မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်တစ်ကိုယ်ရေဘဝကို ပညာရှိစွာ အသုံးချပါ

သင့်တစ်ကိုယ်ရေဘဝကို ပညာရှိစွာ အသုံးချပါ

သင့်တစ်ကိုယ်ရေဘဝကို ပညာရှိစွာ အသုံးချပါ

“ထိုစကားကို ခံယူနိုင်သောသူသည် ခံယူပါစေ။”—မ. ၁၉:၁၂

၁၊ ၂။ (က) ယေရှု၊ ပေါလုနဲ့ တခြားသူတွေက တစ်ကိုယ်ရေဘဝကို ဘယ်လိုရှုမြင်ခဲ့ကြသလဲ။ (ခ) တချို့သူတွေ ဘာကြောင့် တစ်ကိုယ်ရေဘဝကို ဆုကျေးဇူးအဖြစ်ရှုမြင်ဖို့ ခက်နိုင်တာလဲ။

အိမ်ထောင်မင်္ဂလာက လူသားတွေအတွက် ဘုရားသခင်ပေးတဲ့ အဖိုးတန်ဆုံးဆုကျေးဇူးတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရဘူး။ (သု. ၁၉:၁၄) ဒါပေမဲ့ တစ်ကိုယ်ရေခရစ်ယာန်များစွာလည်း ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းတဲ့အသက်တာကို ပိုင်ဆိုင်ကြတယ်။ တစ်ကိုယ်တည်းလူပျိုကြီးဖြစ်တဲ့ အသက် ၉၅ နှစ်ရှိတဲ့ ဟယ်ရယ်က “တခြားသူတွေနဲ့ အတူပေါင်းသင်းပြီး ဧည့်ဝတ်ပြုတဲ့အချိန်တွေမှာ ကျွန်တော်ပျော်ပေမဲ့ ကျွန်တော်တစ်ယောက်တည်းရှိတဲ့အချိန်မှာလည်း အဖော်မဲ့အထီးကျန်တယ်လို့ တစ်ခါမှ မခံစားခဲ့ရဖူးဘူး။ တစ်ကိုယ်ရေဘဝက ကျွန်တော့်အတွက်ဆုကျေးဇူးဖြစ်တယ်ဆိုတာ သေချာပေါက်ပြောနိုင်တယ်” လို့ပြောခဲ့တယ်။

တစ်ကိုယ်ရေဘ၀က အိမ်ထောင်သည်ဘဝလိုပဲ ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးဖြစ်ကြောင်း ယေရှုခရစ်ရော တမန်တော်ပေါလုပါ ပြောဆိုခဲ့တယ်။ (မဿဲ ၁၉:၁၁၊ ၁၂; ၁ ကောရိန္သု ၇:၇ တို့ကိုဖတ်ပါ။) ဒါပေမဲ့ အိမ်ထောင်မပြုသူအားလုံးကတော့ တစ်ကိုယ်ရေနေဖို့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။ တစ်ခါတလေမှာ သင့်တော်တဲ့အိမ်ထောင်ဖက် မတွေ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ တချို့ကျတော့လည်း အိမ်ထောင်ပြုပြီးနောက်မှ ကွာရှင်းလိုက်လို့ ဒါမှမဟုတ် အိမ်ထောင်ဖက်ဆုံးပါးသွားလို့ မမျှော်လင့်ဘဲ တစ်ကိုယ်တည်းဖြစ်သွားကြတယ်။ ဒီလိုဆိုရင် တစ်ကိုယ်ရေဘဝက ဘယ်လိုနည်းနဲ့ ဆုကျေးဇူးဖြစ်နိုင်သလဲ။ တစ်ကိုယ်ရေခရစ်ယာန်တွေက သူတို့ရဲ့တစ်ကိုယ်ရေဘဝကို ဘယ်လို ပညာရှိရှိ အသုံးချနိုင်သလဲ။

ထူးမြတ်တဲ့ဆု

၃။ တစ်ကိုယ်ရေခရစ်ယာန်တွေမှာ ဘယ်လိုအခွင့်အရေးရှိသလဲ။

တစ်ကိုယ်ရေသမားတွေက အိမ်ထောင်သည်တွေထက် အချိန်နဲ့ လွတ်လပ်မှု ပိုရှိတယ်။ (၁ ကော. ၇:၃၂-၃၅) ဒါက ခရစ်ယာန်ဓမ္မအမှုကို တိုးချဲ့ဖို့၊ တခြားသူတွေအပေါ် မေတ္တာကျယ်ဝန်းစေဖို့နဲ့ ယေဟောဝါနဲ့ပိုရင်းနှီးစေဖို့ တကယ့် ထူးမြတ်တဲ့အခွင့်အရေးဖြစ်တယ်။ ဒါကြောင့် ခရစ်ယာန်များစွာက တစ်ကိုယ်ရေဘဝရဲ့အကျိုးကျေးဇူးကို သိမြင်လာပြီး အချိန်အတိုင်းအတာတစ်ခုအထိ တစ်ကိုယ်ရေဘဝကို “ခံယူ” ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ တခြားသူတွေကတော့ အစပိုင်းမှာ တစ်ကိုယ်တည်းနေဖို့ မရည်ရွယ်ခဲ့ပေမဲ့ သူတို့ရဲ့ပြောင်းလဲသွားတဲ့အခြေအနေကို သေချာဆုတောင်းသုံးသပ်ပြီး ယေဟောဝါအကူအညီနဲ့ စိတ်တည်ငြိမ်နိုင်တယ်ဆိုတာ သဘောပေါက်လာကြတယ်။ သူတို့ရဲ့ အခြေအနေအပြောင်းအလဲကို လက်ခံလိုက်ပြီး တစ်ကိုယ်ရေဘဝနဲ့ နေသွားကြတယ်။—၁ ကော. ၇:၃၇၊ ၃၈

