မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါ၏နာမကို ခိုလှုံပါ’

‘ယေဟောဝါ၏နာမကို ခိုလှုံပါ’

‘ယေဟောဝါ၏နာမကို ခိုလှုံပါ’

‘နှိမ့်ချသောအမျိုးကို ငါချန်ထားမည်။ ထိုသူတို့သည် ယေဟောဝါ၏နာမကို ခိုလှုံကြလိမ့်မည်။’ —ဇေ. ၃:၁၂

၁၊ ၂။ လူသားတွေ ဘယ် ပုံဆောင်မုန်တိုင်းကြီးနဲ့ ကြုံတွေ့ရမလဲ။

လေပြင်းတိုက်လို့ အမိုးအကာတစ်ခုခုအောက်မှာ သင် ခဏဝင်ခိုဖူးသလား။ ဒါပေမဲ့ လေဆင်နှာမောင်း ဒါမှမဟုတ် ဆိုင်ကလုန်းမုန်တိုင်း တိုက်တော့မယ်ဆိုရင် အမိုးအကာတစ်ခုခုအောက်မှာ ခိုလို့မရတော့ဘဲ ပိုခိုင်ခံ့တဲ့ အဆောက်အဦတစ်ခုထဲမှာ ဝင်ခိုဖို့လိုတယ်။

လူသားထုတစ်ရပ်လုံးရဲ့ သေရေးရှင်ရေးနဲ့သက်ဆိုင်တဲ့ မုန်တိုင်းကြီးတစ်ခု တိုက်ခတ်ပါတော့မယ်။ ဒါက ပုံဆောင် မုန်တိုင်းဖြစ်တဲ့ ‘သုတ်သင်ပယ်ရှင်းရာနေ့’ ဖြစ်တယ်။ ဒီ ‘ယေဟောဝါရဲ့နေ့ကြီး’ က လူသားအားလုံးအပေါ် ကျရောက်ပါလိမ့်မယ်။ ဒါပေမဲ့ ခိုလှုံရာကို ကျွန်ုပ်တို့ ရှာတွေ့နိုင်ပါတယ်။ (ဇေဖနိ ၁:၁၄-၁၈ ကိုဖတ်ပါ။) မကြာမီစတင်တော့မယ့် ‘ယေဟောဝါအမျက်ထွက်တော်မူသောနေ့’ မှာ ခိုလှုံရာကို ကျွန်ုပ်တို့ ဘယ်လိုရှာတွေ့နိုင်သလဲ။

သမ္မာကျမ်းစာခေတ်က မုန်တိုင်းထန်တဲ့နေ့ရက်များ

၃။ အစ္စရေးဆယ်နွယ်နိုင်ငံအပေါ် ဘယ် “မိုးသက်မုန်တိုင်း” တိုက်ခတ်ခဲ့သလဲ။

ယေဟောဝါရဲ့နေ့ကြီးက အယူမှားဝတ်ပြုရေးအားလုံးကို ဖျက်ဆီးခြင်းနဲ့ အစပြုမှာဖြစ်တယ်။ အဲဒီအချိန်မှာ ခိုလှုံရာကို ဘယ်လိုရှာတွေ့နိုင်တယ်ဆိုတာ သိနိုင်ဖို့ ရှေးခေတ်ဘုရားသခင့်လူမျိုးရဲ့သမိုင်းကို သုံးသပ်နိုင်ပါတယ်။ ဘီစီအီး ရှစ်ရာစုမှာ အသက်ရှင်ခဲ့တဲ့ ဟေရှာယက အယူဖောက်ပြန်တဲ့အစ္စရေးဆယ်နွယ်အပေါ် ယေဟောဝါရဲ့တရားစီရင်ချက်ကို လူသားတွေ မတားဆီးမထိန်းချုပ်နိုင်တဲ့ “မိုးသက်မုန်တိုင်း” နဲ့နှိုင်းယှဉ်ခဲ့တယ်။ (ဟေရှာယ ၂၈:၁၊ ၂ ကိုဖတ်ပါ။) ဧဖရိမ်က ဆယ်နွယ်ထဲမှာ လူမျိုးကြီးဖြစ်တဲ့အတွက် သမ္မာကျမ်းစာက အစ္စရေးလူမျိုးလို့ပြောမယ့်အစား ဧဖရိမ်လို့ သုံးထားတယ်၊ ဘီစီအီး ၇၄၀ မှာ ဧဖရိမ် ဒါမှမဟုတ် ဆယ်နွယ်ကို အာရှုရိတွေ ဖျက်ဆီးတဲ့အခါ ဒီပရောဖက်ပြုချက် ပြည့်စုံခဲ့တယ်။

