မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၌ ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းရှိ

သင်၌ ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းရှိ

သင်၌ ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းရှိ

အသေးငယ်ဆုံး သက်ရှိဆဲလ်ကအစ အလွန်တရာကြီးမားကျယ်ပြောလှတဲ့ ဂလက်ဆီအစုအဝေးအဆုံး ဖန်ဆင်းခံအရာရှိသမျှကိုကြည့်တဲ့အခါ ယေဟောဝါရဲ့စည်းစနစ်ကျနမှုကို မြင်တွေ့ရပါတယ်။ ဒါကြောင့် ဘုရားသခင်က ‘စည်းစနစ်ရှိသောဘုရားသခင်’ ဖြစ်တယ်ဆိုတဲ့အချက်ကို မအံ့သြသင့်ပါဘူး။ (၁ ကော. ၁၄:၃၃) ဝတ်ပြုရေးနဲ့ပတ်သက်ပြီး ယေဟောဝါ စီစဉ်ဖွဲ့စည်းထားပုံကလည်း စွဲမှတ်စရာကောင်းပါတယ်။ ယေဟောဝါလုပ်ဆောင်ခဲ့ရာတွေကို သုံးသပ်ကြည့်ပါ။ လူတွေ၊ ကောင်းကင်တမန်တွေပါဝင်တဲ့ သန်းပေါင်းများစွာသော အသိဉာဏ်ရှိသတ္တဝါတွေဟာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး စင်ကြယ်တဲ့ဝတ်ပြုရေးမှာ စည်းလုံးစွာရှိနေတဲ့ စကြဝဠာအဖွဲ့အစည်းတစ်ခုကို ကိုယ်တော်ဖွဲ့စည်းထားတယ်။ တကယ့်ကို အံ့သြမိန်းမောစရာပါပဲ။

ရှေးခေတ်အစ္စရေးအချိန်က ဘုရားသခင့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ဝတ်ပြုရာအိမ်တော်တည်ရှိပြီး ဘုရားသခင့်ခန့်အပ်ခံဘုရင်နန်းထိုင်တဲ့ ဂျေရုဆလင်မြို့နဲ့ ပုံတင်ပြတယ်။ ဗာဗုလုန်သုံ့ပန်းဘဝရောက်နေတဲ့ အစ္စရေးအမျိုးသားတစ်ဦးက သန့်ရှင်းသောမြို့တော်နဲ့ပတ်သက်ပြီး သူ့ခံစားချက်ကို ဒီလိုဖော်ပြခဲ့တယ်– “သင့်ကိုငါမအောက်မေ့၊ အမြတ်ဆုံးသောဝမ်းမြောက်ခြင်းအကြောင်းထက် ယေရုရှလင်မြို့ကို အမြတ်မထားလျှင် ငါ့လျှာသည် အာခေါင်၌ကပ်ပါစေ။”—ဆာ. ၁၃၇:၆

မျက်မှောက်ခေတ် ဘုရားသခင့်အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ကော သင် အလားတူ ခံစားရသလား။ ကမ္ဘာချီအဖွဲ့အစည်းနဲ့အတူ ယေဟောဝါကိုဝတ်ပြုခြင်းက တခြားအရာတွေထက် သင့်ကို ပိုပြီးရွှင်လန်းစေသလား။ ဘုရားသခင့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းရဲ့ သမိုင်းကြောင်းနဲ့ လုပ်ဆောင်မှုတွေကို သင့်သားသမီးတွေ သိသလား။ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီအဖွဲ့အစည်းအဝင်ဖြစ်ရခြင်းကို သူတို့နားလည်သဘောပေါက်ပြီး တန်ဖိုးထားသလား။ (၁ ပေ. ၂:၁၇) ယေဟောဝါရဲ့အဖွဲ့အစည်းကို ပိုတန်ဖိုးထားလေးမြတ်လာစေဖို့ အောက်ပါအကြံပြုချက်တွေကို သင့်မိသားစုဝတ်ပြုမှုညချမ်းမှာ ထည့်သွင်းသုံးသပ်ပါ။

