မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဘုရားသခင်၏ဉာဏ်ပညာသည် အလွန်နက်နဲလှပေစွ’

‘ဘုရားသခင်၏ဉာဏ်ပညာသည် အလွန်နက်နဲလှပေစွ’

‘ဘုရားသခင်၏ဉာဏ်ပညာသည် အလွန်နက်နဲလှပေစွ’

“ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။ စီရင်တော်မူချက်များကို စိစစ်၍မရနိုင်။ နည်းလမ်းတော်များကို လိုက်၍မမီနိုင်ပါတကား။”—ရော. ၁၁:၃၃

၁။ နှစ်ခြင်းခံပြီးသားခရစ်ယာန်တွေအတွက် အကြီးမြတ်ဆုံးအခွင့်ထူးက ဘာလဲ။

သင်​ရရှိခဲ့ဖူးတဲ့အခွင့်အရေးတွေထဲမှာ ဘယ်အခွင့်အရေးက အထူးမြတ်ဆုံးလဲ။ အစပိုင်းမှာတော့ သင် အသင်းတော်မှာရထားတဲ့တာဝန် ဒါမှမဟုတ် သင့်အလုပ်/ကျောင်းမှာရထားတဲ့ ဂုဏ်ပြုလက်မှတ်ကို စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ နှစ်ခြင်းခံပြီးသားခရစ်ယာန်တွေအတွက် အကြီးမြတ်ဆုံးအခွင့်ထူးက ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းဖြစ်တယ်။ ဒီဆက်ဆံရေးကြောင့် ကိုယ်တော် သင့်ကို “သိကျွမ်း” လာတယ်။—၁ ကော. ၈:၃; ဂလ. ၄:၉

၂။ ယေဟောဝါကိုသိကျွမ်းရခြင်းနဲ့ ကိုယ်တော့်သိကျွမ်းမှုကို ခံရခြင်းက ဘာကြောင့် အကြီးမြတ်ဆုံးအခွင့်ထူးတစ်ခုဖြစ်သလဲ။

ယေဟောဝါကိုသိကျွမ်းရခြင်းနဲ့ ကိုယ်တော့်သိကျွမ်းမှုကို ခံရခြင်းက ဘာကြောင့် အကြီးမြတ်ဆုံးအခွင့်ထူးဖြစ်သလဲ။ ကိုယ်တော်က စကြဝဠာတစ်ခွင်လုံးမှာ အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်လို့သာမကဘဲ ကိုယ်တော်ချစ်တဲ့သူတွေကို ကာကွယ်ပေးတဲ့အတွက်ကြောင့်လည်းဖြစ်တယ်။ ပရောဖက်နာဟုံက စွမ်းအားတော်တိုက်တွန်းမှုနဲ့ ‘ယေဟောဝါသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏’ လို့ ရေးခဲ့တယ်။ (နာ. ၁:၇; ဆာ. ၁:၆) တကယ်တော့ ကျွန်ုပ်တို့ရဲ့ ထာဝရအသက်ရှင်ခွင့်အလားအလာက စစ်မှန်တဲ့ဘုရားသခင်ဖြစ်တဲ့ ကိုယ်တော်နဲ့ ကိုယ်တော့်သားတော် ယေရှုခရစ်ကို သိကျွမ်းခြင်းအပေါ် မူတည်တယ်။—ယော. ၁၇:၃

၃။ ဘုရားသခင်ကိုသိကျွမ်းခြင်းမှာ ဘာပါဝင်သလဲ။

ဘုရားသခင်ကိုသိကျွမ်းခြင်းက ကိုယ်တော့်နာမကို သိရုံထက်မကဘူး။ ကိုယ်တော်နှစ်သက်ရာ၊ မနှစ်သက်ရာတွေကိုသိပြီး မိတ်ဆွေတစ်ဦးလို သိကျွမ်းရမှာဖြစ်တယ်။ အဲဒါကိုသိပြီး သိထားတာနဲ့အညီအသက်ရှင်ခြင်းက ကျွန်ုပ်တို့ ဘုရားသခင်ကို ရင်းရင်းနှီးနှီးသိကျွမ်းကြောင်းတင်ပြနိုင်တဲ့ အရေးပါတဲ့နည်းတစ်နည်းဖြစ်တယ်။ (၁ ယော. ၂:၄) ဒါပေမဲ့ ယေဟောဝါကို ကျွန်ုပ်တို့ တကယ်သိကျွမ်းလိုတယ်ဆိုရင် နောက်အချက်တစ်ချက်ကိုလည်း သိဖို့လိုတယ်။ ကိုယ်တော်လုပ်တဲ့အရာတွေကို သိရုံသာမက ဘယ်လိုလုပ်တယ်၊ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကိုလည်း သိဖို့လိုတယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်တွေကို ကျွန်ုပ်တို့ပိုသိနားလည်လေ ‘ဘုရားသခင်၏နက်နဲလှသောဉာဏ်ပညာ’ ကို အံ့သြချီးမွမ်းဖို့ ပိုလှုံ့ဆော်ခံရလေဖြစ်တယ်။—ရော. ၁၁:၃၃