၄။ တစ်ကိုယ်ရေခရစ်ယာန်တွေက ဘုရားသခင့်အမှုတော်မှာ အပြည့်အဝလုပ်ဆောင်နိုင်တယ်လို့ ဘာကြောင့်ယူမှတ်နိုင်သလဲ။

ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုမှုနဲ့ တန်ဖိုးထားလေးမြတ်မှုခံရဖို့ အိမ်ထောင်သည်ဖြစ်စရာမလိုဘူးဆိုတာ တစ်ကိုယ်ရေခရစ်ယာန်တွေ သိထားကြတယ်။ ဘုရားသခင်က ကျွန်ုပ်တို့တစ်ယောက်ချင်းစီကို ချစ်မြတ်နိုးတယ်။ (မ. ၁၀:၂၉-၃၁) ဘယ်သူကမှ၊ ဘယ်အရာကမှ ကျွန်ုပ်တို့ကို ဘုရားသခင့်မေတ္တာတော်နဲ့ မကွာစေနိုင်ဘူး။ (ရော. ၈:၃၈၊ ၃၉) ကျွန်ုပ်တို့က အိမ်ထောင်သည်ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရေပဲဖြစ်ဖြစ် ဘုရားသခင့်အမှုတော်မှာ အပြည့်အဝလုပ်ဆောင်နိုင်တယ်လို့ ယူမှတ်နိုင်တဲ့ အကြောင်းကောင်းများစွာရှိပါတယ်။

၅။ တစ်ကိုယ်ရေဘဝကနေ အကျိုးကျေးဇူး အပြည့်အဝခံစားရဖို့ ဘာလုပ်ဖို့လိုသလဲ။

ဂီတ ဒါမှမဟုတ် အားကစားမှာ ပါရမီရှိသူတွေက ကြိုးစားလေ့ကျင့်ဖို့လိုသလို တစ်ကိုယ်ရေဘဝဆုကျေးဇူးကို ပညာရှိရှိအသုံးချနိုင်ဖို့ ကြိုးစားအားထုတ်မှုလိုတယ်။ ဒါကြောင့် တစ်ကိုယ်ရေခရစ်ယာန်တွေက ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ၊ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ၊ ဆုံးဖြတ်ချက်ကြောင့်ဖြစ်စေ၊ အခြေအနေကြောင့်ဖြစ်စေ သူတို့ရဲ့ဘဝအခြေအနေကို ဘယ်လို အကောင်းဆုံးအသုံးချနိုင်သလဲ။ အစောပိုင်းခရစ်ယာန်အသင်းတော်က အားပေးမှုဖြစ်စေတဲ့ ပုံသက်သေအချို့ကို သုံးသပ်ပြီး ဘယ်အချက်တွေ သင်ယူနိုင်တယ်ဆိုတာ ကြည့်ကြစို့။

တစ်ကိုယ်ရေလူငယ်များ

၆၊ ၇။ (က) ဖိလိပ္ပုရဲ့ သမီးကညာတွေက ဘယ်အခွင့်ထူးရခဲ့သလဲ။ (ခ) တိမောသေက ဘယ်လိုနည်းတွေနဲ့ သူ့ရဲ့တစ်ကိုယ်ရေဘဝနဲ့နေခဲ့တဲ့နှစ်တွေကို ပညာရှိရှိ အသုံးချခဲ့သလဲ၊ လူငယ်ဘဝမှာ အမှုတော်ကို တလိုတလားဆောင်လိုတဲ့စိတ်ဓာတ်ကြောင့် ဘယ်လိုဆုချခံခဲ့ရသလဲ။

ဧဝံဂေလိတရားဟောပြောသူ ဖိလိပ္ပုမှာ သူ့လိုပဲ ဧဝံဂေလိလုပ်ငန်းမှာ ဇွဲထက်သန်တဲ့ သမီးကညာလေးဦးရှိတယ်။ (တ. ၂၁:၈၊ ၉) ပရောဖက်ပြုခြင်းက သန့်ရှင်းသောစွမ်းအားတော်ရဲ့ ဆုကျေးဇူးတစ်ခုဖြစ်ပြီး ဒီအမျိုးသမီးငယ်လေးတွေက ယောလ ၂:၂၈၊ ၂၉ ကိုပြည့်စုံစေရာမှာ ဒီဆုကျေးဇူးကို အသုံးပြုခဲ့ကြတယ်။

