မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မရိုးသားတဲ့လောကမှာ ဆက်ပြီးရိုးသားနိုင်ပုံ

မရိုးသားတဲ့လောကမှာ ဆက်ပြီးရိုးသားနိုင်ပုံ

မရိုးသားတဲ့လောကမှာ ဆက်ပြီးရိုးသားနိုင်ပုံ

ကျွန်ုပ်တို့ ရှူရှိုက်နေတဲ့လေလိုပဲ မရိုးသားမှုက နေရာတကာမှာပျံ့နေတယ်။ လူတွေက လိမ်ညာကြ၊ ကျသင့်ငွေကို ပိုတောင်းကြ၊ ခိုးကြ၊ အကြွေးတွေကိုမပေးကြ၊ တခြားသူတွေအပေါ် ကလိမ်ကျနိုင်တာကို ကြွားလုံးထုတ်ကြတယ်။ ဒီလိုဝန်းကျင်မှာ ရိုးသားစွာနေထိုင်မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို စမ်းသပ်တဲ့အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ နေရာအနှံ့မှာတွေ့ရတဲ့ မရိုးသားမှုတွေကို ဘယ်လိုဆက်ပြီးတိုက်လှန်နိုင်မလဲ။ ကျွန်ုပ်တို့အတွက် အထောက်အကူဖြစ်စေမယ့် အဓိကအချက်သုံးချက်ကို လေ့လာကြစို့။ အဲဒီအချက်တွေက ယေဟောဝါကိုကြောက်ရွံ့ခြင်း၊ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်၊ ရောင့်ရဲခြင်းတို့ဖြစ်တယ်။

ယေဟောဝါကို တော်မှန်စွာကြောက်ရွံ့ခြင်း

ပရောဖက် ဟေရှာယ ဒီလိုရေးခဲ့တယ်– ‘ယေဟောဝါသည် ငါတို့၏တရားသူကြီး၊ ယေဟောဝါသည် ငါတို့၏ပညတ်တရားရှင်၊ ယေဟောဝါသည် ငါတို့၏ရှင်ဘုရင်ဖြစ်တော်မူ၏။’ (ဟေရှာ. ၃၃:၂၂) ယေဟောဝါရဲ့အခွင့်အာဏာကို အသိအမှတ်ပြုခြင်းက ဘုရားသခင်ကိုကြောက်ရွံ့စေပြီး ဒါက မရိုးသားတဲ့သဘောထားကို တိုက်လှန်မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်အတိုင်း လုပ်ဆောင်စေတဲ့ အဓိကစွမ်းအားတစ်ခုဖြစ်တယ်။ နယပုံပြင် ၁၆:၆ က ‘ယေဟောဝါကို ကြောက်ရွံ့သောသဘောအားဖြင့် မကောင်းမှုကိုရှောင်တတ်၏’ လို့ပြောတယ်။ ဒီလိုကြောက်ရွံ့မှုက ဘုရားသခင်ဒဏ်ခတ်မှာကို ကြောက်ရွံ့တာမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့အကျိုးကို အလွန်စိတ်ဝင်စားတဲ့ ကောင်းကင်ခမည်းတော် စိတ်ငြိုငြင်မှာကို စိုးရိမ်ခြင်းဖြစ်တယ်။—၁ ပေ. ၃:၁၂

