မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်နှလုံးကြေကွဲသူတို့၏ အော်ဟစ်သံကို ယေဟောဝါ နားထောင်တော်မူ၏

စိတ်နှလုံးကြေကွဲသူတို့၏ အော်ဟစ်သံကို ယေဟောဝါ နားထောင်တော်မူ၏

စိတ်နှလုံးကြေကွဲသူတို့၏ အော်ဟစ်သံကို ယေဟောဝါ နားထောင်တော်မူ၏

ရှေးအစ္စရေးဘုရင် ပညာရှိရှောလမုန်က “အချိန်နှင့် ကြိုတင်မမြင်ရသောဖြစ်ရပ်များ” ကြုံတွေ့ရနိုင်ကြောင်း သိမြင်ခဲ့တယ်။ (ဒေ. ၉:၁၁) ကြေကွဲဖွယ်ဖြစ်ရပ် ဒါမှမဟုတ် စိတ်ဒုက္ခရောက်စေတဲ့အခက်အခဲက ကျွန်ုပ်တို့ရဲ့ဘဝကို ဖရိုဖရဲဖြစ်သွားစေနိုင်တယ်။ ဥပမာ၊ မိသားစုဝင်တစ်ဦး ရုတ်တရက်ဆုံးပါးသွားခြင်းက ယူကျုံးမရ ကြေကွဲစေနိုင်တယ်။ နောက်ပိုင်း ရက်တွေလတွေမှာတောင် ဝမ်းနည်းပူဆွေးမှု၊ စိတ်ပျက်အားငယ်မှုတွေကို အဆက်မပြတ် ခံစားနေရနိုင်တယ်။ ယေဟောဝါထံဆုတောင်းချဉ်းကပ်ဖို့ မထိုက်တန်ဘူးလို့ ခံစားရတဲ့အထိ စိတ်ကယောက်ကယက် ဖြစ်လာနိုင်တယ်။

ဒီလိုအခြေအနေမှာ လူတစ်ဦးဟာ အားပေးမှု၊ ထောက်ထားစာနာမှုနဲ့ မေတ္တာလိုအပ်တယ်။ ဆာလံဆရာ ဒါဝိဒ်က ‘ယေဟောဝါသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏’ လို့အားတက်ဖွယ် သီဆိုခဲ့တယ်။ (ဆာ. ၁၄၅:၁၃ခ) “[ယေဟောဝါ] သည် စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏” လို့ သမ္မာကျမ်းစာက ဆိုတယ်။ (၆ ရာ. ၁၆:၉) ကိုယ်တော်က ‘စိတ်နှလုံးကြေကွဲသူတို့ကို ပြန်လည်လန်းဆန်း အားတက်လာ’ စေသူဖြစ်တယ်။ (ဟေရှာ. ၅၇:၁၅ခမ) စိတ်နှလုံးကြေကွဲသူကို ယေဟောဝါ ဘယ်လို ထောက်မပြီး နှစ်သိမ့်ပေးသလဲ။

“အချိန်တန်၍ပြောသောစကား”

ယေဟောဝါ  အချိန်တန်ကူညီပေးတဲ့နည်းတစ်နည်းက ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအားဖြင့် ဖြစ်တယ်။ “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆို” ဖို့ ခရစ်ယာန်တွေကို တိုက်တွန်းထားတယ်။ (၁ သက်. ၅:၁၄) ထောက်ထားစာနာတတ်တဲ့ ယုံကြည်သူချင်းတွေရဲ့ စိုးရိမ်မကင်းဖြစ်ပြီး မေတ္တာပါတဲ့စကားတွေက စိတ်ပျက်ဝမ်းနည်းနေသူတစ်ဦးကို အားရှိစေနိုင်တယ်။ နှစ်သိမ့်စကားအနည်းငယ်က စိတ်ပျက်အားလျော့နေသူတစ်ဦးကို ပြန်အားတက်လာနိုင်စေတယ်။ ဒီလို စာနာထောက်ထားတဲ့စကားတွေက ပြင်းထန်တဲ့စိတ်ကြေကွဲမှုကို ခံစားဖူးသူတွေထံက လာနိုင်တယ်။ ဒါမှမဟုတ် အဲဒီလိုခံစားဖူးတဲ့ မိတ်ဆွေတွေရှိတဲ့သူတွေဆီကလည်း လာနိုင်တယ်။ ယေဟောဝါက ဒီလို လက်တွေ့ကျနည်းလမ်းတွေကနေတစ်ဆင့် စိတ်ကြေကွဲနေသူကို ပြန်လည်လန်းဆန်းအားတက်စေနိုင်တယ်။

