မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်မိသားစုများ “နိုးကြား” နေကြပါ

ခရစ်ယာန်မိသားစုများ “နိုးကြား” နေကြပါ

ခရစ်ယာန်မိသားစုများ “နိုးကြား” နေကြပါ

‘ငါတို့သည် နိုးကြား၍ သတိရှိနေကြစို့။’—၁ သက်. ၅:၆

၁၊ ၂။ ခရစ်ယာန်မိသားစုတစ်စုက အမြဲနိုးနိုးကြားကြားရှိနေချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။

‘ယေဟောဝါ​၏ကြောက်မက်ဖွယ်သောနေ့ကြီး’ ကိုရည်ညွှန်းပြီး တမန်တော်ပေါလုက သက်သာလောနိတ်မှာရှိတဲ့ခရစ်ယာန်တွေကို ဒီလိုစာရေးခဲ့တယ်– “ညီအစ်ကိုတို့၊ သင်တို့သည် မှောင်မိုက်တွင်ရှိနေသူများ မဟုတ်ကြ။ သို့ဖြစ်၍ သူခိုးကို ဖမ်းမိသကဲ့သို့ ထိုနေ့ရက်သည် သင်တို့ကို အုပ်မိလိမ့်မည်မဟုတ်။ အကြောင်းမူကား သင်တို့ရှိသမျှသည် အလင်း၏သားများ၊ နေ့၏သားများ ဖြစ်ကြ၏။ ငါတို့သည် ညနှင့်လည်းကောင်း၊ မှောင်မိုက်နှင့်လည်းကောင်း မစပ်ဆိုင်ကြ။” အဲဒီနောက် ဒီလိုဆက်ပြောတယ်– “ထို့ကြောင့် ငါတို့သည် အခြားသူများကဲ့သို့ အိပ်ပျော်လျက်မနေဘဲ နိုးကြား၍ သတိရှိနေကြစို့။”—ယောလ ၂:၃၁; ၁ သက်. ၅:၄-၆

သက်သာလောနိတ်ခရစ်ယာန်တွေကိုပြောခဲ့တဲ့ ပေါလုရဲ့သတိပေးချက်က “အမှုကုန်ရသည်ကာလ” မှာအသက်ရှင်နေတဲ့ ခရစ်ယာန်တွေအတွက် အထူးသင့်လျော်တယ်။ (ဒံ. ၁၂:၄) စာတန့်ဆိုးညစ်တဲ့စနစ်ကုန်ဆုံးချိန် နီးလာတာနဲ့အမျှ သူက စစ်မှန်တဲ့ဝတ်ပြုသူ များနိုင်သမျှများများကို ဘုရားသခင့်အမှုဆောင်ခြင်းကနေ လမ်းလွဲသွားအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါကြောင့် နိုးကြားနေပါဆိုတဲ့ ပေါလုရဲ့သတိပေးချက်ကို နှလုံးသွင်းခြင်းက ပညာရှိရာရောက်ပါတယ်။ ခရစ်ယာန်မိသားစုတစ်စု အမြဲနိုးနိုးကြားကြားရှိနေချင်တယ်ဆိုရင် မိသားစုဝင်တစ်ဦးစီက မိမိတို့နဲ့သက်ဆိုင်တဲ့ကျမ်းပေးတာဝန်တွေကို လုပ်ဆောင်နေဖို့ အရေးကြီးတယ်။ ဒီလိုဆိုရင် ခင်ပွန်း၊ ဇနီးနဲ့ သားသမီးတွေက သူတို့ရဲ့မိသားစု “နိုးကြား” နေဖို့ ဘယ်တာဝန်တွေကို လုပ်ဆောင်ရမလဲ။

ခင်ပွန်းသည်တို့ “သိုးထိန်းကောင်း” ကိုတုပပါ

၃။ ၁ တိမောသေ ၅:၈ အရ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောက်ျားတစ်ဦးရဲ့တာဝန်မှာ ဘာပါဝင်သလဲ။

“မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ်” တယ်လို့ ကျမ်းစာက ဆိုတယ်။ (၁ ကော. ၁၁:၃) အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောက်ျားတစ်ဦးရဲ့တာဝန်မှာ ဘာပါဝင်သလဲ။ ကျမ်းစာက ဒီလိုပြောတယ်– “မိမိကြည့်ရှုစောင့်ရှောက်ရမည့်သူတို့ကို၊ အထူးသဖြင့် မိမိ၏အိမ်သူအိမ်သားတို့ကို မထောက်ပံ့သောသူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်၍ မယုံကြည်သောသူထက်ပင် သာ၍ဆိုး၏။” (၁ တိ. ၅:၈) အမှန်ပါပဲ၊ ယောက်ျားတစ်ဦးက မိသားစုရဲ့ ရုပ်ပိုင်းလိုအပ်ရာတွေကို ထောက်ပံ့သင့်တယ်။ ဒါပေမဲ့ သူက မိသားစုကို နိုးနိုးကြားကြားရှိစေလိုတယ်ဆိုရင် ရှာဖွေကျွေးမွေးရုံနဲ့ မလုံလောက်ဘူး။ မိသားစုရဲ့ ယုံကြည်ခြင်းကို တည်ဆောက်ပေးခြင်းအားဖြင့် မိသားစုဝင်တွေနဲ့ ဘုရားသခင်ရဲ့ဆက်ဆံရေး ခိုင်မြဲအောင် ကူညီပေးရမှာဖြစ်တယ်။ (သု. ၂၄:၃၊ ၄) ဒါကို သူ ဘယ်လိုလုပ်နိုင်သလဲ။

၄။ မိသားစုရဲ့ယုံကြည်ခြင်းကို တည်ဆောက်ပေးရာမှာ အောင်မြင်ဖို့ အမျိုးသားတစ်ဦးကို ဘယ်အချက်က ကူညီပေးနိုင်သလဲ။

‘ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည် ဇနီး၏ဦးခေါင်းဖြစ်’ တဲ့အတွက် အိမ်ထောင်သည်အမျိုးသားတစ်ဦးက အသင်းတော်ကို ယေရှုဘယ်လိုဦးဆောင်တယ်ဆိုတာ လေ့လာပြီး တုပသင့်တယ်။ (ဧ. ၅:၂၃) ယေရှုက မိမိနောက်လိုက်တွေနဲ့ ကိုယ်တော့်ဆက်ဆံရေးအကြောင်း ဘယ်လိုပြောတယ်ဆိုတာ သုံးသပ်ကြည့်ပါ။ (ယောဟန် ၁၀:၁၄၊ ၁၅ ကိုဖတ်ပါ။) မိသားစုရဲ့ယုံကြည်ခြင်းကို တည်ဆောက်ပေးရာမှာ အောင်မြင်လိုတဲ့ အမျိုးသားတစ်ဦးအတွက် အရေးကြီးတဲ့အချက်ကဘာလဲ။ “သိုးထိန်းကောင်း” တစ်ဦးအနေနဲ့ ယေရှု ပြောဆို၊ လုပ်ဆောင်ခဲ့ရာတွေကို လေ့လာပြီး ‘ခြေရာကို ထက်ကြပ်မကွာလိုက်လျှောက်’ ခြင်းဖြစ်တယ်။—၁ ပေ. ၂:၂၁

၅။ သိုးထိန်းကောင်းက အသင်းတော်အကြောင်း ဘာတွေသိသလဲ။

သိုးထိန်းတစ်ဦးနဲ့ သူ့သိုးတွေရဲ့ဆက်ဆံရေးက သိကျွမ်းမှုနဲ့ ယုံကြည်စိတ်ချမှုအပေါ် အခြေခံတယ်။ သိုးထိန်းက သူ့သိုးတွေအကြောင်း အားလုံးသိသလို သိုးတွေကလည်း သိုးထိန်းကို ကောင်းကောင်းသိပြီး ယုံကြည်စိတ်ချတယ်။ သိုးတွေက သိုးထိန်းရဲ့ အသံကိုသိပြီး နာခံတယ်။ ယေရှုက “ငါ၏သိုးများကို ငါသိ၏။ ငါ့သိုးများသည်လည်း ငါ့ကိုသိကြ၏” လို့ပြောခဲ့တယ်။ ယေရှုက အသင်းတော်အကြောင်း အပေါ်ယံလောက်ပဲသိတာမဟုတ်ဘူး။ “သိ၏” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက “တစ်ဦးချင်း၊ အတွင်းကျကျသိတယ်” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် သိုးထိန်းကောင်းက သိုးတစ်ကောင်ချင်းစီကိုသိတယ်။ တစ်ကောင်ချင်းစီရဲ့ လိုအပ်ရာ၊ အားနည်းချက်နဲ့ အားသာချက်တွေကိုသိတယ်။ ကျွန်ုပ်တို့ရဲ့စံနမူနာရှင်က သူ့သိုးတွေနဲ့ပတ်သက်လို့ မသိတဲ့အချက်မရှိဘူး။ သိုးတွေကလည်း သိုးထိန်းအကြောင်း ကောင်းကောင်းသိပြီး သူ့ဦးဆောင်မှုကို ယုံကြည်စိတ်ချတယ်။

