မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေးဆောင်မှုကိုတွန်းလှန်ဖို့နဲ့ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းဖို့ အစွမ်းတန်ခိုးရရှိကြ

သွေးဆောင်မှုကိုတွန်းလှန်ဖို့နဲ့ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းဖို့ အစွမ်းတန်ခိုးရရှိကြ

သွေးဆောင်မှုကိုတွန်းလှန်ဖို့နဲ့ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းဖို့ အစွမ်းတန်ခိုးရရှိကြ

‘သင်တို့အပေါ်သို့ သန့်ရှင်းသောစွမ်းအားတော် သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိကြလိမ့်မည်။’—တ. ၁:၈

၁၊ ၂။ ယေရှုက ဘယ်အကူအညီပေးမယ်လို့ တပည့်တွေကို ကတိပြုခဲ့သလဲ၊ သူတို့ ဘာကြောင့် အဲဒါကို လိုအပ်သလဲ။

ပည့်တွေကို ယေရှုမိန့်မှာခဲ့တာတွေကို သူတို့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ မလုပ်ဆောင်နိုင်ဘူးဆိုတာ ကိုယ်တော်သိခဲ့တယ်။ ဟောပြောရမယ့်နယ်ပယ်၊ ဆန့်ကျင်မှုတွေရဲ့အင်အားနဲ့ လူ့မစုံလင်မှုတွေကိုထောက်ရှုရင် သူတို့တွေ သာမန်ထက်ထူးကဲတဲ့တန်ခိုး လိုအပ်တယ်ဆိုတာ ထင်ရှားတယ်။ ဒါကြောင့် ယေရှု ကောင်းကင်မတက်ကြွမီလေးမှာ တပည့်တွေကို ဒီလိုအာမခံခဲ့တယ်– “သင်တို့အပေါ်သို့ သန့်ရှင်းသော စွမ်းအားတော် သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်။”—တ. ၁:၈

ယေရှုရဲ့နောက်လိုက်တွေအပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းပြီး ဂျေရုဆလင်မြို့ကို သူတို့ရဲ့သွန်သင်ချက်နဲ့ ပြည့်စေခဲ့တဲ့ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ အဲဒီကတိတော် စတင်ပြည့်စုံခဲ့တယ်။ ဘယ်ဆန့်ကျင်မှုကမှ အဲဒီအလုပ်ကို ရပ်တန့်သွားအောင် မလုပ်ဆောင်နိုင်ခဲ့ဘူး။ (တ. ၄:၂၀) ကျွန်ုပ်တို့အပါအဝင် ယေရှုရဲ့သစ္စာရှိနောက်လိုက်တွေဟာ “ဤလောကစနစ်နိဂုံးပိုင်းတိုင်အောင်” ဘုရားသခင်ပေးတဲ့ အဲဒီခွန်အား မရှိမဖြစ်လိုအပ်တယ်။—မ. ၂၈:၂၀

၃။ (က) သန့်ရှင်းသောစွမ်းအားတော်နဲ့ တန်ခိုးရဲ့ ခြားနားမှုကို ရှင်းပြပါ။ (ခ) ယေဟောဝါထံကရရှိတဲ့ အစွမ်းတန်ခိုးက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။

‘သင်တို့အပေါ်သို့ သန့်ရှင်းသောစွမ်းအားတော် သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိကြလိမ့်မည်’ ဆိုပြီး တပည့်တွေကို ယေရှုကတိပေးခဲ့တယ်။ “တန်ခိုး” နဲ့ “စွမ်းအားတော်” ဆိုတာက အဓိပ္ပာယ်မတူဘူး။ ဘုရားသခင့်အသုံးတော်ခံစွမ်းအားဖြစ်တဲ့ သန့်ရှင်းသောစွမ်းအားတော်ကို ဘုရားသခင့်အလိုတော်ပြီးမြောက်ဖို့ လူတွေ၊ အရာဝတ္ထုတွေအပေါ် သက်ရောက်တဲ့စွမ်းအားအဖြစ် ဖော်ပြထားတယ်။ ဒါပေမဲ့ တန်ခိုးကိုတော့ “ရလဒ်တစ်ခု ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်စွမ်း” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ တန်ခိုးက သုံးဖို့မလိုအပ်ဘူးဆိုရင် တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်စုံတစ်ရာထဲမှာ တည်ရှိနေမှာဖြစ်တယ်။ ဒါကြောင့် သန့်ရှင်းသောစွမ်းအားတော်ကို ဘတ္ထရီတစ်လုံးကို အားပြန်ပြည့်စေတဲ့ လျှပ်စစ်စီးကြောင်းနဲ့ နှိုင်းယှဉ်နိုင်ပြီး “တန်ခိုး” ကိုတော့ ဘတ္ထရီထဲမှာ သိုလှောင်ထားတဲ့စွမ်းအင်နဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ မိမိကျေးကျွန်တွေကို ယေဟောဝါပေးတဲ့ သန့်ရှင်းသောစွမ်းအားတော်ကြောင့်ရလာတဲ့ တန်ခိုးက ကျွန်ုပ်တို့တစ်ဦးချင်းစီကို ခရစ်ယာန်အပ်နှံမှုနဲ့အညီ အသက်ရှင်နေထိုင်နိုင်ဖို့၊ ကျွန်ုပ်တို့အပေါ်သက်ရောက်နိုင်တဲ့ အပျက်သြဇာတွေကို တွန်းလှန်ဖို့ လိုအပ်တဲ့အခါတွေမှာ အစွမ်းတန်ခိုးပေးတယ်။—မိက္ခာ ၃:၈; ကောလောသဲ ၁:၂၉ တို့ကိုဖတ်ပါ။

