မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်မိသားစုများ “အသင့်ရှိနေကြ” ပါ

ခရစ်ယာန်မိသားစုများ “အသင့်ရှိနေကြ” ပါ

ခရစ်ယာန်မိသားစုများ “အသင့်ရှိနေကြ” ပါ

“အသင့်ရှိနေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။”—လု. ၁၂:၄၀

၁၊ ၂။ “အသင့်ရှိနေကြလော့” ဆိုတဲ့ ယေရှုရဲ့သတိပေးချက်ကို ကျွန်ုပ်တို့ ဘာကြောင့် နှလုံးသွင်းသင့်သလဲ။

‘လူသားသည် တန်ခိုးတော်ကိုဆောင်လျက် ကြွလာတော်မူ’ ပြီး “လူတို့ကိုခွဲခြား” တဲ့အခါ သင်နဲ့ သင့်မိသားစု ဘယ်လိုအခြေအနေရှိမလဲ။ (မ. ၂၅:၃၁၊ ၃၂) ဒီအဖြစ်အပျက်က ကျွန်ုပ်တို့ မထင်မမှတ်တဲ့အချိန်နာရီမှာ ရောက်လာမှာဖြစ်လို့ “အသင့်ရှိနေကြလော့” ဆိုတဲ့ ယေရှုရဲ့သတိပေးချက်ကို နှလုံးသွင်းဖို့ အလွန်အရေးကြီးပါတယ်။—လု. ၁၂:၄၀

ပြီးခဲ့တဲ့ဆောင်းပါးမှာ မိသားစုတစ်စုလုံး နိုးနိုးကြားကြားရှိနေဖို့ မိသားစုတစ်ဦးစီက မိမိတို့နဲ့သက်ဆိုင်တဲ့ ကျမ်းပေးတာဝန်ကို ဘယ်လို အလေးအနက်လုပ်ဆောင်ရမယ်ဆိုတာ ဆွေးနွေးသုံးသပ်ခဲ့ကြတယ်။ ကျွန်ုပ်တို့မိသားစုကောင်းကျိုးအတွက် လုပ်နိုင်တဲ့ တခြားနည်းလမ်းတွေကို ဆက်ဆွေးနွေးကြစို့။

သင့်မျက်စိကို “ရိုးရှင်း” စေပါ

၃၊ ၄။ (က) ခရစ်ယာန်မိသားစုတွေက ဘာကိုတွန်းလှန်ဖို့လိုသလဲ။ (ခ) ကျွန်ုပ်တို့ရဲ့မျက်စိကို “ရိုးရှင်း” စွာထားခြင်းဆိုတာ ဘာကို ဆိုလိုသလဲ။

ခရစ်တော်ကြွလာတဲ့အခါ အသင့်ရှိနေကြဖို့ မိသားစုတွေက စစ်မှန်တဲ့ဝတ်ပြုရေးနဲ့သက်ဆိုင်တဲ့ လုပ်ဆောင်မှုတွေကနေ အာရုံလွဲမသွားဖို့ သတိပြုရမယ်။ စိတ်ပျံ့လွင့်စရာတွေကို သတိရှိရှိ တွန်းလှန်ဖို့လိုတယ်။ မိသားစုများစွာက ရုပ်ပစ္စည်းလိုက်စားခြင်းထောင်ချောက်ထဲ ကျရောက်ခဲ့ကြတဲ့အတွက် ကျွန်ုပ်တို့ရဲ့မျက်စိကို ရိုးရှင်းစေခြင်းအကြောင်း ယေရှုမိန့်ဆိုခဲ့ရာကို သုံးသပ်ကြည့်ပါ။ (မဿဲ ၆:၂၂၊ ၂၃ ကိုဖတ်ပါ။) မီးခွက်က ကျွန်ုပ်တို့ရဲ့လမ်းကို အလင်းပေးပြီး ခလုတ်တိုက်မလဲအောင် ကူညီပေးနိုင်သလို ကျွန်ုပ်တို့ရဲ့ ပုံဆောင် “ဉာဏ်မျက်စိ” က ကျွန်ုပ်တို့ကို အလင်းပေးပြီး အပြစ်မပြုမိအောင်ကူညီပေးနိုင်တယ်။—ဧ. ၁:၁၈

