မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကောင်းဆုံးခေါင်းဆောင် ခရစ်တော်နောက်လိုက်ပါ

အကောင်းဆုံးခေါင်းဆောင် ခရစ်တော်နောက်လိုက်ပါ

အကောင်းဆုံးခေါင်းဆောင် ခရစ်တော်နောက်လိုက်ပါ

လူသားခေါင်းဆောင်တွေနောက် လိုက်သူတွေက မကြာခဏ စိတ်ပျက်ရလေ့ရှိတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ဦးဆောင်မှုနောက် လိုက်သူတွေကတော့ ဘယ်တော့မှ စိတ်ပျက်ရမှာမဟုတ်ဘူး။ ယေရှု ဒီလိုပြောခဲ့တယ်– “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်။ ငါ့ထမ်းပိုးကို ထမ်း၍ ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘောရှိ၏။ သင်တို့သည် လန်းဆန်းရလိမ့်မည်။” (မ. ၁၁:၂၈၊ ၂၉) ယေရှုရဲ့ဦးဆောင်မှုနောက်လိုက်သူတွေက လန်းဆန်းမှုခံစားရတယ်။ ကိုယ်တော်က နိမ့်ကျသူတွေနဲ့ ဖိနှိပ်ခံရသူတွေကို တကယ်စိတ်ဝင်စားပြီး ကိုယ်တော့်ထမ်းပိုးကိုထမ်းဖို့ သူတို့ကို ဖိတ်ခေါ်ခဲ့တယ်။ ဒီလိုဆိုရင် ယေရှုရဲ့ဦးဆောင်မှုနောက်လိုက်ခြင်းမှာ ဘာပါဝင်သလဲ။

‘ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏’ လို့ တမန်တော်ပေတရု ရေးခဲ့တယ်။ (၁ ပေ. ၂:၂၁) ယေရှုရဲ့ခြေရာကိုလိုက်ဖို့ ဘယ်လောက်အထိ အရေးကြီးသလဲ။ မိုင်းတွေမြှုပ်ထားတဲ့နယ်မြေကို ဖြတ်သွားနေတဲ့အုပ်စုထဲမှာ သင်ပါဝင်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ သင်တို့ထဲကတစ်ယောက်ကပဲ မိုင်းတွေကိုဘယ်လိုရှောင်ပြီး သွားရမယ်ဆိုတာ သိတယ်။ သင်တို့က သူ့နောက်ကို ထက်ကြပ်မကွာလိုက်မယ်၊ သူ့ခြေရာအတိုင်းတောင်နင်းပြီး လိုက်မယ် မဟုတ်လား။ အလားတူပဲ ကျွန်ုပ်တို့ရဲ့ အနာဂတ်လုံခြုံမှုကလည်း ယေရှုရဲ့ပုံသက်သေကို အနီးကပ်လိုက်ပြီး အသက်ရှင်ခြင်းအပေါ် မူတည်နေတယ်။ ဒီလိုလုပ်ခြင်းမှာ ကိုယ်တော့်စကားကို နားထောင်၊ နာခံပြီး ကိုယ်တော့်ကို ကိုယ်စားပြုသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း ပါဝင်တယ်။

နားထောင်၊ နာခံပါ

တောင်ပေါ်တရားတော်ရဲ့ နိဂုံးပိုင်းမှာ ယေရှု ဒီလိုပြောခဲ့တယ်– “ငါဟောသောဤစကားကို ကြား၍ လိုက်နာသောသူတိုင်းကို ကျောက်ဆောင်ပေါ်တွင် အိမ်ဆောက်သည့် သတိပညာရှိသောသူနှင့် ငါပုံခိုင်းမည်။ မိုးသည်းထန်စွာရွာပြီး ရေတက်လာကာ လေထန်၍ ထိုအိမ်ကို တိုက်ခတ်သော်လည်း ကျောက်ဆောင်ပေါ်တွင် တည်သောကြောင့် မပြိုမလဲဘဲနေ၏။”—မ. ၇:၂၄၊ ၂၅