၄။ ဒီဆောင်းပါးမှာ ဘာအကြောင်းသုံးသပ်ကြမလဲ၊ ဘာကြောင့်လဲ။

သန့်ရှင်းသောစွမ်းအားတော်ကြောင့် ကျွန်ုပ်တို့ အစွမ်းတန်ခိုးရကြောင်း ဘယ်လိုထင်ရှားသလဲ။ သန့်ရှင်းသောစွမ်းအားတော်ရဲ့လွှမ်းမိုးမှုကို ခံယူတယ်ဆိုရင် ကျွန်ုပ်တို့ ဘယ်လိုပြုမူလုပ်ဆောင်ကြမလဲ။ ဘုရားသခင်ကို ကျွန်ုပ်တို့သစ္စာရှိရှိအမှုဆောင်ရာမှာ စာတန်၊ စာတန့်လောကနဲ့ ကျွန်ုပ်တို့ရဲ့ မစုံလင်မှုကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြရတယ်။ အဲဒီအခက်အခဲတွေကို အောင်မြင်စွာဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်၊ ဒါမှသာ ခရစ်ယာန်တွေအနေနဲ့ စွဲမြဲစွာရပ်တည်နိုင်မှာဖြစ်တယ်၊ ခရစ်ယာန်ဓမ္မအမှုမှာ ပုံမှန်ပါဝင်ပြီး ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ကောင်းတဲ့ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားနိုင်မှာဖြစ်တယ်။ သွေးဆောင်မှုတွေကို တွန်းလှန်ဖို့၊ ခြေကုန်လက်ပန်းကျမှု၊ စိတ်ဓာတ်ကျမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကျွန်ုပ်တို့ကို သန့်ရှင်းသောစွမ်းအားတော် ကူညီပေးပုံကို သုံးသပ်ကြည့်ကြစို့။

သွေးဆောင်မှုတွေကို တွန်းလှန်ခြင်း

၅။ ဆုတောင်းခြင်းအားဖြင့် အစွမ်းတန်ခိုး ဘယ်လိုရနိုင်သလဲ။

“အပြစ်သွေးဆောင်ရာနောက်သို့ မလိုက်ပါစေဘဲ ဆိုးညစ်သူ၏လက်မှ ကယ်နုတ်တော်မူပါ” လို့ဆုတောင်းဖို့ တပည့်တွေကို ယေရှုသင်ပေးခဲ့တယ်။ (မ. ၆:၁၃) ဒီလိုတောင်းဆိုတဲ့ မိမိရဲ့သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ စွန့်ပစ်မှာမဟုတ်ဘူး။ နောက်အခြေအနေတစ်ခုမှာ ယေရှုက “ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို သာ၍ပေးတော်မူမည်” လို့မိန့်တော်မူခဲ့တယ်။ (လု. ၁၁:၁၃) မှန်ရာကိုလုပ်ဖို့အထောက်အကူပြုတဲ့ ကိုယ်တော့်စွမ်းအားတော်ကို ပေးမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိတော်က တကယ့်ကို အားရှိစေတယ်။ ဒါက သွေးဆောင်မှုတွေ မခံရအောင် ယေဟောဝါကာကွယ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ဘူး။ (၁ ကော. ၁၀:၁၃) ဒါပေမဲ့ သွေးဆောင်မှုတွေကို ကြုံတွေ့ရတဲ့အခါ အရင်ကထက်ပိုပြီး ထက်သန်စွာဆုတောင်းရမယ်။—မ. ၂၆:၄၂