၆။ ခင်ပွန်းသည်တွေက သိုးထိန်းကောင်းကို ဘယ်လိုတုပနိုင်သလဲ။

ဦးဆောင်ရာမှာ ခရစ်တော်ကိုတုပလိုတဲ့ ခင်ပွန်းတစ်ဦးက မိမိကိုယ်ကို သိုးထိန်းတစ်ဦးအဖြစ်၊ သူကြည့်ရှုစောင့်ရှောက်ရတဲ့သူတွေကို သိုးတွေအဖြစ် ယူမှတ်ဖို့ သင်ယူရမှာဖြစ်တယ်။ သူ့မိသားစုအကြောင်း ကောင်းကောင်းသိအောင် ကြိုးစားသင့်တယ်။ ခင်ပွန်းတစ်ဦးက ဒီလို တကယ်သိနိုင်ပါ့မလား။ သိနိုင်ပါတယ်။ မိသားစုဝင်အားလုံးနဲ့ ကောင်းစွာ ပြောဆိုဆက်သွယ်မယ်၊ သူတို့စိုးရိမ်ပူပန်တာတွေကို နားထောင်ပေးမယ်၊ မိသားစုလုပ်ဆောင်မှုတွေမှာ ဦးဆောင်မယ်ဆိုရင် သိနိုင်ပါတယ်။ မိသားစုဝတ်ပြုမှု၊ အစည်းအဝေးတက်ရောက်ခြင်း၊ လယ်ကွင်းလုပ်ငန်း၊ အနားယူအပန်းဖြေမှုစတဲ့ ဆုံးဖြတ်ချက်တွေချရာမှာလည်း မိသားစုဝင်တွေရဲ့အခြေအနေကို ထည့်သွင်းသုံးသပ်သင့်တယ်။ ခရစ်ယာန်ခင်ပွန်းတစ်ဦးက သမ္မာကျမ်းစာကို ကောင်းစွာလေ့လာရုံသာမက ပုံသက်သေကောင်းပြဖို့နဲ့ ပညာရှိဆုံးဖြတ်ချက်တွေချဖို့ မိသားစုဝင်တစ်ဦးစီအကြောင်းကိုလည်း ကောင်းကောင်းသိအောင်လုပ်မယ်ဆိုရင် မိသားစုဝင်တွေက သူ့ရဲ့ဦးဆောင်မှုကို ပိုယုံကြည်စိတ်ချမှာဖြစ်တယ်။ အပြန်အလှန်အနေနဲ့ မိသားစုက စစ်မှန်တဲ့ဝတ်ပြုရေးမှာ စည်းလုံးနေတာကို သူတွေ့မြင်ရတဲ့အခါ ကျေနပ်မှုခံစားရမှာဖြစ်တယ်။

၇၊ ၈။ ခင်ပွန်းတစ်ဦးက မိမိကြည့်ရှုစောင့်ရှောက်ရသူတွေကို မေတ္တာပြရာမှာ သိုးထိန်းကောင်းကို ဘယ်လိုတုပနိုင်သလဲ။

သိုးထိန်းကောင်းတစ်ဦးက သူ့သိုးတွေကို ချစ်တယ်။ ယေရှုရဲ့မြေကြီးအသက်တာနဲ့ အမှုဆောင်ခြင်းအကြောင်းဖော်ပြတဲ့ ခရစ်ဝင်ကျမ်းတွေကို လေ့လာတဲ့အခါ တပည့်တွေအပေါ် ယေရှု ပြသခဲ့တဲ့မေတ္တာက ကျွန်ုပ်တို့ကို စိတ်လှုပ်ရှားစေတယ်။ ကိုယ်တော်က ‘သိုးတွေအတွက် အသက်ကိုတောင် စွန့်’ ခဲ့တယ်။ ခင်ပွန်းသည်တွေက မိမိတို့ ကြည့်ရှုစောင့်ရှောက်ရသူတွေကို ချစ်ခြင်းအားဖြင့် ယေရှုကို တုပသင့်တယ်။ ဘုရားသခင့်နှစ်သက်လက်ခံမှုကိုရလိုတဲ့ ခင်ပွန်းသည်က မိမိဇနီးသည်ကို ပိုင်စိုးပိုင်နင်းဆက်ဆံမယ့်အစား “ခရစ်တော်သည် အသင်းတော်ကို ချစ်” သလို မိမိဇနီးကို ဆက်ချစ်နေမှာဖြစ်တယ်။ (ဧ. ၅:၂၅) ဇနီးသည်က ဂုဏ်တင်ခံထိုက်တဲ့အတွက် ခင်ပွန်းသည်က ကြင်ကြင်နာနာနဲ့ ထောက်ထားစာနာစွာ ပြောဆိုသင့်တယ်။—၁ ပေ. ၃:၇

