မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကောင်းချီးများကို အမှန်တကယ် ကျေးဇူးတင်လေးမြတ်သလား

သင့်ကောင်းချီးများကို အမှန်တကယ် ကျေးဇူးတင်လေးမြတ်သလား

သင့်ကောင်းချီးများကို အမှန်တကယ် ကျေးဇူးတင်လေးမြတ်သလား

အီဂျစ်ပြည် ကျွန်ဘဝကနေ အံ့ဖွယ်နည်းနဲ့ ကယ်တင်ခံရပြီးတဲ့နောက် အစ္စရေးလူမျိုးဟာ ယေဟောဝါကို လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့်ရတဲ့အတွက် အစပိုင်းမှာ ဝမ်းသာရွှင်လန်းခဲ့ကြတယ်။ (ထွ. ၁၄:၂၉–၁၅:၁၊ ၂၀၊ ၂၁) ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ရှုမြင်ချက် ပြောင်းလဲသွားတယ်။ သူတို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး စတင်ညည်းညူလာကြတယ်။ အကြောင်းကတော့ သူတို့အတွက် ယေဟောဝါပြုလုပ်ပေးခဲ့ရာတွေကို အာရုံစိုက်ရာကနေ တောကန္တာရမှာကြုံရတဲ့ အခက်အခဲတွေအပေါ် အာရုံရောက်ခဲ့ကြလို့ပဲ။ သူတို့က မောရှေကို “သင်သည် ငါတို့ကို ဤတော၌သေစေခြင်းငှာ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာ [မန္နမုန့်] ကိုလည်း ငါတို့သည် အလွန်ရွံရှာ၏” ဆိုပြီးပြောခဲ့တယ်။—တော. ၂၁:၅

ရာစုနှစ်များစွာကြာပြီးတဲ့နောက် ရှေးအစ္စရေးဘုရင်ဒါဝိဒ် ဒီလိုသီဆိုခဲ့တယ်– ‘အကျွန်ုပ်သည် ချစ်ခင်ကြင်နာမှုကို ယုံကြည်ပါ၏။ ကယ်တင်တော်မူခြင်းအရာ၌ နှလုံးရွှင်လန်းပါလိမ့်မည်။ အကျွန်ုပ်၌ ကျေးဇူးပြုတော်မူသောကြောင့် ယေဟောဝါကို သီချင်းဆိုပါမည်။’ (ဆာ. ၁၃:၅၊ ၆) သူ့အပေါ် ယေဟောဝါပြသခဲ့တဲ့ ချစ်ခင်ကြင်နာမှုကို ဒါဝိဒ် မမေ့ခဲ့ဘူး။ အဲဒီအစား ဒီအကြောင်းကို အချိန်ယူပြီး ပုံမှန်တွေးတောဆင်ခြင်ခဲ့တယ်။ (ဆာ. ၁၀၃:၂) ယေဟောဝါက ကျွန်ုပ်တို့ကိုလည်း အလားတူကျေးဇူးပြုတဲ့အတွက် ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုလုပ်ပေးခဲ့ရာတွေကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့ခံစားနေရတဲ့ ဘုရားသခင့်ကောင်းချီးတချို့ကို သုံးသပ်ကြည့်ကြစို့။

‘ယေဟောဝါနှင့် မိတ်သဟာယဖွဲ့ရသောအခွင့်’