၄။ ဘီစီအီး ၆၀၇ မှာ ဂျေရုဆလင်အပေါ် ‘ယေဟောဝါ၏နေ့ကြီး’ ဘယ်လို ကျရောက်ခဲ့သလဲ။

ဘီစီအီး ၆၀၇ မှာ ဂျေရုဆလင်နဲ့ ယုဒနိုင်ငံအပေါ် ‘ယေဟောဝါ၏နေ့ကြီး’ ကျရောက်ခြင်းအားဖြင့် သစ္စာမဲ့တဲ့အစ္စရေးလူတွေကို တရားစီရင်ခဲ့တယ်။ ယုဒအမျိုးလည်း အယူဖောက်ပြန်ခဲ့တဲ့အတွက် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရခြင်းဖြစ်တယ်။ နေဗုခဒ်နေဇာရဲ့ဗာဗုလုန်စစ်တပ်က ယုဒနိုင်ငံနဲ့ မြို့တော် ဂျေရုဆလင်ကို ခြိမ်းခြောက်ခဲ့တယ်။ ယုဒက ‘ခိုလှုံရာအတုအယောင်’ ဖြစ်တဲ့ အီဂျစ်နဲ့မဟာမိတ်ဖွဲ့၊ စစ်ကူတောင်းခဲ့တယ်။ ဒါပေမဲ့ ဖျက်ဆီးခြင်းမုန်တိုင်းကြီးလိုပဲ ဗာဗုလုန်တွေက ဒီ “ခိုလှုံရာ” ကို သုတ်သင်ဖျက်ဆီးပစ်လိုက်တယ်။—ဟေရှာ. ၂၈:၁၄၊ ၁၇

၅။ အယူမှားဝတ်ပြုရေးတွေအားလုံး ဖျက်ဆီးခံရတဲ့အချိန်မှာ အုပ်စုလိုက်အနေနဲ့ ဘုရားသခင့်လူမျိုးတွေ ဘာဖြစ်မလဲ။

ဂျေရုဆလင်အပေါ်ကျရောက်ခဲ့တဲ့ ယေဟောဝါရဲ့နေ့ကြီးက ကျွန်ုပ်တို့ခေတ်မှာရှိတဲ့ အယူဖောက်ပြန်တဲ့ ခရစ်ယာန်ဘောင်အပေါ် ကျရောက်မယ့်တရားစီရင်ချက်ကို ဖော်ပြတယ်။ ဒါ့အပြင် ကမ္ဘာ့အယူမှားဝတ်ပြုရေးဖြစ်တဲ့ “မဟာဗာဗုလုန်” ရဲ့ကျန်အပိုင်းလည်း ဖျက်ဆီးခံရမှာဖြစ်တယ်။ ပြီးတဲ့နောက်မှာ စာတန့်ဆိုးညစ်တဲ့စနစ်ရဲ့ ကျန်အပိုင်းအားလုံး သုတ်သင်ဖျက်ဆီးခံရမှာဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင့်လူမျိုးတွေကတော့ အုပ်စုလိုက်အနေနဲ့ ယေဟောဝါကိုခိုလှုံတဲ့အတွက် ကယ်တင်ခံရမှာဖြစ်တယ်။—ဗျာ. ၇:၁၄; ၁၈:၂၊ ၈; ၁၉:၁၉-၂၁