ရည်ရွယ်ချက်ရှိတဲ့ဘုရားသခင်

၄၊ ၅။ (က) သမ္မာကျမ်းစာမှာ အသုံးပြုထားတဲ့ ‘ရည်ရွယ်ချက်’ ဆိုတဲ့စကားလုံးက ဘာအဓိပ္ပာယ်ရှိသလဲ။ (ခ) ရည်ရွယ်ချက်ပန်းတိုင်တစ်ခုကို ရောက်နိုင်ဖို့ နည်းလမ်းတစ်ခုထက်မကရှိကြောင်း ဥပမာပေးပါ။

ယေဟောဝါက ရည်ရွယ်ချက်ရှိတဲ့ဘုရားသခင်ဖြစ်ပြီး သမ္မာကျမ်းစာမှာ ကိုယ်တော့် “ထာဝရရည်ရွယ်တော်မူချက်” တွေအကြောင်း ဖော်ပြထားတယ်။ (ဧ. ၃:၁၀၊ ၁၁) ဒီဖော်ပြချက်က ဘာကိုဆိုလိုသလဲ။ သမ္မာကျမ်းစာမှာ အသုံးပြုထားတဲ့ ‘ရည်ရွယ်ချက်’ ဆိုတဲ့စကားလုံးက တိကျတဲ့ပန်းတိုင်ကိုဖော်ပြတယ်။ ဒီပန်းတိုင်ကိုရောက်ဖို့ နည်းလမ်းတစ်ခုထက်မက လုပ်ဆောင်နိုင်တယ်။

ဥပမာ၊ လူတစ်ယောက်က သတ်မှတ်ထားတဲ့နေရာတစ်ခုကို သွားချင်တယ်။ အဲဒီနေရာကိုရောက်ဖို့ဆိုတာက သူ့ပန်းတိုင် ဒါမှမဟုတ် ရည်ရွယ်ချက်ဖြစ်တယ်။ အဲဒီကိုသွားဖို့ စီးနိုင်တဲ့ယာဉ်အမျိုးမျိုးရှိပြီး သွားနိုင်တဲ့လမ်း အသွယ်သွယ်လည်းရှိတယ်။ သူရွေးချယ်ထားတဲ့လမ်းအတိုင်း သွားတဲ့အခါ ရာသီဥတုဆိုးရွားတာ၊ ယာဉ်ကြောပိတ်ဆို့တာ၊ လမ်းပိတ်တာတွေကို မမျှော်လင့်ဘဲကြုံတွေ့ရနိုင်တယ်။ ဒါကြောင့် သူတခြားလမ်းကြောင်းပြောင်းပြီး သွားရမှာဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုပဲ ပြောင်းလိုက်ရပါစေ သတ်မှတ်ထားတဲ့နေရာကိုရောက်သွားတယ်ဆိုရင် သူ့ပန်းတိုင်ပြည့်မီသွားခြင်းပဲဖြစ်တယ်။

၆။ ယေဟောဝါက မိမိရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့ ဘယ်လို အလိုက်သင့်ပြောင်းလဲခဲ့သလဲ။

လမ်းကြောင်းပြောင်းလိုက်တဲ့ ခရီးသည်လိုပဲ ဘုရားသခင်က မိမိရဲ့ထာဝရရည်ရွယ်တော်မူချက် ပြည့်စုံဖို့ အလိုက်သင့်ပြောင်းလဲခဲ့တယ်။ ကိုယ်တော်ဖန်ဆင်းထားတဲ့ အသိဉာဏ်ရှိသတ္တဝါတွေရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ထည့်စဉ်းစားပြီး ကိုယ်တော့်ရည်ရွယ်ချက်ပြည့်မီစေတဲ့ နည်းလမ်းတွေကို အလိုက်သင့် ပြောင်းလဲခဲ့တယ်။ ဥပမာအနေနဲ့ ကတိထားရာအမျိုးအနွယ်က ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ဘယ်လိုပြည့်စုံစေတယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။ ကမ္ဘာဦးအချိန်ကတော့ ယေဟောဝါက ပထမလူသားမောင်နှံကို “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” လို့ မိန့်တော်မူခဲ့တယ်။ (က. ၁:၂၈) ဒါပေမဲ့ ဧဒင်ဥယျာဉ်မှာဖြစ်ပွားခဲ့တဲ့ ပုန်ကန်မှုကြောင့် ဒီရည်ရွယ်ချက်ပျက်ပြားသွားခဲ့သလား။ လုံးဝ မပျက်ပြားခဲ့ဘူး။ ယေဟောဝါက မိမိရည်ရွယ်ချက်ပြည့်စုံဖို့ တခြား “လမ်းကြောင်း” တစ်ခုကိုပြောင်းသုံးပြီး ဒီအခြေအနေသစ်ကို ချက်ချင်းတုံ့ပြန်ခဲ့တယ်။ ပုန်ကန်သူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေကို ပယ်ဖျက်ပေးမယ့် “အမျိုးအနွယ်” ပေါ်လာမယ်လို့ ကြိုဟောခဲ့တယ်။—က. ၃:၁၅; ဟေဗြဲ ၂:၁၄-၁၇; ၁ ယော. ၃:၈