ယေရှုက မိမိရဲ့စကားကိုကြားပြီး လိုက်နာသူကို “သတိပညာရှိသောသူ” လို့ခေါ်ခဲ့တယ်။ ကျွန်ုပ်တို့က အကြွင်းမဲ့နာခံခြင်းအားဖြင့် ခရစ်တော်ရဲ့စံနမူနာကို တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြသလား၊ ဒါမှမဟုတ် ယေရှုရဲ့ပညတ်တွေထဲက နာခံဖို့လွယ်တာ၊ အဆင်ပြေတာတွေကိုပဲ လိုက်နာသလား။ ယေရှုကတော့ “[ဘုရားသခင်] နှစ်သက်တော်မူရာများကို အစဉ်မပြတ် ငါပြု၏” လို့ပြောခဲ့တယ်။ (ယော. ၈:၂၉) ဒီပုံသက်သေကို ကျွန်ုပ်တို့ ကြိုးစားတုပကြပါစို့။

ပထမရာစုတုန်းက တမန်တော်တွေက ခရစ်တော်ရဲ့ဦးဆောင်မှုနောက်လိုက်ခြင်းမှာ ပုံသက်သေကောင်းပြခဲ့တယ်။ တစ်ခါမှာ ပေတရုက ယေရှုကို ဒီလိုပြောခဲ့တယ်– “ကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။” (မာ. ၁၀:၂၈) တမန်တော်တွေက ယေရှုနောက်လိုက်ခြင်းကို အရမ်းတန်ဖိုးထားတဲ့အတွက် ရှိသမျှကို တလိုတလားစွန့်ပြီး ကိုယ်တော့်နောက် လိုက်ခဲ့ကြတယ်။—မ. ၄:၁၈-၂၂

ခရစ်တော်ရဲ့ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါ

ယေရှုမသေဆုံးမီလေးမှာ ကိုယ်တော့်ဦးဆောင်မှုနောက်လိုက်နိုင်တဲ့ နောက်နည်းတစ်နည်းကို ဖော်ပြခဲ့တယ်။ ကိုယ်တော် ဒီလိုပြောခဲ့တယ်– “ငါစေလွှတ်သောသူကို လက်ခံသူသည် ငါ့ကိုလည်း လက်ခံ၏။” (ယော. ၁၃:၂၀) စွမ်းအားတော်သွန်းလောင်းပြီး ရွေးချယ်ထားတဲ့ ကိုယ်တော့်ရဲ့ကိုယ်စားလှယ်တွေကို ယေရှုက “ငါ့ညီတို့” လို့ခေါ်ခဲ့တယ်။ (မ. ၂၅:၄၀) ယေရှု ကောင်းကင်ကိုတက်ကြွသွားပြီးနောက်မှာ ‘ညီတွေ’ ကို “ခရစ်တော်၏ကိုယ်စား” သံအမတ်တွေအဖြစ် ခန့်အပ်ခဲ့တယ်၊ သူတို့တွေက လူတွေကို ယေဟောဝါဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်အောင်လုပ်ဖို့ ဖိတ်ခေါ်တယ်။ (၂ ကော. ၅:၁၈-၂၀) ခရစ်တော်ရဲ့ဦးဆောင်မှုကို အသိအမှတ်ပြုခြင်းမှာ ကိုယ်တော့် ‘ညီတွေ’ ကိုလက်အောက်ခံခြင်း ပါဝင်တယ်။

ကျမ်းစာအခြေပြုစာပေတွေမှာပါတဲ့ အချိန်တန်အကြံပြုချက်တွေကို ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်တယ်ဆိုတာ ဆန်းစစ်သင့်တယ်။ ကျမ်းစာလေ့လာခြင်း၊ အစည်းအဝေးတွေ တက်ရောက်ခြင်းအားဖြင့် ခရစ်တော်မိန့်မြွက်ခဲ့ရာတွေကို ပြန်သတိပေးခံရကြတယ်။ (၂ ပေ. ၃:၁၊ ၂) အဲဒါတွေကို ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ဒီအချိန်တန်အစာတွေအတွက် ကျွန်ုပ်တို့အမှန်တကယ် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြကြတယ်။ အကြံပြုချက်တစ်ခုကို ကျွန်ုပ်တို့ ထပ်တလဲလဲ ကြားနေရတယ်ဆိုရင် ဘယ်လိုတုံ့ပြန်သင့်သလဲ။ ဥပမာ၊ သမ္မာကျမ်းစာက ခရစ်ယာန်တွေကို “သခင်၌ရှိသောသူကိုသာ” ထိမ်းမြားပါလို့ သွန်သင်ထားတယ်။ (၁ ကော. ၇:၃၉) ဒီအကြောင်းအရာကို ကင်းမျှော်စင်က အခါအားလျော်စွာ ဆွေးနွေးလာတာ အနှစ်တစ်ရာကျော်ရှိပြီ။ ဒီအကြောင်းအရာနဲ့ တခြားသွန်သင်ချက်တွေကို ဆောင်းပါးတွေမှာဖော်ပြခြင်းအားဖြင့် ခရစ်တော်ရဲ့ညီတော်တွေက ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဂရုစိုက်ကြောင်း ဖော်ပြတယ်။ ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးခေါင်းဆောင် ယေရှုခရစ်နောက်လိုက်နေကြောင်း ဖော်ပြနိုင်တဲ့နည်းတစ်နည်းကတော့ ဒီသတိပေးချက်တွေကို ဂရုပြုလိုက်နာခြင်းဖြစ်တယ်။

