မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်မျက်နှာသာက ထာဝရအသက်ရစေ

ဘုရားသခင့်မျက်နှာသာက ထာဝရအသက်ရစေ

ဘုရားသခင့်မျက်နှာသာက ထာဝရအသက်ရစေ

‘အို ယေဟောဝါ၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကိုကောင်းချီးပေး၍ ကျေးဇူးတော် [“မျက်နှာသာ၊” ကဘ] အားဖြင့် ကွယ်ကာစောင့်မတော်မူလိမ့်သတည်း။’—ဆာ. ၅:၁၂

၁၊ ၂။ ဇရတ္တမြို့သူမုဆိုးမဆီက ဧလိယ ဘာတောင်းသလဲ၊ သူ့ကို ဘယ်လိုအာမခံသလဲ။

အမျိုးသမီး​တစ်ဦးနဲ့ သူရဲ့သားက ဆာလောင်နေသလို ဘုရားသခင့်ပရောဖက်လည်း ဆာနေတယ်။ ဇရတ္တမြို့သူမုဆိုးမဟာ မီးမွှေးဖို့ပြင်ဆင်နေတုန်း ပရောဖက်ဧလိယက သူ့ဆီကနေ မုန့်နဲ့ရေကို တောင်းတယ်။ မုဆိုးမက ရေကိုတော့ပေးချင်ပေမဲ့ မုန့်အတွက်ကျတော့ သူ့မှာ “အိုးထဲမှာ မုန့်ညက်လက်တစ်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်” ပဲရှိတယ်။ ပရောဖက်ကိုကျွေးဖို့ လောက်လောက်ငငမရှိဘူးလို့ ယူဆပြီး ပရောဖက်ကို အဲဒီအတိုင်းပြောလိုက်တယ်။—၃ ရာ. ၁၇:၈-၁၂

ဧလိယက ဒီလိုပြန်ပြောတယ်– ‘ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ယူခဲ့လော့။ နောက်မှ သင်နှင့်သင်၏သားငယ်အဖို့လုပ်လော့။ ဣသရေလအမျိုး၏ဘုရားသခင် ယေဟောဝါမိန့်တော်မူသည်ကား “အိုး၌ရှိသောမုန့်ညက်မကုန်။ ဘူး၌ရှိသောဆီမလျော့ရ။”’—၃ ရာ. ၁၇:၁၃၊ ၁၄

၃။ ဘယ်အရေးကြီးတဲ့အရေးကိစ္စကို ကျွန်ုပ်တို့ ဆုံးဖြတ်ရဖို့ရှိသလဲ။

မုဆိုးမရဲ့ဆုံးဖြတ်ချက်မှာ သူ့မှာရှိတဲ့ အစားအစာနည်းနည်းလေးကို ပေးရမလား၊ မပေးရဘူးလားဆိုတာထက် ပိုပါဝင်ပတ်သက်တယ်။ သူနဲ့သူ့သားကို ယေဟောဝါကယ်တင်နိုင်တယ်ဆိုတာကို ယုံကြည်စိတ်ချမလား၊ ဒါမှမဟုတ် ဘုရားသခင့်မျက်နှာသာရပြီး ကိုယ်တော်နဲ့ မိတ်ဖွဲ့ရတဲ့အခွင့်အရေးထက် သူ့ရဲ့ရုပ်ပိုင်းလိုအပ်ရာကို ရှေ့တန်းတင်မလား။ ကျွန်ုပ်တို့အားလုံးလည်း အလားတူဆုံးဖြတ်ချက်နဲ့ ရင်ဆိုင်နေကြတယ်။ ရုပ်ပစ္စည်းရှာဖွေဖို့ထက် ယေဟောဝါမျက်နှာသာရဖို့ ပိုပြီးအလေးထားမလား။ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့နဲ့ ကိုယ်တော့်ကိုကိုးကွယ်ဖို့ အကြောင်းကောင်းများစွာရှိပါတယ်။ အဲဒီအပြင် ကိုယ်တော့်မျက်နှာသာရအောင်ပြုလုပ်နိုင်တဲ့ နည်းတွေလည်းရှိတယ်။

ကိုယ်တော်သည် ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသည်

၄။ ယေဟောဝါက ဘာကြောင့် ကျွန်ုပ်တို့ရဲ့ ကိုးကွယ်မှုကို ခံထိုက်သလဲ။

နှစ်သက်လက်ခံဖွယ်နည်းနဲ့ လူသားတွေ ဝတ်ပြုကိုးကွယ်တာကို ယေဟောဝါ ခံထိုက်တော်မူတယ်။ ကိုယ်တော့်ကောင်းကင်ကျေးကျွန်တွေက ဒီအချက်ကိုထောက်ခံပြီး ဒီလို သံပြိုင်ကြွေးကြော်ခဲ့တယ်– “ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိသည့်အတွက် ဂုဏ်တော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်။” (ဗျာ. ၄:၁၁) ယေဟောဝါက ဖန်ဆင်းရှင်ဖြစ်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့ကိုးကွယ်မှုကို ခံထိုက်တယ်။

