မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တကယ်ကောင်းတဲ့ကြီးကြပ်မှူး၊ ချစ်ခင်ရတဲ့မိတ်ဆွေ”

“တကယ်ကောင်းတဲ့ကြီးကြပ်မှူး၊ ချစ်ခင်ရတဲ့မိတ်ဆွေ”

“တကယ်ကောင်းတဲ့ကြီးကြပ်မှူး၊ ချစ်ခင်ရတဲ့မိတ်ဆွေ”

ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျွန် (ဂျက်) ဘားရ်ဟာ ၂၀၁၀၊ ဒီဇင်ဘာ ၄ ရက်၊ စနေနေ့မနက်မှာ သူ့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးသွားတယ်။ သူ့အသက်က ၉၇ နှစ်ဖြစ်တယ်။ သူ့ကို “တကယ်ကောင်းတဲ့ ကြီးကြပ်မှူး၊ ချစ်ခင်ရတဲ့မိတ်ဆွေ” ဆိုပြီးပြောကြတယ်။

ညီအစ်ကိုဂျွန်ဘားရ်ကို စကော့တလန်နိုင်ငံ၊ အက်ဘက်ဒင်းမှာ မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်တယ်။ သူ့ရဲ့မိဘနှစ်ပါးက စွမ်းအားတော်နဲ့ခန့်အပ်ခံရတဲ့ ကောင်းကင်အတန်းအစားတွေဖြစ်တယ်။ ညီအစ်ကိုဘားရ်က သူ့မိသားစုအကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေကို အမြတ်တနိုးပြောလေ့ရှိတယ်။ ချစ်မြတ်နိုးရတဲ့မိဘနှစ်ပါးချခဲ့တဲ့ ပုံသက်သေကောင်းအတွက်လည်း ကျေးဇူးတင်လေးမြတ်ခဲ့တယ်။

သူ လူပျိုပေါက်အရွယ်ရောက်လာတဲ့အခါ သူစိမ်းတွေနဲ့စကားပြောဖို့ အရမ်းရှက်ကြောက်ခဲ့တယ်။ ဒါပေမဲ့ သူ ဒါကို ကြိုးစားကျော်လွှားခဲ့တယ်၊ သူ့အသက် ၁၄ နှစ်၊ ၁၉၂၇ ခုနှစ်ရဲ့ တနင်္ဂနွေ နေ့လယ်ခင်းတစ်ခုမှာ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ အသင့်ဖြစ်ပြီလို့ ဖခင်ဖြစ်သူကို ပြောခဲ့တယ်။ ဒါက သူ ယေဟောဝါကို အမှုဆောင်ခြင်းရဲ့အစဖြစ်တယ်။ ညီအစ်ကိုဘားရ်ဟာ အဲဒီနေ့ကစပြီး သူကွယ်လွန်တဲ့အထိ သတင်းကောင်းကို ဇွဲရှိရှိကြေညာခဲ့တယ်။

ပြင်းထန်တဲ့မတော်တဆမှုတစ်ခုကြောင့် မိခင်ဖြစ်သူ သေလုမျောပါးဖြစ်ခဲ့ပြီးနောက် လူငယ်လေး ဘားရ်ဟာ ဘဝရဲ့ရည်ရွယ်ချက်ကို အလေးအနက် စဉ်းစားခဲ့တယ်။ ၁၉၂၉ ခုနှစ်မှာ မိမိကိုယ်ကို ယေဟောဝါထံအပ်နှံခဲ့ပြီး ၁၉၃၄ ခုနှစ်မှာ အဲဒါကို ရေနှစ်ခြင်းခံခြင်းအားဖြင့်ဖော်ပြဖို့ အခွင့်အရေးရခဲ့တယ်။ အဲဒီနောက် ၁၉၃၉ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်ဗေသလမိသားစုဝင်တစ်ဦး ဖြစ်လာတယ်။ ဒါက သူ့ရဲ့အချိန်ပြည့်သက်တမ်း ၇၁ နှစ်ရဲ့အစဖြစ်တယ်။

၁၉၆၀၊ အောက်တိုဘာ ၂၉ ရက်မှာ ဇွဲထက်သန်တဲ့ သက်တမ်းကြာ ရှေ့ဆောင်၊ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်တဲ့ မေးဒရက် ဝီးလ်လက်နဲ့ လက်ထပ်ခဲ့ချိန်မှာ “ထူးခြားတဲ့အဖိုးတန်ဆက်ဆံရေးတစ်ခု” လို့ သူတင်စားခဲ့တဲ့ဆက်ဆံရေးကို အစပြုခဲ့တယ်။ ညီအစ်ကိုဘားရ် ဇနီးမောင်နှံကို ပုံသက်သေကောင်းပြီး တစ်ဦးကိုတစ်ဦးချစ်မြတ်နိုးသူတွေအဖြစ် လူတွေသိခဲ့ကြတယ်။ ၂၀၀၄၊ အောက်တိုဘာမှာ ညီအစ်မမေးဒရက်ရဲ့ မြေကြီးအသက်တာကုန်ဆုံးသွားတယ်။ သူတို့ရဲ့အိမ်ထောင်သက်တစ်လျှောက်မှာ နေ့တိုင်း ကျမ်းစာအတူဖတ်ခဲ့ကြတယ်။

သူ့ကိုသိတဲ့သူတွေက ဂျွန်ဘားရ်ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့ မျှတမှုရှိပြီး ကြင်နာမှုပါတဲ့ ကျမ်းစာအခြေခံအကြံဉာဏ်တွေကို ပေးတတ်သူအဖြစ် သတိရကြတယ်။ သူက အလုပ်ကြိုးစားသူ၊ ထောက်ထားစာနာတတ်သူ၊ မေတ္တာပြည့်ဝတဲ့ကြီးကြပ်မှူးတစ်ဦးဖြစ်ရုံမက မိတ်ဆွေကောင်းတစ်ဦးလည်းဖြစ်တယ်။ သူ့ရဲ့မှတ်ချက်တွေ၊ ဟောပြောချက်တွေနဲ့ ဆုတောင်းချက်တွေက အမှန်တရားကို သူဘယ်လောက်ချစ်မြတ်နိုးတယ်၊ ယေဟောဝါနဲ့ ဘယ်လောက်ရင်းနှီးတယ်ဆိုတာ ဖော်ပြတယ်။

ညီအစ်ကိုဘားရ်ကို ကျွန်ုပ်တို့ သတိရနေကြမှာမှန်ပေမဲ့ သူမျှော်လင့်နေတဲ့၊ သူ မကြာခဏပြောလေ့ရှိတဲ့ မသေနိုင်တဲ့အသက်တာဆုကျေးဇူးကို သူ ရရှိသွားပြီဖြစ်လို့ ကျွန်ုပ်တို့ ဝမ်းမြောက်ကြပါတယ်။ ဒါကို သူ့ဘဝတစ်လျှောက်လုံးမျှော်လင့်တောင့်တခဲ့ပြီး အဲဒီမျှော်လင့်ချက်နဲ့အညီ အသက်ရှင်ခဲ့တယ်။—၁ ကော. ၁၅:၅၃၊ ၅၄ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ဂျွန် အီး ဘားရ်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၁၉၈၇၊ ဇူလိုင် ၁ ကင်းမျှော်စင် (အင်္ဂလိပ်) စာမျက်နှာ ၂၆ ကနေ ၃၁ မှာကြည့်ပါ။