ပကတိမျက်စိ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့အတွက် အမြင်အာရုံကောင်းနေဖို့နဲ့ ကိုယ်ကြည့်နေတဲ့အရာတစ်ခုကိုပဲ အာရုံစူးစိုက်ထားဖို့လိုတယ်။ အလားတူပဲ ရိုးရှင်းတဲ့ ပုံဆောင်မျက်စိရှိခြင်းဆိုတာက ရည်ရွယ်ချက်တစ်ခုတည်းကိုပဲ အာရုံစိုက်ခြင်းဖြစ်တယ်။ ရုပ်ပစ္စည်းကိုအဓိကအာရုံစိုက်ပြီး မိသားစုရဲ့ရုပ်ပိုင်းလိုအပ်ရာတွေအတွက် အလွန်အမင်းစိုးရိမ်မယ့်အစား ကျွန်ုပ်တို့က ဝတ်ပြုရေးနဲ့ဆိုင်တဲ့အရာတွေကို အဓိကအာရုံစိုက်တယ်။ (မ. ၆:၃၃) ဒါက ကျွန်ုပ်တို့မှာရှိသမျှနဲ့ရောင့်ရဲပြီး ဘဝမှာ ဘုရားသခင့်အမှုဆောင်ခြင်းကို ပထမနေရာမှာထားခြင်းကို ဆိုလိုတယ်။—ဟေဗြဲ ၁၃:၅

၅။ မိမိရဲ့ “မျက်စိ” က ဘုရားသခင့်အမှုဆောင်ဖို့ကိုပဲ အာရုံစူးစိုက်ထားကြောင်း ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ဘယ်လိုတင်ပြခဲ့သလဲ။

ရိုးရှင်းတဲ့မျက်စိရှိဖို့ ကလေးတွေကို သင်ပေးခြင်းက တကယ်အကျိုးရှိတယ်။ အီသီယိုးပီးယားနိုင်ငံက ဆယ်ကျော်သက်မိန်းကလေးတစ်ဦးရဲ့ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ သူက ကျောင်းမှာစာတော်ပြီး အခြေခံပညာ ပြီးဆုံးသွားတဲ့အခါ ထပ်ဆင့်ပညာဆည်းပူးဖို့ ပညာသင်ဆုကမ်းလှမ်းခံရတယ်။ ဒါပေမဲ့ သူ့မျက်စိက ယေဟောဝါရဲ့အမှုဆောင်ဖို့ကိုပဲ အာရုံစိုက်လို့ ပညာသင်ဆုကို ငြင်းပယ်လိုက်တယ်။ အဲဒီနောက် သိပ်မကြာခင်မှာ တစ်လကို အမေရိကန်ဒေါ်လာ ၄,၂၀၀ ရတဲ့အလုပ်တစ်ခု ကမ်းလှမ်းခံရပြန်တယ်။ ဒီလစာက အဲဒီနိုင်ငံရဲ့ ပျမ်းမျှလစာထက် အတော်အတန်များတဲ့ ပမာဏဖြစ်တယ်။ ဒီမိန်းကလေးရဲ့ “မျက်စိ” က ရှေ့ဆောင်လုပ်ငန်းကိုပဲ အာရုံစူးစိုက်ထားလို့ မိဘတွေကို တိုင်ပင်စရာမလိုဘဲ အလုပ်ကို ငြင်းလိုက်တယ်။ သမီးရဲ့လုပ်ရပ်ကို မိဘတွေသိတဲ့အခါ ဘယ်လိုခံစားရသလဲ။ သူတို့အရမ်းဝမ်းသာပြီး သမီးအတွက် အရမ်းဂုဏ်ယူတဲ့အကြောင်း သူ့ကို ပြောပြခဲ့တယ်။

၆၊ ၇။ ဘယ်အန္တရာယ်ကို ကျွန်ုပ်တို့ သတိထားကြဉ်ရှောင်သင့်သလဲ။

မဿဲ ၆:၂၂၊ ၂၃ မှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့စကားက လောဘကြီးခြင်းအကြောင်း သတိပေးတဲ့ အဓိပ္ပာယ်သက်ရောက်တယ်။ ဒီကျမ်းချက်မှာ “ရိုးရှင်း” နဲ့ “ဆိုးညစ်” ဆိုတဲ့စကားလုံးတွေကို သုံးထားတယ်။ ‘ဆိုးညစ်’ လို့ပြန်ဆိုတဲ့ ဂရိစကားလုံးက လောဘကြီးခြင်း ဒါမှမဟုတ် တပ်မက်ခြင်းကို ဆိုလိုတယ်။ တပ်မက်ခြင်း ဒါမှမဟုတ် လောဘကြီးခြင်းကို ယေဟောဝါ ဘယ်လိုယူမှတ်သလဲ။ “မတရားမေထုန်ပြုခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်း [တပ်မက်ခြင်း] အမှုတို့ကို အချင်းချင်း ပြောဆိုခြင်းပင် မပြုကြနှင့်” လို့ ကျမ်းစာမှာဖော်ပြထားတယ်။—ဧ. ၅:၃

