မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တွေ နှစ်ခြင်းခံသင့်သလား

လူငယ်တွေ နှစ်ခြင်းခံသင့်သလား

လူငယ်တွေ နှစ်ခြင်းခံသင့်သလား

“ကျွန်တော့်ရဲ့သမီး အခု ယေဟောဝါရဲ့ကျေးကျွန်တစ်ဦးဖြစ်လာလို့ ကျွန်တော် အရမ်းပျော်တယ်၊ သူလည်း ပျော်မယ်ဆိုတာ ကျွန်တော်သိတယ်” လို့ ဖိလစ်ပိုင်မှ ခရစ်ယာန်ဖခင်ဖြစ်သူ ကားလို့စ် * ကပြောခဲ့တယ်။ ဂရိနိုင်ငံက ဖခင်တစ်ဦး ဒီလိုရေးခဲ့တယ်– “ကျွန်တော်တို့ရဲ့ကလေးသုံးယောက်က ဆယ်ကျော်သက်အရွယ်မှာ ယေဟောဝါသက်သေတွေအနေနဲ့ နှစ်ခြင်းခံခဲ့တဲ့အတွက် ကျွန်တော်နဲ့ ကျွန်တော့်ဇနီး အရမ်းပျော်တယ်။ သူတို့တွေက အမှန်တရားမှာ တိုးတက်နေကြပြီး ယေဟောဝါကိုလည်း ပျော်ရွှင်စွာအမှုဆောင်နေကြတယ်။”

သားသမီးတွေနှစ်ခြင်းခံတာက ခရစ်ယာန်မိဘတွေအတွက် ပျော်စရာဖြစ်တယ်။ ဒါပေမဲ့ တစ်ခါတလေ စိုးရိမ်စိတ်လည်း ဒွန်တွဲပါလာနိုင်တယ်။ မိခင်တစ်ဦးက “ကျွန်မပျော်လည်းပျော်တယ်၊ ပြီးတော့ စိတ်လည်းပူတယ်” လို့ပြောခဲ့တယ်။ ဘာကြောင့် ဒီလိုခံစားရတာလဲ။ “ကျွန်မသားက ယေဟောဝါထံမှာ စာရင်းရှင်းရမယ်ဆိုတာ ကျွန်မသိလို့ပဲ။”

နှစ်ခြင်းခံပြီးသားသက်သေခံအဖြစ် ယေဟောဝါကို အမှုဆောင်ခြင်းက လူငယ်တွေအားလုံး ထားရှိသင့်တဲ့ပန်းတိုင်ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ကိုကြောက်ရွံ့တဲ့ မိဘတွေက ဒီလို တွေးမိနိုင်တယ်– ‘ငါ့ကလေးက ကောင်းကောင်းတိုးတက်နေတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အကျင့်ယိုယွင်းစေတဲ့ ဖိအားပေးမှုတွေကို တွန်းလှန်ပြီး ယေဟောဝါရှေ့ စင်ကြယ်တဲ့အနေအထား ဆက်ရှိနိုင်ပါ့မလား။’ တချို့ကျတော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြတယ်– ‘ငွေနဲ့ ရုပ်ပစ္စည်းနောက်လိုက်ဖို့ သွေးဆောင်ခံရတဲ့အခါ ငါ့ကလေးက ဘုရားသခင်ကို ထက်ထက်သန်သန်၊ ပျော်ပျော်ရွှင်ရွှင် ဆက်အမှုဆောင်နိုင်ပါ့မလား။’ မိမိတို့ရဲ့ကလေးတွေ နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား၊ မဖြစ်သေးဘူးလားဆိုတာ ဆုံးဖြတ်ဖို့ ဘယ်ကျမ်းစာလမ်းညွှန်ချက်တွေက မိဘတွေအတွက် အထောက်အကူပြုနိုင်သလဲ။

တပည့်ဖြစ်ခြင်း—အဓိကလိုအပ်ချက်

သမ္မာကျမ်းစာက နှစ်ခြင်းခံနိုင်တဲ့အသက်အရွယ်ကို ဖော်ပြမယ့်အစား ဘယ်သူတွေက နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီတယ်ဆိုတာ ဖော်ပြတယ်။ ယေရှုက မိမိရဲ့နောက်လိုက်တွေကို “လူမျိုးတကာမှလူတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . နှစ်ခြင်းပေးကြလော့” လို့ ညွှန်ကြားခဲ့တယ်။ (မ. ၂၈:၁၉) ဒါကြောင့် နှစ်ခြင်းဆိုတာ ခရစ်တော်ရဲ့တပည့်ဖြစ်ပြီးသားသူတွေအတွက် ဖြစ်တယ်။