တော်မှန်တဲ့ကြောက်ရွံ့မှုက မှန်ကန်ရာကို လုပ်ဆောင်စေတယ်ဆိုတာ ဖြစ်ရပ်မှန်တွေ့ကြုံမှုတစ်ခုက ဖော်ပြတယ်။ ရီကာဒူနဲ့ သူ့ဇနီး ဖနန်းဒါက ဘဏ်မှာ အမေရိကန်ဒေါ်လာခုနစ်ရာနဲ့ ညီမျှတဲ့ငွေကို ထုတ်ခဲ့တယ်။ * ဖနန်းဒါက ငွေတွေကိုမစစ်ဘဲ ပိုက်ဆံအိတ်ထဲ အထပ်လိုက်ထည့်လိုက်တယ်။ ပေးစရာရှိတာတချို့ကိုပေးပြီး အိမ်ပြန်ရောက်တော့ ငွေတွေကိုရေကြည့်လိုက်တဲ့အခါ ဘဏ်ကထုတ်ခဲ့တဲ့ငွေပမာဏလောက် ရှိနေတာကို အံ့အားသင့်စွာတွေ့လိုက်ရတယ်။ “ဘဏ်စာရေးမက မှားပြီးပိုပေးလိုက်တာ ဖြစ်ရမယ်” လို့ သူတို့ ကောက်ချက်ချလိုက်တယ်။ အစပိုင်းမှာတော့ ပေးစရာတွေလည်းအများကြီးကျန်သေးလို့ ဒီငွေတွေကို ပြန်မပေးဘဲ ယူထားဖို့ သွေးဆောင်ခံခဲ့ရတယ်။ ရီကာဒူ ဒီလိုပြောပြတယ်– “ဒီငွေတွေကို ပြန်ပေးနိုင်ဖို့ ခွန်အားပေးပါလို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ ကိုယ်တော့်မျက်နှာသာရလိုတဲ့ဆန္ဒကြောင့် နယပုံပြင် ၂၇:၁၁ မှာပါတဲ့ ကိုယ်တော့်မေတ္တာရပ်ခံချက်ကို တုံ့ပြန်ပြီး ငွေတွေကိုပြန်ပေးခဲ့တယ်။”

ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်

ကျမ်းစာလေ့လာခြင်း၊ လေ့လာသိရှိခဲ့ရာကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို လေ့ကျင့်နိုင်ပါတယ်။ ‘ဘုရားသခင်၏တရားစကားတော်က အသက်ရှင်ပြီးတန်ခိုးရှိ’ လို့ ဒီနည်းအားဖြင့် ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲအထိ ရောက်နိုင်တယ်။ ဒါက ‘အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံ’ ဖို့ လှုံ့ဆော်ပေးနိုင်တယ်။—ဟေဗြဲ ၄:၁၂; ၁၃:၁၈

ယွာအိုရဲ့အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ အကြွေးတွေယူရင်းနဲ့ အမေရိကန်ဒေါ်လာ ငါးထောင်အထိ အကြွေးတက်လာတယ်။ အကြွေးမဆပ်ဘဲ တခြားမြို့ကို ပြောင်းသွားခဲ့တယ်။ ရှစ်နှစ်ကြာပြီးတဲ့နောက် ယွာအို အမှန်တရားကိုသင်ယူခဲ့ပြီး ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သူ့ရဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်က အကြွေးရှင်နဲ့ပြန်ဆက်သွယ်ပြီး အကြွေးတွေကိုပြန်ဆပ်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ ယွာအိုမှာ ဝင်ငွေနည်းနည်းပဲရှိပြီး ကျွေးမွေးရမယ့် ဇနီးနဲ့ ကလေးလေးယောက်ရှိလို့ အကြွေးရှင်က လတိုင်းနည်းနည်းစီဖဲ့ဆပ်ဖို့ သဘောတူခဲ့တယ်။

ရောင့်ရဲတဲ့စိတ်

တမန်တော် ပေါလုက ဒီလိုရေးခဲ့တယ်– ‘ကျေနပ်ရောင့်ရဲမှုဖြင့် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းသည် များစွာအကျိုးပေး၏။ ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။’ (၁ တိ. ၆:၆-၈) ဒီပညာရှိအကြံပြုချက်ကိုနှလုံးသွင်းခြင်းက လောဘ၊ မရိုးသားတဲ့စီးပွားရေးနဲ့ ဖြတ်လမ်းနည်းနဲ့နေ့ချင်းညချင်း ကြီးပွားလိုတဲ့ ထောင်ချောက်ကို ရှောင်နိုင်မှာဖြစ်တယ်။ (သု. ၂၈:၂၀) ပေါလုရဲ့အကြံပြုချက်ကို လိုက်လျှောက်ခြင်းက ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားဖို့ ကူညီပေးပြီး ကျွန်ုပ်တို့ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။—မ. ၆:၂၅-၃၄