၇။ ထွက်မြောက်ရာ ၃:၁၄ မှာ ယေဟောဝါ မိမိကိုယ်တော်တိုင်အကြောင်း ဖော်ပြချက်ကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။

မိမိရဲ့ရည်ရွယ်ချက်ကိုပြည့်စုံစေရာမှာ ပေါ်ပေါက်လာတဲ့ အခြေအနေသစ်နဲ့အညီ တုံ့ပြန်နိုင်တဲ့ ယေဟောဝါရဲ့အစွမ်းက မိမိအကြောင်း ကိုယ်တိုင်ဖော်ပြချက်နဲ့ကိုက်ညီတယ်။ ယေဟောဝါပေးတဲ့တာဝန်တွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့အတားအဆီးတွေကို မောရှေပြောပြတဲ့အခါ ကိုယ်တော် ဒီလိုပြောပြီး သူ့ကို စိတ်ချစေခဲ့တယ်– “‘ငါဖြစ်စေလိုရာကို ငါဖြစ်စေမည်ဟု အမည်ရှိသောသူသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ’ ဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့။” (ထွ. ၃:၁၄ကဘ) ယေဟောဝါက ကိုယ်တော့်ရည်ရွယ်ချက် ပြည့်စုံစေဖို့ လိုအပ်ရာမှန်သမျှကို လုပ်ဆောင်နိုင်စွမ်းရှိတယ်။ ဒီအချက်ကို ရောမ အခန်းကြီး ၁၁ မှာ တမန်တော်ပေါလုက လှလှပပပုံဖော်ထားတယ်။ အဲဒီမှာ ပုံဆောင်သံလွင်ပင်အကြောင်း ဖော်ပြထားတယ်။ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်က ကောင်းကင်တက်ဖို့ပဲဖြစ်စေ၊ မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်ဖို့ဖြစ်စေ ဒီဥပမာကို သုံးသပ်ခြင်းက ယေဟောဝါရဲ့ ဉာဏ်ပညာနက်နဲမှုကို ပိုနားလည်ပြီး လေးမြတ်စေတယ်။

ကြိုဟောထားတဲ့အမျိုးအနွယ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်

၈၊ ၉။ (က) ဘယ်အခြေခံအချက်လေးချက်က သံလွင်ပင်ပုံဥပမာကိုနားလည်ဖို့ ထောက်ကူသလဲ။ (ခ) အခု ဘယ်မေးခွန်းကို သုံးသပ်ကြမလဲ၊ ဒီမေးခွန်ရဲ့အဖြေကနေ ယေဟောဝါအကြောင်း ဘာသိရမလဲ။

သံလွင်ပင်ပုံဥပမာကိုနားလည်ဖို့ ကြိုဟောထားတဲ့ အမျိုးအနွယ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက် အဆင့်ဆင့်ပြည့်စုံမှု အချက်လေးချက်ကို သိဖို့လိုတယ်။ ပထမ၊ သင်၏အမျိုးအနွယ်အားဖြင့် “လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်” လို့ အာဗြဟံကို ယေဟောဝါ ကတိပေးခဲ့တယ်။ (က. ၂၂:၁၇၊ ၁၈) ဒုတိယ၊ အာဗြဟံကနေဆင်းသက်လာတဲ့ အစ္စရေးလူမျိုးတွေက “ယဇ်ပုရောဟိတ်နိုင်ငံ” ဖြစ်ခွင့် ကမ်းလှမ်းခံရတယ်။ (ထွ. ၁၉:၅၊ ၆သမ္မာ) တတိယ၊ ဇာတိအစ္စရေးအများစုက မေရှိယကိုလက်မခံတဲ့အခါ “ယဇ်ပုရောဟိတ်နိုင်ငံ” ပေါ်ထွက်လာဖို့ တခြားနည်းလမ်းတွေကို ယေဟောဝါ အသုံးပြုခဲ့တယ်။ (မ. ၂၁:၄၃; ရော. ၉:၂၇-၂၉) စတုတ္ထ၊ ယေရှုက အာဗြဟံအမျိုးအနွယ်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပေမဲ့ တခြားသူတွေလည်း အာဗြဟံရဲ့အမျိုးအနွယ်မှာ ပါဝင်ခွင့်ရခဲ့တယ်။—ဂလ. ၃:၁၆၊ ၂၉