အကြီးအကဲဖြစ်သူ အဲလက်စ်ရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ လက်ထပ်ပြီးသိပ်မကြာမီမှာပဲ ဇနီးသည်က ကုလို့မရတဲ့ရောဂါနဲ့ ဆုံးပါးသွားတယ်။ ကိုယ်ချင်းစာနာတတ်တဲ့ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက သူ့ကို နှစ်သိမ့်စကားပြောခဲ့တယ်။ သူကလည်း ဇနီးဆုံးပါးသွားလို့ နောက်အိမ်ထောင်ပြုထားသူဖြစ်တယ်။ ဒီနယ်လှည့်ကြီးကြပ်မှူးက သူ စိတ်ထိခိုက်လွယ်တဲ့ခံစားချက်ကို ဘယ်လောက်အထိ ခံစားခဲ့ရတယ်ဆိုတာ ပြောပြခဲ့တယ်။ ခရစ်ယာန်ဓမ္မအမှုနဲ့ အသင်းတော်အစည်းအဝေးတွေမှာ တခြားသူတွေနဲ့ အတူရှိနေချိန်မှာတော့ အဆင်ပြေနေပေမဲ့ အိမ်ပြန်ပြီး အခန်းတံခါးကိုပိတ်လိုက်တာနဲ့ အရမ်းအထီးကျန်ခံစားရတယ်လို့ပြောပြတယ်။ “ကျွန်တော့်ရဲ့ခံစားချက်တွေက သာမန်ဖြစ်ပြီး တခြားသူတွေလည်း ဒီလိုခံစားရတယ်ဆိုတာကိုသိရတော့ တကယ့်စိတ်သက်သာရာရခဲ့တယ်” လို့ အဲလက်စ်က ပြောပြတယ်။ “အချိန်တန်၍ပြောသောစကား” က ဝမ်းနည်းကြေကွဲနေချိန်မှာ အမှန်ပဲ နှစ်သိမ့်မှုဖြစ်စေတယ်။—သု. ၁၅:၂၃

အိမ်ထောင်ဖက်ဆုံးပါးသွားသူ အတော်များများနဲ့ ရင်းနှီးတဲ့ နောက်ခရစ်ယာန်အကြီးအကဲတစ်ဦးက အဲလက်စ်ကို အားပေးစကားပြောခဲ့တယ်။ သူက ကျွန်ုပ်တို့ရဲ့ ခံစားချက်နဲ့ လိုအပ်ချက်ကို ယေဟောဝါသိတယ်လို့ ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာပါပါ ထောက်ပြခဲ့တယ်။ “အချိန်တွေကြာလာတဲ့အခါ အဖော်တစ်ဦးလိုအပ်တယ်လို့ ခံစားရနိုင်တယ်။ အဲဒီအချိန်မှာတော့ ယေဟောဝါရဲ့မေတ္တာပါ ပြင်ဆင်ပေးချက်က ပြန်အိမ်ထောင်ပြုခြင်းဖြစ်တယ်” လို့ ညီအစ်ကိုကပြောတယ်။ အိမ်ထောင်ဖက်ဆုံးသွားပြီး နောက်ထပ် အိမ်ထောင်ပြုလိုသူအားလုံးကတော့ သင့်တော်တဲ့အိမ်ထောင်ဖက် ရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီညီအစ်ကိုပြောခဲ့တဲ့စကားကို စဉ်းစားပြီး အဲလက်စ် ဒီလိုပြောခဲ့တယ်– “တစ်ချိန်ချိန်မှာ ပြန်အိမ်ထောင်ပြုမယ်ဆိုရင် ဒါက ယေဟောဝါရဲ့မေတ္တာပါ အစီအစဉ်ဖြစ်ပြီး ကိုယ့်အိမ်ထောင်ဖက်နဲ့ ယေဟောဝါရဲ့ အိမ်ထောင်ရေးအစီအစဉ်ကို သစ္စာမဲ့တာမဟုတ်ဘူးဆိုတာ သိရခြင်းက အပျက်သဘောအတွေးတွေကနေ လွတ်မြောက်စေတယ်။”—၁ ကော. ၇:၈၊ ၉၊ ၃၉