ကလေးတွေကို လေ့ကျင့်ပေးတဲ့အခါ အိမ်ထောင်ဦးစီးက ကျမ်းစာမူတွေကို အခိုင်အမာကိုင်စွဲသင့်တယ်။ ဒါပေမဲ့ ကလေးတွေကို မေတ္တာပြဖို့လည်း မပျက်ကွက်ရဘူး။ လိုအပ်လို့ဆုံးမတဲ့အခါ မေတ္တာနဲ့ ဆုံးမသင့်တယ်။ တချို့ကလေးတွေက မိဘတွေပြောတာကို နားလည်သဘောပေါက်ဖို့ အချိန်ပိုလိုတယ်။ အဲဒီအခါမှာ ဖခင်က ပိုစိတ်ရှည်ဖို့လိုတယ်။ အမျိုးသားတွေက ယေရှုရဲ့ပုံသက်သေကို တစိုက်မတ်မတ်လိုက်လျှောက်မယ်ဆိုရင် သူတို့ရဲ့အိမ်က အေးချမ်းလုံခြုံတဲ့ရိပ်မြုံဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့မိသားစုက ဆာလံဆရာသီဆိုခဲ့တဲ့ လုံခြုံမှုမျိုး ခံစားကြရတယ်။—ဆာလံ ၂၃:၁-၆ ကိုဖတ်ပါ။

၉။ ဘိုးဘေးနောဧလိုပဲ ခရစ်ယာန်အိမ်ထောင်ဦးစီးတွေမှာ ဘာတာဝန်ရှိသလဲ၊ ဒီတာဝန်ကိုထမ်းဆောင်ဖို့ သူတို့ကို ဘာကကူညီပေးသလဲ။

ဘိုးဘေးနောဧက သူ့ခေတ်ကာလရဲ့ နောက်ဆုံးအချိန်မှာ အသက်ရှင်နေထိုင်ခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါက ‘တရားမဲ့နေသောလောကကို ရေလွှမ်းမိုးချိန်က နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်’ ခဲ့တယ်။ (၂ ပေ. ၂:၅) နောဧက သူ့မိသားစု ရေလွှမ်းမိုးဘေးကနေလွတ်မြောက်အောင် ကူညီပေးဖို့ တာဝန်ရခဲ့တယ်။ ခရစ်ယာန်အိမ်ထောင်ဦးစီးတွေက ဒီနောက်ဆုံးသောကာလမှာ အလားတူတာဝန်ရရှိထားကြတယ်။ (မ. ၂၄:၃၇) သူတို့က “သိုးထိန်းကောင်း” ရဲ့ပုံနမူနာကိုလေ့လာပြီး ကိုယ်တော့်ကို ကြိုးစားတုပမှသာ သူတို့ရဲ့မိသားစုတွေကို ကူညီပေးနိုင်မှာဖြစ်တယ်။

ဇနီးသည်တို့ ‘သင်တို့ရဲ့အိမ်ကို တည်ဆောက်ပါ’

၁၀။ ခင်ပွန်းသည်ကို လက်အောက်ခံတယ်ဆိုတာက ဇနီးသည်အတွက် ဘာအဓိပ္ပာယ်ရှိလဲ။

၁၀ “ဇနီးဖြစ်သူတို့၊ သခင်ကိုလက်အောက်ခံသကဲ့သို့ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့” ဆိုပြီး တမန်တော်ပေါလု ရေးခဲ့တယ်။ (ဧ. ၅:၂၂) ဒါက ချိုးနှိမ်တဲ့သဘောနဲ့ပြောတာမဟုတ်ဘူး။ ပထမဆုံးမိန်းမဖြစ်တဲ့ ဧဝကိုမဖန်ဆင်းခင် စစ်မှန်တဲ့ဘုရားသခင်က “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့ဖို့ ငါလုပ်ဦးမည်” လို့ပြောခဲ့တယ်။ (က. ၂:၁၈) အိမ်ထောင်တာဝန်တွေကိုထမ်းဆောင်နေတဲ့ ခင်ပွန်းသည်ကို ထောက်မပေးရတဲ့ ဇနီးသည်တစ်ဦးရဲ့ “အထောက်အမ” တာဝန်က တကယ့်ကိုဂုဏ်ရှိပါတယ်။