တိမောသေက တစ်ကိုယ်ရေဘဝကို ပညာရှိရှိအသုံးချခဲ့တဲ့ လူငယ်လေးဖြစ်တယ်။ သူ့အမေဥနိတ်နဲ့ အဘွား လောဣတို့က သူနို့စို့အရွယ်ကတည်းက သူ့ကို ‘သန့်ရှင်းသောကျမ်းစာ’ အကြောင်း သင်ပေးခဲ့ကြတယ်။ (၂ တိ. ၁:၅; ၃:၁၄၊ ၁၅) ဒါပေမဲ့ သူတို့ရဲ့နေရင်းမြို့ဖြစ်တဲ့ လုတ္တရမြို့ကို ပေါလု ပထမအကြိမ်လည်ပတ်တဲ့ စီအီး ၄၇ ခန့်မှာ သူတို့ ယုံကြည်သူတွေဖြစ်လာပုံရတယ်။ နှစ်နှစ်ကြာပြီးနောက် သူတို့မြို့ကို ပေါလု ဒုတိယအကြိမ်လည်ပတ်စဉ်မှာ တိမောသေက အသက် ၂၀ ဝန်းကျင်ရှိပုံရတယ်။ တိမောသေက အသက်အရွယ်အရရော၊ အမှန်တရားမှာပါ နုနယ်သေးပေမဲ့ လုတ္တရမြို့နဲ့ အနီးအနား ဣကောနိမြို့က ခရစ်ယာန်အကြီးအကဲတွေက သူ့ကို “အသရေရှိသူ” လို့ထောက်ခံခဲ့ကြတယ်။ (တ. ၁၆:၁၊ ၂) ဒါကြောင့် ပေါလုက တိမောသေကို သူနဲ့အတူခရီးသွားဖို့ ဖိတ်ခေါ်ခဲ့တယ်။ (၁ တိ. ၁:၁၈; ၄:၁၄) နောက်ပိုင်းမှာ တိမောသေအိမ်ထောင်ပြု၊ မပြုဆိုတာကိုတော့ ကျွန်ုပ်တို့ အတိအကျမပြောနိုင်ဘူး။ ဒါပေမဲ့ ပေါလုရဲ့ဖိတ်ခေါ်ချက်ကို သူတလိုတလားလက်ခံခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ တစ်ကိုယ်ရေခရစ်ယာန်သာသနာပြုနဲ့ ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။—ဖိ. ၂:၂၀-၂၂

၈။ ဘယ်အရာက ယောဟန်မာကုကို ခရစ်ယာန်ဓမ္မအမှုပန်းတိုင်တွေထားစေနိုင်ခဲ့တာလဲ၊ အဲဒီလိုလုပ်ဆောင်ခဲ့တဲ့အတွက် ဘယ်ကောင်းချီးတွေကို သူခံစားခဲ့ရသလဲ။

ယောဟန်မာကုလည်း သူ့ရဲ့တစ်ကိုယ်ရေလူငယ်ဘဝကို ပညာရှိရှိအသုံးပြုခဲ့တယ်။ သူနဲ့ သူ့မိခင် မာရိ၊ ဝမ်းကွဲ ဗာနဗတို့က ဂျေရုဆလင်အသင်းတော်ရဲ့ ဦးဆုံးအသင်းသားတွေထဲမှာပါတယ်။ မြို့ထဲမှာ ကိုယ်ပိုင်အိမ်ရှိပြီး အစေခံမလေးတစ်ယောက်ရှိတာကိုထောက်ရင် မာကုရဲ့မိသားစုက လူချမ်းသာဖြစ်နိုင်တယ်။ (တ. ၁၂:၁၂၊ ၁၃) အဲဒီလိုအခြေအနေရှိတဲ့ လူငယ်လေးတစ်ဦးဖြစ်ပေမဲ့ မာကုဟာ ကိုယ့်အကြိုက်လိုက်ပြီး ကိုယ်ကျိုးမရှာခဲ့သလို တစ်နေရာမှာ အခြေချ၊ တစ်အိုးတစ်အိမ်ထူထောင်ပြီး မိသားစုနဲ့ ဇိမ်ကျကျ မနေခဲ့ဘူး။ အစောပိုင်းတုန်းက တမန်တော်တွေနဲ့ ပေါင်းသင်းခွင့်ရခဲ့တဲ့အတွက် ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာ ပါဝင်လိုစိတ်ရှိခဲ့တာဖြစ်မယ်။ ဒါကြောင့် ပေါလုနဲ့ ဗာနဗ ပထမခရစ်ယာန်သာသနာပြုခရီးသွားတဲ့အခါ သူတို့ရဲ့ကူဖော်လောင်ဖက်အဖြစ် အားတက်သရော လိုက်ပါသွားခဲ့တယ်။ (တ. ၁၃:၅) နောက်ပိုင်းမှာ ဗာနဗနဲ့အတူ ခရီးထွက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း ဗာဗုလုန်မှာ ပေတရုနဲ့အတူ အမှုဆောင်ခဲ့တာကို တွေ့ရတယ်။ (တ. ၁၅:၃၉; ၁ ပေ. ၅:၁၃) မာကု ဘယ်လောက်ကြာကြာ တစ်ကိုယ်ရေဘဝနဲ့နေခဲ့တယ်ဆိုတာ ကျွန်ုပ်တို့မသိရဘူး။ ဒါပေမဲ့ တခြားသူတွေကို ကူညီပေးလိုစိတ်ရှိသူ၊ ဘုရားသခင့်အမှုတော်မှာ တိုးချဲ့လုပ်ဆောင်လိုသူအဖြစ် နာမည်ကောင်းရခဲ့တယ်။

၉၊ ၁၀။ ယနေ့ တစ်ကိုယ်ရေလူငယ်တွေ ခရစ်ယာန်ဓမ္မအမှုကို တိုးချဲ့ဖို့ ဘယ်လိုအခွင့်အလမ်းတွေ ရှိသလဲ။ ဥပမာပေးပါ။