တခြားသူတွေရဲ့လောဘကို အလွယ်တကူသိမြင်နိုင်ပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့လောဘကိုတော့ လွယ်လွယ်နဲ့မသိမြင်နိုင်ဘူး။ ဒါကြောင့် “သင်တို့သည် ခပ်သိမ်းသောတပ်မက်မှုကို သတိထားလျက် ကြဉ်ရှောင်ကြလော့” ဆိုတဲ့ ယေရှုရဲ့အကြံပေးချက်ကို လိုက်နာခြင်းက ပညာရှိရာကျပါတယ်။ (လု. ၁၂:၁၅) ဒီလိုလုပ်ဖို့ ကျွန်ုပ်တို့နှလုံးထဲမှာ ဘာတွေရှိနေတယ်ဆိုတာ စစ်ဆေးဖို့လိုတယ်။ ခရစ်ယာန်မိသားစုတွေက ဖျော်ဖြေရေး၊ အပန်းဖြေမှုနဲ့ ရုပ်ပစ္စည်းပိုင်ဆိုင်ဖို့အတွက် သူတို့သုံးတဲ့အချိန်နဲ့ငွေကို သေချာပြန်တွက်ချက်သင့်တယ်။

၈။ ပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင် ပိုင်းခြားသိမြင်မှုကို ဘယ်လိုအသုံးပြုနိုင်သလဲ။

ပစ္စည်းတစ်ခုကို မဝယ်ခင်မှာ ဒီပစ္စည်းဝယ်ဖို့ ငွေလောက်၊ မလောက် ဆိုတာထက်မက စဉ်းစားဖို့လိုတယ်။ ‘ဒီပစ္စည်းကို မှန်မှန်သုံးဖို့နဲ့ ပြုပြင်ထိန်းသိမ်းဖို့ ငါ့မှာအချိန်ရှိသလား။ ဒါကို ကောင်းကောင်းသုံးတတ်ဖို့ ဘယ်လောက်ကြာကြာ သင်ယူရမလဲ’ စတဲ့အချက်တွေကို ထည့်စဉ်းစားခြင်းပါဝင်တယ်။ လူငယ်တို့၊ လောကကြော်ငြာတွေကို အပြည့်အဝမယုံပါနဲ့။ အဝတ်အစားနဲ့ တခြားပစ္စည်းတွေက ခေတ်စားတဲ့နာမည်ကြီးတံဆိပ်ဖြစ်ပြီး ဈေးကြီးတာကလွဲလို့ မရှိမဖြစ်လိုအပ်တဲ့အရာတွေ မဟုတ်ဘူး။ ချုပ်တည်းပါ။ မိသားစုဝင်တွေအနေနဲ့ မိမိတို့လိုချင်တဲ့ပစ္စည်းကိုဝယ်လိုက်ခြင်းက လူသားကြွလာတဲ့အခါ မိသားစုအသင့်ရှိနေဖို့ အထောက်အကူပြုမလားဆိုတာ စဉ်းစားဖို့လိုတယ်။ “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား” ဆိုတဲ့ ယေဟောဝါရဲ့ကတိတော်ကို ယုံကြည်ပါ။—ဟေဗြဲ ၁၃:၅

ဝတ်ပြုရေးနဲ့ဆိုင်တဲ့ပန်းတိုင်တွေချပြီး မီအောင်လိုက်ပါ

၉။ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ပန်းတိုင်တွေချပြီး မီအောင်လိုက်ခြင်းက မိသားစုကို ဘယ်လိုအထောက်အကူပြုသလဲ။

