မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားခြင်းက လုံခြုံမှုခံစားရစေ

ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားခြင်းက လုံခြုံမှုခံစားရစေ

ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားခြင်းက လုံခြုံမှုခံစားရစေ

‘ငါ ခေါ်၍လျှောက်သောအခါ ယေဟောဝါသည် နားထောင်တော်မူလိမ့်မည်။’—ဆာ. ၄:၃

၁၊ ၂။ (က) ဒါဝိဒ် ဘယ်ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရသလဲ။ (ခ) ဘယ်ဆာလံကို သုံးသပ်ကြမလဲ။

ဘုရင်ဒါဝိဒ် အစ္စရေးလူမျိုးကို အုပ်ချုပ်ခဲ့တာ အချိန်အတော်ကြာပြီ၊ ဒါပေမဲ့ အခု သူ ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတယ်။ သူ့ရဲ့ အကြံကြီးတဲ့သား အဗရှလုံက သူ့ကိုယ်သူ ဘုရင်အဖြစ်ကြေညာခဲ့လို့ ဒါဝိဒ်က ဂျေရုဆလင်ကနေ ထွက်ပြေးနေရတယ်။ ဒါ့အပြင် သူယုံကြည်ရတဲ့ လူယုံတော်ရဲ့ သစ္စာဖောက်ခြင်းကိုလည်း ခံရတယ်။ အခု ဘုရင်ဒါဝိဒ်ဟာ ငိုကြွေးနေရင်း သူ့အပေါ်သစ္စာရှိသူအနည်းငယ်နဲ့အတူ ခြေဗလာနဲ့ သံလွင်တောင်ပေါ် တက်သွားတယ်။ ဒါ့အပြင် ဘုရင်ရှောလုနဲ့ဆွေမျိုးတော်တဲ့ ရှိမိက ဒါဝိဒ်ကို ကျောက်ခဲနဲ့ပေါက်၊ မြေမှုန့်နဲ့ပက်ပြီး ကျိန်ဆဲခဲ့တယ်။—၂ ရာ. ၁၅:၃၀၊ ၃၁; ၁၆:၅-၁၄

ဒီအဖြစ်ဆိုးကြောင့် ဒါဝိဒ် ဝမ်းနည်း၊ အရှက်ကွဲပြီး သေသွားသလား။ မသေပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူယေဟောဝါကို ယုံကြည်ကိုးစားလို့ပဲ။ အဗရှလုံကြောင့် သူထွက်ပြေးရတဲ့အချိန်မှာ စပ်ဆိုခဲ့တဲ့ ဆာလံအခန်းကြီး ၃ မှာ ဒီအချက်ကို အထင်အရှားတွေ့ရတယ်။ ဆာလံအခန်းကြီး ၄ ကိုလည်း သူရေးခဲ့တယ်။ ဒီအခန်းကြီးနှစ်ခုစလုံးမှာ ဘုရားသခင်က ဆုတောင်းချက်တွေကို နားထောင်ပြီး ဖြေကြားပေးတယ်ဆိုတာ ယုံကြည်စိတ်ချကြောင်း ဖော်ပြထားတယ်။ (ဆာ. ၃:၄; ၄:၃) ဒီဆာလံကျမ်းက ယေဟောဝါဟာ မိမိရဲ့သစ္စာရှိကျွန်တွေကို ထောက်မပေးပြီး ငြိမ်သက်မှု၊ လုံခြုံမှုခံစားရစေခြင်းအားဖြင့် သူတို့နဲ့ နေ့ညမပြတ်အတူရှိတယ်ဆိုတာ ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချစေတယ်။ (ဆာ. ၃:၅; ၄:၈) ဒါကြောင့် ဒီဆာလံကျမ်းကိုသုံးသပ်ပြီး ဒီကျမ်းချက်တွေက ဘုရားသခင်ကို ယုံကြည်စိတ်ချ၊ ကိုးစားဖို့ ဘယ်လိုလှုံ့ဆော်ပေးတယ်ဆိုတာ ကြည့်ကြစို့။

“အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့သည် များ” သောအခါ

၃။ ဆာလံ ၃:၁၊ ၂ အရ ဒါဝိဒ်ရဲ့အခြေအနေ ဘယ်လိုရှိသလဲ။

“ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် အဗရှလုံဘက်သို့ပါသွားပါပြီ” လို့ လူတစ်ယောက်က လာပြောတယ်။ (၂ ရာ. ၁၅:၁၃) လူအတော်များများက အဗရှလုံနောက်ပါသွားလို့ ဒါဝိဒ် ဒီလိုပြောခဲ့တယ်– ‘အို ယေဟောဝါ၊ အကျွန်ုပ်၏ရန်သူတို့သည် အလွန်တိုးပွား၍ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့သည် များကြပါ၏။ “သူသည် ဘုရားသခင်ကိုအမှီပြု၍ချမ်းသာမရ” ဟု အကျွန်ုပ်ကိုရည်ဆောင်၍ ပြောသောသူအများရှိကြပါ၏။’ (ဆာ. ၃:၁၊ ၂) ယေဟောဝါက ဒါဝိဒ်ကို အဗရှလုံနဲ့ သူ့ကိုထောက်ခံသူတွေရဲ့လက်ကနေ ကယ်တင်မှာမဟုတ်ဘူးလို့ အစ္စရေးလူအတော်များများက ထင်ခဲ့ကြတယ်။