ပုံဆောင်နဲ့ ပကတိခိုလှုံရာ

၆။ ယေဟောဝါရဲ့လူမျိုးတွေ ဘယ်လိုနည်းနဲ့ ခိုလှုံရာရှာတွေ့နိုင်သလဲ။

ဆုံးခန်းကာလဖြစ်တဲ့ ယခုအချိန်မှာတောင် ဘုရားသခင့်လူမျိုးက ခိုလှုံရာကို ဘယ်လိုရှာတွေ့နိုင်သလဲ။ “[ဘုရားသခင့်] နာမတော်ကိုအောက်မေ့” ခြင်း၊ ကိုယ်တော့်ကို ဇွဲထက်သန်စွာအမှုဆောင်ခြင်းအားဖြင့် ပုံဆောင်ခိုလှုံရာကို ကျွန်ုပ်တို့ ရှာတွေ့ကြတယ်။ (မာလခိ ၃:၁၆-၁၈ ကိုဖတ်ပါ။) ဒါပေမဲ့ ဘုရားသခင့်နာမတော်ကို အောက်မေ့ရုံထက်မက ပြုလုပ်ဖို့လိုတယ်။ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– ‘ယေဟောဝါ၏နာမတော်ကို ခေါ်၍ဆုတောင်းသောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။’ (ရော. ၁၀:၁၃) ယေဟောဝါရဲ့နာမတော်ကို ခေါ်ဆိုခြင်းနဲ့ ကယ်တင်ခံရခြင်းက ဆက်စပ်နေတယ်။ ဒါ့အပြင် ရိုသေလေးစားစွာ ကိုယ်တော့် “နာမတော်ကို အောက်မေ့” ပြီး ကိုယ်တော့်သက်သေအဖြစ် အမှုဆောင်တဲ့ စစ်မှန်တဲ့ခရစ်ယာန်တွေနဲ့ ကိုယ်တော့်ကို အမှုမဆောင်သူတွေ ကွာခြားတာကို စိတ်နှလုံးရိုးဖြောင့်သူတွေ တွေ့မြင်ကြတယ်။

၇၊ ၈။ ပထမရာစုခရစ်ယာန်တွေဟာ ဘယ်လိုနည်းနဲ့ ပကတိကယ်တင်ခံခဲ့ရသလဲ၊ ယနေ့အချိန်နဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်သလဲ။

ကျွန်ုပ်တို့ကယ်တင်ခံရတာက ပုံဆောင်သဘောအရပဲ မဟုတ်ဘူး။ ဘုရားသခင့်လူမျိုးက ပကတိလည်း ကယ်တင်ခံရမယ်လို့ ကတိပေးခံရတယ်။ ဒီအချက်ကို စီအီး ၆၆ မှာ စက်စ်တီးယပ်စ် ဂဲလပ်စ် ဦးဆောင်တဲ့ ရောမစစ်တပ် ဂျေရုဆလင်ကို တိုက်ခိုက်ပြီးနောက် ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်မှာ တွေ့ရတယ်။ ဒီကြီးစွာသောဒုက္ခက “တို” လိမ့်မယ်ဆိုပြီး ယေရှု ကြိုတင်ဟောခဲ့တယ်။ (မ. ၂၄:၁၅၊ ၁၆၊ ၂၁၊ ၂၂) ရောမစစ်တပ်က မြို့ကိုဝိုင်းရံထားရာကနေ မမျှော်လင့်ဘဲ ဆုတ်ခွာသွားတဲ့အခါ စစ်မှန်တဲ့ခရစ်ယာန်တွေဖြစ်တဲ့ “ရွေးချယ်တော်မူသောသူ” တွေ “ဘေးလွတ်” ခဲ့ကြတယ်။ သူတို့တွေက မြို့ထဲနဲ့ မြို့ပတ်ဝန်းကျင်ဒေသတွေကနေ ထွက်ပြေးခဲ့ကြတယ်။ အချို့က ဂျော်ဒန်မြစ်ကိုဖြတ်ပြီး မြစ်အရှေ့ဘက်က တောင်တန်းဒေသတွေမှာ ခိုလှုံခဲ့ကြတယ်။

အဲဒီခရစ်ယာန်တွေနဲ့ ယနေ့ ဘုရားသခင့်လူမျိုးကို နှိုင်းယှဉ်နိုင်တယ်။ ပထမရာစုခရစ်ယာန်တွေ ခိုလှုံရာရှာတွေ့ခဲ့ကြသလို ယနေ့ ဘုရားသခင့်ကျေးကျွန်တွေလည်း ရှာတွေ့နိုင်ကြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ခရစ်ယာန်စစ်တွေဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့အတွက် သတ်သတ်မှတ်မှတ်နေရာတစ်ခုကို ထွက်ပြေးဖို့ မလိုအပ်ဘူး။ ဒါပေမဲ့ “ရွေးချယ်တော်မူသောသူတို့” နဲ့ သူတို့ရဲ့သစ္စာရှိအပေါင်းပါတွေက ယေဟောဝါကိုရော တောင်နဲ့တူတဲ့ ကိုယ်တော့်အဖွဲ့အစည်းမှာပါ ခိုလှုံကြတဲ့အတွက် အယူဖောက်ပြန်တဲ့ခရစ်ယာန်ဘောင် ဇာတ်သိမ်းသွားတဲ့အခါ ပကတိအသက်ရှင်လွတ်မြောက်ကြပါလိမ့်မယ်။

