မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ကို ဘုရားသခင်ပေးသော ဆုကျေးဇူးအဖြစ် လေးစားပါ

အိမ်ထောင်ကို ဘုရားသခင်ပေးသော ဆုကျေးဇူးအဖြစ် လေးစားပါ

အိမ်ထောင်ကို ဘုရားသခင်ပေးသော ဆုကျေးဇူးအဖြစ် လေးစားပါ

“ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။”—က. ၂:၂၄

၁။ ယေဟောဝါက ဘာကြောင့် လေးစားခံထိုက်သလဲ။

အိမ်ထောင်ကိုအစပြုရှင်ဖြစ်တဲ့ ယေဟောဝါဘုရားသခင်က အမှန်ပဲ လေးစားခံထိုက်ပါတယ်။ ကိုယ်တော့်ကို ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်၊ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၊ ကောင်းကင်ခမည်းတော်အနေနဲ့ “ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှ” ကိုပေးတဲ့အရှင်အဖြစ် မှန်ကန်စွာဖော်ပြထားပါတယ်။ (ယာ. ၁:၁၇; ဗျာ. ၄:၁၁) ဒါက ကိုယ်တော့်ကြီးမြတ်တဲ့မေတ္တာ ဖော်ပြချက်ဖြစ်တယ်။ (၁ ယော. ၄:၈) ကျွန်ုပ်တို့ကို ကိုယ်တော်သင်ပေးသမျှ၊ ကျွန်ုပ်တို့ထံက ကိုယ်တော်တောင်းဆိုသမျှ၊ ကျွန်ုပ်တို့ကို ကိုယ်တော်ပေးအပ်သမျှက ကျွန်ုပ်တို့ကောင်းကျိုးအတွက်သာဖြစ်တယ်။—ဟေရှာ. ၄၈:၁၇

၂။ ပထမဆုံးမင်္ဂလာမောင်နှံကို ယေဟောဝါ ဘယ်လမ်းညွှန်ချက်တွေပေးခဲ့သလဲ။

သမ္မာကျမ်းစာက အိမ်ထောင်ကို ဘုရားသခင်ထံက “ကောင်းမြတ်သော” ဆုကျေးဇူးတွေထဲကတစ်ခုအဖြစ် ဖော်ပြထားတယ်။ (ရု. ၁:၉; ၂:၁၂) ပထမဆုံးမင်္ဂလာမောင်နှံဖြစ်တဲ့ အာဒံနဲ့ဧဝကို ယေဟောဝါစုံဖက်ပေးချိန်မှာ အိမ်ထောင်အောင်မြင်ရေးအတွက် သတ်သတ်မှတ်မှတ်လမ်းညွှန်ချက်တွေကို ကိုယ်တော်ပေးခဲ့တယ်။ (မဿဲ ၁၉:၄-၆ ကိုဖတ်ပါ။) ဘုရားသခင့်လမ်းညွှန်ချက်ကို သူတို့လိုက်နာမယ်ဆိုရင် တည်မြဲတဲ့ပျော်ရွှင်မှုကို ခံစားရမှာဖြစ်တယ်။ ဒါပေမဲ့ သူတို့က ဘုရားသခင့်အမိန့်တော်ကို မိုက်မိုက်မဲမဲ ငြင်းပယ်ခဲ့တဲ့အတွက် အဖြစ်ဆိုးတွေကို ခံစားခဲ့ရတယ်။—က. ၃:၆-၁၃၊ ၁၆-၁၉၊ ၂၃

၃၊ ၄။ (က) ဒီနေ့လူများစွာက အိမ်ထောင်နဲ့ ယေဟောဝါဘုရားသခင်ကို လေးစားမှုမရှိကြောင်း ဘယ်လိုပြသကြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်နမူနာတွေကို သုံးသပ်ကြမလဲ။

အဲဒီကနဦးမောင်နှံလိုပဲ ယနေ့လူအများက အိမ်ထောင်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ ယေဟောဝါရဲ့လမ်းညွှန်ချက်ကို ထည့်မတွက်ကြဘူး။ တချို့သူတွေက လက်မထပ်ဘဲ အတူနေကြတယ်၊ တစ်ယောက်ကိုငြီးငွေ့သွားရင် နောက်တစ်ယောက်ပြောင်းကြတယ်။ တခြားသူတွေကျတော့ လွယ်လွယ်နဲ့ ကွာရှင်းကြတယ်၊ လိင်တူချင်းအိမ်ထောင်ပြုကြတယ်။ (ရော. ၁:၂၄-၃၂; ၂ တိ. ၃:၁-၅) အိမ်ထောင်က ဘုရားသခင်ပေးဆုကျေးဇူးဖြစ်တယ်ဆိုတဲ့အချက်ကို လက်မခံတဲ့အပြင် ဒီဆုကျေးဇူးကို မလေးစားခြင်းအားဖြင့် ဆုကျေးဇူးပေးတဲ့အရှင် ယေဟောဝါဘုရားသခင်ကိုလည်း မလေးစားကြဘူး။

