မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့—သင်တို့ရဲ့အသက်တာကို ဘယ်လိုအသုံးပြုကြမလဲ

လူငယ်တို့—သင်တို့ရဲ့အသက်တာကို ဘယ်လိုအသုံးပြုကြမလဲ

လူငယ်တို့—သင်တို့ရဲ့အသက်တာကို ဘယ်လိုအသုံးပြုကြမလဲ

“လက်ဝှေ့ထိုးသောအခါ လေထဲကို လက်ဝှေ့ထိုးသကဲ့သို့ မဟုတ်။”—၁ ကော. ၉:၂၆

၁၊ ၂။ သင် ကြီးပြင်းလာနေချိန်မှာ သင့်ဘဝအောင်မြင်နိုင်ဖို့အတွက် ဘာလိုအပ်သလဲ။

သင်တစ်ခါမှမသွားဖူးတဲ့ခရီးကို သွားတော့မယ်ဆိုရင် မြေပုံနဲ့ လက်နှိပ်ဓာတ်မီးကို ယူသွားမှာဖြစ်တယ်။ မြေပုံက သင်လက်ရှိရောက်နေတဲ့နေရာကို သိရှိစေပြီး လမ်းမှန်အတိုင်းသွားဖို့ စီစဉ်ရာမှာ ကူညီပေးနိုင်တယ်။ ဓာတ်မီးက လမ်းမှန်မှာဆက်ရှိနေဖို့ အထောက်အကူပေးနိုင်တယ်။ ဒါပေမဲ့ သင်ဟာ ဘယ်ကိုသွားရမှန်းမသိဘဲ ယောင်လည်လည်ဖြစ်နေရင် မြေပုံနဲ့ ဓာတ်မီးနှစ်ခုစလုံးက ဘာမှအသုံးဝင်မှာမဟုတ်ဘူး။ ခြေဦးတည့်ရာသွားလာနေတာမျိုး မဖြစ်ဖို့ သင်သွားမယ့်နေရာအတိအကျကို သိဖို့လိုတယ်။

သင် ကြီးပြင်းလာတာနဲ့အမျှ အလားတူအခြေအနေမျိုးနဲ့ သင် ရင်ဆိုင်ရမှာဖြစ်တယ်။ ယုံကြည်စိတ်ချရတဲ့ မြေပုံနဲ့ ဓာတ်မီးကို သင် ရရှိနိုင်ပါတယ်။ သမ္မာကျမ်းစာက သင် ဘယ်လမ်းကိုရွေးချယ်ရမယ်ဆိုတာ သိအောင်ကူညီပေးတဲ့ မြေပုံဖြစ်တယ်။ (သု. ၃:၅၊ ၆) သင့်ရဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ကောင်းကောင်းလေ့ကျင့်ထားမယ်ဆိုရင် လမ်းမှန်မှာ သင်ဆက်ရှိနေဖို့ များစွာအထောက်အကူရနိုင်တယ်။ (ရော. ၂:၁၅) အဲဒါက ဓာတ်မီးနဲ့တူတယ်။ သင့်ဘဝအောင်မြင်နိုင်ဖို့အတွက် သင်ဘယ်ကိုဦးတည်သွားနေတယ်ဆိုတာလည်း သိဖို့လိုတယ်။ သင့်မှာ ရှင်းလင်းပြီး တိကျတဲ့ပန်းတိုင်တွေ ရှိဖို့လိုတယ်။

၃။ ၁ ကောရိန္သု ၉:၂၆ မှာ ပန်းတိုင်တွေရှိခြင်းရဲ့ ဘယ်အကျိုးကျေးဇူးတွေကို ပေါလု ဖော်ပြသလဲ။

တမန်တော်ပေါလုက ပန်းတိုင်တွေထားခြင်းနဲ့ ပန်းတိုင်ရောက်အောင်ကြိုးစားခြင်းရဲ့ အကျိုးကျေးဇူးကို ဒီလိုရေးခဲ့တယ်– “ငါသည် ပြေးသောအခါ ဦးတည်ရာမဲ့ ပြေးသည်မဟုတ်။ လက်ဝှေ့ထိုးသောအခါ လေထဲကို လက်ဝှေ့ထိုးသကဲ့သို့ မဟုတ်။” (၁ ကော. ၉:၂၆) သင့်မှာ ပန်းတိုင်ရှိမယ်ဆိုရင် အဲဒီပန်းတိုင်ကိုဦးတည်ပြီး ပြေးနိုင်မှာဖြစ်တယ်။ မကြာခင်မှာ သင်ဟာ ဝတ်ပြုရေး၊ အလုပ်အကိုင်၊ အိမ်ထောင်၊ မိသားစု စတဲ့အရာတွေနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်အချို့ကို ချရတော့မှာဖြစ်တယ်။ တစ်ခါတလေ ရှုပ်ထွေးတဲ့ရွေးချယ်စရာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ခံစားရနိုင်တယ်။ အဆင့်ဆင့်ကြိုတင်စီစဉ်မှုတွေပြုလုပ်ပြီး သင့်ဆုံးဖြတ်ချက်တွေက သမ္မာကျမ်းစာအမှန်တရားနဲ့ မူတွေအပေါ်အခြေခံမယ်ဆိုရင် လမ်းကြောင်းလွဲသွားမှာမဟုတ်ဘူး။—၂ တိ. ၄:၄၊ ၅