၉။ ယေဟောဝါရဲ့နာမတော်ကို မေ့လျော့အောင် ဘယ်သူတွေလုပ်ဆောင်နေကြသလဲ။ ဥပမာပေးပါ။

ခရစ်ယာန်ဘောင်ခေါင်းဆောင်တွေက သူတို့ရဲ့ နောက်လိုက်တွေကို ဘုရားသခင်နဲ့ ကိုယ်တော့်မူတွေနဲ့ဆိုင်တဲ့ အမှန်တရားကို မသွန်သင်ပေးတဲ့အပြင် ဘုရားသခင့်နာမတော်ကို အသုံးမပြုကြတဲ့အတွက် ခရစ်ယာန်ဘောင်ဟာ ရောက်လာတော့မယ့် ဖျက်ဆီးခြင်းဘေးကို ခံထိုက်တယ်။ အလယ်ခေတ်က ဥရောပတစ်ခွင်မှာ ဘုရားသခင့်နာမတော်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြတယ်။ ယဟဝဟလို့ အက္ခရာလှယ်ထားတဲ့ ဟေဗြဲစကားလုံးလေးလုံး တက်တြာဂရမ်မီတမ်ကို ငွေဒင်္ဂါးတွေ၊ အိမ်မျက်နှာစာတွေ၊ စာအုပ်တွေ၊ ကျမ်းစာတွေနဲ့ ကက်သလစ်၊ ပရိုတက်စတင့်ဘုရားကျောင်းတွေမှာတောင် တွေ့ရတယ်။ ဒါပေမဲ့ အချိန်ကာလရွေ့လျောလာတာနဲ့အမျှ ဘုရားသခင့်နာမတော်ကို သမ္မာကျမ်းစာဘာသာပြန်ကျမ်းတွေနဲ့ တခြားနေရာတွေမှာ အသုံးမပြုကြတော့ဘူး။ ဥပမာ၊ ရိုမန်ကက်သလစ်ချာ့ခ်ျက တရားဝင်ထုတ်ပြန်တဲ့ ဇွန် ၂၉၊ ၂၀၀၈ ရက်စွဲပါစာမှာ တက်တြာဂရမ်မီတမ်ကို ပြန်ဆိုတဲ့နေရာတွေမှာ “သခင်” နဲ့အစားထိုးသင့်တယ်လို့ ညွှန်ကြားခဲ့တယ်။ ဘုရားသခင့်နာမတော်ကို မသုံးသင့်ဘူး၊ ခရစ်ယာန်ဓမ္မသီချင်းတွေနဲ့ ကက်သလစ်ဝတ်ပြုစည်းဝေးဆုတောင်းချက်တွေမှာ အသံထွက်မခေါ်သင့်ဘူးလို့ ဗက်တီကန်က ညွှန်ကြားခဲ့တယ်။ ခရစ်ယာန်ဘောင်အတွင်းအပြင်က တခြားဝတ်ပြုရေးခေါင်းဆောင်တွေက သန်းပေါင်းများစွာသောသူတွေ စစ်မှန်သောဘုရားသခင်ကို မသိအောင် လုပ်ဆောင်ခဲ့ကြတယ်။

ဘုရားသခင့်နာမတော်ကို သန့်ရှင်းမြင့်မြတ်စေသူများအတွက် အကာအကွယ်

၁၀။ ယနေ့ ဘုရားသခင့်နာမတော် ဘယ်လိုဂုဏ်တင်ခံရသလဲ။

၁၀ တခြားဝတ်ပြုရေးတွေနဲ့ လားလားကြီးဆန့်ကျင်ပြီး ယေဟောဝါသက်သေတွေက ဘုရားသခင့်နာမတော်ကို ဂုဏ်တင်ချီးမြှောက်ကြတယ်။ သူတို့က နာမတော်ကို ရိုသေလေးစားစွာ အသုံးပြုခြင်းအားဖြင့် သန့်ရှင်းမြင့်မြတ်စေကြတယ်။ ယေဟောဝါက ကိုယ်တော့်ကို ယုံကြည်ကိုးစားတဲ့သူတွေကို နှစ်သက်တယ်၊ မိမိလူတွေကို ကောင်းချီးပေးဖို့၊ ကာကွယ်ပေးဖို့ ဘယ်အရာကိုမဆို ကိုယ်တော်လုပ်ဆောင်တော်မူတယ်။ ‘ကိုယ်တော့်ကို ခိုလှုံသောသူတို့ကို ကိုယ်တော် သိမှတ်တော်မူ’ တယ်။—နာ. ၁:၇; တ. ၁၅:၁၄

