မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖန်ဆင်းခြင်းတွင် သန့်ရှင်းသောစွမ်းအားတော်၏လုပ်ဆောင်မှု

ဖန်ဆင်းခြင်းတွင် သန့်ရှင်းသောစွမ်းအားတော်၏လုပ်ဆောင်မှု

ဖန်ဆင်းခြင်းတွင် သန့်ရှင်းသောစွမ်းအားတော်၏လုပ်ဆောင်မှု

‘ယေဟောဝါ၏နှုတ်မြွက်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက် [“နှုတ်တော်ထွက်စွမ်းအား၊” ကဘ] အားဖြင့် မိုးကောင်းကင်တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။’—ဆာ. ၃၃:၆

၁၊ ၂။ (က) အချိန်ကြာလာတာနဲ့အမျှ ကောင်းကင်၊ မြေကြီးနဲ့ပတ်သက်တဲ့ အသိပညာတွေကို လူတွေ ဘယ်လို ပိုပြီးသိရှိလာကြသလဲ။ (ခ) ဘယ်မေးခွန်းပေါ်လာသလဲ။

ရီလေတီဗီတီ အထူးသီအိုရီကို အဲလ်ဘတ် အိုင်းစတိုင်း ထုတ်ပြန်ခဲ့တဲ့ ၁၉၀၅ ခုနှစ်မှာ သူနဲ့ တခြားသိပ္ပံပညာရှင်များစွာက စကြဝဠာမှာ နဂါးငွေ့တန်းဂလက်ဆီတစ်ခုပဲရှိတယ်လို့ ယုံကြည်ခဲ့ကြတယ်။ စကြဝဠာရဲ့အရွယ်အစားနဲ့ပတ်သက်ပြီး သူတို့ရဲ့ခန့်မှန်းချက်က ဘယ်လောက်တောင် လွဲမှားလိုက်သလဲ။ အခုအချိန်မှာတော့ ဂလက်ဆီပေါင်း ဘီလီယံ ၁၀၀ ကျော်ရှိပြီး တချို့ဂလက်ဆီမှာ ကြယ်ဘီလီယံပေါင်းများစွာပါဝင်တယ်လို့ ယူဆကြတယ်။ မြေကြီးပေါ်ကနေ ဒါမှမဟုတ် ဂြိုဟ်တုတွေကနေ အားကောင်းတဲ့ အဝေးကြည့်မှန်ပြောင်းတွေနဲ့ ကြည့်မယ်ဆိုရင် ဂလက်ဆီအသစ် အသစ်တွေကို ထပ်ပြီးတွေ့ရှိရတယ်။

၁၉၀၅ ခုနှစ်တုန်းက ကောင်းကင်၊ မြေကြီးနဲ့ပတ်သက်တဲ့ သိပ္ပံပညာက အကန့်အသတ်ပဲရှိသေးတယ်။ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက အသက်ရှင်ခဲ့သူတွေဟာ သူတို့ရဲ့ဘိုးဘေးတွေထက် ပိုသိရှိခဲ့ကြတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သက်ရှိတွေရဲ့ လှပတင့်တယ်မှု၊ ဆန်းကြယ်ရှုပ်ထွေးမှုနဲ့ အသက်ကိုထောက်ပံ့ပေးနေတဲ့ နည်းလမ်းတွေကို အဲဒီအချိန်ကထက် ပိုသိရှိလာကြပြီ။ လာမယ့်နှစ်တွေမှာ ကောင်းကင်နဲ့မြေကြီးအကြောင်းကို အခုထက်ပိုပြီး သိရှိရမယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ အရေးကြီးတာက ဒါတွေအားလုံး ဘယ်လိုစတည်ရှိလာသလဲ ဆိုတဲ့ မေးခွန်းဖြစ်တယ်။ ဒီအကြောင်းကို ဖန်ဆင်းရှင်က သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတဲ့အတွက် အဖြေကို သမ္မာကျမ်းစာထဲမှာပဲ တွေ့နိုင်တယ်။

အံ့ဖွယ်ဖန်ဆင်းခြင်း

၃၊ ၄။ စကြဝဠာကို ဘုရားသခင် ဘယ်လိုဖန်ဆင်းခဲ့သလဲ၊ ဖန်ဆင်းရာတွေက ကိုယ်တော့်ကို ဘယ်လို ဂုဏ်တင်ချီးမွမ်းသလဲ။