ယနေ့ အသင်းတော်မှာရှိတဲ့ လူငယ်များစွာလည်း ဘုရားသခင့်အမှုတော်မှာ တိုးချဲ့ပါဝင်ဖို့ မိမိတို့ရဲ့တစ်ကိုယ်ရေဘဝကို အသုံးပြုကြတယ်။ မာကုနဲ့ တိမောသေလိုပဲ သူတို့တွေက တစ်ကိုယ်ရေဘဝဟာ “အာရုံပျံ့လွင့်ခြင်းမရှိဘဲ သခင်ကို မပြတ်ခစားခွင့်ရှိစေ” တယ်ဆိုတာ နားလည်သဘောပေါက်ကြတယ်။ (၁ ကော. ၇:၃၅) တစ်ကိုယ်ရေဘဝက တကယ့်အခွင့်ထူးပါပဲ။ တစ်ကိုယ်ရေသမားတွေမှာ ရှေ့ဆောင်လုပ်ခြင်း၊ သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်ခြင်း၊ ဘာသာခြားစကားသင်ယူခြင်း၊ ဝတ်ပြုရာခန်းမ ဒါမှမဟုတ် ဌာနခွဲဆောက်လုပ်ရေးတွေမှာ ကူညီပေးခြင်း၊ ခရစ်ယာန်ဓမ္မအမှုသင်တန်းကျောင်း တက်ရောက်ခြင်းနဲ့ ဗေသလမှာအမှုဆောင်ခြင်းစတဲ့ အခွင့်အလမ်းများစွာရှိတယ်။ သင်ဟာ လူငယ်တစ်ဦးဖြစ်ပြီး တစ်ကိုယ်ရေဖြစ်မယ်ဆိုရင် အဲဒီအခွင့်အရေးတွေကိုလက်လှမ်းယူဖို့ သင့်ရဲ့အခြေအနေကို ပညာရှိရှိအသုံးပြုနိုင်မလား။

၁၀ မာ့ခ်လို့ခေါ်တဲ့ညီအစ်ကိုတစ်ဦးက အသက် ၂၀ မပြည့်ခင်ကတည်းက ရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့ပြီး ခရစ်ယာန်ဓမ္မအမှုသင်တန်းကျောင်း တက်ခဲ့တယ်၊ နောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ တာဝန်အမျိုးမျိုးထမ်းဆောင်ခဲ့တယ်။ အချိန်ပြည့် ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ခဲ့တဲ့ ၂၅ နှစ်ကို ပြန်ပြောင်းကြည့်ရင်း သူဒီလိုပြောတယ်– “ကျွန်တော်က အသင်းတော်မှာရှိတဲ့သူယောက်တိုင်းကို အားပေးတာတွေ၊ သူတို့နဲ့အတူ ခရစ်ယာန်ဓမ္မအမှုမှာပါဝင်တာတွေ၊ သူတို့ထံ သိုးထိန်းလည်ပတ်မှုလုပ်တာတွေ၊ သူတို့ကို ထမင်းစားဖိတ်တာနဲ့ သူတို့ကို အားပေးဖို့ မိတ်ဆုံစားပွဲတွေတောင် လုပ်ခဲ့တယ်။ ဒါတွေအားလုံးက ကျွန်တော့်ကို အလွန်ရွှင်လန်းအားရစေတယ်။” မာ့ခ်ရဲ့စကားအရ ပျော်ရွှင်မှုက ပေးကမ်းခြင်းကနေ ရရှိတာဖြစ်ပြီး ခရစ်ယာန်ဓမ္မအမှုမှာ အပြည့်အဝပါဝင်ခြင်းက တခြားသူတွေကို ပေးကမ်းဖို့ အခွင့်အရေးရစေတယ်။ (တ. ၂၀:၃၅) သင့်ရဲ့စိတ်ဝင်စားရာတွေ၊ ကျွမ်းကျင်ရာတွေ၊ ဘဝအတွေ့အကြုံတွေက ဘယ်လိုပဲရှိပါစေ ယနေ့လူငယ်တွေအတွက် သခင့်အမှုတော်မှာ လုပ်စရာများစွာရှိပါတယ်။—၁ ကော. ၁၅:၅၈

၁၁။ အလျင်စလိုအိမ်ထောင်မပြုခြင်းရဲ့ အကျိုးကျေးဇူးတချို့က ဘာတွေလဲ။

၁၁ လူငယ်အများစုက နောက်ပိုင်းတစ်ချိန်ချိန်မှာ အိမ်ထောင်ပြုလိုကြမှာဖြစ်ပေမဲ့ အလျင်စလိုအိမ်ထောင်မပြုဖို့ အကြောင်းကောင်းတွေရှိပါတယ်။ ပေါလုက လူငယ်တွေ လိင်ဆန္ဒအပြင်းပြဆုံးဖြစ်တဲ့ “အပွင့်လန်းဆုံးအချိန်” ကျော်လွန်တဲ့အထိတော့ စောင့်ဆိုင်းဖို့ အားပေးခဲ့တယ်။ (၁ ကော. ၇:၃၆) မိမိကိုယ်ကိုနားလည်ဖို့နဲ့ သင့်တော်တဲ့အိမ်ထောင်ဖက်ကို ရွေးချယ်ရာမှာ လိုအပ်တဲ့ဘဝအတွေ့အကြုံရှိဖို့ အချိန်လိုတယ်။ အိမ်ထောင်ကတိသစ္စာက တစ်သက်လုံးစောင့်ထိန်းရမှာဖြစ်လို့ ဒါက အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။—ဒေ. ၅:၂-၅