၅။ ဘုရားသခင့်မေတ္တာတော်က ကိုယ်တော့်ကိုကိုးကွယ်ဖို့ ဘာကြောင့် ကျွန်ုပ်တို့ကို လှုံ့ဆော်သင့်သလဲ။

ယေဟောဝါကို ဝတ်ပြုကိုးကွယ်ရတဲ့ နောက်ထပ်အကြောင်းတစ်ခုက ကျွန်ုပ်တို့အပေါ်ထားရှိတဲ့ ကိုယ်တော့် အနှိုင်းမဲ့မေတ္တာကြောင့်ဖြစ်တယ်။ ကျမ်းစာမှာ “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား လူမိန်းမကိုဖန်ဆင်း” တော်မူတယ်လို့ ဖော်ပြထားတယ်။ (က. ၁:၂၇) ဘုရားသခင်က လူသားတွေကို စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်လည်း ပေးထားတယ်။ ကျွန်ုပ်တို့ကို အသက်ပေးခြင်းအားဖြင့် ယေဟောဝါက လူသားတွေရဲ့ဖခင် ဖြစ်လာတယ်။ (လု. ၃:၃၈) ဖခင်ကောင်းတွေလိုပဲ ကိုယ်တော်ဟာ သားသမီးတွေရဲ့ဘဝမှာ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ်။ ကိုယ်တော်က “နေကိုထွက်စေ၊” “မိုးရွာစေ” ခြင်းအားဖြင့် မြေကြီးထဲကနေ အစားအစာအလျှံပယ်ထွက်စေပြီး ကမ္ဘာကိုသာယာလှပတဲ့နေရာဖြစ်စေတယ်။—မ. ၅:၄၅

၆၊ ၇။ (က) အာဒံက သူ့ရဲ့သားစဉ်မြေးဆက်အားလုံးအပေါ် ဘယ်လိုဆိုးကျိုးတွေ ကျရောက်စေခဲ့သလဲ။ (ခ) ဘုရားသခင့်မျက်နှာသာရဖို့ လုပ်ဆောင်နေသူတွေ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးကနေ ဘာအကျိုးခံစားရမလဲ။

ယေဟောဝါက ကျွန်ုပ်တို့ကို အပြစ်ရဲ့ကြောက်မက်ဖွယ်ဆိုးကျိုးတွေကနေလည်း ကယ်တင်ပေးတယ်။ အာဒံဟာ အပြစ်ကျူးလွန်ခြင်းအားဖြင့် မိသားစုရဲ့ငွေကိုခိုးပြီး လောင်းကစားလုပ်တဲ့ လောင်းကစားသမားနဲ့တူတယ်။ ယေဟောဝါကို ဆန့်ကျင်ပုန်ကန်ခြင်းအားဖြင့် အာဒံဟာ သူ့သားသမီးတွေ ရရှိခံစားရမယ့် ထာဝစဉ်ပျော်ရွှင်မှုကို ဆုံးရှုံးစေခဲ့တယ်။ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့် လူသားတွေဟာ ရက်စက်တဲ့သခင်နဲ့တူတဲ့ မစုံလင်မှုရဲ့ ကျွန်တွေဖြစ်သွားကြတယ်။ ဒါကြောင့် လူသားတွေဟာ ဖျားနာ၊ ဝမ်းနည်းကြေကွဲမှုတွေ ခံစားကြရပြီး အဆုံးမှာ သေကြရတယ်။ ကျွန်ဘဝကနေလွတ်မြောက်ဖို့ ရွေးဖိုးလိုအပ်ပြီး ကျွန်ုပ်တို့ကို ဆိုးကျိုးတွေကနေ လွတ်မြောက်နိုင်တဲ့ ရွေးဖိုးကို ယေဟောဝါ ပြင်ဆင်ပေးခဲ့တယ်။ (ရောမ ၅:၂၁ ကိုဖတ်ပါ။) ခမည်းတော်ရဲ့အလိုအရ ယေရှုခရစ်က “လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်” ခဲ့တယ်။ (မ. ၂၀:၂၈) ဘုရားသခင့်မျက်နှာသာရထားတဲ့သူတွေက ရွေးနုတ်ဖိုးရဲ့ အကျိုးကို မကြာမီ အပြည့်အဝ ခံစားရပါတော့မယ်။

ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်ယေဟောဝါဟာ ဘယ်သူ့ထက်မဆို ကျွန်ုပ်တို့ကို ပျော်ရွှင်ပြီး ရည်ရွယ်ချက်ပြည့်ဝတဲ့အသက်တာကို ပေးနိုင်တဲ့အရှင်ဖြစ်တယ်။ ကိုယ်တော့်မျက်နှာသာကို ရထားမယ်ဆိုရင် လူသားတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခကို ဘယ်လိုဖယ်ရှားပေးမယ်ဆိုတာကိုလည်း မြင်တွေ့ရမှာဖြစ်တယ်။ ယေဟောဝါဟာ “မိမိအား စိတ်ထက်သန်စွာရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်း” ကျွန်ုပ်တို့တစ်ဦးစီ မြင်တွေ့ရမှာဖြစ်တယ်။—ဟေဗြဲ ၁၁:၆

‘ကိုယ်တော်၏လူတို့သည် စေတနာစိတ်ဖြင့်’ ပေးဆက်ကြမည်

၈။ ဟေရှာယအဖြစ်အပျက်က ဘုရားသခင်ကိုကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို ဘာသင်ပေးသလဲ။

ဘုရားသခင့်မျက်နှာသာရရှိအောင်လုပ်ခြင်းမှာ ကျွန်ုပ်တို့ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို တော်မှန်စွာအသုံးပြုခြင်း ပါဝင်တယ်။ အကြောင်းကတော့ ယေဟောဝါက မိမိကို ကိုးကွယ်ဖို့ ဘယ်သူ့ကိုမှ အတင်းအကျပ်မတိုက်တွန်းလို့ပဲ။ ဟေရှာယခေတ်မှာ ကိုယ်တော်က “ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်း” လို့မေးခဲ့တယ်။ ပရောဖက်ရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို အသိအမှတ်ပြုခြင်းအားဖြင့် ယေဟောဝါက ပရောဖက်ကို ဂုဏ်တင်ခဲ့တယ်။ ဟေရှာယက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” လို့ ကျေကျေနပ်နပ် ပြန်ဖြေလိုက်တာကို မြင်ယောင်ကြည့်ပါ။—ဟေရှာ. ၆:၈

၉၊ ၁၀။ (က) ဘုရားသခင်ကို ဘယ်လို သဘောထားမျိုးနဲ့ ဝတ်ပြုသင့်သလဲ။ (ခ) ယေဟောဝါကို နှလုံးအကြွင်းမဲ့ကိုးကွယ်ခြင်းက ဘာကြောင့်သင့်လျော်သလဲ။

ဘုရားသခင်ကို ကိုးကွယ်မယ်၊ မကိုးကွယ်ဘူးဆိုတာကို လူသားတွေ လွတ်လပ်စွာရွေးချယ်နိုင်တယ်။ ကျွန်ုပ်တို့တွေ ယေဟောဝါကို တလိုတလားစိတ်နဲ့ကိုးကွယ်ဖို့ ကိုယ်တော် အလိုရှိတယ်။ (ယောရှု ၂၄:၁၅ ကိုဖတ်ပါ။) ဘုရားသခင်ကို ငြိုငြင်တဲ့စိတ်နဲ့ကိုးကွယ်တဲ့သူကို ကိုယ်တော်မနှစ်သက်သလို တခြားသူတွေစိတ်ကျေနပ်ဖို့အတွက် ကိုယ်တော့်ကိုကိုးကွယ်တာကိုလည်း ကိုယ်တော်လက်မခံဘူး။ (ကော. ၃:၂၂) ကျွန်ုပ်တို့က လောကရေးရာတွေကြောင့် ဘုရားသခင့်အမှုတော်ကို “စိတ်နှလုံးအကြွင်းမဲ့” မဆောင်ဘူးဆိုရင် ဘုရားသခင့်မျက်နှာသာ ရမှာမဟုတ်ဘူး။ (ဆာ. ၁၁၉:၂) ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးကွယ်ခြင်းက ကျွန်ုပ်တို့အတွက် ကောင်းကျိုးဖြစ်တယ်ဆိုတာ ကိုယ်တော်သိတယ်။ မောရှေက အစ္စရေးလူမျိုးကို ‘သင်၏ဘုရားသခင် ယေဟောဝါကိုချစ်၍ စကားတော်ကိုနားထောင်” ပြီး ကိုးကွယ်ခြင်းအားဖြင့် အသက်ကိုရွေးယူဖို့ တိုက်တွန်းခဲ့တယ်။—တရား. ၃၀:၁၉၊ ၂၀