စကြဝဠာ ဘယ်လိုဖြစ်တည်လာတယ်ဆိုတာကို သမ္မာကျမ်းစာရဲ့ အဖွင့်စကားမှာ ဒီလိုဖော်ပြတယ်– “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” (က. ၁:၁) ဘယ်အရာမှ မတည်ရှိသေးခင်မှာ ယေဟောဝါက သန့်ရှင်းသောစွမ်းအားတော်ကိုသုံးပြီး မျက်မြင်ရကောင်းကင်၊ မြေကြီးနဲ့ စကြဝဠာမှာရှိတဲ့ အရာအားလုံးကို ဖန်ဆင်းခဲ့တယ်။ လူသားလက်မှုပညာသည်တစ်ဦးက အရာဝတ္ထုတွေကိုပြုလုပ်ဖို့ သူရဲ့လက်အစုံနဲ့ ကိရိယာတွေကို အသုံးပြုရပေမဲ့ ဘုရားသခင်ကတော့ ကြီးမြတ်တဲ့အမှုတွေကို လုပ်ဆောင်ဖို့ သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုတယ်။

သမ္မာကျမ်းစာက သန့်ရှင်းသောစွမ်းအားတော်ကို ဘုရားသခင့် “လက်ညှိုးတော်” အဖြစ် တင်စားထားတယ်။ (လု. ၁၁:၂၀; မ. ၁၂:၂၈) ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်နဲ့ ဖန်ဆင်းထားတဲ့ “လက်တော်နှင့်လုပ်သောအရာများ” က ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတယ်။ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏” လို့ ဆာလံဆရာဒါဝိဒ် သီဆိုခဲ့တယ်။ (ဆာ. ၁၉:၁) အမှန်ပါပဲ၊ မျက်မြင်ရဖန်ဆင်းရာတွေက ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော် ဘယ်လောက်တန်ခိုးကြီးတယ်ဆိုတာ ဖော်ပြတဲ့အထောက်အထားတွေဖြစ်တယ်။ (ရော. ၁:၂၀) ဘယ်လိုနည်းအားဖြင့် ဖော်ပြသလဲ။

ဘုရားသခင့် အကန့်အသတ်မဲ့တန်ခိုး

၅။ သန့်ရှင်းသောစွမ်းအားတော်ရဲ့ ဖန်ဆင်းနိုင်စွမ်းကို ဥပမာပေးပါ။

မတွေးဆနိုင်လောက်အောင် ကျယ်ပြောလှတဲ့ စကြဝဠာက ယေဟောဝါရဲ့ တန်ခိုးနဲ့ ခွန်အားက အကန့်အသတ်မရှိကြောင်း ဖော်ပြတယ်။ (ဟေရှာယ ၄၀:၂၆ ကိုဖတ်ပါ။) ဒြပ်ထုကို စွမ်းအင်အဖြစ်ပြောင်းလဲနိုင်သလို စွမ်းအင်ကိုလည်း ဒြပ်ထုအဖြစ်ပြောင်းလဲနိုင်ကြောင်း ခေတ်သစ်သိပ္ပံပညာက တွေ့ရှိခဲ့တယ်။ ကြယ်တစ်လုံးဖြစ်တဲ့ နေက ဒြပ်ထုကို စွမ်းအင်အဖြစ်ပြောင်းလဲနိုင်ကြောင်း အထောက်အထားဖြစ်တယ်။ နေဟာ စက္ကန့်တိုင်းမှာ ဒြပ်ထုတန်ပေါင်း လေးသန်းခန့်ကို နေရောင်ခြည်၊ အပူနဲ့ တခြားစွမ်းအင်တွေအဖြစ် ပြောင်းလဲပေးနေတယ်။ အဲဒီစွမ်းအင်တွေထဲက အလွန်နည်းတဲ့ ပမာဏသာ ကမ္ဘာမြေကြီးပေါ် ရောက်ရှိလာပေမဲ့ သက်ရှိတွေရဲ့လိုအပ်ရာတွေကိုထောက်ပံ့ပေးဖို့ လုံလောက်တယ်။ နေအပြင် တခြား ကြယ်ဘီလီယံပေါင်းများစွာကို ဖန်ဆင်းဖို့ တန်ခိုးနဲ့ခွန်အား များစွာလိုအပ်ကြောင်း ထင်ရှားတယ်။ ဖန်ဆင်းဖို့လိုအပ်တဲ့တန်ခိုးအပြင် အဲဒီထက်မကကြီးမားတဲ့တန်ခိုးကို ယေဟောဝါ ပိုင်ဆိုင်ထားတယ်။

၆၊ ၇။ (က) ဘုရားသခင်က မိမိရဲ့သန့်ရှင်းသောစွမ်းအားတော်ကို စည်းစနစ်တကျအသုံးပြုတယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။ (ခ) စကြဝဠာက မတော်တဆတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာတာမဟုတ်ဘူးဆိုတာ ဘာက ဖော်ပြသလဲ။