၁၁။ ဇနီးကောင်းတစ်ဦးက မိမိရဲ့အိမ်ကို ဘယ်လိုတည်ဆောက်သလဲ။

၁၁ ဇနီးကောင်းက မိမိအိမ်ထောင် ကောင်းကျိုးအတွက်ပဲ လုပ်ဆောင်တယ်။ (သု. ၁၄:၁ ကိုဖတ်ပါ။) ဦးစီးမှုအစီအစဉ်ကို မလေးစားတဲ့ ပညာမဲ့တဲ့မိန်းမနဲ့မတူဘဲ ပညာရှိတဲ့မိန်းမက ဦးစီးမှုအစီအစဉ်ကို အလွန်လေးစားတယ်။ လောကရဲ့စရိုက်လက္ခဏာဖြစ်တဲ့ မနာခံမှုနဲ့ လွတ်လပ်လိုတဲ့သဘောထားကို မတင်ပြဘဲ အိမ်ထောင်ဖက်ကို သူလက်အောက်ခံတယ်။ (ဧ. ၂:၂) မိုက်မဲတဲ့ဇနီးသည်က မိမိခင်ပွန်းအကြောင်း မကောင်းပြောဖို့ ဝန်မလေးပေမဲ့ ပညာရှိတဲ့မိန်းမကတော့ ကလေးတွေနဲ့ တခြားသူတွေ သူ့ခင်ပွန်းကိုပိုလေးစားအောင် လုပ်ဆောင်တယ်။ မြည်တွန်တောက်တီး၊ ပြစ်တင်ဝေဖန်တာက ခင်ပွန်းရဲ့ဦးစီးမှုကို မလေးမစားလုပ်ရာရောက်တဲ့အတွက် အဲဒီလိုမလုပ်မိအောင် သူသတိထားတယ်။ ဒါ့အပြင် သူက အသုံးအစွဲကျစ်လစ်သူလည်းဖြစ်တယ်။ မိုက်မဲတဲ့အမျိုးသမီးက မိသားစုအတွက်ရှာထားတဲ့ ခင်ပွန်းရဲ့ချွေးနှဲစာတွေကို သုံးဖြုန်းတတ်တယ်။ ထောက်မတတ်တဲ့ဇနီးသည်ကတော့ အဲဒီလိုမလုပ်ဘူး။ ငွေရေးကြေးရေးကိစ္စတွေမှာလည်း ခင်ပွန်းသည်နဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ သူက အမြော်အမြင်ရှိပြီး ချွေတာသူဖြစ်ကြောင်း သူ့ရဲ့လုပ်ရပ်တွေကနေ သိနိုင်တယ်။ အချိန်ပိုဆင်းဖို့ သူ့ခင်ပွန်းကို ဖိအားပေးမှာမဟုတ်ဘူး။

၁၂။ မိသားစု “နိုးကြား” လျက်ရှိနေဖို့ ဇနီးသည် ဘာလုပ်နိုင်သလဲ။

၁၂ ခင်ပွန်းသည်က သားသမီးတွေကို ယေဟောဝါအကြောင်းသင်ပေးတဲ့အချိန်မှာ ဇနီးကောင်းတစ်ဦးဟာ ထောက်မပေးခြင်းအားဖြင့် မိသားစုကို “နိုးကြား” လျက်နေဖို့ ကူညီပေးတယ်။ (သု. ၁:၈) သူက မိသားစုဝတ်ပြုမှုအစီအစဉ်ကို တက်တက်ကြွကြွထောက်မပေးတဲ့အပြင် ခင်ပွန်းသည်က ကလေးတွေကို ပဲ့ပြင်ဆုံးမတဲ့အခါမှာလည်း ပူးပေါင်းလုပ်ဆောင်တယ်။ ကလေးတွေရဲ့ ကာယရေးကိုရော ဘုရားသခင်နဲ့ဆက်ဆံရေးကိုပါ ထိခိုက်ပျက်စီးစေတဲ့ တာဝန်မဲ့တဲ့ဇနီးနဲ့ အလွန်ကွာခြားပါတယ်။

၁၃။ အသင်းတော်နဲ့အဖွဲ့အစည်းမှာ ခင်ပွန်းသည် အလုပ်များနေတဲ့အခါ ဇနီးသည်က ဘာကြောင့် ထောက်မပေးဖို့ အရေးကြီးသလဲ။

၁၃ ထောက်မတတ်တဲ့ဇနီးသည်က မိမိရဲ့ခင်ပွန်း ခရစ်ယာန်အသင်းတော်မှာ အလုပ်များနေတာကိုတွေ့ရတဲ့အခါ ဘယ်လိုခံစားရသလဲ။ သူ ဝမ်းသာမှာဖြစ်တယ်။ ခင်ပွန်းက ခရစ်ယာန်ဓမ္မအမှုထမ်းဖြစ်စေ၊ အကြီးအကဲဖြစ်စေ၊ ဆေးရုံဆက်သွယ်ရေးကော်မတီဝင် ဒါမှမဟုတ် ဆောက်လုပ်ရေးကော်မတီဝင်တစ်ဦးဖြစ်စေ ဒီအခွင့်အရေးအတွက် သူဝမ်းသာမှာဖြစ်တယ်။ သူ့ခင်ပွန်းကို အပြောနဲ့ရောအလုပ်နဲ့ပါ ထောက်မပေးရာမှာ သူ့ဘက်ကနေ ကိုယ်ကျိုးစွန့်ရမှာ သေချာတယ်။ ဒါပေမဲ့ အသင်းတော်နဲ့အဖွဲ့အစည်းမှာ ခင်ပွန်းသည် အလုပ်များနေခြင်းက မိသားစုတစ်ခုလုံးနိုးကြားနေဖို့ အထောက်အကူပြုတယ်ဆိုတာ သူသိတယ်။

