မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတရားမှုကို သင်မုန်းသလော

မတရားမှုကို သင်မုန်းသလော

မတရားမှုကို သင်မုန်းသလော

‘သင် [ယေရှု] သည် မတရားမှုကိုမုန်း၏။’—ဟေဗြဲ ၁:၉

၁။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး ယေရှု ဘာသင်ပေးခဲ့သလဲ။

ယေရှုက ချစ်ခြင်းမေတ္တာရဲ့ အရေးကြီးမှုနဲ့ပတ်သက်ပြီး မိမိတပည့်တွေကို ဒီလို အလေးပေးပြောခဲ့တယ်– “သင်တို့အချင်းချင်း ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသော ပညတ်သစ်ကို ငါပေး၏။ သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။” (ယော. ၁၃:၃၄၊ ၃၅) ယေရှုက မိမိရဲ့နောက်လိုက်တွေကို အချင်းချင်း ကိုယ်ကျိုးစွန့်မေတ္တာပြကြဖို့ အမိန့်ပေးခဲ့တယ်။ ဒီမေတ္တာက သူတို့ကို ခွဲခြားသိမြင်စေတဲ့ အမှတ်အသားဖြစ်လိမ့်မယ်။ ဒါ့အပြင် ယေရှုက “သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့” လို့လည်း တိုက်တွန်းခဲ့တယ်။—မ. ၅:၄၄

၂။ ခရစ်တော်ရဲ့နောက်လိုက်တွေက ဘယ်အရာကို မုန်းသင့်သလဲ။

ယေရှုက ချစ်ခြင်းမေတ္တာအကြောင်း မိမိရဲ့တပည့်တွေကို သင်ပေးခဲ့တဲ့အပြင် မုန်းရမယ့်အရာတွေကိုလည်း သင်ပေးခဲ့တယ်။ ယေရှုနဲ့ပတ်သက်ပြီး “သင်သည် ဖြောင့်မတ်ခြင်းကိုချစ်၍ မတရားမှု [ဆိုးညစ်မှု] ကို မုန်း၏” လို့ဖော်ပြထားတယ်။ (ဟေဗြဲ ၁:၉; ဆာ. ၄၅:၇) ဒီအချက်က ကျွန်ုပ်တို့က ဖြောင့်မတ်မှုကို ချစ်ရမယ့်အပြင် အပြစ် ဒါမှမဟုတ် မတရားမှုကို မုန်းတီးရမယ်ဆိုတာ ဖော်ပြတယ်။ “အပြစ်ကို ပြုလေ့ရှိသူတိုင်းသည် မတရားမှုကို ပြုလေ့ရှိ၏။ သို့ဖြစ်၍ အပြစ်သည် မတရားမှုဖြစ်၏” ဆိုတဲ့ တမန်တော်ယောဟန်ရဲ့ဖော်ပြချက်က မှတ်သားစရာဖြစ်တယ်။—၁ ယော. ၃:၄

၃။ မတရားမှုကိုမုန်းခြင်းနဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ ဘယ်ကဏ္ဍတွေကို ဆွေးနွေးသုံးသပ်ကြမလဲ။

ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့က ‘မတရားမှုကို ငါမုန်းသလား’ လို့ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ ကျွန်ုပ်တို့အသက်တာရဲ့ ကဏ္ဍလေးခုဖြစ်တဲ့ (၁) အရက်ယမကာအလွန်အကျွံသောက်ခြင်းအပေါ် ကျွန်ုပ်တို့ရဲ့သဘောထား၊ (၂) နာမ်ဝိညာဉ်ဆိုးတွေနဲ့ဆက်နွှယ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်အပေါ် ကျွန်ုပ်တို့ရဲ့အမြင်၊ (၃) အကျင့်ယိုယွင်းမှုအပေါ် ကျွန်ုပ်တို့ရဲ့ ရှုမြင်ပုံနဲ့ (၄) မတရားမှုကို နှစ်သက်သူတွေအပေါ် ကျွန်ုပ်တို့ရဲ့အမြင်မှာ မကောင်းမှုကိုမုန်းတီးကြောင်း ဘယ်လိုပြသနိုင်တယ်ဆိုတာ ဆွေးနွေးသုံးသပ်ကြပါစို့။

အရက်ရဲ့ကျေးကျွန် မဖြစ်ပါစေနဲ့

၄။ အရက်အလွန်အကျွံသောက်ခြင်းနဲ့ပတ်သက်ပြီး ဆုံးမတဲ့အခါ ယေရှု ဘာကြောင့် လွတ်လပ်စွာ ပြောနိုင်ခဲ့သလဲ။