၁၀ ရှေးအစ္စရေးဘုရင် ဒါဝိဒ် ဒီလိုသီဆိုခဲ့တယ်– “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသောတန်ဆာကိုဆင်လျက် ကြည်ညိုသောစေတနာစိတ်ရှိ၍ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ဖြစ်ကြပါလိမ့်မည်။” (ဆာ. ၁၁၀:၃) ယနေ့ များစွာသောသူတို့က ငွေကြေးနဲ့အပျော်အပါးအတွက် အသက်ရှင်နေကြတယ်။ ဒါပေမဲ့ ယေဟောဝါကိုချစ်တဲ့သူတွေက တခြားအရာတွေထက် ကိုယ်တော့်အမှုဆောင်ခြင်းကို ဦးစားထားကြတယ်။ သတင်းကောင်းကို ထက်သန်စွာဟောပြောခြင်းအားဖြင့် သူတို့ရဲ့ဦးစားထားရာကို ဖော်ပြကြတယ်။ သူတို့ရဲ့နေ့စဉ်လိုအပ်ရာတွေကို ယေဟောဝါထောက်မပေးမယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်စိတ်ချကြတယ်။—မ. ၆:၃၃၊ ၃၄

ဘုရားသခင်နှစ်သက်တဲ့ယဇ်များ

၁၁။ အစ္စရေးလူတွေက ယေဟောဝါထံယဇ်ဆက်သခြင်းအားဖြင့် ဘာအကျိုးကျေးဇူးရမယ်လို့ မျှော်လင့်ခဲ့ကြသလဲ။

၁၁ ပညတ်ပဋိညာဉ်အောက်မှာ ဘုရားသခင့်လူမျိုးက ကိုယ်တော့်မျက်နှာသာရဖို့ လက်ခံဖွယ်ယဇ်တွေကို ဆက်သခဲ့ကြတယ်။ ‘မိတ်သဟာယယဇ်ကို ယေဟောဝါအားဆက်သလိုလျှင် စိတ်တော်နှင့်တွေ့အောင် ဆက်သရမည်’ လို့ ဝတ်ပြုရာ ၁၉:၅ မှာဖော်ပြထားတယ်။ အဲဒီကျမ်းမှာပဲ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– ‘ကျေးဇူးတော်ဝန်ခံရာယဇ်ကို ယေဟောဝါအားဆက်သလိုလျှင် စိတ်တော်နှင့်တွေ့ခြင်းငှာ ဆက်သလော့။’ (ဝတ်. ၂၂:၂၉) အစ္စရေးလူမျိုးက သင့်တော်တဲ့တိရစ္ဆာန်ယဇ်ကို ယေဟောဝါရဲ့ယဇ်ပလ္လင်မှာ ဆက်သတဲ့အခါ အထက်ကိုပျံ့လွင့်သွားတဲ့မီးခိုးက စစ်မှန်တဲ့ဘုရားသခင်အတွက် ‘မွှေးကြိုင်သောယဇ်’ ဖြစ်တယ်။ (ဝတ်. ၁:၉၊ ၁၃) ကိုယ်တော့်လူမျိုးရဲ့ မေတ္တာဖော်ပြချက်က ကိုယ်တော့်ကို အမျက်ပြေစေပြီး ကျေနပ်နှစ်သက်စေတယ်။ (က. ၈:၂၁) ဒီပညတ်မှာ ယနေ့ ကျွန်ုပ်တို့နဲ့သက်ဆိုင်တဲ့ မူတစ်ခုကို တွေ့ရတယ်။ ယေဟောဝါလက်ခံဖွယ်သော ယဇ်တွေကိုဆက်သသူတွေက ကိုယ်တော့်မျက်နှာသာကို ရရှိကြတယ်။ ဘယ်ယဇ်တွေကို ကိုယ်တော်လက်ခံသလဲ။ ဘဝအသက်တာရဲ့ ကဏ္ဍနှစ်ခုဖြစ်တဲ့ အမူအကျင့်၊ အပြောအဆိုနဲ့ပတ်သက်ပြီး သုံးသပ်ကြည့်ပါ။

၁၂။ ဘယ်အကျင့်အကြံတွေက ‘ယဇ်အဖြစ် ကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓာကို ဆက်သ’ ရာမှာ ရွံရှာဖွယ်ရာဖြစ်စေသလဲ။