၄၊ ၅။ (က) ဒါဝိဒ် ဘာကိုစိတ်ချခဲ့သလဲ။ (ခ) “အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသောအရှင်” ဆိုတဲ့အဓိပ္ပာယ်ကဘာလဲ။

ဒါပေမဲ့ ဒါဝိဒ်က ဘုရားသခင်ကို လုံးလုံးကိုးစားတဲ့အတွက် သူကယ်တင်ခံရမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ သူ ဒီလိုသီဆိုခဲ့တယ်– ‘သို့သော်လည်း အိုယေဟောဝါ ကိုယ်တော်သည် အကျွန်ုပ်ပတ်လည်၌ ဒိုင်းလွှားဖြစ်တော်မူပါ၏။ အကျွန်ုပ်၏ဘုန်း၊ အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသောအရှင်ဖြစ်တော်မူပါ၏။’ (ဆာ. ၃:၃သမ္မာ) ဒိုင်းလွှားက စစ်သားတစ်ဦးကို ကာကွယ်ပေးသလို ယေဟောဝါ သူ့ကိုကာကွယ်မယ်လို့ ဒါဝိဒ် ယုံကြည်စိတ်ချတယ်။ အသက်ကြီးနေတဲ့ဘုရင်က ဦးခေါင်းကိုဖုံးအုပ်ပြီး ခေါင်းငိုက်စိုက်နဲ့ အရှက်တကွဲ ထွက်ပြေးခဲ့ရတာ မှန်ပါတယ်။ ဒါပေမဲ့ အကြီးမြတ်ဆုံးအရှင်က ဒါဝိဒ်ကို ချီးမြှောက်ခံရတဲ့အခြေအနေရောက်အောင် ပြန်လုပ်ဆောင်ပေးမှာဖြစ်တယ်။ ဒါဝိဒ် ခေါင်းငိုက်စိုက်ကျနေရာကနေ ပြန်မော့လာပြီး မတ်မတ်ရပ်နိုင်အောင် ယေဟောဝါ လုပ်ဆောင်ပေးမယ်။ သူ့ဆုတောင်းချက်တွေကို ဘုရားသခင်ဖြေကြားမယ်ဆိုတာ ဒါဝိဒ်သိတယ်။ သင်လည်း ယေဟောဝါအပေါ် ဒီလိုယုံကြည်စိတ်ချမှုမျိုး တင်ပြသလား။

ယေဟောဝါကူညီမယ်ဆိုတာ ဒါဝိဒ်သိကြောင်း “အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသောအရှင်” ဆိုတဲ့စကားအရ သိရတယ်။ ခေတ်သုံးမြန်မာသမ္မာကျမ်းမှာ ဒီလိုဖတ်ရတယ်– ‘သို့ရာတွင် အို၊ ထာဝရဘုရားသခင် ကိုယ်တော်သည် ဒိုင်းလွှားသဖွယ် ကျွန်တော်မျိုးအား ဘေးရန်များမှ အစဉ်ကွယ်ကာတော်မူပါ၏။ ကိုယ်တော်သည် ကျွန်တော်မျိုးအား အောင်ပွဲကိုပေးတော်မူလျက် ရဲစွမ်းသတ္တိနှင့် ပြန်လည်ပြည့်ဝစေတော်မူပါ၏။’ “အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသောအရှင်” ဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်ပြီး နောက်စာအုပ်တစ်အုပ်က “လူတစ်ယောက်ရဲ့ ‘ဦးခေါင်း’ ကို ဘုရားသခင်ချီကြွတဲ့အခါ သူ မျှော်လင့်ချက်နဲ့ ယုံကြည်စိတ်ချမှုရှိလာတယ်” လို့ဖော်ပြတယ်။ နန်းတော်ကနေ ထွက်ပြေးရတဲ့အတွက် ဒါဝိဒ် စိတ်ပျက်ခဲ့မှာပဲ။ ဒါပေမဲ့ ‘သူ့ဦးခေါင်း ချီကြွ’ ခံရတဲ့အတွက် သူ ရဲစွမ်းသတ္တိ​နဲ့ ယုံကြည်စိတ်ချမှု ပြန်ရှိလာပြီး ဘုရားသခင်ကို အပြည့်အဝကိုးစားမှာဖြစ်တယ်။

‘ယေဟောဝါ နားထောင်တော်မူ၏’

၆။ သူ့ရဲ့ဆုတောင်းချက်ကို ယေဟောဝါရဲ့သန့်ရှင်းသောတောင်တော်ပေါ်မှာ နားထောင်တော်မူပါလို့ ဒါဝိဒ် ဘာကြောင့်ပြောခဲ့တာလဲ။