၁၁၊ ၁၂။ ရှေးယုဒပြည်မှာ ဘယ်သူတွေက ယေဟောဝါအပေါ် ဆက်သစ္စာတည်ကြည်ခဲ့ကြသလဲ၊ မျက်မှောက်ခေတ်မှာ ဘယ်သူတွေက အဲဒီလို လုပ်ဆောင်ကြသလဲ။

၁၁ ရှေးအချိန်က ယုဒလူအများစုက အယူဖောက်ပြန်ခဲ့ကြပေမဲ့ ‘ယေဟောဝါ၏နာမတော်ကို ခိုလှုံ’ သူ တချို့ရှိခဲ့တယ်။ (ဇေဖနိ ၃:၁၂၊ ၁၃ ကိုဖတ်ပါ။) ဗာဗုလုန်စစ်တပ်က ပြည်တော်ကိုသိမ်းပိုက်ပြီး လူတွေကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်းအားဖြင့် သစ္စာမဲ့တဲ့ယုဒလူတွေကို ယေဟောဝါ အပြစ်ပေးချိန်မှာ ယေရမိ၊ ဗာရုတ်၊ ဧဗဒမေလက်တို့လို ပုဂ္ဂိုလ်တွေ အသက်ချမ်းသာရခဲ့ကြတယ်။ သူတို့တွေက အယူဖောက်ပြန်တဲ့လူမျိုး “အလယ်” မှာ နေထိုင်ခဲ့ကြရတယ်။ တချို့သူတွေဟာ သုံ့ပန်းဘဝမှာတောင် ဆက်သစ္စာရှိခဲ့ကြတယ်။ ဘီစီအီး ၅၃၉ မှာ ကုရုဦးဆောင်တဲ့ မေဒိပေရသိစစ်တပ်က ဗာဗုလုန်ကို တိုက်ခိုက်အနိုင်ယူခဲ့ပြီး မကြာမီမှာ ကုရုက ဂျူးအကြွင်းအကျန်ကို ပြည်တော်ပြန်ခွင့်ပြုတဲ့ အမိန့်ထုတ်ပြန်ခဲ့တယ်။

၁၂ စစ်မှန်တဲ့ဝတ်ပြုရေးကို ပြန်လည်ထူထောင်မယ့်သူတွေနဲ့ပတ်သက်ပြီး ယေဟောဝါက သူတို့ကို ကယ်တင်ပြီး သူတို့အတွက် ဝမ်းမြောက်မယ်လို့ ဇေဖနိကြိုဟောခဲ့တယ်။ (ဇေဖနိ ၃:၁၄-၁၇ ကိုဖတ်ပါ။) အဲဒီအချက်က ကျွန်ုပ်တို့အချိန်မှာလည်း မှန်ကန်ပါတယ်။ ကောင်းကင်မှာ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီးတဲ့နောက် ယေဟောဝါက စွမ်းအားတော်ဖွားအကြွင်းအကျန်တွေကို မဟာဗာဗုလုန်ရဲ့ ပုံဆောင်သုံ့ပန်းဘဝကနေ ကယ်တင်ခဲ့တယ်။ ကိုယ်တော်က ယနေ့အချိန်အထိ သူတို့အတွက် ဝမ်းမြောက်နေဆဲဖြစ်တယ်။

၁၃။ လူမျိုးအပေါင်းမှလူတွေက ဘယ်လွတ်မြောက်မှုကို ခံစားကြရသလဲ။

၁၃ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေလည်း မဟာဗာဗုလုန်ကနေ ထွက်လာကြပြီး အယူမှားဝတ်ပြုရေးသွန်သင်ချက်တွေကနေ လွတ်မြောက်ခဲ့ကြတယ်။ (ဗျာ. ၁၈:၄) ဒါကြောင့် ဇေဖနိ ၂:၃ မှာပါတဲ့ ‘စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့ ယေဟောဝါကိုရှာကြလော့’ ဆိုတဲ့စကားက ကျွန်ုပ်တို့အချိန်မှာ အကြီးစားပြည့်စုံနေတာကို တွေ့ရတယ်။ ကောင်းကင်မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသည်ဖြစ်စေ လူမျိုးအပေါင်းမှ စိတ်နှိမ့်ချတဲ့သူတွေက ယခုအချိန်မှာ ယေဟောဝါရဲ့နာမတော်ကို ခိုလှုံနေကြတယ်။

ဘုရားသခင့်နာမတော်က အဆောင်လက်ဖွဲ့မဟုတ်

၁၄၊ ၁၅။ (က) တချို့တွေက ဘာကို အဆောင်လက်ဖွဲ့အနေနဲ့ အသုံးပြုခဲ့ကြသလဲ။ (ခ) ဘယ်အရာကို အဆောင်အဖြစ် အသုံးမပြုသင့်သလဲ။

