မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ဦးဆောင်နေကြောင်း အထောက်အထားကို သင်တွေ့မြင်ပါသလား

ဘုရားသခင်ဦးဆောင်နေကြောင်း အထောက်အထားကို သင်တွေ့မြင်ပါသလား

ဘုရားသခင်ဦးဆောင်နေကြောင်း အထောက်အထားကို သင်တွေ့မြင်ပါသလား

အစ္စရေးလူမျိုးရော၊ အီဂျစ်လူမျိုးပါ ဒီအဖြစ်မျိုး တစ်ခါမှမတွေ့ဖူးဘူး။ အစ္စရေးလူမျိုး အီဂျစ်ပြည်ကနေ ထွက်လာတဲ့အခါ မိုးတိမ်တိုင်တစ်ခုက သူတို့အနားမှာ နေ့ရောညပါ ရှိနေခဲ့တယ်။ ညမှာဆိုရင် မီးတိုင်ဖြစ်သွားတယ်။ ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ။ ဒါ ဘယ်ကနေလာတာလဲ။ ဘာရည်ရွယ်ချက်အတွက်လဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၅၀၀ ခန့်ကအဖြစ်အပျက်ဖြစ်တဲ့ “မီးမိုးတိမ်တိုင်” အပေါ် အစ္စရေးလူမျိုးတွေရဲ့သဘောထားပုံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။—ထွ. ၁၄:၂၄

ဒီမိုးတိမ်တိုင် ဘယ်ကနေလာသလဲ၊ ဘာရည်ရွယ်ချက်အတွက်လဲဆိုတာကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘သူတို့သည် နေ့ညသွားနိုင်အောင် ယေဟောဝါသည် နေ့၌ကား လမ်းပြဖို့ မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ည၌ကား အလင်းပေးဖို့ မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ရှေ့က ကြွတော်မူ၏။’ (ထွ. ၁၃:၂၁၊ ၂၂) ယေဟောဝါက မိမိလူမျိုးကို အီဂျစ်ပြည်ကထွက်လာတဲ့အချိန်နဲ့ တောကန္တာရမှာ ရှိနေစဉ်တစ်လျှောက်မှာ မီးမိုးတိမ်တိုင်နဲ့ ဦးဆောင်ခဲ့တယ်။ ဒီမိုးတိမ်တိုင်နောက်လိုက်ဖို့ သူတို့ အမြဲအသင့်ရှိနေခဲ့ရတယ်။ ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ဖို့ အီဂျစ်စစ်တပ်လိုက်လာတဲ့အခါမှာ မိုးတိမ်တိုင်က ဒီအုပ်စုနှစ်ခုကြားရောက်သွားပြီး အစ္စရေးလူမျိုးကို ကာကွယ်ခဲ့တယ်။ (ထွ. ၁၄:၁၉၊ ၂၀) မိုးတိမ်တိုင်က ပိုဖြောင့်တဲ့လမ်းကနေ ဦးဆောင်ခေါ်သွားတာ မဟုတ်ပေမဲ့ အစ္စရေးလူမျိုးတွေ ကတိထားရာပြည်တော်ထဲရောက်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ဒီမိုးတိမ်တိုင်ရဲ့ဦးဆောင်မှုနောက် လိုက်ခြင်းဖြစ်တယ်။

မိုးတိမ်တိုင်တည်ရှိနေခြင်းက ယေဟောဝါ မိမိလူမျိုးနဲ့အတူရှိကြောင်း စိတ်ချစေတယ်။ ဒီမိုးတိမ်တိုင်က ယေဟောဝါကို ကိုယ်စားပြုပြီး တစ်ခါတလေ ကိုယ်တော်က အဲဒီထဲကနေ စကားပြောတယ်။ (တော. ၁၄:၁၄; ဆာ. ၉၉:၇) ဒါ့အပြင် အစ္စရေးလူမျိုးကိုဦးဆောင်ဖို့ မောရှေကို ယေဟောဝါခန့်အပ်ကြောင်း ဒီမိုးတိမ်တိုင်က ဖော်ပြတယ်။ (ထွ. ၃၃:၉) အလားတူ၊ မိုးတိမ်တိုင်နဲ့ပတ်သက်တဲ့ နောက်ဆုံးဖော်ပြချက်မှာ မောရှေရဲ့ဆက်ခံသူအဖြစ် ယောရှုကို ယေဟောဝါခန့်အပ်ကြောင်း အတည်ပြုခဲ့တယ်။ (တရား. ၃၁:၁၄၊ ၁၅) အစ္စရေးလူမျိုး အီဂျစ်ပြည်ကနေ အောင်မြင်စွာထွက်လာနိုင်ဖို့က ဘုရားသခင်ဦးဆောင်နေကြောင်း အထောက်အထားကို သိမြင်ပြီး အဲဒီအတိုင်းလိုက်ခြင်းအပေါ် မူတည်တယ်။