၁၂ တမန်တော်ပေါလု ရောမခရစ်ယာန်တွေဆီ ဒီလိုစာရေးခဲ့တယ်– “အသက်ရှင်သော၊ သန့်ရှင်းသော၊ ဘုရားသခင်လက်ခံဖွယ်သော ယဇ်ဖြစ်သည့် မိမိတို့၏ကိုယ်ခန္ဓာကို ဆက်သကြလော့။ သို့ပြုလျှင် သင်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းဖြင့် ဘုရားသခင်ဝတ်ကို ပြုခြင်းဖြစ်မည်။” (ရော. ၁၂:၁) ဘုရားသခင့်မျက်နှာသာရဖို့ ကိုယ်တော့်ထံဆက်သတဲ့ ကိုယ်ခန္ဓာက လက်ခံဖွယ်ရာဖြစ်ဖို့လိုတယ်။ ဆေးရွက်ကြီး၊ ကွမ်း၊ မူးယစ်ဆေးဝါးနဲ့ အရက်ကိုအလွန်အကျွံသောက်ခြင်းအားဖြင့် မိမိကိုယ်ကိုညစ်ညူးစေသူရဲ့ ယဇ်က တန်ဖိုးမရှိဘူး။ (၂ ကော. ၇:၁) ဒါ့အပြင် ‘တရားမဝင်လိင်ဆက်ဆံခြင်းကို ပြုလေ့ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား’ ခြင်းဖြစ်တဲ့အတွက် ကိုယ်ကျင့်တရားယိုယွင်းမှုပုံစံတစ်မျိုးမျိုးကို ပြုကျင့်နေသူရဲ့ ယဇ်ကို ယေဟောဝါရွံရှာတယ်။ (၁ ကော. ၆:၁၈) ဘုရားသခင်နှစ်သက်လက်ခံစေဖို့ လူတစ်ဦးဟာ “ပြုမူကျင့်ကြံလေသမျှ၌ သန့်ရှင်း” ရမယ်။—၁ ပေ. ၁:၁၄-၁၆

၁၃။ ယေဟောဝါကိုချီးမွမ်းဖို့ ဘာကြောင့်သင့်လျော်သလဲ။

၁၃ ယေဟောဝါနှစ်သက်တဲ့ ယဇ်နောက်တစ်ခုက ကျွန်ုပ်တို့ရဲ့ အပြောအဆိုနဲ့ ဆက်စပ်တယ်။ ယေဟောဝါကို ချစ်မြတ်နိုးသူတွေက လူတွေရှေ့မှာရော ကိုယ့်အိမ်မှာပါ ကိုယ်တော့်အကြောင်း အမြဲချီးမွမ်းပြောဆိုတယ်။ (ဆာလံ ၃၄:၁-၃ ကိုဖတ်ပါ။) ဆာလံ ၁၄၈-၁၅၀ ကိုဖတ်ပြီး ဒီအခန်းကြီးသုံးခန်းက ယေဟောဝါကိုချီးမွမ်းဖို့ ဘယ်နှစ်ကြိမ်အားပေးထားတယ်ဆိုတာ သတိပြုကြည့်ပါ။ ‘ချီးမွမ်းခြင်းအကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန်လျောက်ပတ်ပေ၏။’ (ဆာ. ၃၃:၁) အဲဒီအပြင် ကျွန်ုပ်တို့ရဲ့စံနမူနာရှင် ယေရှုခရစ်က သတင်းကောင်းဟောပြောခြင်းအားဖြင့် ဘုရားသခင်ကိုချီးမွမ်းဖို့ အရေးကြီးပုံကို အလေးပေးဖော်ပြခဲ့တယ်။—လု. ၄:၁၈၊ ၄၃၊ ၄၄

၁၄၊ ၁၅။ ဟောရှေက အစ္စရေးလူမျိုးတွေကို ဘယ်ပူဇော်ရာယဇ် ဆက်သဖို့တိုက်တွန်းခဲ့သလဲ၊ ယေဟောဝါ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၁၄ ကျွန်ုပ်တို့က ဇွဲထက်သန်စွာဟောပြောခြင်းအားဖြင့် ယေဟောဝါကိုချစ်ကြောင်း၊ ကိုယ်တော့်မျက်နှာသာရလိုကြောင်း ဖော်ပြရာရောက်တယ်။ ဥပမာ၊ အယူမှားဝတ်ပြုရေးမှာပါဝင်ပြီး ဘုရားသခင့်မျက်နှာသာဆုံးရှုံးခဲ့တဲ့ အစ္စရေးလူတွေကို ပရောဖက်ဟောရှေ ဘယ်လိုတိုက်တွန်းခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ (ဟော. ၁၃:၁-၃) ယေဟောဝါကိုတောင်းပန်ဖို့ သူတို့ကို ဟောရှေ ဒီလိုပြောခဲ့တယ်– ‘အကျွန်ုပ်တို့၌ရှိသမျှသောအပြစ်တို့ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့ကို ဆက်သပါမည်။’—ဟော. ၁၄:၁၊ ၂

