မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါက သင့်ဘဝရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်လား

ယေဟောဝါက သင့်ဘဝရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်လား

ယေဟောဝါက သင့်ဘဝရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်လား

‘ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင်ဖြစ်တော်မူ၏။’—ဆာ. ၈၃:၁၈

၁၊ ၂။ ကျွန်ုပ်တို့ ကယ်တင်ခြင်းရဖို့ ယေဟောဝါရဲ့နာမကိုသိရုံနဲ့ ဘာကြောင့် မလုံလောက်သလဲ။

သင့်ဘဝမှာ ယေဟောဝါဆိုတဲ့ဘုရားသခင်ရဲ့နာမကို ဦးဆုံးအကြိမ်အဖြစ် မြင်ဖူးတာက ယေရမိ ၃၃:၂ ကိုဖတ်ခဲ့ရတဲ့အချိန်ဖြစ်နိုင်တယ်။ ‘ဤအမှုကိုပြုသောဘုရားသခင်၊ ဤအမှုကို ဖန်ဆင်းစီရင်သောဘုရားသခင်၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားသခင်’ ဆိုတဲ့စာသားတွေကိုဖတ်ပြီး သင်အံ့သြမိနိုင်တယ်။ အဲဒီအချိန်ကစပြီး မေတ္တာရှင်ဘုရားသခင် ယေဟောဝါအကြောင်းသိရှိဖို့ တခြားသူတွေကို ကူညီပေးရာမှာ သင် ဒီကျမ်းချက်ကို အသုံးပြုခဲ့မှာသေချာတယ်။—ရော. ၁၀:၁၂၊ ၁၃

ယေဟောဝါရဲ့နာမကို လူတွေသိဖို့ အရေးကြီးပေမဲ့ ဒီတစ်ချက်တည်းနဲ့တော့ မလုံလောက်သေးဘူး။ ကယ်တင်ခြင်းရဖို့အရေးပါတဲ့ နောက်အမှန်တရားတစ်ခုကိုလည်း ဆာလံ ၈၃:၁၈ မှာတွေ့ရတယ်– ‘ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင်ဖြစ်တော်မူ’ ၏။ ယေဟောဝါက အမှန်ပဲ စကြဝဠာတစ်ခွင်လုံးမှာ အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ အရာခပ်သိမ်းကိုဖန်ဆင်းတဲ့ ဖန်ဆင်းရှင်အနေနဲ့ ဖန်ဆင်းခံအရာအားလုံးထံကနေ အကြွင်းမဲ့နာခံမှုကို ကိုယ်တော် တောင်းဆိုပိုင်ခွင့်ရှိတယ်။ (ဗျာ. ၄:၁၁) ဒါကြောင့် ‘ငါ့ဘဝရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်က ဘယ်သူလဲ’ ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးဖို့လိုတယ်။ ဒီမေးခွန်းနဲ့ပတ်သက်တဲ့ သင့်ရဲ့အဖြေက အလွန်အရေးကြီးပါတယ်။

ဧဒင်ဥယျာဉ်မှာ ပေါ်ပေါက်ခဲ့တဲ့အရေးကိစ္စ

၃၊ ၄။ ဧဝကို စာတန် ဘယ်လိုလှည့်ဖြားနိုင်ခဲ့သလဲ၊ ဘာရလဒ်ရခဲ့သလဲ။

ဧဒင်ဥယျာဉ်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ဒီမေးခွန်းရဲ့အရေးကြီးမှုကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်တယ်။ နောက်ပိုင်းမှာစာတန်ဖြစ်လာတဲ့ ပုန်ကန်တဲ့ကောင်းကင်တမန်က အပင်တစ်ပင်ရဲ့အသီးကိုမစားနဲ့ဆိုတဲ့ ယေဟောဝါရဲ့ပညတ်ထက် ကိုယ့်ရဲ့ဆန္ဒကို ဦးစားပေးဖို့ ပထမဆုံးအမျိုးသမီးဖြစ်တဲ့ ဧဝကို လှည့်ဖြားခဲ့တယ်။ (က. ၂:၁၇; ၂ ကော. ၁၁:၃) သူမက ဒီသွေးဆောင်မှုကို အလျှော့ပေးလိုက်ခြင်းအားဖြင့် ယေဟောဝါရဲ့အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို မလေးမခန့်ပြုလုပ်ကြောင်း တင်ပြခဲ့တယ်။ ဧဝက မိမိရဲ့ဘဝမှာ ယေဟောဝါကို အရေးကြီးဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်မပြုခဲ့ဘူး။ ဧဝကို စာတန် ဘယ်လိုလှည့်ဖြားနိုင်ခဲ့သလဲ။