“ရှေးလွန်လေပြီးသောကာလ” ကို ပြန်ပြောပြပါ

အစ္စရေးမိသားစုတွေဟာ ပသခါပွဲကျင်းပဖို့ နှစ်စဉ် စုဝေးခဲ့ကြတယ်။ အဲဒီပွဲကို စတင်ကျင်းပတုန်းက မောရှေက လူတွေကို ဒီလိုညွှန်ကြားခဲ့တယ်– ‘နောင်ကာလ၌ သင်၏သားကလည်း အဘယ်သို့နည်းဟုမေးမြန်းလျှင် သင်ကလည်း ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ယေဟောဝါသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကိုနုတ်ဆောင်တော်မူ၏ဟု ပြန်ဆိုရမည်။’ (ထွ. ၁၃:၁၄) ဒီလိုပြောပြခြင်းအားဖြင့် အစ္စရေးလူမျိုးတွေနဲ့ ယေဟောဝါဆက်ဆံခဲ့ပုံကို ဘယ်တော့မှမေ့မှာ မဟုတ်တော့ဘူး။ အစ္စရေးဖခင်အတော်များများက မောရှေရဲ့အမိန့်ကို လိုက်နာခဲ့ကြမှာ သေချာတယ်။ နောက်ပိုင်းမျိုးဆက်ဖြစ်တဲ့ အစ္စရေးလူတစ်ဦး ဒီလိုဆုတောင်းခဲ့တယ်– “အိုဘုရားသခင် ရှေးလွန်လေပြီးသောကာလတွင် ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ။”—ဆာ. ၄၄:၁

လွန်ခဲ့တဲ့နှစ် ၁၀၀ ကျော် ဒါမှမဟုတ် အနှစ် ၁၀၀ နီးပါးက ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်းက ယနေ့ခေတ်လူငယ်တွေအတွက် “ရှေးလွန်လေပြီးသောကာလ” လို ဖြစ်နေပုံရပါလိမ့်မယ်။ အဲဒီအဖြစ်အပျက်တွေကို သင့်ကလေး စိတ်ဝင်စားလာအောင် သင်ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ တချို့မိဘတွေက ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ်၊ နှစ်ချုပ်စာအုပ်၊ မဂ္ဂဇင်းတွေမှာပါတဲ့ ဘဝအတ္ထုပ္ပတ္တိ​နဲ့ မျက်မှောက်ခေတ်ဘုရားသခင့်လူမျိုးတွေအကြောင်းပါတဲ့ ဗီဒီယိုတွေအပါအဝင် သီအိုကရက်တစ်သမိုင်းကြောင်းပါရှိတဲ့ တခြားမှတ်တမ်းတွေကို အသုံးပြုကြတယ်။ ယခင်ဆိုဗီယက်ပြည်ထောင်စုနဲ့ နာဇီဂျာမနီတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကိုခံခဲ့ရတဲ့ ညီအစ်ကိုတွေရဲ့တွေ့ကြုံမှုတွေက စမ်းသပ်မှုတွေကြုံရတဲ့အခါ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ မိသားစုတွေကို သင်ပေးတယ်။ ဒီလိုအကြောင်းအရာတွေကို သင့်မိသားစုဝတ်ပြုမှုညချမ်းမှာ ထည့်သွင်းသုံးသပ်ပါ။ ဒီလိုလုပ်ဆောင်ခြင်းက သင့်သားသမီးတွေရဲ့ သစ္စာစောင့်သိမှု စမ်းသပ်ခံရတဲ့အခါ သူတို့ရဲ့ယုံကြည်ခြင်းကို ခိုင်မြဲစေမှာဖြစ်တယ်။

