မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စမ်းသပ်မှုတွေအောက် ယေဟောဝါကို ဝတ်ပြုရတဲ့အတွက် ကျေးဇူးတင်

စမ်းသပ်မှုတွေအောက် ယေဟောဝါကို ဝတ်ပြုရတဲ့အတွက် ကျေးဇူးတင်

စမ်းသပ်မှုတွေအောက် ယေဟောဝါကို ဝတ်ပြုရတဲ့အတွက် ကျေးဇူးတင်

မာချယ် ဒယ်ယောန်င ဗန် ဒန်ဟာဗယ်လ် ပြောပြသည်

ကျွန်မ အသက် ၉၈ နှစ်ရှိပြီ။ အနှစ် ၇၀ လုံးလုံး ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခွင့်ရခဲ့တယ်၊ ဒါပေမဲ့ စမ်းသပ်မှုတွေမရှိတာတော့ မဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်အတွင်း ချွေးတပ်စခန်းတစ်ခုမှာ ကျွန်မအကျဉ်းချခံခဲ့ရတယ်၊ အဲဒီမှာ အရမ်း စိတ်ဓာတ်ကျခဲ့တဲ့အတွက် ဝမ်းနည်းစရာ ဆုံးဖြတ်ချက်အမှားတစ်ခုကို ချမိခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ စိတ်ကြေကွဲစရာအဖြစ်တစ်ခုကိုလည်း ကြုံခဲ့ရတယ်။ ဒါတွေကြားထဲကနေ ယေဟောဝါကို ဝတ်ပြုကိုးကွယ်နိုင်ခဲ့လို့ ကိုယ်တော့်ကိုကျေးဇူးတင်တယ်။

၁၉၄၀၊ အောက်တိုဘာလမှာ ကျွန်မဘဝ ပြောင်းလဲခဲ့တယ်။ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့အရှေ့တောင်ဘက် ၁၅ မိုင်အကွာမှာရှိတဲ့ ဟေးလ်ဗာဆမ်မြို့ငယ်လေးမှာ ကျွန်မနေတယ်။ နာဇီတွေအုပ်ချုပ်နေချိန်ဖြစ်တယ်။ ကျွန်မက ဂရုစိုက်တတ်တဲ့ခင်ပွန်း ယုပ်ဗ် ဒယ်ယောန်ငနဲ့လက်ထပ်ထားတာ ငါးနှစ်ရှိပြီဖြစ်ပြီး ကျွန်မတို့မှာ အရမ်းချစ်စရာကောင်းတဲ့ သုံးနှစ်အရွယ်သမီး ဗီလီလည်း ရှိတယ်။ ကျွန်မတို့ရဲ့အိမ်ဘေးမှာ ကလေးရှစ်ယောက်ကို ရုန်းကန်ကျွေးမွေးနေရတဲ့ ဆင်းရဲတဲ့မိသားစုတစ်စုရှိတယ်။ ဆင်းရဲပေမဲ့ သူတို့အိမ်မှာ လူငယ်ဧည့်သည်တစ်ယောက်ကို ခေါ်ထားပြီး ကျွေးမွေးသေးတယ်။ ‘ဘာကြောင့်များ အဲဒီအပိုဝန်ကို ထမ်းနေကြတာပါလိမ့်’ ဆိုပြီး ကျွန်မစဉ်းစားမိတယ်။ ကျွန်မ သူတို့အိမ်ကို အစားအစာတချို့သွားပေးတဲ့အခါမှာ အဲဒီလူငယ်လေးက ရှေ့ဆောင်တစ်ဦးဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ သူက ဘုရားသခင့်နိုင်ငံတော်နဲ့ နိုင်ငံတော်ကဆောင်ကြဉ်းပေးမယ့် ကောင်းချီးတွေအကြောင်း ကျွန်မကိုပြောပြတယ်။ ကျွန်မသိရှိခဲ့ရာကို အရမ်းသဘောကျပြီး အမှန်တရားကို လက်ခံလိုက်တယ်။ အဲဒီနှစ်မှာပဲ ယေဟောဝါထံအပ်နှံပြီး နှစ်ခြင်းခံလိုက်တယ်။ ကျွန်မ နှစ်ခြင်းခံပြီးနောက်တစ်နှစ်မှာ ကျွန်မခင်ပွန်းလည်း အမှန်တရားဘက်မှာ ရပ်တည်လာတယ်။