ယေရှုက ဝိုင်ကို ဘုရားသခင်ပေးတဲ့လက်ဆောင်အဖြစ် အသိအမှတ်ပြုပြီး တစ်ခါတလေ သောက်သုံးခဲ့တယ်။ (ဆာ. ၁၀၄:၁၄၊ ၁၅) ဒါပေမဲ့ ကိုယ်တော်က အလွန်အကျွံသောက်ခြင်းဖြင့် ဒီလက်ဆောင်ကို ဘယ်တော့မှ တလွဲမသုံးခဲ့ဘူး။ (သု. ၂၃:၂၉-၃၃) ဒါကြောင့် အရက်နဲ့ပတ်သက်ပြီး တခြားသူတွေကို ဆုံးမတဲ့အခါ ကိုယ်တော် လွတ်လပ်စွာပြောနိုင်ခဲ့တယ်။ (လုကာ ၂၁:၃၄ ကိုဖတ်ပါ။) အရက်အလွန်အကျွံသောက်ခြင်းက တခြားကြီးလေးတဲ့အပြစ်တွေကို ကျူးလွန်မိစေနိုင်တယ်။ ဒါကြောင့် တမန်တော်ပေါလုက ဒီလိုရေးခဲ့တယ်– “လွန်ကျူးစေတတ်သောဝိုင်နှင့် မူးယစ်ခြင်းကို ရှောင်ကြလော့။ ဘုရားသခင့်စွမ်းအားတော်နှင့် ပြည့်နေကြလော့။” (ဧ. ၅:၁၈) အသင်းတော်မှာရှိတဲ့ အသက်ကြီးတဲ့အမျိုးသမီးတွေကိုလည်း “ဝိုင်၏ကျေးကျွန်” မဖြစ်ကြဖို့ သတိပေးခဲ့တယ်။—တိ. ၂:၃

၅။ အရက်ယမကာသောက်သုံးဖို့ ဆုံးဖြတ်သူတွေ မိမိကိုယ်ကို ဘယ်မေးခွန်းတွေမေးသင့်သလဲ။

အရက်ယမကာသောက်သုံးဖို့ သင်ဆုံးဖြတ်မယ်ဆိုရင် သင့်ကိုသင် ဒီမေးခွန်းတွေမေးသင့်တယ်– ‘အရက်အလွန်အကျွံသောက်ခြင်းနဲ့ပတ်သက်ပြီး ယေရှုလိုအမြင်မျိုး ငါ့မှာရှိသလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး တခြားသူတွေကို သွန်သင်ချက်ပေးဖို့လိုတဲ့အခါ ငါ လွတ်လပ်စွာပြောဆိုရဲသလား။ သောကတွေကို ဖြေဖျောက်ဖို့၊ ဖိစီးမှုတွေကို မေ့ပစ်ဖို့ သောက်တာလား။ တစ်ပတ်မှာ ဘယ်လောက်သောက်သလဲ။ သောက်တာများနေပြီလို့ တစ်ယောက်ယောက်က ပြောတဲ့အခါ ဘယ်လိုတုံ့ပြန်သလဲ။ ဆင်ခြေပေးသလား ဒါမှမဟုတ် စိတ်ဆိုးသလား။’ အရက်အလွန်အကျွံသောက်ခြင်းက ကျွန်ုပ်တို့ရဲ့ မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ ပညာရှိဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို ထိခိုက်စေပါတယ်။ ခရစ်တော်ရဲ့နောက်လိုက်တွေက မိမိတို့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်ဖို့ ကြိုးစားကြတယ်။—သု. ၃:၂၁၊ ၂၂ကဘ။

လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ကို ရှောင်ပါ

၆၊ ၇။ (က) ယေရှုက စာတန်နဲ့ နာမ်ဝိညာဉ်ဆိုးတွေကို ဘယ်လိုဆက်ဆံခဲ့သလဲ။ (ခ) ယနေ့ လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်တွေ ဘာကြောင့် အလွန်ပျံ့နှံ့နေတာလဲ။

ယေရှု ကမ္ဘာပေါ်ရှိခဲ့စဉ်က စာတန်နဲ့ နာမ်ဝိညာဉ်ဆိုးတွေကို ပြတ်ပြတ်သားသား တွန်းလှန်ခဲ့တယ်။ ကိုယ်တော်ရဲ့သစ္စာစောင့်သိမှုကို စာတန်ကိုယ်တိုင် တိုက်ခိုက်တဲ့အခါ ကိုယ်တော် ငြင်းပယ်ခဲ့တယ်။ (လု. ၄:၁-၁၃) ကိုယ်တော့်အတွေးအခေါ်နဲ့ အပြုအမူအပေါ်လွှမ်းမိုးဖို့ ပါးနပ်တဲ့နည်းနဲ့သွေးဆောင်တာကိုလည်း ကိုယ်တော်သိမြင်ပြီး တွန်းလှန်ခဲ့တယ်။ (မ. ၁၆:၂၁-၂၃) နာမ်ဝိညာဉ်ဆိုးတွေရဲ့ ဒုက္ခပေးခြင်းကနေ လွတ်မြောက်အောင် တချို့သူတွေကိုလည်း ယေရှု ကူညီပေးခဲ့တယ်။—မာ. ၅:၂၊ ၈၊ ၁၂-၁၅; ၉:၂၀၊ ၂၅-၂၇