တပည့်တစ်ဦးဖြစ်တယ်ဆိုတာ ဘာလဲ။ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် [Insight on the Scriptures] စာအုပ်မှာ ဒီလိုရှင်းပြထားတယ်– “ဒီအသုံးအနှုန်းက ခရစ်တော်ရဲ့သွန်သင်ချက်တွေကို ယုံကြည်ရုံသာမက အနီးကပ်လိုက်လျှောက်သူအားလုံးနဲ့ အဓိကသက်ဆိုင်တယ်။” အသက်အတော်ငယ်သေးတဲ့လူငယ်တွေက ခရစ်တော်ရဲ့ တပည့်စစ်တွေဖြစ်နိုင်မလား။ လက်တင်အမေရိကမှာ ခရစ်ယာန်သာသနာပြုအဖြစ် အနှစ် ၄၀ ကျော်အမှုဆောင်ခဲ့တဲ့ ညီအစ်မတစ်ဦးက သူတို့ညီအစ်မသုံးယောက်အကြောင်း ဒီလိုရေးခဲ့တယ်– “ကျွန်မတို့နှစ်ခြင်းခံတုန်းက ယေဟောဝါကို အမှုဆောင်ချင်တယ်၊ ပရဒိသုမှာနေချင်တယ်ဆိုတာ ကောင်းကောင်းသိတဲ့ အသက်အရွယ်ရှိပြီ။ လူငယ်တွေရင်ဆိုင်ရတဲ့ သွေးဆောင်မှုတွေခံရတဲ့အခါ ကျွန်မတို့ရဲ့ အပ်နှံမှုက အဲဒါတွေကို ခံရပ်တွန်းလှန်နိုင်ဖို့ ကူညီပေးတယ်။ ကလေးဘဝကတည်းက ဘုရားသခင်ထံ အပ်နှံခဲ့တဲ့အတွက် ကျွန်မတို့ နောင်တမရခဲ့ဘူး။”

သင့်ကလေး ခရစ်တော်ရဲ့တပည့်တစ်ဦးဖြစ်မဖြစ်ဆိုတာ သင် ဘယ်လိုသိနိုင်သလဲ။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “သူငယ်သော်လည်း မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည် မမှန်သည်ကို မိမိအခြင်းအရာအားဖြင့်ပြ၍ မိမိသဘောကိုထင်ရှားစေ၏။” (သု. ၂၀:၁၁) လူငယ်တစ်ဦး တပည့်ဖြစ်ကြောင်း ‘တိုးတက်မှုကိုထင်ရှား’ ပြတဲ့လုပ်ရပ်တချို့ကို သုံးသပ်ကြည့်ပါ။—၁ တိ. ၄:၁၅

တပည့်ဖြစ်ကြောင်း ထင်ရှားပြ

သင့်ကလေး သင့်စကားနားထောင်သလား။ (ကော. ၃:၂၀) သူ့ကိုတာဝန်ပေးထားတဲ့ အိမ်အလုပ်တွေကို လုပ်သလား။ ယေရှု အသက် ၁၂ နှစ်အရွယ်ကအကြောင်း ကျမ်းစာမှာ ဒီလိုဖော်ပြတယ်– ‘ယေရှုသည် မိဘတို့ကို လက်အောက်ခံလျက်နေ၏။’ (လု. ၂:၅၁) ဒီအချိန်မှာ မိဘစကားကို မြေဝယ်မကျ အပြည့်အဝနားထောင်တဲ့ကလေး မရှိဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ခရစ်ယာန်စစ်တွေက ယေရှုရဲ့ ‘ခြေရာကို ထက်ကြပ်မကွာလိုက်လျှောက်’ ရမှာဖြစ်တယ်။ ဒါကြောင့် နှစ်ခြင်းခံလိုတဲ့ကလေးတွေက မိဘစကားနားထောင်သူတွေဖြစ်ရမယ်။—၁ ပေ. ၂:၂၁