၄၊ ၅။ (က) သင့်မှာ ပန်းတိုင်တွေမရှိဘူးဆိုရင် ဘာဖြစ်နိုင်သလဲ။ (ခ) ရွေးချယ်မှုတွေပြုလုပ်တဲ့အခါ ဘုရားသခင့်နှစ်သက်လက်ခံမှုရလိုတဲ့ဆန္ဒ ဘာကြောင့် ရှိသင့်သလဲ။

သင့်မှာ ပန်းတိုင်တွေမရှိဘူးဆိုရင် သင့်ရွယ်တူတွေနဲ့ ဆရာ/ဆရာမတွေက သင်လုပ်သင့်တယ်လို့ သူတို့ထင်တဲ့အရာတွေကို လုပ်ဆောင်ဖို့ သင့်ကိုတိုက်တွန်းကြပါလိမ့်မယ်။ သင့်မှာ သတ်သတ်မှတ်မှတ်ပန်းတိုင်တွေရှိရင်တောင် တချို့သူတွေက သူတို့ရဲ့သဘောထားကို ပြောကြဦးမှာပဲ။ သူတို့ရဲ့ အကြံဉာဏ်တွေကို နားထောင်တဲ့အခါ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘သူတို့ပြောတဲ့ ပန်းတိုင်တွေက ငယ်ရွယ်တဲ့အချိန်မှာ ဖန်ဆင်းရှင်ကိုသတိရဖို့ အကူအညီပေးသလား ဒါမှမဟုတ် အဲဒီကနေ လမ်းလွဲသွားစေသလား။’—ဒေ. ၁၂:၁ ကိုဖတ်ပါ။

ဘဝမှာ ရွေးချယ်မှုတွေပြုလုပ်တဲ့အခါ ဘုရားသခင့်နှစ်သက်လက်ခံမှုရလိုတဲ့ဆန္ဒ ဘာကြောင့် အမြဲရှိသင့်တာလဲ။ အကြောင်းရင်းတစ်ခုက ကျွန်ုပ်တို့မှာရှိတဲ့ ကောင်းတဲ့အရာမှန်သမျှကို ယေဟောဝါ ပေးထားလို့ဖြစ်တယ်။ (ယာ. ၁:၁၇) ဒါကြောင့် ယေဟောဝါကို ကျေးဇူးတင်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။ (ဗျာ. ၄:၁၁) ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းဖော်ပြရာမှာ ယေဟောဝါကိုစိတ်ထဲထားပြီး ပန်းတိုင်တွေချမှတ်ခြင်းထက် ပိုကောင်းတဲ့နည်း ရှိပါဦးမလား။ ဘယ်ပန်းတိုင်တွေကို ချမှတ်သင့်တယ်၊ အဲဒီပန်းတိုင်ရောက်ဖို့ ဘာလုပ်ရမယ် ဆိုတာတွေကို သုံးသပ်ကြည့်ကြစို့။