စာတန်က ဧဝနဲ့အပြန်အလှန်စကားပြောချိန်မှာ လှည့်ကွက်မျိုးစုံသုံးခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅ ကိုဖတ်ပါ။) ပထမအချက်အနေနဲ့ စာတန်က ယေဟောဝါဆိုတဲ့နာမကို မသုံးဘဲ “ဘုရားသခင်” လို့ပဲ ပြောခဲ့တယ်။ ဒါပေမဲ့ မူရင်းဟေဗြဲကျမ်းမှာတော့ ကမ္ဘာဦးကျမ်းကိုရေးတဲ့ ကျမ်းရေးသူက ဒီအခန်းကြီးရဲ့ဦးဆုံးအခန်းငယ်မှာပဲ ယေဟောဝါဆိုတဲ့နာမကို သုံးခဲ့တယ်။ ဒါက ဘုရားသခင့်နာမကိုအသုံးပြုဖို့ အရေးကြီးတယ်ဆိုတာ ကျမ်းရေးသူသိကြောင်း ဖော်ပြတယ်။ ဒုတိယ၊ ဘုရားသခင့် “ပညတ်” လို့မပြောဘဲ ဘုရားသခင် “မိန့်တော်မူ” သလောလို့ မေးခဲ့တယ်။ (က. ၂:၁၆၊ ၁၇) စာတန်က ဒီကောက်ကျစ်တဲ့နည်းနဲ့ ဘုရားသခင့်ပညတ်ရဲ့ အရေးကြီးမှုကို ယုတ်လျော့အောင်လုပ်ဖို့ ကြိုးစားခဲ့တာဖြစ်နိုင်တယ်။ တတိယ၊ ဧဝတစ်ယောက်တည်းကိုပဲ စကားပြောနေပေမဲ့ “သင်တို့” ဆိုတဲ့အများကိန်းနာမ်စားကို သုံးခဲ့တယ်။ ဒီလိုနည်းနဲ့ ဧဝကို သူနဲ့သူ့ခင်ပွန်းအတွက် ပြောရေးဆိုခွင့်ရှိတဲ့ အရေးပါသူအဖြစ် စိတ်ကြီးဝင်လာအောင်လုပ်ခဲ့တယ်။ ဘာရလဒ်ရခဲ့သလဲ။ ဧဝက “ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏အသီးကို စားရသောအခွင့်ရှိ၏” လို့ပြောခြင်းအားဖြင့် နှစ်ဦးစလုံးအတွက် ကိုယ်စားပြုပြောဆိုဖို့ ရောင့်တက်စွာ ဆုံးဖြတ်ခဲ့ပုံရတယ်။

၅။ (က) ဧဝ ဘယ်အရာပေါ်အာရုံစိုက်အောင် စာတန် လုပ်ခဲ့သလဲ။ (ခ) တားမြစ်ထားတဲ့အသီးကိုစားခြင်းအားဖြင့် ဧဝ ဘာဖော်ပြလိုက်သလဲ။

စာတန်က အချက်အလက်တွေကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ခဲ့တယ်။ ဘုရားသခင် မတရားဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်အောင် “ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို မစားရ” လို့ ဘုရားသခင်ပြောသလားလို့ စာတန်မေးခဲ့တယ်။ ဒါ့အပြင် စာတန်က ဧဝကို ကိုယ့်အကြောင်းနဲ့ ကိုယ့်အခြေအနေတိုးတက်အောင်၊ “ဘုရားသခင်ကဲ့သို့ဖြစ်” လာအောင် ဘာလုပ်နိုင်တယ်ဆိုတာ စဉ်းစားဖို့ သွေးထိုးပေးခဲ့တယ်။ အားပေးခဲ့တယ်။ နောက်ဆုံးမှာ အရာခပ်သိမ်းကိုပေးခဲ့တဲ့အရှင်နဲ့ သူမရဲ့ဆက်ဆံရေးအကြောင်း စဉ်းစားမယ့်အစား အပင်နဲ့အသီးအကြောင်း စဉ်းစားဖို့ စာတန်လုပ်နိုင်ခဲ့တယ်။ (ကမ္ဘာဦး ၃:၆ ကိုဖတ်ပါ။) ဝမ်းနည်းစရာက ဧဝဟာ အသီးကိုစားလိုက်ခြင်းအားဖြင့် သူ့ဘဝမှာ ယေဟောဝါက အရေးကြီးဆုံးပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာ ဖော်ပြလိုက်တယ်။

ယောဘခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့အရေးကိစ္စ

၆။ စာတန်က ယောဘရဲ့တည်ကြည်မှုကို ဘယ်လိုမေးခွန်းထုတ်ခဲ့သလဲ၊ ဒါကြောင့် ယောဘ ဘာအခွင့်အရေးရခဲ့သလဲ။

