မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့ရာများကို အလေးအနက် တွေးတောဆင်ခြင်ပါ

သင့်အတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့ရာများကို အလေးအနက် တွေးတောဆင်ခြင်ပါ

သင့်အတွက် ယေဟောဝါ လုပ်ဆောင်ပေးခဲ့ရာများကို အလေးအနက် တွေးတောဆင်ခြင်ပါ

ယေရှု ရှင်ပြန်ထမြောက်ပြီးမကြာခင်မှာ တပည့်နှစ်ဦးဟာ ဂျေရုဆလင်ကနေ ဧမောက်ရွာကို ခြေလျင်လျှောက်သွားနေကြတယ်။ လုကာခရစ်ဝင်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “ဆွေးနွေးပြောဆိုနေကြစဉ် ယေရှုကိုယ်တော်တိုင် ချဉ်းကပ်၍ သူတို့နှင့်အတူ လျှောက်သွားတော်မူ၏။ သို့သော် ထိုသူတို့သည် ကိုယ်တော်ကို မမှတ်မိကြ။” ထိုအခါ ယေရှုက “‘ခရီးသွားစဉ် သင်တို့အချင်းချင်း အဘယ်အကြောင်းအရာများကို ဆွေးနွေးနေကြသနည်း’ ဟုမေးတော်မူသော် သူတို့သည် မျက်နှာညှိုးငယ်လျက် ရပ်တန့်” လိုက်ကြတယ်။ သူတို့ ဘာကြောင့် ဝမ်းနည်းနေကြသလဲ။ တပည့်တွေက ယေရှုဟာ အစ္စရေးလူမျိုးကို တစ်ပါးအမျိုးသားအုပ်ချုပ်မှုအောက်ကနေ ကယ်လွှတ်ပေးမှာပဲလို့ တွေးထင်ခဲ့ကြပေမဲ့ အဲဒီလိုဖြစ်မလာတဲ့အပြင် အသတ်တောင်ခံခဲ့ရတယ်။ ဒီအတွက် သူတို့ဝမ်းနည်းကြခြင်းဖြစ်တယ်။—လု. ၂၄:၁၅-၂၁; တ. ၁:၆

ယေရှုက တပည့်တွေနဲ့အတူ စတင်ကျိုးကြောင်းဆင်ခြင်တယ်။ “မောရှေ၏ကျမ်းနှင့် ပရောဖက်တို့၏ကျမ်းများမှစ၍ ကျမ်းစာ၌ကိုယ်တော်၏အကြောင်း ရေးထားသမျှကို ရှင်းပြတော်မူ၏။” မှန်ပါတယ်၊ ယေရှု အမှုဆောင်နေချိန်အတွင်းမှာ ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ အံ့ဖွယ်အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့တယ်။ ယေရှုရဲ့ရှင်းပြချက်ကိုနားထောင်နေရင်း တပည့်နှစ်ယောက်က ဝမ်းနည်းရာကနေ ပျော်ရွှင်လာကြတယ်။ အဲဒီနေ့ညနေမှာ သူတို့ဒီလိုပြောကြတယ်– “လမ်းခရီး၌ ငါတို့အား ဟောပြော၍ ကျမ်းစာအနက်ကို ရှင်းပြတော်မူသောအခါ ငါတို့၏နှလုံးသည် မီးကဲ့သို့ တောက်လောင်ခဲ့သည်မဟုတ်လော။” (လု. ၂၄:၂၇၊ ၃၂) ယေရှုတပည့်တွေရဲ့တုံ့ပြန်ပုံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်ပါသလဲ။

မပြည့်စုံသေးတဲ့မျှော်လင့်ရာတွေက ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်နိုင်