မိသားစုဝင်တွေ ယုံကြည်ခြင်းခိုင်မြဲဖို့နဲ့ မိသားစုတစ်စုလုံးအကျိုးခံစားရစေဖို့ အထောက်အကူပြုတဲ့ နောက်နည်းတစ်နည်းက ဝတ်ပြုရေးနဲ့ဆိုင်တဲ့ပန်းတိုင်တွေချပြီး မီအောင်လိုက်ခြင်းဖြစ်တယ်။ ဒီလိုလုပ်ခြင်းက ယေဟောဝါရဲ့အမှုတော်မှာ သူတို့ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာ သိမြင်ဖို့နဲ့ သူတို့ရဲ့ဘဝမှာ ဘယ်လုပ်ဆောင်မှုတွေက အရေးအကြီးဆုံးဖြစ်သင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့ အထောက်အကူပေးတယ်။—ဖိလိပ္ပိ ၁:၁၀ ကိုဖတ်ပါ။

၁၀၊ ၁၁။ သင့်မိသားစုက ဘယ်ပန်းတိုင်တွေကိုလိုက်မီဖို့ ကြိုးစားနေသလဲ၊ အနာဂတ်အတွက် ဘယ်ပန်းတိုင်တွေကို ချမှတ်လိုသလဲ။

၁၀ မိသားစုဝင်အားလုံးနီးပါး လိုက်မီနိုင်တဲ့ လက်တွေ့ကျပန်းတိုင်လေးတွေကိုချခြင်းက ကြီးမားတဲ့အကျိုးကျေးဇူးတွေ ခံစားရစေတယ်။ ဥပမာ၊ နေ့တိုင်း နေ့စဉ်ကျမ်းချက်ဆွေးနွေးတာကို သုံးသပ်ကြည့်ပါ။ မိသားစုဝင်တွေပေးတဲ့ မှတ်ချက်တွေကနေ အိမ်ထောင်ဦးစီးက သူတို့တွေ အမှန်တရားနဲ့ ယေဟောဝါကို ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာ သိရတယ်။ မိသားစုလိုက် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ဖို့ပန်းတိုင်ထားခြင်းက ကလေးတွေရဲ့ စာဖတ်စွမ်းရည်ကို တိုးတက်စေရုံမက ကျမ်းစာသတင်းစကားအကြောင်း နားလည်စေတယ်။ (ဆာ. ၁:၁၊ ၂) ဒါ့အပြင် ဆုတောင်းချက်အရည်အသွေးတွေ တိုးတက်အောင်လုပ်ဖို့ ပန်းတိုင်ထားလိုစိတ် ရှိသင့်တယ်မဟုတ်လား။ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကို ပိုတိုးတက်အောင် ကြိုးစားခြင်းကလည်း ချမှတ်သင့်တဲ့ပန်းတိုင်တစ်ခုဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒါမှမဟုတ် ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်ုပ်တို့ဆုံတွေ့ရတဲ့သူတွေကို စာနာထောက်ထားမှုတင်ပြနိုင်တဲ့ နည်းလမ်းတွေ ရှာနိုင်မလား။ မိသားစုလိုက် ဒီလိုလုပ်ဆောင်ဖို့ ကြိုးစားမယ်ဆိုရင် ကလေးတွေက ပိုထောက်ထားစာနာတတ်လာပြီး မှန်မှန်ရှေ့ဆောင်၊ ခရစ်ယာန်သာသနာပြုဖြစ်လိုတဲ့ဆန္ဒ ပေါ်လာနိုင်တယ်။

၁၁ သင်နဲ့ သင့်မိသားစု လိုက်မီနိုင်တဲ့ပန်းတိုင်တချို့ကို သုံးသပ်ကြည့်ပါ။ မိသားစုလိုက် ခရစ်ယာန်ဓမ္မအမှုမှာ အချိန်ပိုပါဝင်ဖို့ ပန်းတိုင်ချနိုင်မလား။ တယ်လီဖုန်းနဲ့သက်သေခံရမှာ၊ လမ်းပေါ်နဲ့ စီးပွားရေးရပ်ကွက်တွေမှာ သက်သေခံရမှာ ကြောက်ရွံ့တဲ့စိတ်ကို အနိုင်ယူဖို့ လုပ်ဆောင်နိုင်မလား။ ဟောပြောသူတွေ ပိုလိုအပ်တဲ့ဒေသတွေမှာ သွားရောက်အမှုဆောင်နိုင်မလား။ ဘာသာခြားစကားပြောသူတွေကို သတင်းကောင်းဟောဖို့ မိသားစုဝင်တစ်ဦးက ဘာသာခြားစကား သင်ယူနိုင်မလား။