အဲဒီအချက်လေးချက်အပြင် ကောင်းကင်မှာ ယေရှုနဲ့အတူ ဘုရင်များ၊ ယဇ်ပုရောဟိတ်များအဖြစ်အုပ်ချုပ်မယ့်သူ စုစုပေါင်းအရေအတွက်က ၁၄၄,၀၀၀ ရှိတယ်ဆိုတာ ကျွန်ုပ်တို့ သိရတယ်။ (ဗျာ. ၁၄:၁-၄) သူတို့ကို “အစ္စရေးအမျိုးအနွယ်” လို့လည်းခေါ်ထားတယ်။ (ဗျာ. ၇:၄-၈) ဒါဆိုရင် ၁၄၄,၀၀၀ အားလုံးက ဇာတိအစ္စရေးလူမျိုး ဂျူးတွေလား။ ဒီမေးခွန်းရဲ့အဖြေက ယေဟောဝါဟာ မိမိရည်ရွယ်ချက်ပြည့်စုံဖို့ အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတာ ဖော်ပြတယ်။ အဲဒီအဖြေရဖို့ ရောမအသင်းသားတွေကိုရေးတဲ့ တမန်တော်ပေါလုရဲ့စာက ဘယ်လိုအထောက်အကူပြုတယ်ဆိုတာ ကြည့်ကြစို့။

“ယဇ်ပုရောဟိတ်နိုင်ငံ”

၁၀။ အစ္စရေးလူမျိုးတစ်မျိုးကပဲ ဘယ်အခွင့်အရေးရှိသလဲ။

၁၀ အစပိုင်းမှာဖော်ပြခဲ့တဲ့အတိုင်း အစ္စရေးလူမျိုးတစ်မျိုးကသာ ‘ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းသောလူမျိုး’ ဖြစ်လာမယ့်အခွင့်အရေးကို ရရှိခဲ့တာဖြစ်တယ်။ (ရောမ ၉:၄၊ ၅ ကိုဖတ်ပါ။) ဒါပေမဲ့ ကတိထားရာအမျိုးအနွယ်ပေါ်လာတဲ့အခါ ဘာဖြစ်လာမလဲ။ အာဗြဟံအမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းဖြစ်လာမယ့် ပုံဆောင်အစ္စရေးလူမျိုး ၁၄၄,၀၀၀ အရေအတွက်အပြည့်က ဇာတိအစ္စရေးလူမျိုးထဲက ဖြစ်မလား။

၁၁၊ ၁၂။ (က) ကောင်းကင်နိုင်ငံမှာ ပါဝင်မယ့်သူတွေကို ဘယ်အချိန်မှာ စရွေးချယ်ခဲ့သလဲ၊ အဲဒီအချိန်တုန်းက ဂျူးအများစု ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ (ခ) ယေဟောဝါက အာဗြဟံအမျိုးအနွယ် “အရေအတွက်ပြည့်စုံ” အောင် ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

၁၁ ရောမ ၁၁:၇-၁၀ ကိုဖတ်ပါ။ ပထမရာစုဂျူးအများစုက ယေရှုကို လက်မခံခဲ့ကြဘူး။ ဒါကြောင့် အာဗြဟံအမျိုးအနွယ်ဖြစ်ခွင့်က သူတို့အတွက်ပဲမဟုတ်တော့ဘူး။ ဒါပေမဲ့ ကောင်းကင် “ယဇ်ပုရောဟိတ်နိုင်ငံ” မှာပါဝင်မယ့်သူတွေကို စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ စပြီးရွေးချယ်တဲ့အခါ စိတ်ရင်းမှန်တဲ့ဂျူးတချို့က ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ကြတယ်။ ဖိတ်ခေါ်ချက်ကိုလက်ခံတဲ့ဂျူးတွေက ထောင်ဂဏန်းပဲရှိလို့ ဂျူးတစ်မျိုးလုံးနဲ့နှိုင်းယှဉ်ရင် အရေအတွက်အနည်းငယ်ပဲရှိတဲ့ “ကျန်ကြွင်းသူတစ်စု” လိုပဲဖြစ်နေတယ်။—ရော. ၁၁:၅