ဒါပေမဲ့ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး စာပို့ချသလိုပြောနေမယ်ဆိုရင် ငယ်ရွယ်တဲ့ကလေးတွေအဖို့ ငြီးငွေ့ဖွယ်ရာဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် သင့်ကလေးကို ပါဝင်စေပါ။ ဥပမာ၊ သင့်ကလေးကို သူစိတ်ဝင်စားတဲ့နိုင်ငံတစ်ခုကို ရွေးချယ်စေပါ၊ အဲဒီနိုင်ငံရဲ့သီအိုကရက်တစ်သမိုင်းအကြောင်း ရှာဖွေလေ့လာစေပြီး သူသိရှိရာကို မိသားစုကို ပြန်ပြောပြစေပါ။ သင့်အသင်းတော်မှာ သစ္စာရှိ သက်တမ်းကြာခရစ်ယာန်တစ်ဦးရှိမယ်ဆိုရင် သင့်မိသားစုဝတ်ပြုမှုညချမ်းမှာပါဝင်ဖို့ ဖိတ်ခေါ်ပါ။ သင့်သမီးသိချင်တာတွေကို သူကိုယ်တိုင်မေးမြန်းစေပြီး သူတို့ရဲ့အတွေ့အကြုံတွေကို ပြောပြခိုင်းပါ။ ဒါမှမဟုတ် ဌာနခွဲဆောက်လုပ်ရေး၊ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး၊ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုမှာ ဓာတ်စက်အသုံးပြုခြင်းစတဲ့ သီအိုကရက်တစ်သမိုင်းမှတ်တိုင်တွေကို ပုံဆွဲခိုင်းနိုင်ပါတယ်။

“မိမိတို့သက်ဆိုင်ရာအလုပ်တာဝန်ကို ဆောင်ရွက်”

တမန်တော်ပေါလုက ခရစ်ယာန်အသင်းတော်ကို ကိုယ်ခန္ဓာတစ်ခုနဲ့ နှိုင်းယှဉ်ပြီး “ကိုယ်အင်္ဂါရှိသမျှတို့သည် တစ်ခုနှင့်တစ်ခု အဆစ်အပိုင်းများဖြင့် ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ ကိုယ်အင်္ဂါအသီးသီးတို့သည် မိမိတို့ သက်ဆိုင်ရာအလုပ်တာဝန်ကို ဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကို မေတ္တာတရားအားဖြင့် တည်ဆောက်၍ ကြီးပွားစေလေသည်” လို့ပြောခဲ့တယ်။ (ဧ. ၄:၁၆ခမ) လူ့ခန္ဓာကိုယ်အလုပ်လုပ်ပုံကို သိရှိခြင်းက ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်အပေါ်ထားရှိတဲ့ ကျေးဇူးတင်လေးမြတ်မှုနဲ့ ရိုသေလေးစားမှုကို တိုးပွားစေပါတယ်။ အလားတူပါပဲ၊ ကမ္ဘာချီအသင်းတော်တွေ ဘယ်လိုပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတာကို ဆန်းစစ်လေ့လာခြင်းကလည်း “ဘုရားသခင်၏ မျိုးပေါင်းစုံလင်လှသော ဉာဏ်ပညာတော်” ကို အံ့အားသင့်စေပါတယ်။—ဧ. ၃:၁၀

ယေဟောဝါက မိမိအဖွဲ့အစည်းရဲ့ လုပ်ဆောင်ပုံကို ဖော်ပြပေးတယ်။ ဥပမာ၊ ကောင်းကင်ဆိုင်ရာအပိုင်းရဲ့ လုပ်ဆောင်ပုံကတော့ ယေဟောဝါက အဆင်းအာရုံကို ယေရှုခရစ်ကို ဦးဆုံးဖော်ပြတယ်၊ အဲဒီနောက် ‘ယေရှုသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ကိုယ်တော်၏ကျွန် ယောဟန်အား အမှတ်သင်္ကေတများဖြင့် ထိုအဆင်းအာရုံကို ဖော်ပြတော်မူ၏။’ (ဗျာ. ၁:၁၊ ၂) ဘုရားသခင်က မမြင်ရတဲ့ကောင်းကင်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ပုံတွေအကြောင်း ဖော်ပြတယ်ဆိုရင် မြေကြီးပေါ်မှာရှိတဲ့ ကိုယ်တော့်အဖွဲ့အစည်းလည်း ဘယ်ပုံဘယ်နည်းနဲ့ “မိမိတို့သက်ဆိုင်ရာအလုပ်တာဝန်ကို ဆောင်ရွက်” နေတယ်ဆိုတဲ့အကြောင်းကို သိစေလိုတယ်ဆိုတာ သေချာတယ်။