၆။ စာတန်ရဲ့သွေးဆောင်မှုကို ဘယ်အရာပေါ်အခြေခံပြီး ယေရှု တုံ့ပြန်ခဲ့သလဲ။

စာတန်ရဲ့သွေးဆောင်မှုကို တွန်းလှန်ရာမှာ ယေရှု ကျမ်းစာကို ကိုးကားခဲ့တယ်။ ဘုရားသခင့်တရားစကားဟာ ယေရှုရဲ့စိတ်ထဲမှာ အပြည့်အဝရှိကြောင်း ကိုယ်တော်ရဲ့ ဒီတုံ့ပြန်မှုတွေမှာ တွေ့ရတယ်– “. . . ဟူ၍ ကျမ်းစာ၌ ရေးထားသည်၊ . . . ဟူ၍လည်း ကျမ်းစာ၌ ရေးထားသည်၊ . . . အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော် . . . ကိုသာ ဝတ်ပြုရမည်’ ဟူ၍ ကျမ်းစာ၌ ရေးထားသည်။” ယေဟောဝါနဲ့ ကိုယ်တော့်တရားစကားကို ချစ်မြတ်နိုးခြင်းက သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ ယေရှုကိုလှုံ့ဆော်ခဲ့တယ်။ (မ. ၄:၁-၁၀) ယေရှု အကြိမ်ကြိမ်ငြင်းပယ်ပြီးတဲ့နောက် စာတန် ကိုယ်တော့်ထံကနေ ထွက်သွားခဲ့တယ်။

၇။ သွေးဆောင်မှုတွေကိုတွန်းလှန်ဖို့ သမ္မာကျမ်းစာက ဘယ်လိုထောက်ကူသလဲ။

ယေရှုက စာတန်ရဲ့သွေးဆောင်မှုကို တွန်းလှန်ရာမှာ ကျမ်းစာကို အမှီပြုခဲ့တယ်ဆိုရင် ကျွန်ုပ်တို့က ပိုပြီးအမှီပြုသင့်ပါတယ်။ ကျွန်ုပ်တို့ စာတန်ကို တွန်းလှန်နိုင်ဖို့ ဦးဆုံး ဘုရားသခင့်စံနှုန်းတွေကို သိရှိပြီး အဲဒီအတိုင်း ထက်ကြပ်မကွာလိုက်လျှောက်ဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ များစွာသောသူတို့က သမ္မာကျမ်းစာကိုလေ့လာပြီး ဘုရားသခင့်ဉာဏ်ပညာနဲ့ ဖြောင့်မတ်ခြင်းတရားကို နားလည်သဘောပေါက်၊ လေးမြတ်လာတဲ့အခါ ကျမ်းစာစံနှုန်းတွေအတိုင်းလိုက်လျှောက်ဖို့ လှုံ့ဆော်ခံကြရတယ်။ “ဘုရားသခင်၏တရားစကားတော်” က “စိတ်နှလုံးအကြံအစည်များ” ကို ပိုင်းခြားသိမြင်နိုင်တဲ့ တန်ခိုးရှိတယ်။ (ဟေဗြဲ ၄:၁၂) သမ္မာကျမ်းစာကိုဖတ်ရှုပြီး တွေးတောဆင်ခြင်လေ ယေဟောဝါနဲ့ပတ်သက်တဲ့ ‘အမှန်တရားကို နားလည်’ လေဖြစ်တယ်။ (ဒံ. ၉:၁၃) ဒါကြောင့် ကိုယ့်ရဲ့အားနည်းချက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ထောက်ကူပေးတဲ့ကျမ်းချက်တွေကို တွေးတောဆင်ခြင်သင့်ပါတယ်။

၈။ ဘယ်နည်းတွေအားဖြင့် သန့်ရှင်းသောစွမ်းအားတော်ကို ရရှိနိုင်သလဲ။

ယေရှုက သမ္မာကျမ်းစာကိုသိနားလည်ခြင်းကြောင့်သာမကဘဲ “သန့်ရှင်းသောစွမ်းအားတော်နှင့်ပြည့်” တဲ့အတွက် သွေးဆောင်မှုကို တွန်းလှန်နိုင်ခဲ့ခြင်းဖြစ်တယ်။ (လု. ၄:၁) အလားတူတန်ခိုး၊ ခွန်အားရရှိဖို့ ကျွန်ုပ်တို့ဟာ သန့်ရှင်းသောစွမ်းအားတော် ရရှိစေတဲ့နည်းလမ်းတွေဖြစ်တဲ့ သမ္မာကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ယုံကြည်သူချင်းတွေနဲ့ပေါင်းသင်းခြင်းအားဖြင့် ယေဟောဝါထံချဉ်းကပ်ဖို့လိုတယ်။ (ယာ. ၄:၇၊ ၈) တည်ဆောက်မှုဖြစ်စေတဲ့ ဝတ်ပြုရေးနဲ့ဆိုင်တဲ့အရာတွေအပေါ် အာရုံရောက်စေတဲ့ ခရစ်ယာန်လုပ်ဆောင်မှုတွေမှာ အလုပ်များနေခြင်းအားဖြင့်လည်း လူများစွာ အကျိုးရရှိခဲ့ကြတယ်။