၁၂။ အိမ်ထောင်ဦးစီးတွေက မိသားစုဝင်တွေကို ဘယ်လိုကူညီပေးနိုင်သလဲ။

၁၂ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ သင့်မိသားစု ယုံကြည်ခြင်းမှာ တိုးတက်ရမယ့်ကဏ္ဍတွေကို သိအောင်လုပ်ပါ။ အဲဒီနောက် ပြည့်မီနိုင်တဲ့ သတ်သတ်မှတ်မှတ်ပန်းတိုင်တွေချပါ။ မိသားစုအတွက် သင်ချမှတ်တဲ့ပန်းတိုင်တွေက လက်တွေ့ကျပြီး သင်တို့အခြေအနေ၊ အစွမ်းအစနဲ့ လိုက်မီနိုင်တဲ့ ပန်းတိုင်တွေဖြစ်သင့်တယ်။ (သု. ၁၃:၁၂) အကျိုးပြုတဲ့ပန်းတိုင်တစ်ခုကိုပြည့်မီဖို့ အချိန်လိုတယ်။ ဒါကြောင့် ရုပ်မြင်သံကြားကြည့်တဲ့အချိန်ကိုလျှော့ပြီး ပန်းတိုင်တွေပြည့်မီအောင်လုပ်ဆောင်ရာမှာ အချိန်ပိုအသုံးပြုပါ။ (ဧ. ၅:၁၅၊ ၁၆) မိသားစုအတွက် သင်ချမှတ်ထားတဲ့ပန်းတိုင်ကို ပြည့်မီဖို့ ကြိုးစားလုပ်ဆောင်ပါ။ (ဂလ. ၆:၉) ဝတ်ပြုရေးနဲ့ဆိုင်တဲ့ပန်းတိုင်တွေကို ပြည့်မီအောင်ကြိုးစားနေတဲ့မိသားစုတွေရဲ့ တိုးတက်မှုက ‘လူအပေါင်းတို့ရှေ့မှာ ထင်ရှား’ ပါလိမ့်မယ်။—၁ တိ. ၄:၁၅

မိသားစုဝတ်ပြုမှု မှန်မှန်လုပ်ပါ

၁၃။ အသင်းတော်ပတ်စဉ်အစည်းအဝေးတွေမှာ ဘယ်ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သလဲ၊ မိမိကိုယ်ကို ဘယ်မေးခွန်းတွေ မေးသင့်သလဲ။

၁၃ လူသားကြွလာတဲ့အခါ မိသားစုတွေ “အသင့်ရှိနေကြ” ဖို့ အလွန်အထောက်အကူပြုတဲ့ အရာတစ်ခုက ဇန်နဝါရီ ၁၊ ၂၀၀၉ ကစပြီး ပြောင်းလဲလိုက်တဲ့ ပတ်စဉ်အစည်းအဝေး အစီအစဉ်ဖြစ်တယ်။ အသင်းတော်စာအုပ်ကြီးသင်တန်းလို့ခေါ်တဲ့အစည်းအဝေးကို သီးခြားရက်တစ်ရက်မှာ မကျင်းပတော့ဘဲ သီအိုကရက်တစ်ကျောင်း၊ လုပ်ငန်းတော်အစည်းအဝေးတို့နဲ့ ပေါင်းလုပ်လိုက်တယ်။ ဒီပြုပြင်ပြောင်းလဲမှုကြောင့် ခရစ်ယာန်မိသားစုတွေက အပတ်စဉ် မိသားစုဝတ်ပြုမှုလုပ်ဖို့ ညနေခင်းတစ်ခုကိုသတ်မှတ်ပြီး မိသားစုရဲ့ယုံကြည်ခြင်း ခိုင်ခံ့အောင်လုပ်ဖို့ အခွင့်အရေးရစေတယ်။ ဒီလိုပြောင်းလဲလိုက်တာ အချိန်အတော်အတန်ကြာခဲ့ပြီဖြစ်လို့ မိမိကိုယ်ကို ဒီလိုမေးနိုင်တယ်– ‘ဒီအချိန်ကို မိသားစုဝတ်ပြုမှု ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုအတွက် ငါအသုံးပြုသလား။ ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်နဲ့အညီ ငါလုပ်ဆောင်နေသလား။’