ကျွန်မမှာ ကျမ်းစာအသိပညာနည်းနည်းပဲရှိပေမဲ့ သက်သေခံတစ်ယောက်ဖြစ်ခြင်းက ပိတ်ပင်ထားတဲ့အဖွဲ့အစည်းတစ်ခုရဲ့ အသင်းသားဖြစ်တယ်ဆိုတာကိုတော့ ကျွန်မ ကောင်းကောင်းနားလည်တယ်။ သက်သေခံအတော်များများက ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းဟောပြောလို့ ထောင်ချခံရတယ်ဆိုတာကိုလည်း ကျွန်မသိတယ်။ ဒါပေမဲ့ ကျွန်မ တစ်အိမ်တက်ဆင်းလုပ်ငန်းမှာ ချက်ချင်းပါဝင်ခဲ့ပြီး ကျွန်မနဲ့ ကျွန်မခင်ပွန်းက ကျွန်မတို့ရဲ့အိမ်ကို ရှေ့ဆောင်တွေနဲ့ နယ်လှည့်ကြီးကြပ်မှူးတွေ တည်းခိုနိုင်ဖို့ တံခါးဖွင့်ပေးခဲ့တယ်။ ကျွန်မတို့ရဲ့အိမ်က အမ်စတာဒမ်ကညီအစ်ကိုညီအစ်မတွေ သယ်လာပေးတဲ့ ကျမ်းစာစာပေတွေ သိုလှောင်တဲ့နေရာတစ်ခုလည်း ဖြစ်လာတယ်။ သူတို့တွေက စက်ဘီးပေါ်မှာ စာအုပ်ထုပ်ကြီးတွေတင်၊ တာလပတ်နဲ့ဖုံးပြီး သယ်လာကြရတယ်။ သူတို့ရဲ့မေတ္တာနဲ့ ရဲစွမ်းသတ္တိက ချီးကျူးစရာပါပဲ။ ညီအစ်ကိုညီအစ်မတွေအတွက် သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့ကြတယ်။—၁ ယော. ၃:၁၆

“မေမေ၊ မြန်မြန်ပြန်လာနော်”

နှစ်ခြင်းခံပြီး ခြောက်လလောက်အကြာမှာ ရဲအရာရှိသုံးယောက် အိမ်တံခါးရှေ့ရောက်လာတယ်။ သူတို့တွေက အိမ်ထဲဝင်ပြီး ရှာဖွေတယ်။ စာပေတွေအပြည့်ရှိတဲ့ဗီရိုကို မတွေ့ပေမဲ့ အိပ်ရာအောက်မှာဝှက်ထားတဲ့ စာအုပ်တချို့ကိုတော့ ရှာတွေ့သွားတယ်။ ချက်ချင်းပဲ ဟေးလ်ဗာဆမ်ရဲစခန်းကို ကျွန်မကိုခေါ်သွားတယ်။ သမီးလေးကိုဖက်ပြီး နှုတ်ဆက်တဲ့အခါ သမီးက “မေမေ၊ မြန်မြန်ပြန်လာနော်” လို့ပြောတယ်။ “အေးပါသမီးရယ်၊ မေမေမြန်မြန်ပြန်လာမှာပါ” လို့ ပြောလိုက်တယ်။ ဒါပေမဲ့ ခက်ခဲတဲ့ ၁၈ လကြာပြီးတဲ့နောက်မှပဲ သမီးနဲ့ပြန်တွေ့ရတယ်။