ဆင်းရဲဒုက္ခနဲ့ အခက်အခဲများစွာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဆာလံဆရာဒါဝိဒ်က ‘ယေဟောဝါသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏’ လို့ပြောခဲ့တယ်။ (ဆာ. ၃၄:၁၅၊ ၁၈) ထောက်ထားစာနာတတ်ပြီး ရင့်ကျက်တဲ့ ခရစ်ယာန်ချင်းတွေရဲ့ မေတ္တာနဲ့ကြင်နာမှုပါတဲ့စကားတွေအားဖြင့် စိတ်နှလုံးကြေကွဲသူတွေရဲ့အော်ဟစ်သံကို ယေဟောဝါ အချိန်တန်ဖြေကြားပေးနိုင်တယ်။ ဒီပြင်ဆင်ပေးချက်က အကျိုးရှိပြီး လက်တွေ့ကျပါတယ်။

ခရစ်ယာန်အစည်းအဝေးတွေကရတဲ့ အကူအညီ

စိတ်ဓာတ်ကျနေသူတစ်ဦးမှာ အပျက်သဘောထားတွေဝင်နေနိုင်ပြီး အဲဒါက သူ့ကို တစ်ယောက်တည်းနေဖို့ ဖြစ်စေနိုင်တယ်။ ဒါပေမဲ့ နယပုံပြင် ၁၈:၁ [သမ္မာ] က “သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏” လို့ဆိုတယ်။ အဲလက်စ်က “အိမ်ထောင်ဖက်ဆုံးပါးသွားတဲ့အခါ အပျက်သဘောတွေအများကြီး ဝင်လာနိုင်တယ်” လို့ပြောပြတယ်။ သူ ဒီလိုတွေးခဲ့တယ်လို့ ပြန်ပြောပြတယ်– “တခြားတစ်နည်းနည်းနဲ့လုပ်ပေးခဲ့ရင် အကောင်းသား။ သူ့အပေါ် ကြင်နာမှုနဲ့ နားလည်မှုပိုပြခဲ့ရင် အကောင်းသား။ ငါ အထီးကျန်မဖြစ်ချင်ဘူး။ ငါတစ်ယောက်တည်း မနေချင်ဘူး။ တစ်ရက်ပြီးတစ်ရက် တစ်ယောက်တည်းဖြစ်နေတယ်ဆိုတာ သတိရပြီး အဲဒီလိုအတွေးတွေကို မတွေးဘဲမနေနိုင်ခဲ့ဘူး။”

စိတ်နှလုံးကြေကွဲနေသူက အရင်ကထက်ပိုပြီး အကျိုးရှိတဲ့ပေါင်းသင်းမှုလိုအပ်တယ်။ ဒါကို အသင်းတော်အစည်းအဝေးတွေမှာ ရနိုင်တယ်။ ဒီနေရာမှာ အပြုသဘောရှိပြီး တည်ဆောက်မှုပေးတဲ့ ဘုရားသခင့်အတွေးအခေါ်တွေကို ကြားရတယ်။

ခရစ်ယာန်အစည်းအဝေးတွေက ကျွန်ုပ်တို့ရဲ့အခြေအနေကို တော်မှန်စွာရှုမြင်စေတယ်။ ကျမ်းစာဖတ်ရှုတာကိုနားထောင်ပြီး တွေးတောဆင်ခြင်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ အာရုံက ကိုယ့်ရဲ့ခံစားချက်တွေအပေါ်မှာသာမဟုတ်ဘဲ အရေးအကြီးဆုံး ကိစ္စနှစ်ခုဖြစ်တဲ့ ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနဲ့ ကိုယ်တော့်နာမတော် သန့်ရှင်းမြင့်မြတ်ရေးအပေါ် ရောက်နေမယ်။ ဒါ့အပြင် ခရစ်ယာန်အစည်းအဝေးတွေမှာ ယေဟောဝါအကြောင်း သွန်သင်ခံနေရတဲ့အချိန်မှာ ကျွန်ုပ်တို့ခံစားနေရတဲ့ စိတ်ဆင်းရဲမှုတွေကို တခြားသူတွေ မသိနားမလည်ရင်တောင် ယေဟောဝါ အမှန်တကယ် နားလည်တယ်ဆိုတာ သိရခြင်းက အားရှိစေတယ်။ “ညှိုးငယ်ခြင်းအားဖြင့် စိတ်ပျက်တတ်” တယ်ဆိုတာ ကိုယ်တော်သိတယ်။ (သု. ၁၅:၁၃) စစ်မှန်တဲ့ဘုရားသခင်က ကျွန်ုပ်တို့ကို ကူညီလိုပြီး အဲဒါက ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့ ခွန်အားရှိစေတယ်။—ဆာ. ၂၇:၁၄