ဘုရားသခင်က သန့်ရှင်းတဲ့စွမ်းအားတော်ကို စည်းစနစ်တကျ အသုံးပြုတယ်ဆိုတဲ့ အထောက်အထားများစွာရှိတယ်။ ဥပမာ– သင့်မှာ ရောင်စုံဘောလုံးအများကြီးထည့်ထားတဲ့ သေတ္တာတစ်လုံးရှိတယ်ဆိုပါစို့။ သင်က ဘောလုံးအားလုံးရောသွားအောင် သေတ္တာကို လှုပ်ခါလိုက်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ်ကို တစ်ခါတည်း သွန်ချလိုက်တယ်။ အပြာရောင်ဘောလုံးတွေကတစ်စု၊ အဝါရောင်ဘောလုံးတွေကတစ်စု စသည်ဖြင့် အရောင်တူတဲ့ဘောလုံးတွေ တစ်စုစီဖြစ်နေမယ်လို့ သင်ထင်သလား။ မဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။ အထိန်းအကွပ်မဲ့တဲ့ အလုပ်က အစီအစဉ်တကျမဖြစ်နိုင်ဘူး။ ဒီအချက်က သဘာဝနိယာမရဲ့ အခြေခံသဘောတရားတစ်ခုဖြစ်တယ်။ *

ကောင်းကင်ကို မော့ကြည့်တဲ့အခါ ဒါမှမဟုတ် အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်တဲ့အခါ ဘာတွေမြင်ရသလဲ။ မရေမတွက်နိုင်အောင် များပြားလှတဲ့ ဂလက်ဆီတွေ၊ ကြယ်တွေ၊ ဂြိုဟ်တွေဟာ စနစ်တကျ တိတိကျကျ လည်ပတ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါတွေက မတော်တဆတိုက်ဆိုင်မှုကြောင့် ဒါမှမဟုတ် အထိန်းအကွပ်မဲ့ အာကာသပေါက်ကွဲမှုကြောင့် ဖြစ်လာတာမဟုတ်ဘူး။ ဒါကြောင့် စနစ်တကျဖွဲ့စည်းထားတဲ့စကြဝဠာ ဖြစ်လာဖို့ မူလက ဘယ်စွမ်းအားကို အသုံးပြုခဲ့သလဲလို့ မေးသင့်တယ်။ သိပ္ပံပညာတွေ့ရှိချက်တွေ၊ စမ်းသပ်ချက်တွေနဲ့တော့ ဒီစွမ်းအားအကြောင်း သိနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီစွမ်းအားက စကြဝဠာမှာ အစွမ်းတန်ခိုးအကြီးမားဆုံးဖြစ်တဲ့ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ဖြစ်တယ်ဆိုပြီး သမ္မာကျမ်းစာကဖော်ပြတယ်။ ဆာလံဆရာ ဒီလိုသီဆိုခဲ့တယ်– ‘ယေဟောဝါ၏နှုတ်မြွက်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက် [“နှုတ်တော်ထွက်စွမ်းအား၊” ကဘ] အားဖြင့် မိုးကောင်းကင်တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။’ (ဆာ. ၃၃:၆) ညကောင်းကင်ယံကိုကြည့်လိုက်တဲ့အခါ “မိုးကောင်းကင်တန်ဆာ” တွေထဲက ကြယ်အနည်းငယ်ကိုသာ ကျွန်ုပ်တို့ရဲ့မျက်စိနဲ့ မြင်တွေ့ရတာဖြစ်တယ်။

သန့်ရှင်းသောစွမ်းအားတော်နဲ့ ကမ္ဘာမြေကြီး

၈။ ယေဟောဝါရဲ့ဖန်ဆင်းရာတွေအကြောင်း ကျွန်ုပ်တို့ အမှန်တကယ် ဘယ်လောက်သိသလဲ။

သဘာဝတရားနဲ့ပတ်သက်ပြီး လောလောဆယ် ကျွန်ုပ်တို့သိရှိထားရာတွေက နောက်ထပ်သင်ယူရမယ့်အရာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမပြောပလောက်ဘူး။ ဘုရားသခင့်ဖန်ဆင်းရာတွေအကြောင်း ကျွန်ုပ်တို့သိရှိထားရာတွေက သစ္စာရှိသူယောဘပြောတဲ့အတိုင်း ဖြစ်တယ်– “ဤရွေ့ကား အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော်အသံအနည်းငယ်ကိုသာ နားကြားရ၏။” (ယောဘ ၂၆:၁၄) ရာစုနှစ်တွေကုန်လွန်သွားတဲ့အခါ ယေဟောဝါရဲ့ဖန်ဆင်းရာတွေနဲ့ပတ်သက်ပြီး မျက်စိရှင်တဲ့ ပညာရှိဘုရင် ရှောလမုန်က ဒီလိုပြောခဲ့ပြန်တယ်– ‘[ဘုရားသခင်သည်] ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အဆုံးမဲ့ကာလ၌ စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည်စစ်၍မကုန်နိုင်။’—ဒေ. ၃:၁၁; ၈:၁၇