၁၉၁၄ ခုနှစ်မှာ ယေရှုနန်းထိုင်ပြီးတဲ့နောက် ကိုယ်တော်က စာတန်နဲ့ နာမ်ဝိညာဉ်ဆိုးတွေရဲ့ ဆိုးညစ်တဲ့သြဇာလွှမ်းမိုးမှုကို ကောင်းကင်ကနေ ရှင်းထုတ်လိုက်တယ်။ ရလဒ်အနေနဲ့ စာတန်က ယခင်ကထက်ပိုပြီး “လူနေရာမြေတစ်ပြင်လုံးကို လှည့်စား” ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ (ဗျာ. ၁၂:၉၊ ၁၀) ဒါကြောင့် နာမ်ဝိညာဉ်ဆိုးတွေနဲ့ဆက်နွှယ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်တွေ အလွန်ပျံ့နှံ့ပြီး တိုးပွားနေတာကို ကျွန်ုပ်တို့ မအံ့သြသင့်ဘူး။ အဲဒီအရာတွေကနေ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်နိုင်သလဲ။

၈။ အပန်းဖြေမှုကိုရွေးချယ်ရာမှာ ကျွန်ုပ်တို့တစ်ဦးစီက ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

သမ္မာကျမ်းစာက နာမ်ဝိညာဉ်ဆိုးတွေနဲ့ဆက်နွှယ်တဲ့ အန္တရာယ်တွေအကြောင်း ရှင်းရှင်းလင်းလင်းသတိပေးထားတယ်။ (ရားဟောရာ ၁၈:၁၀-၁၂ ကိုဖတ်ပါ။) ယနေ့ စာတန်နဲ့ နာမ်ဝိညာဉ်ဆိုးတွေက လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်တွေကို အသားပေးတင်ဆက်ထားတဲ့ ရုပ်ရှင်၊ စာအုပ်၊ အီလက်ထရောနစ်ဂိမ်းတွေအားဖြင့် လူတွေရဲ့အတွေးအခေါ်တွေအပေါ် ဩဇာလွှမ်းမိုးနေတယ်။ ဒါကြောင့် အပန်းဖြေဖို့ရွေးချယ်တဲ့အခါ ကျွန်ုပ်တို့တစ်ဦးစီက မိမိကိုယ်ကို ဒီမေးခွန်းတွေမေးသင့်တယ်– ‘လွန်ခဲ့တဲ့လတွေက အပန်းဖြေတဲ့အခါ လျှို့ဝှက်ဆန်းကြယ်တဲ့လုပ်ရပ်တွေကို တင်ဆက်ထားတဲ့ ရုပ်ရှင်၊ တီဗွီအစီအစဉ်၊ အီလက်ထရောနစ်ဂိမ်း၊ စာအုပ် ဒါမှမဟုတ် ဟာသဇာတ်လမ်းတွေကို ငါရွေးချယ်ခဲ့သလား။ လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်တွေရဲ့သြဇာတွေကို ငြင်းပယ်ဖို့အရေးကြီးကြောင်း ငါသဘောပေါက်သလား ဒါမှမဟုတ် ဒီအန္တရာယ်တွေကို လျှော့တွက်သလား။ ငါရွေးချယ်တဲ့အပန်းဖြေမှုနဲ့ပတ်သက်ပြီး ယေဟောဝါဘယ်လိုခံစားရမလဲဆိုတာကို ငါထည့်တွက်ဖူးသလား။ ငါ့အသက်တာမှာ ဒီစာတန့်သြဇာလွှမ်းမိုးမှုတွေကို ခံယူလိုက်မယ်ဆိုရင် ယေဟောဝါနဲ့ ကိုယ်တော့်ရဲ့ဖြောင့်မတ်တဲ့မူတွေကိုချစ်တဲ့ ငါ့ရဲ့မေတ္တာက ဒါတွေကိုငြင်းပယ်ဖို့ လှုံ့ဆော်ပါ့မလား။’—တ. ၁၉:၁၉၊ ၂၀