ရန်သူ့ထံက ပြင်းထန်တဲ့ဖိအားတွေကို ခံစားရတဲ့အခါ ဘုရင်ဒါဝိဒ်က “အကျွန်ုပ်သည် စိတ်ပျက်လျက် မိန်းမောတွေဝေလျက်ရှိပါ၏” လို့ ဘုရားသခင်ထံ အော်ဟစ်အကူအညီ တောင်းခဲ့တယ်။ (ဆာ. ၁၄၃:၄) စိတ်ဆင်းရဲစရာတွေက လူတစ်ဦးကို ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းလျစေနိုင်ပြီး တွေဝေငေးမှိုင်တဲ့အထိ ဖြစ်သွားစေနိုင်တယ်။ အဖျားအနာ ဒါမှမဟုတ် နာတာရှည်ရောဂါတွေကြောင့် စိတ်ဆင်းရဲနိုင်တယ်။ ဒါပေမဲ့ ခံနိုင်ရည်ရှိဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ (ဆာ. ၄၁:၁-၃) အခုအချိန်မှာ ယေဟောဝါက အံ့ဖွယ်နည်းနဲ့ မကုသပေးတော့ပေမဲ့ ဝေဒနာခံစားနေရသူတစ်ဦး မိမိရဲ့အခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ခွန်အား ပေးနိုင်တယ်။ စိတ်ဓာတ်ကျနေချိန်မှာ ဘုရင်ဒါဝိဒ်က ယေဟောဝါထံ ချဉ်းကပ်ခဲ့တယ်ဆိုတာ သတိရပါ– “ရှေးလွန်လေပြီးသောကာလကိုအောက်မေ့၍ အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သောအရာများကိုလည်းကောင်း ဆင်ခြင်ပါ၏။”—ဆာ. ၁၄၃:၅

အတွင်းစိတ်ခံစားချက်တွေကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်ဆိုတဲ့အချက်က ကျွန်ုပ်တို့ရဲ့ခံစားချက်တွေကို ယေဟောဝါနားလည်တယ်ဆိုတာ သိစေတယ်။ အဲဒီစကားတွေက ကျွန်ုပ်တို့ရဲ့ အသနားခံဆုတောင်းချက်တွေကို ကိုယ်တော်နားထောင်တယ်ဆိုတဲ့ အာမခံချက်ဖြစ်တယ်။ ယေဟောဝါရဲ့ အကူအညီကို ကျွန်ုပ်တို့လက်ခံမယ်ဆိုရင် ကိုယ်တော် ‘ကျွန်ုပ်တို့ကို မစ’ မှာဖြစ်တယ်။—ဆာ. ၅၅:၂၂

“မခြားမလပ် ဆုတောင်းကြလော့”

ယာကုပ် ၄:၈ မှာ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” လို့ဖော်ပြထားတယ်။ ဘုရားသခင်ထံ ချဉ်းကပ်နိုင်တဲ့နည်းတစ်နည်းက ဆုတောင်းခြင်းဖြစ်တယ်။ တမန်တော်ပေါလုက “မခြားမလပ် ဆုတောင်းကြလော့” လို့ တိုက်တွန်းခဲ့တယ်။ (၁ သက်. ၅:၁၇) ကျွန်ုပ်တို့ရဲ့ခံစားချက်ကို စကားလုံးနဲ့ထုတ်ဖော်မပြောနိုင်တဲ့အခါမှာတောင် ‘နှုတ်မမြွက်ပြနိုင်သော ညည်းတွားရာများကို စွမ်းအားတော်ကိုယ်တိုင် အသနားခံပေး’ တယ်။ (ရော. ၈:၂၆၊ ၂၇) ကျွန်ုပ်တို့ ဘယ်လိုခံစားရသလဲဆိုတာ ယေဟောဝါ အမှန်တကယ် နားလည်တော်မူတယ်။

ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ မိုနီကာ ဒီလိုပြောပြတယ်– “ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ရှုခြင်း၊ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းတို့ကြောင့် ယေဟောဝါက ကျွန်မရဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာတယ်လို့ ခံစားရတယ်။ ကျွန်မရဲ့ဘဝမှာ ကိုယ်တော် အမြဲကူညီပေးတယ်ဆိုတာ ကျွန်မသိမြင်ရလို့ ကိုယ်တော်ဟာ ကျွန်မအတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်လာတယ်။ ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာ စကားလုံးတွေနဲ့ မရှင်းပြနိုင်ရင်တောင် ကိုယ်တော်သိတယ်ဆိုတဲ့အချက်က ကျွန်မအတွက် နှစ်သိမ့်မှုဖြစ်စေတယ်။ ကိုယ်တော့်ကြင်နာမှုနဲ့ ကောင်းချီးတွေက အဆုံးမရှိဘူးဆိုတာ ကျွန်မသိတယ်။”

ဒါကြောင့် ခရစ်ယာန်ချင်းတွေရဲ့ မေတ္တာပါတဲ့ နှစ်သိမ့်စကားတွေကို လက်ခံပြီး ခရစ်ယာန်အစည်းအဝေးတွေမှာ ကြားရတဲ့ မေတ္တာပါတဲ့သွန်သင်ချက်နဲ့ ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ သတိပေးချက်တွေကို ကျင့်သုံးကြပါစို့။ ယေဟောဝါကို ရင်ဖွင့်ဆုတောင်းကြပါစို့။ ဒီအချက်တွေက ကျွန်ုပ်တို့ကို ယေဟောဝါ ဂရုစိုက်ကြောင်း ဖော်ပြတဲ့နည်းတွေဖြစ်တယ်။ အဲလက်စ်က သူ့ကိုယ်တွေ့ဖြစ်ရပ်ကို ဒီလိုပြောပြတယ်– “ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ ယေဟောဝါပြင်ဆင်ပေးထားရာတွေကို အတတ်နိုင်ဆုံး လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ကြုံရနိုင်တဲ့ ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်ဖို့ ‘သာမန်ထက် ထူးကဲသောတန်ခိုးတော်’ ရရှိပါလိမ့်မယ်။”—၂ ကော. ၄:၇

[စာမျက်နှာ ၁၉ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

စိတ်နှလုံးကြေကွဲသူတို့အတွက် နှစ်သိမ့်မှု

ဆာလံကျမ်းထဲမှာ လူသားတွေရဲ့စိတ်ခံစားချက်တွေအပြင် သောကတွေ ဖိစီးနေတဲ့ စိတ်နှလုံးကြေကွဲနေသူရဲ့ အော်ဟစ်သံကို ယေဟောဝါနားထောင် တယ်ဆိုတဲ့ အာမခံချက်များစွာလည်း ပါရှိတယ်။ အောက်ပါကျမ်းချက်တွေကို သုံးသပ်ကြည့်ပါ–

‘ငါသည် ဆင်းရဲငြိုငြင်သောအခါ ယေဟောဝါကိုခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဝတ်ပြုရာအိမ်တော်ထဲမှာကြားတော်မူ၍ အော်ဟစ်သောအသံသည် နားတော်ထဲသို့ဝင်လေ၏။’—ဆာ. ၁၈:၆

‘ယေဟောဝါသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။’—ဆာ. ၃၄:၁၈

“စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍ သူတို့၏အနာကိုကုတော်မူ၏။”—ဆာ. ၁၄၇:၃

[စာမျက်နှာ ၁၈ ပါပုံစာ]

“အချိန်တန်၍ပြောသောစကား” တစ်ခွန်းက စိတ်ဆင်းရဲနေချိန်မှာ အလွန်နှစ်သိမ့်မှုဖြစ်စေနိုင်