ဒါဝိဒ်က ယေဟောဝါကိုကိုးစားပြီး ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဒီလိုဆက်ပြောခဲ့တယ်– ‘ငါသည် ယေဟောဝါထံသို့ အသံကိုလွှင့်၍အော်ဟစ်သောအခါ သန့်ရှင်းသောတောင်တော်ပေါ်မှာ နားထောင်တော်မူ၏။’ (ဆာ. ၃:၄) ဘုရားသခင်ရောက်ရှိနေခြင်းကို ပုံတင်ပြတဲ့ သေတ္တာတော်ကို ဒါဝိဒ်ရဲ့အမိန့်နဲ့ ဇိအုန်တောင်ပေါ် ပြန်ပို့ခဲ့တယ်။ (၂ ရာ. ၁၅:၂၃-၂၅ ကိုဖတ်ပါ။) ဒါကြောင့် သူ့ရဲ့ဆုတောင်းချက်ကို ယေဟောဝါရဲ့သန့်ရှင်းသောတောင်တော်ပေါ်မှာ နားထောင်တော်မူ၏လို့ပြောတာ သင့်လျော်ပါတယ်။

၇။ ဒါဝိဒ် ဘာကြောင့် တွေးပြီး မကြောက်ခဲ့သလဲ။

ဆုတောင်းချက်တွေက အချည်းနှီးမဖြစ်ဘူးဆိုတာ သေချာတဲ့အတွက် ဒါဝိဒ် တွေးပြီး ကြောက်မနေဘူး။ အဲဒီအစား သူဒီလို သီဆိုခဲ့တယ်– ‘ယေဟောဝါသည် ငါ့ကိုမစတော်မူသောကြောင့် ငါသည်အိပ်၍ပျော်ခြင်းအခွင့်နှင့် နှိုးခြင်းအခွင့်ရှိ၏။’ (ဆာ. ၃:၅) ညဘက်မှာ အလစ်ချောင်းတိုက်ခိုက်ခံရနိုင်တဲ့အန္တရာယ်ရှိပေမဲ့ အိပ်ရမှာကို ဒါဝိဒ်မကြောက်ခဲ့ဘူး။ ဘုရားသခင် သူ့ကို မပျက်မကွက်ကူညီထောက်မမယ်ဆိုတာ သူ့ရဲ့ကိုယ်တွေ့ဖြစ်ရပ်တွေကနေသိရလို့ နှိုးခြင်းအခွင့်ရှိမယ်ဆိုတာ သူသေချာသိခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့လည်း ‘ယေဟောဝါ၏လမ်းတော်’ မှာစွဲမြဲပြီး ကိုယ်တော့်ထံကနေ ဘယ်တော့မှလှည့်ထွက်မသွားရင် အလားတူခံစားရနိုင်ပါတယ်။—၂ ရာ. ၂၂:၂၁၊ ၂၂ ကိုဖတ်ပါ။

၈။ ဘုရားသခင်အပေါ် ဒါဝိဒ်ရဲ့ယုံကြည်ကိုးစားမှုကို ဆာလံ ၂၇:၁-၄ မှာဘယ်လိုဖော်ပြထားသလဲ။

ဘုရားသခင်အပေါ် ဒါဝိဒ်ရဲ့ယုံကြည်စိတ်ချမှုနဲ့ အကြွင်းမဲ့ကိုးစားမှုကို နောက်ဆာလံကျမ်းတစ်ချက်မှာလည်း တွေ့ရတယ်။ အဲဒီမှာ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– ‘ယေဟောဝါသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုကြောက်ရအံ့နည်း။ ယေဟောဝါသည် ငါ၏အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုကြောက်လန့်ရအံ့နည်း။ ငါ့တစ်ဖက်၌တပ်ချကြသော်လည်း ငါ့နှလုံးမကြောက်တတ်။ ယေဟောဝါ၏ တင့်တယ်ခြင်းအသရေတော်ကိုဖူးမြင်၍ ဝတ်ပြုရာအိမ်တော်၌မွေ့လျော်ခြင်းအလိုငှာ ကိုယ်တော့်အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ယေဟောဝါ၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကိုရှာရဦးမည်။’ (ဆာ. ၂၇:၁-၄) ဒီစိတ်သဘောထားမျိုး သင့်မှာရှိပြီး အခြေအနေက ခွင့်ပြုမယ်ဆိုရင် ယေဟောဝါကိုဝတ်ပြုတဲ့ ယုံကြည်သူချင်းတွေနဲ့အတူ အစည်းအဝေးမှန်မှန်တက်ရောက်မှာဖြစ်တယ်။—ဟေဗြဲ ၁၀:၂၃-၂၅

၉၊ ၁၀။ ဆာလံ ၃:၆၊ ၇ အရ ဒါဝိဒ်မှာ အငြိုးထားတဲ့စိတ်မရှိဘူးလို့ ဘာကြောင့်ပြောနိုင်သလဲ။

အဗရှလုံနဲ့ တခြားသူတွေရဲ့ သစ္စာဖောက်မှုကို ဒါဝိဒ်ခံခဲ့ရပေမဲ့ သူဒီလိုသီဆိုတယ်– ‘ငါ့ကိုရန်ဘက်ပြု၍ ဝန်းရံသောသူအထောင်အသောင်းကို ငါမကြောက်ဘဲနေမည်။ အို ယေဟောဝါ ထတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင် အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ ရန်သူတို့၏ပါးရိုးကိုရိုက်၍ မတရားသောသူတို့၏သွားကို ချိုးတော်မူ၏။” ဆာ. ၃:၆၊ ၇