ဧမောက်ရွာကိုသွားနေတဲ့ တပည့်နှစ်ဦးက သူတို့မျှော်လင့်ထားတဲ့အရာ ဖြစ်မလာတဲ့အတွက် ဝမ်းနည်းခဲ့ကြတယ်။ နယပုံပြင် ၁၃:၁၂ မှာ ဖော်ပြထားတဲ့အတိုင်း သူတို့ခံစားကြရတယ်– “မျှော်လင့်သောအရာသည်ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။” အလားတူပါပဲ၊ ယေဟောဝါကို ဆယ်စုနှစ်နဲ့ချီ သစ္စာရှိရှိဝတ်ပြုကိုးကွယ်လာခဲ့ကြတဲ့ ကျွန်ုပ်တို့ထဲကအချို့ဟာ “ကြီးစွာသောဒုက္ခ” က အခုအချိန်လောက်ဆို ဖြစ်ပြီးနေသင့်ပြီလို့ စဉ်းစားကြတယ်။ (မ. ၂၄:၂၁; ဗျာ. ၇:၁၄) ကျွန်ုပ်တို့မျှော်လင့်ထားရာတွေ မပြည့်စုံသေးတာက ကျွန်ုပ်တို့ကို ဝမ်းနည်းစေနိုင်တယ်ဆိုတာ နားလည်နိုင်ပါတယ်။

ဒါပေမဲ့ ယေရှုက တပည့်နှစ်ဦးကို သူတို့အသက်ရှင်နေစဉ်အတွင်းမှာ ပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်တွေကို အာရုံစိုက်ဖို့ ကူညီပေးပြီးတဲ့နောက်မှာ တပည့်တွေ ရွှင်လန်းမှုပြန်ရခဲ့ကြတယ်ဆိုတာ သတိရပါ။ ကျွန်ုပ်တို့လည်း အလားတူလုပ်ဆောင်ခြင်းအားဖြင့် စိတ်ရွှင်လန်းနိုင်ပြီး စိတ်ဓာတ်ကျမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။ အတွေ့အကြုံရှိ ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်တဲ့ မိုက်ကယ် ဒီလိုပြောတယ်– “ယေဟောဝါ မလုပ်ဆောင်သေးတဲ့အရာတွေကိုပဲ အာရုံမစိုက်ပါနဲ့။ အဲဒီအစား ကိုယ်တော်ပြုလုပ်ခဲ့ပြီးရာတွေကို အာရုံစိုက်ပါ။” တကယ့်ကိုကောင်းတဲ့ အကြံဉာဏ်ပါပဲ။

ယေဟောဝါလုပ်ဆောင်ပြီးမြောက်ခဲ့ရာများ

ယေဟောဝါလုပ်ဆောင်ခဲ့ရာတွေထဲက တချို့အကြောင်း သုံးသပ်ကြည့်ပါ။ ယေရှု ဒီလိုဖော်ပြခဲ့တယ်– “ငါ့ကို ယုံကြည်သောသူသည် ငါပြုသောအမှုများကို ပြုလိမ့်မည်။ ထိုထက်သာ၍ကြီးသောအမှုများကိုလည်း ပြုလိမ့်မည်။” (ယော. ၁၄:၁၂) ယနေ့ ခရစ်ယာန်တွေဟာ ဟောပြာခြင်းလုပ်ငန်းကို တကယ့်ကြီးမားတဲ့အတိုင်းအတာနဲ့ ပြီးမြောက်အောင်မြင်နေကြပါတယ်။ ခုနစ်သန်းကျော်သောသူတွေဟာ ကြီးစွာသောဒုက္ခကို ကပ်ကျော်လွတ်မြောက်ဖို့ စောင့်မျှော်နေကြတယ်။ အရင်ကမရှိခဲ့ဖူးတဲ့အတိုင်းအတာနဲ့ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်များစွာဟာ ကမ္ဘာတစ်ခွင် ဒေသများစွာမှာ တက်ကြွစွာပါဝင်နေကြတာကို စဉ်းစားကြည့်ပါ။ “သာ၍ကြီးသောအမှုများကို” ပြုလိမ့်မည်ဆိုတဲ့ ယေရှုရဲ့ပရောဖက်ပြုစကားတွေ ပြည့်စုံစေဖို့ ယေဟောဝါက မိမိကျေးကျွန်တွေကို ကူညီပေးတယ်။