ချမှတ်သင့်တဲ့ ပန်းတိုင်များ

၆။ ဘယ်အခြေခံပန်းတိုင်ကို ချမှတ်သင့်သလဲ၊ ဘာကြောင့်လဲ။

ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အတိုင်း သင်ချမှတ်သင့်တဲ့ အရေးပါတဲ့အခြေခံပန်းတိုင်က သမ္မာကျမ်းစာမှာပါတဲ့အရာတွေက အမှန်တရားဖြစ်တယ်ဆိုတာကို သင် အခိုင်အမာယုံကြည်လာအောင် ပြုလုပ်ခြင်းဖြစ်တယ်။ (ရော. ၁၂:၂; ၂ ကော. ၁၃:၅) သင့်ရွယ်တူတွေက ဆင့်ကဲဖြစ်စဉ် ဒါမှမဟုတ် မှားယွင်းတဲ့ဝတ်ပြုရေးသွန်သင်ချက်အမျိုးမျိုးကို ယုံကြည်ကြတယ်၊ အကြောင်းကတော့ တခြားသူတွေက ဒါကိုယုံကြည်သင့်တယ်လို့ ပြောတဲ့အတွက်ဖြစ်နိုင်တယ်။ ဒါပေမဲ့ သင်ကတော့ တခြားသူတွေပြောတာနဲ့ပဲ ယုံကြည်စရာမလိုဘူး။ သင့်ရဲ့ဉာဏ်စွမ်းရှိသမျှနဲ့ ယေဟောဝါကိုဝတ်ပြုဖို့ ကိုယ်တော်အလိုရှိတယ်ဆိုတာ သတိရပါ။ (မဿဲ ၂၂:၃၆၊ ၃၇ ကိုဖတ်ပါ။) ကျွန်ုပ်တို့ရဲ့ ကောင်းကင်ခမည်းတော်ဟာ သင့်ယုံကြည်ခြင်းကို ခိုင်လုံတဲ့အထောက်အထားတွေအပေါ် တည်ဆောက်စေလိုတယ်။—ဟေဗြဲ ၁၁:၁

၇၊ ၈။ (က) သင့်ယုံကြည်ခြင်းကိုခိုင်ခံ့စေဖို့ ဘယ်ရေတိုပန်းတိုင်တွေကိုချခြင်းက အထောက်အကူပြုသလဲ။ (ခ) သင့်ရေတိုပန်းတိုင်တချို့ကို ပြည့်မီတဲ့အခါ သင်ဘယ်လိုခံစားရမလဲ။

သင့်ယုံကြည်ခြင်းကို ခိုင်မြဲစေဖို့ လက်လှမ်းမီနိုင်တဲ့ ရေတိုပန်းတိုင်တွေကို ချမှတ်ကြည့်ပါ။ တစ်ခုက နေ့စဉ်ဆုတောင်းခြင်း ဖြစ်နိုင်တယ်။ သင့်ဆုတောင်းချက်တွေက စကားလုံးတွေထပ်မနေဘဲ သတ်သတ်မှတ်မှတ်ဖြစ်ဖို့အတွက် သင့်ဆုတောင်းချက်မှာထည့်နိုင်တဲ့ တစ်နေ့တာအဖြစ်အပျက်တွေထဲက သတ်သတ်မှတ်မှတ်အချက်တွေကို မှတ်ထားနိုင် ဒါမှမဟုတ် ရေးချထားနိုင်တယ်။ သင်ကြုံတွေ့ရတဲ့ ပြဿနာတွေလောက်သာမဟုတ်ဘဲ ကောင်းတဲ့အရာတွေကိုလည်း ဆုတောင်းချက်မှာထည့်ဖို့ သေချာစေပါ။ (ဖိ. ၄:၆) နောက်ပန်းတိုင်တစ်ခုက သမ္မာကျမ်းစာကို နေ့တိုင်းဖတ်ခြင်းဖြစ်တယ်။ တစ်ရက်ကို လေးမျက်နှာဖတ်မယ်ဆိုရင် တစ်နှစ်အတွင်း ကျမ်းစာတစ်အုပ်လုံး ပြီးအောင်ဖတ်နိုင်တယ်ဆိုတာ သင်သိပါသလား။ * ‘ယေဟောဝါ၏တရားတော်ကို မွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏’ လို့ ဆာလံ ၁:၁၊ ၂ မှာဖော်ပြထားတယ်။

သင်ချမှတ်နိုင်တဲ့ တတိယရေတိုပန်းတိုင်က အသင်းတော်အစည်းအဝေးတိုင်းမှာ အဖြေပေးဖို့ ပြင်ဆင်ခြင်းဖြစ်တယ်။ အစပိုင်းမှာတော့ အဖြေတစ်ခု ဒါမှမဟုတ် ကျမ်းချက်တစ်ချက်ကို ဖတ်ပြတာဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ သင့်ကိုယ်ပိုင်စကားနဲ့ အဖြေပေးဖို့ ပန်းတိုင်ထားနိုင်တယ်။ အမှန်တော့ အဖြေတစ်ခုပေးတိုင်း ယေဟောဝါကို ချီးမွမ်းခြင်းယဇ်တစ်ခု ပူဇော်နေတာဖြစ်တယ်။ (ဟေဗြဲ ၁၃:၁၅) အဲဒီပန်းတိုင်တချို့ကို သင်ပြည့်မီလာတဲ့အခါ သင့်ယုံကြည်စိတ်ချမှု တိုးပွားလာပြီး ယေဟောဝါကို ပိုကျေးဇူးတင်လေးမြတ်လာမယ်၊ ရေရှည်ပန်းတိုင်တွေချဖို့ အဆင်သင့်ဖြစ်လာမယ်။

