မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အမှုဆောင်ဖို့ အချိန်နှောင်းသွားတယ်ဆိုတာမရှိဘူး

ဘုရားသခင့်အမှုဆောင်ဖို့ အချိန်နှောင်းသွားတယ်ဆိုတာမရှိဘူး

ဘုရားသခင့်အမှုဆောင်ဖို့ အချိန်နှောင်းသွားတယ်ဆိုတာမရှိဘူး

စပိန်နိုင်ငံတောင်ပိုင်း၊ မာလဂါမြို့မှာ နှစ်ယောက်စလုံးရဲ့အမည်က အန်းနာလို့ခေါ်တဲ့ သားအမိနှစ်ယောက်ဟာ ဒီဇင်ဘာ ၁၉၊ ၂၀၀၉ မှာ နှစ်ခြင်းခံခဲ့ကြတယ်။ ၂၀၀၉ ခုနှစ်အတွင်း စပိန်မှာ နှစ်ခြင်းခံခဲ့တဲ့ ၂,၃၅၂ ယောက်ထဲမှာ သူတို့လည်း အပါအဝင်ဖြစ်တယ်။ ဒါပေမဲ့ အရမ်းထူးဆန်းတာက ဒီသားအမိနှစ်ယောက်ရဲ့ အသက်ဖြစ်တယ်။ သူတို့အသက်က ၁၀၇ နှစ်နဲ့ ၈၃ နှစ်ဖြစ်တယ်။

သူတို့ဘာကြောင့် ယေဟောဝါထံအပ်နှံတဲ့အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံခဲ့ကြတာလဲ။ ၁၉၇၀ ပြည့်လွန်နှစ်တွေအစောပိုင်းမှာ အိမ်နီးချင်းတစ်ယောက်က သမီးဖြစ်သူအန်းနာကို သူ့အိမ်မှာပြုလုပ်တဲ့ အသင်းတော်စာအုပ်ကြီးသင်တန်းတက်ဖို့ ဖိတ်ခေါ်လေ့ရှိတယ်။ အန်းနာက တစ်ခါတလေ သွားတက်တယ်။ ဒါပေမဲ့ သူ့ရဲ့အလုပ်ကြောင့် အန်းနာ ဆက်မတိုးတက်ခဲ့ဘူး။

ဆယ်နှစ်ခန့်ကြာပြီးတဲ့နောက်မှာ အန်းနာရဲ့ကလေးတချို့ဟာ ကျမ်းစာကိုစတင်လေ့လာခဲ့ပြီး အချိန်တန်တော့ ယေဟောဝါကိုအမှုဆောင်သူတွေဖြစ်လာတယ်။ သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ မာရီ ကာမန်က မိခင်ဖြစ်သူရဲ့ ကျမ်းစာအမှန်တရားလေးမြတ်စိတ်ကို ပြန်ပေါ်လာအောင်နှိုးဆွပေးခဲ့ပြီး ကျမ်းစာသင်ဖို့ ကူညီပေးခဲ့တယ်။ နောက်ပိုင်း မာရီ ကာမန်ရဲ့အဘွားဖြစ်တဲ့ အန်းနာလည်း ကျမ်းစာကို စိတ်ဝင်စားလာတယ်။ နောက်ဆုံးမှာ ဒီမိသားစုထဲက ဆယ်ဦးဟာ နှစ်ခြင်းခံခဲ့ကြတယ်။

သူတို့နှစ်ခြင်းခံတဲ့နေ့မှာ အန်းနာသားအမိဟာ အရမ်းပျော်ရွှင်ခဲ့ကြတယ်။ “ယေဟောဝါ ကျွန်မအပေါ် အရမ်းကောင်းတယ်။ ကျွန်မကို ကိုယ်တော့်အကြောင်း သိကျွမ်းခွင့်ပေးတယ်” လို့ ၁၀၇ နှစ်ရှိတဲ့ အန်းနာက ပြောခဲ့တယ်။ “ပရဒိသုမရောက်ခင် ယေဟောဝါအလိုတော်ဆောင်ဖို့နဲ့ သတင်းကောင်းဟောပြောဖို့ ကျွန်မ အတတ်နိုင်ဆုံး လုပ်ဆောင်ချင်တယ်” လို့ သမီးဖြစ်သူက ဆက်ပြောတယ်။

ဒီမုဆိုးမနှစ်ဦးကို အထူးပျော်ရွှင်စေတဲ့အရာက အစည်းအဝေးတွေတက်ခြင်းဖြစ်တယ်။ “သူတို့ တစ်ခါမှ အစည်းအဝေးမပျက်ဘူး။ ကင်းမျှော်စင်သင်တန်းမှာ မှတ်ချက်ပေးဖို့ အမြဲအသင့်ရှိကြတယ်” လို့ သူတို့အသင်းတော်က အကြီးအကဲတစ်ဦးကပြောတယ်။

သူတို့ရဲ့သစ္စာရှိပုံသက်သေက အန္နအမည်ရှိတဲ့မုဆိုးမကို သတိရစေတယ်။ သူမဟာ ‘တိုးလျှိုးအသနားခံ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားသခင်ဝတ်ကိုပြုလျက် ဝတ်ပြုရာအိမ်တော်နှင့် မခွာဘဲနေ’ တယ်။ ဒါကြောင့် မွေးကင်းစယေရှုလေးကို မြင်တွေ့တဲ့ အခွင့်အရေးရခဲ့တယ်။ (လု. ၂:၃၆-၃၈) အသက် ၈၄ နှစ်ရှိတဲ့အန္နရော၊ သူနဲ့နာမည်ဆင်တူတဲ့ အန်းနာသားအမိနှစ်ယောက်တွက်ပါ ယေဟောဝါကိုအမှုဆောင်ဖို့ အသက်ကြီးလွန်းတယ်ဆိုတာမရှိဘူး။

သမ္မာကျမ်းစာသတင်းတရားကိုနားထောင်လိုတဲ့ ဆွေမျိုးသားချင်းတွေ သင့်မှာ ရှိသလား။ ဒါမှမဟုတ် အမှုဆောင်ထွက်တဲ့အခါ သင်ပြောတာကို စိတ်ဝင်တစားနားထောင်လိုတဲ့ အသက်ကြီးသူကို တွေ့သလား။ စစ်မှန်တဲ့ဘုရားသခင်ယေဟောဝါကို အမှုဆောင်ဖို့ အချိန်နှောင်းသွားတယ်ဆိုတာ မရှိတဲ့အတွက် သူတို့တွေလည်း ဒီတွေ့ကြုံမှုမှာပါတဲ့ အန်းနာသားအမိလို ဖြစ်လာနိုင်ပါတယ်။

[စာမျက်နှာ ၂၅ ပါ အကျဉ်းဖော်ပြချက်]

“ယေဟောဝါ ကျွန်မအပေါ် အရမ်းကောင်းတယ်”

[စာမျက်နှာ ၂၅ ပါ အကျဉ်းဖော်ပြချက်]

“ပရဒိသုမရောက်ခင် ကျွန်မ ယေဟောဝါအလိုတော် ဆောင်ချင်တယ်”