၉၊ ၁၀။ မြေကြီးကိုဖန်ဆင်းရာမှာ ဘုရားသခင် ဘယ်စွမ်းအားကို အသုံးပြုခဲ့သလဲ၊ ဖန်ဆင်းရာပထမသုံးရက်အတွင်းမှာ ဘာတွေကို ဖန်ဆင်းခဲ့သလဲ။

ဒါပေမဲ့ ဘုရားသခင်က ဖန်ဆင်းရာတွေနဲ့ပတ်သက်တဲ့ အဓိကကျတဲ့ အသေးစိတ်အချက်တွေကို ဖော်ပြပေးတယ်။ ဥပမာ၊ ဘုရားသခင့်စွမ်းအားတော်က ရှေးအတိုင်းမသိကြာရှည်တဲ့အချိန်ကာလတုန်းက မြေကြီးပေါ်မှာ လှုပ်ရှားတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၁:၂ ကိုဖတ်ပါ။) အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ ကုန်းမြေ၊ အလင်းနဲ့ လေထုမရှိသေးပုံရတယ်။

၁၀ ဖန်ဆင်းရာနေ့ရက်တွေအတွင်း ဘုရားသခင်လုပ်ဆောင်တဲ့အကြောင်းအရာတွေကို သမ္မာကျမ်းစာမှာ ဆက်ဖော်ပြထားတယ်။ ဖန်ဆင်းရာနေ့တွေက ၂၄ နာရီကြာတဲ့နေ့ရက်တွေမဟုတ်ဘဲ အချိန်ကာလအပိုင်းအခြားတွေဖြစ်တယ်။ ဖန်ဆင်းရာပထမနေ့မှာ ကမ္ဘာမြေပေါ် အလင်းရောင် စတင်ရောက်ရှိအောင် ယေဟောဝါ ပြုလုပ်ခဲ့တယ်။ အဲဒီလုပ်ဆောင်မှုက မြေကြီးပေါ်ကနေ နေနဲ့လကို ထင်ထင်ရှားရှားမြင်တွေ့ရတဲ့အခါ ပြီးဆုံးသွားတယ်။ (က. ၁:၃၊ ၁၄) ဒုတိယနေ့မှာ ကမ္ဘာ့လေထုကို စတင်ဖန်ဆင်းခဲ့တယ်။ (က. ၁:၆) အဲဒီနောက် ကမ္ဘာပေါ်မှာ ရေ၊ အလင်း၊ လေရှိနေပြီဖြစ်ပေမဲ့ ကုန်းမြေမရှိသေးဘူး။ ဖန်ဆင်းရာတတိယနေ့အစပိုင်းမှာ ယေဟောဝါရဲ့သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကုန်းမြေပေါ်စေခဲ့တယ်၊ ဘူမိစွမ်းအားတွေရဲ့တွန်းကန်အားကို အသုံးပြုပြီး ရေထဲက ကုန်းမြေကို ပေါ်ထွက်လာစေတာ ဖြစ်နိုင်တယ်။ (က. ၁:၉) ဖန်ဆင်းရာတတိယနေ့နဲ့ နောက်ပိုင်းနေ့တွေအတွင်းမှာ ထူးခြားတဲ့အရာတွေကို ဘုရားသခင် ဖန်ဆင်းမှာဖြစ်တယ်။

သန့်ရှင်းသောစွမ်းအားတော်နဲ့ သက်ရှိများ

၁၁။ သက်ရှိတွေရဲ့ ဆန်းကြယ်ရှုပ်ထွေးမှု၊ အချိုးအစားညီညွတ်ပြေပြစ်မှုနဲ့ လှပတင့်တယ်မှုက ဘာကိုဖော်ပြသလဲ။

၁၁ အဆင့်မြင့်မြင့်ဖွဲ့စည်းထားတဲ့ သက်ရှိတွေကိုလည်း ဘုရားသခင့်စွမ်းအားတော်က ဖြစ်ပေါ်စေတယ်။ ဖန်ဆင်းရာသုံးရက်ကနေ ခြောက်ရက်အတွင်းမှာ ဘုရားသခင်က သန့်ရှင်းသောစွမ်းအားတော်အားဖြင့် မျိုးပေါင်းစုံလင်လှတဲ့ သစ်ပင်နဲ့ တိရစ္ဆာန်တွေကို ဖန်ဆင်းခဲ့တယ်။ (က. ၁:၁၁၊ ၂၀-၂၅) ဒါကြောင့် များပြားလှတဲ့သက်ရှိတွေရဲ့ ဆန်းကြယ်ရှုပ်ထွေးမှု၊ အချိုးအစားညီညွတ်ပြေပြစ်မှုနဲ့ လှပတင့်တယ်မှုက အဆင့်အမြင့်ဆုံးပုံစံနဲ့ ဖန်ဆင်းခံရကြောင်းဖော်ပြတယ်။

၁၂။ (က) ဒီအဲန်အေက ဘာကိုလုပ်ဆောင်သလဲ။ (ခ) ဒီအဲန်အေရဲ့ လုပ်ဆောင်မှုကနေ ကျွန်ုပ်တို့ ဘယ်အချက်ကိုသိရသလဲ။