အထောက်အထားကို မမြင်ကြတော့

အစ္စရေးလူမျိုး ဒီမိုးတိမ်တိုင်ကို ဦးဆုံးအကြိမ်မြင်တုန်းက အံ့သြစိုးရွံ့ခဲ့ကြမှာ သေချာတယ်။ ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက ဒီအံ့ဖွယ်ရာကို အမြဲမြင်နေရလို့ ရိုးသွားတဲ့အခါ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားရလောက်အောင် သူတို့ရဲ့စိတ်ကို မထိမိတော့ဘူး။ သူတို့က ဘုရားသခင့်ဦးဆောင်မှုကို အကြိမ်ကြိမ် အန်တုခဲ့ကြတယ်။ အီဂျစ်စစ်တပ် နောက်ကနေလိုက်လာတဲ့အခါ ယေဟောဝါရဲ့ကယ်တင်နိုင်စွမ်းကို သူတို့မယုံကြည်ကြောင်း ပြသခဲ့တယ်။ သူတို့ကို သေတွင်းပို့ဖို့ခေါ်လာတာလို့ ဘုရားသခင့်ကျွန် မောရှေကို စွပ်စွဲခဲ့ကြတယ်။ (ထွ. ၁၄:၁၀-၁၂) ပင်လယ်နီကနေ ကယ်နုတ်ခံရပြီးနောက်မှာ ရေနဲ့ အစားအစာမရနိုင်တော့ဘူးလို့ထင်ပြီး မောရှေ၊ အာရုန်နဲ့ ယေဟောဝါကို ပြစ်တင်ညည်းညူခဲ့ကြတယ်။ (ထွ. ၁၅:၂၂-၂၄; ၁၆:၁-၃; ၁၇:၁-၃၊) အဲဒီနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ရွှေနွားသငယ်ရုပ်လုပ်ပေးဖို့ အာရုန်ကို ဖိအားပေးခဲ့ကြတယ်။ စဉ်းစားကြည့်ပါ။ တပ်စခန်းရဲ့တစ်နေရာမှာတော့ အီဂျစ်ပြည်ကနေ သူတို့ကိုထုတ်ဆောင်လာခဲ့တဲ့အရှင်ရဲ့ ခမ်းနားထည်ဝါတဲ့အထောက်အထားဖြစ်တဲ့ မီးမိုးတိမ်တိုင်ကို မြင်တွေ့နေရတယ်၊ ဒါပေမဲ့ အဲဒါနဲ့မလှမ်းမကမ်းမှာ ‘အို ဣသရေလအမျိုး၊ ဤဘုရားသခင်သည် သင့်ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော သင်၏ဘုရားသခင်ဖြစ်တော်မူသည်’ လို့ပြောပြီး သက်မဲ့အရုပ်ကို စဝတ်ပြုကိုးကွယ်နေကြတယ်။ တကယ့် “ပြစ်မှား” မှုကြီးပါပဲ။—ထွ. ၃၂:၄; နေ. ၉:၁၈

အစ္စရေးလူမျိုးရဲ့ ပုန်ကန်တဲ့လုပ်ရပ်တွေက ယေဟောဝါရဲ့ဦးဆောင်မှုကို အလေးမထားကြောင်း ပေါ်ပေါ်ထင်ထင်ဖော်ပြလိုက်ခြင်းဖြစ်တယ်။ ပြဿနာက သူတို့ရဲ့ ပကတိမျက်စိမဟုတ်ဘဲ ဘုရားသခင့်လမ်းညွှန်မှုအပေါ် ထားရှိတဲ့ သူတို့ရဲ့သဘောထားဖြစ်တယ်။ သူတို့တွေက ဒီမိုးတိမ်တိုင်ကို မြင်ပေမဲ့ အဲဒါရဲ့အဓိပ္ပာယ်ကို မေ့သွားကြတယ်။ သူတို့က “စိတ်တော်နာဖွယ်သောအကြောင်းကို ကြိမ်ဖန်များစွာပြုကြ” ပေမဲ့ အစ္စရေးလူမျိုး ကတိထားရာပြည်တော်ရောက်တဲ့အထိ ယေဟောဝါက မိုးတိမ်တိုင်အားဖြင့် သူတို့ကို သနားကြင်နာစွာ ဆက်ဦးဆောင်လမ်းပြခဲ့တယ်။—ဆာ. ၇၈:၄၀-၄၂၊ ၅၂-၅၄; နေ. ၉:၁၉