၁၀ ဒါဝိဒ်မှာ အငြိုးထားတဲ့စိတ် မရှိဘူး။ သူ့ရန်သူတွေ ‘ပါးရိုး ရိုက်’ ခံရတယ်ဆိုရင် ဒါက ဘုရားသခင်လုပ်တာဖြစ်တယ်။ ဒါဝိဒ်က ပညတ်တရားကို ကိုယ်တိုင်ကူးရေးခဲ့တဲ့အတွက် ယေဟောဝါရဲ့ ဒီမိန့်တော်မူချက်ကို သူသိရှိထားတယ်– “အပြစ်တရားကိုစီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသောအခွင့်ကို ငါပိုင်၏။” (တရား. ၁၇:၁၄၊ ၁၅၊ ၁၈; ၃၂:၃၅) “မတရားသောသူတို့၏သွားကို ချိုး” တာကလည်း ဘုရားသခင်ပဲ လုပ်ဆောင်မှာဖြစ်တယ်။ သူတို့ရဲ့သွားကိုချိုးတယ်ဆိုတာက သူတို့မှာ အန္တရာယ်ပေးနိုင်စွမ်းမရှိတော့တာကို ဆိုလိုတယ်။ ယေဟောဝါက “နှလုံးကိုကြည့်ရှုတတ်” တဲ့အတွက် ဘယ်သူက မတရားသောသူဖြစ်တယ်ဆိုတာကို ကိုယ်တော်သိတယ်။ (၁ ရာ. ၁၆:၇) ဆိုးညစ်သူဖြစ်တဲ့ စာတန်ကို ခုခံတွန်းလှန်ဖို့ ဘုရားသခင် ကျွန်ုပ်တို့ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတဲ့အတွက် အလွန်ကျေးဇူးတင်ကြတယ်၊ စာတန်က မကြာခင်မှာ တွင်းနက်ကြီးထဲပစ်ချခံရပြီး ဖျက်ဆီးခံရမှာဖြစ်တဲ့အတွက် သွားမရှိဘဲ ဟိန်းဟောက်နေတဲ့ခြင်္သေ့နဲ့ တူပါလိမ့်မယ်။—၁ ပေ. ၅:၈၊ ၉; ဗျာ. ၂၀:၁၊ ၂၊ ၇-၁၀

‘ကယ်တင်ခြင်းသည် ယေဟောဝါနှင့်စပ်ဆိုင်’

၁၁။ ယုံကြည်သူချင်းတွေအတွက် ကျွန်ုပ်တို့ ဘာကြောင့် ဆုတောင်းပေးသင့်သလဲ။

၁၁ ယေဟောဝါတစ်ပါးတည်းကသာ သူအလွန်လိုအပ်တဲ့ အကူအညီကို ပေးနိုင်တယ်ဆိုတာ ဒါဝိဒ်သိထားတယ်။ ဒါပေမဲ့ ဆာလံဆရာက သူ့အတွက်ပဲ မစဉ်းစားခဲ့ဘူး။ ယေဟောဝါမျက်နှာသာရလူမျိုးအတွက်ကော ဘယ်လိုလဲ။ စွမ်းအားတော်တိုက်တွန်းမှုကြောင့် စပ်ဆိုခဲ့တဲ့သီချင်းကို ဒီစကားနဲ့ နိဂုံးချုပ်လိုက်တယ်– ‘ကယ်တင်တော်မူခြင်းအမှုသည် ယေဟောဝါနှင့် စပ်ဆိုင်ပါ၏။ ကောင်းချီးမင်္ဂလာတော်သည် ကိုယ်တော်၏လူတို့အပေါ်၌ ရှိပါစေသော။’ (ဆာ. ၃:၈သမ္မာ) ဒါဝိဒ်မှာ ကြီးလေးတဲ့ပြဿနာတွေရှိတာမှန်ပေမဲ့ သူ့စိတ်ထဲမှာ ယေဟောဝါရဲ့လူမျိုးရှိနေပြီး သူတို့ကို ဘုရားသခင် ကောင်းချီးပေးမယ်ဆိုတာ စိတ်ချခဲ့တယ်။ ကျွန်ုပ်တို့လည်း ယုံကြည်သူချင်းတွေကို သတိရသင့်တယ်မဟုတ်လား။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်မှာ သူတို့တွေ သတင်းကောင်းကို ရဲစွမ်းသတ္တိရှိရှိ၊ ယုံကြည်စိတ်ချစွာဟောနိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော်ပေးပါလို့ ထည့်ဆုတောင်းကြစို့။—ဧ. ၆:၁၇-၂၀