၉၊ ၁၀။ (က) သင့်ဒေသမှာ ဘယ်လိုသွေးဆောင်မှုတွေကို ကြုံတွေ့ရသလဲ။ (ခ) ခြေကုန်လက်ပန်းကျနေချိန်တွေမှာ သွေးဆောင်မှုတွေကိုတွန်းလှန်ဖို့ တွေးတောဆင်ခြင်ခြင်းနဲ့ ဆုတောင်းခြင်းက သင့်ကို ဘယ်လိုအစွမ်းတန်ခိုးပေးသလဲ။

ဘယ်သွေးဆောင်မှုတွေကို သင်တွန်းလှန်နေရသလဲ။ သင့်အိမ်ထောင်ဖက်မဟုတ်သူတစ်ဦးနဲ့ ပရောပရည်လုပ်ဖို့ သွေးဆောင်ခံရသလား။ သင်က တစ်ကိုယ်ရေဖြစ်မယ်ဆိုရင် မယုံကြည်သူတစ်ဦးကို စိတ်ဝင်စားဖူးသလား။ ရုပ်မြင်သံကြားကြည့်နေချိန် ဒါမှမဟုတ် အင်တာနက်သုံးနေချိန်မှာ ညစ်ညမ်းတဲ့အရာကိုကြည့်ဖို့ ရုတ်တရက်သွေးဆောင်ခံရနိုင်တယ်။ အဲဒီလိုကြုံခဲ့ရတဲ့အချိန်က သင်ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ခြေလှမ်းတစ်လှမ်း စ,မှားလိုက်တာနဲ့ နောက်ထပ်ခြေလှမ်းအမှားတွေကို လှမ်းမိစေပြီး ကြီးလေးတဲ့အမှား ကျူးလွန်တဲ့အထိဖြစ်သွားနိုင်ကြောင်း တွေးတောဆင်ခြင်ခြင်းက ပညာရှိရာရောက်တယ်။ (ယာ. ၁:၁၄၊ ၁၅) ကြီးလေးတဲ့အမှားကျူးလွန်မိတဲ့အခါ ယေဟောဝါ၊ အသင်းတော်နဲ့ သင့်မိသားစုကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ ဘုရားသခင့်မူတွေကို သစ္စာရှိရှိလိုက်လျှောက်မယ်ဆိုရင် ကြည်လင်တဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်ရနိုင်တယ်။ (ဆာလံ ၁၁၉:၃၇; သု. ၂၂:၃ တို့ကိုဖတ်ပါ။) အဲဒီလိုစမ်းသပ်မှုတွေနဲ့ ကြုံရတဲ့အခါတိုင်း တွန်းလှန်နိုင်တဲ့ခွန်အားပေးဖို့ ဆုတောင်းပါ။

၁၀ စာတန်ရဲ့သွေးဆောင်မှုကနေ သတိရသင့်တဲ့ အချက်တစ်ချက်ရှိသေးတယ်။ ယေရှု တောကန္တာရမှာ အရက် ၄၀ အစာရှောင်ပြီးတဲ့နောက် ကိုယ်တော့်ထံ စာတန် ချဉ်းကပ်ခဲ့တယ်။ ယေရှုရဲ့တည်ကြည်မှုကို စမ်းသပ်ဖို့ အထူး “အခွင့်အခါကောင်း” ဖြစ်တယ်လို့ စာတန်တွေးဆခဲ့တာ သေချာတယ်။ (လု. ၄:၁၃) စာတန်က ကျွန်ုပ်တို့ရဲ့တည်ကြည်မှုကိုစမ်းသပ်ဖို့ အဲဒီလိုပဲ အခွင့်အခါကောင်းကို စောင့်နေမှာဖြစ်တယ်။ ဒါကြောင့် ယုံကြည်ခြင်းခိုင်မြဲနေဖို့ အရေးကြီးတယ်။ စာတန်က သူ့ပစ်မှတ် အားအနည်းဆုံးအချိန်လို့ သူထင်မှတ်တဲ့အခါ တိုက်ခိုက်လေ့ရှိတယ်။ ဒါကြောင့် ကျွန်ုပ်တို့ခြေကုန်လက်ပန်းကျနေချိန်၊ စိတ်ဓာတ်ကျနေချိန်မှာ ယေဟောဝါထံက အကူအညီနဲ့ သန့်ရှင်းသောစွမ်းအားတော်ကို အရင်ကထက်ပိုတောင်းခံဖို့ စိတ်ပိုင်းဖြတ်ထားသင့်တယ်။—၂ ကော. ၁၂:၈-၁၀