ယနေ့ ဘုရားသခင်ဦးဆောင်နေကြောင်း အထောက်အထားကို သိမြင်ပါ

ယနေ့အချိန်မှာလည်း ယေဟောဝါက ဦးမဆောင်ဘဲမနေဘူး။ အစ္စရေးလူမျိုးကို ကိုယ့်လမ်းကိုယ်ဖောက်ဖို့ ယေဟောဝါမမျှော်လင့်သလို ဒီနေ့လည်းပဲ ကတိထားရာကမ္ဘာသစ်ရောက်နိုင်တဲ့လမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာဖို့ ကိုယ်တော်မတောင်းဆိုဘူး။ ယေရှုခရစ်ကို အသင်းတော်ဦးခေါင်းအနေနဲ့ ခန့်အပ်ထားတယ်။ (မ. ၂၃:၁၀; ဧ. ၅:၂၃) ကိုယ်တော်က ကောင်းကင်အတန်းအစားခရစ်ယာန်တွေနဲ့ ဖွဲ့စည်းထားတဲ့ သစ္စာရှိကျွန်အတန်းအစားကို အခွင့်အာဏာတချို့ လွှဲအပ်ထားတယ်။ ဒီကျွန်အတန်းအစားကလည်း ခရစ်ယာန်အသင်းတော်မှာ ကြီးကြပ်မှူးတွေကို ခန့်အပ်တယ်။—မ. ၂၄:၄၅-၄၇; တိ. ၁:၅-၉

သစ္စာရှိကျွန်၊ ဘဏ္ဍာစိုးအတန်းအစားက ဘယ်သူလဲဆိုတာကို ကျွန်ုပ်တို့ ဘယ်လိုအသေအချာသိနိုင်သလဲ။ ယေရှုကိုယ်တိုင်ပြောခဲ့တာကို သတိပြုကြည့်ပါ– “သခင်သည် အစေခံတို့ကို အုပ်ချုပ်စေရန်နှင့် အချိန်တန်အစာ မှန်မှန်ဝေပေးရန် ခန့်အပ်ထားသည့် သစ္စာနှင့်သတိပညာရှိသော ဘဏ္ဍာစိုးကား ဧကန်စင်စစ် မည်သူနည်း။ ထိုသို့ပြုလျက်နေသည်ကို သခင်ပြန်လာ၍ တွေ့လျှင် ထိုကျွန်သည် ပျော်ရွှင်၏။”—လု. ၁၂:၄၂၊ ၄၃

ဘဏ္ဍာစိုးအတန်းအစားက “သစ္စာ” ရှိတဲ့အတွက် ယေဟောဝါ၊ ယေရှု၊ ကျမ်းစာအမှန်တရားနဲ့ ဘုရားသခင့်လူမျိုးကို ဘယ်တော့မှ သစ္စာဖောက်မှာ ဒါမှမဟုတ် စွန့်ပစ်မှာမဟုတ်ဘူး။ “သတိပညာ” ရှိတဲ့အတွက် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကြေညာခြင်းနဲ့ ‘လူမျိုးတကာမှလူတို့ကို တပည့်ဖြစ်စေခြင်း’ လုပ်ငန်းဖြစ်တဲ့ အရေးအကြီးဆုံးအလုပ်ကို ညွှန်ကြားရာမှာ ကောင်းစွာဝေဖန်ပိုင်းခြားမှုရှိကြောင်း တင်ပြတယ်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) “အချိန်တန်” တဲ့အခါ ဘဏ္ဍာစိုးအတန်းအစားက အကျိုးဖြစ်ထွန်းပြီး အားရှိစေတဲ့ပုံဆောင်အစာကို နာခံမှုရှိရှိ ဖြန့်ဝေပေးတယ်။ စစ်မှန်တဲ့ဝတ်ပြုသူအရေအတွက် တိုးများလာတာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ လမ်းညွှန်ပေးတာ၊ ကျမ်းစာအမှန်တရားတွေကို ပိုပြီးနားလည်လာတာ၊ ဘုရားသခင့်လူမျိုးကို အမြစ်ပါမကျန်သုတ်သင်ပယ်ရှင်းမယ့် ရန်သူတွေရဲ့ လက်ကနေ ကာကွယ်ပေးတာ၊ စိတ်ငြိမ်သက်မှုခံစားရတာ စတဲ့ကောင်းချီးတွေက ယေဟောဝါမျက်နှာသာပေးနေတယ်ဆိုတာ သိနိုင်တယ်။—ဟေရှာ. ၅၄:၁၇; ဖိ. ၄:၇