၁၂ သက်ရှိတွေရဲ့ မျိုးရိုးဗီဇစရိုက်လက္ခဏာတွေကို မျိုးဆက်တစ်ခုကနေတစ်ခု လက်ဆင့်ကမ်းပေးတဲ့ ဒီအဲန်အေ (ဒီအောက်ဆီရိုင်ဘို့နျူကလီးယပ် အက်ဆစ်) ကိုသုံးသပ်ကြည့်ပါ။ ပိုးမွှား၊ မြက်ပင်၊ ဆင်၊ ဝေလငါးပြာ၊ လူအပါအဝင် သက်ရှိအားလုံးဟာ ဒီအဲန်အေနဲ့ မျိုးပွားကြတယ်။ ကမ္ဘာ့သက်ရှိတွေက မျိုးပေါင်းစုံလင်လှပေမဲ့ ဒီအဲန်အေနဲ့ ဇီဝစနစ်က သက်ရှိတွေရဲ့ ထူးခြားတဲ့မျိုးရိုးဗီဇကို မပြောင်းလဲဘဲ တစ်သမတ်တည်းဆက်တည်ရှိဖို့နဲ့ ဒီနေ့အချိန်အထိ သူ့အမျိုးအစားနဲ့သူ ဆက်တည်ရှိနေဖို့ ထိန်းချုပ်ပေးတယ်။ မြေကြီးပေါ်မှာရှိတဲ့ သက်ရှိအမျိုးမျိုးက အပြန်အလှန်အကျိုးပြုနေတဲ့ ဂေဟစနစ်ထဲမှာ ယေဟောဝါဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့အညီ ဆိုင်ရာဆိုင်ရာကဏ္ဍအသီးသီးကို ဆက်လုပ်ဆောင်နေကြတယ်။ (ဆာ. ၁၃၉:၁၆) ထိရောက်ပြီး စနစ်ကျလှတဲ့ဒီအဲန်အေအစီအစဉ်က ဖန်ဆင်းရာတွေဟာ ဘုရားသခင့် “လက်ညှိုးတော်” ဒါမှမဟုတ် သန့်ရှင်းသောစွမ်းအားတော်ရဲ့လက်ရာဖြစ်တယ်ဆိုတဲ့ နောက်ထပ်အထောက်အထားတစ်ခုဖြစ်တယ်။

မြေကြီးဖန်ဆင်းရာထဲက အဆင့်အမြင့်ဆုံးလက်ရာ

၁၃။ ဘုရားသခင် လူကို ဘယ်လိုဖန်ဆင်းခဲ့သလဲ။

၁၃ အချိန်ကာလတွေကုန်လွန်သွားပြီး မရေမတွက်နိုင်တဲ့ သက်ရှိ၊ သက်မဲ့တွေကို ဘုရားသခင်ဖန်ဆင်းပြီးတဲ့နောက်မှာ ကမ္ဘာမြေကြီးက “အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာ” မဟုတ်တော့ဘူး။ ဒါပေမဲ့ ဖန်ဆင်းခြင်းမှာ စွမ်းအားတော်ကို အသုံးပြုတာ မပြီးသေးဘူး။ ကိုယ်တော်က အခု မြေကြီးဖန်ဆင်းရာထဲက အဆင့်အမြင့်ဆုံးလက်ရာကို ဖန်ဆင်းတော့မှာဖြစ်တယ်။ ဖန်ဆင်းရာခြောက်ရက်ကုန်ခါနီးမှာ ဘုရားသခင်က လူကို ဖန်ဆင်းခဲ့တယ်။ ဘယ်လိုဖန်ဆင်းခဲ့သလဲ။ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်နဲ့ မြေကြီးဒြပ်စင်တွေကိုသုံးပြီး ဖန်ဆင်းခဲ့တယ်။—က. ၂:၇

၁၄။ ဘယ်လိုနည်းအားဖြင့် လူသားတွေဟာ တိရစ္ဆာန်တွေနဲ့ အလွန်ကွာခြားသလဲ။

၁၄ ကမ္ဘာဦး ၁:၂၇ မှာ “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား လူမိန်းမကိုဖန်ဆင်း” တော်မူ၏လို့ ဖော်ပြထားတယ်။ ဘုရားသခင့်ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းတယ်ဆိုတာက ဘုရားသခင်ရဲ့မေတ္တာအရည်အသွေးကို တင်ပြနိုင်တဲ့၊ လွပ်လပ်စွာရွေးချယ်နိုင်တဲ့၊ ဖန်ဆင်းရှင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်နိုင်တဲ့အရည်အသွေးတွေနဲ့ ဖန်ဆင်းထားတာကို ဆိုလိုတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ဦးနှောက်က တိရစ္ဆာန်တွေရဲ့ဦးနှောက်နဲ့ အလွန်ကွာခြားတာဖြစ်တယ်။ ကိုယ်တော့်အကြောင်းနဲ့ ကိုယ်တော့်ဖန်ဆင်းရာတွေအကြောင်းကို ထာဝစဉ်လေ့လာနိုင်ဖို့ ယေဟောဝါက လူ့ဦးနှောက်ကို အထူးပုံစံပြုဖန်ဆင်းထားတယ်။