ရာစုနှစ်များစွာကြာပြီးနောက်မှာ သစ္စာရှိသူယောဘက သူ့ဘဝမှာ အရေးကြီးဆုံးပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာတင်ပြဖို့ အခွင့်အရေးရခဲ့တယ်။ ယောဘရဲ့တည်ကြည်မှုအကြောင်း စာတန်ကို ယေဟောဝါ ပြောတဲ့အခါ စာတန်က ‘ယောဘသည် အကျိုးမရဘဲ ဘုရားသခင်ဝတ်ကိုပြုသလော’ လို့ခွန်းတုံ့ပြန်ခဲ့တယ်။ (ယောဘ ၁:၇-၁၀ ကိုဖတ်ပါ။) ယောဘက ဘုရားသခင့်စကား နားထောင်တယ်ဆိုတာ စာတန်မငြင်းခဲ့ဘူး။ ယေဟောဝါကို ယောဘဝတ်ပြုတာက မေတ္တာကြောင့်မဟုတ်ဘဲ ကိုယ်ကျိုးအတွက်လို့ ယိုးစွပ်ခဲ့တယ်။ ဒီစွပ်စွဲချက်မှားကြောင်း ယောဘကိုယ်တိုင်ပဲ သက်သေပြနိုင်ပြီး သက်သေပြနိုင်တဲ့အခွင့်အရေးလည်း ရခဲ့တယ်။

၇၊ ၈။ ဘယ်စမ်းသပ်မှုတွေကို ယောဘ ရင်ဆိုင်ခံရပ်ခဲ့သလဲ၊ သစ္စာရှိရှိခံရပ်တည်ကြည်ခြင်းအားဖြင့် ဘယ်အချက်ကို တင်ပြခဲ့သလဲ။

ယောဘ ဒုက္ခတစ်မျိုးပြီးတစ်မျိုးခံရအောင်လုပ်ဖို့ စာတန်ကို ယေဟောဝါ ခွင့်ပြုလိုက်တယ်။ (ယောဘ ၁:၁၂-၁၉) အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားတာကို ယောဘ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ‘ယောဘသည် မမှားယွင်း။ ဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏’ လို့ ကျွန်ုပ်တို့ဖတ်ရတယ်။ (ယောဘ ၁:၂၂) ဒါပေမဲ့ စာတန် မကျေနပ်သေးဘဲ “အရေဖို့အရေဟုဆိုသကဲ့သို့ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကို ပေးပါလိမ့်မည်” လို့ ထပ်စွပ်စွဲပြန်တယ်။ * (ယောဘ ၂:၄) ယောဘသာ ကိုယ်တိုင်ဒုက္ခခံရရင် ယေဟောဝါက သူ့ဘဝအတွက် အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော့မှာမဟုတ်ဘူးလို့ စာတန် အခိုင်အမာပြောခဲ့တယ်။

ယောဘက ရွံရှာဖွယ်ရာရောဂါဆိုးကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ဘုရားသခင်ကိုကျိန်ဆဲပြီးသေလိုက်တော့လို့ပြောတဲ့ ဇနီးရဲ့ ဖိအားပေးမှုကိုလည်း ခံခဲ့ရတယ်။ နောက်ပိုင်းမှာ ဟန်ဆောင်နှစ်သိမ့်သူသုံးဦးကလည်း ယောဘအပြစ်လုပ်လို့ ဒီလိုခံရတာလို့ စွပ်စွဲပြန်တယ်။ (ယောဘ ၂:၁၁-၁၃; ၈:၂-၆; ၂၂:၂၊ ၃) ဒီဒုက္ခတွေခံရပေမဲ့ ယောဘ ဆက်တည်ကြည်ခဲ့တယ်။ (ယောဘ ၂:၉၊ ၁၀ ကိုဖတ်ပါ။) သစ္စာရှိရှိခံရပ်တည်ကြည်ခြင်းအားဖြင့် ယေဟောဝါက သူ့ဘဝရဲ့ အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ယောဘ တင်ပြခဲ့တယ်။ ဒါ့အပြင် မစုံလင်တဲ့လူသားတစ်ယောက်ဖြစ်ပေမဲ့ စာတန်ရဲ့စွပ်စွဲချက်တွေမှားတယ်ဆိုတာ အဖြေပေးနိုင်ကြောင်းကိုလည်း ယောဘပြသခဲ့တယ်။—သု. ၂၇:၁၁ နဲ့နှိုင်းယှဉ်ပါ။

ယေရှုရဲ့ ပြီးပြည့်စုံတဲ့အဖြေ

၉။ (က) စာတန်က ယေရှုရဲ့အလိုဆန္ဒပေါ်မူတည်ပြီး ဘယ်လိုသွေးဆောင်ခဲ့သလဲ။ (ခ) ဒီသွေးဆောင်မှုကို ယေရှု ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