ကိုယ်ကျင့်တရားယိုယွင်းမှုနဲ့ပတ်သက်တဲ့ ယေရှုရဲ့သတိပေးချက်ကို လိုက်နာပါ

၉။ လူတစ်ဦးဟာ မတရားမှုကို ဘယ်လိုနှစ်သက်မိနိုင်သလဲ။

ယေရှုက ကိုယ်ကျင့်တရားဆိုင်ရာ ယေဟောဝါရဲ့စံနှုန်းကို ကိုင်စွဲခဲ့တယ်။ ကိုယ်တော်ဒီလိုပြောခဲ့တယ်– “အစအဦး၌ ဖန်ဆင်းတော်မူသောအရှင်သည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူကြောင်း သင်တို့ မဖတ်ဖူးသလော။ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်’ ဟုမိန့်တော်မူကြောင်းကိုလည်း မဖတ်ဖူးသလော။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်။” (မ. ၁၉:၄-၆) ကျွန်ုပ်တို့ကြည့်တဲ့အရာက စိတ်နှလုံးအပေါ် အကျိုးသက်ရောက်တယ်ဆိုတာကို ယေရှုသိတယ်။ ဒါကြောင့် တောင်ပေါ်တရားတော်မှာ ကိုယ်တော်ဒီလိုဖော်ပြခဲ့တယ်– “‘အိမ်ထောင်ရေး မဖောက်ပြန်ရ’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ သို့ရာတွင် ငါဆိုသည်ကား မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။” (မ. ၅:၂၇၊ ၂၈) ယေရှုရဲ့သတိပေးချက်ကို လျစ်လျူရှုသူတွေဟာ အမှန်တော့ မတရားမှုကိုနှစ်သက်သူတွေဖြစ်တယ်။

၁၀။ ဘယ်သူမဆို ညစ်ညမ်းရုပ်ပုံစာပေကြည့်တဲ့အကျင့်ကို ဖြတ်ပစ်နိုင်ကြောင်းဖော်ပြတဲ့ တွေ့ကြုံမှုတစ်ခုကို ဖော်ပြပါ။

၁၀ စာတန်က ညစ်ညမ်းရုပ်ပုံစာပေတွေအားဖြင့် အကျင့်ယိုယွင်းမှုကို အားပေးအားမြှောက်ပြုနေတယ်။ လက်ရှိလောကစနစ်မှာ ဒါတွေနဲ့ ပြည့်နှက်နေတယ်။ ညစ်ညမ်းရုပ်ပုံစာပေတွေကိုကြည့်တဲ့သူတွေက ဒီပုံတွေကို သူတို့ရဲ့စိတ်ထဲကနေ ဖျောက်ပစ်ဖို့ခက်ကြောင်း တွေ့ရှိခဲ့ကြတယ်။ သူတို့တွေဟာ ညစ်ညမ်းရုပ်ပုံကြည့်တဲ့အကျင့်တောင် စွဲလာခဲ့ကြတယ်။ ခရစ်ယာန်တစ်ဦး ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ သူဒီလိုပြောခဲ့တယ်– “ညစ်ညမ်းရုပ်ပုံစာပေတွေကို ကျွန်တော် တိတ်တဆိတ်ကြည့်ခဲ့တယ်။ ဒီလိုနည်းနဲ့ ကျွန်တော်ဟာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်တာနဲ့သီးခြားဖြစ်တဲ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို တည်ဆောက်ခဲ့တယ်။ ဒီလိုလုပ်တာ မှားတယ်ဆိုတာသိပေမဲ့လည်း ငါ့ရဲ့ဝတ်ပြုမှုကို ဘုရားသခင်လက်ခံသေးတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။” ဒီညီအစ်ကိုရဲ့သဘောထားကို ဘာက ပြောင်းလဲစေခဲ့တာလဲ။ သူဒီလိုပြောပြတယ်– “ကျွန်တော်လုပ်ခဲ့ရာတွေထဲမှာ အခက်ဆုံးအလုပ်ဖြစ်ပေမဲ့လည်း ကျွန်တော့်ရဲ့ပြဿနာကို အကြီးအကဲတွေကိုပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။” နောက်ဆုံးမှာ ညီအစ်ကိုက ဒီယုတ်ညံ့တဲ့အကျင့်ကို ဖြတ်ပစ်နိုင်ခဲ့တယ်။ သူဒီလိုဝန်ခံခဲ့တယ်– “ကျွန်တော့်ဘဝကို ဒီအပြစ်တွေကနေ သန့်စင်လိုက်တဲ့အခါ ကျွန်တော့်မှာ စင်ကြယ်တဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်ရှိလာတယ်လို့ ခံစားလာရတယ်။” မတရားမှုကိုမုန်းတဲ့သူတွေက ညစ်ညမ်းရုပ်ပုံတွေကိုလည်း မုန်းဖို့သင်ယူရမယ်။