တစ်ကိုယ်ရေလူကြီးများ

၁၂။ (က) မုဆိုးမအန္နက သူ့ရဲ့ဘ၀အခြေအနေပြောင်းလဲသွားတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့သလဲ။ (ခ) ဘယ်အခွင့်ထူးကို ရရှိခဲ့သလဲ။

၁၂ လုကာခရစ်ဝင်ကျမ်းမှာပါတဲ့ အန္နက လက်ထပ်ပြီး ခုနစ်နှစ်အကြာမှာ ခင်ပွန်းဖြစ်သူ ရုတ်တရက်ဆုံးပါးသွားလို့ အရမ်းဝမ်းနည်းကြေကွဲခဲ့မှာပဲ။ သူ့မှာ ကလေးရှိမရှိ၊ နောက်ပိုင်း အိမ်ထောင်ပြုဖို့စဉ်းစားခဲ့ မစဉ်းစားခဲ့ဆိုတာကိုတော့ ကျွန်ုပ်တို့ မသိရဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာက အသက် ၈၄ နှစ်ရှိတဲ့အန္နကို မုဆိုးမတစ်ဦးအဖြစ် ဖော်ပြထားတယ်။ သမ္မာကျမ်းစာဖော်ပြချက်အရ အန္နက ပြောင်းလဲသွားတဲ့ သူ့အခြေအနေကို ဘုရားသခင်ထံချဉ်းကပ်ဖို့ အသုံးပြုခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ‘သူသည် တိုးလျှိုးအသနားခံ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားသခင်ဝတ်ကိုပြုလျက် ဝတ်ပြုရာအိမ်တော်နှင့် မခွာဘဲနေ၏။’ (လု. ၂:၃၆၊ ၃၇) ဘုရားသခင်ကိုဝတ်ပြုခြင်းက သူ့ဘဝမှာ အရေးအကြီးဆုံးအရာဖြစ်ခဲ့တယ်။ အဲဒီလိုလုပ်ဖို့ ဆုံးဖြတ်ချက်ခိုင်မာပြီး ကြိုးစားအားထုတ်မှု လိုအပ်ခဲ့ပေမဲ့ သူဟာ ကြွယ်ဝစွာဆုချခံခဲ့ရတယ်။ သူငယ်ယေရှုကို မြင်တွေ့ခွင့်ရခဲ့ပြီး မေရှိယကြွလာခြင်းကြောင့် ခံစားရမယ့်ကယ်လွှတ်ခြင်းအကြောင်း တခြားသူတွေကို သက်သေခံခွင့်ရရှိခဲ့တယ်။—လု. ၂:၃၈

၁၃။ (က) ဒေါ်ကာက အသင်းတော်မှာ တက်တက်ကြွကြွရှိခဲ့တယ်ဆိုတာ ဘယ်လိုသိရသလဲ။ (ခ) ဒေါ်ကာရဲ့ ကောင်းတဲ့အကျင့်နဲ့ ကြင်နာမှုကြောင့် ဘယ်လိုအကျိုးရခဲ့သလဲ။

၁၃ ဒေါ်ကာ ဒါမှမဟုတ် တဗိသ အမည်ရှိတဲ့အမျိုးသမီးတစ်ဦးက ဂျေရုဆလင်မြို့ အနောက်မြောက်ဘက်မှာရှိတဲ့ ရှေးခေတ်ဆိပ်ကမ်းမြို့ ယုပ္ပေမှာ နေတယ်။ သမ္မာကျမ်းစာက ခင်ပွန်းအကြောင်း ဘာမှမပြောထားတဲ့အတွက် အဲဒီအချိန်တုန်းက သူဟာ အိမ်ထောင်မရှိသူဖြစ်နိုင်တယ်။ ဒေါ်ကာဟာ “ကောင်းသောအကျင့်၊ ပေးကမ်းစွန့်ကြဲခြင်းအကျင့်နှင့် ပြည့်စုံသူဖြစ်” တယ်။ အဲဒီအပြင် သူက ဆင်းရဲတဲ့မုဆိုးမတွေနဲ့ တခြားသူတွေအတွက် အဝတ်အစားတွေချုပ်ပေးခဲ့လို့ သူတို့က သူ့ကို အလွန်ချစ်ကြတယ်။ သူရုတ်တရက်ဖျားနာပြီး ကွယ်လွန်သွားတဲ့အခါ အသင်းတော်က သူတို့ချစ်မြတ်နိုးတဲ့ညီအစ်မကို ရှင်ပြန်ထမြောက်ပေးဖို့ ပေတရုကို လူလွှတ်ပြီးခေါ်လိုက်တယ်။ သူ ရှင်ပြန်ထမြောက်တဲ့သတင်းက ယုပ္ပေတစ်မြို့လုံးပျံ့နှံ့သွားတဲ့အတွက် လူများစွာက ယုံကြည်သူတွေ ဖြစ်လာကြတယ်။ (တ. ၉:၃၆-၄၂) ဒေါ်ကာက အထူးကြင်နာတတ်သူဖြစ်လို့ သူတို့ထဲကတချို့က သူကူညီခဲ့တဲ့သူတွေ ဖြစ်နိုင်တယ်။