တစ်ခါတစ်ရံ ဘုရားသခင့်ကျေးကျွန်တချို့တောင် အိမ်ထောင်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်မျိုး ပျောက်သွားနိုင်တယ်။ အချို့ခရစ်ယာန်မောင်နှံတွေက ခွဲနေဖို့ ဆုံးဖြတ်ကြတယ် ဒါမှမဟုတ် ကျမ်းစာအကြောင်းပြချက်မရှိဘဲ ကွာရှင်းကြတယ်။ ဒါတွေကို ဘယ်လိုရှောင်နိုင်သလဲ။ ကမ္ဘာဦး ၂:၂၄ မှာပါတဲ့ ဘုရားသခင့်လမ်းညွှန်ချက်က သူတို့ရဲ့အိမ်ထောင်ခိုင်မြဲဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။ အိမ်ထောင်ပြုဖို့စဉ်းစားနေသူတွေ ဘယ်လိုပြင်ဆင်နိုင်သလဲ။ ယေဟောဝါကိုလေးစားခြင်းက တည်မြဲတဲ့အိမ်ထောင်တည်ဆောက်ရာမှာ အဓိကသော့ချက်ဖြစ်ကြောင်းဖော်ပြတဲ့ ကျမ်းစာခေတ်က အောင်မြင်တဲ့အိမ်ထောင်သုံးခုကို သုံးသပ်ကြည့်ကြစို့။

သစ္စာရှိပါ

၅၊ ၆။ ဇာခရိနဲ့ ဧလိရှဗက်တို့အတွက် ဘယ်အခြေအနေက စမ်းသပ်မှုဖြစ်နိုင်သလဲ၊ သူတို့ရဲ့သစ္စာရှိမှု ဘယ်လို ဆုချခံခဲ့ရသလဲ။

ဇာခရိနဲ့ ဧလိရှဗက်တို့ဟာ မှန်ကန်ရာကိုပဲ အမြဲလုပ်ဆောင်တယ်။ သူတို့နှစ်ဦးစလုံးက ယေဟောဝါအပေါ်သစ္စာရှိသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တယ်။ ဇာခရိက သူ့ရဲ့ယဇ်ပုရောဟိတ်တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ခဲ့ပြီး သူတို့နှစ်ဦးစလုံးက ဘုရားသခင့်ပညတ်ကို အတတ်နိုင်ဆုံး လိုက်နာခဲ့ကြတယ်။ သူတို့မှာ ဘုရားသခင်ကို ကျေးဇူးတင်စရာများစွာရှိတာ သေချာတယ်။ ဒါပေမဲ့ ယုဒနယ်မှာရှိတဲ့ သူတို့ရဲ့အိမ်ကို သင်အလည်အပတ်သွားတယ်ဆိုရင် တစ်ခုခုလိုနေတာကို သင်တွေ့ရလိမ့်မယ်။ သူတို့မှာ ကလေးမရှိဘူး။ ဧလိရှဗက်က မြုံနေပြီး သူတို့နှစ်ဦးစလုံးကလည်း အသက်အရွယ်လွန်နေပြီ။—လု. ၁:၅-၇

ရှေးခေတ်အစ္စရေးအချိန်ကဆိုရင် ကလေးမွေးဖွားခြင်းကို အလွန်အလေးထားကြပြီး မိသားစုမှာလည်း လူဦးရေများပြီး သိုက်သိုက်ဝန်းဝန်းရှိကြတယ်။ (၁ ရာ. ၁:၂၊ ၆၊ ၁၀; ဆာ. ၁၂၈:၃၊ ၄) အဲဒီအချိန်က အစ္စရေးအမျိုးသားတချို့ဟာ ကလေးမမွေးတဲ့ ဇနီးသည်ကို သစ္စာဖျက်ပြီး ကွာရှင်းတတ်ကြတယ်။ ဒါပေမဲ့ ဇာခရိကတော့ ဧလိရှဗက်အပေါ် သစ္စာရှိခဲ့တယ်။ သူ့ဇနီးကို ကွာရှင်းဖို့ နည်းလမ်းမရှာခဲ့သလို သူဇနီးကလည်း အဲဒီလိုမလုပ်ခဲ့ဘူး။ ကလေးမရှိလို့ သူတို့ဝမ်းနည်းကြပေမဲ့ ယေဟောဝါကို သစ္စာရှိရှိ အတူတကွ ဆက်အမှုဆောင်ခဲ့တယ်။ အချိန်တန်တဲ့အခါမှာ ဒီအသက်ကြီးသူနှစ်ဦးကို အံ့ဖွယ်နည်းနဲ့ သားတစ်ဦးဖွားမြင်စေခြင်းအားဖြင့် ယေဟောဝါ ကြွယ်ဝစွာဆုချခဲ့တယ်။—လု. ၁:၈-၁၄