ဒါပေမဲ့ စည်းစိမ်ဥစ္စာရဲ့လှည့်စားနိုင်စွမ်းကြောင့် လောဘစိတ်၊ တပ်မက်စိတ်ရဲ့အန္တရာယ်ကို ဘယ်တော့မှ လျှော့မတွက်သင့်ဘူး။ (မ. ၁၃:၂၂) အာခန်ရဲ့အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်ပါ။ အစ္စရေးလူတွေ အံ့ဖွယ်နည်းနဲ့ ဂျော်ဒန်မြစ်ကိုဖြတ်ကူးခဲ့တာကို သူမြင်တွေ့ခဲ့တယ်။ ဒါတောင်မှ လောဘဇောတက်လာပြီး ယေရိခေါမြို့ထဲက သိမ်းယူရတဲ့ ပစ္စည်းတွေထဲက ရွှေ၊ ငွေတချို့နဲ့ အဖိုးတန်တဲ့ဝတ်ရုံတစ်ထည်ကို ခိုးယူလိုတဲ့ဆန္ဒကို မတွန်းလှန်ခဲ့ဘူး။ ဒါကြောင့် သူအသက်ဆုံးခဲ့ရတယ်။ (ယောရှု ၇:၁၊ ၂၀-၂၆) ရာစုနှစ်များစွာကြာပြီးတဲ့နောက် ယေရှု ဒီလိုသတိပေးခဲ့တာ အံ့ဩစရာမဟုတ်ဘူး– “သင်တို့သည် ခပ်သိမ်းသောတပ်မက်မှုကို သတိထားလျက် ကြဉ်ရှောင်ကြလော့။”—လု. ၁၂:၁၅

အလုပ်ခွင်မှာ ရိုးသားပါ

အရာရာမှာရိုးသားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို စမ်းသပ်မှုဖြစ်စေတဲ့ အခြေအနေတချို့ကို သုံးသပ်ကြည့်ရအောင်။ ကျွန်ုပ်တို့ရဲ့အလုပ်ခွင်မှာ မရိုးသားမှုက တခြားသူတွေအတွက် ထမင်းစားရေသောက်ဖြစ်နေရင်တောင် ကျွန်ုပ်တို့က ‘မခိုးဝှက်ခြင်း’ အားဖြင့် ရိုးသားရမှာဖြစ်တယ်။ (တိ. ၂:၉၊ ၁၀) အစိုးရရုံးတစ်ရုံးမှာအလုပ်လုပ်တဲ့ ဂျူရန်ဒီးယာက ခရီးစရိတ်တွေကို အမှန်အတိုင်း ရိုးရိုးသားသားတင်တယ်။ ဒါပေမဲ့ သူ့အလုပ်ဖော်တွေကတော့ ကုန်ကျတာထက်ပိုတောင်းကြတယ်။ သူတို့ရဲ့ဌာနမှူးက မရိုးသားတဲ့အလုပ်သမားတွေကို အဲဒီလိုလုပ်ခွင့်ပေးလို့ သူတို့လုပ်ကြခြင်းဖြစ်တယ်။ အဲဒီဌာနမှူးက ဂျူရန်ဒီးယာရဲ့ရိုးသားမှုကြောင့် ခက်ခက်ထန်ထန် ပြစ်တင်ခဲ့ပြီး အလုပ်တာဝန်နဲ့ ခရီးမသွားခိုင်းတော့ဘူး။ ဒါပေမဲ့ အချိန်တန်လို့ ရုံးကို စာရင်းစစ်ဝင်တဲ့အခါ ဂျူရန်ဒီးယာရဲ့ရိုးသားမှုအတွက် ချီးမွမ်းခဲ့တယ်။ ပြီးတော့ ရာထူးလည်းတိုးပေးခဲ့တယ်။

အရောင်းစာရေး အွန်ဒရေကို သူ့အလုပ်ရှင်က ဝယ်သူတွေရဲ့ငွေစာရင်းထဲမှာ ဝန်ဆောင်ခနှစ်ဆရေးသွင်းဖို့ ပြောခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုက ကျမ်းစာမူတွေကိုလိုက်လျှောက်နိုင်ဖို့ ရဲစွမ်းသတ္တိပေးပါလို့ ယေဟောဝါထံဆုတောင်းခဲ့တယ်။ (ဆာ. ၁၄၅:၁၈-၂၀) အလုပ်ရှင်ပြောတဲ့အတိုင်း သူ ဘာကြောင့်မလုပ်နိုင်သလဲဆိုတဲ့အကြောင်းကို ရှင်းပြဖို့လည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အရာမရောက်ခဲ့ဘူး။ ဒါကြောင့် အွန်ဒရေက လစာကောင်းတဲ့ဒီအလုပ်ကနေထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ တစ်နှစ်ကြာပြီးတဲ့နောက်မှာ သူ့နဂိုအလုပ်ရှင်က ဝယ်သူတွေဆီကနေ ပိုမတောင်းခိုင်းတော့ပါဘူးလို့ အာမခံပြီး သူ့ကို ပြန်အလုပ်ခန့်ခဲ့တယ်။ ပြီးတော့ မန်နေဂျာ ခန့်လိုက်တယ်။