အကြောင်းကတော့ ရဲအရာရှိက မေးမြန်းစစ်ဆေးဖို့ အမ်စတာဒမ်ကို ရထားနဲ့ခေါ်သွားတယ်။ စစ်ဆေးမေးမြန်းသူတွေက ဟေးလ်ဗာဆမ်မှာရှိတဲ့ ညီအစ်ကိုသုံးယောက်ကို ယေဟောဝါသက်သေခံတွေအဖြစ် ဖော်ထုတ်ဖို့ ဖိအားပေးခဲ့တယ်။ “တစ်ယောက်ကိုပဲ ကျွန်မ သိတယ်၊ သူက နို့ပို့တဲ့သူ” လို့ ဖြေလိုက်တယ်။ ဒါက အမှန်ပဲ၊ အဲဒီညီအစ်ကိုက တကယ်နို့ပို့တဲ့သူဖြစ်တယ်။ “သူ ယေဟောဝါသက်သေဟုတ်မဟုတ်ဆိုတာသိချင်ရင် ကျွန်မကိုမမေးဘဲ သူ့ကိုပဲ မေးသင့်တယ်” ဆိုပြီး ထပ်ပြောလိုက်တယ်။ ကျွန်မကို နောက်ထပ်မေးလို့မရတဲ့အခါ ကျွန်မကို ပါးရိုက်တယ်၊ ပြီးတော့ အချုပ်ခန်းထဲမှာ နှစ်လကြာနေခဲ့ရတယ်။ ကျွန်မဘယ်မှာရှိတယ်ဆိုတာ ကျွန်မခင်ပွန်းသိသွားတဲ့အခါ ကျွန်မအတွက် အဝတ်အစားတချို့နဲ့ အစားအစာတချို့ ယူလာပေးတယ်။ အဲဒီနောက် ၁၉၄၁၊ ဩဂုတ်လမှာ ကျွန်မကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မြောက်ဘက် မိုင် ၅၀ အကွာမှာရှိတဲ့ နာမည်ဆိုးတွင်တဲ့ ရာဗန်ဘရွတ်ခ် ချွေးတပ်စခန်းကို ပို့ခဲ့တယ်။

“အားတင်းထားပါ၊ ညီမရယ်”

အဲဒီကိုရောက်တဲ့အခါ ယုံကြည်ခြင်းစွန့်လွှတ်တဲ့ ကြေညာချက်မှာ လက်မှတ်ထိုးမယ်ဆိုရင် အိမ်ပြန်ရမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မ လက်မှတ်မထိုးခဲ့ဘူး။ ဒါကြောင့် ကျွန်မပိုင်ဆိုင်ရာတွေကို သိမ်းယူလိုက်ကြပြီး၊ ကျွန်မကိုအဝတ်ချွတ်ပြီး ရေချိုးခန်းထဲမှာ ထည့်ထားတယ်၊ အဲဒီမှာ နယ်သာလန်က ခရစ်ယာန်ညီအစ်မတချို့နဲ့ တွေ့ဆုံခဲ့ရတယ်။ ကျွန်မတို့ကို ခရမ်းရောင်တြိဂံပါတဲ့ အကျဉ်းသားဝတ်စုံ၊ ပန်းကန်တစ်ချပ်၊ ခွက်တစ်လုံးနဲ့ ဇွန်းတစ်ချောင်းစီ ပေးတယ်။ ဦးဆုံးညမှာ ကျွန်မတို့ကို ယာယီတန်းလျားမှာ ထားတယ်။ ကျွန်မအဖမ်းခံရပြီးနောက် အဲဒီညမှာ ဦးဆုံးအကြိမ်အနေနဲ့ ကျွန်မငိုခဲ့တယ်။ “ငါ ဘာတွေများကြုံရဦးမလဲ။ ဘယ်လောက်ကြာကြာ ငါ ဒီမှာနေရမလဲ” လို့စဉ်းစားပြီး ကျွန်မတရှုံ့ရှုံ့ငိုခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အမှန်တရားကိုသိတာ လအနည်းငယ်ပဲရှိသေးလို့ အဲဒီအချိန်တုန်းက ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေးက သိပ်မခိုင်မြဲသေးဘူး။ ကျွန်မသင်ယူစရာ အများကြီးရှိသေးတယ်။ နောက်တစ်နေ့ လူစစ်ဖို့တန်းစီတော့ ဒတ်ခ်ျညီအစ်မတစ်ဦးက ကျွန်မအရမ်းဝမ်းနည်းနေတာကို သတိပြုမိခဲ့ပုံရတယ်။ သူက ကျွန်မကို “အားတင်းထားပါ၊ ညီမရယ်၊ အားတင်းထားစမ်းပါ။ ယေဟောဝါ ကျွန်မတို့ကိုကာကွယ်မှာပါ” ဆိုပြီး ကျွန်မကိုပြောတယ်။

