မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်စမ်းသပ်မှုမျိုးကိုမဆို အောင်မြင်နိုင်ဖို့ အစွမ်းတန်ခိုးရ

ဘယ်စမ်းသပ်မှုမျိုးကိုမဆို အောင်မြင်နိုင်ဖို့ အစွမ်းတန်ခိုးရ

ဘယ်စမ်းသပ်မှုမျိုးကိုမဆို အောင်မြင်နိုင်ဖို့ အစွမ်းတန်ခိုးရ

“ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏။”—ဖိ. ၄:၁၃

၁။ ယေဟောဝါရဲ့ကျေးကျွန်တွေ ဘာကြောင့် အခက်အခဲတွေကို ကြုံတွေ့ရသလဲ။

ယေဟောဝါရဲ့ကျေးကျွန်တွေဟာ အခက်အခဲစမ်းသပ်မှု တစ်မျိုးမဟုတ်တစ်မျိုးနဲ့ ရင်ဆိုင်တွေ့ကြုံရလေ့ရှိတယ်။ တချို့စမ်းသပ်မှုတွေက ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ မစုံလင်မှုကြောင့် ဒါမှမဟုတ် ကျွန်ုပ်တို့အသက်ရှင်နေရတဲ့ လောကစနစ်ကြောင့်ဖြစ်တယ်။ တခြားစမ်းသပ်မှုတွေကတော့ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူတွေနဲ့ မကိုးကွယ်သူတွေအကြားမှာရှိတဲ့ ရန်ငြိုးကြောင့်ဖြစ်တယ်။ (က. ၃:၁၅) လူ့သမိုင်းအစကတည်းက ဘုရားသခင်ဟာ သစ္စာရှိကျေးကျွန်တွေ ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ခံရပ်နိုင်ဖို့၊ အပျက်သြဇာသက်ရောက်စေတဲ့ ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်ဖို့၊ တခြားသော အခက်အခဲအမျိုးမျိုးကို ခံရပ်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ကိုယ်တော်ရဲ့သန့်ရှင်းသောစွမ်းအားတော်က ကျွန်ုပ်တို့ကိုလည်း ထပ်တူအစွမ်းတန်ခိုးပေးနိုင်ပါတယ်။

ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ

၂။ ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်ပုံစံတွေနဲ့ လာနိုင်သလဲ။

ယုံကြည်ချက်ကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းဆိုတာက လူတွေရဲ့ယုံကြည်ချက် ဒါမှမဟုတ် အယူဝါဒကြောင့် အနှောင့်အယှက်ပေးတာ၊ တမင်တကာ ကိုယ်ထိလက်ရောက် ညှဉ်းပန်းတာဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ အယူဝါဒတွေကို တိုက်ဖျက်ပစ်ဖို့၊ အဲဒီအယူဝါဒ ဆက်မပြန့်ပွားစေဖို့၊ သက်ဝင်ယုံကြည်သူတွေရဲ့ ယုံကြည်ခြင်းကိုချိုးဖျက်ဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်းမှုက ပုံစံအမျိုးမျိုးနဲ့လာနိုင်ပါတယ်၊ တချို့က သိမ်မွေ့ပြီး တချို့ကတော့ ဗြောင်ကျကျလာနိုင်တယ်။ အဲဒီနည်းတွေနဲ့တိုက်ခိုက်တဲ့စာတန်ကို သမ္မာကျမ်းစာက ခြင်္သေ့ပျိုနဲ့ရော မြွေဆိုးနဲ့ပါ ခိုင်းနှိုင်းထားတယ်။—ဆာလံ ၉၁:၁၃ ကိုဖတ်ပါ။