၁၄။ (က) ထောက်မတတ်တဲ့ဇနီးသည်အတွက် ဘယ်အချိန်က စိန်ခေါ်ချက်ဖြစ်နိုင်သလဲ၊ အဲဒါကို သူဘယ်လိုဖြေရှင်းနိုင်သလဲ။ (ခ) မိသားစုတစ်စုလုံးအကျိုးခံစားရစေဖို့ ဇနီးတစ်ဦး ဘယ်လိုလုပ်ဆောင်သလဲ။

၁၄ ခင်ပွန်းရဲ့ဆုံးဖြတ်ချက်ကို ဇနီးသည် သဘောမတူတဲ့အခါမှာ ထောက်မပေးတတ်တဲ့ဇနီးကောင်းတစ်ဦးဖြစ်ဖို့ဆိုတာ စိန်ခေါ်ချက်ဖြစ်နိုင်တယ်။ အဲဒီအချိန်မှာတောင် သူက “နူးညံ့ငြိမ်သက်ခြင်းသဘော တင်ပြ” ပြီး ခင်ပွန်းရဲ့ဆုံးဖြတ်ချက် အောင်မြင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်တယ်။ (၁ ပေ. ၃:၄) ဇနီးကောင်းတစ်ဦးက ဘုရားသခင်ကိုကြောက်ရွံ့တဲ့ ရှေးခေတ်ကအမျိုးသမီးတွေဖြစ်တဲ့ စာရာ၊ ရုသ၊ အဘိဂဲလ၊ ယေရှုရဲ့မိခင်မာရိ တို့ရဲ့ပုံသက်သေကောင်းတွေကို ကြိုးစားတုပတယ်။ (၁ ပေ. ၃:၅၊ ၆) သူက မျက်မှောက်ခေတ် “ကြည်ညိုလေးစားထိုက်သောအပြုအမူရှိသူ” အသက်ကြီးတဲ့အမျိုးသမီးတွေကိုလည်း တုပတယ်။ (တိ. ၂:၃၊ ၄) ခင်ပွန်းကိုချစ်ပြီး လေးစားခြင်းအားဖြင့် ဇနီးကောင်းတစ်ဦးက အိမ်ထောင်ကိုအောင်မြင်စေပြီး မိသားစုတစ်စုလုံးကို အကျိုးခံစားရစေတယ်။ သူ့ရဲ့အိမ်ဂေဟာက အေးချမ်းလုံခြုံတဲ့နေရာတစ်ခုဖြစ်တယ်။ ယေဟောဝါကိုချစ်ပြီး ကိုယ်တော့်အမှုကိုကြိုးစားလုပ်ဆောင်နေတဲ့ အမျိုးသားတစ်ဦးအတွက် ထောက်မတတ်တဲ့ဇနီးသည်က အဖိုးတန်ရတနာပါပဲ။—သု. ၁၂:၄

လူငယ်တို့ “မမြင်ရသောအရာများကို ကြည့်မှတ်” ပါ

၁၅။ မိသားစုတစ်စုလုံး နိုးကြားနေဖို့ လူငယ်တွေ မိဘတွေနဲ့အတူ ဘယ်လိုပူးပေါင်းလုပ်ဆောင်နိုင်သလဲ။

၁၅ အသင်လူငယ်တို့ သင်တို့ရဲ့မိသားစု “နိုးကြား” နေဖို့ မိဘတွေနဲ့ ဘယ်လိုပူးပေါင်းလုပ်ဆောင်နိုင်သလဲ။ ယေဟောဝါပေးမယ့်ဆုကို စဉ်းစားကြည့်ပါ။ သင်တို့ကလေးဘဝတုန်းက မိဘတွေက ပရဒိသုရုပ်ပုံတွေကို ပြခဲ့မှာပဲ။ တဖြည်းဖြည်းကြီးလာတဲ့အခါ ကမ္ဘာသစ်မှာရရှိမယ့်ထာဝရအသက်က ဘယ်လိုမျိုးလဲဆိုတာသိနိုင်ဖို့ သမ္မာကျမ်းစာနဲ့ ခရစ်ယာန်စာပေတွေကိုသုံးပြီး သင်ပေးမှာဖြစ်တယ်။ အခု ယေဟောဝါကိုအမှုဆောင်ခြင်းအပေါ် အာရုံစိုက်ပြီး သင့်အသက်တာကို အဲဒီအတွက်အသုံးပြုခြင်းက “နိုးကြား” နေဖို့ အထောက်အကူပြုပါလိမ့်မယ်။