ဥပမာ၊ မကြာခင်မှာ တိုက်နယ်ကြီးကြပ်မှူး သင့်အသင်းတော်ကို လည်ပတ်တော့မယ်ဆိုရင် တိုက်နယ်တွေရဲ့တာဝန်တွေနဲ့ သူတို့ရရှိတဲ့ကောင်းချီးတွေအကြောင်း သင့်မိသားစုနဲ့အတူ သုံးသပ်ပါ။ သူတို့တွေက ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဘယ်လိုကူညီပေးသလဲ။ တခြားမေးခွန်းတွေကိုလည်း သုံးသပ်နိုင်ပါတယ်– လယ်ကွင်းမှတ်တမ်းသွင်းဖို့ ဘာကြောင့်အရေးကြီးသလဲ။ ဘုရားသခင့်အဖွဲ့အစည်းက ငွေကြေးကို ဘယ်လိုရရှိပြီး သုံးစွဲနေသလဲ။ အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လိုဖွဲ့စည်းထားသလဲ၊ အချိန်တန်အစာကို ဘယ်လိုပြင်ဆင်ပေးသလဲ။

ယေဟောဝါရဲ့လူမျိုးကို ဘယ်လိုဖွဲ့စည်းထားသလဲဆိုတာကို ကျွန်ုပ်တို့နားလည်လာတဲ့အခါ အနည်းဆုံးနည်းသုံးနည်းနဲ့ အကျိုးခံစားကြရတယ်– ကျွန်ုပ်တို့အကျိုးအတွက် ကြိုးစားလုပ်ဆောင်ပေးနေတဲ့ ညီအစ်ကိုတွေအပေါ် ကျေးဇူးတင်လေးမြတ်စိတ် ပိုတိုးပွားလာပါလိမ့်မယ်။ (၁ သက်. ၅:၁၂၊ ၁၃) ဘုရားသခင့်အဖွဲ့အစည်းမှာရှိတဲ့ တာဝန်ရှိညီအစ်ကိုတွေရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံဖို့ လှုံ့ဆော်ခံရမှာဖြစ်တယ်။ (တ. ၁၆:၄၊ ၅) ဆုံးဖြတ်ချက်တွေနဲ့ အစီအစဉ်တွေက ကျမ်းစာအပေါ်အခြေပြုတယ်ဆိုတာကို ကျွန်ုပ်တို့သိမြင်လာတဲ့အခါ ဦးဆောင်နေသူတွေအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုလည်း တိုးများလာမှာဖြစ်တယ်။—ဟေဗြဲ ၁၃:၇

“ပြအိုးတို့ကို ရေတွက်ကြလော့”

“သားမြေးတို့အား ကြားပြောမည်အကြောင်း ဇိအုန်မြို့ကိုပတ်ပတ်လည်၍ ပြအိုးတို့ကိုရေတွက်ကြလော့။ ရင်တားတို့ကိုမှတ်၍ ဘုံဗိမာန်များကိုလည်း ဆင်ခြင်ကြလော့။” (ဆာ. ၄၈:၁၂၊ ၁၃) ဒီကျမ်းချက်မှာ ဆာလံဆရာက ဂျေရုဆလင်မြို့ကို အနီးကပ်လေ့လာဖို့ အစ္စရေးလူမျိုးတွေကို တိုက်တွန်းထားတယ်။ နှစ်စဉ်ကျင်းပတဲ့ပွဲတော်တွေကိုတက်ဖို့ သန့်ရှင်းတဲ့မြို့တော်ကိုသွားပြီး ခမ်းနားထည်ဝါတဲ့ဝတ်ပြုရာအိမ်တော်ကို မြင်တွေ့ခဲ့ရတဲ့ အစ္စရေးမိသားစုတွေက သူတို့မြင်ခဲ့ကြားခဲ့ရာတွေကို စားမြုံ့ပြန်ပြီး ပြောနေကြမှာကို သင် မြင်ယောင်ကြည့်ပါ။ သူတို့တွေက ဒီအကြောင်းတွေကို “သားမြေးတို့အား ကြားပြော” ဖို့ လှုံ့ဆော်ခံခဲ့ရမှာ သေချာတယ်။