၁၄ အစ္စရေးလူတချို့က ဝတ်ပြုရာအိမ်တော်ကို ရန်သူတွေလက်ကနေကာကွယ်ပေးတဲ့ အဆောင်လက်ဖွဲ့အဖြစ် ရှုမြင်ခဲ့ကြတယ်။ (ယေ. ၇:၁-၄) အစောပိုင်းအစ္စရေးလူမျိုးလည်း ပဋိညာဉ်သေတ္တာကို စစ်ပွဲမှာကာကွယ်ပေးတဲ့ အဆောင်လက်ဖွဲ့အဖြစ် ယူဆခဲ့ကြတယ်။ (၁ ရာ. ၄:၃၊ ၁၀၊ ၁၁) ကွန်စတင်တိုင်းက စစ်ပွဲမှာ မိမိစစ်သားတွေကာကွယ်ခံရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်သားတွေရဲ့ဒိုင်းတွေမှာ “ခရစ်တော်” ဆိုတဲ့ဂရိစကားလုံးရဲ့ ပထမစကားလုံးနှစ်လုံးဖြစ်တဲ့ ခိုင် နဲ့ ရို ကိုရေးထိုးခဲ့တယ်။ အနှစ်သုံးဆယ်စစ်ပွဲကိုတိုက်ခိုက်ခဲ့သူ ဆွီဒင်ဘုရင် ဂူစတာ အဒေါ့ဖ် ၂ ဝတ်ခဲ့တယ်လို့ယူဆရတဲ့ သံလည်စွပ်ကို စာမျက်နှာ ၇ မှာပြထားတယ်။ အဲဒီသံလည်စွပ်မှာ ယေဟောဝါနာမည် အီဟိုဗာကို အထင်အရှားရေးထိုးထားတယ်။

၁၅ နတ်ဆိုးတွေရဲ့တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရတဲ့ ဘုရားသခင့်လူမျိုးတချို့က ယေဟောဝါရဲ့နာမကို ကျယ်လောင်စွာအော်ခေါ်ခဲ့တဲ့အတွက် အကာအကွယ်ရခဲ့ကြတယ်။ ဒါပေမဲ့ ထူးဆန်းတဲ့တန်ခိုးရှိတဲ့အရာအဖြစ် ဘုရားသခင့်နာမပါတဲ့အရာတစ်ခုခုကို အဆောင်လက်ဖွဲ့အဖြစ် သဘောမထားသင့်ဘူး။ အဲဒီလိုလုပ်တာက ယေဟောဝါရဲ့နာမမှာ ခိုလှုံတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။

ယနေ့အချိန်မှာ ခိုလှုံရာရှာတွေ့နိုင်ပုံ

၁၆။ ပုံဆောင်ခိုလှုံရာကို ယနေ့ ကျွန်ုပ်တို့ ဘယ်လိုရှာတွေ့နိုင်သလဲ။

၁၆ ယနေ့ ဘုရားသခင့်လူမျိုးက အုပ်စုလိုက်အနေနဲ့ ဘုရားသခင့်ကာကွယ်မှုကို ရရှိထားတယ်။ (ဆာ. ၉၁:၁) “သစ္စာနှင့်သတိပညာရှိသောကျွန်” နဲ့ အသင်းတော်အကြီးအကဲတွေကနေတစ်ဆင့် အဲဒီကာကွယ်မှုကို ဆုံးရှုံးစေတဲ့ လောကရေစီးကြောင်းထဲမျောပါမသွားအောင် သတိပေးနေတယ်။ (မ. ၂၄:၄၅-၄၇; ဟေရှာ. ၃၂:၁၊ ၂) ရုပ်ပစ္စည်းတပ်မက်မှုတွေနဲ့ပတ်သက်ပြီး ဘယ်နှစ်ကြိမ်သတိပေးခံခဲ့ရပြီလဲ၊ ဒီသတိပေးချက်တွေကြောင့် ဝမ်းနည်းစရာဖြစ်ရပ်ဆိုးတွေကနေ ဘယ်လိုကာကွယ်ခံရသလဲဆိုတာကို စဉ်းစားကြည့်ပါ။ ယေဟောဝါကိုအမှုဆောင်ခြင်းမှာ သွေးအေးသွားစေနိုင်တဲ့ ခပ်ပေါ့ပေါ့သဘောထားခြင်းရဲ့အန္တရာယ်ကိုလည်း စဉ်းစားကြည့်ပါ။ သမ္မာကျမ်းစာက ဒီလိုပြောတယ်– “မိုက်သောသူတို့သည် သတိလစ် [“ခပ်ပေါ့ပေါ့သဘောထား၊” ကဘ] သောအားဖြင့် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။ ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။” (သု. ၁:၃၂၊ ၃၃) ကိုယ်ကျင့်တရားစင်ကြယ်နေဖို့ ကြိုးစားခြင်းကလည်း ဘုရားသခင့်ကာကွယ်မှုဆက်ရရှိဖို့ ကူညီပေးတယ်။