၃။ ခြင်္သေ့နဲ့ မြွေဆိုးလို နှိပ်စက်ညှဉ်းပန်းတဲ့နည်းတွေက ဘာတွေလဲ။

စာတန်က အကြမ်းဖက်မှု၊ ထောင်သွင်းအကျဉ်းချမှု၊ ပိတ်ပင်မှုတွေကိုသုံးပြီး ရက်စက်ကြမ်းကြုတ်တဲ့ခြင်္သေ့လို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လေ့ရှိတယ်။ (ဆာ. ၉၄:၂၀) မျက်မှောက်ခေတ် ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြတဲ့ နှစ်ချုပ်စာအုပ်မှာ အဲဒီနည်းနဲ့တိုက်ခိုက်တဲ့တွေ့ကြုံမှုတွေကို တွေ့နိုင်ပါတယ်။ ဒေသများစွာမှာ ခရစ်ယာန်ဓမ္မဆရာတွေ၊ နိုင်ငံရေးအစွန်းရောက်သမားတွေ ဦးဆောင်လေ့ရှိတဲ့ လူရမ်းကားအုပ်စုတွေက ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ခဲ့ကြတယ်။ ခြင်္သေ့လိုတိုက်ခိုက်မှုတွေကြောင့် အနည်းငယ်သောသူတွေက ယေဟောဝါကို ဆက်ဝတ်မပြုကြတော့ဘူး။ ဒါ့အပြင် စာတန်က လူတွေ သူ့အလိုကျလုပ်ဆောင်ဖို့နဲ့ စိတ်ဓာတ်ပျက်ပြားသွားစေဖို့ မြွေဆိုးလိုလည်း နောက်ကွယ်ကနေ စဉ်းလဲစွာတိုက်ခိုက်တယ်။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း အားနည်းသွားစေဖို့၊ အလျှော့ပေးလိုက်လျောစေဖို့အတွက် ဒီနည်းနဲ့တိုက်ခိုက်တာဖြစ်တယ်။ ဒါပေမဲ့ နှိပ်စက်ညှဉ်းပန်းမှုနှစ်မျိုးစလုံးကို ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်အကူအညီနဲ့ ကျွန်ုပ်တို့ ခံရပ်နိုင်ပါတယ်။

၄၊ ၅။ နှိပ်စက်ညှဉ်းပန်းမှုအတွက် ကြိုတင်ပြင်ဆင်နိုင်တဲ့ အကောင်းဆုံးနည်းကဘာလဲ၊ ဘာကြောင့်လဲ။ ဥပမာတစ်ခုခုပေးပါ။

အနာဂတ်မှာ ဘယ်လိုနှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရနိုင်တယ်ဆိုတာကို စဉ်းစားတာက နှိပ်စက်ညှဉ်းပန်းမှုကိုခံရပ်စေနိုင်တဲ့ အကောင်းဆုံးပြင်ဆင်နည်း မဟုတ်ဘူး။ အနာဂတ်မှာ ဘယ်လိုနှိပ်စက်ညှဉ်းပန်းမှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျွန်ုပ်တို့ မသိနိုင်တဲ့အတွက် မဖြစ်သေးတဲ့အရာကိုတွေးပြီး စိုးရိမ်နေတာက အကျိုးမရှိပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့လုပ်ဆောင်နိုင်တဲ့ အရာတော့ ရှိပါတယ်။ နှိပ်စက်ညှဉ်းပန်းမှုကို အောင်မြင်စွာခံရပ်ခဲ့သူအများစုက ယေရှုရဲ့ပုံသက်သေနဲ့ သွန်သင်ချက်တွေအပြင် သမ္မာကျမ်းစာမှာမှတ်တမ်းတင်ထားတဲ့ တည်ကြည်သူတွေရဲ့ သစ္စာရှိလမ်းစဉ်အကြောင်း တွေးတောဆင်ခြင်ခဲ့ကြတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ယေဟောဝါအပေါ်ထားရှိတဲ့ သူတို့ရဲ့မေတ္တာကို ပိုနက်ရှိုင်းလာစေတယ်။ အဲဒီမေတ္တာက သူတို့ရဲ့ဘဝမှာ ဘယ်စမ်းသပ်မှုတွေပဲ ကြုံရပါစေ တွန်းလှန်နိုင်ဖို့ ကူညီပေးခဲ့တယ်။

မာလာဝီနိုင်ငံက ညီအစ်မနှစ်ဦးရဲ့အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ နိုင်ငံရေးပါတီကတ်တွေဝယ်ဖို့ ဖိအားပေးတဲ့အနေနဲ့ လူရမ်းကားအုပ်က သူတို့ကို ရိုက်နှက်၊ အဝတ်ချွတ်ပြီး မုဒိမ်းကျင့်မယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်။ လူအုပ်က ဗေသလမိသားစုဝင်တွေမှာတောင် ပါတီကတ်တွေရှိတယ်လို့ လိမ်ညာပြောဆိုခဲ့တယ်။ ညီအစ်မတွေ ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ “ကျွန်မတို့က ယေဟောဝါကိုပဲ ဝတ်ပြုကိုးကွယ်တယ်။ ဒါကြောင့် ဌာနခွဲကလူတွေ ပါတီကတ်ဝယ်တယ်ဆိုရင်တောင် ကျွန်မတို့နဲ့မဆိုင်ဘူး။ ကျွန်မတို့ကိုသတ်ပစ်မယ်ဆိုရင်တောင် အလျှော့ပေးလိုက်လျောမှာမဟုတ်ဘူး” လို့ပြန်ပြောခဲ့တယ်။ ဒီလိုသတ္တိရှိရှိရပ်တည်မှုကြောင့် ညီအစ်မတွေကို လွှတ်ပေးလိုက်တယ်။

၆၊ ၇။ ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေ နှိပ်စက်ညှဉ်းပန်းမှုတွေကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုအစွမ်းတန်ခိုးပေးသလဲ။