၉။ သင်ဟာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူတစ်ဦး မဖြစ်သေးဘူးဆိုရင် ဘယ်ရေရှည်ပန်းတိုင်တွေကို ချနိုင်သလဲ။

ဘယ်ရေရှည်ပန်းတိုင်တွေကို သင် ချမှတ်နိုင်သလဲ။ လူထုရှေ့ သတင်းကောင်းကြေညာခြင်းမှာ သင် မပါဝင်သေးဘူးဆိုရင် ကြေညာသူတစ်ဦးဖြစ်ဖို့ ပန်းတိုင်ထားနိုင်တယ်။ ဒီအရေးကြီးတဲ့ပန်းတိုင်ရောက်ပြီဆိုရင် သင်ဟာ တစ်လမှမပျက်ကွက်ဘဲ မှန်မှန်နဲ့ ထိထိရောက်ရောက်ပါဝင်လိုမှာဖြစ်တယ်။ ခရစ်ယာန်ဓမ္မအမှုမှာ သမ္မာကျမ်းစာကိုအသုံးပြုဖို့လည်း သင်ယူလိုမှာဖြစ်တယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဟောပြောခြင်းလုပ်ငန်းမှာ ပိုပျော်ရွှင်လာတာကို တွေ့ရပါလိမ့်မယ်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းမှာ အချိန်ပိုပါဝင်လာပြီး ကျမ်းစာသင်အံမှုတစ်ခုရဖို့တောင် ကြိုးစားလာမှာဖြစ်တယ်။ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူတစ်ဦးဖြစ်မယ်ဆိုရင် ယေဟောဝါသက်သေတစ်ဦးအဖြစ် ကိုယ်တော့်ထံဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီလာအောင် ပန်းတိုင်ထားခြင်းထက် ပိုကောင်းတဲ့ပန်းတိုင်ရှိနိုင်ပါဦးမလား။

၁၀၊ ၁၁။ နှစ်ခြင်းခံပြီးသားလူငယ်တွေ ဘယ်ရေရှည်ပန်းတိုင်တွေ ချမှတ်နိုင်သလဲ။

၁၀ သင်ဟာ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေတစ်ဦးဖြစ်မယ်ဆိုရင် သင်ထားနိုင်တဲ့ရေရှည်ပန်းတိုင်တချို့ ရှိပါတယ်။ ဒါတွေကတော့ ရံဖန်ရံခါမှသာအမှုဆောင်ထွက်တဲ့ ရပ်ကွက်တွေမှာဟောပြောတဲ့ အသင်းတော်တွေကို သင် တစ်ခါတလေ အကူအညီပေးနိုင်တယ်။ သင်ဟာ ခွန်အားရှိပြီး ကျန်းမာရေးကောင်းတယ်ဆိုရင် အရန် ဒါမှမဟုတ် မှန်မှန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်နိုင်တယ်။ အချိန်ပြည့်လုပ်ငန်းက လူငယ့်ဘဝမှာ ဖန်ဆင်းရှင်ကိုသတိရစေတဲ့ အကျိုးဖြစ်ထွန်းတဲ့နည်းလမ်းဖြစ်တယ်ဆိုတာ ပျော်ရွှင်နေတဲ့ သောင်းနဲ့ချီတဲ့ရှေ့ဆောင်တွေက သင့်ကို ပြောပြပါလိမ့်မယ်။ ဒါတွေက သင် မိသားစုနဲ့အတူနေထိုင်စဉ်မှာ လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေဖြစ်တယ်။ အဲဒီပန်းတိုင်တွေကို သင်ချမှတ်တဲ့အတွက် ဒေသခံအသင်းတော်လည်း အကျိုးခံစားရပါလိမ့်မယ်။

၁၁ အခြားရေရှည်ပန်းတိုင်တွေက သင့်ဒေသခံအသင်းတော်ကိုသာမက အခြားအသင်းတော်တွေကိုလည်း အကျိုးရရှိစေနိုင်ပါတယ်။ ဥပမာ၊ သင်ဟာ သာ၍လိုအပ်တဲ့ဒေသ ဒါမှမဟုတ် တခြားနိုင်ငံမှာ သွားရောက်အမှုဆောင်ဖို့ စီစဉ်နိုင်ပါတယ်။ တခြားဒေသမှာရှိတဲ့ ဝတ်ပြုရာခန်းမဆောက်လုပ်ရေး ဒါမှမဟုတ် ဌာနခွဲအဆောက်အအုံဆောက်လုပ်ရေးတွေမှာ သင် ပါဝင်ကူညီချင်ပါလိမ့်မယ်။ ဗေသလလုပ်ငန်း၊ ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေမှာလည်း ပါဝင်နိုင်တယ်။ တကယ်တော့ ဒီမှာဖော်ပြတဲ့ ရေရှည်ပန်းတိုင်အများစုကို မချမှတ်ခင် သင်လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ဦးဆုံးပန်းတိုင်က နှစ်ခြင်းခံဖို့ဖြစ်တယ်။ နှစ်ခြင်းမခံရသေးဘူးဆိုရင် နှစ်ခြင်းခံနိုင်ဖို့ သင် ဘာလုပ်ရမယ်ဆိုတာ သုံးသပ်ကြည့်ပါ။