လူစစ်ပြီးတဲ့နောက် ဂျာမနီနဲ့ နယ်သာလန်က ခရစ်ယာန်ညီအစ်မရာနဲ့ချီရှိတဲ့ နောက်ထပ်တန်းလျားတွေဆီ ကျွန်မတို့ကို ခေါ်သွားတယ်၊ သူတို့က ကျွန်မတို့ကို ကြိုဆိုကြတယ်။ ဂျာမန်ညီအစ်မတချို့က အဲဒီမှာရောက်နေတာ တစ်နှစ်ကျော်ရှိပြီ။ သူတို့နဲ့ပေါင်းသင်းရတာက ကျွန်မကို အားရှိစေပြီး တကယ်ပဲ ပြန်အားတင်းနိုင်ခဲ့တယ်။ ညီအစ်မတွေနေတဲ့တန်းလျားတွေက စခန်းမှာရှိတဲ့ တခြားတန်းလျားတွေထက် ပိုသန့်ရှင်းနေတာကလည်း ကျွန်မအတွက် စိတ်စွဲမှတ်စရာဖြစ်ခဲ့တယ်။ ကျွန်မတို့ရဲ့တန်းလျားတွေက သန့်ရှင်းတဲ့အပြင် ခိုးတာ၊ ဆဲဆိုတာ၊ ရန်ဖြစ်တာတွေ မရှိတဲ့နေရာတစ်ခုအနေနဲ့လည်း လူသိများတယ်။ စခန်းထဲက ရက်စက်ကြမ်းကြုတ်တဲ့အခြေအနေတွေနဲ့မတူဘဲ ကျွန်မတို့ရဲ့တန်းလျားက ညစ်ညမ်းတဲ့ပင်လယ်ထဲမှာရှိတဲ့ သန့်ရှင်းတဲ့ကျွန်းကလေးနဲ့တူတယ်။

ချွေးတပ်စခန်းရဲ့ နေ့စဉ်ဘဝ

ချွေးတပ်စခန်းမှာ နည်းနည်းပဲစားရပြီး များများအလုပ်လုပ်ရတယ်။ မနက် ငါးနာရီထရပြီး မကြာခင်မှာပဲ လူစစ်ဖို့ တန်းစီရတယ်။ အစောင့်တွေက ကျွန်မတို့ကို မိုးရွာရွာ၊ နေပူပူ အပြင်မှာ တစ်နာရီကြာ မတ်တတ်ရပ်ခိုင်းတယ်။ တစ်နေ့လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးတဲ့ ညနေ ငါးနာရီမှာ နောက်တစ်ခါ လူပြန်စစ်တယ်။ ဟင်းရည်နည်းနည်းနဲ့ ပေါင်မုန့်နည်းနည်းစားပြီး မောမောပန်းပန်းအိပ်ကြရတယ်။