၁၇၊ ၁၈။ ယခုအချိန်မှာ သန်းနဲ့ချီတဲ့သူတွေ ယေဟောဝါရဲ့နာမမှာ ခိုလှုံဖို့ ဘာကကူညီပေးနေသလဲ။

၁၇ လူနေထိုင်ရာမြေတစ်ပြင်လုံးမှာ သတင်းကောင်းကို ဟောပြောပါဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကိုလိုက်နာဖို့ သစ္စာရှိကျွန်ရဲ့အားပေးမှုကိုလည်း စဉ်းစားကြည့်ပါ။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဘုရားသခင့်နာမမှာခိုလှုံတဲ့သူတွေကို ဘုရားသခင်ပေးမယ့်အရာတစ်ခုအကြောင်း ဇေဖနိပြောခဲ့တယ်။ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– ‘အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ယေဟောဝါ၏အမှုတော်ကို တညီတညွတ်တည်းဆောင်ရွက်မည်အကြောင်း နာမတော်ကို ဆုတောင်းစေခြင်းငှာ သန့်ရှင်းသော [“စင်ကြယ်သော၊” ကဘ] ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။’—ဇေ. ၃:၉

၁၈ စင်ကြယ်တဲ့ဘာသာစကားဆိုတာ ဘာလဲ။ စင်ကြယ်တဲ့ဘာသာစကားက သမ္မာကျမ်းစာမှာတွေ့ရတဲ့ ယေဟောဝါဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်ချက်တွေနဲ့ပတ်သက်တဲ့ အမှန်တရားဖြစ်တယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်းနဲ့ နိုင်ငံတော်က ကိုယ်တော့်နာမတော်ကို ဘယ်လိုသန့်ရှင်းမြင့်မြတ်စေမယ်ဆိုတဲ့အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ၊ ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှု သံသယကင်းရှင်းခြင်းအကြောင်း ပြောဆိုတဲ့အခါ၊ သစ္စာရှိလူသားတွေခံစားရမယ့် ထာဝရကောင်းချီးတွေအကြောင်း ဝမ်းသာအားရပြောဆိုတဲ့အခါမှာ ဒီဘာသာစကားကို သင်ပြောဆိုနေရာရောက်တယ်။ ဒီပုံဆောင်ဘာသာစကားကို လူများစွာပြောတဲ့အတွက် ‘ယေဟောဝါရဲ့နာမကိုဆုတောင်း’ ပြီး “အမှုတော်ကိုတစ်ညီတစ်ညွတ်တည်းဆောင်ရွက်” သူအရေအတွက် များသည်ထက်များလာတယ်။ ယခုအချိန်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သန်းနဲ့ချီတဲ့သူတွေဟာ ယေဟောဝါရဲ့နာမမှာ ခိုလှုံနေကြပါတယ်။—ဆာ. ၁:၁၊

၁၉၊ ၂၀။ သမ္မာကျမ်းစာခေတ်က ‘ခိုလှုံရာအတုအယောင်’ ကို ယုံကြည်ကိုးစားခဲ့တဲ့အတွက် ဘယ်လိုအရေးနိမ့်ခဲ့ကြသလဲ။