နှစ်ခြင်းခံဖို့ပန်းတိုင်ကို ပြည့်မီခြင်း

၁၂။ ဘယ်အကြောင်းရင်းတွေကြောင့် တချို့သူတွေ နှစ်ခြင်းခံကြသလဲ၊ ဒီအကြောင်းရင်းတွေက ဘာကြောင့် ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်သလဲ။

၁၂ နှစ်ခြင်းခံရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး သင် ဘယ်လိုပြောမလဲ။ တချို့က နှစ်ခြင်းကို အပြစ်မလုပ်မိအောင် ကာကွယ်ပေးတဲ့အရာအဖြစ် ရှုမြင်ကြတယ်။ တခြားသူတွေကျတော့ သူတို့ရဲ့ရွယ်တူချင်းတွေ နှစ်ခြင်းခံလို့ နှစ်ခြင်းခံသင့်တယ်လို့ ယူဆကြတယ်။ တချို့လူငယ်တွေကျပြန်တော့ မိဘတွေစိတ်ချမ်းသာဖို့ နှစ်ခြင်းခံကြတယ်။ ဒါပေမဲ့ နှစ်ခြင်းခံတယ်ဆိုတာ သင် လျှို့ဝှက်ပြုကျင့်ချင်တဲ့ အကျင့်တွေကို မပြုကျင့်မိအောင် ကာကွယ်ဖို့ ချုပ်ဆိုတဲ့ သဘောတူစာချုပ်မဟုတ်သလို တခြားသူတွေ တိုက်တွန်းလို့ နှစ်ခြင်းခံတာမျိုးလည်း မဖြစ်သင့်ဘူး။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ခြင်းမှာ ဘယ်အရာတွေပါဝင်တယ်ဆိုတာ အပြည့်အဝနားလည်သဘောပေါက်ပြီး ဒီတာဝန်တွေကိုထမ်းဆောင်ဖို့ တလိုတလားရှိမှ၊ အသင့်ဖြစ်မှသာ နှစ်ခြင်းခံသင့်တယ်။—ဒေ. ၅:၄၊ ၅

၁၃။ သင် ဘာကြောင့် နှစ်ခြင်းခံသင့်သလဲ။

၁၃ နှစ်ခြင်းခံရတဲ့ အကြောင်းရင်းတစ်ခုက “တပည့်ဖြစ်စေလျက် . . . နှစ်ခြင်းပေးကြလော့” ဆိုပြီး မိမိရဲ့နောက်လိုက်တွေကို ယေရှုမိန့်မှာခဲ့တဲ့အတွက် ဖြစ်တယ်။ (မဿဲ ၂၈:၁၉၊ ၂၀; မာကု ၁:၉ တို့ကိုဖတ်ပါ။) ဒါ့ပြင် နှစ်ခြင်းက ကယ်တင်ခံရဖို့အတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်။ ရေလွှမ်းမိုးဘေးမှာ ကယ်တင်ခံခဲ့ရတဲ့ နောဧနဲ့ သူ့မိသားစု သင်္ဘောဆောက်ခြင်းအကြောင်း ဖော်ပြပြီးတဲ့နောက် တမန်တော် ပေတရု ဒီလိုရေးခဲ့တယ်– “ထိုအမှုနှင့်တူညီသောအချက်ကား နှစ်ခြင်းဖြစ်၍ ယေရှုခရစ်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ယခုပင် သင်တို့ကို ကယ်တင်ပြီ။” (၁ ပေ. ၃:၂၀၊ ၂၁) ဒါပေမဲ့ ဒီအချက်က ကာကွယ်ခံရဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ နှစ်ခြင်းခံရမယ်လို့ မဆိုလိုဘူး။ အဲဒီအစား သင် နှစ်ခြင်းခံတာက ယေဟောဝါကိုချစ်ပြီး စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနဲ့ တစ်သက်တာလုံး ကိုယ်တော့်အမှုဆောင်ချင်တဲ့အတွက်ဖြစ်တယ်။—မာ. ၁၂:၂၉၊ ၃၀

၁၄။ တချို့သူတွေ နှစ်ခြင်းခံဖို့ ဘာကြောင့် တွန့်ဆုတ်နေကြသလဲ၊ ဒါပေမဲ့ သင့်မှာ ဘယ်အာမခံချက်ရှိသလဲ။