သက်သာလောနိတ်မြို့က ခရစ်ယာန်တွေဟာ “များစွာသောဆင်းရဲဒုက္ခကြားမှ” အမှန်တရားသတင်းကို လက်ခံခဲ့ကြပေမဲ့လည်း “သန့်ရှင်းသောစွမ်းအားတော်မှရရှိသောရွှင်လန်းမှု” ခံစားရတယ်ဆိုတာကို တမန်တော်ပေါလု တွေ့မြင်ခဲ့တယ်။ (၁ သက်. ၁:၆) နှိပ်စက်ညှဉ်းပန်းမှုတွေကို ရင်ဆိုင်အောင်မြင်ခဲ့တဲ့ အတိတ်နဲ့မျက်မှောက်ခေတ် ခရစ်ယာန်တွေက သူတို့အပြင်းထန်ဆုံးစမ်းသပ်ခံရတဲ့အချိန်မှာ ဘုရားသခင့်စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေထဲကတစ်ခုဖြစ်တဲ့ စိတ်ငြိမ်သက်မှုခံစားရတယ်လို့ ပြောကြတယ်။ (ဂလ. ၅:၂၂) အဲဒီငြိမ်သက်မှုက သူတို့ရဲ့နှလုံးနဲ့ စဉ်းစားတွေးခေါ်မှုကို ကာကွယ်ပေးတယ်။ မှန်ပါတယ်၊ ယေဟောဝါက ကျေးကျွန်တွေ စမ်းသပ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့နဲ့ အခက်အခဲတွေရင်ဆိုင်ရချိန်မှာ ပညာရှိရှိပြုမူနိုင်ဖို့ မိမိရဲ့အသုံးတော်ခံစွမ်းအားတော်အားဖြင့် အစွမ်းတန်ခိုးပေးတယ်။ *

ယေဟောဝါသက်သေတွေက လူမဆန်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကြုံရတာတောင် သူတို့ရဲ့တည်ကြည်မှုကိုစောင့်ထိန်းဖို့ စိတ်ပိုင်းဖြတ်ကြတာကိုတွေ့ရလို့ လူတွေ အံ့အားသင့်ကြတယ်။ သက်သေခံတွေမှာ သာမန်ထက်ထူးကဲတဲ့တန်ခိုး ရှိနေပုံပေါက်တယ်၊ အမှန်တကယ်လည်း ရရှိထားတယ်။ တမန်တော်ပေတရုက ဒီလိုအာမခံထားတယ်– “သင်တို့သည် ခရစ်တော်၏နာမကြောင့် ကဲ့ရဲ့ရှုတ်ချခံနေရလျှင် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ဘုရားသခင်၏စွမ်းအားတော် . . . သည် သင်တို့အပေါ် ကိန်းဝပ်နေ၍ဖြစ်၏။” (၁ ပေ. ၄:၁၄) ဖြောင့်မတ်တဲ့စံနှုန်းတွေကြောင့် နှိပ်စက်ညှဉ်းပန်းခံရခြင်းက ဘုရားသခင့်မျက်နှာသာရှိတယ်ဆိုတာ ဖော်ပြတယ်။ (မ. ၅:၁၀-၁၂; ယော. ၁၅:၂၀) ဒါက ယေဟောဝါရဲ့ကောင်းချီးရရှိမှာ သေချာတဲ့အတွက် ရွှင်လန်းမှုဖြစ်စေတယ်။

ရွယ်တူချင်းဖိအားကို တွန်းလှန်တဲ့အခါ

၈။ (က) ရွယ်တူချင်းဖိအားကိုတွန်းလှန်နိုင်ဖို့ ယောရှုနဲ့ကာလက်ကို ဘာကကူညီပေးခဲ့သလဲ။ (ခ) ယောရှုနဲ့ကာလက်ရဲ့ပုံသက်သေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

ခရစ်ယာန်တွေခံရပ်ရမယ့် ပိုပြီးညင်သာသိမ်မွေ့တဲ့ ဆန့်ကျင်မှုကတော့ အပျက်သြဇာသက်ရောက်တဲ့ ရွယ်တူချင်းဖိအားဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့စွမ်းအားတော်က လောကစိတ်ဓာတ်ထက် ပိုပြီးအစွမ်းတန်ခိုးကြီးလို့ ကျွန်ုပ်တို့ကို ကဲ့ရဲ့လှောင်ပြောင်သူတွေ၊ ကျွန်ုပ်တို့အကြောင်း သွားပုပ်လေလွင့်သတင်းဖြန့်သူတွေ၊ သူတို့ရဲ့စံနှုန်းအတိုင်းလိုက်ဖို့ ဖိအားပေးကြိုးစားသူတွေကို ကျွန်ုပ်တို့ တွန်းလှန်နိုင်ပါတယ်။ ဥပမာ၊ ယောရှုနဲ့ကာလက်က ခါနာန်ပြည်ကိုစူးစမ်းဖို့စေလွှတ်ခံရတဲ့ ကျန်သူလျှိုဆယ်ဦးနဲ့မတူတဲ့ ရှုမြင်ချက်ရှိအောင် သူတို့ကို ဘာကကူညီပေးခဲ့သလဲ။ သန့်ရှင်းသောစွမ်းအားတော်က သူတို့ကို “ထူးခြားသောသဘော” ရှိစေခဲ့တယ်။—တောလည်ရာ ၁၃:၃၀; ၁၄:၆-၁၀၊ ၂၄ တို့ကိုဖတ်ပါ။