၁၂၊ ၁၃။ အဗရှလုံ ဘာဖြစ်ခဲ့သလဲ၊ ဒါဝိဒ်ဘယ်လို တုံ့ပြန်ခဲ့သလဲ။

၁၂ အဗရှလုံရဲ့ အရှက်တကွဲ ဇာတ်သိမ်းခဲ့ရတဲ့အဖြစ်ဆိုးက တခြားသူတွေ၊ အထူးသဖြင့် ဒါဝိဒ်လို ဘုရားသခင်ခန့်အပ်ထားတဲ့သူတွေကို မလေးမခန့်ဆက်ဆံတဲ့သူအားလုံးအတွက် သတိပေးချက်ဖြစ်တယ်။ (သု. ၃:၃၁-၃၅ ကိုဖတ်ပါ။) တိုက်ပွဲဖြစ်ပွားပြီး အဗရှလုံရဲ့စစ်တပ် ရှုံးနိမ့်ခဲ့တယ်။ အဗရှလုံကတော့ မြည်းစီးပြီးထွက်ပြေးတဲ့အခါ သူ့ရဲ့ထူထဲသန်မာတဲ့ဆံပင်က သစ်ကိုင်းမှာငြိသွားတယ်။ ဒါနဲ့ သူတွဲလဲဖြစ်နေပြီး ဘာမှမတတ်နိုင်တဲ့အခြေအနေမှာ ယွာဘက လှံသုံးစင်းနဲ့ပစ်လိုက်လို့ သူသေသွားတယ်။—၂ ရာ. ၁၈:၆-၁၇

၁၃ သူ့သား တိုက်ပွဲမှာကျဆုံးသွားတဲ့အကြောင်း ဒါဝိဒ်ကြားတဲ့အခါ ဝမ်းသာခဲ့သလား။ ဝမ်းမသာခဲ့ဘူး။ အဲဒီအစား သူ ဆောက်တည်ရာမရ လူးလာခေါက်ပြန်လျှောက်ပြီး “အို ငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သား အဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သား” လို့ပြောပြီး ငိုကြွေးခဲ့တယ်။ (၂ ရာ. ၁၈:၂၄-၃၃) ယွာဘပြောလိုက်တဲ့စကားကြောင့်သာ သူ ပြန်တည်ငြိမ်လာတယ်။ ရည်မှန်းချက်ကြီးပြီး ဘာမှမမြင်တော့တဲ့အတွက် ယေဟောဝါ ဘုရင်အဖြစ်ခန့်အပ်ထားတဲ့ ဖခင်ရင်းကို ပုန်ကန်ပြီး မိမိကိုယ်ကို ဒုက္ခရောက်စေခဲ့တဲ့ အဗရှလုံရဲ့ဇာတ်သိမ်းက ဝမ်းနည်းစရာကောင်းလှပါတယ်။—၂ ရာ. ၁၉:၁-၈; သု. ၁၂:၂၁; ၂၄:၂၁၊ ၂၂

ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း ဒါဝိဒ် တစ်ဖန်တင်ပြခဲ့

၁၄။ ဆာလံအခန်းကြီး ၄ စပ်ဆိုခြင်းနဲ့ပတ်သက်ပြီး ဘာပြောနိုင်သလဲ။

၁၄ ဆာလံအခန်းကြီး ၃ လိုပဲ အခန်းကြီး ၄ က ယေဟောဝါကို ဒါဝိဒ်အပြည့်အဝယုံကြည်ကိုးစားကြောင်းဖော်ပြတဲ့ လှိုက်လှဲတဲ့ဆုတောင်းချက်ဖြစ်တယ်။ (ဆာ. ၃:၄; ၄:၃) အဗရှလုံရဲ့အာဏာသိမ်းမှု ပျက်ပြားသွားပြီးနောက်ပိုင်းမှာ သူခံစားရတဲ့ စိတ်သက်သာမှုနဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြဖို့ ဒီသီချင်းကို ဒါဝိဒ်ရေးစပ်ခဲ့ပုံရတယ်။ ဒါမှမဟုတ် လေဝိသီချင်းသည်တွေကို စိတ်ထဲထားပြီး ရေးခဲ့တာလည်းဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ ဒီသီချင်းကိုတွေးတောဆင်ခြင်ခြင်းက ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ကိုးစားမှုကို ပိုခိုင်ခံ့စေနိုင်တယ်။

၁၅။ ကျွန်ုပ်တို့က ဘာကြောင့် ကိုယ်တော့်သားတော်ကတစ်ဆင့် စိတ်ချလက်ချဆုတောင်းသင့်သလဲ။

၁၅ ဒါဝိဒ်က ဘုရားသခင်ကိုအကြွင်းမဲ့ကိုးစားကြောင်း၊ ဘုရားသခင်က သူ့ရဲ့ဆုတောင်းချက်ကိုနားထောင်ပြီး ဖြေကြားပေးမှာကို ယုံကြည်စိတ်ချကြောင်း ထပ်မံတင်ပြခဲ့တယ်။ သူဒီလို သီဆိုခဲ့တယ်– ‘အကျွန်ုပ်ကို ဖြောင့်မတ်စေတော်မူသောဘုရားသခင် အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲစဉ်တွင် ကိုယ်တော်သည် ချမ်းသာပေးတော်မူပါပြီ။ ယခုလည်း သနား၍ အကျွန်ုပ်၏ဆုတောင်းစကားကို နားထောင်တော်မူပါ။’ (ဆာ. ၄:၁) ကျွန်ုပ်တို့လည်း ဖြောင့်မတ်ခြင်းတရားအတိုင်းနေထိုင်မယ်ဆိုရင် အလားတူယုံကြည်စိတ်ချနိုင်ပါတယ်။ ဖြောင့်မတ်တဲ့ဘုရားသခင် ယေဟောဝါက ဖြောင့်မတ်တဲ့သူတွေကို ကောင်းချီးပေးတယ်ဆိုတာ သိထားတဲ့အတွက် ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုယုံကြည်ပြီး သားတော်ကတစ်ဆင့် စိတ်ချလက်ချဆုတောင်းနိုင်ပါတယ်။ (ယော. ၃:၁၆၊ ၃၆) ဒီအချက်က ကျွန်ုပ်တို့ကို စိတ်ငြိမ်သက်မှု ခံစားရစေပါတယ်။

