မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စာလိပ်များ၊ အထူးသဖြင့် သားရေစာလိပ်များကို ယူခဲ့လော့”

“စာလိပ်များ၊ အထူးသဖြင့် သားရေစာလိပ်များကို ယူခဲ့လော့”

“စာလိပ်များ၊ အထူးသဖြင့် သားရေစာလိပ်များကို ယူခဲ့လော့”

တမန်တော်ပေါလုက အထက်ပါအတိုင်းပြောပြီး သူရဲ့ခရစ်ယာန်သာသနာပြုအဖော် တိမောသေကို သူ့အတွက် စာလိပ်တချို့ယူလာဖို့ မှာခဲ့တယ်။ ဘယ်စာလိပ်နဲ့ သားရေစာလိပ်တွေကို ပြောတာလဲ။ သူ ဘာကြောင့် ဒီလိုပြောတာလဲ။ ဒီမှာကြားချက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

ဒီစကားတွေကို ပေါလုရေးခဲ့တဲ့ စီအီးပထမရာစုအလယ်တုန်းက ဟေဗြဲကျမ်းစောင် ၃၉ စောင်ကို ကျမ်းစောင် ၂၂ စောင် ဒါမှမဟုတ် ၂၄ စောင်အဖြစ် ခွဲထားပြီး အများစုက သီးခြားစာလိပ်တွေဖြစ်ပုံရတယ်။ ဒီစာလိပ်တွေက ဈေးကြီးပေမဲ့ “အတော်အတန်ချမ်းသာတဲ့သူတွေ ဝယ်နိုင်တဲ့အရာတွေဖြစ်တယ်” လို့ ပါမောက္ခ အယ်လဲန် မိလာ့တ်က ပြောတယ်။ တချို့တွေမှာ အနည်းဆုံးတစ်လိပ်တော့ ရှိတယ်။ ဥပမာ၊ အီသီယိုးပီးယားမိန်းမစိုးတစ်ဦးမှာ ကျမ်းလိပ်တစ်လိပ်ရှိပြီး မြင်းရထားစီးရင်း “ပရောဖက်ဟေရှာယကျမ်းကို အသံကျယ်စွာဖတ်” ခဲ့တယ်။ သူက “အီသီယိုးပီးယားဘုရင်မ ကန်ဒက်ထံတွင် အရာရှိဖြစ်၍ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရ” သူဖြစ်တယ်။ သူက ကျမ်းစာအပိုင်းတွေပါတဲ့ စာလိပ်ကို ပိုင်ဆိုင်လောက်တဲ့အထိ ချမ်းသာသူဖြစ်ရမယ်။—တ. ၈:၂၇၊ ၂၈

တိမောသေကို ပေါလု ဒီလိုစာရေးပြီးမှာခဲ့တယ်– “သင်လာသောအခါ တရောမြို့မှ ကာပုထံ၌ ငါထားခဲ့သော အပေါ်ဝတ်ရုံနှင့် ကျမ်းစာလိပ်များ၊ အထူးသဖြင့် သားရေစာလိပ်များကို ယူခဲ့လော့။” (၂ တိ. ၄:၁၃) ဒီအချက်အရ ပေါလုမှာ ကျမ်းစောင်အတော်များများ ပိုင်ဆိုင်ထားတယ်ဆိုတာ သိရတယ်။ ပေါလုမှာရှိတဲ့ စာလိပ်တွေထဲမှာ ဘုရားသခင့်တရားစကားတော်ဖြစ်တဲ့ ဒီစာလိပ်တွေက သူ့အတွက် အရေးကြီးဆုံးပဲ။ ဒီအခန်းငယ်မှာပါတဲ့ “သားရေစာလိပ်” ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီး ကျမ်းပညာရှင် အေ တီ ရောဘတ်စန် ဒီလိုပြောခဲ့တယ်– “ဒါတွေက အထူးသဖြင့် ဓမ္မဟောင်းကျမ်းစောင်တွေဖြစ်နိုင်ပြီး ပါပိုင်းရက်စ်ကျူစာလိပ်တွေထက် ပို [တာရှည်ခံပြီး] တန်ဖိုးကြီးတယ်။” ပေါလုဟာ လူငယ်ဘဝက လူအပေါင်းတို့ရိုသေတဲ့ ပညတ်ကျမ်းဆရာ “ဂါမလျေလ၏ လက်ထပ်သင်ကြားပေးခြင်းခံ” ခဲ့ရတယ်။ ဒါကြောင့် ပေါလုမှာ ကိုယ်ပိုင်ကျမ်းစာလိပ်တွေရှိနေတာ နားလည်နိုင်ပါတယ်။—တ. ၅:၃၄; ၂၂:၃