၉။ ခရစ်ယာန်တွေက ဘာကြောင့် အများနဲ့မတူတစ်မူထူးဖို့ တလိုတလားရှိရမလဲ။

သန့်ရှင်းသောစွမ်းအားတော်က ယေရှုရဲ့တမန်တော်တွေကိုလည်း စစ်မှန်တဲ့ဝတ်ပြုရေးခေါင်းဆောင်တွေအဖြစ် လူအများအထင်ကြီးလေးစားတဲ့ ဆရာတွေရဲ့စကားထက် ဘုရားသခင့်စကားကိုနားထောင်ဖို့ အစွမ်းတန်ခိုးပေးခဲ့တယ်။ (တ. ၄:၂၁၊ ၃၁; ၅:၂၉၊ ၃၂) လူအများစုက အများနဲ့ထိပ်တိုက်တွေ့မှာကို ရှောင်ချင်တဲ့အတွက်၊ အငြင်းမပွားချင်တဲ့အတွက် အများလုပ်သလိုလိုက်လုပ်ပြီး အများမိုးခါးရေသောက်တိုင်း လိုက်သောက်တတ်ကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ခရစ်ယာန်တွေကတော့ မှန်တယ်လို့သူတို့သိထားရာဘက်မှာ အခိုင်အမာရပ်တည်ကြတယ်။ ဘုရားသခင့်စွမ်းအားတော်အားဖြင့်ရတဲ့ခွန်အားကြောင့် တခြားသူတွေနဲ့မတူ တစ်မူထူးနေမှာကို မစိုးရိမ်ကြဘူး။ (၂ တိ. ၁:၇) ရွယ်တူချင်းဖိအားကို အလျှော့မပေးသင့်တဲ့ အခြေအနေတစ်ခုကို သုံးသပ်ကြည့်ပါ။

၁၀။ တချို့ခရစ်ယာန်တွေ ဘယ်လိုအကျပ်ရိုက်စရာနဲ့ ကြုံတွေ့ရသလဲ။

၁၀ သူငယ်ချင်းတစ်ဦးက ကျမ်းစာနဲ့မညီတဲ့ အကျင့်တစ်ခုခုကို ပြုကျင့်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါ လူငယ်တချို့ အကျပ်ရိုက်ကြတယ်။ အကူအညီအတွက် အကြီးအကဲတွေကိုပြောပြတာက သူငယ်ချင်းကို သစ္စာဖောက်ရာကျတယ်လို့ ခံစားကြရတယ်၊ ဒီလိုတလွဲသစ္စာရှိမှုကြောင့် သူတို့က ရေငုံနှုတ်ပိတ်နေလိုက်ကြတယ်။ အမှားပြုသူက သူ့အပြစ်ကိုဖုံးကွယ်ထားပေးဖို့ ဖိအားပေးတာလည်းဖြစ်နိုင်တယ်။ ဒီလိုပြဿနာမျိုးက လူငယ်တွေပဲကြုံရတာတော့ မဟုတ်ဘူး။ တချို့လူကြီးတွေတောင် အမှားပြုတဲ့မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးနဲ့ပတ်သက်ပြီး အကြီးအကဲတွေကိုပြောပြဖို့ အခက်တွေ့ကြတယ်။ ဒါပေမဲ့ ဒီလိုဖိအားတွေကို ခရစ်ယာန်စစ်တွေ ဘယ်လိုတုံ့ပြန်သင့်သလဲ။

၁၁၊ ၁၂။ အသင်းသားတစ်ဦးက သူ့ရဲ့အမှားကိုဖုံးကွယ်ပေးဖို့ ဖိအားပေးတဲ့အခါ ဘယ်လိုတုံ့ပြန်ခြင်းက အကောင်းဆုံးဖြစ်သလဲ၊ ဘာကြောင့်လဲ။