ယေရှုနှစ်ခြင်းခံပြီး မကြာခင်မှာပဲ စာတန်က ယေရှုရဲ့ဘဝမှာ ယေဟောဝါကို အရေးကြီးဆုံးပုဂ္ဂိုလ်အဖြစ် ယူမှတ်မယ့်အစား ကိုယ့်အလိုဆန္ဒအတိုင်းလုပ်ဖို့ သွေးဆောင်ခဲ့တယ်။ စာတန်က ယေရှုကို နည်းသုံးနည်းနဲ့ သွေးဆောင်ခဲ့တယ်။ ဦးဆုံး၊ ကျောက်ခဲကို မုန့်လုပ်ဖို့ သွေးဆောင်ခဲ့တယ်။ (မ. ၄:၂၊ ၃) ယေရှု ရက် ၄၀ အစာရှောင်ထားလို့ အရမ်းဆာနေမှာဖြစ်တယ်။ ဒါကြောင့် စာတန်က ယေရှုရဲ့ဆာလောင်စိတ်ကိုဖြေဖို့ သူရရှိထားတဲ့တန်ခိုးကို အလွဲသုံးဖို့ တိုက်တွန်းခဲ့တယ်။ ယေရှုဘယ်လို တုံ့ပြန်ခဲ့သလဲ။ ဧဝနဲ့မတူဘဲ ယေရှုက ယေဟောဝါရဲ့မိန့်တော်မူချက်အပေါ် အဓိကအာရုံစိုက်ပြီး သွေးဆောင်မှုကို ချက်ချင်းငြင်းပယ်ခဲ့တယ်။—မဿဲ ၄:၄ ကိုဖတ်ပါ။

၁၀။ စာတန်က ယေရှုကို ဝတ်ပြုရာအိမ်တော်အထွတ်ကနေ ခုန်ချဖို့ ဘာကြောင့်စိန်ခေါ်ခဲ့သလဲ။

၁၀ ဒုတိယအကြိမ်မှာ ယေရှုကို ဝတ်ပြုရာအိမ်တော်အထွတ်ကနေ ခုန်ချဖို့ စာတန် သွေးဆောင်ခဲ့တယ်။ (မ. ၄:၅၊ ၆) စာတန်က ယေရှုကို ဘာလုပ်စေချင်တာလဲ။ ယေရှုခုန်ချလိုက်လို့ ထိခိုက်ဒဏ်ရာမရဘူးဆိုရင် “ဘုရားသခင်၏သား” မှန်တယ်ဆိုတာ သက်သေပြခြင်းဖြစ်တယ်လို့ စာတန်ပြောခဲ့တယ်။ မိမိရဲ့ဂုဏ်သတင်းကျော်စောရေးကို ယေရှု အလွန်အမင်း အာရုံစိုက်လာပြီး လူရှေ့မှာပြသတဲ့အထိလုပ်ဖို့ စာတန်အလိုရှိခဲ့ကြောင်း ထင်ရှားတယ်။ လူတစ်ယောက်က မာနကြီးပြီး အခြားသူတွေရဲ့ အထင်ကြီးလေးစားမှုရလိုတဲ့အတွက် အန္တရာယ်ရှိတဲ့စွန့်စားမှုကို ပြုလုပ်နိုင်ကြောင်း စာတန်သိထားတယ်။ စာတန်က ကျမ်းချက်ကို တလွဲအသုံးပြုခဲ့ပေမဲ့ ယေရှုက ယေဟောဝါရဲ့စကားကို အပြည့်အဝနားလည်သဘောပေါက်ကြောင်း တင်ပြခဲ့တယ်။ (မဿဲ ၄:၇ ကိုဖတ်ပါ။) စာတန်ရဲ့စိန်ခေါ်ချက်ကို ငြင်းပယ်ခြင်းအားဖြင့် မိမိရဲ့အသက်တာမှာ ယေဟောဝါက အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း သက်သေပြခဲ့တယ်။

၁၁။ လောကနိုင်ငံအားလုံးပေးမယ်ဆိုတဲ့ စာတန်ရဲ့ကမ်းလှမ်းချက်ကို ယေရှု ဘာကြောင့် ငြင်းပယ်ခဲ့သလဲ။

၁၁ စာတန်ရဲ့ နောက်ဆုံးသွေးဆောင်မှုကတော့ ယေရှုကို လောကနိုင်ငံအားလုံးပေးမယ်လို့ ပြောခြင်းဖြစ်တယ်။ (မ. ၄:၈၊ ၉) ဒီကမ်းလှမ်းချက်ကို ယေရှု ချက်ချင်းငြင်းပယ်ခဲ့တယ်။ လက်ခံလိုက်မယ်ဆိုရင် အမြင့်ဆုံးသောဘုရားသခင် ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ငြင်းပယ်ရာရောက်ကြောင်း ကိုယ်တော်သိထားလို့ပဲ။ (မဿဲ ၄:၁၀ ကိုဖတ်ပါ။) သွေးဆောင်မှုတိုင်းမှာ ယေရှုက ယေဟောဝါရဲ့နာမပါတဲ့ ကျမ်းချက်တွေကို ကိုးကားပြီး ဖြေဆိုခဲ့တယ်။