ဒီမေးခွန်းတွေကို သုံးသပ်ကြည့်ပါ– သင့်ကလေးက ခရစ်ယာန်ဓမ္မအမှုမှာ အပြည့်အဝ ပါဝင်ခြင်းဖြင့် ‘ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာ’ သလား။ (မ. ၆:၃၃) တခြားသူတွေကို သတင်းကောင်းဟောပြောလိုစိတ် ရှိသလား၊ ဒါမှမဟုတ် အမှုဆောင်ထွက်ဖို့၊ အိမ်ရှင်ကို သတင်းကောင်းဟောဖို့ တိုက်တွန်းနေရသလား။ နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတစ်ဦးအဖြစ် သူ့တာဝန်တွေကို အလေးအနက်ထားသလား။ ရပ်ကွက်မှာတွေ့ရတဲ့ စိတ်ဝင်စားသူတွေထံ ပြန်လည်ပတ်လိုစိတ်ရှိသလား။ သူက ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း ကျောင်းနေဖက်တွေ၊ ဆရာ/ဆရာမတွေကို ပြောပြသလား။

အသင်းတော်အစည်းအဝေးတွေတက်ရောက်ခြင်းက သူ့အတွက် အရေးကြီးသလား။ (ဆာ. ၁၂၂:၁) ကင်းမျှော်စင်သင်တန်းနဲ့ အသင်းတော်ကျမ်းစာလေ့လာမှုတွေမှာ သူမှတ်ချက်တွေ ပေးရတာကို ပျော်မွေ့သလား။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ စာရင်းပေးပြီး ပျော်ရွှင်စွာပါဝင်သလား။—ဟေဗြဲ ၁၀:၂၄၊ ၂၅

သင့်ကလေးက ကျောင်းနဲ့ တခြားနေရာတွေမှာ အကျိုးမပြုတဲ့ အပေါင်းအသင်းတွေကိုရှောင်ခြင်းဖြင့် ကိုယ်ကျင့်တရားစင်ကြယ်စွာ ကြိုးစားနေထိုင်သလား။ (သု. ၁၃:၂၀) တေးသီချင်း၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားအစီအစဉ်၊ ဗီဒီယိုဂိမ်းနဲ့ အင်တာနက်အသုံးပြုရာမှာ သူ့အကြိုက်က ဘာတွေလဲ။ သူ့ရဲ့ အပြောအဆို၊ အပြုအမူတွေက ကျမ်းစာစံနှုန်းတွေကို ကျင့်သုံးလိုကြောင်း ဖော်ပြသလား။

သင့်ကလေး သမ္မာကျမ်းစာအကြောင်း ဘယ်လောက်သိသလဲ။ မိသားစုဝတ်ပြုမှုအတွင်းမှာ လေ့လာတဲ့အကြောင်းအရာတွေကို ကိုယ်ပိုင်စကားနဲ့ သူပြောနိုင်သလား။ ကျမ်းစာအခြေခံသွန်သင်ချက်တွေကို သူရှင်းပြနိုင်သလား။ (သု. ၂:၆-၉) ကျမ်းစာဖတ်ဖို့၊ သစ္စာနဲ့သတိပညာရှိကျွန် ပြင်ဆင်ပေးတဲ့စာပေတွေကို လေ့လာဖို့ သူစိတ်ဝင်စားသလား။ (မ. ၂၄:၄၅) ကျမ်းစာသွန်သင်ချက်၊ ကျမ်းချက်တွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးသလား။

ဒီမေးခွန်းတွေက သင့်ကလေးရဲ့ တိုးတက်မှုကိုတိုင်းတာရာမှာ သင့်အတွက် အကူအညီဖြစ်ပါလိမ့်မယ်။ ဒါတွေကို သုံးသပ်ပြီးတဲ့အခါ သူ နှစ်ခြင်းမခံခင် တိုးတက်ရမယ့်ကဏ္ဍတွေရှိသေးတယ်လို့ သင်ယူဆမိနိုင်တယ်။ ဒါပေမဲ့ သူ့ဘဝလမ်းစဉ်က တပည့်တစ်ဦးဖြစ်ကြောင်း ထင်ရှားပြပြီး သူ့အသက်တာကို ဘုရားသခင်ထံ တကယ်အပ်နှံပြီးပြီဆိုရင် သူနှစ်ခြင်းခံဖို့ ခွင့်ပြုနိုင်ပြီလို့ သင်ယူမှတ်နိုင်တယ်။