၁၁ ဒီအခြေအနေကို မြင်ယောင်ကြည့်ပါ။ ညီအစ်ကိုငယ်တစ်ဦးဖြစ်တဲ့ ထွန်းထွန်းက အသင်းတော်က သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ညီညီ ညစ်ညမ်းရုပ်ပုံကြည့်တဲ့အကျင့်ရှိတယ်ဆိုတာ သိလိုက်ရတယ်။ ထွန်းထွန်းက ညီညီရဲ့လုပ်ရပ်ကို စိုးရိမ်တဲ့အကြောင်း ပြောတယ်။ ဒါပေမဲ့ ညီညီက ထွန်းထွန်းစကားကို အရေးမစိုက်ဘူး။ ထွန်းထွန်းက ညီညီကို အကြီးအကဲတွေကိုဖွင့်ပြောဖို့ တိုက်တွန်းတဲ့အခါ ညီညီက “မင်းသာ သူငယ်ချင်းကောင်းဆိုရင် ဒီလိုပြောမှာမဟုတ်ဘူး” လို့ ပြောတယ်။ ထွန်းထွန်းက သူငယ်ချင်းတစ်ယောက်ဆုံးရှုံးရမှာကို စိုးရိမ်သင့်သလား။ တကယ်လို့ ညီညီက အကြီးအကဲတွေရှေ့မှာ မဟုတ်ပါဘူးလို့ ငြင်းလိုက်ရင် အကြီးအကဲတွေက သူ့စကားကိုယုံပါ့မလားလို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ ထွန်းထွန်းသာ ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် အခြေအနေက ကောင်းလာစရာမရှိဘူး။ ဘုရားသခင်နဲ့ ညီညီရဲ့ဆက်ဆံရေးတောင် ပျက်စီးသွားနိုင်တယ်။ ဒီကျမ်းချက်ကို ထွန်းထွန်း သတိရသင့်တယ်– ‘လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ ယေဟောဝါကိုခိုလှုံသောသူမူကား လုံခြုံလိမ့်မည်။’ (သု. ၂၉:၂၅) ထွန်းထွန်း နောက်ထပ် ဘာလုပ်နိုင်သေးလဲ။ ညီညီနဲ့နောက်တစ်ခါတွေ့ပြီး ညီညီရဲ့ပြဿနာအကြောင်း မေတ္တာပါပါ၊ ပွင့်ပွင့်လင်းလင်း ပြောဆိုမှာဖြစ်တယ်။ ဒီလိုလုပ်ဖို့ သတ္တိလိုတယ်။ ဒီတစ်ကြိမ်မှာတော့ ညီညီက သူ့ပြဿနာအကြောင်းပြောဖို့ လက်ခံကောင်းလက်ခံနိုင်တယ်။ ထွန်းထွန်းက ညီညီကို အကြီးအကဲတွေကို ပြောပြဖို့အားပေးသင့်ပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ညီညီကိုယ်တိုင် သွားမပြောဘူးဆိုရင် အကြီးအကဲတွေကို ထွန်းထွန်းကသွားပြောမှာဖြစ်တယ်။—ဝတ်. ၅:၁

၁၂ သင် အဲဒီလိုဖြေရှင်းခဲ့တယ်ဆိုရင် အစပိုင်းမှာ သင့်သူငယ်ချင်းက သင့်စေတနာကို နားလည်မှာမဟုတ်ဘူး။ ဒါပေမဲ့ အချိန်တန်တဲ့အခါ သူ့အကျိုးအတွက် သင် အကောင်းဆုံးလုပ်ဆောင်ပေးတယ်ဆိုတာ သိမြင်လာမှာဖြစ်တယ်။ အမှားပြုကျင့်သူသာ အကူအညီကို လက်ခံမယ်ဆိုရင် သူဟာ သင့်ရဲ့သတ္တိ​နဲ့ သစ္စာရှိမှုအတွက် အမြဲကျေးဇူးတင်နေပါလိမ့်မယ်။ ဒါပေမဲ့ သူက သင့်ကိုစိတ်ဆိုးပြီး ခက်ထန်စွာဆက်ဆံမယ်ဆိုရင် အဲဒီလိုလူမျိုးနဲ့ သင် သူငယ်ချင်းဖြစ်ချင်သလား။ ကျွန်ုပ်တို့ရဲ့အကြီးမြတ်ဆုံးမိတ်ဆွေ ယေဟောဝါရဲ့စိတ် ပျော်ရွှင်စေဖို့ မှန်ရာကိုအမြဲလုပ်ဆောင်ပါ။ ကိုယ်တော်ကို ပထမနေရာထားတဲ့အခါ ကိုယ်တော့်ကိုချစ်တဲ့တခြားသူတွေက ကျွန်ုပ်တို့ရဲ့သစ္စာရှိမှုကိုလေးစားပြီး ကျွန်ုပ်တို့အတွက် သူငယ်ချင်းကောင်း ဖြစ်လာပါလိမ့်မယ်။ ကျွန်ုပ်တို့က ခရစ်ယာန်အသင်းတော်မှာ စာတန်ကို ဘယ်တော့မှအခွင့်မပေးသင့်ဘူး။ ကျွန်ုပ်တို့သာ စာတန်ကိုအခွင့်ပေးမယ်ဆိုရင် ယေဟောဝါရဲ့သန့်ရှင်းသောစွမ်းအားတော်ကို စိတ်နာစေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က ခရစ်ယာန်အသင်းတော်ကို သန့်ရှင်းစေခြင်းအားဖြင့် စွမ်းအားတော်နဲ့အညီ ပြုမူလုပ်ဆောင်နိုင်ပါတယ်။—ဧ. ၄:၂၇၊ ၃၀

ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်ဖို့ အစွမ်းတန်ခိုးရ

၁၃။ ယေဟောဝါရဲ့ကျေးကျွန်တွေ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကြရသလဲ၊ အခက်အခဲတွေ ဘာကြောင့် ဒီလောက်များရတာလဲ။

၁၃ အခက်အခဲတွေက ငွေကြေးအကျပ်အတည်း၊ အလုပ်လက်မဲ့၊ သဘာဝဘေးဒဏ်၊ ချစ်ရသူသေဆုံးခြင်း၊ ကျန်းမာရေးပြဿနာစတဲ့ ပုံစံအမျိုးမျိုးနဲ့လာနိုင်ပါတယ်။ ကျွန်ုပ်တို့က “ခက်ခဲကျပ်တည်းသောကာလ” မှာ အသက်ရှင်နေရတဲ့အတွက် စမ်းသပ်မှုတစ်မျိုးမဟုတ်တစ်မျိုးနဲ့ ကြုံရနိုင်တယ်ဆိုတာ မျှော်လင့်ထားဖို့ဖြစ်တယ်။ (၂ တိ. ၃:၁) အဲဒီလိုကြုံလာရတဲ့အခါ ထိတ်ထိတ်ပျာပျာမဖြစ်သွားဖို့ အရေးကြီးပါတယ်။ သန့်ရှင်းသောစွမ်းအားတော်က ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်ဖို့ အစွမ်းတန်ခိုးပေးနိုင်ပါတယ်။

၁၄။ အခက်အခဲတွေကိုခံရပ်နိုင်ဖို့ ဘယ်အရာက ယောဘကို အစွမ်းတန်ခိုးပေးခဲ့သလဲ။

၁၄ ယောဘက အခက်အခဲတစ်မျိုးပြီးတစ်မျိုး ရင်ဆိုင်ခဲ့ရတယ်။ သူ့ရဲ့သက်မွေးလုပ်ငန်း၊ သားသမီး၊ မိတ်ဆွေတွေနဲ့ ကျန်းမာရေး ဆုံးရှုံးခဲ့ရပြီး သူ့ဇနီးတောင် ယေဟောဝါကို မယုံကြည်တော့ဘူး။ (ယောဘ ၁:၁၃-၁၉; ၂:၇-၉) ဒါပေမဲ့ ယောဘက တကယ့်စိတ်ရင်းနဲ့နှစ်သိမ့်ပေးသူ ဧလိဟုကိုတွေ့ခဲ့တယ်။ ယောဘကို ဧလိဟုပြောခဲ့တဲ့စကားနဲ့ ယေဟောဝါပြောတဲ့စကားကို အနှစ်ချုပ်မယ်ဆိုရင် “ဘုရားသခင်၏အံ့ဖွယ်သောအမှုတော်တို့ကို ငြိမ်သက်စွာနေ၍ ဆင်ခြင်လော့” ဖြစ်တယ်။ (ယောဘ ၃၇:၁၄) စမ်းသပ်မှုတွေကိုခံရပ်နိုင်ဖို့ ဘာက သူ့ကိုကူညီပေးခဲ့သလဲ။ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကျွန်ုပ်တို့ကိုရော ဘာကကူညီပေးမလဲ။ ယေဟောဝါရဲ့သန့်ရှင်းသောစွမ်းအားတော်နဲ့ တန်ခိုးတော်ရဲ့လုပ်ဆောင်ချက်အမျိုးမျိုးကို သတိရပြီး တွေးတောဆင်ခြင်ခြင်းဖြစ်တယ်။ (ယောဘ ၃၈:၁-၄၁; ၄၂:၁၊ ၂) ကျွန်ုပ်တို့ရဲ့ဘဝမှာ ကျွန်ုပ်တို့ကို ဘုရားသခင်ဂရုစိုက်ကြောင်းခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်စဉ်းစားတာဖြစ်နိုင်တယ်။ ကိုယ်တော် ကျွန်ုပ်တို့ကို ဂရုစိုက်နေဆဲဖြစ်တယ်။

၁၅။ စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိဖို့ တမန်တော်ပေါလုကို ဘာက ခွန်အားပေးခဲ့တာလဲ။