၁၁၊ ၁၂။ တေးဂီတကိုရွေးချယ်ရာမှာ မတရားမှုကိုမုန်းကြောင်း ဘယ်လိုပြသနိုင်သလဲ။

၁၁ တေးသွားနဲ့စာသားတွေက ကျွန်ုပ်တို့ရဲ့စိတ်နဲ့ ပုံဆောင်နှလုံးကို အလွန်သြဇာလွှမ်းမိုးနိုင်ပါတယ်။ တေးဂီတက ဘုရားသခင်ပေးတဲ့ ဆုတစ်ခုဖြစ်ပြီး မှန်တဲ့ဝတ်ပြုရေးမှာ အသုံးပြုခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ (ထွ. ၁၅:၂၀၊ ၂၁; ဧ. ၅:၁၉) ဒါပေမဲ့ စာတန့်ဆိုးညစ်တဲ့လောက,က အကျင့်ယိုယွင်းမှုကို အမွှမ်းတင်ထားတဲ့ တေးသီချင်းတွေကို အသားပေးတင်ဆက်ကြတယ်။ (၁ ယော. ၅:၁၉) သင်နားထောင်တဲ့တေးသီချင်းက သင့်ကို ညစ်ညူးစေသလား၊ မညစ်ညူးစေဘူးလားဆိုတာ ဘယ်လိုသိနိုင်သလဲ။

၁၂ မိမိကိုယ်ကို ဒီမေးခွန်းတွေမေးနိုင်ပါတယ်– ‘ငါနားထောင်တဲ့သီချင်းတွေက သတ်ဖြတ်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ မတရားမေထုန်နဲ့ မြင့်မြတ်တဲ့အရာကို စော်ကားတာတွေကို အမွှမ်းတင်ထားသလား။ သီချင်းစာသားတွေကို တစ်ယောက်ယောက်ကိုဖတ်ပြမယ်ဆိုရင် သူက ငါ့ကို မတရားမှုကိုမုန်းတဲ့သူဖြစ်တယ်လို့ ယူမှတ်မလား ဒါမှမဟုတ် ငါ့စိတ်နှလုံးညစ်ညူးနေတယ်ဆိုတာ ဖော်ပြမလား။’ မတရားမှုကို အမွှမ်းတင်ထားတဲ့သီချင်းတွေကို နားထောင်နေသူတစ်ယောက်က မတရားမှုကိုမုန်းတဲ့သူလို့ မပြောနိုင်ဘူး။ ယေရှုဒီလိုပြောခဲ့တယ်– “ခံတွင်းမှထွက်သောအရာမူကား စိတ်နှလုံးမှလာသည်ဖြစ်၍ လူကို ညစ်ညူးစေတတ်၏။ သာဓကအားဖြင့် မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ မှားယွင်းသောသက်သေကိုခံခြင်း၊ မြင့်မြတ်သောအရာကို စော်ကားခြင်းတို့သည် စိတ်နှလုံးထဲက ထွက်လာကြ၏။”—မ. ၁၅:၁၈၊ ၁၉; ယာကုပ် ၃:၁၀၊ ၁၁ နဲ့နှိုင်းယှဉ်ပါ။