လူငယ်တွေ ယေဟောဝါကို ချီးမွမ်းနိုင်

ဘုရားသခင့်ကျေးကျွန်များစွာက ဆယ်ကျော်သက်အရွယ်နဲ့ အဲဒီအရွယ်မရောက်ခင်မှာ ဘုရားသခင်ကို တည်ကြည်ကြောင်း တင်ပြခဲ့ကြတယ်။ ယောသပ်၊ ရှမွေလ၊ ယောရှိနဲ့ ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ (က. ၃၇:၂; ၃၉:၁-၃; ၁ ရာ. ၁:၂၄-၂၈; ၂:၁၈-၂၀; ၆ ရာ. ၃၄:၁-၃; လု. ၂:၄၂-၄၉) ပရောဖက်ပြုခဲ့ကြတဲ့ ဖိလိပ္ပုရဲ့ သမီးလေးယောက်လည်း အတော်ငယ်သေးတဲ့အရွယ်မှာ ကောင်းစွာလေ့ကျင့်ခံခဲ့ရတာ ဖြစ်ရမယ်။—တ. ၂၁:၈၊ ၉

ဂရိနိုင်ငံက သက်သေခံတစ်ဦး ဒီလိုပြောခဲ့တယ်– “ကျွန်တော် အသက် ၁၂ နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကြောင့် ဘယ်တုန်းကမှ နောင်တမရခဲ့ဘူး။ အခုဆိုရင် နှစ်ခြင်းခံခဲ့တာ ၂၄ နှစ်ရှိပြီး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တာ ၂၃ နှစ်ရှိပြီ။ ယေဟောဝါကိုချစ်တဲ့မေတ္တာက ကျွန်တော်လူငယ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ အမြဲအထောက်အကူပြုခဲ့တယ်။ ကျွန်တော် အသက် ၁၂ နှစ်တုန်းက အခုလောက်တော့ ကျမ်းစာအသိပညာမရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော် ယေဟောဝါကိုချစ်တယ်၊ ကိုယ်တော့်ကို ထာဝစဉ်အမှုဆောင်ချင်တယ်ဆိုတာကိုတော့ သိတယ်။ ကိုယ်တော့်အမှုတော်ကို ဆက်ထမ်းဆောင်နိုင်ဖို့ ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာတယ်။”

လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ တပည့်ဖြစ်ကြောင်း ထင်ရှားသူတစ်ဦးက နှစ်ခြင်းခံသင့်တယ်။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “စိတ်နှလုံးနှင့် ယုံကြည်သဖြင့် ဖြောင့်မတ်ရာသို့ ရောက်၏။ ယုံကြည်ကြောင်း နှုတ်နှင့်ဝန်ခံသဖြင့် ကယ်တင်ခြင်းသို့ ရောက်၏။” (ရော. ၁၀:၁၀) ခရစ်တော်ရဲ့တပည့်ဖြစ်တဲ့ လူငယ်တစ်ဦး နှစ်ခြင်းခံခြင်းက သူနဲ့ သူ့မိဘအတွက် ဘဝမှတ်တိုင်တစ်ခုကို စိုက်ထူလိုက်ခြင်းဖြစ်တယ်။ သင်နဲ့သင့်ကလေး ထူးခြားကောင်းမွန်တဲ့ ဒီရွှင်လန်းမှုကို ခံစားရဖို့ ဘယ်အရာကြောင့်မှ အတားအဆီးအဖြစ်မခံပါနဲ့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အမည်တချို့ ပြောင်းထား။

[စာမျက်နှာ ၅ ပါလေးထောင့်ကွက်]

နှစ်ခြင်းအပေါ် မှန်ကန်တဲ့အမြင်

မိမိတို့ကလေးတွေနှစ်ခြင်းခံတာက ကလေးကို ယာဉ်မောင်းလိုင်စင်လုပ်ပေးလိုက်သလို ကောင်းကျိုးရှိပေမဲ့ ပူပန်စရာလည်းဖြစ်တယ်လို့ တချို့မိဘတွေ ရှုမြင်ကြတယ်။ နှစ်ခြင်းခံခြင်းနဲ့ ယေဟောဝါကိုအမှုဆောင်ခြင်းက လူတစ်ဦးရဲ့ဘဝကောင်းစားရေးကို ထိခိုက်စေသလား။ မထိခိုက်စေဘူးလို့ ကျမ်းစာကအဖြေပေးတယ်။ နယပုံပြင် ၁၀:၂၂ ကဒီလိုဖော်ပြတယ်– ‘ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။’ ပေါလုကလည်း လူငယ်တိမောသေကို ဒီလို စာရေးခဲ့တယ်– ‘အမှန်စင်စစ်၊ ကျေနပ်ရောင့်ရဲမှုဖြင့် ဘုရားသခင်ကိုဝတ်ပြုခြင်းသည် များစွာအကျိုးပေး၏။’—၁ တိ. ၆:၆