၁၄ တချို့က နောက်ပိုင်းမှာ နှင်ထုတ်ခံရမှာစိုးလို့ နှစ်ခြင်းခံဖို့ တွန့်ဆုတ်နေတာ ဖြစ်နိုင်တယ်။ သင်ရော အဲဒီလိုစိုးရိမ်နေသလား။ စိုးရိမ်နေတယ်ဆိုရင် ဒါက မမှားပါဘူး။ ဒါက ယေဟောဝါသက်သေတစ်ယောက်ဖြစ်ခြင်းနဲ့အတူ ဒွန်တွဲပါလာတဲ့ ကြီးလေးတဲ့တာဝန်တွေကို သင် နားလည်သဘောပေါက်ခြင်းဖြစ်တယ်။ တခြားအကြောင်းရင်းတွေကော ရှိနိုင်ပါသလား။ ဘုရားသခင့်စံနှုန်းတွေအတိုင်းနေထိုင်ခြင်းက သင့်ဘဝအတွက် အကောင်းဆုံးလမ်းစဉ်ဖြစ်တယ်ဆိုတာ အပြည့်အဝမယုံကြည်သေးလို့လည်း ဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် ကျမ်းစာစံနှုန်းတွေကို လျစ်လျူရှုသူတွေကြုံရတဲ့ ဆိုးကျိုးတွေကို စဉ်းစားကြည့်ခြင်းက ဆုံးဖြတ်ချက်ချဖို့ ထောက်ကူပေးနိုင်ပါတယ်။ သင်ဟာ ဘုရားသခင့်စံနှုန်းတွေကို ချစ်မြတ်နိုးပေမဲ့ အဲဒီစံနှုန်းတွေအတိုင်း အပြည့်အဝလိုက်လျှောက်ဖို့ ယုံကြည်မှုမရှိတာလည်း ဖြစ်နိုင်တယ်။ တကယ်တော့ ဒါက နှိမ့်ချမှုရှိကြောင်းဖော်ပြတဲ့အတွက် ကောင်းတဲ့လက္ခဏာဖြစ်တယ်။ ဒါ့အပြင် သမ္မာကျမ်းစာက မစုံလင်တဲ့လူသားတွေရဲ့ နှလုံးက စဉ်းလဲတယ်ဆိုပြီး ဖော်ပြထားတယ်။ (ယေ. ၁၇:၉) ဒါပေမဲ့ ‘တရားစကားတော်အတိုင်းသတိပြု’ မယ်ဆိုရင် သင် အောင်မြင်နိုင်ပါတယ်။ (ဆာလံ ၁၁၉:၉ ကိုဖတ်ပါ။) နှစ်ခြင်းခံဖို့ ဘယ်အကြောင်းရင်းတွေကြောင့်ပဲ တွန့်ဆုတ်နေပါစေ အဲဒီပြဿနာတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို သင် ဖြေရှင်းဖို့လိုတယ်။

၁၅၊ ၁၆။ သင် နှစ်ခြင်းခံဖို့ အသင့်ဖြစ်မဖြစ် ဘယ်လိုသိနိုင်သလဲ။

၁၅ သင် နှစ်ခြင်းခံဖို့ အသင့်ဖြစ်မဖြစ် ဘယ်လိုသိနိုင်သလဲ။ တစ်နည်းကတော့ မိမိကိုယ်ကို ဒီမေးခွန်းတွေမေးခြင်းအားဖြင့် ဖြစ်တယ်– ‘ကျမ်းစာအခြေခံသွန်သင်ချက်တွေအကြောင်း တခြားသူတွေကို ငါ ရှင်းပြနိုင်သလား။ ငါ့ရဲ့ မိဘတွေ ဓမ္မအမှုမှာမပါဝင်ရင်တောင် ငါ ပါဝင်သလား။ ခရစ်ယာန်အစည်းအဝေးတွေအားလုံးကို ငါ ကြိုးစားတက်ရောက်နိုင်သလား။ ရွယ်တူချင်းဖိအားကို တွန်းလှန်ခဲ့တဲ့ သတ်သတ်မှတ်မှတ်အဖြစ်အပျက်တွေကို ငါ မှတ်မိသလား။ ငါ့မိဘတွေ၊ မိတ်ဆွေတွေက ယေဟောဝါကို ဝတ်မပြုတော့ရင်တောင် ယေဟောဝါကို ငါ ဆက်ဝတ်ပြုနိုင်မလား။ ယေဟောဝါနဲ့ဆက်ဆံရေးက ငါ့အတွက် ဘယ်လောက်တောင်အရေးကြီးတယ်ဆိုတာ ကိုယ်တော့်ကို ဆုတောင်းပြောပြသလား။ ငါ ယေဟောဝါထံ ဆုတောင်းပြီး အကြွင်းမဲ့အပ်နှံမှု ပြုလုပ်ပြီးပြီလား။’