ဆာလံဆရာက ‘ယေဟောဝါကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်ရှိကြ၏’ လို့ သီဆိုခဲ့တယ်။ (ဆာ. ၂၅:၁၄) မစုံလင်တဲ့လူသားတွေအတွက် ယေဟောဝါနဲ့ နှစ်ကိုယ်ကြားရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းက တကယ့်အခွင့်ထူးဖြစ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က နေ့စဉ်လုပ်ငန်းဆောင်တာတွေကြောင့် အလုပ်များပြီး ဆုတောင်းဖို့အတွက် အချိန်မပေးနိုင်တဲ့အထိ ဖြစ်နေရင်ကော။ ဒါဆိုရင် ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ကောင်းတဲ့ဆက်ဆံရေး ဘယ်လိုဖြစ်သွားမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယေဟောဝါက ကျွန်ုပ်တို့ရဲ့မိတ်ဆွေအနေနဲ့ ကိုယ်တော့်ကို ယုံကြည်ကိုးစားဖို့နဲ့ ကျွန်ုပ်တို့ရဲ့ ကြောက်ရွံ့မှုတွေ၊ အလိုဆန္ဒတွေ၊ စိုးရိမ်ပူပန်မှုတွေကို ကိုယ်တော့်ထံ ရင်ဖွင့်ဆုတောင်းစေလိုတယ်။ (သု. ၃:၅၊ ၆; ဖိ. ၄:၆၊ ၇) ဒါကြောင့် ကျွန်ုပ်တို့ဆုတောင်းချက်ရဲ့ အရည်အသွေးတွေကို ပြန်စဉ်းစားသုံးသပ်သင့်ပါတယ်။

ပေါလ်ဆိုတဲ့ သက်သေခံလူငယ်တစ်ဦးက သူ့ရဲ့ဆုတောင်းချက်အကြောင်း ပြန်သုံးသပ်တဲ့အခါ တိုးတက်စရာတွေရှိတယ်ဆိုတာ သူသိမြင်ခဲ့တယ်။ * သူက “ယေဟောဝါထံ ကျွန်တော်ဆုတောင်းတဲ့အခါ ဆုတောင်းချက်တစ်မျိုးတည်းကိုပဲ တတွတ်တွတ်ရွတ်တဲ့အကျင့် ဖြစ်နေတယ်” ဆိုပြီး ပြောတယ်။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ကင်းမျှော်စင်စာပေများအညွှန်းကို ပေါလ် ရှာဖွေတဲ့အခါ သမ္မာကျမ်းစာထဲမှာ ဆုတောင်းချက် ၁၈၀ ကို မှတ်တမ်းတင်ထားတယ်ဆိုတာ သူသိရှိခဲ့ရတယ်။ အဲဒါတွေက အတိတ်က ယေဟောဝါရဲ့ကျေးကျွန်တွေ သူတို့ရဲ့စိတ်ခံစားချက်ကိုဖော်ပြခဲ့တဲ့ ဆုတောင်းချက်တွေ ဖြစ်တယ်။ ပေါလ် ဒီလိုပြောတယ်– “ကျမ်းစာနမူနာတွေကို တွေးတောဆင်ခြင်ခြင်းအားဖြင့် ကျွန်တော်ဆုတောင်းတဲ့အခါ သတ်သတ်မှတ်မှတ်အချက်တွေကို ထည့်တောင်းဖို့ သိလာရတယ်။ ဒါက ယေဟောဝါကို ရင်ဖွင့်ပြောပြဖို့ အကူအညီဖြစ်စေတယ်။ အခုဆို ကိုယ်တော့်ထံ ဆုတောင်းခြင်းအားဖြင့် ချဉ်းကပ်ခွင့်ရတာကို ပျော်လာပြီ။”

“အချိန်တန်အစာ”

ကျွန်ုပ်တို့အပေါ် ယေဟောဝါသွန်းလောင်းတဲ့ နောက်ထပ်ကောင်းချီးတစ်ခုက ကျမ်းစာအမှန်တရားတွေကို နားလည်ခွင့်ရခြင်းဖြစ်တယ်။ ကြွယ်ဝတဲ့ပုံဆောင်အစာတွေကို ကျွန်ုပ်တို့ စားသုံးခွင့်ရတဲ့အတွက် “ရွှင်လန်းသောစိတ်နှင့် သီချင်းဆို” ဖို့အကြောင်း ရှိပါတယ်။ (ဟေရှာ. ၆၅:၁၃၊ ၁၄) ဒါပေမဲ့ အမှန်တရားနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့စိတ်အားထက်သန်မှုကို ထိခိုက်စေတဲ့ အကျိုးမပြုတဲ့သြဇာတွေကို အမြဲတွန်းလှန်နေရမှာဖြစ်တယ်။ ဥပမာ၊ အယူဖောက်ပြန်သူတွေရဲ့ စာပေတွေကိုဖတ်ရှုခြင်းက ကျွန်ုပ်တို့ရဲ့စဉ်းစားတွေးခေါ်ပုံကို ထိခိုက်စေပြီး “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ယေဟောဝါပြင်ဆင်ပေးတဲ့ “အချိန်တန်အစာ” ရဲ့ တန်ဖိုးကို မသိမြင်တော့တဲ့အထိ ဖြစ်စေနိုင်တယ်။—မ. ၂၄:၄၅-၄၇