ရှောလမုန်ရဲ့ ခမ်းနားကြီးကျယ်တဲ့အုပ်ချုပ်မှုနဲ့ ကြီးမားတဲ့ဉာဏ်ပညာအကြောင်း စကြားသိခဲ့စဉ်က သံသယဝင်ခဲ့တဲ့ ရှေဘမိဖုရားအကြောင်း စဉ်းစားကြည့်ပါ။ သူ ကြားသိခဲ့ရာတွေက အမှန်ဖြစ်တယ်ဆိုတာ ဘာက သူ့ကိုယုံကြည်စိတ်ချစေခဲ့သလဲ။ “ကိုယ်တိုင်ရောက်၍ မမြင်မီ ထိုစကားကိုမယုံ” ဆိုပြီး ပြောခဲ့တယ်။ (၆ ရာ. ၉:၆) ‘ကိုယ်တိုင်မြင်’ တဲ့အရာက ကျွန်ုပ်တို့ရဲ့စိတ်မှာ အလွန်စွဲမှတ်စေနိုင်ပါတယ်။

ယေဟောဝါအဖွဲ့အစည်းရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း သင့်သားသမီးတွေ ‘ကိုယ်တိုင်မြင်’ တွေ့စေဖို့ သင် ဘယ်လိုကူညီပေးနိုင်သလဲ။ သင့်ဒေသမှာ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးရှိမယ်ဆိုရင် အဲဒီကိုသွားလည်ပတ်ဖို့ အစီအစဉ်ဆွဲပါ။ ဥပမာ၊ မဲန်ဒီနဲ့ ဘက်သနီတို့က သူတို့နိုင်ငံရဲ့ဌာနခွဲရုံးနဲ့ မိုင် ၉၀၀ အကွာလောက်မှာ နေထိုင်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့မိဘတွေက ဗေသလကို မကြာခဏဆိုသလို လည်ပတ်ဖို့စီစဉ်ခဲ့ကြတယ်။ သူတို့ဒီလိုပြောပြတယ်– “ကျွန်မတို့ ဗေသလကိုမလည်ပတ်ခင်က ဗေသလဆိုတဲ့နေရာက တင်းကျပ်ပြီး အသက်ကြီးသူတွေပဲနေတဲ့ နေရာလို့ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါအတွက် ကြိုးစားအမှုဆောင်ပြီး တကယ့်ကိုပျော်ရွှင်နေတဲ့ လူငယ်တွေနဲ့ ကျွန်မတို့ ဆုံတွေ့ခဲ့ရတယ်။ ယေဟောဝါအဖွဲ့အစည်းဆိုတာ ကျွန်မတို့ရဲ့ အသင်းတော်လောက်ပဲမဟုတ်ဘူးဆိုတာ မြင်တွေ့ခဲ့ရတယ်၊ ဗေသလကိုလည်ပတ်တိုင်း ယေဟောဝါနဲ့ပိုရင်းနှီးလာတယ်လို့ခံစားရပြီး ယေဟောဝါကို ပိုပြီးအမှုဆောင်ဖို့ လှုံ့ဆော်ခံခဲ့ရတယ်။” ဘုရားသခင့်အဖွဲ့အစည်းကို အနီးကပ်တွေ့မြင်ရခြင်းက မဲန်ဒီနဲ့ ဘက်သနီကို ရှေ့ဆောင်စလုပ်ဖို့ လှုံ့ဆော်ပေးခဲ့ပြီး ဗေသလမှာ ယာယီစေတနာ့ဝန်ထမ်းတွေအနေနဲ့ အမှုဆောင်ဖို့တောင် ဖိတ်ခေါ်ခံခဲ့ရတယ်။