ခရစ်ယာန်များ စာလိပ်အသုံးပြုပုံ

ဒါပေမဲ့ လူအများစုမှာ ကျမ်းစာလိပ်တွေ မရှိကြဘူး။ ဒါဆိုရင် အဲဒီခေတ်မှာရှိတဲ့ ခရစ်ယာန်တွေက ကျမ်းစာအကြောင်း ဘယ်လိုဖတ်ရှု၊ နားထောင်နိုင်ကြမလဲ။ အစောပိုင်းက တိမောသေထံ ပေါလုရေးခဲ့တဲ့စာကနေ သဲလွန်စရနိုင်တယ်။ သူ ဒီလိုရေးခဲ့တယ်– ‘ငါရောက်လာချိန်တိုင်အောင် လူထုရှေ့ကျမ်းစာဖတ်ခြင်းကို အဆက်မပြတ် ကြိုးစားလုပ်ဆောင်လော့။’ (၁ တိ. ၄:၁၃) လူထုရှေ့ကျမ်းစာဖတ်ခြင်းက ခရစ်ယာန်အသင်းတော်အစည်းအဝေးတွေရဲ့ အပိုင်းတစ်ခုဖြစ်ပြီး ဒါက မောရှေအချိန်ကတည်းက ဘုရားသခင့်လူမျိုးတွေရဲ့ ထုံးစံတစ်ခုဖြစ်တယ်။—တ. ၁၃:၁၅; ၁၅:၂၁; ၂ ကော. ၃:၁၅

အကြီးအကဲတစ်ဦးဖြစ်တဲ့ တိမောသေဟာ လူထုရှေ့ကျမ်းစာဖတ်ခြင်းကို “လုပ်ဆောင်” ခဲ့ရပြီး ဒီလိုဖတ်ရှုခြင်းကနေ ကိုယ်ပိုင်ကျမ်းစာမရှိတဲ့သူတွေ အကျိုးခံစားကြရတယ်။ လူထုရှေ့ကျမ်းစာဖတ်တဲ့အခါ စကားလုံးတစ်လုံးမှ မလွတ်သွားရအောင် အားလုံးက အာရုံစိုက်နားထောင်ကြတယ်။ မိဘတွေနဲ့ ကလေးတွေက အစည်းအဝေးမှာ ဖတ်ရှုတဲ့အကြောင်းအရာတွေကို အိမ်မှာပြန်ဆွေးနွေးခဲ့ကြမှာပဲ။

လူသိများတဲ့ ဟေရှာယ ပင်လယ်သေကျမ်းလိပ်က ၂၄ ပေ နီးပါးရှည်တယ်။ အစွန်းတစ်ဖက်စီမှာ ကျမ်းလိပ်ကိုလိပ်တဲ့ သစ်သားချောင်းတိုရှိပြီး အကာအကွယ်အတွက် အဖုံးအုပ်ထားလို့ စာလိပ်တစ်လိပ်က အတော်လေးမှာဖြစ်တယ်။ ခရစ်ယာန်အများစုဟာ ဟောပြောခြင်းထွက်တဲ့အခါ စာလိပ်အတော်များများကို ယူသွားနိုင်မှာမဟုတ်ဘူး။ စာလိပ်တချို့ကို ပေါလုပိုင်ဆိုင်ပေမဲ့ ခရီးသွားတဲ့အခါ သူပိုင်တဲ့စာလိပ်အားလုံးကို ယူသွားနိုင်ပုံမရဘူး။ တချို့ကို တရောမြို့မှာရှိတဲ့ သူ့မိတ်ဆွေ ကာပုထံမှာထားခဲ့ကြောင်း သိရတယ်။

ပေါလုထံကနေ ကျွန်ုပ်တို့ သင်ယူနိုင်တဲ့အရာ

ရောမမြို့မှာ ဒုတိယအကြိမ် ထောင်ကျနေတဲ့ ပေါလုက တိမောသေကို စာလိပ်ယူလာပေးဖို့မပြောခင် ဒီလိုရေးခဲ့တယ်– “ငါသည် တိုက်ပွဲကို ကောင်းစွာတိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ပြီ။ ယခုမှစ၍ ငါ့အတွက် ဖြောင့်မတ်ခြင်းသရဖူကို သိမ်းထားလျက်ရှိ၏။” (၂ တိ. ၄:၇၊ ၈) နီရိုရဲ့ နှိပ်စက်ညှဉ်းပန်းချိန်အတွင်းဖြစ်တဲ့ စီအီး ၆၅ မှာ ဒီစကားကို ရေးသားခဲ့ပုံရတယ်။ ဒီတစ်ကြိမ်အကျဉ်းချခံရတာ အတော်ဒုက္ခခံရတယ်။ အသတ်ခံရတော့မယ်ဆိုတာ သူသိနေတယ်။ (၂ တိ. ၁:၁၆; ၄:၆) ဒါကြောင့် သူ့ရဲ့စာလိပ်တွေကို ဘာကြောင့်ယူလာစေချင်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ ယုံကြည်ခြင်းတိုက်ပွဲကို အဆုံးတိုင်အောင်တိုက်ခဲ့ပြီလို့ သူယုံကြည်စိတ်ချပေမဲ့ ဘုရားသခင့်တရားစကားတော်ကို လေ့လာပြီး သူ့ရဲ့ယုံကြည်ခြင်းကို ဆက်ခိုင်ခံ့စေလိုခဲ့တယ်။