၁၄။ တစ်ကိုယ်ရေခရစ်ယာန်တွေ ယေဟောဝါထံချဉ်းကပ်ဖို့ ဘာကလှုံ့ဆော်သလဲ။

၁၄ အန္နနဲ့ ဒေါ်ကာလိုပဲ ယနေ့ အသင်းတော်မှာရှိတဲ့သူများစွာက အသက်ကြီးတဲ့အထိ တစ်ကိုယ်ရေဘဝနဲ့နေခဲ့ကြ ဒါမှမဟုတ် အသက်ကြီးမှ တစ်ကိုယ်ရေ ပြန်ဖြစ်သွားကြတယ်။ တချို့က သင့်တော်တဲ့အိမ်ထောင်ဖက် ရှာမတွေ့လို့ ဖြစ်နိုင်တယ်။ တခြားသူတွေကျတော့ ကွာရှင်းထားတဲ့သူတွေ၊ မုဆိုးမတွေဖြစ်နိုင်တယ်။ တစ်ကိုယ်ရေခရစ်ယာန်တွေဟာ ရင်ဖွင့်စရာ အိမ်ထောင်ဖက်မရှိတဲ့အတွက် ယေဟောဝါကို ပိုပြီးအားကိုးမှီခိုတတ်ကြတယ်။ (သု. ၁၆:၃) ဗေသလမှာ ၃၈ နှစ်မက အမှုဆောင်ခဲ့တဲ့ ညီအစ်မ စေလ်ဗီရာ,က တစ်ကိုယ်ရေဘဝကို ကောင်းချီးအဖြစ် ယူမှတ်ခဲ့တယ်။ “တခြားသူတွေကိုအားပေးရင်းနဲ့ တစ်ခါတလေ ကျွန်မ ခြေကုန်လက်ပန်းကျလာတယ်” လို့ သူဝန်ခံတယ်။ ဒါပေမဲ့ သူဒီလိုဆက်ပြောတယ်– “‘ငါ့ကိုဘယ်သူအားပေးမလဲ’ လို့ စဉ်းစားမိတယ်။ ကျွန်မလိုအပ်ရာကို ယေဟောဝါပိုသိတယ်ဆိုတာကို ယုံကြည်စိတ်ချတဲ့အတွက် ကိုယ်တော့်ကို ပိုပြီးအားကိုးမိတယ်။ အားပေးမှု အမြဲရခဲ့ပါတယ်၊ တစ်ခါတလေ လုံးဝမထင်မှတ်ထားတဲ့နေရာကနေ အားပေးမှုရတယ်။” ယေဟောဝါထံ ကျွန်ုပ်တို့ ချဉ်းကပ်တဲ့အခါတိုင်း ကိုယ်တော်က အကြင်နာဆုံး၊ နှစ်သိမ့်မှုအဖြစ်ဆုံးနည်းနဲ့ အမြဲတုံ့ပြန်တယ်။

၁၅။ တစ်ကိုယ်ရေခရစ်ယာန်တွေက သူတို့ရဲ့မေတ္တာကို ဘယ်လို “ကျယ်ဝန်း” စေနိုင်သလဲ။

၁၅ တစ်ကိုယ်ရေဘဝက မေတ္တာ “ကျယ်ဝန်း” စေဖို့ အထူးအခွင့်အရေးရစေတယ်။ (၂ ကောရိန္သု ၆:၁၁-၁၃ ကိုဖတ်ပါ။) အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ၃၄ နှစ်ကြာပါဝင်ခဲ့တဲ့ တစ်ကိုယ်ရေညီအစ်မ ဂျိုလင်းက ဒီလိုပြောတယ်– “ကျွန်မနဲ့ သက်တူရွယ်တူတွေနဲ့သာမက အားလုံးနဲ့ရင်းရင်းနှီးနှီးပေါင်းသင်းတယ်။ တစ်ကိုယ်ရေဘဝက ယေဟောဝါ၊ သင့်မိသားစု၊ ညီအစ်ကိုညီအစ်မတွေနဲ့ အိမ်နီးချင်းတွေအတွက် လုပ်ဆောင်ပေးဖို့ တကယ့်အခွင့်အရေးရစေတယ်။ ကျွန်မအသက်ပိုကြီးလာလေ၊ ကျွန်မရဲ့တစ်ကိုယ်ရေဘဝကို ပိုပြီးကျေနပ်ပျော်ရွှင်လေပဲ။” အသက်ကြီးသူတွေ၊ မသန်မစွမ်းဖြစ်နေသူတွေ၊ ကြင်ဖော်မဲ့မိဘတွေ၊ လူငယ်တွေနဲ့ အသင်းတော်မှာရှိတဲ့သူတွေက တစ်ကိုယ်ရေညီအစ်ကိုညီအစ်မတွေရဲ့ ကိုယ်ကျိုးမဖက်တဲ့ ကူညီပေးမှုတွေကို တန်ဖိုးထားလေးမြတ်ကြပါတယ်။ ကျွန်ုပ်တို့ တခြားသူတွေကို ပိုပြီးမေတ္တာပြလေ ကိုယ်တိုင် ပိုပြီးပျော်ရွှင်လေဖြစ်တယ်။ သင်လည်း တခြားသူတွေအပေါ် သင့်မေတ္တာကို “ကျယ်ဝန်း” စေနိုင်မလား။