၇။ ဧလိရှဗက်က သူ့ခင်ပွန်းအပေါ်သစ္စာရှိကြောင်း နောက်ထပ်ဘယ်နည်းနဲ့ တင်ပြခဲ့သလဲ။

ဧလိရှဗက်က ချီးမွမ်းဖွယ်ကောင်းတဲ့ သစ္စာရှိမှုကို တခြားနည်းနဲ့လည်း ပြသခဲ့တယ်။ သားဖြစ်သူယောဟန်ကို ဖွားမြင်ချိန်မှာ ဇာခရိက စကားမပြောနိုင်ဘူး၊ အကြောင်းကတော့ ဘုရားသခင့်ကောင်းကင်တမန်ကို မယုံသင်္ကာနဲ့ မေးခွန်းထုတ်ခဲ့လို့ ဆွံ့အနေတယ်။ ဒါပေမဲ့ ဘုရားသခင့်ကောင်းကင်တမန်က ကလေးကို “ယောဟန်” လို့အမည်ပေးဖို့ ညွှန်ကြားခဲ့တဲ့အကြောင်း သူ့ဇနီးကို ဇာခရိ တစ်နည်းနည်းနဲ့ ပြောပြခဲ့မှာပဲ။ အိမ်နီးချင်းတွေနဲ့ ဆွေမျိုးတွေက ကလေးကို သူ့ဖခင်ရဲ့နာမည်ပေးချင်ပေမဲ့ ဧလိရှဗက်က သူ့ခင်ပွန်းရဲ့ညွှန်ကြားချက်ကို သစ္စာရှိရှိလိုက်နာခဲ့တယ်။ သူက “ထိုသို့မဟုတ်၊ ယောဟန်ဟူ၍မှည့်ရမည်” လို့ပြောခဲ့တယ်။—လု. ၁:၅၉-၆၃

၈၊ ၉။ (က) သစ္စာရှိခြင်းက အိမ်ထောင်ကို ဘယ်လို ခိုင်မြဲစေသလဲ။ (ခ) အိမ်ထောင်သည်မောင်နှံအချင်းချင်း သစ္စာရှိကြောင်းတင်ပြနိုင်တဲ့ သတ်သတ်မှတ်မှတ်နည်းတချို့က ဘာလဲ။

ဇာခရိနဲ့ ဧလိရှဗက်လိုပဲ ယနေ့ အိမ်ထောင်သည်မောင်နှံတွေမှာ စိတ်ပျက်စရာတွေ၊ အခက်အခဲတွေ များစွာရှိကြတယ်။ အိမ်ထောင်မှာ သစ္စာမရှိဘူးဆိုရင် တည်မြဲနိုင်မှာမဟုတ်ဘူး။ သာယာတဲ့အိမ်ထောင်ကို ပျက်ပြားစေနိုင်တဲ့ ပရောပရည်လုပ်တာ၊ ညစ်ညမ်းရုပ်ပုံစာပေကြည့်တာ၊ အိမ်ထောင်ရေးဖောက်ပြန်တာနဲ့ တခြားအရာတွေက အိမ်ထောင်မှာရှိတဲ့ ယုံကြည်စိတ်ချမှုကို ပျက်စီးသွားစေနိုင်တယ်။ အိမ်ထောင်သည်မောင်နှံကြားမှာ ယုံကြည်စိတ်ချမှု မရှိတော့ဘူးဆိုရင် မေတ္တာလည်း တဖြည်းဖြည်းခန်းခြောက်လာမှာဖြစ်တယ်။ သစ္စာရှိမှုက အိမ်ကို သူစိမ်းရန်ကနေ၊ အန္တရာယ်တွေကနေ အတော်အသင့်ကာကွယ်ပေးတဲ့ ခြံစည်းရိုးနဲ့တူတယ်၊ အဲဒါက အိမ်ထဲမှာရှိသူတွေကို အတော်အတန် ကာကွယ်ပေးနိုင်တယ်။ ဒါကြောင့် ခင်ပွန်းသည်နဲ့ ဇနီးသည်က အချင်းချင်းသစ္စာရှိမယ်ဆိုရင် သူတို့ အပြန်အလှန်ယုံကြည်စိတ်ချပြီး ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်တဲ့အတွက် မေတ္တာ ပိုတိုးပွားလာမှာဖြစ်တယ်။ သစ္စာရှိဖို့ တကယ်ပဲအရေးကြီးပါတယ်။

ယေဟောဝါက အာဒံကို “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲ . . . ရလိမ့်မည်” လို့ ပြောခဲ့တယ်။ (က. ၂:၂၄) ဒီအချက်က ဘာကိုဆိုလိုသလဲ။ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ ပေါင်းသင်းတာကို ပြုပြင်ချိန်ညှိရတော့မယ်။ အိမ်ထောင်ဖက်ထက် မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေကို ဦးစားပေးတော့မှာမဟုတ်သလို မိသားစုဆုံးဖြတ်ချက်တွေချတဲ့အခါ၊ သဘောထားကွဲလွဲတဲ့အခါတွေမှာ မိဘတွေကို ကြားဝင်စွက်ဖက်ခွင့် ပြုမှာမဟုတ်ဘူး။ အဲဒီလိုနည်းအားဖြင့် အိမ်ထောင်သည်မောင်နှံက အခု ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲကြရမှာဖြစ်တယ်။ ဒါက ဘုရားသခင့်ညွှန်ကြားချက်ပဲ။

