆၊ ၇

ဘုရားသခင်ပေးတဲ့ အမွေ

၁၉၇၀ မှာ ကျွန်တော်တို့ရဲ့သမီးလေး လီစာ မွေးလာတယ်။ ယေဟောဝါပေးတဲ့ အဲဒီအမွေကြောင့် ကျွန်တော်တို့ဘဝက ပိုပြီးစိုပြည်လာခဲ့တယ်။ ရှဲလီနဲ့ လီစာက နိုင်ငံတော်ခန်းမဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကျွန်တော်နဲ့အတူ လုပ်ဆောင်ခဲ့တယ်။ လီစာ ကျောင်းပြီးသွားတဲ့နောက် သူဒီလိုပြောတယ်– “ကျွန်မကြောင့် အဖေနဲ့အမေ ခဏတစ်ဖြုတ် ရှေ့ဆောင်နားခဲ့ရတဲ့အတွက် ကျွန်မရှေ့ဆောင်လုပ်ပြီး ပြန်အစားလျော်ပေးမယ်။” အနှစ်နှစ်ဆယ်ကြာပြီးတဲ့အထိ လီစာက ရှေ့ဆောင်တစ်ဦးအဖြစ် ဆက်လုပ်ဆောင်နေတုန်းပဲ။ အခုတော့ သူ့ရဲ့ခင်ပွန်း စေလ်ဗန်နဲ့အတူပေါ့။ သူတို့နှစ်ယောက်စလုံး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းများစွာမှာ ပါဝင်ခဲ့ကြတယ်။ ကျွန်တော်တို့မိသားစုရဲ့ ပန်းတိုင်က ကျွန်တော်တို့ရဲ့ဘဝကို ရိုးရှင်းအောင်ထားပြီး ယေဟောဝါရဲ့အမှုတော်အတွက် လိုအပ်တဲ့အခါတိုင်း အသင့်ရှိနေဖို့ပဲ။ လီစာ ရှေ့ဆောင်စလုပ်တဲ့အချိန်က ပြောခဲ့တဲ့စကားကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ သူ့စကားတွေက အချိန်ပြည့်ဓမ္မအမှုမှာ ပြန်ပါဝင်ဖို့ ကျွန်တော့်ကို လှုံ့ဆော်ပေးခဲ့လို့ ၂၀၀၁ ခုနှစ်ကစပြီး ကျွန်တော် အချိန်ပြည့်ဓမ္မအမှုမှာ ပြန်ပါဝင်ခဲ့တယ်။ ရှေ့ဆောင်လုပ်တာက လုပ်လေသမျှ အရာရာတိုင်းမှာ ယေဟောဝါကို ယုံကြည်ကိုးစားဖို့၊ ရိုးရှင်းပေမဲ့ ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းတဲ့အသက်တာနဲ့ ဆက်နေထိုင်ဖို့ ကျွန်တော့်ကို သင်ပေးတယ်။

ဆောက်လုပ်ရေးလုပ်သားတွေ မေတ္တာနဲ့ သစ္စာတည်ကြည်မှုရှိဖို့လို

ယေဟောဝါပေးတဲ့ ဘယ်တာဝန်အတွက်မဆို အမြဲအသင့်ရှိနေမယ်ဆိုရင် ကြွယ်ဝတဲ့ကောင်းချီးတွေခံစားရတယ်ဆိုတာ ကျွန်တော့်ကို ယေဟောဝါသင်ပေးခဲ့တယ်။ ဒေသန္တရဆောက်လုပ်ရေးကော်မတီ၊ ကွီဘတ်နဲ့ အခြားဒေသမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင်ရခြင်းက တကယ့်အခွင့်ထူးပါပဲ။

စေတနာ့ဝန်ထမ်းတချို့က စင်မြင့်ပေါ်ကနေ ဟောပြောချက်ပေးတဲ့အခါ သိပ်မတော်ကြပေမဲ့ ခန်းမဆောက်လုပ်ရေးစီမံကိန်းတွေမှာတော့ တကယ့်ကို ထူးချွန်ကြတယ်။ ချစ်စရာကောင်းတဲ့ ညီအစ်ကိုညီအစ်မတွေက အလုပ်ထဲမှာ စိတ်ရောကိုယ်ပါနှစ်ပြီး အလုပ်လုပ်ကြတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ရတယ်။ ရလဒ်ကတော့ ယေဟောဝါကိုဝတ်ပြုဖို့ လှပတဲ့ဝတ်ပြုရာခန်းမတွေ ရရှိခြင်းပဲ။