၁၆ နှစ်ခြင်းခံခြင်းက သင့်ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုကြီးဖြစ်တဲ့အတွက် ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ ဒီအချက်ကို လေးလေးနက်နက် သုံးသပ်နိုင်လောက်တဲ့အထိ သင် ရင့်ကျက်နေပြီလား။ ရင့်ကျက်ခြင်းဆိုတာ စင်မြင့်ပေါ်ကနေ ဟောပြောချက်ကောင်းကောင်းပေးနိုင်တာ၊ အစည်းအဝေးတွေမှာ မှတ်ချက်ကောင်းကောင်း ပေးနိုင်တာထက်မက ပါဝင်တယ်။ သမ္မာကျမ်းစာမူတွေကို နားလည်ပြီး အဲဒီအတိုင်း ဆုံးဖြတ်ချက်ချနိုင်ခြင်း ပါဝင်တယ်။ (ဟေဗြဲ ၅:၁၄ ကိုဖတ်ပါ။) သင့်မှာ အဲဒီလိုလုပ်နိုင်တဲ့အခြေအနေရှိပြီဆိုရင် သင့်ရှေ့မှာ အခွင့်ထူးတစ်ခု စောင့်ကြိုနေတယ်။ အဲဒီအခွင့်ထူးက ယေဟောဝါကို သင့်စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ပြီး ကိုယ်တော့်ထံ အမှန်ဆက်ကပ်အပ်နှံကြောင်း ဖော်ပြတဲ့နည်းလမ်းအတိုင်း နေထိုင်ခြင်းဖြစ်တယ်။

၁၇။ နှစ်ခြင်းခံပြီးတဲ့နောက် ကြုံတွေ့ရမယ့် စမ်းသပ်မှုတွေကိုဖြေရှင်းဖို့ ဘာက သင့်ကိုကူညီပေးမလဲ။

၁၇ နှစ်ခြင်းခံပြီးတဲ့အခါ ဘုရားသခင်ကို အမှုဆောင်လိုတဲ့ သင့်ဆန္ဒ ထက်သန်ပြင်းပြနေတယ်လို့ သင်ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သင်ရဲ့ယုံကြည်ခြင်းနဲ့ ခံနိုင်ရည် စမ်းသပ်ခံရနိုင်တယ်။ (၂ တိ. ၃:၁၂) ဒီစမ်းသပ်မှုတွေကို သင်တစ်ဦးတည်း ဖြေရှင်းရမယ်လို့ မယူမှတ်လိုက်ပါနဲ့။ သင့်မိဘတွေဆီက အကြံဉာဏ်တောင်းပါ။ အသင်းတော်မှာရှိတဲ့ ရင့်ကျက်သူတွေထံက အကူအညီတောင်းပါ။ သင့်ကို ကူညီပေးနိုင်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ ယေဟောဝါက သင့်ကို ဂရုစိုက်ကြည့်ရှုနေပြီး ပေါ်ပေါက်လာတဲ့ ဘယ်အခြေအနေကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ပေးပါလိမ့်မယ်။—၁ ပေ. ၅:၆၊ ၇

သင့်ပန်းတိုင်တွေကို ပြည့်မီနိုင်ပုံ

၁၈၊ ၁၉။ သင့်ရဲ့ဦးစားထားရာတွေကို ဆန်းစစ်ခြင်းကနေ ဘယ်လိုအကျိုးရနိုင်သလဲ။

၁၈ သင့်မှာ ရည်ရွယ်ချက်ကောင်းတွေရှိပေမဲ့ သင် လုပ်ဆောင်ချင်ရာတွေနဲ့ လုပ်သင့်ရာတွေကို လုပ်ဖို့ အချိန်မရှိပုံပေါက်နေသလား။ အဲဒီလိုဖြစ်နေတယ်ဆိုရင် သင့်ရဲ့ဦးစားထားရာတွေကို ပြန်ဆန်းစစ်သင့်တယ်။ ဥပမာ၊ ပလတ်စတစ်ပုံးတစ်လုံးကိုယူပြီး ကျောက်ခဲတွေထည့်ပါ။ ပြီးတဲ့နောက် ပုံးထဲကို သဲတွေဖြည့်ပါ။ သဲတွေ၊ ကျောက်ခဲတွေနဲ့ ပြည့်နေတဲ့ပုံးကို တွေ့ရပါလိမ့်မယ်။ အဲဒီပုံးကို သွန်လိုက်ပါ။ ဒီတစ်ကြိမ်မှာတော့ ပုံးထဲကို သဲအရင်ဖြည့်ပါ။ ပြီးတဲ့နောက် ကျောက်ခဲတွေကို ထည့်ကြည့်ပါ။ ကျောက်ခဲတွေအားလုံး မဆံ့တော့ဘူးဆိုတာ သင်တွေ့ရပါလိမ့်မယ်။ ဒါက သဲကိုအရင်ထည့်တဲ့အတွက်ကြောင့် ဖြစ်တယ်။