၁၀။ အိမ်ထောင်ဖက်တွေ သစ္စာရှိဖို့ ဘာက အထောက်အကူပေးမလဲ။

၁၀ ယုံကြည်ခြင်းမတူတဲ့အိမ်ထောင်တွေမှာတောင် သစ္စာရှိခြင်းက အကျိုးဖြစ်စေတယ်။ မယုံကြည်သူခင်ပွန်းရှိတဲ့ ညီအစ်မက ဒီလိုပြောတယ်– “ကျွန်မရဲ့ခင်ပွန်းကို ဘယ်လိုလက်အောက်ခံရမယ်၊ ဘယ်လိုရိုသေလေးစားရမယ်ဆိုတာ သင်ပေးတဲ့အတွက် ယေဟောဝါကို အရမ်းကျေးဇူးတင်တယ်။ သစ္စာရှိခဲ့တဲ့အတွက် ၄၇ နှစ်ကြာတဲ့အထိ ချစ်ခင်လေးစားမှုရှိခဲ့တယ်။” (၁ ကော. ၇:၁၀၊ ၁၁; ၁ ပေ. ၃:၁၊ ၂) ဒါကြောင့် သင့်အိမ်ထောင်ဖက်အပေါ် သင်သစ္စာရှိတယ်ဆိုတာ သူယုံကြည်စိတ်ချအောင် အတတ်နိုင်ဆုံး လုပ်ဆောင်ပါ။ သူသာလျှင် သင့်အတွက် တစ်မိုးအောက်တစ်ယောက်ဖြစ်ကြောင်း သင့်ရဲ့အပြောအဆို၊ အပြုအမူအားဖြင့်ပြပါ။ အဲဒီလိုဖြစ်ဖို့ သင့်အပေါ်မှာမူတည်တဲ့အတွက် သင်တို့နှစ်ယောက်ကြားမှာ ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ ဝင်ရောက်စွက်ဖက်ခွင့်မပြုပါနဲ့။ (သု. ၅:၁၅-၂၀ ကိုဖတ်ပါ။) ပျော်ရွှင်စွာလက်ထပ်ပေါင်းသင်းလာတာ ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရွန်နဲ့ ဂျန်နက်က ဒီလိုပြောတယ်– “ကျွန်တော်တို့က အချင်းချင်းကိုရော ယေဟောဝါအပေါ်မှာပါ သစ္စာရှိခဲ့ကြတဲ့အတွက် ပျော်ရွှင်ပြီး အောင်မြင်တဲ့အိမ်ထောင်ဖြစ်ခဲ့တယ်။”

စည်းလုံးမှုက အိမ်ထောင်ကို ခိုင်မြဲစေ

၁၁၊ ၁၂။ အာကုလနဲ့ ပြစ်ကိလက (က) အိမ်မှာ၊ (ခ) အလုပ်မှာ၊ (ဂ) ခရစ်ယာန်ဓမ္မအမှုမှာ ဘယ်လို စိတ်တူကိုယ်တူ လုပ်ဆောင်ခဲ့ကြသလဲ။

၁၁ တမန်တော်ပေါလုက သူရဲ့မိတ်ဆွေတွေဖြစ်တဲ့ အာကုလနဲ့ ပြစ်ကိလအကြောင်းပြောတဲ့အခါ သူတို့နှစ်ယောက်ကို ဘယ်တော့မှ တစ်ယောက်ချင်းစီ ခွဲပြီးမဖော်ပြခဲ့ဘူး။ စည်းလုံးတဲ့ဒီမောင်နှံက ခင်ပွန်းနဲ့ဇနီးက “တစ်သားတစ်ကိုယ်တည်း” ဖြစ်သင့်တယ်ဆိုတဲ့ ဘုရားသခင့် မိန့်ဆိုချက်အတွက် ပုံသက်သေကောင်း ဖြစ်ခဲ့တယ်။ (က. ၂:၂၄) သူတို့က အိမ်မှာ၊ အလုပ်မှာ၊ ခရစ်ယာန်ဓမ္မအမှုမှာ အမြဲတစ်တွဲတွဲ လုပ်ဆောင်ခဲ့တယ်။ ဥပမာ၊ ပေါလု ကောရိန္သုမြို့ကို ဦးဆုံးအကြိမ်ရောက်လာတဲ့အခါ အာကုလနဲ့ ပြစ်ကိလက ပေါလုကို သူတို့အိမ်မှာတည်းဖို့ ဝမ်းသာအယ်လဲဖိတ်ခေါ်တဲ့အတွက် ပေါလုက အချိန်အတိုင်းအတာတစ်ခုအထိ အဲဒီမှာပဲနေပြီး ခရစ်ယာန်ဓမ္မအမှုကို ဆောင်ရွက်ခဲ့ပုံရတယ်။ နောက်ပိုင်း ဧဖက်မြို့မှာနေတဲ့အခါ သူတို့ရဲ့အိမ်ကို အသင်းတော်အစည်းအဝေးတွေကျင်းပဖို့ အသုံးပြုခဲ့ပြီး အာပေါလုလို ယုံကြည်သူလူသစ်တွေကို အမှန်တရားအကြောင်း ပိုရှင်းရှင်းလင်းလင်းသိလာအောင် ကူညီပေးရာမှာ တက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြတယ်။ (တ. ၁၈:၂၊ ၁၈-၂၆) ဒီဇွဲထက်သန်တဲ့မောင်နှံ ရောမမြို့ကို ပြောင်းသွားတဲ့အခါ သူတို့ရဲ့အိမ်ကို အသင်းတော်အစည်းအဝေးတွေကျင်းပဖို့ တံခါးဖွင့်ပေးခဲ့တယ်။နောက်ပိုင်း ဧဖက်မြို့ကိုပြောင်းသွားတဲ့အခါမှာလည်း ညီအစ်ကိုတွေကို အားပေးခဲ့တယ်။—ရော. ၁၆:၃-၅