မတရားမှုနှစ်သက်သူကို ယေရှု ရှုမြင်သလိုရှုမြင်ပါ

၁၃။ အပြစ်ရှိလမ်းစဉ်ကို ခေါင်းမာမာနဲ့လိုက်နေတဲ့သူတွေကို ယေရှုဘယ်လိုရှုမြင်ခဲ့သလဲ။

၁၃ ယေရှုက အပြစ်သားတွေ ဒါမှမဟုတ် တရားမဲ့သူတွေကို နောင်တရစေဖို့ ကြွလာခြင်းဖြစ်တယ်လို့ ကိုယ်တော်ပြောခဲ့တယ်။ (လု. ၅:၃၀-၃၂) ဒါပေမဲ့ အပြစ်ရှိလမ်းစဉ်ကို ခေါင်းမာမာနဲ့လိုက်နေတဲ့သူတွေကို ကိုယ်တော်ဘယ်လိုရှုမြင်ခဲ့သလဲ။ အဲဒီလိုလူတွေရဲ့သြဇာကိုမခံဖို့ ကိုယ်တော် ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်။ (မ. ၂၃:၁၅၊ ၂၃-၂၆) ကိုယ်တော် ဒီလိုလည်း ရှင်းရှင်းလင်းလင်းပြောခဲ့တယ်– “‘သခင်၊ သခင်’ ဟုငါ့ကိုခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံရှိ ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်သောသူသာ ဝင်ရလိမ့်မည်။ ထိုနေ့၌ အများသောသူတို့က ‘သခင်၊ သခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမဖြင့် ပရောဖက်ပြုကြပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော’ ဟုဆိုကြလိမ့်မည်။ ထိုသို့ဆိုကြသောအခါ သင်တို့ကို ငါလုံးဝမသိ။ မတရားသောအမှုကို ပြုသောသူတို့၊ ငါထံမှ ထွက်သွားကြဟု ထိုသူတို့အား ငါပြောမည်။” (မ. ၇:၂၁-၂၃) သူတို့ ဘာကြောင့် ဒီလိုစီရင်ခံရတာလဲ။ အကြောင်းကတော့ သူတို့ဟာ မိမိတို့ရဲ့မတရားသောအကျင့်အားဖြင့် ဘုရားသခင့်အသရေကို ရှုတ်ချပြီး တခြားသူတွေကို အကျိုးပျက်စေလို့ပဲ။

၁၄။ နောင်တမယူတဲ့အပြစ်ပြုသူတွေကို ဘာကြောင့် အသင်းတော်ကနေ နှင်ထုတ်ရသလဲ။

၁၄ သမ္မာကျမ်းစာက နောင်တမယူတဲ့အပြစ်ပြုသူတွေကို အသင်းတော်ကနေနှင်ထုတ်ဖို့ ပညတ်ထားတယ်။ (၁ ကောရိန္သု ၅:၉-၁၃ ကိုဖတ်ပါ။) ဒီလိုလုပ်ရတာက အနည်းဆုံး အကြောင်းရင်းသုံးခုကြောင့်ဖြစ်တယ်– (၁) ယေဟောဝါရဲ့နာမတော် ကဲ့ရဲ့ရှုတ်ချမခံရဖို့၊ (၂) အသင်းတော်ကို သန့်ရှင်းစေဖို့နဲ့ (၃) အပြစ်ပြုသူ ပြန်နောင်တရအောင် ကူညီပေးဖို့ဖြစ်တယ်။

၁၅။ ယေဟောဝါအပေါ် ဆက်ပြီးသစ္စာတည်ကြည်လိုတယ်ဆိုရင် မိမိကိုယ်ကို ဘယ်အရေးကြီးတဲ့မေးခွန်းတွေ မေးသင့်သလဲ။

၁၅ မတရားတဲ့လမ်းစဉ်မှာ အသားကျအနည်ထိုင်နေသူတွေအပေါ် ယေရှုရဲ့အမြင်မျိုး ကျွန်ုပ်တို့မှာရှိသလား။ ဒီမေးခွန်းတွေကို ကျွန်ုပ်တို့ စဉ်းစားဖို့လိုတယ်– ‘အသင်းတော်ကနေနှင်ထုတ်ထားသူ ဒါမှမဟုတ် ကိုယ့်သဘောနဲ့ကိုယ် ခရစ်ယာန်အသင်းတော်နဲ့ မပေါင်းသင်းတော့တဲ့သူတစ်ဦးနဲ့ ငါ ပုံမှန်ပေါင်းသင်းနေသလား။ အကယ်၍ အဲဒီလူက ကျွန်ုပ်တို့နဲ့ တစ်အိမ်တည်းအတူမနေတဲ့ သွေးသားရင်းချာဖြစ်နေတယ်ဆိုရင်ကော။’ အဲဒီလိုအခြေအနေမှာ ဖြောင့်မတ်ခြင်းတရားကိုချစ်မြတ်နိုးတဲ့ ကျွန်ုပ်တို့ရဲ့မေတ္တာနဲ့ ဘုရားသခင်အပေါ် ကျွန်ုပ်တို့ရဲ့သစ္စာတည်ကြည်မှု စမ်းသပ်ခံရနိုင်ပါတယ်။ *

၁၆၊ ၁၇။ ခရစ်ယာန်မိခင်တစ်ဦး ဘယ်အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလဲ၊ နောင်တမယူတဲ့အပြစ်ပြုသူကို နှင်ထုတ်တဲ့အစီအစဉ်ကို ထောက်ခံဖို့ သူ့ကို ဘာကကူညီပေးခဲ့သလဲ။