တနင်္ဂနွေနေ့ကလွဲလို့ နေ့တိုင်း လယ်မှာအလုပ်လုပ်ရတယ်၊ ဂျုံတွေကို တံစဉ်နဲ့ရိတ်ရတယ်၊ မြောင်းဆယ်ရတယ်၊ ဝက်ခြံတွေကို သန့်ရှင်းရေးလုပ်ရတယ်။ ကျွန်မက ငယ်ရွယ်ပြီးသန်မာနေသေးတော့ ညစ်ပတ်တဲ့ အလုပ်ကြမ်းကို နေ့တိုင်းလုပ်နိုင်ခဲ့တယ်။ အလုပ်လုပ်နေရင်း ကျမ်းစာအကြောင်းပါတဲ့ သီချင်းတွေကိုဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ရတယ်။ ဒါပေမဲ့ နေ့တိုင်း ကျွန်မရဲ့ခင်ပွန်းနဲ့ သမီးကို အရမ်းလွမ်းတယ်။

ကျွန်မတို့က အစားအစာနည်းနည်းပဲရပေမဲ့ တနင်္ဂနွေနေ့မှာ ကျမ်းစာအကြောင်းဆွေးနွေးတဲ့အခါ အစားအစာအပိုရှိအောင်လို့ ကျွန်မတို့အားလုံး ကိုယ့်ဝေစုထဲက နည်းနည်းစီစုထားကြတယ်။ ကျွန်မတို့မှာ ကျမ်းစာအခြေပြုစာပေတွေမရှိပေမဲ့ သစ္စာရှိသက်ကြီး ဂျာမန်ညီအစ်မတွေ ကျမ်းစာအကြောင်းဆွေးနွေးတဲ့အခါ ကျွန်မ စိတ်ပါဝင်စားစွာ နားထောင်ခဲ့တယ်။ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲကိုတောင် ကျင်းပခဲ့ကြတယ်။

စိတ်ဓာတ်ကျ၊ နောင်တရ၊ အားပေးခံရ

တစ်ခါတစ်ရံမှာ နာဇီတွေကို တိုက်ရိုက်အကူအညီပေးရတဲ့အလုပ်တွေ လုပ်ဖို့တောင်းဆိုခံရတယ်။ နိုင်ငံရေးမှာ ကျွန်မတို့ရဲ့ကြားနေမှုကြောင့် ညီအစ်မအားလုံးက ငြင်းဆိုခဲ့ကြပြီး ကျွန်မလည်း သူတို့ရဲ့သတ္တိရှိတဲ့ ပုံသက်သေအတိုင်း လိုက်လျှောက်ခဲ့တယ်။ ပြစ်ဒဏ်အနေနဲ့ ရက်ပေါင်းများစွာ အစားအစာမရဘဲ လူစစ်တဲ့အခါ နာရီပေါင်းများစွာ မတ်တတ်ရပ်ခဲ့ရတယ်။ တစ်ခါကဆိုရင် ဆောင်းတွင်းမှာ အပူပေးစနစ်မရှိတဲ့ တန်းလျားမှာ ကျွန်မတို့ကို ရက် ၄၀ ပိတ်ထားခဲ့တယ်။

ယေဟောဝါသက်သေအဖြစ်မှ ယုံကြည်ခြင်းစွန့်လွှတ်ကြောင်း ကြေညာချက်မှာ လက်မှတ်ထိုးမယ်ဆိုရင် အိမ်ပြန်ရမယ်ဆိုပြီး ကျွန်မတို့ကို မကြာခဏပြောတယ်။ ရာဗန်ဘရွတ်ခ်မှာ တစ်နှစ်ကျော်နေပြီးတဲ့နောက် ကျွန်မ တအားစိတ်ဓာတ်ကျလာတယ်။ ခင်ပွန်းနဲ့သမီးကို တွေ့ချင်စိတ် ပြင်းပြလွန်းလို့ အစောင့်တွေဆီကနေ ကျမ်းစာကျောင်းသားတစ်ဦးမဟုတ်တော့ကြောင်း ဖော်ပြတဲ့ပုံစံစာရွက်ကို တောင်းပြီး လက်မှတ်ထိုးခဲ့တယ်။