၁၂ အာကုလနဲ့ပြစ်ကိလတို့က ဝမ်းစာရေးအတွက် တဲရှင်ချုပ်တဲ့အလုပ်ကို ပေါလုနဲ့အတူ ခဏတစ်ဖြုတ်လုပ်ဆောင်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းကလည်း ဇနီးမောင်နှံနှစ်ဦးဟာ အပြိုင်အဆိုင်မရှိဘဲ စိတ်တူကိုယ်တူ တွဲလုပ်ဆောင်ခဲ့တာကို တွေ့ရပြန်တယ်။ (တ. ၁၈:၃) ဒါပေမဲ့ ယေဟောဝါရဲ့အမှုတော်ကို အရေးအကြီးဆုံးလုပ်ငန်းအဖြစ် အတူတကွလုပ်ဆောင်ခဲ့လို့ သူတို့ရဲ့အိမ်ထောင်က ပျော်ရွှင်၊ ခိုင်မြဲခဲ့တယ်။ ကောရိန္သုနဲ့ ဧဖက်မှာသာမက ရောမမြို့မှာပါ သူတို့ကို ‘ခရစ်တော်ယေရှု၌ လုပ်ဖော်ဆောင်ဖက်’ အဖြစ် လူသိများခဲ့တယ်။ (ရော. ၁၆:၃) သူတို့က ရောက်တဲ့နေရာတိုင်းမှာ နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကျယ်ပြန့်ဖို့ အတွဲညီညီ လုပ်ဆောင်ခဲ့ကြတယ်။

၁၃၊ ၁၄။ (က) ဘယ်အခြေအနေတွေက အိမ်ထောင်ရဲ့စည်းလုံးမှုကို ထိခိုက်နိုင်သလဲ။ (ခ) အိမ်ထောင်သည်တွေကို “တစ်သားတစ်ကိုယ်တည်း” ဖြစ်စေတဲ့ အရာတချို့က ဘာလဲ။

၁၃ ပန်းတိုင်တူတာ၊ စည်းလုံးစွာအတူလုပ်ဆောင်တာက အိမ်ထောင်ကို ခိုင်မြဲစေတယ်။ (ဒေ. ၄:၉၊ ၁၀) ဝမ်းနည်းစရာက အိမ်ထောင်သည်များစွာဟာ အတူတူရှိတဲ့အချိန် အရမ်းနည်းတယ်။ သူတို့က သီးခြားအလုပ်ခွင်တွေမှာ အချိန်အကြာကြီး အလုပ်လုပ်ရတယ်။ တခြားသူတွေက အလုပ်ကြောင့် အမြဲခရီးထွက်နေရတယ် ဒါမှမဟုတ် အိမ်ကို ငွေပြန်ပို့နိုင်ဖို့ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ကြတယ်။ အိမ်မှာအတူရှိနေတဲ့အချိန်တွေမှာတောင် တချို့အိမ်ထောင်ဖက်တွေက ရုပ်မြင်သံကြား၊ ဝါသနာပါရာ၊ အားကစား၊ ကွန်ပျူတာသုံးတာစတာတွေနဲ့ အချိန်ကုန်နေလို့ တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်ကြဘူး။ သင့်အိမ်မှာကော အဲဒီလိုဖြစ်နေသလား။ ဖြစ်နေမယ်ဆိုရင် အတူတကွလုပ်ဆောင်ဖို့ အခြေအနေတွေကို ချိန်ညှိနိုင်ပါတယ်။ နေ့စဉ်လုပ်ဆောင်စရာတွေဖြစ်တဲ့ အစားအစာပြင်ဆင်တာ၊ ပန်းကန်ဆေးတာ၊ ခြံထဲမှာအလုပ်လုပ်တာတွေကို အတူလုပ်ဆောင်နိုင်မလား။ ကလေးတွေကိုပြုစုတာ၊ သက်ကြီးမိဘတွေကို စောင့်ရှောက်ရာမှာ အတူလုပ်ဆောင်နိုင်မလား။