၁၂ ဒါပေမဲ့ ယေဟောဝါက အာဗြဟံအမျိုးအနွယ် “အရေအတွက်ပြည့်စုံ” အောင် ဘယ်လိုလုပ်ဆောင်မလဲ။ (ရော. ၁၁:၁၂၊ ၂၅) တမန်တော်ပေါလုရဲ့အဖြေကို သတိပြုကြည့်ပါ– “ဘုရားသခင်၏တရားစကားတော် မတည်ဟု မဆိုလို။ အကြောင်းမူကား [ဇာတိ] အစ္စရေးလူမျိုးမှ ဆင်းသက်လာသူအပေါင်းသည် ‘အစ္စရေးလူမျိုး’ အစစ်အမှန် မဟုတ်။ ထိုနည်းတူ အာဗြဟံ၏အမျိုးအနွယ် [သားမြေး] ဖြစ်သောကြောင့် ရှိသမျှသည် သူ၏သားမြေး [အာဗြဟံအမျိုးအနွယ်အဝင်] မဟုတ်။ . . . သို့ဖြစ်၍ လူ့ဇာတိအားဖြင့်ရသော သားသမီးများသည် ဘုရားသခင်၏သားသမီးများ အမှန်မဟုတ်။ ကတိတော်နှင့်ဆိုင်သော သားသမီးများကိုသာ အမျိုးအနွယ်ဟု သတ်မှတ်တော်မူ၏။” (ရော. ၉:၆-၈) ဒါကြောင့် အာဗြဟံအမျိုးအနွယ်အဝင်ဖြစ်ဖို့ အာဗြဟံရဲ့သားမြေးတွေဖြစ်ရမယ်လို့ ယေဟောဝါမတောင်းဆိုတော့ဘူး။

ပုံဆောင်သံလွင်ပင်

၁၃။ (က) သံလွင်ပင်၊ (ခ) အမြစ်၊ (ဂ) ပင်စည်၊ (ဃ) အကိုင်းအခက်တွေက ဘာကိုတင်စားသလဲ။

၁၃ တမန်တော်ပေါလုက အာဗြဟံအမျိုးအနွယ်အဝင်ဖြစ်လာမယ့်သူတွေကို ပုံဆောင်သံလွင်ပင်ရဲ့အကိုင်းအခက်တွေနဲ့ နှိုင်းယှဉ်ခဲ့တယ်။ * (ရော. ၁၁:၂၁) ဒီသံလွင်ပင်အယဉ်က အာဗြဟံနဲ့ဖွဲ့ခဲ့တဲ့ပဋိညာဉ်နဲ့ပတ်သက်ပြီး ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံမှုကို တင်စားတယ်။ သံလွင်ပင်အမြစ်က သန့်ရှင်းပြီး ပုံဆောင်အစ္စရေးလူမျိုးကို အသက်ပေးတဲ့အရှင် ယေဟောဝါကို တင်စားတယ်။ (ဟေရှာ. ၁၀:၂၀; ရော. ၁၁:၁၆) ပင်စည်က အာဗြဟံအမျိုးအနွယ်ရဲ့ အဓိကအပိုင်းဖြစ်တဲ့ ယေရှုကို တင်စားတယ်။ အကိုင်းအခက်တွေက အာဗြဟံအမျိုးအနွယ်ရဲ့ ဒုတိယအပိုင်းမှာပါဝင်သူ ‘အရေအတွက်အပြည့်အစုံ’ ကိုတင်စားတယ်။

၁၄၊ ၁၅။ ဘယ်သူတွေက သံလွင်ပင်အယဉ်ကနေ “ချိုးဖြတ်” ခံခဲ့ရသလဲ။ အဲဒီနေရာမှာ ဘယ်သူတွေနဲ့ ကိုင်းဆက်ခဲ့သလဲ။

၁၄ ယေရှုကိုလက်မခံခဲ့တဲ့ ဇာတိဂျူးတွေက သံလွင်ပင်ပုံဥပမာမှာ “ချိုးဖြတ်” ခံရတဲ့ သံလွင်ကိုင်းတွေနဲ့တူတယ်။ (ရော. ၁၁:၁၇) သူတို့က အာဗြဟံအမျိုးအနွယ်အဝင်ဖြစ်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့တယ်။ ဒါပေမဲ့ သူတို့နေရာမှာ ဘယ်သူတွေနဲ့ အစားထိုးမလဲ။ အာဗြဟံကနေဆင်းသက်လာသူတွေအဖြစ် ဂုဏ်ယူနေတဲ့ ဇာတိဂျူးတွေဘက်ကကြည့်ရင် အစားထိုးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယေဟောဝါအလိုရှိတယ်ဆိုရင် ကျောက်ခဲတွေကနေတောင် အာဗြဟံရဲ့သားသမီးတွေကို ပေါ်ထွက်စေနိုင်တယ်လို့ နှစ်ခြင်းဆရာယောဟန် ကြိုပြောပြီးသားဖြစ်တယ်။—လု. ၃:၈