ဘုရားသခင့်ဦးဆောင်မှုအတိုင်း လိုက်ပါ

ဘုရားသခင့်ဦးဆောင်မှုကို ကျွန်ုပ်တို့ ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။ တမန်တော်ပေါလု ဒီလိုပြောခဲ့တယ်– “သင်တို့တွင် ဦးဆောင်သူများကို နာခံကြလော့။ လက်အောက်ခံကြလော့။” (ဟေဗြဲ ၁၃:၁၇) အဲဒီလိုလုပ်ဖို့ အမြဲမလွယ်ကူပါဘူး။ ဥပမာ၊ သင်က မောရှေခေတ်က အစ္စရေးလူမျိုးတစ်ယောက်ဖြစ်တယ်ဆိုပါစို့။ ရက်အတော်ကြာကြာ လမ်းလျှောက်ပြီးတဲ့နောက်မှာ မိုးတိမ်တိုင်က ရပ်သွားတယ်။ အဲဒီနေရာမှာ ဘယ်လောက်ကြာကြာ ဆက်ရပ်နေမှာလဲ။ တစ်ရက်လား။ တစ်ပတ်လား။ လပေါင်းများစွာလား။ ‘အထုပ်အပိုးတွေကို ဖြေရမလား’ လို့ သင်စဉ်းစားမိမယ်။ ဦးဆုံး အလိုအပ်ဆုံးပစ္စည်းတွေကိုပဲ ဖြေမှာဖြစ်တယ်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ပစ္စည်းတွေရှာရတာ စိတ်မရှည်တော့လို့ ပစ္စည်းတွေအားလုံးကို ဖြေချလိုက်တယ်။ ဒါပေမဲ့ အထုပ်လည်းဖြေပြီးရော မိုးတိမ်တိုင်က တဲတော်ကနေ ကွာမြှောက်သွားတယ်၊ အဲဒါနဲ့ သင် ပြန်ထုပ်ပိုးရပြန်ရော။ ဒီလိုလုပ်ရတာ လွယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ အစ္စရေးလူမျိုးက ချက်ချင်း “ခရီးသွားကြ” ရတယ်။—တော. ၉:၁၇-၂၂

ကျွန်ုပ်တို့လည်း ဘုရားသခင်ထံက ညွှန်ကြားချက်တွေရရှိတဲ့အခါ ဘယ်လိုတုံ့ပြန်ကြသလဲ။ ချက်ချင်းလုပ်ဆောင်ဖို့ ကြိုးစားသလား။ ဒါမှမဟုတ် လုပ်နေကျအတိုင်း ဆက်လုပ်နေသလား။ ကျမ်းစာသင်အံမှုကျင်းပခြင်း၊ ဘာသာခြားစကားပြောသူတွေကို ဟောပြောခြင်း၊ မိသားစုဝတ်ပြုမှု မှန်မှန်ပြုလုပ်ခြင်း၊ ဆေးရုံဆက်သွယ်ရေးကော်မတီနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း၊ စည်းဝေးကြီးတွေမှာ တော်လျော်စွာ ကျင့်ကြံပြုမူခြင်း စတဲ့ နောက်ဆုံးညွှန်ကြားချက်တွေကို သင်သိသလား။ အကြံပြုချက်တွေကို လက်ခံခြင်းအားဖြင့် ဘုရားသခင့်ဦးဆောင်မှုအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြနိုင်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်ဉာဏ်ပညာကိုအားမကိုးဘဲ ယေဟောဝါ၊ ကိုယ်တော့်အဖွဲ့အစည်းရဲ့ လမ်းညွှန်မှုကို ရှာကြတယ်။ ပြင်းထန်တဲ့မုန်တိုင်းတိုက်ခတ်တဲ့အခါ အကာအကွယ်အတွက် မိဘထံပြေးသွားတဲ့ ကလေးတစ်ဦးလိုပဲ မုန်တိုင်းနဲ့တူတဲ့ လောကပြဿနာတွေနဲ့ ကြုံရတဲ့အခါ ကျွန်ုပ်တို့က ယေဟောဝါရဲ့အဖွဲ့အစည်းမှာ အကာအကွယ်ရှာကြတယ်။