၁၄ အရေးအကြီးဆုံးက ဝတ်ပြုရေးနဲ့ဆက်နွှယ်တဲ့ လုပ်ဆောင်မှုတွေကို အတူတကွ လုပ်ဆောင်ခြင်းဖြစ်တယ်။ နေ့စဉ်ကျမ်းချက် အတူသုံးသပ်တာ၊ မိသားစုဝတ်ပြုမှုမှာ အတူပါဝင်တာက သင့်မိသားစုရဲ့စဉ်းစားတွေးခေါ်ပုံနဲ့ ပန်းတိုင်တွေကို တူညီလာစေမယ်။ ဓမ္မအမှုမှာလည်း အတူတကွ လုပ်ဆောင်ပါ။ သင့်အခြေအနေခွင့်ပြုတယ်ဆိုရင် တစ်လပဲဖြစ်စေ၊ တစ်နှစ်ဖြစ်စေ အတူတကွရှေ့ဆောင်လုပ်ပါ။ (၁ ကောရိန္သု ၁၅:၅၈ ကိုဖတ်ပါ။) ခင်ပွန်းသည်နဲ့အတူ ရှေ့ဆောင်လုပ်တဲ့ ညီအစ်မက ဒီလိုပြောတယ်– “ဓမ္မအမှုက ကျွန်မတို့ အတူသွား၊ အတူလာ၊ အတူစကားပြောနိုင်တဲ့ နည်းတစ်နည်းဖြစ်တယ်။ ကျွန်မတို့နှစ်ယောက်စလုံးက တခြားသူတွေကို ကူညီပေးမယ်ဆိုတဲ့ တူညီတဲ့ပန်းတိုင်ရှိတဲ့အတွက် ကျွန်မတို့ အတွဲညီတယ်လို့ ခံစားရတယ်။ ခင်ပွန်းတစ်ဦးအနေနဲ့သာမက မိတ်ဆွေကောင်းတစ်ဦးလိုပါ ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်။” အကျိုးပြုတဲ့လုပ်ဆောင်မှုတွေကို အတူလုပ်ဆောင်တဲ့အခါ သင့်အိမ်ထောင်ဖက်ရဲ့ စိတ်ဝင်စားရာတွေ၊ ဦးစားထားရာတွေ၊ အမူအကျင့်တွေနဲ့ တဖြည်းဖြည်းအသွင်တူလာပြီး အာကုလနဲ့ပြစ်ကိလလိုပဲ “တစ်သားတစ်ကိုယ်တည်း” စဉ်းစား၊ တွေးခေါ်၊ လုပ်ကိုင်လာနိုင်မှာဖြစ်တယ်။

အိမ်ထောင်မှာ ဘုရားသခင်ကို ပထမနေရာထားပါ

၁၅။ အိမ်ထောင်အောင်မြင်ဖို့အတွက် သော့ချက်ကဘာလဲ၊ ရှင်းပြပါ။

၁၅ အိမ်ထောင်မှာ ဘုရားသခင်ကို ပထမနေရာထားခြင်းရဲ့အရေးကြီးမှုကို ယေရှုသိတယ်။ ဦးဆုံးမင်္ဂလာပွဲကို ယေဟောဝါကျင်းပပေးတာကို ကိုယ်တော်မြင်တွေ့ခဲ့တယ်။ အာဒံနဲ့ဧဝ ဘုရားသခင်ရဲ့လမ်းညွှန်ချက်ကို လိုက်နာသရွေ့ကာလပတ်လုံး ဘယ်လောက်ပျော်ရွှင်ခဲ့တယ်ဆိုတာ ကိုယ်တော် တွေ့မြင်ခဲ့ပြီး ဘုရားသခင့်လမ်းညွှန်ချက်ကို သူတို့လျစ်လျူရှုတဲ့အခါ ဘယ်လိုဒုက္ခရောက်ရတယ်ဆိုတာကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့တယ်။ ဒါကြောင့် ယေရှု တခြားသူတွေကို သွန်သင်တဲ့အခါ ကမ္ဘာဦး ၂:၂၄ မှာပါတဲ့ ခမည်းတော်ရဲ့လမ်းညွှန်ချက်ကို ထည့်သွင်းပြောကြားခဲ့တယ်။ ဒါ့ပြင် “ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” ဆိုတဲ့အချက်ကိုလည်း ကိုယ်တော်ထည့်ပြောခဲ့တယ်။ (မ. ၁၉:၆) ဒါကြောင့် ယေဟောဝါကို အလွန်ရိုသေလေးစားခြင်းက အိမ်ထောင်အောင်မြင်ပျော်ရွှင်ဖို့အတွက် သော့ချက်ဖြစ်နေဆဲပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယေရှုရဲ့လူသားမိဘနှစ်ပါးဖြစ်တဲ့ ယောသပ်နဲ့ မာရိက ပုံသက်သေကောင်းပြခဲ့တယ်။

၁၆။ ယောသပ်နဲ့ မာရိက သူတို့ရဲ့အိမ်ထောင်မှာ ဘုရားသခင်ကို ပထမနေရာထားကြောင်း ဘယ်လိုတင်ပြခဲ့သလဲ။