၁၆။ ဒါဝိဒ်စိတ်ဓာတ်ကျတာ ဘာကြောင့် ဖြစ်နိုင်သလဲ။

၁၆ တစ်ခါတစ်ရံ ကျွန်ုပ်တို့က ဘုရားသခင်ကို ယုံကြည်စိတ်ချမှုပျောက်ဆုံးသွားတဲ့အထိ စိတ်ပျက်စရာအခြေအနေတစ်မျိုးနဲ့ ကြုံတွေ့ရနိုင်တယ်။ ဒါဝိဒ်လည်း ခဏတာ အဲဒီလိုဖြစ်ခဲ့ဖူးတယ်၊ သူဒီလိုသီဆိုခဲ့တယ်– “အချင်းလူတို့၊ သင်တို့သည် အဘယ်ကာလတိုင်အောင် ငါ့အားစော်ကားကြမည်နည်း။ အဘယ်ကာလတိုင်အောင် သင်တို့သည် အကျိုးမရှိသည့်အရာကို နှစ်သက်၍ အမှားနောက်သို့ လိုက်ကြမည်နည်း။” (ဆာ. ၄:၂ခမ) “အချင်းလူတို့” ဆိုတဲ့စကားက လူတွေအပေါ် သိပ်အမြင်မကြည်လင်ကြောင်း ဖော်ပြတဲ့အသုံးအနှုန်းဖြစ်တယ်။ ဒါဝိဒ်ရဲ့ရန်သူတွေက “အကျိုးမရှိသည့်အရာကို” နှစ်သက်ကြတယ်။ နောက်ကျမ်းတစ်စောင် (New International Version) က ဒီလိုပြန်ဆိုတယ်– “အဘယ်ကာလတိုင်အောင် လှည့်စားမှုများကိုနှစ်သက်၍ မှားယွင်းသောဘုရားသခင်များကို ရှာနေကြမည်နည်း။” တခြားသူတွေရဲ့လုပ်ရပ်ကြောင့် ကျွန်ုပ်တို့ စိတ်ဓာတ်ကျနေရင်တောင် စိတ်အားထက်သန်စွာဆုတောင်းပြီး စစ်မှန်တဲ့ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်စိတ်ချကြောင်း ဆက်တင်ပြကြပါစို့။

၁၇။ ဆာလံ ၄:၃ နဲ့အညီ ကျွန်ုပ်တို့ ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာ ရှင်းပြပါ။

၁၇ ဘုရားသခင်အပေါ် ဒါဝိဒ်ရဲ့ယုံကြည်ကိုးစားမှုကို ဒီစကားတွေမှာ အထင်အရှားတွေ့ရတယ်– ‘ယေဟောဝါသည် မိမိသန့်ရှင်းသူကို ရွေးထားတော်မူသည်ကို သိမှတ်ကြလော့။ ငါ ခေါ်၍လျှောက်သောအခါ ယေဟောဝါသည် နားထောင်တော်မူလိမ့်မည်။’ (ဆာ. ၄:၃) ယေဟောဝါအပေါ် ဆက်တည်ကြည်နိုင်ဖို့ ဒါမှမဟုတ် ယေဟောဝါရွေးချယ်ထားတဲ့ သန့်ရှင်းသူတွေဖြစ်ဖို့ ရဲစွမ်းသတ္တိ​နဲ့ အကြွင်းမဲ့ယုံကြည်ကိုးစားမှု လိုအပ်တယ်။ ဥပမာ၊ နောင်တမရတဲ့ဆွေမျိုးတစ်ဦး နှင်ထုတ်ခံထားရတဲ့ ခရစ်ယာန်မိသားစုက ဒီအရည်အသွေးတွေ ရှိဖို့လိုတယ်။ ကိုယ်တော်နဲ့ ကိုယ်တော့်နည်းလမ်းတွေအပေါ် တည်ကြည်သူတွေ၊ သန့်ရှင်းသူတွေကို ဘုရားသခင်ကောင်းချီးပေးတယ်။ ယေဟောဝါအပေါ်တည်ကြည်ပြီး အကြွင်းမဲ့ယုံကြည်ကိုးစားခြင်းကြောင့် ကိုယ်တော့်လူမျိုးအလယ်မှာ ရွှင်လန်းမှုတိုးပွားလာတယ်။—ဆာ. ၈၄:၁၁၊ ၁၂