ယေဟောဝါ ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးခဲ့ရာတွေထဲမှာ နောက်ထပ် ဘာတွေရှိသေးလဲ။ စိတ်နှလုံးရိုးဖြောင့်သူတွေ ဆိုးညစ်တဲ့လောကကနေထွက်လာပြီး စည်းလုံးငြိမ်သက်တဲ့ ခရစ်ယာန်အသင်းအပင်းထဲဝင်ရောက်နိုင်ဖို့ ကိုယ်တော်ပြုလုပ်ပေးခဲ့တယ်။ (၂ ကော. ၁၂:၁-၄) ကျွန်ုပ်တို့ရရှိနိုင်တဲ့ အရာတချို့ကို အချိန်ယူစဉ်းစားကြည့်ပါ။ ဥပမာ၊ သင့်ကိုယ်ပိုင်စာအုပ်စင် ဒါမှမဟုတ် ဝတ်ပြုရာခန်းမထဲက စာကြည့်တိုက်ကို ကြည့်လိုက်ပါ။ ကင်းမျှော်စင်စာပေအညွှန်း ဒါမှမဟုတ် ကင်းမျှော်စင်စာကြည့်တိုက်စီဒီမှာ ရှာဖွေကြည့်ပါ။ အဖွဲ့အစည်းထုတ် ဗီဒီယိုခွေတွေကို ကြည့်ရှုပါ။ မကြာသေးမီကကျင်းပခဲ့တဲ့ ခရိုင်စည်းဝေးကြီးရဲ့ ပုံရိပ်တွေကို မြင်ယောင်ကြည့်၊ အသံတွေကို ကြားယောင်ကြည့်ပါ။ ဒါ့ပြင် တည်ဆောက်မှုဖြစ်စေတဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေနဲ့ ပေါင်းသင်းရတာကို စဉ်းစားကြည့်ပါ။ ယေဟောဝါက ကျွန်ုပ်တို့ကို အချိန်တန်အစာ အလျှံပယ်ပေးသနားထားတဲ့အပြင် စည်းလုံးပြီး မေတ္တာပြည့်ဝတဲ့ ကမ္ဘာချီညီအစ်ကိုညီအစ်မအသင်းအပင်းကိုပါ ပေးထားတယ်။

ဆာလံဆရာ ဒါဝိဒ် ဒီလိုဖော်ပြခဲ့တယ်– ‘အကျွန်ုပ်၏ဘုရားသခင်ယေဟောဝါ အကျွန်ုပ်တို့အဖို့ပြုတော်မူသော အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံအစည်တို့သည် များလှပါ၏။’ (ဆာ. ၄၀:၅) ယေဟောဝါ ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးခဲ့ရာတွေကို အလေးအနက်တွေးတောဆင်ခြင်ပြီး ကျွန်ုပ်တို့အပေါ်ပြတဲ့ မေတ္တာပါလုပ်ရပ်တွေကို ပြန်စဉ်းစားခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ကောင်းကင်ခမည်းတော် ယေဟောဝါကို နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအမှုဆောင်ရာမှာ ခံနိုင်ရည်ရှိစေတဲ့ ခွန်အားသစ်ကို ရရှိကြပါလိမ့်မယ်။—မ. ၂၄:၁၃

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

ယေဟောဝါပြုလုပ်ပေးခဲ့ရာများကို တွေးတောဆင်ခြင်နိုင်ဖို့ တပည့်တွေကို ယေရှု ကူညီပေးခဲ့

[စာမျက်နှာ ၃၂ ပါရုပ်ပုံ]

မကြာသေးမီကကျင်းပခဲ့တဲ့ ခရိုင်စည်းဝေးကြီးရဲ့ ပုံရိပ်တွေကို မြင်ယောင်ကြည့်ပါ၊ အသံတွေကို ကြားယောင်ကြည့်ပါ