၁၂။ ယေရှု ဘာကြောင့် အလွန်စိတ်ထိခိုက်ခဲ့သလဲ၊ ဒါကို ကိုယ်တော်ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ကိုယ်တော် ဆုံးဖြတ်ချက်ချပုံကနေ ကျွန်ုပ်တို့ ဘာသင်ယူသိရှိရသလဲ။

၁၂ ယေရှု မြေကြီးအသက်တာကုန်ဆုံးခါနီးမှာ ခက်ခဲတဲ့ဆုံးဖြတ်ချက် ချခဲ့ရတယ်။ မြေကြီးအမှုဆောင်ချိန်တစ်လျှောက်လုံးမှာ မိမိရဲ့အသက်ကို ပူဇော်ရာယဇ်အဖြစ်ပေးဖို့ တလိုတလားရှိကြောင်း ကိုယ်တော်ဖော်ပြခဲ့တယ်။ (မ. ၂၀:၁၇-၁၉၊ ၂၈; လု. ၁၂:၅၀; ယော. ၁၆:၂၈) ဒါပေမဲ့ ယေရှုက မိမိဟာ ဂျူးတရားရေးဥပဒေအရ မှားယွင်းစွာစွပ်စွဲခံရပြီး စီရင်ခံရမယ်၊ ဘုရားသခင်ကိုစော်ကားပြောဆိုသူအဖြစ် အသတ်ခံရမယ်ဆိုတာ သိထားတယ်။ ဒီလိုပုံစံမျိုးနဲ့သေဆုံးရမှာဖြစ်လို့ ကိုယ်တော် အလွန်စိတ်ထိခိုက်ခဲ့တယ်။ ဒါကြောင့် “ကျွန်ုပ်၏အဖ၊ ဖြစ်နိုင်မည်ဆိုလျှင် ဤခွက်ကို ကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ” လို့ ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ “ကျွန်ုပ်အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေ” လို့ဆက်ပြောခဲ့တယ်။ (မ. ၂၆:၃၉) ယေရှု သေတဲ့အထိသစ္စာတည်ကြည်ခဲ့ခြင်းအားဖြင့် ကိုယ်တော့်ဘဝမှာ အရေးအကြီးဆုံးပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာ အထင်အရှား သက်သေပြခဲ့တယ်။

ကျွန်ုပ်တို့ရဲ့အဖြေ

၁၃။ ဧဝ၊ ယောဘနဲ့ ယေရှုခရစ်တို့ထံကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာရသလဲ။

၁၃ အခုအချိန်ထိ ကျွန်ုပ်တို့ ဘာတွေသင်ယူသိရှိခဲ့ပြီလဲ။ ဧဝရဲ့အဖြစ်အပျက်ကနေ အတ္တဆန်တဲ့အလိုဆန္ဒ၊ မိမိကိုယ်ကိုရှေ့တန်းတင်လိုတဲ့ဆန္ဒရှိသူတွေဟာ သူတို့ရဲ့ဘဝမှာ ယေဟောဝါက အရေးကြီးဆုံးပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာ ဖော်ပြကြောင်း သိရတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ယောဘရဲ့သစ္စာရှိလမ်းစဉ်ကနေ မစုံလင်တဲ့လူသားတွေတောင် ဘေးဒုက္ခဆိုးတွေခံရတဲ့အခါ ဘာကြောင့် ဒီလိုခံရတယ်ဆိုတာ အပြည့်အဝနားမလည်ပေမဲ့ သစ္စာရှိရှိခံရပ်နိုင်တယ်၊ ဒီလိုခံရပ်ခြင်းအားဖြင့် မိမိတို့ဘဝမှာ ယေဟောဝါကို ပထမနေရာထားနိုင်ကြောင်း သိရတယ်။ (ယာ. ၅:၁၁) ယေရှုရဲ့ပုံသက်သေက အရှက်ကွဲခြင်းကို တလိုတလားခံယူဖို့နဲ့ ကိုယ့်ဂုဏ်သိက္ခာကို အလွန်အမင်းအလေးမပေးဖို့ ကျွန်ုပ်တို့ကို သင်ပေးတယ်။ (ဟေဗြဲ ၁၂:၂) ဒါပေမဲ့ ဒီသင်ခန်းစာတွေကို ကျွန်ုပ်တို့ ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်မလဲ။