၁၆ ယောသပ်က မာရိကို ကြင်ကြင်နာနာ၊ လေးလေးစားစားဆက်ဆံခဲ့တယ်။ မာရိကိုယ်ဝန်ရှိနေကြောင်း သူသိတဲ့အခါ ဘုရားသခင့်ကောင်းကင်တမန်က မာရိရဲ့အဖြစ်မှန်ကို မရှင်းပြခင်မှာတောင် ထောက်ထားညှာတာစွာ ဖြေရှင်းလိုခဲ့တယ်။ (မ. ၁:၁၈-၂၀) လင်မယားနှစ်ဦးစလုံးက ကဲသာရဲ့အမိန့်ကိုနာခံပြီး မောရှေရဲ့ပညတ်ကို လိုက်လျှောက်ခဲ့ကြတယ်။ (လု. ၂:၁-၅၊ ၂၁၊ ၂၂) ဂျေရုဆလင်မှာကျင်းပတဲ့ အဓိကဝတ်ပြုရေးပွဲတော်တွေကို အမျိုးသားတွေပဲတက်ရောက်ဖို့လိုပေမဲ့ ယောသပ်နဲ့ မာရိက မိသားစုနဲ့အတူ နှစ်တိုင်းမပြတ်တက်ရောက်ခဲ့တယ်။ (တရား. ၁၆:၁၆; လု. ၂:၄၁) ဒီဇနီးမောင်နှံဟာ ယေဟောဝါရဲ့စိတ်တော်နဲ့တွေ့ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ပြီး ဝတ်ပြုရေးနဲ့ဆက်နွှယ်နေတဲ့အရာတွေကို အလွန်ရိုသေလေးစားကြောင်း ဒီနည်းနဲ့ရော၊ တခြားနည်းတွေနဲ့ပါ တင်ပြခဲ့တယ်။ ဒါကြောင့် ယေရှုမြေကြီးအသက်တာရဲ့ ပထမအပိုင်းမှာ မိမိရဲ့သားကို ပြုစုစောင့်ရှောက်ဖို့ ယေဟောဝါ သူတို့ကို ရွေးချယ်ခဲ့တာဖြစ်တယ်။

၁၇၊ ၁၈။ (က) အိမ်ထောင်သည်တွေက ဘယ်လိုနည်းတွေနဲ့ သူတို့ရဲ့အိမ်ထောင်မှာ ဘုရားသခင်ကို ပထမနေရာထားနိုင်သလဲ။ (ခ) ဒီလိုလုပ်ခြင်းက သူတို့ကို ဘာအကျိုးရစေသလဲ။

၁၇ သင်တို့အိမ်ထောင်မှာရော ဘုရားသခင်ကို ပထမနေရာထားသလား။ ဥပမာ၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ ကျမ်းစာမူတွေကို ဦးဆုံးသုံးသပ်၊ အဲဒီကိစ္စအတွက် ဆုတောင်းပြီး ရင့်ကျက်တဲ့ခရစ်ယာန်တစ်ဦးဆီက အကြံဉာဏ်တောင်းသလား။ ဒါမှမဟုတ် သင်တို့သဘောအတိုင်း၊ မိသားစုနဲ့ မိတ်ဆွေတွေရဲ့သဘောအတိုင်း လုပ်သလား။ အိမ်ထောင်နဲ့ မိသားစုဘဝအတွက် သစ္စာရှိကျွန်က ထုတ်ဝေထားတဲ့ လက်တွေ့ကျအကြံပြုချက်တွေကို လက်တွေ့ကျင့်သုံးသလား။ ဒါမှမဟုတ် ဒေသဓလေ့ထုံးစံတွေ၊ ရေပန်းစားနေတဲ့ လောကရဲ့အကြံပေးချက်တွေကိုပဲ ကျင့်သုံးနေသလား။ အတူတူ ပုံမှန်ဆုတောင်း၊ လေ့လာ၊ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ပန်းတိုင်တွေချမှတ်ပြီး မိသားစုရဲ့ဦးစားထားရာတွေအကြောင်း ပြောဆိုသလား။

၁၈ ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ အိမ်ထောင်သက်နှစ် ၅၀ နဲ့ပတ်သက်ပြီး ရေး ဒီလိုပြောတယ်– “ကျွန်တော်တို့က ယေဟောဝါကို “သုံးလွန်းတင်သောကြိုး” မှာ အဓိကကြိုးတစ်ချောင်းအဖြစ် ပါဝင်စေတဲ့အတွက် ကျွန်တော်တို့မှာ ဖြေရှင်းလို့မရတဲ့ပြဿနာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။” (ဒေ. ၄:၁၂ ကိုဖတ်ပါ။) ဒန်းနီနဲ့ ထရီနာကလည်း ဒီအချက်ကိုသဘောတူပြီး “ဘုရားသခင်ကို အတူအမှုဆောင်တဲ့အတွက် ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးနှောင်ကြိုးက ပိုခိုင်မြဲလာတယ်” လို့ပြောတယ်။ သူတို့ပျော်ရွှင်စွာ အတူပေါင်းသင်းနေထိုင်လာတာ ၃၄ နှစ်မကတော့ဘူး။ သင့်အိမ်ထောင်မှာ ယေဟောဝါကို အမြဲပထမနေရာထားမယ်ဆိုရင် သင့်အိမ်ထောင်အောင်မြင်ဖို့ ကိုယ်တော်ကူညီပေးမှာဖြစ်ပြီး ကြွယ်ဝစွာ ကောင်းချီးသွန်းလောင်းပါလိမ့်မယ်။—ဆာ. ၁၂၇:၁