ခြေကုန်လက်ပန်းကျမှုနဲ့ စိတ်ဓာတ်ကျမှုကို ရင်ဆိုင်ဖြေရှင်းခြင်း

၁၁၊ ၁၂။ (က) ဒီနေ့ လူများစွာ ဘာကြောင့်စိတ်ဓာတ်ကျနေကြသလဲ။ (ခ) စိတ်ဓာတ်ကျစရာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကျွန်ုပ်တို့ကို ဘာကအစွမ်းတန်ခိုးပေးနိုင်သလဲ။

၁၁ မစုံလင်တဲ့လူသားတွေဖြစ်တဲ့ ကျွန်ုပ်တို့က တစ်ခါတလေ စိတ်ဓာတ်ကျတတ်တယ်။ အထူးသဖြင့် ဖိစီးမှုများတဲ့ ဒီအချိန်မှာ ပိုစိတ်ဓာတ်ကျနိုင်ပါတယ်။ ကျွန်ုပ်တို့က လူသားထုတစ်ရပ်လုံး တစ်ခါမှမကြုံတွေ့ဖူးတဲ့ အခက်ခဲဆုံးအချိန်မှာ အသက်ရှင်နေကြရတယ်။ (၂ တိ. ၃:၁-၅) အာမဂေဒုန်နီးကပ်လာတာနဲ့အမျှ စီးပွားရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ အခြားအခက်အခဲတွေ တိုးများလာတယ်။ တချို့သူတွေ မိသားစုကိုထောက်ပံ့ကျွေးမွေးဖို့ ပိုခက်ခဲလာတယ်လို့ခံစားရတာက အံ့ဩစရာမဟုတ်ဘူး။ သူတို့တွေက ခြေကုန်လက်ပန်းကျ၊ ဝန်ပိလာပြီး လုံးပါးပါး၊ ချုံးချုံးကျတဲ့အထိတောင် ဖြစ်လာကြတယ်။ သင်လည်း အဲဒီလိုဖြစ်နေတယ်ဆိုရင် ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနိုင်သလဲ။

၁၂ တပည့်တွေကို ကူညီမစသူဖြစ်တဲ့ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော် ပေးမယ်ဆိုတဲ့ ယေရှုရဲ့အာမခံချက်ကို သတိရပါ။ (ယောဟန် ၁၄:၁၆၊ ၁၇ ကိုဖတ်ပါ။) ဒီစွမ်းအားက စကြဝဠာတစ်ခွင်မှာ တန်ခိုးအကြီးဆုံးစွမ်းအားဖြစ်တယ်။ ယေဟောဝါက ဒီစွမ်းအားကိုသုံးပြီး ကျွန်ုပ်တို့ကြုံတွေ့ရတဲ့ ဘယ်စမ်းသပ်မှုကိုမဆို ရင်ဆိုင်ခံရပ်နိုင်ဖို့ ခွန်အားကို “အလွန်များပြားစွာ” ပေးနိုင်တယ်။ (ဧ. ၃:၂၀) စွမ်းအားတော်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားမယ်ဆိုရင် “အဘက်ဘက်မှဖိနှိပ်ခံရ” ပေမဲ့လည်း “သာမန်ထက်ထူးကဲသောတန်ခိုးတော်” ကိုရရှိကြတယ်ဆိုပြီး တမန်တော်ပေါလု ပြောခဲ့တယ်။ (၂ ကော. ၄:၇၊ ၈) ယေဟောဝါက ဖိစီးမှုတွေကို ဖယ်ရှားပေးမယ်လို့ ကတိမပေးခဲ့ဘူး၊ ဒါပေမဲ့ ဒါတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ စွမ်းအားတော်အားဖြင့် ခွန်အားပေးမယ်ဆိုပြီး ကျွန်ုပ်တို့ကို အာမခံထားတယ်။—ဖိ. ၄:၁၃

၁၃။ (က) လူငယ်တစ်ဦး ခက်ခဲတဲ့အခြေအနေကို ဖြေရှင်းဖို့ အစွမ်းတန်ခိုး ဘယ်လိုရခဲ့သလဲ။ (ခ) အလားတူ တွေ့ကြုံမှုမျိုးကို သင်သိပါသလား။