“ခန်းမဆောက်လုပ်ရေးမှာပါဝင်တဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ဘယ်အရည်အသွေးတွေက အရေးအကြီးဆုံးလဲ” လို့ ကျွန်တော် အမေးခံရဖူးတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရ ဦးဆုံး ယေဟောဝါ၊ သားတော်နဲ့ ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို ချစ်ရမယ်။ (၁ ကော. ၁၆:၁၄) ဒုတိယအနေနဲ့ ကိစ္စရပ်တွေက ကျွန်တော်တို့ဖြစ်စေချင်သလို မဖြစ်လာတဲ့အခါတွေမှာတောင် အဖွဲ့အစည်းရဲ့အစီအစဉ်တွေကို သစ္စာရှိရှိလိုက်လျှောက်ဖို့လိုတယ်။ သစ္စာရှိမယ်ဆိုရင် နောက်ထပ်စီမံကိန်းတွေမှာလည်း ဆက်ပါဝင်လိမ့်မယ်။

ယေဟောဝါကို ကျေးဇူးတင်

၁၉၈၅ ခုနှစ်မှာ ကျွန်တော့်အဖေ ကွယ်လွန်ခဲ့တယ်၊ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ဆက်အလုပ်များနေပါဆိုတဲ့ သူ့ရဲ့စကားကတော့ ကျွန်တော့်နှလုံးသားမှာ တံဆိပ်ခတ်ထားသလိုပဲ။ ယေဟောဝါအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းမှာ တခြားသူတွေ အသီးသီးတာဝန်ရရှိကြသလို ကျွန်တော့်အဖေလည်း အဲဒီမှာ အလုပ်များနေမယ်ဆိုတာ သေချာတယ်။ (ဗျာ. ၁၄:၁၃) အမေကတော့ အခု ၉၇ နှစ်ရှိပြီ။ လေဖြတ်ထားတာကြောင့် အရင်လို စကားမပြောနိုင်တော့ပေမဲ့ ကျမ်းစာကိုတော့ ကောင်းကောင်းသိသေးတယ်။ စာရေးတဲ့အခါ၊ ယေဟောဝါကို ဆက်သစ္စာရှိရှိအမှုဆောင်ဖို့ အားပေးတဲ့အခါတွေမှာ အမေက ကျမ်းချက်တွေကို ကိုးကားတယ်။ ဒီလိုမေတ္တာပြည့်ဝတဲ့ မိဘတွေရရှိထားတာက ကျွန်တော်တို့အတွက် တကယ့်ကိုကျေးဇူးတင်စရာပါပဲ။

ကျွန်တော့်ရဲ့သစ္စာရှိဇနီးလည်းဖြစ် အဖော်လည်းဖြစ်တဲ့ ရှဲလီ အတွက်လည်း ယေဟောဝါကို ကျေးဇူးတင်တယ်။ သူက သူ့အမေပြောတဲ့ဒီစကားကို နှလုံးထဲစွဲအောင်မှတ်ထားတာ။ “ဗာနန်က အလုပ်များမှာဖြစ်လို့ တခြားသူတွေအတွက် သူ အချိန်ပေးရမယ်ဆိုတာ သိထားပါ။” လွန်ခဲ့တဲ့ ၄၉ နှစ်၊ ကျွန်တော်တို့လက်ထပ်စဉ်က ကျွန်တော်တို့နှစ်ဦး အတူတူအသက်ကြီးကြမယ်၊ ယေဟောဝါကို အတူအမှုဆောင်ကြမယ်၊ အတူတူကပ်ကျော်ခဲ့မယ်ဆိုရင် အတူပြန်နုပျိုပြီး ကိုယ်တော့်ကို ထာဝစဉ်ဆက်အမှုဆောင်ကြမယ်လို့ ကတိပြုခဲ့ကြတယ်။ ကျွန်တော်တို့ဟာ တကယ်ပဲ “သခင်၏အမှုတော်တွင် အလုပ်များ” ခဲ့ကြတယ်။ (၁ ကော. ၁၅:၅၈) ယေဟောဝါက အမှန်ပဲ လိုလေသေးမရှိအောင် ကျွန်တော်တို့ကို ဂရုစိုက်ခဲ့တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ကင်းမျှော်စင်၊ စက်တင်ဘာ ၁၊ ၁၉၉၀ စာမျက်နှာ ၁၀-၁၄ [အင်္ဂလိပ်] မှာပါတဲ့ ဂျက် ဟယ်လီဒေး နေသန်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ကြည့်ပါ။

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

“ကျွန်တော်တို့မိသားစုရဲ့ ပန်းတိုင်က ကျွန်တော်တို့ရဲ့ဘဝကို ရိုးရှင်းအောင်ထားပြီး ယေဟောဝါရဲ့အမှုတော်အတွက် လိုအပ်တဲ့အခါတိုင်း အသင့်ရှိနေဖို့ပဲ”