ယေဟောဝါကိုနှစ်ပေါင်းများစွာ ဝတ်ပြုကိုးကွယ်လာတဲ့အန်ဒရေက အယူဖောက်ပြန်သူတွေရဲ့အတွေးအခေါ်ကြောင့် လမ်းလွဲသွားတဲ့ ခါးသီးတဲ့အတွေ့အကြုံကို ခံစားခဲ့ရတယ်။ အယူဖောက်ပြန်သူတွေရဲ့ဝက်ဘ်ဆိုက်ကို ခဏတစ်ဖြုတ်ကြည့်တာက ဘာမှမဖြစ်လောက်ဘူးလို့ သူထင်ခဲ့တယ်။ သူ ဒီလိုပြန်ပြောပြတယ်– “အစပိုင်းမှာ အယူဖောက်ပြန်သူတွေပြောတဲ့ အမှန်တရားဆိုတဲ့အရာကို စိတ်ဝင်စားခဲ့တယ်။ ကျွန်တော် သူတို့ပြောတာကို ပိုပြီးစဉ်းစားလေ၊ ယေဟောဝါရဲ့အဖွဲ့အစည်းကို ကျောခိုင်းတာက မှန်တယ်ဆိုတဲ့အတွေး ဝင်လာလေဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ယေဟောဝါသက်သေတွေကို ဆန့်ကျင်ပြောဆိုတဲ့ အယူဖောက်ပြန်သူတွေရဲ့ ရှင်းပြချက်တွေကို အသေအချာလေ့လာတဲ့အခါ ဆရာအတုအယောင်တွေက ဘယ်လောက်တောင် စဉ်းလဲတယ်ဆိုတာ သိလာရတယ်။ ‘ခိုင်လုံတဲ့အထောက်အထား’ လို့ သူတို့ပြောတဲ့အရာက ရှေ့နောက်စကားတွေချန်ပြီး ယူထားတဲ့အချက်တွေဖြစ်တယ်။ ဒါကြောင့် အဖွဲ့အစည်းထုတ်စာပေတွေကို ပြန်ဖတ်ပြီး အစည်းအဝေးတွေပြန်တက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မကြာခင်မှာပဲ ကျွန်တော် ဘယ်လောက်ထိ လမ်းချော်ခဲ့တယ်ဆိုတာ သိလာတယ်။” ဝမ်းသာစရာက အန်ဒရေ အသင်းတော်ထဲပြန်ဝင်လာပြီ။

“ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံး”

မေတ္တာပြည့်ဝပြီး စည်းလုံးတဲ့ညီအစ်ကိုအသင်းအပင်းက ယေဟောဝါထံက ကောင်းချီးတစ်ရပ်ဖြစ်တယ်။ (ဆာ. ၁၃၃:၁) အကြောင်းကောင်းရှိတဲ့အတွက် တမန်တော်ပေတရုက “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို ချစ်ကြလော့” ဆိုပြီး ရေးခဲ့တယ်။ (၁ ပေ. ၂:၁၇) ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအဝင်တစ်ဦးဖြစ်ရခြင်းကြောင့် အမှန်တရားမှာ ဖခင်၊ မိခင်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ကြင်နာမှုနဲ့ ထောက်မမှုရရှိပြီး အကျိုးခံစားရတယ်။—မာ. ၁၀:၂၉၊ ၃၀

ဒါပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် တစ်ခါတစ်ရံ ညီအစ်ကိုညီအစ်မတွေနဲ့ ဆက်ဆံရေးတင်းမာတဲ့အခါတွေ ရှိတတ်တယ်။ ဥပမာ၊ တစ်စုံတစ်ဦးရဲ့မစုံလင်မှုကြောင့် အလွယ်တကူစိတ်ပျက်သွားနိုင်ပြီး သူ့အပေါ် အပျက်သဘောထားတွေ ဝင်လာနိုင်တယ်။ သင်ဟာ အဲဒီလိုဖြစ်ခဲ့တယ်ဆိုရင် ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေ မစုံလင်ပေမဲ့ ချစ်တယ်ဆိုတဲ့အချက်ကို သတိရခြင်းက အကူအညီဖြစ်စေပါတယ်။ ဒါ့ပြင် “‘ငါတို့၌ အပြစ်မရှိ’ ဟုဆိုလျှင် မိမိကိုယ်ကို လှည့်စားရာရောက်၏။ ငါတို့တွင် အမှန်တရားမရှိ” လို့လည်းဖော်ပြထားတယ်။ (၁ ယော. ၁:၈) ကျွန်ုပ်တို့ “အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ဖို့” ကြိုးစားသင့်တယ်မဟုတ်လား။—ကော. ၃:၁၃

အန်း ဆိုတဲ့ညီအစ်မငယ်တစ်ဦးက ခရစ်ယာန်အသင်းအပင်းရဲ့တန်ဖိုးကို ခက်ခဲတဲ့အခြေအနေတွေကြုံရပြီးမှ သိလာတယ်။ ယေရှုရဲ့ပုံဥပမာထဲက ဖြုန်းတီးတဲ့သားလိုပဲ သူဟာ ခရစ်ယာန်အသင်းတော်နဲ့ တဖြည်းဖြည်းဝေးကွာသွားခဲ့တယ်။ နောက်ပိုင်းမှာ အသိတရားပြန်ရလာပြီး အသင်းတော်ထဲ ပြန်ဝင်လာတယ်။ (လု. ၁၅:၁၁-၂၄) သူ့အတွေ့အကြုံကနေ အန်း ဘာသင်ယူသိရှိခဲ့သလဲ။ သူ ဒီလိုပြန်ပြောပြတယ်– “အခု ယေဟောဝါရဲ့အဖွဲ့အစည်းကို ပြန်ရောက်လာပြီ၊ ညီအစ်ကိုညီအစ်မတွေက မစုံလင်ကြပေမဲ့ သူတို့ကို ကျွန်မ တန်ဖိုးထားတယ်။ အရင်ကဆိုရင် ကျွန်မဟာ တခြားသူတွေကို အလွယ်တကူ အပြစ်ရှာတတ်တယ်။ အခုတော့ ယုံကြည်သူချင်းတွေကြောင့် ခံစားရတဲ့ကောင်းချီးတွေကို လက်လွတ်ဆုံးရှုံးသွားစေတဲ့ ဘယ်အရာကိုမှ ကျွန်မခွင့်မပြုဖို့ ဆုံးဖြတ်ထားတယ်။ လောကမှာရှိတဲ့ ဘယ်အရာကမှ စည်းလုံးငြိမ်သက်တဲ့ဘုရားသခင့်အဖွဲ့အစည်းကို စွန့်ပစ်ရလောက်အောင် အဖိုးမတန်ဘူး။”

သင့်ကောင်းချီးတွေအတွက် အမြဲကျေးဇူးတင်လေးမြတ်ပါ

ဘုရားသခင့်နိုင်ငံတော်က လူ့ပြဿနာအားလုံးကို ဖြေရှင်းပေးမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်က တန်ဖိုးမဖြတ်နိုင်တဲ့အရာဖြစ်တယ်။ ဒီမျှော်လင့်ချက်ကို စသိရတုန်းက ကျွန်ုပ်တို့ တန်ဖိုးထားလေးမြတ်ခဲ့ကြတယ်။ “အလွန်အဖိုးထိုက်သောပုလဲတစ်လုံး” ကို ဝယ်ဖို့ “ရှိသမျှကိုချက်ချင်းရောင်း” တဲ့ ယေရှုရဲ့ပုံဥပမာထဲက ကုန်သည်တစ်ဦးလိုပဲ ကျွန်ုပ်တို့ခံစားခဲ့ကြတယ်။ (မ. ၁၃:၄၅၊ ၄၆) ကုန်သည်ဟာ ပုလဲအပေါ်တန်ဖိုးထားစိတ် ပျောက်ဆုံးသွားတယ်လို့ ယေရှု မပြောခဲ့ဘူး။ အလားတူပဲ ကျွန်ုပ်တို့ရဲ့အံ့ချီးဖွယ်မျှော်လင့်ချက်အပေါ် ကျေးဇူးတင်လေးမြတ်စိတ် ဘယ်တော့မှမပျောက်ဆုံးသွားအောင် ထိန်းသိမ်းထားကြစို့။—၁ သက်. ၅:၈; ဟေဗြဲ ၆:၁၉