၁၃ အသက် ၁၉ နှစ်အရွယ် မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ စတက်ဖနီရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ အသက် ၁၂ နှစ်အရွယ်မှာ လေဖြတ်ခဲ့ပြီး ဦးနှောက်မှာအကြိတ်ရှိကြောင်း သိခဲ့ရတယ်။ အဲဒီနောက်ပိုင်း ခွဲစိတ်ကုသမှုနှစ်ကြိမ် ခံခဲ့ရပြီး ဓာတ်ရောင်ခြည်နဲ့ကုသပြီးတဲ့နောက် နောက်ထပ် နှစ်ကြိမ်လေပြန်ဖြတ်ခဲ့တဲ့အတွက် သူ့ရဲ့ဘယ်ဘက်ကိုယ်တစ်ခြမ်း သိပ်မလှုပ်နိုင်တော့ဘဲ အမြင်အာရုံလည်း ထိခိုက်သွားတယ်။ စတက်ဖနီက သူ့အတွက် ပိုအရေးကြီးတဲ့အလုပ်ဖြစ်တဲ့ ခရစ်ယာန်အစည်းအဝေးတွေနဲ့ အမှုဆောင်လုပ်ငန်းမှာပါဝင်ဖို့ သူ့ရဲ့ခွန်အားကို မလိုအပ်တဲ့နေရာမှာ မသုံးဘူး။ ဒီလိုအခြေအနေဖြစ်နေပေမဲ့ ခံနိုင်ရည်ရှိဖို့ ယေဟောဝါရဲ့စွမ်းအားတော်က သူ့ကို နည်းများစွာနဲ့ ကူညီပေးတယ်လို့ သူခံစားရတယ်။ ခရစ်ယာန်ချင်းတွေရဲ့တွေ့ကြုံမှုတွေပါတဲ့ ကျမ်းစာအခြေပြုစာပေတွေက သူစိတ်ဓာတ်ကျနေချိန်တွေမှာ သူ့ကိုပြန်အားရှိစေတယ်။ ညီအစ်ကိုညီအစ်မတွေက သူ့ဆီစာရေးတယ်၊ အစည်းအဝေးမတိုင်မီနဲ့ အစည်းအဝေးပြီးနောက်မှာ သူ့ကိုအားပေးစကားပြောပြီး ထောက်မပေးကြတယ်။ စိတ်ဝင်စားသူတွေက သူ့အိမ်သွားပြီး ကျမ်းစာသင်ခြင်းအားဖြင့် စတက်ဖနီကို ကျေးဇူးတင်ကြောင်းဖော်ပြကြတယ်။ ဒါတွေအားလုံးအတွက် စတက်ဖနီက ယေဟောဝါကို အရမ်းကျေးဇူးတင်တယ်။ သူအကြိုက်ဆုံးကျမ်းချက်ဖြစ်တဲ့ ဆာလံ ၄၁:၃ က သူ့အဖြစ်မှာ တကယ်ပဲမှန်ကန်တယ်ဆိုတာ သူယုံကြည်တယ်။

၁၄။ ကျွန်ုပ်တို့စိတ်ဓာတ်ကျချိန်မှာ ဘာကိုရှောင်ရမလဲ၊ ဘာကြောင့်လဲ။

၁၄ ကျွန်ုပ်တို့ ခြေကုန်လက်ပန်းကျနေချိန်၊ ဖိစီးမှုတွေကြုံရချိန်မှာ ဒါတွေကို ဖြေရှင်းဖို့ ခရစ်ယာန်လုပ်ဆောင်မှုတွေကို လျှော့ချဖို့ ဘယ်တော့မှမစဉ်းစားရဘူး။ အဲဒါက ကျွန်ုပ်တို့ပြုလုပ်မိနိုင်တဲ့ အဆိုးဆုံးလုပ်ရပ်ဖြစ်တယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ကိုယ်ပိုင်လေ့လာမှု၊ မိသားစုဝတ်ပြုမှု၊ လယ်ကွင်းဓမ္မအမှုနဲ့ အစည်းအဝေးတွေကို မှန်မှန်တက်ရောက်ခြင်းစတဲ့ လုပ်ဆောင်မှုတွေက သန့်ရှင်းသောစွမ်းအားတော်ရရှိပြီး ပြန်အားပြည့်စေတဲ့နည်းတွေ ဖြစ်လို့ပါပဲ။ ခရစ်ယာန်လုပ်ဆောင်မှုတွေက အမြဲလန်းဆန်းမှုဖြစ်စေတယ်။ (မဿဲ ၁၁:၂၈၊ ၂၉ ကိုဖတ်ပါ။) တချို့ညီအစ်ကိုညီအစ်မတွေက အစည်းအဝေးကို မောပန်းနွမ်းလျပြီးရောက်လာတတ်ကြပေမဲ့ အစည်းအဝေးပြီးလို့ ပြန်သွားတဲ့အခါ အားသွင်းထားတဲ့ဘတ္ထရီလိုပဲ အားအင်အပြည့်နဲ့ ပြန်သွားကြတယ်။