၁၆ ညီအစ်မတစ်ဦးရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ အရွယ်ရောက်နေပြီဖြစ်တဲ့ သူ့ရဲ့သားက တစ်ချိန်က ယေဟောဝါကို ချစ်မြတ်နိုးသူဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ နောင်တမယူဘဲ မတရားမှုတွေကို ပြုကျင့်ခဲ့တယ်။ ဒါကြောင့် အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတယ်။ ညီအစ်မက ယေဟောဝါကိုချစ်ပြီး သူ့သားကိုလည်း ချစ်တဲ့အတွက် သားနဲ့အဆက်အသွယ်မလုပ်ရဘူးဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို လိုက်နာဖို့ သူ့အတွက် အရမ်းခက်တယ်။

၁၇ အဲဒီညီအစ်မကို သင် ဘယ်လိုအကြံပေးမလဲ။ သူ့ရဲ့ဝမ်းနည်းကြေကွဲမှုကို ယေဟောဝါနားလည်ကြောင်းသိမြင်ဖို့ အကြီးအကဲတစ်ဦးက သူ့ကိုကူညီပေးခဲ့တယ်။ ကောင်းကင်တမန်တချို့ ပုန်ကန်တဲ့အခါ ယေဟောဝါ ဘယ်လောက်တောင် ဝမ်းနည်းခဲ့ရမယ်ဆိုတာကို ညီအစ်ကိုက သူ့ကို စဉ်းစားစေတယ်။ ဒီလိုအခြေအနေက ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းတယ်ဆိုတာ ယေဟောဝါသိပေမဲ့ နောင်တမယူတဲ့ အပြစ်ပြုသူတွေကို နှင်ထုတ်ဖို့ ယေဟောဝါတောင်းဆိုရတဲ့ အကြောင်းရင်းကို အကြီးအကဲက ဆင်ခြင်ပြတယ်။ သတိပေးချက်တွေကို သူ နှလုံးသွင်းပြီး နှင်ထုတ်ခြင်းအစီအစဉ်ကို သစ္စာရှိရှိထောက်ခံခဲ့တယ်။ * အဲဒီသစ္စာရှိမှုက ယေဟောဝါရဲ့နှလုံးကို ရွှင်လန်းစေတယ်။—သု. ၂၇:၁၁

၁၈၊ ၁၉။ (က) မတရားမှုပြုကျင့်နေသူနဲ့ အပေါင်းအသင်းမလုပ်ခြင်းက ဘာကိုမုန်းတီးကြောင်း ဖော်ပြခြင်းဖြစ်သလဲ။ (ခ) ဘုရားသခင်နဲ့ ကိုယ်တော့်အစီအစဉ်ကို သစ္စာရှိကြောင်းတင်ပြတဲ့အခါ ဘာရလဒ်ရနိုင်သလဲ။

၁၈ သင်လည်း အလားတူအခြေအနေမျိုးနဲ့ကြုံနေရတယ်ဆိုရင် သင့်အခြေအနေကို ယေဟောဝါ ကိုယ်ချင်းစာတယ်ဆိုတာ ကျေးဇူးပြု၍ သတိရပါ။ နှင်ထုတ်ခံရသူ၊ ပေါင်းသင်းမှုရပ်စဲသွားသူတွေနဲ့ အဆက်အသွယ်မလုပ်ခြင်းက အဲဒီလိုအခြေအနေမျိုးရောက်စေတဲ့ သဘောထားနဲ့ လုပ်ရပ်တွေကို သင် မုန်းတီးကြောင်း ဖော်ပြနေခြင်းဖြစ်တယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်ခြင်းက အမှားပြုသူကို သင် ချစ်တဲ့အတွက် သူ့အတွက်အကောင်းဆုံးအရာကို သင်လုပ်ဆောင်နေကြောင်း ဖော်ပြရာလည်းရောက်တယ်။ ယေဟောဝါအပေါ်ထားရှိတဲ့ သင့်ရဲ့သစ္စာတည်ကြည်မှုက ဆုံးမခံရသူ အမြန်ဆုံး နောင်တရပြီး ယေဟောဝါထံ ပြန်လှည့်လာစေနိုင်ပါလိမ့်မယ်။