၁၅။ အာဒံနဲ့ ဧဝအတွက် ဘယ်အလားအလာရှိခဲ့သလဲ။

၁၅ လူ့သမိုင်းအစမှာ ဘုရားသခင်က အာဒံနဲ့ဧဝကို မြေကြီးနဲ့မြေကြီးပေါ်မှာရှိတဲ့ စိတ်ဝင်စားစရာတွေကို စူးစမ်းလေ့လာပြီး ပျော်ရွှင်စွာနေထိုင်စေခဲ့တယ်။ (က. ၁:၂၈) ယေဟောဝါက သူတို့ကို အစားအသောက်အလျှံပယ်ပေးသနားတဲ့အပြင် နေထိုင်စရာပရဒိသုစံအိမ်ကိုပါ ပြင်ဆင်ပေးခဲ့တယ်။ ထာဝစဉ်အသက်ရှင်နိုင်တဲ့အခွင့်အရေးနဲ့ စုံလင်တဲ့သားစဉ်မြေးဆက်ရဲ့ ချစ်မြတ်နိုးခံရတဲ့ မိဘတွေဖြစ်ခွင့် အလားအလာကို ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ အခြေအနေတွေက အဲဒီအတိုင်းမဖြစ်ခဲ့ဘူး။

သန့်ရှင်းသောစွမ်းအားတော်ရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း

၁၆။ ပထမဆုံးလူသားမောင်နှံ ပုန်ကန်ခဲ့ပေမဲ့ ကျွန်ုပ်တို့မှာ ဘာမျှော်လင့်ချက်ရှိသလဲ။

၁၆ အာဒံနဲ့ဧဝဟာ ဖန်ဆင်းရှင်ကို ကျေးဇူးတင်လေးမြတ်စိတ်နဲ့ နာခံမှုပြမယ့်အစား တစ်ကိုယ်ကောင်းဆန်စွာ ပုန်ကန်ခဲ့ကြတယ်။ ရလဒ်အနေနဲ့ သူတို့ထံကနေ မစုံလင်တဲ့လူသားတွေ ဆင်းသက်လာပြီး ဆိုးကျိုးတွေကို ခံစားကြရတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ကနဦးမိဘတွေရဲ့ အပြစ်ရှိလမ်းစဉ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးအားလုံးကို ဘယ်လိုပပျောက်စေမယ်ဆိုတာကို သမ္မာကျမ်းစာက ရှင်းပြတယ်။ ယေဟောဝါက မိမိရဲ့မူလရည်ရွယ်ချက်ကို အထမြောက်စေမယ်ဆိုတာကိုလည်း သမ္မာကျမ်းစာက ဖော်ပြတယ်။ ကမ္ဘာမြေကြီးက ထာဝရအသက်နဲ့ကောင်းချီးခံစားရတဲ့ ပျော်ရွှင်၊ ကျန်းမာတဲ့လူသားတွေနဲ့ ပြည့်နေတဲ့ ပရဒိသုဖြစ်လာပါလိမ့်မယ်။ (က. ၃:၁၅) အဲဒီအံ့ချီးဖွယ်အလားအလာကို ဆက်ယုံကြည်ကြောင်းတင်ပြရာမှာ သန့်ရှင်းသောစွမ်းအားတော်ရဲ့အကူအညီကို ကျွန်ုပ်တို့ လိုအပ်ကြတယ်။

၁၇။ ဘယ်လိုအတွေးအခေါ်ကို ကျွန်ုပ်တို့ရှောင်ကြဉ်ရမလဲ။

၁၇ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ယေဟောဝါထံ ကျွန်ုပ်တို့ ဆုတောင်းသင့်တယ်။ (လု. ၁၁:၁၃) အဲဒီလိုလုပ်မယ်ဆိုရင် အရာခပ်သိမ်းကိုဘုရားသခင်ဖန်ဆင်းတယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်ကို ပိုပြီးခိုင်မာစေပါလိမ့်မယ်။ ဒီနေ့အချိန်မှာ မှားယွင်းတဲ့၊ အခြေအမြစ်မရှိတဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေအပေါ် အခြေခံတဲ့ ဘုရားသခင်မရှိဘူးလို့ ယုံကြည်လက်ခံသူတွေနဲ့ ဆင့်ကဲဝါဒီတွေ ပိုတိုးများလာတာကို တွေ့ရတယ်။ အဲဒီမှားယွင်းတဲ့အတွေးအခေါ်တွေကြောင့် ဇဝေဇဝါဖြစ်တာ၊ အံ့သြထိတ်လန့်တာတွေ မဖြစ်သင့်ဘူး။ အဲဒီလိုပုတ်ခတ်ပြောဆိုတာတွေ၊ အဲဒါနဲ့ဆက်နွှယ်တဲ့ ရွယ်တူချင်းဖိအားတွေကို တွန်းလှန်ဖို့ ခရစ်ယာန်အားလုံး ပြင်ဆင်ထားရမှာဖြစ်တယ်။—ကောလောသဲ ၂:၈ ကိုဖတ်ပါ။