တစ်ကိုယ်ရေနေဖို့ ဆုံးဖြတ်ထားသူများ

၁၆။ (က) ယေရှု ဘာကြောင့် တစ်ကိုယ်ရေဘဝနဲ့ နေထိုင်ခဲ့သလဲ။ (ခ) တစ်ကိုယ်ရေဘဝအခြေအနေကို ပေါလု ဘယ်လိုပညာရှိရှိအသုံးချခဲ့သလဲ။

၁၆ ယေရှု အိမ်ထောင်မပြုခဲ့ဘူး၊ ကိုယ်တော်က မိမိရရှိထားတဲ့ ခရစ်ယာန်ဓမ္မအမှုအတွက် ကြိုတင်ပြင်ဆင်ပြီး ထမ်းဆောင်ခဲ့တယ်။ ကိုယ်တော်က ခရီးဝေးတွေသွားပြီး၊ မိုးလင်းမိုးချုပ်အလုပ်လုပ်ခဲ့ပြီး သူ့ရဲ့အသက်ကိုတောင် ပူဇော်ရာယဇ်အဖြစ် ပေးဆက်ခဲ့တယ်။ တစ်ကိုယ်ရေဖြစ်နေလို့ ကိုယ်တော် ဒီလိုလုပ်ဆောင်နိုင်ခြင်းဖြစ်တယ်။ တမန်တော်ပေါလုလည်း မိုင်ထောင်နဲ့ချီခရီးသွားခဲ့ပြီး ခရစ်ယာန်ဓမ္မအမှုမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ (၂ ကော. ၁၁:၂၃-၂၇) ပေါလုဟာ အစောပိုင်းတုန်းက အိမ်ထောင်ရှိသူဖြစ်နိုင်ပေမဲ့ တမန်တော်အဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်မှာတော့ တစ်ကိုယ်ရေဘဝနဲ့နေဖို့ ဆုံးဖြတ်ခဲ့တယ်။ (၁ ကော. ၇:၇; ၉:၅) ယေရှုနဲ့ပေါလုက ဖြစ်နိုင်မယ်ဆိုရင် ခရစ်ယာန်ဓမ္မအမှုအတွက် သူတို့ရဲ့ပုံသက်သေကိုတုပဖို့ တခြားသူတွေကို အားပေးခဲ့တယ်။ ဒါပေမဲ့ ဒီအချက်က ဘုရားသခင့်အမှုဆောင်တွေအတွက် ပညတ်ချက်တစ်ခုတော့မဟုတ်ဘူး။—၁ တိ. ၄:၁-၃

၁၇။ ဒီနေ့ တချို့သူတွေက ယေရှုနဲ့ ပေါလုရဲ့ခြေရာကို ဘယ်လိုလိုက်နေကြသလဲ၊ ဒီလိုကိုယ်ကျိုးစွန့်လုပ်ဆောင်သူတွေကို ယေဟောဝါ နှစ်သက်တယ်ဆိုတာ ကျွန်ုပ်တို့ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။

၁၇ အခုအချိန်မှာလည်း တချို့က ခရစ်ယာန်ဓမ္မအမှုမှာတိုးချဲ့ပါဝင်နိုင်အောင် တစ်ကိုယ်ရေဘဝနဲ့နေဖို့ ဆုံးဖြတ်ထားကြတယ်။ အစပိုင်းမှာဖော်ပြခဲ့တဲ့ ဟယ်ရယ်က ဗေသလလုပ်ငန်းမှာ ၅၆ နှစ်ကျော် ပျော်ရွှင်စွာအမှုဆောင်နေဆဲဖြစ်တယ်။ “ဗေသလမှာ ကျွန်တော်အမှုဆောင်တာ ဆယ်နှစ်အကြာမှာ အိမ်ထောင်သည်စုံတွဲများစွာက ဖျားနာမှုကြောင့်၊ သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ဖို့အတွက်ကြောင့် ဗေသလကနေ ထွက်သွားကြတာကို ကျွန်တော်တွေ့ခဲ့ရတယ်။ ကျွန်တော့်မိဘနှစ်ပါးစလုံးကတော့ ကွယ်လွန်သွားကြပြီ။ ဗေသလကို ကျွန်တော်အရမ်းချစ်မြတ်နိုးတဲ့အတွက် အိမ်ထောင်ကြောင့် ကျွန်တော့်ရဲ့ဗေသလလုပ်ငန်းကို အထိခိုက်မခံနိုင်ဘူး” လို့ပြောခဲ့တယ်။ အလားတူပဲ၊ သက်တမ်းကြာရှေ့ဆောင်တစ်ဦးဖြစ်တဲ့ မာဂရက်က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီလိုပြောခဲ့တယ်– “အိမ်ထောင်ပြုဖို့ အခွင့်အရေးတွေရှိခဲ့ပေမဲ့ ရှေ့ဆောင်လုပ်ငန်းမှာ အလုပ်များပြီး ပျော်ရွှင်နေတဲ့အတွက် အိမ်ထောင်ပြုဖို့ မစဉ်းစားခဲ့ဘူး။ အဲဒီအစား တစ်ကိုယ်ရေဘဝရဲ့လွတ်လပ်မှုကို အသုံးချပြီး ခရစ်ယာန်ဓမ္မအမှုမှာ အလုပ်များနေခဲ့တယ်၊ ဒါက ကျွန်မကို ကြီးမားတဲ့ပျော်ရွှင်မှု ခံစားရစေတယ်။” စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ကိုယ်ကျိုးစွန့်လုပ်ဆောင်သူတွေကို ယေဟောဝါ ဘယ်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ သေချာတယ်။—ဟေရှာယ ၅၆:၄၊ ၅ ကိုဖတ်ပါ။