ဘုရားသခင်ပေးသောဆုကျေးဇူးကို ဆက်လေးစားပါ

၁၉။ ဘုရားသခင်က အိမ်ထောင်ဆုကျေးဇူးကို ဘာကြောင့်ပြင်ဆင်ပေးခဲ့သလဲ။

၁၉ ဒီနေ့လူများစွာက မိမိတို့ရဲ့သာယာပျော်ရွှင်မှုတစ်ခုတည်းကိုပဲ အလေးထားကြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ကျေးကျွန်ကတော့ ဒီလိုမရှုမြင်ဘူး။ အိမ်ထောင်မင်္ဂလာဆုကျေးဇူးက ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံစေနိုင်တဲ့အရာဆိုတာ သူသိတယ်။ (က. ၁:၂၆-၂၈) အာဒံနဲ့ဧဝသာ ဘုရားသခင့်ဆုကျေးဇူးကို တန်ဖိုးထားလေးမြတ်ခဲ့မယ်ဆိုရင် ကမ္ဘာကြီးက ပျော်ရွှင်ပြီး ဖြောင့်မတ်တဲ့ ဘုရားသခင့်ကျေးကျွန်တွေနဲ့ပြည့်နေတဲ့ ပရဒိသုဖြစ်နေမှာပဲ။

၂၀၊ ၂၁။ (က) အိမ်ထောင်မင်္ဂလာကို မြင့်မြတ်ရာအဖြစ် ကျွန်ုပ်တို့ဘာကြောင့် ရှုမြင်သင့်သလဲ။ (ခ) နောက်တစ်ပတ်မှာ ဘယ်ဆုကျေးဇူးအကြောင်း သုံးသပ်ကြမလဲ။

၂၀ အထူးသဖြင့် ဘုရားသခင့်ကျေးကျွန်တွေက အိမ်ထောင်မင်္ဂလာကို ယေဟောဝါကိုဂုဏ်တင်နိုင်တဲ့ အခွင့်အရေးအဖြစ် ရှုမြင်ကြတယ်။ (၁ ကောရိန္သု ၁၀:၃၁ ကိုဖတ်ပါ။) ကျွန်ုပ်တို့သိခဲ့ပြီးဖြစ်တဲ့အတိုင်း သစ္စာရှိတာ၊ စည်းလုံးမှုရှိတာနဲ့ အိမ်ထောင်မှာ ဘုရားသခင်ကို ပထမနေရာထားတာတွေက ယေဟောဝါရဲ့မျက်နှာသာရရှိစေပြီး အိမ်ထောင်ကိုခိုင်ခံ့စေတယ်။ ဒါကြောင့် ကျွန်ုပ်တို့က အိမ်ထောင်ပြုဖို့ စဉ်းစားနေသူဖြစ်စေ၊ အိမ်ထောင်ခိုင်မြဲအောင်ကြိုးစားနေသူဖြစ်စေ၊ အိမ်ထောင်ကို ပြန်အဖတ်ဆယ်ဖို့ လုပ်ဆောင်နေသူဖြစ်စေ အိမ်ထောင်မင်္ဂလာက ဘုရားသခင်ပြင်ဆင်ပေးတဲ့ မြင့်မြတ်တဲ့အစီအစဉ်ဖြစ်ကြောင်း ဦးဆုံး နားလည်ထားရမှာဖြစ်တယ်။ ဒီအမှန်တရားကို စိတ်စွဲမှတ်ထားခြင်းက အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့အခါ သမ္မာကျမ်းစာအပေါ်အခြေခံပြီး အကောင်းဆုံးလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးမှာဖြစ်တယ်။ ဒီလိုနည်းအားဖြင့် အိမ်ထောင်မင်္ဂလာဆုကျေးဇူးကိုသာမက အဲဒီဆုကျေးဇူးကို ပေးသနားတဲ့အရှင် ယေဟောဝါဘုရားသခင်ကိုပါ လေးစားကြောင်းတင်ပြကြတယ်။

၂၁ အိမ်ထောင်မင်္ဂလာက ယေဟောဝါ ကျွန်ုပ်တို့ကို ပေးသနားတဲ့ တစ်ခုတည်းသောဆုကျေးဇူးမဟုတ်သလို ဘဝမှာပျော်ရွှင်မှုရစေတဲ့ တစ်ခုတည်းသောနည်းလမ်းလည်းမဟုတ်ဘူး။ ဘုရားသခင်ထံက နောက်ထပ်အဖိုးတန် ဆုကျေးဇူးတစ်ခုဖြစ်တဲ့ တစ်ကိုယ်ရေဘဝဆုကျေးဇူးအကြောင်း နောက်ဆောင်းပါးမှာ သုံးသပ်ကြမယ်။

သင် ဘယ်လိုဖြေဆိုမလဲ

• ခရစ်ယာန်အိမ်ထောင်သည်တွေက သစ္စာရှိကြောင်း ဘယ်လိုတင်ပြသင့်သလဲ။

• စည်းလုံးစွာအတူတကွလုပ်ဆောင်ခြင်းက အိမ်ထောင်ကို ဘာကြောင့် ခိုင်မြဲစေသလဲ။

• ဘုရားသခင်ကို အိမ်ထောင်မှာပထမနေရာထားနိုင်တဲ့ နည်းအချို့က ဘာတွေလဲ။

• အိမ်ထောင်မင်္ဂလာကို အစပြုရှင် ယေဟောဝါကို ရိုသေလေးစားကြောင်း ကျွန်ုပ်တို့ ဘယ်လိုတင်ပြနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အတူတကွလုပ်ဆောင်ခြင်းက အိမ်ထောင်သည်တွေကို ပိုစည်းလုံးစေ