ရှေးအစ္စရေးလူတွေ မရနိုင်တဲ့ နောက်နည်းတစ်နည်းနဲ့ ယေဟောဝါရဲ့အဖွဲ့အစည်းကို အနီးကပ်ကြည့်ရှုနိုင်တယ်။ မကြာသေးမီနှစ်တွေက ဘုရားသခင့်လူမျိုးဟာ ဘုရားသခင့်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ပုံအမျိုးမျိုးကို သိရှိနိုင်ဖို့ ယေဟောဝါသက်သေများ—နာမည်နောက်ဝယ်ရှိ အဖွဲ့အစည်း၊ မြင့်မြတ်သောသွန်သင်ခြင်းက စည်းလုံးစေ စတဲ့ ဗီဒီယိုနဲ့ ဒီဗီဒီတွေကို ရရှိခဲ့ကြတယ်။ အလုပ်ကြိုးစားကြတဲ့ ဗေသလအိမ်သားတွေ၊ ကယ်ဆယ်ရေးလုပ်သားတွေ၊ ခရစ်ယာန်သာသနာပြုတွေ၊ စည်းဝေးကြီးတွေကျင်းပဖို့အတွက် ပြင်ဆင်ပြီး အစီအစဉ်အတွက် ဖွဲ့စည်းလုပ်ဆောင်နေကြတဲ့ ညီအစ်ကိုတွေကို သင်နဲ့ သင့်မိသားစုမြင်တွေ့ရတဲ့အခါ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးအပေါ် သင့်နှလုံးထဲကနေ ကျေးဇူးတင်လေးမြတ်စိတ် တိုးပွားလာပါလိမ့်မယ်။

ဘုရားသခင့်လူမျိုးရဲ့ အသင်းတော်တိုင်းက သတင်းကောင်းဟောပြောခြင်းနဲ့ ဒေသခံခရစ်ယာန်တွေကို ထောက်မပေးခြင်းအားဖြင့် အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြတယ်။ ဒါပေမဲ့ ကမ္ဘာချီ “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး” အကြောင်းကို အမြဲသတိရနေစေဖို့ သင့်မိသားစုနဲ့အတူ အချိန်ယူပါ။ ဒီလိုလုပ်ဆောင်ခြင်းက သင်တို့မှာ ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ရှိတယ်ဆိုတာ သိရှိစေပြီး သင်နဲ့သင့်သားသမီးတွေကို “ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံ” စေပါလိမ့်မယ်။—၁ ပေ. ၅:၉

[စာမျက်နှာ ၁၈ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ဘုရားသခင့်အဖွဲ့အစည်း လေ့လာသင့်တဲ့ အကြောင်းအရာတစ်ခု

ယေဟောဝါအဖွဲ့အစည်းရဲ့ သမိုင်းကြောင်းနဲ့ လုပ်ဆောင်မှု တွေအကြောင်း ပိုသိရှိစေဖို့ အကူအညီများစွာကို ကျွန်ုပ်တို့ရရှိထားကြပါတယ်။ အောက်ပါမေးခွန်းတွေနဲ့ သင် အစပြု လေ့လာနိုင်ပါတယ်-

မျက်မှောက်ခေတ် နယ်လှည့်ကြီးကြပ်မှူးတွေရဲ့တာဝန် ဘယ်လိုစတင်ခဲ့သလဲ။ကင်းမျှော်စင်၊ နိုဝင်ဘာ ၁၅၊ ၁၉၉၆၊ စာမျက်နှာ ၁၀-၁၅။

၁၉၄၁ ခုနှစ်၊ သီအိုကရက်တစ်စည်းဝေးပွဲမှာ “ကလေးငယ်များနေ့” နဲ့ ပတ်သက်ပြီး ဘယ်အချက်က ထူးခြားသလဲ။ကင်းမျှော်စင်၊ ဇူလိုင် ၁၅၊ ၂၀၀၁၊ စာမျက်နှာ ၈။

အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ချက်တွေကို ဘယ်လိုချသလဲ။ဘုရားသခင်၏နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ်သက်သေခံလော့’ စာအုပ်၊ စာမျက်နှာ ၁၀၈-၁၁၄