၁၈။ စကြဝဠာနဲ့ လူ့သမိုင်းအစကို သုံးသပ်တဲ့အခါ ဉာဏ်ကြီးရှင်ဖြစ်တဲ့ဖန်ဆင်းရှင်ကို လက်မခံခြင်းက ဘာကြောင့် အမြင်ကျဉ်းမြောင်းရာကျသလဲ။

၁၈ ဖန်ဆင်းရာတွေကို ရိုးရိုးသားသားဆန်းစစ်ခြင်းက သမ္မာကျမ်းစာနဲ့ ဘုရားသခင်အပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို ပိုပြီးခိုင်ခံ့စေပါလိမ့်မယ်။ စကြဝဠာနဲ့ လူ့သမိုင်းအစကို စဉ်းစားတွေးတောတဲ့အခါ မျက်မြင်ရစကြဝဠာရဲ့စွမ်းအားကလွဲလို့ တခြားစွမ်းအားမရှိဘူးလို့ လူများစွာက ယုံကြည်လက်ခံကြတယ်။ ကျွန်ုပ်တို့သာ အဲဒီရှုထောင့်ကနေသုံးသပ်မယ်ဆိုရင် တစ်ဖက်စောင်းနင်းရှုမြင်ရာ ကျပါလိမ့်မယ်။ ဒါ့ပြင် “မရေမတွက်နိုင်အောင်များ” တဲ့ ဖန်ဆင်းရာတွေ အစီအစဉ်ကျနပြီး ရည်ရွယ်ချက်ရှိရှိ တည်ရှိနေတာကို လျစ်လျူရှုရာရောက်ပါလိမ့်မယ်။ (ယောဘ ၉:၁၀; ဆာ. ၁၀၄:၂၅) ဖန်ဆင်းခြင်းမှာအသုံးပြုတဲ့စွမ်းအားက ဉာဏ်ကြီးရှင်ယေဟောဝါအသုံးပြုတဲ့ သန့်ရှင်းသောစွမ်းအားတော်ဖြစ်တယ်ဆိုတာ ခရစ်ယာန်တွေဖြစ်တဲ့ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြတယ်။

သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘုရားသခင်အပေါ် ယုံကြည်ချက်

၁၉။ ဘုရားသခင်တည်ရှိကြောင်းနဲ့ ကိုယ်တော့်စွမ်းအားတော် လုပ်ဆောင်နေကြောင်း သင့်ကိုယ်တွေ့ကို ပြောပြပါ။

၁၉ ဘုရားသခင်ကို ယုံကြည်ဖို့၊ ချစ်ဖို့နဲ့ ရိုသေလေးမြတ်ဖို့အတွက် ဖန်ဆင်းရာတွေနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို သိစရာမလိုဘူး။ ဒါက လူလူချင်းမိတ်ဆွေဖွဲ့တာနဲ့တူတယ်။ လူတစ်ယောက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိရုံနဲ့ မိတ်ဆွေမဖြစ်နိုင်ဘူး။ ဒါပေမဲ့ မိတ်ဆွေအချင်းချင်းကြားမှာရှိတဲ့ ရင်းနှီးမှု ပိုခိုင်မြဲလာဖို့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာဖို့လိုတယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းကလည်း အလားတူပဲ။ ကိုယ်တော့်အကြောင်း ပိုသိလာလေ ကိုယ်တော့်ကို ပိုပြီး ယုံကြည်လာလေဖြစ်တယ်။ အမှန်ပါပဲ၊ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေ ဖြေကြားခံရတဲ့အချိန်မှာ၊ ဘုရားသခင့်မူတွေကို ဘဝမှာလက်တွေ့ကျင့်သုံးလို့ အကျိုးခံစားရကြောင်းသိရတဲ့အခါမှာ ကိုယ်တော်တည်ရှိကြောင်း ကျွန်ုပ်တို့ ပိုပြီးယုံကြည်စိတ်ချလာတယ်။ ယေဟောဝါက ကျွန်ုပ်တို့ကိုလမ်းပြကာကွယ်ပေးတာ၊ ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်ုပ်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကို ကောင်းချီးပေးတာ၊ ကျွန်ုပ်တို့လိုအပ်ရာတွေကို ထောက်မပေးတာတွေကို ပိုမြင်တွေ့ရတဲ့အခါ ယေဟောဝါနဲ့ပိုရင်းနှီးလာတယ်။ ဒါတွေအားလုံးက ဘုရားသခင်တည်ရှိကြောင်းနဲ့ ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော် လုပ်ဆောင်နေကြောင်း ခိုင်လုံတဲ့အထောက်အထားတွေဖြစ်တယ်။