ကျွန်မလက်မှတ်ထိုးလိုက်တယ်ဆိုတာကို ညီအစ်မတွေသိတဲ့အခါ တချို့က ကျွန်မနဲ့ မပေါင်းကြတော့ဘူး။ ဒါပေမဲ့ ဟတ်ဒ်ဝပ်နဲ့ ဂါထရုဒ်ဆိုတဲ့ ဂျာမန်ညီအစ်မနှစ်ဦးက ကျွန်မကိုရှာပြီး သူတို့ကျွန်မအပေါ် ချစ်နေဆဲဆိုတာ ပြောခဲ့တယ်။ ဝက်ခြံတွေမှာ အတူသန့်ရှင်းရေးလုပ်နေတုန်း သူတို့က ယေဟောဝါအပေါ်တည်ကြည်ဖို့ အရေးကြီးကြောင်း၊ အလျှော့မပေးခြင်းအားဖြင့် ဘုရားသခင်ကို ချစ်ကြောင်းတင်ပြနိုင်ကြောင်းတို့ကို ကြင်နာစွာရှင်းပြခဲ့တယ်။ သူတို့ရဲ့မိခင်သဖွယ် စိုးရိမ်မှုနဲ့ မေတ္တာက ကျွန်မရဲ့စိတ်ကို ထိမိစေခဲ့တယ်။ * ကျွန်မ အမှားလုပ်မိပြီဆိုတာသိခဲ့ပြီး ကျွန်မရဲ့ကြေညာချက်ကို ရုပ်သိမ်းချင်ခဲ့တယ်။ တစ်ညနေမှာ ကျွန်မက ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို ညီအစ်မတစ်ယောက်ကို ပြောပြခဲ့တယ်။ ကျွန်မတို့ပြောနေတာကို အစောင့်တစ်ဦး ကြားသွားပုံရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီညနေမှာပဲ ရုတ်တရက်ဆိုသလို ချွေးတပ်စခန်းကနေ လွှတ်ပေးလိုက်ပြီး နယ်သာလန်ကိုသွားမယ့်ရထားနဲ့ ပြန်ခိုင်းတယ်။ ချွေးတပ်စခန်းကြီးကြပ်မှူးတွေထဲက တစ်ယောက်ရဲ့မျက်နှာကို အခုထိ မှတ်မိနေသေးတယ်၊ “ရှင်က ဘီဘယ်ဖော်ရှာ (ကျမ်းစာကျောင်းသား) တစ်ဦးဆက်ဖြစ်နေဦးမှာပဲ” လို့ ပြောတဲ့အခါ ကျွန်မက “ဟုတ်ကဲ့၊ ယေဟောဝါအလိုရှိမယ်ဆိုရင် ဆက်ဖြစ်နေဦးမှာပါ” လို့ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ ‘ကျွန်မရဲ့ကြေညာချက်ကို ဘယ်လိုပြန်ရုပ်သိမ်းရမလဲ’ ဆိုတာ တွေးနေမိခဲ့တယ်။

ကြေညာချက်တွေထဲက တစ်ချက်က “အကျွန်ုပ်သည် အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားအဖွဲ့တွင် ဘယ်သောအခါမျှ တက်ကြွစွာလုပ်ဆောင်တော့မည် မဟုတ်ကြောင်း ကတိပြုပါသည်” ဖြစ်တယ်။ ကျွန်မ ဘာလုပ်ရမယ်ဆိုတာ သိလိုက်ပြီ။ အိမ်ပြန်ရောက်ပြီး မကြာခင်ဖြစ်တဲ့ ၁၉၄၃၊ ဇန်နဝါရီလမှာ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်မ ပြန်ပါဝင်ခဲ့တယ်။ ကျွန်မသာ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောနေတုန်း နောက်တစ်ကြိမ် နာဇီအာဏာပိုင်တွေရဲ့ အဖမ်းခံရမယ်ဆိုရင် ပြစ်ဒဏ်က ပိုပြီးပြင်းထန်မယ်ဆိုတာ ကျွန်မသိတယ်။