ယေဟောဝါကိုဝတ်ပြုရတာ မလွယ်ကူဘူးဆိုတာ မှန်ပါတယ်။ ဘုရားသခင့်ပရောဖက်အဖြစ် အမှုဆောင်ရာမှာ ယေရမိ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုခြင်းနဲ့ပတ်သက်ပြီး သူ ဒီလိုရေးခဲ့တယ်– ‘ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ယေဟောဝါ၊ ကိုယ်တော်၏တရားစကားတော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ၏။’ (ယေ. ၁၅:၁၆) ဘုရားသခင့်အမှုဆောင်ခြင်းက သူ့အတွက် ရွှင်လန်းမှုပေးရာရင်းမြစ်ဖြစ်တယ်ဆိုတာ ယေရမိ သိခဲ့တယ်။ စာတန့်လောကက ဝမ်းနည်းစရာပြဿနာတွေဖန်တီးရာ ရင်းမြစ်ဖြစ်တယ်။ ဒီကွာခြားချက်ကို ကလေးတွေသိရှိအောင် မိဘတွေ ကူညီပေးဖို့လိုတယ်။—ယေ. ၁:၁၉

[စာမျက်နှာ ၆ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ငါ့ကလေး နှစ်ခြင်းခံမှာကို အချိန်ဆွဲထားသင့်သလား

တစ်ခါတလေ ကလေးတွေက နှစ်ခြင်းခံဖို့အရည်အချင်း ပြည့်မီနေရင်တောင် မိဘက အချိန်ဆွဲထားတတ်တယ်။ အကြောင်းပြချက်တွေက ဘာတွေဖြစ်နိုင်သလဲ။

ငါ့ကလေး နှစ်ခြင်းခံလိုက်ရင် နောက်ပိုင်း သူ ကြီးလေးတဲ့ အပြစ်လုပ်မိပြီး နှင်ထုတ်ခံရမှာစိုးရိမ်တယ်။ နှစ်ခြင်းမခံသေးသူက ဘုရားသခင်နဲ့ စာရင်းရှင်းစရာမလိုဘူးလို့ ယူဆတာက ကျိုးကြောင်းညီညွတ်ရဲ့လား။ ရှောလမုန်က လူငယ်တွေအတွက် ဒီလိုရေးခဲ့တယ်– “ထိုအမှု[သင့်လုပ်ရပ်] အလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍ သင့်ကိုအပြစ်ပေးတော်မူမည်ဟု အောက်မေ့လော့။” (ဒေ. ၁၁:၉) ပေါလုက “ငါတို့အသီးသီးသည် ဘုရားသခင်ထံ စာရင်းရှင်းကြရလိမ့်မည်” ဆိုတဲ့သတိပေးချက်ကို ပြောခဲ့တဲ့အချိန်မှာလည်း အသက်အရွယ်အပိုင်းအခြားကို မဖော်ပြခဲ့ဘူး။—ရော. ၁၄:၁၂

နှစ်ခြင်းခံပြီးသူရော နှစ်ခြင်းမခံသေးသူပါ ဘုရားသခင်နဲ့ စာရင်းရှင်းရမှာဖြစ်တယ်။ ယေဟောဝါက မိမိကျေးကျွန်တွေကို သူတို့ခံနိုင်တဲ့သွေးဆောင်မှုထက် ပို၍မခံစေခြင်းအားဖြင့် ကာကွယ်ပေးတယ်။ (၁ ကော. ၁၀:၁၃) သူတို့က “သတိရှိ” ပြီး သွေးဆောင်မှုကို ခုခံတွန်းလှန်နေသရွေ့ ဘုရားသခင့် ထောက်မမှုကို ရရှိနိုင်တယ်။ (၁ ပေ. ၅:၆-၉) ခရစ်ယာန် မိခင်တစ်ဦး ဒီလိုရေးခဲ့တယ်– “နှစ်ခြင်းခံပြီးတဲ့ကလေးတွေက လောကရဲ့ဆိုးယုတ်မှုတွေနဲ့ ဝေးဝေးနေဖို့ ပိုအကြောင်းများတယ်။ အသက် ၁၅ နှစ်မှာနှစ်ခြင်းခံခဲ့တဲ့ ကျွန်မရဲ့သားက နှစ်ခြင်းဟာ သူ့အတွက် အကာအကွယ်ဖြစ်တယ်လို့ ပြောတယ်။ သူက ‘ယေဟောဝါရဲ့ပညတ်နဲ့ ဆန့်ကျင်တဲ့အရာကိုလုပ်ဖို့ မစဉ်းစားတော့ဘူး’ လို့ပြောတယ်။ နှစ်ခြင်းခံတာက ဖြောင့်မတ်ရာကိုလုပ်ဖို့ ကြီးမားတဲ့လှုံ့ဆော်အားပဲ။”