၁၉ နှင်ထုတ်ခံရပြီး အသင်းတော်ထဲပြန်ဝင်လာသူတစ်ဦး ဒီလိုရေးခဲ့တယ်– “ယေဟောဝါက မိမိလူမျိုးကို ချစ်တဲ့အတွက် ကိုယ်တော့်အဖွဲ့အစည်းကို သန့်ရှင်းအောင်ထားလို့ ဝမ်းသာတယ်။ အပြင်လူတွေအတွက် ပြင်းထန်တယ်လို့ထင်ရတဲ့အရာက လိုအပ်ပြီး တကယ့်မေတ္တာပါတဲ့ လုပ်ရပ်ဖြစ်တယ်။” ဒီညီအစ်မ နှင်ထုတ်ခံရချိန်အတွင်းမှာ သူ့မိသားစုအပါအဝင် အသင်းသားတွေက သူနဲ့ပုံမှန်ပေါင်းသင်းခဲ့မယ်ဆိုရင် သူ ဒီလိုကောက်ချက်ချနိုင်မယ်လို့ သင် ထင်သလား။ နှင်ထုတ်ခြင်းဆိုင်ရာ ကျမ်းစာအစီအစဉ်ကို ကျွန်ုပ်တို့ ထောက်ခံခြင်းက ဖြောင့်မတ်ခြင်းကိုချစ်ပြီး အမူအကျင့်တွေနဲ့ပတ်သက်တဲ့ စံနှုန်းတွေကို ယေဟောဝါ ချမှတ်ပိုင်ခွင့်ရှိတယ်ဆိုတာ အသိအမှတ်ပြုကြောင်း ဖော်ပြရာရောက်တယ်။

“မကောင်းသောအမှုကို ရွံရှာကြလော့”

၂၀၊ ၂၁။ မတရားမှုကိုမုန်းတီးတတ်အောင်သင်ယူဖို့ ဘာကြောင့် အရေးကြီးသလဲ။

၂၀ “သင်တို့သည် သတိရှိလျက် နိုးကြားနေကြလော့” လို့ တမန်တော် ပေတရု သတိပေးခဲ့တယ်။ အကြောင်းကတော့ ‘သင်တို့၏ရန်သူ စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကိုမျိုရန် လှည့်လည်ရှာဖွေ’ နေလို့ပဲ။ (၁ ပေ. ၅:၈) အဲဒီတစ်ဦးတစ်ယောက်က သင် ဖြစ်နေမလား။ အဲဒါက မတရားမှုကို မုန်းတီးဖို့ သင် ဘယ်လိုသင်ယူနေသလဲဆိုတဲ့အချက်အပေါ် မူတည်ပါတယ်။

၂၁ မကောင်းမှုကိုမုန်းတဲ့စိတ် မွေးမြူဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်ုပ်တို့က အပြစ်နဲ့မွေးဖွားလာပြီး လောကကလည်း သွေးသားတပ်မက်မှုနောက်လိုက်ဖို့ မြှောက်ထိုးပင့်ကော်လုပ်နေတယ်။ (၁ ယော. ၂:၁၅-၁၇) ဒါပေမဲ့ ယေရှုခရစ်ကို တုပပြီး ယေဟောဝါဘုရားသခင်အပေါ် နက်နက်ရှိုင်းရှိုင်းချစ်တဲ့မေတ္တာကို တိုးပွားစေမယ်ဆိုရင် မတရားမှုကို မုန်းတဲ့စိတ်မွေးမြူရာမှာ သင် အောင်မြင်နိုင်ပါတယ်။ “မကောင်းသောအမှုကိုရွံရှာ” ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ယေဟောဝါက ‘သန့်ရှင်းသူတို့၏အသက်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏လက်မှလည်း ကယ်နုတ်တော်မူ’ မယ်ဆိုတာကို အပြည့်အဝ ယုံကြည်စိတ်ချကြပါစို့။—ဆာ. ၉၇:၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ အသေးစိတ်ဆွေးနွေးချက်ကို စက်တင်ဘာ ၁၅၊ ၁၉၈၁ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၂၄ ကိုကြည့်ပါ။

သင် ဘယ်လိုဖြေဆိုမလဲ

• အရက်ယမကာနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့သဘောထားကို ဆန်းစစ်ဖို့ ဘာက ကူညီပေးမလဲ။

• လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်တွေကနေ ကျွန်ုပ်တို့ကိုယ်ကို ဘယ်လိုကာကွယ်နိုင်သလဲ။

• ညစ်ညမ်းရုပ်ပုံစာပေတွေက ဘာကြောင့် အန္တရာယ်ရှိသလဲ။

• ကျွန်ုပ်တို့ချစ်ရသူတစ်ဦး နှင်ထုတ်ခံရတဲ့အခါ မတရားမှုကို မုန်းကြောင်း ကျွန်ုပ်တို့ ဘယ်လိုတင်ပြကြသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

အရက်ယမကာသောက်ဖို့ သင် ဆုံးဖြတ်တယ်ဆိုရင် ဘယ်အချက်တွေကို သုံးသပ်သင့်သလဲ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

စာတန့်သြဇာလွှမ်းမိုးနေတဲ့ ဖျော်ဖြေရေးတွေကို သတိပြုပါ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ညစ်ညမ်းရုပ်ပုံစာပေတွေကို ကြည့်ရှုသူတစ်ဦးက ဘာကိုနှစ်သက်ခြင်းဖြစ်သလဲ