၁၅ နွားဆိုတာ အစ္စရေးလူတွေ ယေဟောဝါကို ဆက်သတဲ့ ဈေးအကြီးဆုံးတိရစ္ဆာန်ဖြစ်တယ်။ ဒါကြောင့် “ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်” ဆိုတာက အသေအချာစဉ်းစားထားတဲ့စကားလုံးတွေနဲ့ စစ်မှန်တဲ့ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ချီးမွမ်းတာကို ဆိုလိုတယ်။ အဲဒီယဇ် ဆက်သသူတွေကို ယေဟောဝါ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ “ငါသည် သူတို့အား အကြွင်းမဲ့ချစ်မည်” လို့ ကိုယ်တော်ပြောခဲ့တယ်။ (ဟော. ၁၄:၄ခမ) ချီးမွမ်းခြင်းယဇ်ဆက်သသူတွေကို ယေဟောဝါခွင့်လွှတ်ပြီး သူတို့ကို မျက်နှာသာပေးပြီး မိတ်ဆွေဖွဲ့ခွင့်ပေးမှာ ဖြစ်တယ်။

၁၆၊ ၁၇။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကြောင့် လူတစ်ဦးသတင်းကောင်းဟောပြောတဲ့အခါ သူ့ရဲ့ချီးမွမ်းမှုကို ယေဟောဝါ ဘယ်လိုလက်ခံသလဲ။

၁၆ ယေဟောဝါကို လူထုရှေ့ချီးမွမ်းခြင်းက စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ အမြဲအရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။ စစ်မှန်တဲ့ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းခြင်းက ဆာလံဆရာအတွက် အလွန်အရေးကြီးတဲ့အရာဖြစ်လို့ သူ ဘုရားသခင်ကို ဒီလိုတိုးလျှိုးအသနားခံခဲ့တယ်– ‘အိုယေဟောဝါ အကျွန်ုပ်သည် စေတနာစိတ်ရှိ၍ ကိုယ်နှုတ်နှင့်ဆက်သော ယဇ်တို့ကို နှစ်သက်တော်မူပါ။’ (ဆာ. ၁၁၉:၁၀၈) ယနေ့အချိန်မှာကော။ ကျွန်ုပ်တို့ခေတ်မှာရှိတဲ့ လူအုပ်ကြီးနဲ့ပတ်သက်ပြီး ဟေရှာယ ဒီလိုပရောဖက်ပြုခဲ့တယ်– ‘ယေဟောဝါ၏ ဂုဏ်ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာချီးမွမ်းကြလိမ့်မည်။ [သူတို့၏ယဇ်များသည်] နှစ်သက်ဖွယ်သောလက္ခဏာနှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။’ (ဟေရှာ. ၆၀:၆၊ ၇) ပြည့်စုံချက်အနေနဲ့ သန်းနဲ့ချီတဲ့သူတွေက “ဘုရားသခင်၏နာမတော်ကို ကြေညာခြင်းဖြစ်သည့် နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို” ဆက်သနေကြတယ်။—ဟေဗြဲ ၁၃:၁၅

၁၇ အသင်ကော။ ဘုရားသခင်နှစ်သက်လက်ခံတဲ့ယဇ်တွေကို သင် ဆက်သနေသလား။ မဆက်သရသေးဘူးဆိုရင် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ယေဟောဝါကို လူထုရှေ့ချီးမွမ်းနိုင်မလား။ ယုံကြည်ခြင်းက သတင်းကောင်းစတင်ဟောပြောဖို့ သင့်ကို လှုံ့ဆော်တဲ့အခါ သင်ဆက်သတဲ့ယဇ်က ‘နွားလားထက် ပိုပြီးနှစ်သက်ဖွယ်ရာ’ ဖြစ်ပါလိမ့်မယ်။ (ဆာလံ ၆၉:၃၀၊ ၃၁ ကိုဖတ်ပါ။) သင်ဆက်သတဲ့ယဇ်ရဲ့ “နံ့သာပေါင်းအမွှေးအကြိုင်” က ယေဟောဝါထံရောက်ရှိပြီး ကိုယ်တော့်မျက်နှာသာကို သင်ရရှိမှာ သေချာပါတယ်။ (ယေဇ. ၂၀:၄၁) အဲဒီအခါ ဘယ်အရာနဲ့မှ နှိုင်းလို့မရတဲ့ရွှင်လန်းမှုကို သင်ခံစားရပါလိမ့်မယ်။

‘ယေဟောဝါသည် ဖြောင့်မတ်သောသူကိုကောင်းချီးပေး’

၁၈၊ ၁၉။ (က) ဒီနေ့ လူအများစုက ဘုရားသခင်ကိုဝတ်ပြုခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုရှုမြင်ကြသလဲ။ (ခ) ဘုရားသခင့်မျက်နှာသာဆုံးရှုံးခြင်းက ဘာဖြစ်စေသလဲ။