ဘုရားသခင့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာ ဦးဆောင်နေတဲ့သူတွေက မစုံလင်ကြဘူးဆိုတာ မှန်ပါတယ်။ မောရှေလည်း မစုံလင်ဘူးဆိုတာသတိရပါ။ ဒါပေမဲ့ မိုးတိမ်တိုင် အမြဲတည်ရှိနေခြင်းက မောရှေကို ဘုရားသခင်ခန့်အပ်ကြောင်းနဲ့ သူ့အပေါ်မှာ ဘုရားသခင့်မျက်နှာသာရှိကြောင်း အထောက်အထားဖြစ်တယ်။ ဘယ်အချိန်မှာ စရွေ့လျားရမယ်ဆိုတာ အစ္စရေးလူမျိုးတစ်ဦးစီ ဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူးဆိုတာကိုလည်း သတိပြုပါ။ အဲဒီအစား ‘ယေဟောဝါ မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း’ လုပ်ဆောင်ခဲ့ကြတယ်။ (တော. ၉:၂၃) ဒါကြောင့် ဘယ်အချိန်ရွေ့လျားရမယ်ဆိုတာ ဘုရားသခင်အသုံးပြုနေတဲ့ မောရှေကတစ်ဆင့် အချက်ပေးပုံရတယ်။

ဒီနေ့လည်း ယေဟောဝါရဲ့ ဘဏ္ဍာစိုးအတန်းအစားက ရွေ့လျားရမယ့်အချိန်တိုင်းမှာ ရှင်းရှင်းလင်းလင်းအချက်ပြတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။ ကင်းမျှော်စင်၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာပါတဲ့ ဆောင်းပါးတွေ၊ စာအုပ်သစ်တွေ၊ စည်းဝေးပွဲနဲ့ စည်းဝေးကြီးတွေမှာကြားရတဲ့ ဟောပြောချက်တွေအားဖြင့်ဖြစ်တယ်။ နယ်လှည့်ကြီးကြပ်မှူးတွေ၊ စာတွေနဲ့ အသင်းတော်က တာဝန်ရှိညီအစ်ကိုတွေတက်ရောက်တဲ့ သင်တန်းတွေကနေလည်း အသင်းတော်တွေကို လမ်းညွှန်ချက်ပေးတယ်။

ဘုရားသခင်ဦးဆောင်နေတဲ့အထောက်အထားတွေကို သင်ရှင်းရှင်းလင်းလင်း သိမြင်ပါသလား။ တောကန္တာရနဲ့တူတဲ့ ဆိုးညစ်တဲ့စာတန့်လောကရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ယေဟောဝါက ကျွန်ုပ်တို့ကိုလမ်းညွှန်ဖို့ ကိုယ်တော့်အဖွဲ့အစည်းကို အသုံးပြုတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ချစ်ခင်၊ စည်းလုံးပြီး လုံခြုံမှုခံစားရတယ်။

အစ္စရေးလူမျိုး ကတိထားရာပြည်ဝင်ပြီးတဲ့နောက်မှာ ယောရှု ဒီလိုပြောခဲ့တယ်– ‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာသိကြ၏။’ (ယောရှု ၂၃:၁၄) အလားတူပဲ၊ ယနေ့ ဘုရားသခင့်လူမျိုး ကတိထားရာကမ္ဘာသစ်ထဲ ဝင်စားရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပဲ။ ဒါပေမဲ့ ကျွန်ုပ်တို့တစ်ဦးစီ အဲဒီမှာ ရှိနေမလားဆိုတာကတော့ ဘုရားသခင့်လမ်းညွှန်ချက်တွေကို နှိမ့်ချစိတ်နဲ့ တလိုတလားလိုက်လျှောက်ခြင်းအပေါ် များစွာမူတည်တယ်။ ဒါကြောင့် ယေဟောဝါဦးဆောင်နေကြောင်း အထောက်အထားကို ကျွန်ုပ်တို့အားလုံး ဆက်ပြီးသိမြင်နိုင်ကြပါစေ။

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ယေဟောဝါအဖွဲ့အစည်းက ယနေ့ ကျွန်ုပ်တို့ကို ဦးဆောင်နေ

စည်းဝေးကြီးမှာ စာအုပ်အသစ်ထုတ်ဝေနေ

သီအိုကရက်တစ်ဆိုင်ရာ သင်တန်းကျောင်း

လယ်ကွင်းတွေ့ဆုံမှုမှာ လေ့ကျင့်ပေး