နယပုံပြင် ၄:၁၈ မှာ ဒီလိုဖော်ပြထားတယ်– “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။” ယေရှုရဲ့ဦးဆောင်မှုက ရပ်တန့်မနေဘဲ တိုးတက်နေတယ်။ ခရစ်တော်ရဲ့ ‘ညီတွေ’ နဲ့ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ နောက်နည်းတစ်နည်းကတော့ “သစ္စာနှင့်သတိပညာရှိသောကျွန်” ထုတ်ဝေတဲ့ ကျမ်းဆိုင်ရာ သိနားလည်မှုအသစ်တွေကို အပြုသဘောရှိရှိ လက်ခံခြင်းဖြစ်တယ်။—မ. ၂၄:၄၅

ခရစ်ယာန်အသင်းတော်မှာရှိတဲ့ ခန့်အပ်ခံကြီးကြပ်မှူးတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခြင်းကလည်း ခရစ်တော်ရဲ့ ‘ညီတွေ’ ကို လက်အောက်ခံခြင်းဖြစ်တယ်။ တမန်တော်ပေါလု ဒီလိုပြောခဲ့တယ်– ‘သင်တို့တွင် ဦးဆောင်သူများကို နာခံကြလော့။ လက်အောက်ခံကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို ဂရုစိုက်ကြည့်ရှုနေကြ၏။’ (ဟေဗြဲ ၁၃:၁၇) ဥပမာ၊ အကြီးအကဲတစ်ဦးက မိသားစုဝတ်ပြုမှု ပုံမှန်ပြုလုပ်ခြင်းရဲ့အရေးကြီးမှုကိုဖော်ပြပြီး အဲဒီလိုပြုလုပ်ဖို့ အားပေးနိုင်တယ်၊ ဒါမှမဟုတ် ခရစ်ယာန်ဓမ္မအမှု အသွင်အပြင်တချို့နဲ့ပတ်သက်ပြီး အကြံပေးနိုင်တယ်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက ခရစ်ယာန်အသက်တာရဲ့ ဘဝကဏ္ဍတစ်ခုနဲ့ပတ်သက်ပြီး ကျမ်းစာအကြံပြုချက်တချို့ ပေးနိုင်တယ်။ ဒီအကြံပြုချက်တွေကို တလိုတလားကျင့်သုံးတာက ယေရှုရဲ့ဦးဆောင်မှုနောက်လိုက်ခြင်းဖြစ်တယ်။

လောကမှာတော့ အကျိုးပြုတဲ့ဦးဆောင်မှုမရှိဘူး။ ဒါပေမဲ့ ခရစ်တော်ရဲ့ မေတ္တာပါဦးဆောင်မှုနောက် လိုက်ခြင်းက တကယ်လန်းဆန်းမှု ခံစားရစေတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ခေါင်းဆောင်ကို နာခံပြီး ယနေ့ ကိုယ်တော်အသုံးပြုနေသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြပါစို့။

[စာမျက်နှာ ၂၇ ပါရုပ်ပုံ]

မယုံကြည်သူနဲ့ ထမ်းပိုးအတူမထမ်းပါနဲ့ဆိုတဲ့ ကျမ်းစာသွန်သင်ချက်ကို သင်လက်ခံသလား