၂၀။ (က) စကြဝဠာနဲ့ လူသားတွေကို ဘုရားသခင် ဘာကြောင့်ဖန်ဆင်းခဲ့သလဲ။ (ခ) ကျွန်ုပ်တို့သာ သန့်ရှင်းသောစွမ်းအားတော်ရဲ့ ဦးဆောင်လမ်းပြမှုကို ခံယူမယ်ဆိုရင် ဘာအကျိုးခံစားရမလဲ။

၂၀ ယေဟောဝါ သန့်ရှင်းသောစွမ်းအားတော်ကိုအသုံးပြုတဲ့ နောက်ထပ်အထောက်အထားတစ်ခုက သမ္မာကျမ်းစာဖြစ်တယ်၊ အကြောင်းကတော့ ကျမ်းရေးသူတွေက “သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို” ရေးသားခဲ့လို့ပဲ။ (၂ ပေ. ၁:၂၁) သမ္မာကျမ်းစာကို အသေအချာလေ့လာခြင်းက အရာခပ်သိမ်းကိုဖန်ဆင်းရှင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို တည်ဆောက်ပေးနိုင်တယ်။ (ဗျာ. ၄:၁၁) မိမိရဲ့နှစ်သက်ဖွယ်မေတ္တာအရည်အသွေးကို တင်ပြဖို့အတွက် ယေဟောဝါက ဖန်ဆင်းရှင်ဖြစ်လာရခြင်းဖြစ်တယ်။ (၁ ယော. ၄:၈) ဒါကြောင့် တခြားသူတွေ ကျွန်ုပ်တို့ရဲ့ မေတ္တာရှင်ကောင်းကင်ဖခင်၊ မိတ်ဆွေအကြောင်း လေ့လာဖို့ အတတ်နိုင်ဆုံးကူညီပေးကြစို့။ ကျွန်ုပ်တို့ကတော့ ဘုရားသခင့်စွမ်းအားတော်ရဲ့လမ်းညွှန်မှုကို ဆက်ခံယူမယ်ဆိုရင် ဘုရားသခင်အကြောင်း ထာဝစဉ်သင်ယူနိုင်တဲ့အခွင့်အရေး ရရှိပါလိမ့်မယ်။ (ဂလ. ၅:၁၆၊ ၂၅) ယေဟောဝါနဲ့ ကိုယ်တော်ရဲ့ကြီးမြတ်တဲ့ဖန်ဆင်းရာတွေအကြောင်း ဆက်လေ့လာပြီး ကောင်းကင်၊ မြေကြီးနဲ့ လူသားတွေကို သန့်ရှင်းသောစွမ်းအားတော်သုံးပြီး ဖန်ဆင်းရာမှာ ပြသခဲ့တဲ့ ဘုရားသခင့်မေတ္တာတော်ကို ကျွန်ုပ်တို့ရဲ့အသက်တာမှာ ဆက်တင်ပြနိုင်ကြပါစေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော စာအုပ်၊ စာမျက်နှာ ၂၄၊ ၂၅ ကိုကြည့်ပါ။

သင် ရှင်းပြနိုင်သလား

• ကောင်းကင်နဲ့မြေကြီးက ဘုရားသခင့်အသုံးခံ သန့်ရှင်းသောစွမ်းအားတော်အကြောင်း ဘာသင်ပေးသလဲ။

• ဘုရားသခင့်ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံရခြင်းကြောင့် ကျွန်ုပ်တို့ ဘာအခွင့်အရေးတွေရရှိသလဲ။

• ဖန်ဆင်းခြင်းအထောက်အထားတွေကို ကျွန်ုပ်တို့ ဘာကြောင့် လေ့လာဖို့လိုသလဲ။

• ဘယ်နည်းလမ်းတွေက ကျွန်ုပ်တို့နဲ့ ဘုရားသခင်ရဲ့ ဆက်ဆံရေးကို တိုးတက်စေနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

စကြဝဠာရဲ့စည်းစနစ်ကျမှုက ဖန်ဆင်းခြင်းအကြောင်း ဘာသိစေသလဲ

[Credit Line]

Stars: Anglo-Australian Observatory/David Malin Images

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဒီအရာတွေမှာ ဒီအဲန်အေက ဘယ်လိုပါဝင်လုပ်ဆောင်သလဲ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သင့် ယုံကြည်ချက်ကိုကာကွယ်ဖို့ ပြင်ဆင်ထားသလား