အကြွေးပြန်ဆပ်ပါ

တမန်တော် ပေါလုက ခရစ်ယာန်တွေကို “အချင်းချင်း ချစ်ခြင်းမေတ္တာအကြွေးမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေနှင့်” လို့ အကြံပေးခဲ့တယ်။ (ရော. ၁၃:၈) အကြွေးရှင်က ချမ်းသာတယ်၊ ငွေမလိုဘူးလို့ ဆင်ခြေပေးပြီး အကြွေးပြန်မဆပ်ဘဲ နေမိနိုင်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကတော့ “မတရားသောသူသည် ချေးငှား၍ မဆပ်ဘဲနေတတ်၏” လို့ သတိပေးတယ်။—ဆာ. ၃၇:၂၁

ဒါပေမဲ့ ‘ကြိုတင်မမြင်ရတဲ့အဖြစ်အပျက်’ ကြောင့် ချေးထားတာကို ပြန်မဆပ်နိုင်တော့ရင်ကော။ (ဒေ. ၉:၁၁) ဖရန်စစ္စကူက အိမ်ချေးငွေကိုဆပ်ဖို့ အဲလ်ဖရက်ဒူဆီက အမေရိကန်ဒေါ်လာ ခုနစ်ထောင်နဲ့ညီတဲ့ငွေကို ချေးခဲ့တယ်။ ဒါပေမဲ့ စီးပွားရေးအကျပ်အတည်းကြောင့် သတ်မှတ်ထားတဲ့ရက်မှာ ပြန်မဆပ်နိုင်ခဲ့ဘူး။ ဖရန်စစ္စကူက ဒီကိစ္စကိုဆွေးနွေးဖို့ အဲလ်ဖရက်ဒူဆီ အရင်သွားခဲ့တယ်၊ အဲလ်ဖရက်ဒူက အကြွေးတွေကို အလီလီဖဲ့ဆပ်ဖို့ သဘောတူခဲ့တယ်။

ဟန်ဆောင်ခြင်းကိုရှောင်ပါ

ပထမရာစုခရစ်ယာန်အသင်းတော်မှာရှိတဲ့ အာနနိနဲ့ ရှဖိရေတို့ဇနီးမောင်နှံရဲ့ အဖြစ်ဆိုးကို ပြန်သုံးသပ်ကြည့်ပါ။ သူတို့ လယ်ကွက်တစ်ကွက်ရောင်းလိုက်တယ်၊ ရောင်းရငွေတချို့တစ်ဝက်ကို တမန်တော်တွေဆီယူလာပြီး ဒါက ရောင်းရတဲ့ငွေအကုန်ပဲလို့ ပြောခဲ့တယ်။ အလွန်တရာရက်ရောတဲ့သူတွေအဖြစ် ဟန်ဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ ဘုရားသခင့်စွမ်းအားတော်ရဲ့ဖွင့်ပြမှုကြောင့် တမန်တော်ပေတရုက သူတို့ရဲ့လိမ်ညာမှုမျက်နှာဖုံးကို ခွာခဲ့ပြီး ယေဟောဝါ သူတို့ကို သေဒဏ်ပေးခဲ့တယ်။—တ. ၅:၁-၁၁

အာနနိ၊ ရှဖိရေနဲ့မတူဘဲ သမ္မာကျမ်းစာ ရေးသားသူတွေက ပွင့်လင်းရိုးသားခဲ့ကြတယ်။ မောရှေက သူဒေါသမထိန်းနိုင်လို့ ကတိထားရာပြည်တော်ထဲ ဝင်ခွင့်မရတဲ့အကြောင်း ရိုးသားစွာ မှတ်တမ်းတင်ခဲ့တယ်။ (တော. ၂၀:၇-၁၃) အလားတူပဲ ယောနလည်း နိနေဝေမြို့မှာ မဟောပြောခင်နဲ့ ဟောပြောပြီးနောက် သူလုပ်ခဲ့တဲ့အမှားတွေကို မကွယ်ဝှက်ခဲ့ဘူး။ အဲဒါတွေကို မခြွင်းမချန်ရေးခဲ့တယ်။—ယောန ၁:၁-၃; ၄:၁-၃