ယေဟောဝါရဲ့စကားကိုနားထောင်ဖို့ အပြောနဲ့ရော ပုံသက်သေနဲ့ပါ သင့်ကလေးကို လေ့ကျင့်ပေးမယ်ဆိုရင် သူတို့တွေ နှစ်ခြင်းခံပြီးတဲ့နောက် အဲဒီအတိုင်းဆက်လုပ်မယ်လို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ နယပုံပြင် ၂၀:၇ မှာ ဒီလိုပြောထားတယ်– “ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။”

ငါ့ရဲ့ကလေး နှစ်ခြင်းမခံခင် အရင်ဆုံး တခြားပန်းတိုင်တွေကို ပြည့်မီတာ မြင်ချင်တယ်။ လူငယ်တွေက အလုပ်လုပ်ဖို့ သင်ယူသင့်တယ်၊ အဲဒါမှ အချိန်တန်တဲ့အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မယ်။ ဒါပေမဲ့ မှန်တဲ့ဝတ်ပြုရေးကိုအဓိကထားမယ့်အစား ပညာရေးနဲ့ ငွေရေးကြေးရေးကိုအဓိကထားတဲ့ ဘဝပုံစံကိုလိုက်စားဖို့ အားပေးခြင်းက အန္တရာယ်ရှိတယ်။ ဘုရားသခင့်နိုင်ငံတော်တရားစကားဖြစ်တဲ့ “မျိုးစေ့” မကြီးထွားမှုနဲ့ပတ်သက်ပြီး ယေရှုက ဒီလိုပြောခဲ့တယ်– “ဆူးပင်များကြားတွင် ကျသောမျိုးစေ့မူကား တရားစကားတော်ကို ကြားသော်လည်း ဤလောကစနစ်၏စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းတို့က တရားစကားတော်ကို လွှမ်းမိုးပိတ်ဆို့သဖြင့် အသီးမသီးသူဖြစ်၏။” (မ. ၁၃:၂၂) မိဘတစ်ဦးက မိမိရဲ့ကလေးကို လောကပန်းတိုင်တွေချဖို့အားပေးမယ်ဆိုရင် ကလေးက မိမိနဲ့ ဘုရားသခင်ရဲ့ဆက်ဆံရေးကို အလေးမထားတော့ဘဲ ဘုရားသခင့်အမှုဆောင်ချင်တဲ့ဆန္ဒလည်း အားလျော့သွားမယ်။

အရည်အချင်းပြည့်မီနေပေမဲ့ မိဘက နှစ်ခြင်းခံဖို့ခွင့်မပြုတဲ့ လူငယ်တွေနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိအကြီးအကဲတစ်ဦးက ဒီလိုပြောတယ်– “လူငယ်တစ်ဦး နှစ်ခြင်းခံမှာကို တားမြစ်တာက အမှန်တရားမှာတိုးတက်မှု နှေးကွေးသွားစေပြီး စိတ်ဓာတ်ကျသွားစေနိုင်တယ်။” ဒါ့အပြင် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက ဒီလိုရေးတယ်– “လူငယ်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုမရှိတော့ဘဲ သိမ်ငယ်စိတ်ဝင်သွားနိုင်တယ်။ အောင်မြင်မှုရရှိဖို့ လောကကိုပဲ ပြန်သွားမိနိုင်တယ်။”

[စာမျက်နှာ ၆ ပါရုပ်ပုံ]

တက္ကသိုလ် အလျင်တက်သင့်သလား

[စာမျက်နှာ ၃ ပါရုပ်ပုံ]

လူငယ်တစ်ဦး တပည့်ဖြစ်ကြောင်း ထင်ရှားပြနိုင်

[စာမျက်နှာ ၃ ပါရုပ်ပုံ]

အစည်းအဝေးအတွက်ပြင်ဆင်ခြင်း၊ ပါဝင်ဖြေဆိုခြင်း

[စာမျက်နှာ ၄ ပါရုပ်ပုံ]

မိဘစကားနားထောင်ခြင်း

[စာမျက်နှာ ၄ ပါရုပ်ပုံ]

ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ခြင်း

[စာမျက်နှာ ၄ ပါရုပ်ပုံ]

ဆုတောင်းခြင်း