၁၉ ကမ္ဘာပေါ်မှာရှိတဲ့လူတွေက ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေရတယ်။ လူများစွာက ဒီပြဿနာတွေကိုဖြေရှင်းဖို့ မစုံလင်တဲ့လူသားတွေကို အားကိုးကြတယ်။ ဒါမှမဟုတ် ရှေးခေတ်ကအစ္စရေးလူတွေ အိမ်နီးချင်းနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ပြီး အကူအညီရှာခဲ့သလို သူတို့တွေက ဖြေရှင်းနည်းအတွက် နိုင်ငံရေးအဖွဲ့အစည်းတွေကို မျှော်လင့်ကြတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက အစ္စရေးလူတွေအတွက် အကျိုးမရှိခဲ့ဘူးဆိုတာ သင်သိတယ်။ ဘယ်နိုင်ငံရေး၊ ဘယ် ယူအဲန်အဖွဲ့အစည်းကမှ လူသားတွေရဲ့ပြဿနာတွေကို အပြည့်အဝမဖြေရှင်းပေးနိုင်ဘူး။ ဒါဆို ဘာဖြစ်လို့နိုင်ငံရေးအဖွဲ့အစည်းတွေ၊ မဟာမိတ်တွေကို ခိုလှုံရာအဖြစ် ယူမှတ်မှာလဲ။ သမ္မာကျမ်းစာက သူတို့ကို ‘ခိုလှုံရာအတုအယောင်’ အဖြစ် ပရောဖက်ပြုခေါ်ဆိုထားတယ်။ သူတို့ကိုခိုလှုံသူတွေဟာ လုံးလုံးစိတ်ပျက်ရမယ်ဆိုတာ သေချာတဲ့အတွက် သူတို့ကို အဲဒီအတိုင်း သင်မှန်ကန်စွာရှုမြင်နိုင်ပါတယ်။—ဟေရှာယ ၂၈:၁၅၊ ၁၇ ကိုဖတ်ပါ။

၂၀ မကြာမီမှာ ပုံဆောင်မိုးသက်မုန်တိုင်းဖြစ်တဲ့ ယေဟောဝါရဲ့နေ့ကြီး ကမ္ဘာပေါ်ကျရောက်လာပါတော့မယ်။ လူသားတွေရဲ့အစီအမံတွေအပြင် နျူကလီးယားဗုံးခိုကျင်းတွေ၊ စည်းစိမ်ချမ်းသာတွေက ကာကွယ်မှုမပေးနိုင်ဘူးဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ်။ ကျွန်ုပ်တို့ သိပြီးဖြစ်တဲ့အတိုင်း ဟေရှာယ ၂၈:၁၇ မှာ ‘မိုးသီးရွာ၍ ကိုးစားရာအတုအယောင်ကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်’ လို့ဖော်ပြထားတယ်။

၂၁။ ၂၀၁၁ နှစ်ချုပ်ကျမ်းချက်ကို ကျွန်ုပ်တို့လိုက်နာခြင်းက ဘာအကျိုးရှိစေသလဲ။

၂၁ ယခုအချိန်မှာရော၊ အနာဂတ်မှာပါ ဘုရားသခင့်လူမျိုးက စစ်မှန်တဲ့ခိုလှုံရာကို ဘုရားသခင်ယေဟောဝါထံမှာ ရှာတွေ့မှာဖြစ်တယ်။ “ယေဟောဝါသည် ကွယ်ဝှက်ပေးပြီ” လို့ အဓိပ္ပာယ်ရှိတဲ့ ဇေဖနိရဲ့အမည်က ဒီစစ်မှန်တဲ့ပုန်းကွယ်ရာကို ညွှန်ပြပေးတယ်။ ဒါကြောင့် ၂၀၁၁ နှစ်ချုပ်ကျမ်းချက်ကို ‘ယေဟောဝါ၏နာမတော်၌ ခိုလှုံပါ’ လို့ရွေးချယ်ထားတာက သင့်တော်ပါတယ်။ (ဇေ. ၃:၁၂) ယခုအချိန်မှာတောင် ကိုယ်တော့်ကို လုံးလုံးပုံအပ်ပြီး ယုံကြည်ကိုးစားခြင်းအားဖြင့် ယေဟောဝါရဲ့နာမတော်ကို အမှန်ပဲခိုလှုံသင့်ပါတယ်။ (ဆာ. ၉:၁၀) ဒီအာမခံချက်ကို နေ့စဉ်သတိရနေကြစို့– ‘ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။’—သု. ၁၈:၁၀

သင် မှတ်မိသလား

• ယခုအချိန်မှာ ယေဟောဝါရဲ့နာမမှာ ကျွန်ုပ်တို့ ဘယ်လိုခိုလှုံနိုင်သလဲ။

• ‘ခိုလှုံရာအတုအယောင်’ ကို ကျွန်ုပ်တို့ ဘာကြောင့် မကိုးစားသင့်သလဲ။

• အနာဂတ်အတွက် ဘယ်ခိုလှုံရာက စိတ်ချရသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

၂၀၁၁ နှစ်ချုပ်ကျမ်းချက်– ‘ယေဟောဝါ၏နာမတော်၌ ခိုလှုံပါ။’ —ဇေဖနိ ၃:၁၂

[Picture Credit Line on page 7]

Thüringer Landesmuseum Heidecksburg Rudolstadt, Waffensammlung “Schwarzburger Zeughaus”