၁၄။ (က) မိသားစုဝတ်ပြုမှုညချမ်းနဲ့ ကိုယ်ပိုင်လေ့လာမှုကို ပုံမှန်ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။ (ခ) လေ့လာမှုပြုလုပ်ဖို့ ညနေခင်းတစ်ခုကို သတ်မှတ်ထားခြင်းက ဘာကြောင့် အရေးကြီးသလဲ။

၁၄ မိသားစုဝတ်ပြုမှုညချမ်းနဲ့ ကိုယ်ပိုင်လေ့လာမှုကို ပုံမှန်ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ဘုရားသခင်နဲ့ပိုရင်းနှီးလာဖို့ ဖြစ်တယ်။ (ယာ. ၄:၈) သမ္မာကျမ်းစာကို ပုံမှန်လေ့လာဖို့ အချိန်အသုံးပြုပြီး ဖန်ဆင်းရှင်နဲ့ပတ်သက်တဲ့ အသိပညာတိုးပွားလာတဲ့အခါ ဘုရားသခင်နဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေး ပိုခိုင်မြဲလာတယ်။ ယေဟောဝါနဲ့ပိုရင်းနှီးလေ ကိုယ်တော့်ကို “စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် တစ်သက်တာလုံး” ချစ်ဖို့ ပိုလှုံ့ဆော်ခံရလေပဲ။ (မာ. ၁၂:၃၀) ဘုရားသခင်ကို နာခံလိုစိတ်ပြင်းပြလာပြီး ကိုယ်တော့်ကိုတုပသူတွေ ဖြစ်လာမှာသေချာတယ်။ (ဧ. ၅:၁) ကြိုဟောထားတဲ့ “ကြီးစွာသောဒုက္ခ” ကိုစောင့်ဆိုင်းနေစဉ် မိသားစုဝင်အားလုံး “အသင့်ရှိနေကြ” ဖို့ ကူညီပေးရာမှာ မိသားစုဝတ်ပြုမှုညချမ်းကို ပုံမှန်ပြုလုပ်ခြင်းက မရှိမဖြစ်လိုအပ်တယ်။ (မ. ၂၄:၂၁) ကယ်တင်ခြင်းရရေးအတွက် ဒီလိုလုပ်ဖို့ အရေးကြီးတယ်။

၁၅။ မိသားစုဝတ်ပြုမှုညချမ်းက မိသားစုဝင်တွေ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သဘောထားအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ။

၁၅ မိသားစုဝတ်ပြုမှုအစီအစဉ်ရဲ့ နောက်ရည်ရွယ်ချက်တစ်ခုက မိသားစုဝင်အချင်းချင်း ပိုရင်းနှီးစေဖို့ ဖြစ်တယ်။ ဝတ်ပြုရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို အပတ်တိုင်း အချိန်ပေးပြီး အတူတကွဆွေးနွေးခြင်းက မိသားစုဝင်တွေ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သဘောထားအပေါ် သိသိသာသာ အကျိုးသက်ရောက်တယ်။ အိမ်ထောင်သည်မောင်နှံက သမ္မာကျမ်းစာကို အတူတကွလေ့လာခြင်းကနေ ပျော်ရွှင်မှုခံစားရတဲ့အခါ ပိုစည်းလုံးလာတယ်။ (ဒေ. ၄:၁၂ ကိုဖတ်ပါ။) အတူတကွဝတ်ပြုတဲ့ မိဘနဲ့ သားသမီးတွေက “စည်းလုံးခြင်းအတွက်ခိုင်မြဲသောနှောင်ကြိုး” ဖြစ်တဲ့ မေတ္တာပိုတိုးများလာပြီး ချစ်ခင်စည်းလုံးလာမှာဖြစ်တယ်။—ကော. ၃:၁၄

၁၆။ ကျမ်းစာလေ့လာဖို့အတွက် ညနေခင်းတစ်ခုကို သတ်မှတ်ထားခြင်းကနေ ခရစ်ယာန်ညီအစ်မသုံးဦး ဘယ်လိုအကျိုးခံစားရတယ်ဆိုတာ ပြောပြပါ။

