မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သူပြုခဲ့သောအမှုများသည် သူနှင့်တစ်ပါတည်း လိုက်ပါသည်’

‘သူပြုခဲ့သောအမှုများသည် သူနှင့်တစ်ပါတည်း လိုက်ပါသည်’

‘သူပြုခဲ့သောအမှုများသည် သူနှင့်တစ်ပါတည်း လိုက်ပါသည်’

ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သီအိုဒေါရ်ဂျဲရက်စ်ဟာ ၂၀၁၀၊ ဇွန် ၉ ရက်၊ ဗုဒ္ဓဟူးနေ့နံနက်မှာ သူ့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးသွားပါတယ်။ သူ့အသက်က ၈၄ နှစ်ဖြစ်ပြီး ၅၃ နှစ်ကြာပေါင်းသင်းခဲ့တဲ့ ဇနီးဖြစ်သူ မယ်လီတာ ကျန်ရစ်ပါတယ်။ တခြားကျန်ရစ်သူတွေကတော့ အစ်မတစ်ယောက်၊ တူတစ်ယောက်နဲ့ တူမ နှစ်ယောက်တို့ဖြစ်ပါတယ်။

သူ့ကို ၁၉၂၅၊ စက်တင်ဘာ ၂၈ ရက်မှာ အမေရိကန်နိုင်ငံ၊ ပိုက် ကောင်တီ၊ ကင်တပ်ကီးမှာ မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်ဖြစ်တဲ့ ၁၉၄၁၊ ဩဂုတ် ၁၀ ရက်နေ့မှာ နှစ်ခြင်းခံခဲ့တယ်။ နှစ်နှစ်ကြာပြီးတဲ့နောက် အသက် ၁၇ နှစ်မှာ မှန်မှန်ရှေ့ဆောင် စလုပ်ခဲ့ပြီး အဲဒီအချိန်ကစပြီး ၆၇ နှစ်နီးပါး အချိန်ပြည့်အမှုဆောင်ခဲ့တယ်။

အသက် ၂၀ အရွယ် ၁၉၄၆ ခုနှစ်မှာ ညီအစ်ကို ဂျဲရက်စ်ဟာ ခုနစ်ကြိမ်မြောက် ဂိလဒ် ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း တက်ခဲ့တယ်။ ညီအစ်ကို ဂျဲရက်စ်ဟာ ကျောင်းဆင်းပြီးတဲ့နောက် အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နည်၊ ကလီဗ်လဲန်မှာ နယ်လှည့်ကြီးကြပ်မှူးအဖြစ် တာဝန်ခန့်အပ်ခံရတယ်။ ၁၉၅၁ ခုနှစ်မှာ ဩစတြေးလျဌာနခွဲမှာ ဌာနခွဲအမှုထမ်းအဖြစ် တာဝန်ခန့်အပ်ခံခဲ့ရတယ်။ ၁၉၈၃ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ်မှာ ညီအစ်ကို ဂျဲရက်စ်အကြောင်း ဒီလိုဖော်ပြထားတယ်– “သီအိုကရက်တစ်လုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျလုပ်ဆောင်ဖို့ အလေးပေးခဲ့ပြီး ဓမ္မအမှုမှာ အလွန်ကောင်းတဲ့ ပုံသက်သေပြခဲ့လို့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုတွေအတွက် များစွာအားပေးမှုဖြစ်ခဲ့တယ်။”

ညီအစ်ကိုဂျဲရက်စ်ဟာ အမေရိကန်ကိုပြန်သွားပြီးတဲ့နောက် ၁၉၅၆၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မယ်လီတာ လာစကိုနဲ့ လက်ထပ်ခဲ့တယ်။ လက်ထပ်ပြီးတဲ့နောက် အမေရိကန်နိုင်ငံနယ်မြေအတော်များများ ပါဝင်တဲ့ တိုက်နယ်နဲ့ ခရိုင်တွေမှာ နယ်လှည့်လုပ်ငန်းကို လုံ့လဝီရိယရှိရှိ အတူတကွ ပါဝင်လုပ်ဆောင်ခဲ့ကြတယ်။ ညီအစ်ကိုဂျဲရက်စ်ဟာ ၁၉၇၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ အဖွဲ့ဝင်တစ်ဦးအဖြစ် ဖိတ်ခေါ်ခံခဲ့ရတယ်။

သီအိုကရက်တစ်လုပ်ဆောင်မှုတွေမှာ စိတ်နှလုံးအပြည့်ပါဝင်တဲ့ ယေဟောဝါရဲ့သစ္စာရှိအပ်နှံကျေးကျွန်တစ်ဦးအဖြစ် ညီအစ်ကိုဂျဲရက်စ်ကို နှစ်ပေါင်းများစွာ အမှတ်ရနေမှာဖြစ်တယ်။ သူဟာ မေတ္တာပြည့်ဝပြီး ဂရုစိုက်တတ်တဲ့ ခင်ပွန်းတစ်ဦးဖြစ်သလို မိမိအရေးထက် သူတစ်ပါးရဲ့အရေးကို ပိုဦးစားပေးတတ်တဲ့ ဘုရားသခင်ကိုကြောက်ရွံ့သူဖြစ်တယ်။ (၁ ကော. ၁၃:၄၊ ၅) သူတစ်ပါးကို စိတ်ရင်းမှန်နဲ့စိတ်ဝင်စားတဲ့အတွက် တခြားသူတွေ မျှမျှတတ၊ ကြင်ကြင်နာနာ ဆက်ဆံခံရဖို့ကို အလေးထားသူဖြစ်တယ်။ ဒါ့အပြင် လူတွေအပေါ်ထားတဲ့ သူရဲ့အားကြီးတဲ့မေတ္တာနဲ့ ဂရုစိုက်မှုကို လယ်ကွင်းဓမ္မအမှုလုပ်ငန်းမှာတင်ပြတဲ့ သူ့ရဲ့စိတ်ထက်သန်မှုမှာ မြင်တွေ့နိုင်တယ်။

ဗေသလမိသားစုဝင်လည်းဖြစ်၊ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဝင်လည်းဖြစ်တဲ့ အလုပ်ကြိုးစားပြီး ချစ်မြတ်နိုးရတဲ့ ညီအစ်ကို ဂျဲရက်စ်ကို ဆုံးရှုံးရတဲ့အတွက် ကျွန်ုပ်တို့ ဝမ်းနည်းကြပေမဲ့ ဆယ်စုနှစ်များစွာ ယေဟောဝါကို သစ္စာရှိရှိအမှုဆောင်ခဲ့တဲ့အတွက် ကျွန်ုပ်တို့ ဝမ်းမြောက်ကြပါတယ်။ သူဟာ ‘သေသည်တိုင်အောင်သစ္စာရှိခဲ့ပြီး အသက်သရဖူကို’ ရပြီဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချပါတယ်။ (ဗျာ. ၂:၁၀) ‘သူပြုခဲ့သောအမှုများသည် သူနှင့်တစ်ပါတည်း လိုက်’ တယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ ယုံကြည်ပါတယ်။—ဗျာ. ၁၄:၁၃