၁၆၊ ၁၇။ အသက်ပြေးပွဲကို အောင်မြင်စွာပြေးနိုင်ဖို့ လူငယ်တွေ ဘာလုပ်နိုင်သလဲ။

၁၆ ၁ ကောရိန္သု ၉:၂၄ (ဖတ်ပါ။) မှာပါတဲ့ တမန်တော်ပေါလုရဲ့စကားတွေကို နှလုံးသွင်းပါ။ တမန်တော်ပေါလုက ယေဟောဝါကို အမှုဆောင်ခြင်းကို ပြေးပွဲတစ်ခုနဲ့နှိုင်းယှဉ်ပြီး ထာဝရအသက်ကိုတော့ ဆုနဲ့နှိုင်းယှဉ်ခဲ့တယ်။ ဒါကြောင့် အသက်ပြေးပွဲမှာ နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်အပြည့်နဲ့ ပြေးပါ။ ထာဝရအသက်ဆုရစေတဲ့ လမ်းစဉ်ကိုလိုက်လျှောက်ဖို့ ရွေးချယ်ပါ။ လူများစွာက ရုပ်ပစ္စည်းလိုက်စားခြင်းအားဖြင့် အာရုံပျံ့လွင့်ခဲ့တာကြောင့် ဆုကိုမျက်ခြည်ပြတ်ခဲ့ကြတယ်။ တကယ့်ကို ပညာမဲ့တဲ့လမ်းစဉ်ပါပဲ။ ချမ်းသာကြွယ်ဝဖို့ကြိုးစားခြင်းက စစ်မှန်တဲ့ပျော်ရွှင်မှုကို မပေးနိုင်ဘူး။ ငွေနဲ့ဝယ်လို့ရတဲ့အရာတွေက ခဏပဲခံတယ်။ ဒါကြောင့် “မမြင်ရသောအရာများ” ကို ကြည့်မှတ်နေပါ။ အကြောင်းကတော့ “မမြင်ရသောအရာများမူကား ထာဝစဉ်တည်” တယ်။—၂ ကော. ၄:၁၈

၁၇ “မမြင်ရသောအရာများ” ထဲမှာ ဘုရားသခင့်နိုင်ငံတော်ကြောင့် ခံစားရမယ့်ကောင်းချီးတွေပါတယ်။ ဒီကောင်းချီးတွေရရှိစေမယ့် ဘဝလမ်းစဉ်အတိုင်း အသက်ရှင်ဖို့ လုပ်ဆောင်ပါ။ သင့်ဘဝမှာ ယေဟောဝါကို အမှုဆောင်မှသာ စစ်မှန်တဲ့ပျော်ရွှင်မှုရရှိမှာဖြစ်တယ်။ စစ်မှန်တဲ့ဘုရားသခင်ကိုအမှုဆောင်ခြင်းက ရေတိုပန်းတိုင်ကိုရော၊ ရေရှည်ပန်းတိုင်တွေကိုပါ ပြည့်မီဖို့ အခွင့်အရေးရစေတယ်။ * လက်တွေ့ကျပန်းတိုင်တွေချခြင်းက ထာဝရအသက်ရစေတဲ့ ဘုရားသခင့်အမှုဆောင်ခြင်းမှာ ဆက်အာရုံစိုက်နေဖို့ ထောက်ကူပေးပါတယ်။—၁ ယော. ၂:၁၇

၁၈၊ ၁၉။ ဘုရားသခင်နဲ့နှစ်ကိုယ်ကြားဆက်ဆံရေးရှိဖို့ လူငယ်တစ်ဦး ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

၁၈ လူငယ်တို့၊ အသက်လမ်းပေါ်ရောက်စေတဲ့ ဦးဆုံးခြေလှမ်းက ယေဟောဝါနဲ့ သင့်ရဲ့နှစ်ကိုယ်ကြားဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်းဖြစ်တယ်။ ဒီခြေလှမ်းကို သင်လှမ်းပြီးပြီလား။ သင့်ကိုသင် ဒီလိုမေးပါ– ‘ငါက ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိသူလား၊ ဒါမှမဟုတ် မိဘတွေတိုက်တွန်းလို့ ဝတ်ပြုရေးနဲ့သက်ဆိုင်တဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်နေတာလား။ ဘုရားသခင်နှစ်သက်တဲ့အရည်အသွေးတွေ ရှိလာအောင် ငါလုပ်ဆောင်နေသလား။ စစ်မှန်တဲ့ဝတ်ပြုရေးနဲ့သက်ဆိုင်တဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့ မှန်မှန် ဆုတောင်းခြင်း၊ လေ့လာခြင်း၊ အစည်းအဝေးတွေတက်ရောက်ခြင်းနဲ့ လယ်ကွင်းလုပ်ငန်းမှာ ပုံမှန်ပါဝင်ဖို့ ကြိုးစားနေသလား။ ဘုရားသခင်နဲ့ ရင်းနှီးတဲ့နှစ်ကိုယ်ကြားဆက်ဆံရေးရှိအောင် ပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်ထံချဉ်းကပ်နေသလား။’—ယာ. ၄:၈