၁၄၊ ၁၅။ သွေးဆောင်မှုတွေကို ယေရှုတုံ့ပြန်ခဲ့ပုံက ဧဝနဲ့ဘယ်လိုကွာခြားသလဲ၊ ယေရှုကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။ (စာမျက်နှာ ၁၈ ကရုပ်ပုံကို မှတ်ချက်ပေးပါ။)

၁၄ သွေးဆောင်မှုတွေကြောင့် ယေဟောဝါကို မေ့သွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။ ဧဝက သူ့ရှေ့မှာရှိတဲ့ သွေးဆောင်မှုကိုပဲ အာရုံစိုက်ခဲ့တယ်။ ဒါနဲ့ အသီးဟာ “စားဖွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ နှစ်သက်ဖွယ်” ဖြစ်တယ်လို့ သူမြင်လာတယ်။ (က. ၃:၆) သွေးဆောင်မှုသုံးခုအပေါ် ယေရှုရဲ့တုံ့ပြန်ပုံနဲ့ ဘယ်လောက်တောင်ကွာခြားလိုက်သလဲ။ အကြိမ်တိုင်းမှာ ယေရှုက သူ့ရှေ့မှာရှိတဲ့ သွေးဆောင်မှုကို အာရုံစိုက်မယ့်အစား နောက်ဆက်တွဲဆိုးကျိုးတွေကို စဉ်းစားခဲ့တယ်။ ကိုယ်တော်က သမ္မာကျမ်းစာကို အမှီပြုခဲ့ပြီး ယေဟောဝါနာမကိုလည်း အသုံးပြုခဲ့တယ်။

၁၅ ယေဟောဝါမနှစ်သက်တဲ့အရာတွေကိုလုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ ကျွန်ုပ်တို့ ဘယ်အရာကိုအာရုံစိုက်သလဲ။ သွေးဆောင်မှုကို အာရုံစိုက်လေ၊ အမှားပြုလိုတဲ့ဆန္ဒက ပြင်းထန်လေပဲ။ (ယာ. ၁:၁၄၊ ၁၅) ကျွန်ုပ်တို့က မှားတဲ့ဆန္ဒတွေကို အမြစ်ပါမကျန် ချက်ချင်းဖယ်ထုတ်ဖို့လိုတယ်၊ အဲဒီလိုဖယ်ထုတ်တာက ကျွန်ုပ်တို့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်ပစ်သလို နာကျင်၊ ခက်ခဲပုံရရင်တောင် လုပ်ရမှာဖြစ်တယ်။ (မ. ၅:၂၉၊ ၃၀) ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေက ယေဟောဝါနဲ့ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ ယေရှုလိုပဲ စဉ်းစားဖို့လိုတယ်။ ကိုယ်တော့်တရားစကားတော် သမ္မာကျမ်းစာမှာ ဘာပြောထားတယ်ဆိုတာကို သတိရ,ရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ဘဝမှာ ယေဟောဝါက အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း ဒီနည်းနဲ့ပဲ သက်သေပြနိုင်မှာဖြစ်တယ်။

၁၆-၁၈။ (က) ဘယ်အရာတွေက ကျွန်ုပ်တို့ကို စိတ်ပျက်အားလျော့စေနိုင်သလဲ။ (ခ) ပူပင်စရာအခြေအနေတွေကို ဖြေရှင်းဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးနိုင်မလဲ။

၁၆ အဖြစ်ဆိုးတွေကြောင့် ယေဟောဝါကို ဘယ်တော့မှ မနာကြည်းမိပါစေနဲ့။ (သု. ၁၉:၃) ဆိုးညစ်တဲ့လောက နိဂုံးချုပ်ခါနီးလေ ယေဟောဝါရဲ့လူမျိုးက သဘာဝဘေးအန္တရာယ်တွေ၊ ဘေးဒုက္ခဆိုးတွေကို ပိုခံစားရလေပဲ။ ဒီအချိန်မှာ အံ့ဖွယ်နည်းနဲ့ ကာကွယ်ခံရဖို့ ကျွန်ုပ်တို့ မမျှော်လင့်ကြဘူး။ ဒါပေမဲ့ ယောဘလိုပဲ ချစ်မြတ်နိုးရသူတွေ ဆုံးပါးသွားတဲ့အခါ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာပြဿနာတွေ ကြုံတွေ့ရတဲ့အခါ စိတ်ပျက်အားလျော့နိုင်တယ်။