၁၈ ‘ယေဟောဝါ၏အမှုကိုဆောင်ရွက်သော်လည်း အကျိုးမရှိ။ စီရင်ထုံးဖွဲ့တော်မူချက်ကိုစောင့်၍ အဘယ်ကျေးဇူးရှိသနည်း’ ဆိုပြီး မာလခိအချိန်ကလူတချို့ ယူဆခဲ့ကြသလို ဒီနေ့ခေတ်မှာရှိတဲ့လူများစွာကလည်း အလားတူယူဆကြတယ်။ (မာလ. ၃:၁၄) ရုပ်ပစ္စည်းတွေနောက် ကောက်ကောက်ပါအောင်လိုက်သူတွေက ဘုရားသခင့်ရည်ရွယ်ချက်တွေက ပြည့်စုံလာမှာမဟုတ်ဘူး၊ ကိုယ်တော့်ပညတ်တော်တွေကလည်း လက်တွေ့မကျတော့ဘူးလို့ ရှုမြင်ကြတယ်။ သတင်းကောင်းဟောပြောခြင်းကို အချိန်ဖြုန်းတဲ့အလုပ်၊ စိတ်အနှောင့်အယှက်ပေးတဲ့အလုပ်အဖြစ် ယူမှတ်ကြတယ်။

၁၉ ဒီသဘောထားတွေက ဧဒင်ဥယျာဉ်ကနေ မြစ်ဖျားခံတယ်။ အဲဒါက ယေဟောဝါပေးထားတဲ့ အံ့ဖွယ်အသက်ကို တန်ဖိုးမထားအောင်၊ ကိုယ်တော့်မျက်နှာသာရခြင်းကို အလေးမထားအောင် ဧဝကို သွေးဆောင်ခဲ့တဲ့ စာတန်ရဲ့သဘောထားဖြစ်တယ်။ ဒီအချိန်မှာလည်း ဘုရားသခင့်အလိုဆောင်ခြင်းက ဘာအကျိုးမှမရှိဘူးဆိုတဲ့ သဘောထားဝင်အောင် လူတွေကို စာတန်မပြတ်သွေးဆောင်နေတယ်။ ဒါပေမဲ့ ဧဝနဲ့သူ့ခင်ပွန်းက ဘုရားသခင့်မျက်နှာသာဆုံးရှုံးခြင်းဟာ အသက်ဆုံးရှုံးခြင်းဆိုတာကို နဖူးတွေ့ဒူးတွေ့ခံစားခဲ့ရတယ်။ သူတို့ရဲ့ဆိုးသွမ်းတဲ့လမ်းစဉ်ကိုလိုက်တဲ့သူတွေလည်း အလားတူ ခါးသီးတဲ့အမှန်တရားကို မလွဲမသွေကြုံရတော့မှာဖြစ်တယ်။—က. ၃:၁-၇၊ ၁၇-၁၉

၂၀၊ ၂၁။ (က) ဇရတ္တမြို့သူမုဆိုးမ ဘာလုပ်ခဲ့သလဲ၊ အခြေအနေတွေ ဘယ်လိုပြောင်းသွားသလဲ။ (ခ) ကျွန်ုပ်တို့က ဇရတ္တမြို့သူမုဆိုးမကို ဘယ်လိုတုပနိုင်သလဲ၊ ဘာကြောင့် တုပသင့်သလဲ။

၂၀ အာဒံနဲ့ဧဝရဲ့ ဝမ်းနည်းဖွယ်ဇာတ်သိမ်းနဲ့ နိဒါန်းပိုင်းမှာဖော်ပြခဲ့တဲ့ ဧလိယနဲ့ ဇရတ္တမြို့သူမုဆိုးမ ခံစားရတဲ့အကျိုးက တခြားစီပဲ။ ဧလိယရဲ့ အားရှိစရာစကားတွေကိုကြားပြီး မုဆိုးမက သူ့မှာ ဂျုံမှုန့်မဆိုစလောက်သာရှိပေမဲ့ ပရောဖက်အတွက် အရင်မုန့်လုပ်ပေးခဲ့တယ်။ ပြီးတဲ့နောက် ယေဟောဝါက ဧလိယကနေတစ်ဆင့်ပေးခဲ့တဲ့ မိမိရဲ့ကတိတော်ကို ပြည့်စုံစေခဲ့တယ်။ ကျမ်းစာမှတ်တမ်းက ဒီလိုဖော်ပြတယ်– ‘ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍ အိမ်သားတို့သည် အင်တန်ကာလပတ်လုံးစားရကြ၏။ ယေဟောဝါသည် ဧလိယအားဖြင့်မိန့်တော်မူသောစကားအတိုင်း အိုး၌ရှိသောမုန့်ညက်မကုန်၊ ဘူး၌ရှိသောဆီမလျော့။’—၃ ရာ. ၁၇:၁၅၊ ၁၆