၁၈။ ဆာလံ ၄:၄ အရ မစာမနာပြောဆို၊ ပြုမူခံရတဲ့အခါ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။

၁၈ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို စိတ်ပျက်အောင် ပြောဆို၊ ပြုမူတယ် ဆိုရင်ကော။ ဒါဝိဒ်ပြောတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် ဆက်ရွှင်လန်းနိုင်ပါတယ်– ‘ကြောက်ရွံ့တုန်လှုပ်၍ အပြစ်ကိုရှောင်ကြလော့။ အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးစဉ်းစား၍ တိတ်ဆိတ်ခြင်းရှိကြလော့။’ (ဆာ. ၄:၄) မစာမနာပြောဆိုခံရ၊ ပြုမူခံရတယ်ဆိုရင် လက်စားမချေခြင်းအားဖြင့် အပြစ်မပြုဘဲနေကြစို့။ (ရော. ၁၂:၁၇-၁၉) ကျွန်ုပ်တို့ရဲ့ခံစားချက်တွေကို အိပ်ရာပေါ်ကနေပြီး ယေဟောဝါထံ ရင်ဖွင့်ဆုတောင်းနိုင်ပါတယ်။ ကြုံတွေ့နေရတဲ့ကိစ္စကို ဆုတောင်းတဲ့အခါ ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံ ပြောင်းသွားနိုင်ပြီး မေတ္တာနဲ့ခွင့်လွှတ်ဖို့ လှုံ့ဆော်ခံရနိုင်ပါတယ်။ (၁ ပေ. ၄:၈) ဒီကိစ္စနဲ့ပတ်သက်ပြီး ဆာလံ ၄:၄ အပေါ်အခြေခံထားပုံရတဲ့ တမန်တော်ပေါလုရဲ့ အကြံပြုချက်က မှတ်သားထိုက်ပါတယ်– ‘ဒေါသထွက်လျှင်လည်း အပြစ်မပြုနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကို အခွင့်မပေးကြနှင့်။’—ဧ. ၄:၂၆၊ ၂၇

၁၉။ ဆာလံ ၄:၅ အရ ဘုရားသခင်လက်ခံတဲ့ဝတ်ပြုရေးဖြစ်ဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

၁၉ ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ လိုအပ်ကြောင်းအလေးပေးပြီး ဒါဝိဒ် ဒီလိုသီဆိုခဲ့တယ်– ‘တရားသဖြင့် ပူဇော်ရာယဇ်များကိုဆက်သ၍ ယေဟောဝါကိုကိုးစားကြလော့။’ (ဆာ. ၄:၅) အစ္စရေးလူမျိုးတွေမှာ မှန်ကန်တဲ့သဘောထားရှိမှသာ သူတို့ရဲ့ပူဇော်ရာယဇ်တွေက တန်ဖိုးရှိမှာဖြစ်တယ်။ (ဟေရှာ. ၁:၁၁-၁၇) ကျွန်ုပ်တို့ရဲ့ဝတ်ပြုမှုကို ဘုရားသခင်လက်ခံဖို့ ကျွန်ုပ်တို့လည်း မှန်ကန်တဲ့သဘောထားရှိပြီး ကိုယ်တော့်အပေါ် အကြွင်းမဲ့ယုံကြည်ကိုးစားရမှာဖြစ်တယ်။—သု. ၃:၅၊ ၆; ဟေဗြဲ ၁၃:၁၅၊ ၁၆ တို့ကိုဖတ်ပါ။

၂၀။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ဘာအကျိုးတွေ ခံစားရစေသလဲ။

၂၀ ဒါဝိဒ် ဒီလိုဆက်သီဆိုခဲ့တယ်– ‘ကောင်းမွန်သောအရာကို ငါတို့အား အဘယ်သူပြမည်နည်းဟု မေးတတ်သောသူအများရှိပါသည်ဖြစ်၍ အိုယေဟောဝါ၊ မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ။’ (ဆာ. ၄:၆) ‘ယေဟောဝါရဲ့မျက်နှာတော်အလင်း’ က ဘုရားသခင့်မျက်နှာသာကို ဆိုလိုတယ်။ (ဆာ. ၈၉:၁၅၊ ၁၆) “မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ်မှာ ပေါ်ထွန်းစေတော်မူပါ” လို့ ဒါဝိဒ်ဆုတောင်းခြင်းက ‘ဘုရားသခင့်မျက်နှာသာ ပေးပါ’ လို့ တောင်းလျှောက်ခြင်းဖြစ်တယ်။ ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်ကိုးစားတဲ့အတွက် ကိုယ်တော့်အလိုတော်ကို လုပ်ဆောင်နေသရွေ့ ကိုယ်တော့်မျက်နှာသာရပြီး ရွှင်လန်းမှုခံစားကြရတယ်။

၂၁။ ရိတ်သိမ်းခြင်းလုပ်ငန်းမှာ အပြည့်အဝပါဝင်မယ်ဆိုရင် ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။