၁၅ တမန်တော်ပေါလုက ယုံကြည်ချက်ကြောင့် အသက်အန္တရာယ်ရှိတဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံရပ်ခဲ့ရတယ်။ (၂ ကော. ၁၁:၂၃-၂၈) အဲဒီလိုခက်ခဲတဲ့အခြေအနေတွေမှာ တည်တည်ငြိမ်ငြိမ်ရှိပြီး မျှတစွာဆုံးဖြတ်နိုင်ဖို့ ဘာက သူ့ကိုကူညီပေးခဲ့သလဲ။ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို မှီခိုအားထားခြင်းဖြစ်တယ်။ တမန်တော်ပေါလု ယုံကြည်ချက်အတွက် အသတ်မခံရမီ စမ်းသပ်ခံရချိန်အတွင်းမှာ ဒီစကားတွေကို ရေးခဲ့တာဖြစ်နိုင်တယ်– “ငါ့အားဖြင့် ဟောပြောခြင်းလုပ်ငန်း အကုန်အစင်ပြီးမြောက်စေရန်နှင့် လူမျိုးခြားအပေါင်း ကြားသိစေရန် သခင်သည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားပေးတော်မူ၏။ ခြင်္သေ့၏ခံတွင်းမှလည်း ငါကယ်နုတ်ခံရ၏။” (၂ တိ. ၄:၁၇) ဒါကြောင့် ပေါလုက သူ့ကိုယ်တွေ့ဖြစ်ရပ်ကနေ “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိ” ဖို့ ယုံကြည်သူချင်းတွေကို အာမခံနိုင်ခဲ့တာဖြစ်တယ်။—ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃ ကိုဖတ်ပါ။

၁၆၊ ၁၇။ မိမိရဲ့လူမျိုး အခက်အခဲတွေကြုံရတဲ့အခါ ယေဟောဝါ ဘယ်လိုအစွမ်းတန်ခိုးပေးတယ်ဆိုတာ ဥပမာပေးပါ။

၁၆ ရှေ့ဆောင်တစ်ဦးဖြစ်သူ ညီအစ်မ ရော့ခ်စာနာက ယေဟောဝါဟာ မိမိလူမျိုးရဲ့လိုအပ်ရာကို ဘယ်လိုထောက်မပေးတယ်ဆိုတာ သိမြင်ခဲ့တယ်။ ခရိုင်စည်းဝေးကြီးတက်ဖို့ အလုပ်ရှင်ကို ခွင့်တောင်းတဲ့အခါ အစည်းအဝေးသွားတက်ရင် အလုပ်ထုတ်ပစ်မယ်လို့ အလုပ်ရှင်က ဒေါသတကြီးနဲ့ပြောခဲ့တယ်။ ဒါပေမဲ့ ရော့ခ်စာနာက သူအလုပ်မပြုတ်ဖို့ ထက်သန်စွာဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက် စိတ်ငြိမ်သက်မှုရခဲ့တယ်။ စည်းဝေးကြီးပြီးလို့ တနင်္လာနေ့မှာ အလုပ်ကိုသွားတဲ့အခါ အလုပ်ရှင်က သူ့ကိုတကယ်ပဲ အလုပ်ထုတ်ပစ်လိုက်တယ်။ ရော့ခ်စာနာ တအားစိုးရိမ်သွားတယ်။ သူ့အလုပ်က လစာနည်းပေမဲ့ မိသားစုကိုထောက်ပံ့ဖို့ အဲဒီအလုပ်ရှိဖို့လိုတယ်။ ထပ်ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားသခင်က စည်းဝေးကြီးမှာ ဝတ်ပြုရေးအတွက် ထောက်မပေးခဲ့သလို ကာယရေးအတွက်လည်း ထောက်မပေးမှာပဲလို့ သူပြန်စဉ်းစားခဲ့တယ်။ အိမ်အပြန်လမ်းမှာ စက်ချုပ်ကျွမ်းကျင်တဲ့ “အလုပ်သမား အလိုရှိသည်” ဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့လို့ အလုပ်လျှောက်ခဲ့တယ်။ သူစက်မချုပ်တတ်တာကို မန်နေဂျာ သိပေမဲ့လည်း သူ့ကိုအလုပ်ခန့်လိုက်တယ်။ ရတဲ့လစာက အရင်အလုပ်ရဲ့လစာထက် နှစ်ဆနီးပါးဖြစ်တယ်။ ဆုတောင်းချက်ဖြေကြားခံရတယ်လို့ ရော့ခ်စာနာ ခံစားရတယ်။ ဒါပေမဲ့ အကြီးမားဆုံးကောင်းချီးကတော့ အလုပ်ဖော်အတော်များများကို သတင်းကောင်းဝေမျှနိုင်ခြင်းဖြစ်တယ်။ မန်နေဂျာအပါအဝင် ငါးယောက်က အမှန်တရားကိုလက်ခံပြီး နှစ်ခြင်းခံခဲ့တယ်။