ယေဟောဝါကို နှစ် ၆၀ ကျော်ကြာ အမှုဆောင်ခဲ့တဲ့ ဂျဲန်အကြောင်း သုံးသပ်ကြည့်ပါ။ သူ ဒီလိုပြောတယ်– “ဘုရားသခင့်နိုင်ငံတော်အကြောင်း အမြဲစိတ်စွဲမှတ်နေဖို့ ထောက်ကူပေးတဲ့အရာက တခြားသူတွေကို နိုင်ငံတော်အကြောင်း ပြောပြခြင်းပါပဲ။ ဘုရားသခင့်နိုင်ငံတော်က ဘာလဲဆိုတာ သူတို့သိလာတဲ့အခါ သူတို့ရဲ့မျက်လုံးတွေတောက်ပလာတာကို တွေ့မြင်ရခြင်းက ကျွန်မကိုအကျိုးပြုတယ်။ နိုင်ငံတော်အမှန်တရားကြောင့် ကျမ်းစာသင်သားတွေရဲ့ဘဝပုံစံတွေ ပြောင်းလဲလာတာကို တွေ့မြင်ရခြင်းက ‘တကယ့်ကိုကောင်းတဲ့ အမှန်တရားကို တခြားသူတွေကို ငါဝေမျှနေပါလား’ ဆိုပြီး ပြန်စဉ်းစားစေတယ်။”

ကျွန်ုပ်တို့ရရှိထားတဲ့ ကောင်းချီးတွေအတွက် ကျေးဇူးတင်ဖို့ ခိုင်လုံတဲ့အကြောင်းများစွာရှိပါတယ်။ ဆန့်ကျင်မှု၊ ဖျားနာမှု၊ အသက်အရွယ်ကြီးရင့်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ ချစ်ရသူဆုံးပါးခြင်းနဲ့ စီးပွားရေးအကျပ်အတည်းစတဲ့ အခက်အခဲတွေကြောင့် ကျွန်ုပ်တို့ ဖိစီးခံနေရပေမဲ့ ဒါတွေအားလုံးက ခဏပဲဆိုတာ သိထားတယ်။ ဘုရားသခင့်နိုင်ငံတော်အောက်မှာ ယခုခံစားနေရတဲ့ကောင်းချီးတွေအပြင် ကာယပိုင်းဆိုင်ရာကောင်းချီးတွေကိုလည်း ခံစားရမယ်။ ကျွန်ုပ်တို့ ယခုကြုံတွေ့နေရတဲ့ အခက်အခဲအားလုံး စနစ်သစ်မှာ လုံးဝပျောက်ကွယ်သွားမှာဖြစ်တယ်။—ဗျာ. ၂၁:၄

အခုအချိန်မှာတော့ ကျွန်ုပ်တို့ရရှိထားတဲ့ကောင်းချီးတွေကို ရေတွက်ပြီး ဆာလံဆရာလို ကျေးဇူးတင်လေးမြတ်ကြောင်းတင်ပြကြပါစို့– ‘အကျွန်ုပ်၏ဘုရားသခင် ယေဟောဝါ၊ အကျွန်ုပ်တို့အဖို့ပြုတော်မူသော အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍မကုန်နိုင်ပါ။ အကျွန်ုပ် ထုတ်ဖော်ကြားပြောမည်ဟုဆိုသော် ရေတွက်၍မကုန်နိုင်အောင်များလှပါ၏။’—ဆာ. ၄၀:၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အမည်များကို ပြောင်းထား။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ အခက်အခဲကြုံတွေ့ရချိန်မှာ ညီအစ်ကိုညီအစ်မတွေရဲ့ ထောက်မမှုကနေကောင်းချီးခံစားရ