၁၅ ဒါကြောင့် ယေဟောဝါက မိမိရည်ရွယ်ချက်ပြည့်စုံဖို့ ဘာလုပ်ခဲ့သလဲ။ သံလွင်ပင်အယဉ်ရဲ့ ချိုးဖြတ်ခံရတဲ့ကိုင်းတွေနေရာမှာ သံလွင်ပင်အရိုင်းက အကိုင်းတွေကိုယူပြီး ကိုင်းဆက်တယ်လို့ ပေါလုရှင်းပြခဲ့တယ်။ (ရောမ ၁၁:၁၇၊ ၁၈ ကိုဖတ်ပါ။) ဒါကြောင့် ရောမအသင်းတော်မှာရှိတဲ့ ကောင်းကင်အတန်းအစားခရစ်ယာန်တချို့က ပုံဆောင်သံလွင်ပင်မှာ ကိုင်းဆက်ခံရသူတွေဖြစ်တယ်။ ဒီနည်းအားဖြင့် သူတို့က အာဗြဟံအမျိုးအနွယ်အဝင် ဖြစ်လာကြတယ်။ မူလကတော့ သူတို့က သံလွင်ပင်အရိုင်းရဲ့အကိုင်းအခက်တွေနဲ့တူပြီး အာဗြဟံပဋိညာဉ်မှာ ပါဝင်ခွင့်မရခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တွေ ပုံဆောင်အစ္စရေးလူမျိုးအဝင်ဖြစ်ဖို့ ယေဟောဝါ လမ်းဖွင့်ပေးခဲ့တယ်။—ရော. ၂:၂၈၊ ၂၉

၁၆။ လူမျိုးသစ်ဖြစ်ပေါ်လာပုံအကြောင်း တမန်တော်ပေတရု ဘယ်လိုရှင်းပြခဲ့သလဲ။

၁၆ ဒီအခြေအနေနဲ့ပတ်သက်ပြီး တမန်တော်ပေတရု ဒီလိုရှင်းပြခဲ့တယ်– “သင်တို့ [တစ်ပါးအမျိုးသားခရစ်ယာန်တွေပါဝင်တဲ့ ပုံဆောင်အစ္စရေးလူများ] သည် ယုံကြည်သူများဖြစ်သောကြောင့် ကိုယ်တော် [ယေရှုခရစ်] သည် သင်တို့အတွက် အဖိုးထိုက်၏။ မယုံကြည်သောသူတို့အတွက်မူကား ‘တိုက်ကိုတည်ဆောက်သောသူတို့ ပယ်ထားသော ထိုကျောက်သည် တိုက်ထောင့်အထွတ်ကျောက် ဖြစ်လာ၏။’ ထို့ပြင် ‘တိုက်မိ၍လဲစရာကျောက်၊ ထိခိုက်စရာကျောက်ဆောင်’ ဖြစ်လာ၏။ . . . သင်တို့မူကား မှောင်မိုက်မှ အံ့ဖွယ်အလင်းသို့ ခေါ်တော်မူသောအရှင်၏ ‘မွန်မြတ်သောဂုဏ်ရည်တော်များကို အနှံ့အပြား ဟောပြောရန် ရွေးချယ်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်ရာလူစု ဖြစ်ကြ၏။’ သင်တို့သည် တစ်ချိန်က ထိုလူစုအဝင် မဟုတ်။ ယခုမူကား ဘုရားသခင်၏လူမျိုးဖြစ်ကြ၏။ သနားကြင်နာခြင်း မခံခဲ့ရသော်လည်း ယခုမူကား သနားကြင်နာတော်မူခြင်းခံရ၏။”—၁ ပေ. ၂:၇-၁၀

၁၇။ ယေဟောဝါက “ပကတိကိုမလိုက်ဘဲ” ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