၁၇ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေ ဖြေကြားမခံရတဲ့ပုံပေါက်နေနိုင်တယ်၊ ချက်ချင်းဖြေကြားမခံရတာ ဒါမှမဟုတ် မျှော်လင့်ထားတဲ့နည်းနဲ့ ဖြေကြားမခံရတာဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်နေတယ်ဆိုရင် အကြောင်းကောင်းရှိလို့ပဲဆိုတာ ယုံကြည်စိတ်ချပါ။ အဲဒါကို ယေဟောဝါသိပေမဲ့ ကျွန်ုပ်တို့ကတော့ နောင်တစ်ချိန်ချိန်ကျမှ သိလာကြတယ်။ သေချာတဲ့အချက်ကတော့ ဘုရားသခင်က မိမိရဲ့သစ္စာရှိသူတွေကို ဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးဆိုတာပဲ။—ဟေဗြဲ ၆:၁၀

စမ်းသပ်မှုတွေနဲ့ သွေးဆောင်မှုတွေကို အောင်မြင်ကျော်လွှားတဲ့အခါ

၁၈၊ ၁၉။ (က) စမ်းသပ်မှုတွေနဲ့ သွေးဆောင်မှုတွေကို ဘာကြောင့် ကျွန်ုပ်တို့မျှော်လင့်ရမလဲ။ (ခ) စမ်းသပ်မှုတွေ ကြုံရတဲ့အခါ သင် ဘယ်လိုအောင်မြင်နိုင်သလဲ။

၁၈ ယေဟောဝါရဲ့လူမျိုးက သွေးဆောင်မှု၊ စိတ်ဓာတ်ကျစရာ၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ရွယ်တူချင်းဖိအားတွေကို ကြုံရတဲ့အခါ မအံ့သြကြဘူး။ လောကက ကျွန်ုပ်တို့ကို မုန်းတီးမှာပဲ။ (ယော. ၁၅:၁၇-၁၉) ဒါပေမဲ့ သန့်ရှင်းသောစွမ်းအားတော်က ဘုရားသခင့်အမှုဆောင်ရာမှာ ကျွန်ုပ်တို့ကြုံရနိုင်တဲ့ ဘယ်အခက်အခဲကိုမဆို အောင်မြင်ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ယေဟောဝါက ကျွန်ုပ်တို့ခံနိုင်တာထက်ပိုပြီး ခွင့်ပြုမှာမဟုတ်ဘူး။ (၁ ကော. ၁၀:၁၃) ကိုယ်တော် ကျွန်ုပ်တို့ကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး။ (ဟေဗြဲ ၁၃:၅) ကိုယ်တော့်တရားစကားတော်ကို နာခံခြင်းက ကျွန်ုပ်တို့ကို အကာအကွယ်ပေးပြီး ခွန်အားရှိစေတယ်။ ဒါ့ပြင် ကျွန်ုပ်တို့အလိုအပ်ဆုံးအချိန်မှာ အကူအညီပေးဖို့ ဘုရားသခင့်စွမ်းအားတော်က ယုံကြည်သူချင်းတွေကို လှုံ့ဆော်ပေးနိုင်တယ်။

၁၉ ကျွန်ုပ်တို့အားလုံး ဆုတောင်းခြင်း၊ သမ္မာကျမ်းစာလေ့လာခြင်းအားဖြင့် သန့်ရှင်းသောစွမ်းအားတော်ကို ဆက်ရရှိနိုင်ကြပါစေ။ ‘ခံနိုင်ရည်အပြည့်ရှိ၍ ဝမ်းမြောက်စွာ စိတ်ရှည်နိုင်မည်အကြောင်း [ဘုရားသခင့်] တန်ခိုးတော်အားဖြင့် ခွန်အားပြည့်ဝ’ နိုင်ကြပါစေ။—ကော. ၁:၁၁

[အောက်ခြေမှတ်ချက်]

သင် ဘယ်လိုဖြေဆိုမလဲ

• နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံရပ်နိုင်ဖို့ သင် ဘယ်လိုပြင်ဆင်နိုင်သလဲ။

• တစ်စုံတစ်ယောက်က အမှားကိုဖုံးကွယ်ပေးဖို့ ဖိအားပေးရင် သင် ဘယ်လိုလုပ်မလဲ။

• ဘယ်လိုအခက်အခဲကိုမဆို ကြုံတွေ့လာရတဲ့အခါ သင် ဘာကိုယုံကြည်စိတ်ချနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယောရှုနဲ့ ကာလက်ထံကနေ ကျွန်ုပ်တို့ ဘယ်အရာ သင်ယူနိုင်သလဲ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အမှားပြုကျင့်တဲ့သူငယ်ချင်းကို သင် ဘယ်လိုကူညီပေးနိုင်သလဲ