သင့်အခြေအနေကို အကောင်းဆုံးအသုံးချပါ

၁၈။ တစ်ကိုယ်ရေခရစ်ယာန်တွေကို တခြားသူတွေက ဘယ်လိုအားပေးထောက်မနိုင်သလဲ။

၁၈ ယေဟောဝါကို အတတ်နိုင်ဆုံးအမှုဆောင်နေတဲ့ အိမ်ထောင်မရှိတဲ့ခရစ်ယာန်တွေအားလုံးက ကျွန်ုပ်တို့ရဲ့ စိတ်ရင်းမှန်တဲ့ချီးမွမ်းမှုနဲ့ အားပေးမှုကို ရထိုက်ပါတယ်။ သူတို့တစ်ယောက်ချင်းစီကို ကျွန်ုပ်တို့ချစ်မြတ်နိုးတယ်၊ သူတို့ရဲ့အရည်အသွေးကောင်းတွေကို အသိအမှတ်ပြုတယ်၊ အသင်းတော်အတွက် သူတို့လုပ်ဆောင်ရာအားလုံးကို ကျွန်ုပ်တို့ ကျေးဇူးတင်လေးမြတ်ကြပါတယ်။ ကျွန်ုပ်တို့က သူတို့အတွက် “ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး” အမှန်ဖြစ်မယ်ဆိုရင် သူတို့ ဘယ်တော့မှအထီးကျန်တယ်လို့ ခံစားရမှာမဟုတ်ဘူး။—မာကု ၁၀:၂၈-၃၀ ကိုဖတ်ပါ။

၁၉။ သင့်ရဲ့တစ်ကိုယ်ရေဘဝကို ပညာရှိရှိအသုံးချနိုင်ဖို့ သင် ဘာလုပ်ဆောင်နိုင်သလဲ။

၁၉ သင်ဟာ ကိုယ့်ဆုံးဖြတ်ချက်ကြောင့် ဒါမှမဟုတ် အခြေအနေကြောင့် တစ်ကိုယ်ရေဖြစ်နေတယ်ဆိုရင် ကျမ်းစာပုံနမူနာတွေနဲ့ မျက်မှောက်ခေတ်တွေ့ကြုံမှုတွေကနေ ကျေနပ်ပျော်ရွှင်တဲ့ဘဝအသက်တာကို ပိုင်ဆိုင်နိုင်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါစေ။ တစ်ကိုယ်ရေဘဝက ကျွန်ုပ်တို့မျှော်လင့်ထားတဲ့ ဆုကျေးဇူးဖြစ်နိုင်သလို မမျှော်လင့်ဘဲရရှိလာတဲ့ ဆုကျေးဇူးလည်း ဖြစ်နိုင်တယ်။ တချို့ဆုကျေးဇူးတွေက ရတာနဲ့တစ်ပြိုင်နက် တန်ဖိုးထားနိုင်ပေမဲ့ တချို့ကတော့ အချိန်ကြာလာမှ ပိုပြီးတန်ဖိုးထားနိုင်မှာဖြစ်တယ်။ ဒါက သင့်ရဲ့သဘောထားအပေါ် များစွာမူတည်နေပါတယ်။ သင့်ရဲ့တစ်ကိုယ်ရေဘဝကို ပညာရှိရှိအသုံးချနိုင်ဖို့ သင် ဘာလုပ်ဆောင်နိုင်သလဲ။ ယေဟောဝါထံချဉ်းကပ်ပါ၊ ဘုရားသခင့်အမှုတော်မှာ အလုပ်များနေပါ၊ အခြားသူတွေအပေါ် သင့်ရဲ့မေတ္တာကို ကျယ်ဝန်းစေပါ။ တစ်ကိုယ်ရေဘဝကို ဘုရားသခင်ရှုမြင်တဲ့အတိုင်းရှုမြင်ပြီး ဒီဆုကျေးဇူးကို ပညာရှိရှိအသုံးပြုတဲ့အခါ အိမ်ထောင်မင်္ဂလာလိုပဲ တစ်ကိုယ်ရေဘဝက အမှန်အကျိုးရစေနိုင်ပါတယ်။

သင် မှတ်မိသလား

• တစ်ကိုယ်ရေဘဝက ဘယ်လိုနည်းတွေအားဖြင့် ဆုကျေးဇူးဖြစ်နိုင်သလဲ။

• တစ်ကိုယ်ရေလူငယ်ဘ၀က ဘယ်လိုနည်းအားဖြင့် ကောင်းချီးဖြစ်နိုင်သလဲ။

• ယေဟောဝါနဲ့ ရင်းနှီးဖို့၊ မေတ္တာကျယ်ဝန်းစေဖို့ တစ်ကိုယ်ရေခရစ်ယာန်တွေမှာ ဘယ်အခွင့်အလမ်းတွေရှိသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဘုရားသခင်ကိုအမှုဆောင်ရာမှာ သင့်ရဲ့အခြေအနေကို ပညာရှိရှိအသုံးချနေသလား