၁၅။ (က) ခရစ်ယာန်အသက်တာက ကြိုးစားအားထုတ်မှုမလိုတဲ့ဘဝဖြစ်မယ်လို့ ယေဟောဝါ ကတိပေးထားသလား။ ကျမ်းချက်နဲ့ရှင်းပြပါ။ (ခ) ဘုရားသခင် ကျွန်ုပ်တို့ကို ဘာကတိပြုထားသလဲ၊ ဘာမေးခွန်းပေါ်လာသလဲ။

၁၅ ခရစ်ယာန်တပည့်ဖြစ်စေခြင်းလုပ်ငန်းက ဝန်ပေါ့တဲ့အလုပ်ဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သစ္စာရှိခရစ်ယာန်တစ်ဦးဖြစ်ဖို့အတွက် ကြိုးစားအားထုတ်မှုလိုတယ်။ (မ. ၁၆:၂၄-၂၆; လု. ၁၃:၂၄) ဒါပေမဲ့ ယေဟောဝါက ခြေကုန်လက်ပန်းကျနေသူတွေကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ခွန်အားပေးနိုင်ပါတယ်။ ‘ယေဟောဝါကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ’ ဆိုပြီး ပရောဖက်ဟေရှာယ ရေးခဲ့တယ်။ (ဟေရှာ. ၄၀:၂၉-၃၁) ဒါဆိုရင် ‘ခရစ်ယာန်လုပ်ဆောင်မှုတွေက ကျွန်ုပ်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ခံစားရစေတဲ့ အဓိကအကြောင်းရင်းက ဘာလဲ’ ဆိုတဲ့မေးခွန်းကို မိမိကိုယ်ကို မေးသင့်ပါတယ်။

၁၆။ ခြေကုန်လက်ပန်းကျမှု၊ စိတ်ဓာတ်ကျမှု ဖြစ်စေနိုင်တဲ့အရာတွေကို ဖယ်ရှားဖို့ ကျွန်ုပ်တို့ဘာလုပ်ဆောင်နိုင်သလဲ။

၁၆ ယေဟောဝါရဲ့တရားစကားတော်က “သာ၍အရေးကြီးသောအရာများကို သေချာစွာသိစေ” ပါဆိုပြီး ကျွန်ုပ်တို့ကို တိုက်တွန်းထားတယ်။ (ဖိ. ၁:၁၀) ခရစ်ယာန်ဘဝလမ်းစဉ်ကို တာဝေးအပြေးပြိုင်ပွဲတစ်ခုနဲ့နှိုင်းယှဉ်ပြီး တမန်တော်ပေါလုက စွမ်းအားတော်ရဲ့လှုံ့ဆော်မှုနဲ့ ဒီလိုရေးခဲ့တယ်– “ဝန်ရှိသမျှကို . . . ဖယ်ရှားကြစို့။ ထို့နောက် ငါတို့ရှေ့၌ရှိသော ပြေးပွဲကို ခံနိုင်ရည်ရှိစွာ ပြေးကြစို့။” (ဟေဗြဲ ၁၂:၁) ခြေကုန်လက်ပန်းကျစေတဲ့ မလိုအပ်တဲ့လိုက်စားရာတွေ၊ ဝန်တွေကို ဖယ်ရှားဖို့ တမန်တော် ပြောနေခြင်းဖြစ်တယ်။ ကျွန်ုပ်တို့ထဲကတချို့က အလုပ်များနေတဲ့ကြားကနေ မလိုအပ်တဲ့ဝန်တွေကို ထပ်ထမ်းနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် သင်ဟာ ခြေကုန်လက်ပန်းကျတယ်၊ ဖိစီးမှုခံနေရတယ်လို့ မကြာခဏခံစားရရင် လောကအလုပ်အကိုင်အတွက် သင့်ခွန်အားကို ဘယ်လောက်အသုံးပြုနေတယ်၊ အပန်းဖြေဖို့အတွက် ဘယ်နှစ်ကြိမ်လောက် ခရီးထွက်နေတယ်၊ အားကစားကို ဘယ်လောက် သဲကြီးမဲကြီးလိုက်စားနေတယ်ဆိုတာ ပြန်ဆန်းစစ်ခြင်းကနေ အကျိုးခံစားရနိုင်ပါတယ်။ အကျိုးသင့်အကြောင်းသင့်ရှိပြီး ရိုးရိုးသားသားဆန်းစစ်ခြင်းက ကျွန်ုပ်တို့ရဲ့အကန့်အသတ်ဖြစ်မှုကို သိမြင်စေပြီး မလိုအပ်တဲ့လုပ်ဆောင်မှုတွေကို လျှော့ချစေမှာဖြစ်တယ်။