၂၁ ယနေ့ ကမ္ဘာပေါ်မှာရှိတဲ့လူအနည်းစုပြသနေတဲ့စိတ်ဓာတ်ကို ဇရတ္တမြို့သူမုဆိုးမ ပြခဲ့တယ်။ မုဆိုးမက ဘုရားသခင့်ကယ်တင်ခြင်းကို အပြည့်အဝယုံကြည်စိတ်ချပြီး ဘုရားသခင်ကလည်း သူ့ကို ကူညီပေးခဲ့တယ်။ ဒီမှတ်တမ်းနဲ့ တခြားကျမ်းစာမှတ်တမ်းတွေကနေ ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုကို ရထိုက်တယ်ဆိုတာ အခိုင်အမာသိရတယ်။ (ယောရှု ၂၁:၄၃-၄၅; ၂၃:၁၄ တို့ကိုဖတ်ပါ။) မျက်မှောက်ခေတ်ယေဟောဝါသက်သေတွေရဲ့ တွေ့ကြုံမှုတွေက ဘုရားသခင့်မျက်နှာသာရရှိထားသူတွေကို ကိုယ်တော် ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူးဆိုတဲ့ ထပ်ဆင့်အထောက်အထားတွေဖြစ်တယ်။—ဆာ. ၃၄:၆၊ ၇၊ ၁၇-၁၉ *

၂၂။ ဘုရားသခင့်မျက်နှာသာကို ဘာကြောင့် အရေးတကြီးရှာသင့်သလဲ။

၂၂ ဘုရားသခင့်တရားစီရင်ရာနေ့က “မြေကြီးပေါ်ရှိ လူအပေါင်းတို့အပေါ်” ကျရောက်တော့မှာဖြစ်တယ်။ (လု. ၂၁:၃၄၊ ၃၅) ဒီနေ့ရက်ကို ဘယ်သူမှရှောင်လွဲနိုင်မှာမဟုတ်ဘူး။ ဘုရားသခင့်ခန့်အပ်ခံတရားသူကြီးပြောတဲ့ ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံရသောသူတို့၊ သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံကို လာ၍ အမွေခံကြလော့’ ဆိုတဲ့စကားကို ကြားရတာက စည်းစိမ်ချမ်းသာ၊ ဘယ်ရုပ်ပစ္စည်းပိုင်ဆိုင်ရာတွေထက်မဆို အဆပေါင်းများစွာ ပိုပြီးအဖိုးထိုက်ပါတယ်။ (မ. ၂၅:၃၄) အမှန်ပါပဲ၊ ‘ယေဟောဝါသည် ဖြောင့်မတ်သောသူကိုကောင်းချီးပေး၍ ကျေးဇူးတော် [“မျက်နှာသာ၊” ကဘ] အားဖြင့် ကွယ်ကာစောင့်မတော်မူလိမ့်’ မယ်။ (ဆာ. ၅:၁၂) ဒါကြောင့် ဘုရားသခင့်မျက်နှာသာကို ကျွန်ုပ်တို့ ရှာသင့်တယ်မဟုတ်လား။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 21 ကင်းမျှော်စင် မတ် ၁၅၊ ၂၀၀၅၊ စာမျက်နှာ ၁၃၊ အပိုဒ် ၁၅; ဩဂုတ် ၁၊ ၁၉၉၇၊ စာမျက်နှာ ၂၀-၂၅ ကိုကြည့်ပါ။

သင် မှတ်မိသလား

• ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါ ဘာကြောင့် ခံထိုက်သလဲ။

• ယနေ့ ဘယ်ယဇ်တွေကို ယေဟောဝါလက်ခံသလဲ။

• “ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်” က ဘာကို ဆိုလိုသလဲ၊ အဲဒါကို ဘာကြောင့် ဆက်သသင့်သလဲ။

• ဘုရားသခင့်မျက်နှာသာကို ကျွန်ုပ်တို့ ဘာကြောင့် ရှာသင့်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဆင်းရဲတဲ့မိခင်တစ်ဦး ဘယ်အရေးကြီး ဆုံးဖြတ်ချက်ချစရာအကြောင်း ပေါ်လာသလဲ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါကို ချီးမွမ်းခြင်းယဇ် ဆက်သတဲ့အတွက် ဘာအကျိုးခံစားရသလဲ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါအပေါ်ထားရှိတဲ့ သင့်ယုံကြည်ကိုးစားမှုကြောင့် သင် ဘယ်တော့မှစိတ်ပျက်ရမှာမဟုတ်ဘူး