၁၇ ဒီအဖြစ်အပျက်တွေကို ယေဟောဝါ ဘာကြောင့် ခွင့်ပြုသလဲဆိုတာကို ယောဘ နားမလည်ခဲ့သလို ကျွန်ုပ်တို့လည်း တစ်ခါတစ်ရံမှာ အဖြစ်ဆိုးတွေ ဘာကြောင့်ဖြစ်တယ်ဆိုတာကို နားလည်မှာမဟုတ်ဘူး။ ဟေတီငလျင် ဒါမှမဟုတ် တခြားသဘာဝဘေးအန္တရာယ်တွေကြောင့် သေဆုံးခဲ့ရတဲ့ သစ္စာရှိညီအစ်ကိုညီအစ်မတွေအကြောင်း ကျွန်ုပ်တို့ကြားရနိုင်တယ်။ အကြမ်းဖက်မှု၊ ဆိုးရွားလှတဲ့မတော်တဆမှုကြောင့် သေဆုံးသွားတဲ့ သစ္စာရှိသူတစ်ဦးကို ကျွန်ုပ်တို့သိမှာဖြစ်တယ်။ ဒါမှမဟုတ် ကျွန်ုပ်တို့ကိုယ်တိုင်က ပူပင်စရာတွေ၊ မတရားမှုတွေကို ကြုံတွေ့ခံစားနေရတာ ဖြစ်နိုင်တယ်။ ပြင်းထန်တဲ့စိတ်ဒုက္ခတွေကြောင့် ‘ယေဟောဝါ၊ ဘာကြောင့်လဲ၊ ကျွန်တော့်ကျမှ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ၊ ကျွန်တော် ဘာအမှားလုပ်မိလို့လဲ’ လို့စဉ်းစားမိနိုင်တယ်။ (ဟဗ. ၁:၂၊ ၃) ဒီလိုအခြေအနေမျိုးတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကျွန်ုပ်တို့ကို ဘယ်အရာက ကူညီပေးနိုင်သလဲ။

၁၈ ယေဟောဝါရဲ့မျက်နှာသာမခံစားရလို့ ဒီလိုအဖြစ်ဆိုးတွေကြုံရတာဆိုပြီး မယူဆမိဖို့ သတိပြုရမှာဖြစ်တယ်။ ယေရှုက သူ့ခေတ်အခါကဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ဆိုးနှစ်ခုကိုရည်ညွှန်းပြီး ဒီအချက်ကို အလေးပေးဖော်ပြခဲ့တယ်။ (လုကာ ၁၃:၁-၅ ကိုဖတ်ပါ။) ဖြစ်ရပ်ဆိုးတွေက ‘အချိန်နှင့်ကြိုတင်မမြင်နိုင်သော အဖြစ်အပျက်’ တွေကြောင့် ဖြစ်ရခြင်းဖြစ်တယ်။ (ဒေ. ၉:၁၁ကဘ) ဘေးဒုက္ခဆိုးတွေဖြစ်ရတာ ဘာအကြောင်းရင်းကြောင့်ပဲဖြစ်ပါစေ၊ ကျွန်ုပ်တို့က “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ကိုပဲ အားကိုးမယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဆက်ပြီးသစ္စာရှိနိုင်ဖို့အတွက် လိုအပ်တဲ့ခွန်အားကို ကိုယ်တော်ပေးပါလိမ့်မယ်။—၂ ကော. ၁:၃-၆

၁၉၊ ၂၀။ အရှက်ခွဲခံရတဲ့အခြေအနေတွေကို ယေရှု ခံရပ်နိုင်ဖို့ ဘာကကူညီပေးခဲ့သလဲ။ ကျွန်ုပ်တို့လည်း အလားတူခံရပ်နိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၉ မာနကိုထိပါးမှာ ဒါမှမဟုတ် အရှက်ကွဲမှာကိုပဲ အာရုံမစိုက်ပါနဲ့။ ယေရှုက နှိမ့်ချမှုကြောင့် ‘မိမိပိုင်ဆိုင်သမျှကိုစွန့်၍ ကျွန်၏ပုံသဏ္ဌာန်ကို ဆောင်ယူ’ နိုင်ခဲ့တယ်။ (ဖိ. ၂:၅-၈) ကိုယ်တော်က ယေဟောဝါကို မှီခိုအားကိုးခဲ့တဲ့အတွက် အရှက်ခွဲခံရတဲ့အခြေအနေများစွာကို ခံရပ်နိုင်ခဲ့တယ်။ (၁ ပေ. ၂:၂၃၊ ၂၄) ဒီလိုခံရပ်ခြင်းအားဖြင့် ယေရှုက ယေဟောဝါရဲ့အလိုတော်ကို ပထမနေရာထားနိုင်ခဲ့ပြီး သာလွန်မြင့်မြတ်တဲ့အခွင့်အရာကို ချီးမြှောက်ခံခဲ့ရတယ်။ (ဖိ. ၂:၉) ယေရှုက နောက်လိုက်တွေကိုလည်း ဒီလမ်းစဉ်မျိုးလိုက်သင့်တယ်လို့ ပြောခဲ့တယ်။—မ. ၂၃:၁၁၊ ၁၂; လု. ၉:၂၆