စာလိပ်ယူလာပေးပါဆိုတဲ့ ပေါလုရဲ့စာကို တိမောသေရတဲ့အချိန်က သူ ဧဖက်မြို့မှာပဲ ရှိနေသေးပုံရတယ်။ (၁ တိ. ၁:၃) ဧဖက်ကနေ ရောမကို တရောမြို့ကနေသွားမယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် မိုင် ၁,၀၀၀ လောက်ရှိမယ်။ အဲဒီစာမှာပဲ “ဆောင်းမဝင်မီ အရောက်လာရန် အတတ်နိုင်ဆုံး ကြိုးစား” ပါဆိုပြီး တိမောသေကို ပေါလုတိုက်တွန်းထားတယ်။ (၂ တိ. ၄:၂၁) တိမောသေက ဆောင်းမဝင်မီ ရောမကိုရောက်တဲ့သင်္ဘောရ,မရဆိုတာကို သမ္မာကျမ်းစာက မဖော်ပြဘူး။

“စာလိပ်များ၊ အထူးသဖြင့် သားရေစာလိပ်များ ယူခဲ့လော့” ဆိုတဲ့ ပေါလုရဲ့မှာကြားချက်ကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ သူ့ဘဝရဲ့အခက်ခဲဆုံးအချိန်မှာ ဘုရားသခင့်တရားစကားတော်ကို တောင့်တတဲ့စိတ်ကို ဆက်တင်ပြခဲ့တယ်။ သူ့အတွက် ဒါက ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်ထိန်းသိမ်းပြီး ယေဟောဝါရဲ့အမှုတော်မှာ တက်တက်ကြွကြွပါဝင်စေနိုင်တဲ့၊ တခြားသူတွေကို အားပေးစေနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်ဆိုတာ သင် တွေ့ရတယ်မဟုတ်လား။

ယနေ့ ကျွန်ုပ်တို့ သမ္မာကျမ်းစာကို ပိုင်ဆိုင်ခွင့်ရတာက တကယ့်ကောင်းချီးတစ်ရပ်ဖြစ်တယ်။ ကျွန်ုပ်တို့ထဲကတချို့မှာ ဘာသာပြန်ကျမ်းမျိုးစုံရှိပြီး ကျမ်းစာတစ်အုပ်ထက်မက ပိုင်ဆိုင်ကြတယ်။ ကျွန်ုပ်တို့လည်း ပေါလုလိုပဲ သမ္မာကျမ်းစာကို နက်နက်နဲနဲနားလည်လိုစိတ်ရှိဖို့ မွေးမြူသင့်တယ်။ ပေါလုက ကျမ်းစောင် ၁၄ စောင်ကိုရေးဖို့ အခွင့်အရေးရရှိခဲ့ပြီး တိမောသေဒုတိယစောင်က နောက်ဆုံးဖြစ်တယ်။ ကျမ်းလိပ်ယူလာပေးပါဆိုတဲ့ မှာကြားချက်ကို ဒီစာရဲ့အဆုံးပိုင်းမှာ တွေ့ရတယ်။ “စာလိပ်များ၊ အထူးသဖြင့် သားရေစာလိပ်များ ယူခဲ့လော့” ဆိုပြီး တောင်းဆိုတာက မှတ်တမ်းတင်ထားတဲ့ သူ့ရဲ့နောက်ဆုံးဆန္ဒတစ်ခုဖြစ်တယ်။

ပေါလုလိုပဲ သင်လည်း ယုံကြည်ခြင်းတိုက်ပွဲမှာ အဆုံးတိုင်အောင်တိုက်ဖို့ ဆန္ဒပြင်းပြတယ်မဟုတ်လား။ ယေဟောဝါကိုအမှုဆောင်ခြင်းမှာ တက်တက်ကြွကြွရှိနေပြီး ကိုယ်တော်ဆက်လုပ်စေလိုသမျှကာလပတ်လုံး သက်သေခံခြင်းလုပ်ငန်းမှာ ပါဝင်လိုစိတ်ရှိသလား။ ရှိတယ်ဆိုရင် ခရစ်ယာန်တွေကို ပေါလုအားပေးခဲ့တဲ့အတိုင်း လုပ်ဆောင်ပါ။ စာလိပ်ထက် ကိုင်ရတာပိုအဆင်ပြေပြီး လူအများစုရနိုင်တဲ့ သမ္မာကျမ်းစာကို စိတ်အားထက်သန်စွာ ပုံမှန်လေ့လာခြင်းအားဖြင့် “ကိုယ်ကိုလည်းကောင်း၊ ကိုယ့်သွန်သင်ခြင်းကိုလည်းကောင်း အမြဲဂရုပြုလျက်နေ” ကြပါစို့။—၁ တိ. ၄:၁၆

[စာမျက်နှာ ၁၈၊ ၁၉ ပါမြေပုံ/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

ရောမ

တရော

ဧဖက်