၁၇ လူများစွာ လုံးလုံးမထင်မှတ်ထားတဲ့အရာတစ်ခုကို ယေဟောဝါပြုလုပ်ခဲ့တယ်။ ပေါလုက ဖြစ်ပျက်ခဲ့ရာကို “ပကတိကိုမလိုက်ဘဲ” လို့ ဖော်ပြခဲ့တယ်။ (ရော. ၁၁:၂၄သမ္မာကျမ်း) ဒါ ဘယ်လိုဖြစ်ခဲ့သလဲ။ သံလွင်ပင်အရိုင်းကို သံလွင်ပင်အယဉ်နဲ့ကိုင်းဆက်တာက ထူးဆန်းပြီး သဘာဝနဲ့ဆန့်ကျင်နေပုံပေါက်ပေမဲ့ ပထမရာစုစိုက်ပျိုးရေးသမားတချို့က အဲဒီလိုပဲလုပ်ခဲ့ကြတယ်။ * အလားတူပဲ ယေဟောဝါက ထူးဆန်းတဲ့အရာတစ်ခုကို ပြုလုပ်ခဲ့တယ်။ ဂျူးတွေအမြင်မှာ လူမျိုးခြားတွေက နှစ်သက်လက်ခံဖွယ်အသီးကောင်းတွေ သီးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါက လူမျိုးခြားတွေကို အသီးကောင်းတွေသီးနိုင်တဲ့ “လူမျိုး” အဝင်ဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်။ (မ. ၂၁:၄၃) ခရစ်ယာန်ဘာသာကို ဦးဆုံးပြောင်းဝင်လာတဲ့ အရေဖျားမလှီးတဲ့ လူမျိုးခြားကော်နေလိအပေါ် စွမ်းအားတော်သွန်းလောင်းခဲ့တဲ့ စီအီး ၃၆ ကစပြီး အရေဖျားမလှီးတဲ့ ဂျူးမဟုတ်သူတွေဟာ ဒီပုံဆောင်သံလွင်ပင်မှာ ကိုင်းဆက်ခံရဖို့ အခွင့်အလမ်းပွင့်သွားတယ်။—တ. ၁၀:၄၄-၄၈ *

၁၈။ စီအီး ၃၆ နောက်ပိုင်းမှာလည်း ဇာတိဂျူးတွေအတွက် ဘယ်အခွင့်အရေးရှိသလဲ။

၁၈ ဒါက ဇာတိဂျူးတွေက စီအီး ၃၆ နောက်ပိုင်းမှာ အာဗြဟံရဲ့အမျိုးအနွယ်အဝင် ဖြစ်ခွင့်မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ပါဘူး။ ပေါလု ဒီလိုရှင်းပြတယ်– “သူတို့ [ဇာတိဂျူးများ] သည် မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌ တစ်ဖန်ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကိုတစ်ဖန်ဆက်၍စိုက်ခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏။ အဘယ်သို့နည်းဟူမူကား ပကတိရိုင်းသောသံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသောသံလွင်ပင်၌ ပကတိကိုမလိုက်ဘဲ ဆက်၍စိုက်သည်မှန်လျှင် ပကတိအခက်ဖြစ်သောထိုသူတို့သည် မိမိတို့သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည်မဟုတ်လော။”—ရော. ၁၁:၂၃၊ ၂၄သမ္မာကျမ်း။

“အစ္စရေးလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်”

၁၉၊ ၂၀။ ပုံဆောင်သံလွင်ပင်ပုံဥပမာမှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါက ဘယ်အရာကို ပြီးမြောက်အောင်လုပ်ဆောင်သလဲ။

၁၉ “ဘုရားသခင်၏ အစ္စရေးလူမျိုး” နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်က အမှန်ပဲ အံ့ဖွယ်နည်းနဲ့ ပြည့်စုံနေတယ်။ (ဂလ. ၆:၁၆) ပေါလုပြောတဲ့အတိုင်း “အစ္စရေးလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။” (ရော. ၁၁:၂၆) ယေဟောဝါသတ်မှတ်ထားတဲ့အချိန်မှာ ပုံဆောင်အစ္စရေးလူမျိုး အရေအတွက်အပြည့်ဖြစ်တဲ့ “အစ္စရေးလူအပေါင်း” က ကောင်းကင်မှာ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေအနေနဲ့ အုပ်စိုးမှာဖြစ်တယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်တွေ မပြည့်စုံအောင် ဘာကမှမတားဆီးနိုင်ဘူး။