၁၉ မောရှေအကြောင်း သုံးသပ်ကြည့်ပါ။ တိုင်းတစ်ပါးယဉ်ကျေးမှုအောက်ရောက်နေပေမဲ့ ဖာရောသမီးရဲ့သားတော်ဖြစ်ဖို့ထက် ယေဟောဝါကိုဝတ်ပြုသူတစ်ဦးဖြစ်ဖို့ သူရွေးချယ်ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၄-၂၇ ကိုဖတ်ပါ။) ခရစ်ယာန်လူငယ်တွေလည်း ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုကိုးကွယ်ဖို့ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လက်ရှိအချိန်မှာလည်း စစ်မှန်တဲ့ပျော်ရွှင်မှု၊ အကောင်းဆုံးအသက်တာရရှိရုံသာမက “မှန်သောအသက်ကို ခိုင်မြဲစွာကိုင်စွဲထား” နိုင်ပါလိမ့်မယ်။—၁ တိ. ၆:၁၉

၂၀။ အသက်ပြေးပွဲမှာ ဘယ်သူ ဆုရမလဲ။

၂၀ ရှေးခေတ်အပြေးပြိုင်ပွဲတွေမှာ အပြေးသမားတစ်ယောက်ပဲ ဆုရတယ်။ ဒါပေမဲ့ အသက်ပြေးပွဲမှာတော့ အဲဒီလိုမဟုတ်ဘူး။ ဘုရားသခင့်အလိုတော်က “လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာရန်” ဖြစ်တယ်။ (၁ တိ. ၂:၃၊ ၄) သင့်ရှေ့မှာ အောင်မြင်စွာပြေးခဲ့သူများစွာရှိသလို သင်နဲ့အတူ ပြေးနေသူတွေလည်း ရှိပါတယ်။ (ဟေဗြဲ ၁၂:၁၊ ၂) လက်မလျှော့ဘဲ ပြေးသူတိုင်း ဆုရကြမှာဖြစ်တယ်။ ဒါကြောင့် ဆုရရှိဖို့ စိတ်ပိုင်းဖြတ်ထားပါ။

၂၁။ နောက်ဆောင်းပါးမှာ ဘာအကြောင်းဆွေးနွေးကြမလဲ။

၂၁ ‘ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီး’ က ဧကန်မုချရောက်လာမှာဖြစ်တယ်။ (မာလ. ၄:၅) ခရစ်ယာန်မိသားစုတွေက အသင့်မဖြစ်လို့ အဲဒီနေ့မှာအုပ်မိခံရတာမျိုး မဖြစ်သင့်ဘူး။ မိသားစုဝင်အားလုံးက မိမိတို့နဲ့သက်ဆိုင်တဲ့ကျမ်းပေးတာဝန်တွေကို ထမ်းဆောင်နေဖို့ အရေးကြီးတယ်။ နိုးကြားနေဖို့နဲ့ ယေဟောဝါနဲ့ သင်တို့ရဲ့ဆက်ဆံရေးခိုင်မြဲနေဖို့ နောက်ထပ် ဘာများလုပ်ဆောင်နိုင်သေးသလဲ။ နောက်ဆောင်းပါးမှာ မိသားစုတစ်စုလုံး အကျိုးခံစားရစေနိုင်တဲ့ အချက်သုံးချက်ကို ဆွေးနွေးမှာဖြစ်တယ်။

[အောက်ခြေမှတ်ချက်]

သင် ဘာတွေသင်ယူခဲ့ပြီလဲ

• ခရစ်ယာန်မိသားစုတွေ “နိုးကြား” နေဖို့ ဘာကြောင့် အရေးကြီးသလဲ။

• ခင်ပွန်းတစ်ဦးက သိုးထိန်းကောင်းကို ဘယ်လိုတုပနိုင်သလဲ။

• ဇနီးကောင်းတစ်ဦးက ခင်ပွန်းကို ဘယ်လိုထောက်မနိုင်သလဲ။

• လူငယ်တွေက မိသားစုနိုးကြားနေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ယေဟောဝါကိုချစ်ပြီး ကိုယ်တော့်အမှုကိုကြိုးစားလုပ်ဆောင်နေတဲ့ အမျိုးသားတစ်ဦးအတွက် ထောက်မတတ်တဲ့ဇနီးသည်က အဖိုးတန်ရတနာဖြစ်