၁၆ သမ္မာကျမ်းစာလေ့လာမှုအတွက် ညနေခင်းတစ်ခုကို သတ်မှတ်ထားခြင်းကနေ အကျိုးရရှိခဲ့တဲ့ အသင်းတော်တစ်ခုက ခရစ်ယာန်ညီအစ်မသုံးယောက်အကြောင်း သုံးသပ်ကြည့်ပါ။ ဒီသက်ကြီးမုဆိုးမသုံးယောက်က ဆွေမျိုးမတော်ကြပေမဲ့ တစ်မြို့တည်းမှာအတူနေတဲ့ မိတ်ဆွေဟောင်းတွေဖြစ်တယ်။ လူမှုရေးအရလည်းပေါင်းသင်းချင်ပြီး ယုံကြည်ခြင်းကိုတည်ဆောက်ပေးတဲ့ ပေါင်းသင်းမှုမျိုးလည်း ဖြစ်ချင်တဲ့အတွက် အတူတကွကျမ်းစာလေ့လာနိုင်တဲ့ ညနေခင်းတစ်ခုကို သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပြီးတဲ့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံလော့’ စာအုပ်ကို လေ့လာခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်က ဒီလိုပြောတယ်– “ကျွန်မတို့ ဒီအချိန်ကို နှစ်သက်တဲ့အတွက် လေ့လာမှုက တစ်နာရီထက်မက ကြာလေ့ရှိတယ်။ ပထမရာစုညီအစ်ကိုတွေရဲ့အဖြစ်အပျက်တွေကို မြင်ယောင်ကြည့်ပြီး ကျွန်မတို့သာ သူတို့ရဲ့အခြေအနေမှာရှိရင် ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးကြတယ်။ ကျွန်မတို့ရဲ့ဆွေးနွေးခန်းကနေ သိလာတဲ့အချက်တွေကို ခရစ်ယာန်ဓမ္မအမှုမှာ လက်တွေ့ကျင့်သုံးဖို့ ကြိုးစားတယ်။ ဒီလိုလုပ်ခြင်းကြောင့် ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပိုပျော်ရွှင်လာပြီး အရင်ကထက် ရလဒ်ကောင်းတွေ ရရှိလာတယ်။” ဒီအစီအစဉ်က သူတို့နဲ့ ဘုရားသခင်ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေတဲ့အပြင် ဒီညီအစ်မသုံးဦးကို ပိုရင်းနှီးလာစေတယ်။ “ဒီအစီအစဉ်ကို ကျွန်မတို့သိပ်ကြိုက်တာပဲ” လို့ သူတို့ပြောကြတယ်။

၁၇။ မိသားစုဝတ်ပြုမှုညချမ်းကို အောင်မြင်စွာလုပ်ဆောင်ဖို့ ဘယ်အချက်တွေက ထောက်ကူပေးသလဲ။

၁၇ အသင်ကော။ မိသားစုဝတ်ပြုမှုညချမ်း ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုအတွက် ညနေခင်းတစ်ခုကို သတ်မှတ်ထားခြင်းကနေ ဘယ်လိုအကျိုးခံစားနေရသလဲ။ ဒီအစီအစဉ်ကို ပြတ်တောင်းပြတ်တောင်းလုပ်နေတယ်ဆိုရင် ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်ကနေ သင် အကျိုးခံစားရမှာမဟုတ်ဘူး။ မိသားစုဝင်တိုင်းက လေ့လာဖို့သတ်မှတ်ထားတဲ့အချိန်မှာ အသင့်ရှိနေသင့်တယ်။ အသေးအဖွဲကိစ္စတွေကြောင့် ဒီညနေခင်းအစီအစဉ်ကို ဖျက်လိုက်တာမျိုး မဖြစ်သင့်ဘူး။ ဒါ့အပြင် လေ့လာမယ့်အကြောင်းအရာတွေက မိသားစုဝင်အားလုံးရဲ့ နေ့စဉ်အသက်တာမှာ လက်တွေ့ကျင့်သုံးနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်သင့်တယ်။ ပျော်ရွှင်စရာကောင်းတဲ့ လေ့လာမှုမျိုးဖြစ်ဖို့ သင် ဘာလုပ်နိုင်သလဲ။ ထိရောက်တဲ့သွန်သင်နည်းတွေကို သုံးပါ၊ လေးလေးစားစားနဲ့ အေးဆေးငြိမ်သက်တဲ့ ဝန်းကျင်ဖြစ်အောင် ဖန်တီးပါ။—ယာ. ၃:၁၈ *

“နိုးကြားလျက်” “အသင့်ရှိနေကြလော့”