၁၉ အချိန်အသုံးပြုပုံနဲ့ပတ်သက်ပြီး အလားတူ အခက်အခဲကို သင်ကြုံတွေ့ရနိုင်တယ်။ အပန်းဖြေခြင်းလိုအရာတွေကို ဦးစားပေးမယ်ဆိုရင် ဘုရားသခင်ကို ဝတ်ပြုခြင်းနဲ့ဆိုင်တဲ့ ပိုအရေးကြီးတဲ့အရာတွေကို လုပ်ဆောင်ဖို့ ဘယ်တော့မှ အချိန်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ “သာ၍အရေးကြီးသောအရာများကို သေချာစွာသိစေ” ပါဆိုတဲ့ သမ္မာကျမ်းစာတိုက်တွန်းချက်ကို လိုက်နာမယ်ဆိုရင် ဘုရားသခင့်အမှုဆောင်ဖို့ရော၊ အပန်းဖြေဖို့အတွက်ပါ အချိန်ရလာမှာဖြစ်တယ်။—ဖိ. ၁:၁၀

၂၀။ သင့်ပန်းတိုင်တွေကိုပြည့်မီဖို့ ကြိုးစားနေချိန်မှာ စိုးရိမ်မှုတွေနဲ့ သံသယတွေ ကြုံလာရပြီဆိုရင် ဘာလုပ်သင့်သလဲ။

၂၀ နှစ်ခြင်းခံခြင်းအပါအဝင် သင့် ပန်းတိုင်တွေကိုပြည့်မီဖို့ ကြိုးစားတဲ့အခါ တစ်ခါတစ်ရံ စိုးရိမ်ပူပန်မှုတွေ၊ သံသယတွေကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ‘ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထားလော့။ သင့်ကိုမစတော်မူမည်။’ (ဆာ. ၅၅:၂၂) ယခုအချိန်မှာ သင်ဟာ လူ့သမိုင်းမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ အရေးပါဆုံးလုပ်ငန်းဖြစ်တဲ့ ကမ္ဘာချီဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းမှာ ပါဝင်ခွင့်ရထားတယ်။ (တ. ၁:၈) ဒီလုပ်ငန်းမှာ သင်မပါဝင်ဘဲ ဘေးကနေ ကြည့်နေနိုင်တယ်။ ဒါမှမဟုတ် ဒီလုပ်ငန်းမှာ သင်ကိုယ်တိုင် ပါဝင်လုပ်ဆောင်နိုင်ပါတယ်။ ဘုရားသခင်ကို အမှုဆောင်ဖို့နဲ့ ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံရာမှာ သင့်ရဲ့ အရည်အသွေးတွေကို အသုံးပြုဖို့ မတွန့်ဆုတ်ပါနဲ့။ သင်ဟာ “အသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသော အရှင်” ကို အမှုဆောင်ရတဲ့အတွက် ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။—ဒေ. ၁၂:၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ကင်းမျှော်စင် ဩဂုတ် ၁၊ ၂၀၀၉ စာမျက်နှာ ၁၅-၁၈ ကိုကြည့်ပါ။

သင် ဘယ်လိုဖြေဆိုမလဲ

• သင် ဘာကြောင့် ပန်းတိုင်တွေ ချမှတ်သင့်သလဲ။

• ထားရှိသင့်တဲ့ ပန်းတိုင်အချို့က ဘာတွေလဲ။

• နှစ်ခြင်းခံဖို့ပန်းတိုင်ကို ပြည့်မီခြင်းမှာ ဘာတွေပါဝင် သလဲ။

• သင့်ပန်းတိုင်ကိုပြည့်မီဖို့ ဦးစားထားရာတွေကို ဘယ်လိုဆန်းစစ်နိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

သင့်မှာ သမ္မာကျမ်းစာကို နေ့စဉ်ပုံမှန်ဖတ်ရှုတဲ့ ပန်းတိုင်ရှိသလား

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

နှစ်ခြင်းခံတဲ့ပန်းတိုင်ကို သင်ရောက်နိုင်ဖို့ ဘာက ကူညီပေးမလဲ

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

ဒီဥပမာကနေ ဘာသင်ခန်းစာရရှိသလဲ