၂၁ ဘုရားသခင်ပေးမယ့်ရွှင်လန်းမှုက ရိတ်သိမ်းချိန်မှာရရှိတဲ့ ရွှင်လန်းမှုထက်သာလွန်ကြောင်း ဒါဝိဒ် ဒီလိုသီဆိုခဲ့တယ်– “သူတို့၌ ဆန်စပါး၊ စပျစ်ရည်ပေါများ၍ သူတို့ဝမ်းမြောက်ခြင်းရှိသည်ထက် အကျွန်ုပ်ကိုသာ၍ ဝမ်းမြောက်စေတော်မူ၏။” (ဆာ. ၄:၇) ကျွန်ုပ်တို့က ဟောပြောခြင်းလုပ်ငန်းမှာ အပြည့်အဝပါဝင်နေမယ်ဆိုရင် စစ်မှန်တဲ့ရွှင်လန်းမှု ခံစားရမယ်ဆိုတာ သေချာတယ်။ (လု. ၁၀:၂) ယခုအချိန်မှာ ‘ရိတ်သိမ်းလုပ်သား’ အရေအတွက် တိုးများလာခြင်းကြောင့် စွမ်းအားတော်သွန်းလောင်းခံရတဲ့ ဦးဆောင်နေသူ “အမျိုးသား” တွေနဲ့အတူ ကျွန်ုပ်တို့ ဝမ်းမြောက်ကြတယ်။ (ဟေရှာ. ၉:၃) ဒီရွှင်လန်းဖွယ် ရိတ်သိမ်းခြင်းလုပ်ငန်းမှာ ပါဝင်ရတဲ့အတွက် သင် တကယ်ကျေနပ်မှုခံစားရသလား။

ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ကိုးစားပြီး ဆက်လုပ်ဆောင်နေပါ

၂၂။ ဆာလံ ၄:၈ အရ အစ္စရေးလူမျိုးတွေ ဘုရားသခင့်ပညတ်ကိုလိုက်နာတဲ့အခါ ဘယ်လိုအခြေအနေရှိသလဲ။

၂၂ ဒါဝိဒ်က ဒီဆာလံသီချင်းကို ဒီစကားတွေနဲ့ နိဂုံးချုပ်လိုက်တယ်– ‘ငြိမ်ဝပ်စွာအိပ်၍ပျော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင်ယေဟောဝါသာလျှင် အခွင့်ပေးတော်မူ၏။’ (ဆာ. ၄:၈) အစ္စရေးလူမျိုးက ယေဟောဝါရဲ့ပညတ်ကို လိုက်နာတဲ့အခါ ငြိမ်သက်မှုနဲ့ လုံခြုံမှုခံစားရတယ်။ ဥပမာ၊ ရှောလမုန်အုပ်ချုပ်ချိန်အတွင်းမှာ ‘ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ်စွာနေ’ ခဲ့ကြရတယ်။ (၃ ရာ. ၄:၂၅) အိမ်နီးချင်းနိုင်ငံတွေက ရန်လိုနေပေမဲ့ ဘုရားသခင်ကိုယုံကြည်ကိုးစားသူတွေက ငြိမ်သက်မှုခံစားကြရတယ်။ ဘုရားသခင်ကြောင့် လုံခြုံမှုရှိတယ်လို့ခံစားရတဲ့အတွက် ကျွန်ုပ်တို့လည်း ဒါဝိဒ်လိုပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကြတယ်။

၂၃။ ဘုရားသခင်အပေါ် အကြွင်းမဲ့ယုံကြည်ကိုးစားမယ်ဆိုရင် ဘာခံစားရမလဲ။

၂၃ ယေဟောဝါရဲ့အမှုတော်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဆက်လုပ်ဆောင်ကြစို့။ “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်း” ကို ခံစားရဖို့ ယုံကြည်ခြင်းနဲ့ဆုတောင်းကြစို့။ (ဖိ. ၄:၆၊ ၇) ဒါက ရွှင်လန်းမှု အမှန်ခံစားရစေတယ်။ ဒါ့ပြင် ယေဟောဝါကို ဆက်ပြီးအကြွင်းမဲ့ယုံကြည်ကိုးစားမယ်ဆိုရင် အနာဂတ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ရင်ဆိုင်နိုင်ပါတယ်။

သင် ဘယ်လိုဖြေမလဲ

• အဗရှလုံကြောင့် ဒါဝိဒ် ဘယ်အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ။

ဆာလံ အခန်းကြီး ၃ က ကျွန်ုပ်တို့ရဲ့ ယုံကြည်စိတ်ချမှုကို ဘယ်လိုတိုးပွားစေသလဲ။

ဆာလံ အခန်းကြီး ၄ က ယေဟောဝါအပေါ် ယုံကြည်ကိုးစားမှုကို ဘယ်လိုခိုင်ခံ့စေသလဲ။

• ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ကိုးစားခြင်းကနေ ကျွန်ုပ်တို့ ဘာအကျိုးခံစားရသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၉ ပါရုပ်ပုံ]

အဗရှလုံကြောင့် ထွက်ပြေးနေရချိန်မှာတောင် ယေဟောဝါအပေါ် ဒါဝိဒ်ယုံကြည်ကိုးစားခဲ့

[စာမျက်နှာ ၃၂ ပါရုပ်ပုံ]

ယေဟောဝါအပေါ် သင် အကြွင်းမဲ့ယုံကြည် ကိုးစားသလား