၂၀ ကြိုဟောထားတဲ့အတိုင်း ယေရှုခရစ်နဲ့အတူ ၁၄၄,၀၀၀ ပါဝင်တဲ့ အာဗြဟံရဲ့ အမျိုးအနွယ်က “လူမျိုးအပေါင်း” အပေါ် ကောင်းချီးတွေဆောင်ကြဉ်းပေးမှာဖြစ်တယ်။ (ရော. ၁၁:၁၂; က. ၂၂:၁၈) ဒီလိုနည်းနဲ့ ဘုရားသခင့်လူမျိုးအားလုံးက ဒီအစီအစဉ်ကနေ အကျိုးခံစားကြရတယ်။ အမှန်ပါပဲ၊ ယေဟောဝါရဲ့ ထာဝရရည်ရွယ်တော်မူချက်ကို သုံးသပ်တဲ့အခါ “ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲ” တယ်လို့ အံ့သြချီးမွမ်းကြမှာဖြစ်တယ်။—ရော. ၁၁:၃၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 သံလွင်ပင်က ဇာတိအစ္စရေးလူမျိုးကို ပုံဆောင်တာမဟုတ်ဘူး။ ဇာတိအစ္စရေးလူမျိုးမှာ ဘုရင်ရော၊ ယဇ်ပုရောဟိတ်ရောရှိပေမဲ့ “ယဇ်ပုရောဟိတ်နိုင်ငံ” တော့မဖြစ်ခဲ့ဘူး။ မောရှေပညတ်အရ အစ္စရေးဘုရင်တွေက ယဇ်ပုရောဟိတ်တွေ ဖြစ်ခွင့်မရှိဘူး။ ဒါကြောင့် ဇာတိအစ္စရေးလူမျိုးက သံလွင်ပင်ပုံဥပမာရဲ့ ပကတိတင်စားချက်မဖြစ်နိုင်ဘူး။ “ယဇ်ပုရောဟိတ်နိုင်ငံ” ဖြစ်စေမယ်ဆိုတဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်က ပုံဆောင်အစ္စရေးလူမျိုးနဲ့ဆက်စပ်ပြီး ဘယ်လိုပြည့်စုံမယ်ဆိုတာကို ပေါလု ဥပမာပေးဖော်ပြခြင်းဖြစ်တယ်။ ဒါက ဩဂုတ် ၁၅၊ ၁၉၈၄ ကင်းမျှော်စင်၊ စာမျက်နှာ ၉-၁၃ မှာပါတဲ့အကြောင်းအရာရဲ့ နားလည်မှုအသစ်ဖြစ်ပါတယ်။

^ အပိုဒ်၊ 17 ဒါက ဇာတိဂျူးတွေကို ပုံဆောင်လူမျိုးအသစ်မှာပါဝင်ဖို့ အခွင့်အရေးပေးတဲ့ သုံးနှစ်ခွဲအဆုံးဖြစ်တယ်။ ဒီလိုဖြစ်မယ်ဆိုတာကို သီတင်း ၇၀ ပရောဖက်ပြုချက်မှာ ကြိုဟောထားတယ်။—ဒံ ၉:၂၇

သင် မှတ်မိသလား

• မိမိရဲ့ရည်ရွယ်ချက်ကို ယေဟောဝါ ပြည့်စုံစေပုံကနေ ကျွန်ုပ်တို့ ဘာသိရသလဲ။

ရောမ အခန်းကြီး ၁၁ မှာပါတဲ့

သံလွင်ပင်၊

အမြစ်၊

ပင်စည်၊

အကိုင်းအခက်တွေက ဘာကို တင်စားသလဲ။

• ကိုင်းဆက်ခြင်းက ဘာကြောင့် “ပကတိကို မလိုက်” တဲ့နည်းဖြစ်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၄ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

သံလွင်ပင်အရိုင်းကို ကိုင်းဆက်ရခြင်းအကြောင်း

 ▪ လူရှီးယပ်စ် ဂျူးနီးယပ်စ် မာဒရေးတပ်စ် ကော်လျာမီးလာက ပထမရာစုမှာအသက်ရှင်ခဲ့တဲ့ ရောမစစ်သား၊ စိုက်ပျိုးရေးသမားတစ်ဦးဖြစ်တယ်။ သူရေးခဲ့တဲ့ ကျေးလက်ဘဝ၊ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ စာအုပ် ၁၂ အုပ်ကြောင့် နာမည်ကျော်ကြားခဲ့တယ်။

ငါးအုပ်မြောက်စာအုပ်မှာ ဒီရှေးစကားပုံတစ်ခုကို ကိုးကားထားတယ်– “သံလွင်ပင်စိုက်ရင် အသီးကိုမျှော်လင့်တယ်၊ မြေသြဇာကျွေးရင် အသီးသီးစေချင်တယ်၊ သံလွင်ကိုင်းချိုင်တာက အသီးသီးအောင် လုပ်တာဖြစ်တယ်။”

အပင်သန်ပေမဲ့ အသီးမသီးတဲ့အပင်တွေအကြောင်း ပြောပြီးတဲ့နောက် ဒီလိုနည်းလမ်းပေးခဲ့တယ်– “ကိရိယာတစ်ခုကိုသုံးပြီး သံလွင်ပင်အယဉ်ရဲ့ကိုင်းကို အခေါင်းပေါက်ဖြစ်အောင်ထွင်း၊ သံလွင်အရိုင်းရဲ့ကိုင်းကို အခေါင်းပေါက်ထဲထည့်ဆက်ပြီး တင်းတင်းစည်းရမယ်။ အဲဒီလိုလုပ်ရင် အသီးတွေ လှိုင်လှိုင်သီးလာမှာဖြစ်တယ်။”

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

ပုံဆောင်သံလွင်ပင်ပုံဥပမာကို သင် နားလည်သလား