၁၇။ တချို့သူတွေ ဘာကြောင့် စိတ်ဓာတ်ကျနိုင်သလဲ၊ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါ ဘာအာမခံချက်ပေးထားသလဲ။

၁၇ ဒီလောကစနစ်အဆုံးက ကျွန်ုပ်တို့မျှော်လင့်ထားချိန်မှာ မရောက်လာတဲ့အတွက် ကျွန်ုပ်တို့ထဲကတချို့ဟာ စိတ်ဓာတ်ကျနေနိုင်တယ်။ (သု. ၁၃:၁၂) ဒါပေမဲ့ အဲဒီလိုခံစားရသူတိုင်းက ဟဗက္ကုတ် ၂:၃ မှာ ဖော်ပြထားတဲ့ ဒီစကားတွေကနေ ခွန်အားရနိုင်ပါတယ်– ‘ထိုသို့သောအဆင်းအာရုံသည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကို ဆိုလို၏။ မုသာနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်းမျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။’ ဒီလောကစနစ်ရဲ့အဆုံးက ယေဟောဝါသတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ ရောက်လာမယ်ဆိုတဲ့ အာမခံချက်ကို ကျွန်ုပ်တို့ရရှိထားတယ်။

၁၈။ (က) ဘယ်ကတိတော်တွေက သင့်ကို ခွန်အားရှိစေသလဲ။ (ခ) နောက်ဆောင်းပါးမှာ ကျွန်ုပ်တို့ကိုအကျိုးပြုမယ့် ဘယ်အရာတွေကို သင်ယူရရှိမလဲ။

၁၈ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်အားလုံးက ခြေကုန်လက်ပန်းကျတာ၊ စိတ်ဓာတ်ကျတာတွေ မရှိတော့ဘဲ “ပျိုသောအသက်” နဲ့တစ်ဖန်ပြန်ပြည့်စုံမယ့်အချိန်ကို အမှန်မျှော်လင့်တောင့်တနေကြတယ်။ (ယောဘ ၃၃:၂၅) သန့်ရှင်းသောစွမ်းအားတော်သက်ရောက်စေတဲ့ ခရစ်ယာန်လုပ်ငန်းဆောင်တာတွေမှာ မပြတ်ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ယခုအချိန်မှာတောင် အတွင်းစိတ်က ခွန်အားနဲ့ပြည့်နေနိုင်ပါတယ်။ (၂ ကော. ၄:၁၆; ဧ. ၃:၁၆) ခြေကုန်လက်ပန်းကျမှုတွေကြောင့် ထာဝစဉ်ခံစားရမယ့်ကောင်းချီးတွေကို ဆုံးရှုံးမခံပါနဲ့။ သွေးဆောင်မှု၊ ခြေကုန်လက်ပန်းကျမှု၊ စိတ်ဓာတ်ကျမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်မှုတွေက ပျောက်ကွယ်သွားပါလိမ့်မယ်၊ ချက်ချင်းမဟုတ်ရင်တောင် ဘုရားသခင့်ကမ္ဘာသစ်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံရပ်နိုင်ဖို့၊ အကျိုးယုတ်စေတဲ့ ရွယ်တူချင်းဖိအားတွေကို တွန်းလှန်ဖို့၊ တခြားအခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ ခရစ်ယာန်တွေကို သန့်ရှင်းသောစွမ်းအားတော်က ဘယ်လိုအစွမ်းတန်ခိုးပေးတယ်ဆိုတာကို နောက်ဆောင်းပါးမှာ သုံးသပ်ကြပါမယ်။

သင် ဘယ်လိုဖြေဆိုမလဲ

• သမ္မာကျမ်းစာဖတ်ရှုခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုအစွမ်းတန်ခိုးပေးသလဲ။

• ဆုတောင်းခြင်းနဲ့ တွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုအစွမ်းတန်ခိုးပေးသလဲ။

• စိတ်ဓာတ်ကျမှုကိုဖြစ်စေနိုင်တဲ့အရာတွေကို သင် ဘယ်လိုဖယ်ရှားနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ခရစ်ယာန်အစည်းအဝေးတွေက ကျွန်ုပ်တို့ကို ပြန်လည်လန်းဆန်းအားတက်စေ