ယေဟောဝါအပေါ် သစ္စာတည်ကြည်တဲ့ကျေးကျွန်တစ်ဦးဖြစ်ကြောင်း ပြန်သက်သေပြနိုင်ဖို့ ကျွန်မနဲ့ကျွန်မရဲ့ခင်ပွန်းက စာပေသယ်တဲ့သူတွေနဲ့ နယ်လှည့်ကြီးကြပ်မှူးတွေ တည်းခိုနိုင်ဖို့ ကျွန်မတို့အိမ်ကို တံခါးပြန်ဖွင့်ပေးခဲ့တယ်။ ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးကိုချစ်တဲ့ ကျွန်မရဲ့မေတ္တာကို သက်သေပြနိုင်ဖို့ နောက်ထပ်အခွင့်အရေးရတဲ့အတွက် ကျွန်မအရမ်းကျေးဇူးတင်တယ်။

ကြေကွဲဖွယ်ရာ စမ်းသပ်မှု

စစ်ကြီးမပြီးခင် လအနည်းငယ်မှာ ကျွန်မနဲ့ကျွန်မခင်ပွန်းက ကြေကွဲဖွယ်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ၁၉၄၄၊ အောက်တိုဘာလမှာ ကျွန်မတို့ရဲ့သမီးလေး ရုတ်တရက်ဖျားလာတယ်။ ဗီလီက ဆုံဆို့နာရောဂါခံစားခဲ့ရတယ်။ သူ့ရဲ့အခြေအနေ ပိုဆိုးရွားလာပြီး သုံးရက်အကြာမှာ ဆုံးသွားရှာတယ်။ သမီးက ခုနစ်နှစ်ပဲ ရှိသေးတယ်။

ကျွန်မတို့ရဲ့တစ်ဦးတည်းသောသမီးကို ဆုံးရှုံးလိုက်ရလို့ တကယ့်ကိုဝမ်းနည်းကြေကွဲခဲ့ရတယ်။ တကယ်ပါပဲ၊ ရာဗန်ဘရွတ်ခ်မှာ ကျွန်မကြုံခဲ့ရတဲ့ ဒုက္ခတွေက ကျွန်မသမီးကိုဆုံးရှုံးရလို့ ခံစားရတဲ့နာကျင်မှုနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျနေတဲ့အခိုက်အတန့်မှာ ဆာလံ ၁၆:၈ မှာပါတဲ့ စကားတွေကနေ အမြဲနှစ်သိမ့်မှုရခဲ့တယ်– ‘ငါသည် ယေဟောဝါကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။’ ယေဟောဝါရဲ့ ရှင်ပြန်ထမြောက်ခြင်းကတိတော်ကို ကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်း အခိုင်အမာယုံကြည်တယ်။ အမှန်တရားထဲမှာဆက်နေပြီး သတင်းကောင်းကို ထက်သန်စွာဟောပြောခဲ့တယ်။ ကျွန်မခင်ပွန်းက သူကွယ်လွန်တဲ့ ၁၉၆၉ ခုနှစ်အထိ ကျွန်မ ယေဟောဝါကို ကျေးဇူးတင်စိတ်နဲ့ ဝတ်ပြုကိုးကွယ်နိုင်ဖို့ ကူညီပေးခဲ့တယ်။