ကိုယ့်အတွက် နစ်နာမှုရှိတယ်ဆိုရင်တောင် အမှန်အတိုင်းပြောဖို့ ရဲစွမ်းသတ္တိလိုတယ်ဆိုတာ ၁၄ နှစ်အရွယ် နထားယာ ကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်နိုင်တယ်။ စာမေးပွဲအဖြေလွှာတွေကို ပြန်ရတဲ့အခါ အဖြေတစ်ခုက မှားနေပေမဲ့ သူ့ရဲ့ဆရာက အမှန်ပေးထားတာကို သူတွေ့လိုက်တယ်။ သူ့ဆရာကို အမှန်အတိုင်း ပြောပြလိုက်ရင် သူ့အဆင့် တော်တော်လေးကျသွားနိုင်တယ်ဆိုတာ သိပေမဲ့ ဆရာကို မတွန့်မဆုတ်ပြောပြခဲ့တယ်။ “ကျွန်မရဲ့မိဘတွေက ယေဟောဝါနှစ်သက်တဲ့အရာကို အမြဲလုပ်ဖို့ သင်ပေးတယ်။ ဒါကြောင့် ကျွန်မ ရိုးသားရမယ်။ ဆရာ့ကိုအသိမပေးဘူးဆိုရင် ကျွန်မရဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်က အနှောင့်အယှက်ပေးနေမှာ” ဆိုပြီး ပြောတယ်။ နထားယာရဲ့ ရိုးသားမှုကို ဆရာက လေးစားသွားတယ်။

ရိုးသားမှု—ယေဟောဝါကို ဂုဏ်တင်တဲ့ အရည်အသွေး

၁၇ နှစ်အရွယ် ဂျီဇဲယ်လ်က စာရွက်စာတမ်းတွေနဲ့ ၃၅ ဒေါ်လာ နဲ့ညီမျှတဲ့ငွေပါတဲ့ ပိုက်ဆံအိတ်တစ်လုံး ကောက်ရတယ်။ သူက ကျောင်းတာဝန်ရှိသူတွေကတစ်ဆင့် ပိုင်ရှင်ကို ပြန်ပေးဖို့ စီစဉ်ခဲ့တယ်။ တစ်လကြာပြီးတဲ့နောက် လက်ထောက်ကျောင်းအုပ်ကြီးက အတန်းရှေ့မှာ စာတစ်စောင်ဖတ်ပြခဲ့တယ်။ အဲဒီစာထဲမှာ ဂျီဇဲယ်လ်ရဲ့ရိုးသားမှုနဲ့ သူ့မိဘတွေ သူ့ကိုကောင်းကောင်းလေ့ကျင့်ပေးတာ၊ ဘုရားသခင်ကိုကြောက်ရွံ့သူအဖြစ် ကြီးပြင်းလာဖို့ လေ့ကျင့်ပေးတာကို ချီးမွမ်းထားတယ်။ သူ့ရဲ့ “ကောင်းသောအကျင့်” က ယေဟောဝါကို ဂုဏ်ထင်ရှားစေတယ်။—မ. ၅:၁၄-၁၆

‘ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ သစ္စာမရှိသူ’ တွေကြားမှာ ရိုးသားစွာနေဖို့ဆိုတာ ကြိုးစားအားထုတ်ဖို့လိုတယ်။ (၂ တိ. ၃:၂) ဒါပေမဲ့ ယေဟောဝါကို တော်မှန်စွာကြောက်ရွံ့ခြင်း၊ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုယ်ကိုယ်သိသောစိတ်၊ ကျေနပ်ရောင့်ရဲစိတ်က မရိုးသားတဲ့လောကမှာ ရိုးသားစွာဆက်နေနိုင်ဖို့ ကူညီပေးတယ်။ ဒါ့အပြင် ‘တရားသဖြင့်ပြုတော်မူပြီး တရားသောအမှုကိုနှစ်သက်’ တဲ့ ယေဟောဝါနဲ့ ပိုပြီးရင်းနှီးစေနိုင်တယ်။—ဆာ. ၁၁:၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အမည်တချို့ကို ပြောင်းထား။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါကို တော်မှန်စွာကြောက်ရွံ့ခြင်းက ရိုးသားစွာပြုမူမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာစေ

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ရဲ့ ရိုးသားတဲ့အပြုအမူတွေက ယေဟောဝါကို ဂုဏ်တင်