၂၀ တစ်ခါတလေမှာ ကျွန်ုပ်တို့ခံရတဲ့ ယုံကြည်ခြင်းစမ်းသပ်မှုတွေက ခံရခက်နိုင်တယ်။ ဒါပေမဲ့ တမန်တော်ပေါလုလို ယုံကြည်စိတ်ချမှုမျိုးရှိသင့်တယ်၊ သူ ဒီလိုပြောခဲ့တယ်– “ဤအကြောင်းကြောင့် ငါသည် ထိုဆင်းရဲဒုက္ခများကို ခံရသော်လည်း ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါယုံကြည်သောအရှင်ကို ငါသိ၏။ ကိုယ်တော့်ထံ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင် ကိုယ်တော် စောင့်ရှောက်နိုင်ကြောင်းကိုလည်း ငါယုံကြည်စိတ်ချ၏။”—၂ တိ. ၁:၁၂

၂၁။ လောက,က တစ်ကိုယ်ကောင်းစိတ်ဓာတ်တင်ပြနေပေမဲ့ သင်ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။

၂၁ ကျွန်ုပ်တို့အချိန်မှာ လူတွေက “ကိုယ့်ကိုယ်ကိုယ်ချစ်သူ” တွေဖြစ်ကြမယ်လို့ သမ္မာကျမ်းစာမှာ ကြိုဟောထားတယ်။ (၂ တိ. ၃:၂) ဒါကြောင့် ဘဝမှာ ငါသာအရေးကြီးဆုံးဆိုတဲ့လူတွေ တိုးများလာတာ အံ့ဩစရာမဟုတ်ဘူး။ ဒီလိုတစ်ကိုယ်ကောင်းစိတ်ဓာတ်မျိုး ကူးစက်မခံရအောင် ကြိုးစားကြစို့။ အဲဒီအစား သွေးဆောင်မှုခံရတဲ့အခါဖြစ်စေ၊ ဘေးဒုက္ခဆိုးတွေ ကြုံရတဲ့အခါဖြစ်စေ၊ အရှက်ခွဲခံရတာပဲဖြစ်စေ ကျွန်ုပ်တို့တစ်ဦးစီရဲ့ ဘဝမှာ ယေဟောဝါသာလျှင် အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း သက်သေပြဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 “အရေဖို့အရေ” ဆိုတဲ့အသုံးအနှုန်းက ယောဘဟာ သူ့ရဲ့အရေပြား ဒါမှမဟုတ် အသက်ကိုကာကွယ်ဖို့ သူ့ရဲ့သားသမီးနဲ့ တိရစ္ဆာန်တွေရဲ့အသက်ကို စွန့်လွှတ်ဖို့ ဝန်လေးမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်နိုင်တယ်လို့ ကျမ်းပညာရှင်တချို့က ယူဆခဲ့ကြတယ်။ တချို့ကျတော့ လူတစ်ဦးဟာ မိမိအသက်ကိုကာကွယ်ဖို့အတွက် အနည်းအကျဉ်း အသားအနာခံမယ်ဆိုတာကို အလေးပေးခြင်းဖြစ်တယ်လို့ ယူဆတယ်။ ဥပမာ၊ လူတစ်ဦးက သူ့ခေါင်းအရိုက်မခံရအောင် လက်နဲ့ကာသလို သူ့အသက်ကိုကယ်တင်ဖို့ သူ့လက်အနာခံမှာဖြစ်တယ်။ ဒီအသုံးအနှုန်းက ဘာအဓိပ္ပာယ်ပဲရှိပါစေ ယောဘက သူ့အသက်ကိုကာကွယ်ဖို့ ဘယ်အရာကိုမဆိုစွန့်လွှတ်ဖို့ အသင့်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ကြောင်း ထင်ရှားတယ်။

ကျွန်ုပ်တို့ ဘယ်အရာသင်ယူခဲ့ပြီလဲ

• ဧဝကို စာတန်သွေးဆောင်ပုံကနေ။

• ယောဘ ဘေးဆိုးတွေကို တုံ့ပြန်ပုံကနေ။

• ယေရှု အဓိကအာရုံစိုက်တဲ့အရာကနေ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

ဧဝက ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးကို ပထမနေရာမှာ မထားခဲ့ဘူး

[စာမျက်နှာ ၁၈ ပါရုပ်ပုံ]

ယေရှုက သူခံရတဲ့သွေးဆောင်မှုတွေကို ငြင်းပယ်ပြီး ယေဟောဝါအလိုတော်ဆောင်ဖို့ကိုပဲ အာရုံစိုက်ခဲ့တယ်

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

ဟေတီငလျင်ပြီးနောက် တဲတွေမှာ သက်သေခံနေ

စိတ်ပျက်အားလျော့နေချိန်မှာ အကူအညီအတွက် “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ကိုမျှော်ကိုးနိုင်