ကောင်းချီးနဲ့ ရွှင်လန်းမှုများ

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ကျွန်မကိုပျော်ရွှင်စေတဲ့အရာတစ်ခုကတော့ အချိန်ပြည့်အမှုဆောင်တွေနဲ့ တရင်းတနှီးပေါင်းသင်းခြင်းဖြစ်တယ်။ စစ်ဖြစ်နေစဉ်တုန်းကလိုပဲ နယ်လှည့်ကြီးကြပ်မှူးနဲ့ဇနီး ကျွန်မတို့အသင်းတော်ကို လည်ပတ်တဲ့အခါတွေမှာ ကျွန်မတို့အိမ်မှာတည်းခိုနိုင်ဖို့ အမြဲတံခါးဖွင့်ပေးခဲ့တယ်။ နယ်လှည့်လုပ်ငန်းမှာပါဝင်တဲ့ ဇနီးမောင်နှံဖြစ်တဲ့ မာတင်နဲ့ နဲလ် ခေါပ်တိုင်တို့က ကျွန်မတို့အိမ်မှာ ၁၃ နှစ်တောင် နေခဲ့ကြတယ်။ နဲလ် အသည်းအသန်ဖျားတဲ့အခါ သူမဆုံးခင် သုံးလလောက် ကျွန်မ သူ့ကိုပြုစုစောင့်ရှောက်ခွင့်ရခဲ့တယ်။ သူတို့နဲ့ရော၊ ဒေသခံညီအစ်ကိုညီအစ်မတွေနဲ့ပါ ပေါင်းသင်းခြင်းက ပရဒိသုနဲ့တူတဲ့ စည်းလုံးငြိမ်သက်တဲ့ ဘုရားသခင့်အဖွဲ့အစည်းထဲမှာ ပျော်ရွှင်နေဖို့ ထောက်ကူပေးတယ်။

၁၉၉၅ ခုနှစ်မှာ ကျွန်မဘဝရဲ့ ထူးခြားတဲ့အမှတ်ရစရာတစ်ခုက ရာဗန်ဘရွတ်ခ်မှာ ကျင်းပတဲ့ ပြန်လည်စုဆုံပွဲအတွက် ဖိတ်ခေါ်ခံရတာပဲ။ ကျွန်မချွေးတပ်စခန်းမှာရှိတုန်းက ဆုံတွေ့ခဲ့ရတဲ့၊ မတွေ့ရတာ အနှစ် ၅၀ ကျော်ကြာပြီဖြစ်တဲ့ ညီအစ်မတွေနဲ့ ပြန်ဆုံစည်းခဲ့ရတယ်။ သူတို့နဲ့အတူရှိနေတဲ့အချိန်က ကျွန်မအတွက် မမေ့နိုင်စရာ၊ အားရှိစရာဖြစ်ခဲ့ပြီး သေဆုံးသွားတဲ့ ကျွန်မတို့ချစ်မြတ်နိုးရသူတွေ ပြန်အသက်ရှင်လာမယ့်နေ့ကို စောင့်မျှော်နေဖို့ တစ်ဦးကိုတစ်ဦးအားပေးဖို့ အခွင့်အရေးရခဲ့တယ်။

တမန်တော်ပေါလုက ရောမ ၁၅:၄ မှာ “ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေ” တယ်ဆိုပြီး ဖော်ပြထားတယ်။ စမ်းသပ်မှုတွေကြား ယေဟောဝါကို ကျေးဇူးတင်စိတ်နဲ့ ဝတ်ပြုကိုးကွယ်နိုင်စေတဲ့ ဒီမျှော်လင့်ချက်ကိုပေးသနားထားတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 အဲဒီအချိန်တုန်းက ညီအစ်ကိုတွေဟာ ဌာနချုပ်နဲ့အဆက်အသွယ်မရလို့ ခရစ်ယာန်ကြားနေမှုနဲ့ပတ်သက်တဲ့ကိစ္စကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့ကြတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်တစ်မျိုး တုံ့ပြန်ကြတာဖြစ်တယ်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

၁၉၃၀ တုန်းက ယုပ်ဗ်နဲ့အတူ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွန်မတို့ရဲ့သမီးလေး ဗီလီ၊ အသက်ခုနစ်နှစ်အရွယ်မှာ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

၁၉၉၅ ခုနှစ်မှာ အားရှိစေတဲ့ပြန်လည်စုဆုံပွဲကို ကျွန်မ တက်ရောက်ခဲ့ (ရှေ့ဆုံးတန်း ဘယ်ဘက်မှ ဒုတိယမြောက်)