၁၈၊ ၁၉။ လူသားကြွလာချိန်နီးပြီဆိုတာကို သိထားခြင်းက သင်နဲ့သင့်မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်သင့်သလဲ။

၁၈ ၁၉၁၄ ခုနှစ်ကစပြီး ပျက်စီးယိုယွင်းလာတဲ့ ကမ္ဘာ့အခြေအနေက စာတန့်ဆိုးညစ်တဲ့လောကရဲ့ နောက်ဆုံးသောနေ့ရက်ထဲရောက်လာပြီဆိုတာ ဖော်ပြတယ်။ အာမဂေဒုန်မုန်တိုင်းရဲ့ မိုးသားတိမ်လိပ်တွေ တရိပ်ရိပ်တက်လာပြီ။ မကြာခင်မှာ ဘာသာတရားမဲ့နေတဲ့လောကအပေါ် ယေဟောဝါရဲ့ တရားစီရင်ချက်ကိုဖော်ဆောင်မယ့်လူသား ကြွလာတော့မယ်။ (ဆာ. ၃၇:၁၀; သု. ၂:၂၁၊ ၂၂) သင်နဲ့ သင့်မိသားစုက ဒီအချက်ကို အလေးအနက်သဘောထားသင့်တယ် မဟုတ်လား။

၁၉ မျက်စိကို “ရိုးရှင်း” စွာထားပါဆိုတဲ့ ယေရှုရဲ့အကြံပြုချက်ကို သင် လိုက်နာနေသလား။ ဒီလောကမှာရှိတဲ့လူတွေက ကြွယ်ဝချမ်းသာဖို့၊ ကျော်ကြားဖို့၊ အာဏာရှိဖို့ ကြိုးစားနေချိန်မှာ သင့်မိသားစုက ဝတ်ပြုရေးနဲ့ဆိုင်တဲ့ပန်းတိုင်တွေကို လိုက်မီဖို့ ကြိုးစားနေသလား။ မိသားစုဝတ်ပြုမှုညချမ်းအစီအစဉ် ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုပြုလုပ်တဲ့အချိန်က ဘယ်လိုအခြေအနေရှိသလဲ။ ဒီအစီအစဉ်က သင်နဲ့ယေဟောဝါ၊ မိသားစုဝင်အချင်းချင်း ပိုရင်းနှီးစေဖို့ အထောက်အကူပြုသလား။ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့ပြီးတဲ့အတိုင်း သင်ဟာ ခင်ပွန်းတစ်ဦး၊ ဇနီးတစ်ဦး ဒါမှမဟုတ် ကလေးတစ်ဦးနဲ့သက်ဆိုင်တဲ့ ကျမ်းပေးတာဝန်တွေကို လုပ်ဆောင်နေခြင်းအားဖြင့် မိသားစုတစ်စုလုံး “နိုးကြား” နေဖို့ ကူညီပေးနေသလား။ (၁ သက်. ၅:၆) အဲဒီလိုလုပ်နေတယ်ဆိုရင် သင်ဟာ လူသားကြွလာချိန်အတွက် “အသင့်ရှိ” နေပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ဘယ်အကြောင်းအရာတွေကို လေ့လာနိုင်တယ်၊ မိသားစုဝတ်ပြုမှုကို လက်တွေ့ကျပြီး ပျော်စရာဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြောင်းအရာတွေအတွက် အောက်တိုဘာ ၁၅၊ ၂၀၀၉ ကင်းမျှော်စင်၊ စာမျက်နှာ ၂၉-၃၁ ကိုကြည့်ပါ။

သင် ဘာတွေသင်ယူခဲ့ပြီလဲ

• ခရစ်ယာန်မိသားစုတွေ ဘယ်လိုအသင့်ရှိနိုင်သလဲဆိုတာ ရှင်းပြပါ–

“ရိုးရှင်း” တဲ့မျက်စိရှိခြင်းအားဖြင့်။

ဝတ်ပြုရေးနဲ့ဆိုင်တဲ့ပန်းတိုင်တွေချပြီး လိုက်မီအောင် ကြိုးစားခြင်းအားဖြင့်။

မိသားစုဝတ်ပြုမှုညချမ်းကို ပုံမှန်ပြုလုပ်ခြင်းအားဖြင့်။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

“ရိုးရှင်း” တဲ့မျက်စိက လောကရဲ့အာရုံပျံ့လွင့်စရာတွေကို တွန်းလှန်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေး