မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင်တို့စောင့်ရှောက်နေသော ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြလော့’

‘သင်တို့စောင့်ရှောက်နေသော ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြလော့’

‘သင်တို့စောင့်ရှောက်နေသော ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြလော့’

“သင်တို့စောင့်ရှောက်နေသော ဘုရားသခင့်သိုးတော်စုကို အတင်းအကျပ် စေခိုင်းခံရ၍မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ထိန်းကျောင်းကြလော့။”—၁ ပေ. ၅:၂

၁။ ပေတရု သူ့ရဲ့ပထမစာကိုရေးတဲ့အချိန်တုန်းက ခရစ်ယာန်တွေ ဘယ်အခြေအနေနဲ့ ရင်ဆိုင်နေရသလဲ။

မန်တော်ပေတရုက ယုံကြည်သူချင်းတွေကို အားပေးတည်ဆောက်ဖို့ သူ့ရဲ့ပထမစာကိုရေးခဲ့တယ်။ စာတန်က ခရစ်ယာန်တွေကိုမျိုဖို့ “လှည့်လည်ရှာဖွေ” နေတယ်။ သူတို့က စာတန်ကို ခုခံတွန်းလှန်ဖို့ “သတိရှိလျက်” နေပြီး “တန်ခိုးကြီးသောလက်တော်အောက်တွင် မိမိကိုယ်ကို နှိမ့်ချ” နေကြဖို့လိုတယ်။ (၁ ပေ. ၅:၆၊) စည်းစည်းလုံးလုံးရှိဖို့လည်း လိုတယ်။ “အချင်းချင်းကိုက်ဖဲ့ဝါးမျို” ခြင်းအားဖြင့် “အချင်းချင်းဖျက်ဆီး” နေရမယ့်အချိန်မဟုတ်ဘူး။ (ဂလ. ၅:၁၅) ပေတရုရဲ့စာက သူတို့အတွက် အခန့်သင့်ဖြစ်ခဲ့တယ်၊ အကြောင်းကတော့ သူစာရေးပြီးနောက် တစ်ချိန်ချိန်မှာ နီရိုက ရောမမြို့မှာရှိတဲ့ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းဖို့ အမိန့်ထုတ်ခဲ့တယ်။

၂၊ ၃။ ဘယ်သူ့ကို ကျွန်ုပ်တို့ တိုက်လှန်သင့်သလဲ၊ ဒီဆောင်းပါးနဲ့နောက်ဆောင်းပါးမှာ ဘယ်အကြောင်းတွေကို သုံးသပ်ကြမလဲ။

ယနေ့ ကျွန်ုပ်တို့လည်း အလားတူအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်။ စာတန်က ကျွန်ုပ်တို့ကိုမျိုဖို့ ချောင်းမြောင်းနေတယ်။ (ဗျာ. ၁၂:၁၂) ရှေ့မှာလည်း ‘ဤလောကတည်ချိန်မှစ၍ မဖြစ်စဖူးသည့် ကြီးစွာသောဒုက္ခ’ ကို ရင်ဆိုင်ရဦးမယ်။ (မ. ၂၄:၂၁) ပထမရာစုခရစ်ယာန်တွေ အချင်းချင်းခိုက်ရန်မဖြစ်အောင် သတိပြုဖို့လိုခဲ့သလို ကျွန်ုပ်တို့လည်း သတိပြုရမှာဖြစ်တယ်။ ဒီလိုသတိပြုဖို့ တစ်ခါတစ်ရံမှာ အရည်အချင်းရှိတဲ့အသက်ကြီးသူတွေရဲ့ အကူအညီလိုအပ်တယ်။

အကြီးအကဲတွေက “ဘုရားသခင့်သိုးတော်စု” ကို ထိန်းကျောင်းရတဲ့ အခွင့်အရေးကို လေးမြတ်စိတ်တိုးများလာအောင် ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။ (၁ ပေ. ၅:၂) ပြီးတဲ့နောက် သိုးထိန်းလုပ်ငန်းကို တော်မှန်စွာလုပ်ဆောင်နိုင်တဲ့နည်းကို သုံးသပ်ကြပါမယ်။ နောက်ဆောင်းပါးမှာ သိုးတော်စုကို ထိန်းကျောင်းဖို့ ‘ကြိုးစားအားထုတ်သောသူတို့၊ ဦးစီးသောသူတို့ကို’ အသင်းတော်က ဘယ်လိုလေးစားမှုတင်ပြနိုင်တယ်ဆိုတာ သုံးသပ်ကြပါမယ်။ (၁ သက်. ၅:၁၂) ဒီအကြောင်းတွေကိုသုံးသပ်ခြင်းက ကျွန်ုပ်တို့ရဲ့ ရန်သူကြီးစာတန်ကို ခုခံတွန်းလှန်ရာမှာ အထောက်အကူရပါလိမ့်မယ်၊ အကြောင်းကတော့ ကျွန်ုပ်တို့က သူနဲ့ ဆိုင်ပြိုင်တိုက်လှန်နေရတယ်ဆိုတာ သိထားလို့ပဲ။—ဧ. ၆:၁၂

ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းပါ

၄၊ ၅။ အသက်ကြီးသူတွေက သိုးတော်စုကို ဘယ်လိုသဘောထားသင့်သလဲ၊ ဥပမာပေးပါ။

ပထမရာစုခရစ်ယာန်တွေကြားမှာရှိတဲ့ အသက်ကြီးသူတွေကို ပေတရုက သူတို့ကိုအပ်နှင်းထားတဲ့သိုးတွေအပေါ် ဘုရားသခင့်အမြင်မျိုးရှိဖို့ အားပေးခဲ့တယ်။ (၁ ပေတရု ၅:၁၊ ၂ ကိုဖတ်ပါ။) ပေတရုက အသင်းတော်မှာ အမာခံပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှုမြင်ခံရပေမဲ့ အကြီးအကဲတွေကို အထက်စီးကနေ မပြောခဲ့ဘူး။ သူတို့ကို အကြီးအကဲချင်းတွေလို့သဘောထားပြီး သတိပေးနှိုးဆော်နေတာဖြစ်တယ်။ (ဂလ. ၂:၉) ယနေ့ အုပ်ချုပ်ရေးအဖွဲ့လည်း ပေတရုလိုစိတ်ဓာတ်မျိုးနဲ့ ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းရတဲ့ ကြီးလေးတဲ့တာဝန်ကို ကြိုးစားထမ်းဆောင်ဖို့ အကြီးအကဲတွေကို အားပေးနှိုးဆော်တယ်။

အသက်ကြီးသူတွေက ‘ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်း’ နေရတာဖြစ်တယ်လို့ တမန်တော်က ရေးခဲ့တယ်။ သိုးတော်စုက ယေဟောဝါနဲ့ ယေရှုခရစ်တို့ရဲ့ ပိုင်ဆိုင်ရာဖြစ်တယ်ဆိုတဲ့ အလွန်အရေးကြီးတဲ့အချက်ကို သူတို့သတိရ,ရမှာဖြစ်တယ်။ အကြီးအကဲတွေက သိုးတွေကိုထိန်းကျောင်းပုံနဲ့ပတ်သက်ပြီး ယေဟောဝါထံ စာရင်းရှင်းရမယ်။ သင့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးက သူခရီးသွားနေတုန်း သူ့ရဲ့ကလေးတွေကို ကြည့်ထားပေးဖို့ သင့်ကို အကူအညီတောင်းတယ်ဆိုပါစို့။ သင် ကလေးတွေကို သေသေချာချာကြည့်ရှုစောင့်ရှောက်ပြီး ကျွေးမွေးမယ်မဟုတ်လား။ အကယ်၍ တစ်ယောက်ယောက်က ဖျားနာမယ်ဆိုရင် လိုအပ်သလို ဆေးကုပေးမယ်မဟုတ်လား။ အလားတူပဲ အသင်းတော်အကြီးအကဲတွေက ဘုရားသခင်ရဲ့ “သားတော်ရင်း၏အသွေးနှင့် ဝယ်ထားတော်မူသော အသင်းတော်ကို ထိန်းကျောင်း” ရတဲ့သူတွေဖြစ်တယ်။ (တ. ၂၀:၂၈) သိုးတစ်ကောင်ချင်းစီက ခရစ်တော်ယေရှုရဲ့ အဖိုးတန်တဲ့အသွေးနဲ့ ဝယ်ယူထားတယ်ဆိုတာ သူတို့စိတ်စွဲမှတ်ထားကြတယ်။ အကြီးအကဲတွေက ဘုရားသခင်ထံစာရင်းရှင်းရမယ်ဆိုတာကို သိထားပြီး သိုးအုပ်ကို ကျွေးမွေး၊ ကာကွယ်၊ စောင့်ရှောက်ကြတယ်။

၆။ ရှေးခေတ်သိုးထိန်းတွေရဲ့ တာဝန်က ဘာလဲ။

ကျမ်းစာခေတ်က ပကတိသိုးထိန်းတွေရဲ့ တာဝန်တွေကို သုံးသပ်ကြည့်ပါ။ သူတို့တွေက သိုးအုပ်ကို ထိန်းကျောင်းရာမှာ နေ့ရဲ့အပူရှိန်နဲ့ ညရဲ့အအေးဒဏ်ကို ခံကြရတယ်။ (က. ၃၁:၄၀) အသက်နဲ့ရင်းပြီး သိုးတွေကို ကာကွယ်ပေးကြတယ်။ သိုးထိန်းလုလင်ဒါဝိဒ်က သူ့ရဲ့သိုးတွေကို ခြင်္သေ့တစ်ကောင်နဲ့ ဝက်ဝံတစ်ကောင်အပါအဝင် သားရိုင်းတိရစ္ဆာန်တွေရန်ကနေ ကယ်တင်ခဲ့တယ်။ သိုးတစ်ကောင်ကို ကယ်တင်တာနဲ့ပတ်သက်ပြီး ဒါဝိဒ်က သားရဲရဲ့ “မုတ်ဆိတ်ကိုကိုင်ပြီး ရိုက်သတ်ပါ၏” လို့ရေးခဲ့တယ်။ (၁ ရာ. ၁၇:၃၄၊ ၃၅) အာဂသတ္တိပါပဲ။ သားရိုင်းတစ်ကောင်ရဲ့ ခံတွင်းဝနဲ့ ဘယ်လောက်တောင် သူနီးနီးကပ်ကပ်ရှိခဲ့မလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ သူ့သိုးကိုကယ်တင်ဖို့ နောက်မတွန့်ခဲ့ဘူး။

၇။ ပုံဆောင်သဘောအရ အကြီးအကဲတွေက စာတန်ရဲ့ခံတွင်းဝကနေ သိုးတွေကို ဘယ်လိုဆွဲထုတ်နိုင်သလဲ။

ယနေ့လည်း အကြီးအကဲတွေက စာတန်ရဲ့ ခြင်္သေ့နဲ့တူတဲ့ တိုက်ခိုက်မှုတွေကို ခုခံတွန်းလှန်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ ပုံဆောင်သဘောအရ စာတန်ရဲ့ခံတွင်းဝကနေ သိုးကို ဆွဲထုတ်ဖို့ ရဲစွမ်းသတ္တိရှိရမှာဖြစ်တယ်။ ပြောရမယ်ဆိုရင် အကြီးအကဲတွေက သားရိုင်းတိရစ္ဆာန်ရဲ့မုတ်ဆိတ်ကို ကိုင်ခြင်းအားဖြင့် သိုးကိုကယ်တင်နိုင်မှာဖြစ်တယ်။ စာတန့်လှည့်စားမှုအောက် ကျရောက်နေတဲ့ ဒါမှမဟုတ် သတိမဲ့နေတဲ့ညီအစ်ကိုတွေနဲ့ ကျိုးကြောင်းဆင်ခြင်ရမှာဖြစ်တယ်။ (ယုဒ ၂၂၊ ၂၃ ကိုဖတ်ပါ။) အကြီးအကဲတွေက ဒီတာဝန်ကို ယေဟောဝါရဲ့အကူအညီမပါဘဲ မလုပ်ဆောင်နိုင်တာ အမှန်ပဲ။ သူတို့က ဒဏ်ရာရနေတဲ့သိုးကို ညင်ညင်သာသာကိုင်တွယ်၊ အနာကို စည်းပေးပြီး ဘုရားသခင့်တရားစကားတော်ဆီ လိမ်းပေးမှာဖြစ်တယ်။

၈။ အကြီးအကဲတွေက သိုးတော်စုကို ဘယ်နေရာကို လမ်းပြပေးသလဲ၊ ဘယ်လိုနည်းနဲ့လဲ။

ပကတိသိုးထိန်းတစ်ဦးက သိုးအုပ်ကို မြက်တွေစိမ်းလန်းပြီး ရေပေါတဲ့ စားကျက်ကောင်းတဲ့နေရာကို လမ်းပြပေးတယ်။ အလားတူပဲ အကြီးအကဲတွေက သိုးတော်စုကို အစည်းအဝေးတွေမှန်မှန်တက်ဖို့ အားပေးခြင်းအားဖြင့် သိုးတော်စုက “အချိန်တန်အစာ” ကို အာဟာရရှိရှိစားနိုင်မှာဖြစ်တယ်။ (မ. ၂၄:၄၅) ဝတ်ပြုရေးနဲ့ဆိုင်တဲ့လုပ်ဆောင်မှုတွေမှာ အားနည်းနေသူတွေကိုလည်း ဘုရားသခင့်တရားစကားတော်ရဲ့ လမ်းညွှန်မှုကိုခံယူဖို့ ကူညီရာမှာ အချိန်ပေးရတယ်။ အုပ်စုကွဲနေတဲ့သိုးတစ်ကောင်က သိုးအုပ်ထံပြန်လာဖို့ ကြိုးစားနေပါလိမ့်မယ်။ အကြီးအကဲတွေက ညီအစ်ကိုကို ကြိမ်းမောင်းခြိမ်းခြောက်မယ့်အစား ကျမ်းစာမူတွေကို ကြင်ကြင်နာနာရှင်းပြပြီး ဒီမူတွေကို သူ့ရဲ့အသက်တာမှာ ဘယ်လိုကျင့်သုံးနိုင်တယ်ဆိုတာ ပြသမှာဖြစ်တယ်။

၉၊ ၁၀။ ဝတ်ပြုရေးနဲ့ဆိုင်တဲ့လုပ်ဆောင်မှုတွေမှာ အားနည်းနေသူတွေကို အကြီးအကဲတွေ ဘယ်လို ဂရုစိုက်ပေးသင့်သလဲ။

သင် အားနည်းပြီး ဖျားနာနေတယ်ဆိုရင် ဘယ်လိုဆရာဝန်မျိုးကို ပိုအလိုရှိသလဲ။ နောက်လူနာတစ်ယောက်ကိုကြည့်ဖို့အတွက် သင်ပြောတာကို သာမန်ကာလျှံကာနားထောင်ပြီး မြန်မြန်ဆန်ဆန် ဆေးစာရေးပေးတဲ့ ဆရာဝန်မျိုးကိုလား။ ဒါမှမဟုတ် သင်ပြောတာကို သေချာနားထောင်၊ သင်ဘာဖြစ်နေတယ်ဆိုတာ ရှင်းပြပြီး ထိရောက်တဲ့ကုသနည်းတွေကို ပြောပြတဲ့ဆရာဝန်မျိုးကိုလား။

၁၀ အလားတူပဲ၊ အကြီးအကဲတွေက ဝတ်ပြုရေးနဲ့ဆိုင်တဲ့လုပ်ဆောင်မှုတွေမှာ အားနည်းနေသူကို သေချာနားထောင်ပေးပြီး အနာကိုကုသပေးနိုင်တယ်၊ ဒါက ပုံဆောင်သဘောအရ ‘ယေဟောဝါဘုရားသခင်၏နာမတော်ဖြင့် သူ့ကို ဆီလိမ်းပေး’ ခြင်းဖြစ်တယ်။ (ယာကုပ် ၅:၁၄၊ ၁၅ ကိုဖတ်ပါ။) ဂိလဒ်ပြည်က ဗော်လဆမ်ဆီမွှေးလိုပဲ ဘုရားသခင့်တရားစကားတော်က အားနည်းပြီးဖျားနာနေသူကို ကျန်းမာစေနိုင်တယ်။ (ယေ. ၈:၂၂; ယေဇ. ၃၄:၁၆) ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ ဘုရားသခင်ကို အပြည့်အဝအမှုဆောင်ဖို့ ဆုံးဖြတ်ချက်တွေ ပြန်ချစေနိုင်တယ်။ အကြီးအကဲတွေက ဖျားနာနေတဲ့သိုးရဲ့ စိုးရိမ်ပူပန်မှုကို နားထောင်ပေးပြီး သူနဲ့အတူဆုတောင်းခြင်းက အကူအညီများစွာဖြစ်စေတယ်။

အတင်းအကျပ်စေခိုင်းခံရ၍မဟုတ်ဘဲ စိတ်လိုကိုယ်လျောက်ပြုပါ

၁၁။ ဘုရားသခင့်သိုးတော်စုကို တလိုတလားထိန်းကျောင်းဖို့ ဘာက အကြီးအကဲတွေကို လှုံ့ဆော်သလဲ။

၁၁ ပေတရုက အသက်ကြီးသူတွေ သိုးထိန်းခြင်းအလုပ်ကို ဘယ်လိုလုပ်သင့်ပြီး ဘယ်လိုမလုပ်သင့်ဘူးဆိုတာ ဆက်သတိပေးခဲ့တယ်။ အကြီးအကဲတွေက ဘုရားသခင့်သိုးတော်စုကို “အတင်းအကျပ်စေခိုင်းခံရ၍မဟုတ်ဘဲ စိတ်လိုကိုယ်လျောက်” ထိန်းကျောင်းဖို့ဖြစ်တယ်။ ညီအစ်ကိုတွေအကျိုးအတွက် စိတ်လိုကိုယ်လျောက်ထိန်းကျောင်းဖို့ အကြီးအကဲတွေကို ဘာက လှုံ့ဆော်ပေးသလဲ။ ယေရှုရဲ့သိုးတွေကို ထိန်းကျောင်းပြီး ကျွေးမွေးဖို့ ပေတရုကို ဘာကလှုံ့ဆော်ခဲ့သလဲ။ လှုံ့ဆော်ပေးတဲ့အချက်က သခင်ကို ချစ်ခင်မြတ်နိုးခြင်းဖြစ်တယ်။ (ယော. ၂၁:၁၅-၁၇) အကြီးအကဲတွေဟာ ဒီမေတ္တာကြောင့် ‘ကိုယ့်အတွက် အသက်မရှင်တော့ဘဲ မိမိတို့အတွက် အသေခံတော်မူသော သခင်အတွက် အသက်ရှင်ကြ’ တယ်။ (၂ ကော. ၅:၁၄၊ ၁၅) ဒီမေတ္တာအပြင် ဘုရားသခင်နဲ့ ညီအစ်ကိုတွေကိုချစ်တဲ့မေတ္တာကြောင့် အကြီးအကဲတွေက မိမိတို့ရဲ့ခွန်အား၊ ပစ္စည်းဥစ္စာ၊ အချိန်တွေကိုသုံးပြီး သိုးတော်စုအတွက်အမှုဆောင်ဖို့ လှုံ့ဆော်ခံရကြတယ်။ (မ. ၂၂:၃၇-၃၉) သူတို့က ငြိုငြင်တဲ့စိတ်နဲ့မဟုတ်ဘဲ တလိုတလားစိတ်နဲ့ ပေးဆက်ကြတယ်။

၁၂။ တမန်တော်ပေါလုက မိမိကိုယ်ကို ဘယ်အတိုင်းအတာထိ ပေးဆက်ခဲ့သလဲ။

၁၂ အကြီးအကဲတွေက မိမိတို့ကိုယ်ကို ဘယ်အတိုင်းအတာထိ ပေးဆက်သင့်သလဲ။ သိုးတွေကိုစောင့်ရှောက်ရာမှာ ယေရှုကို တုပခဲ့တဲ့ တမန်တော်ပေါလုကို သူတို့ တုပကြတယ်။ (၁ ကော. ၁၁:၁) သက်သာလောနိတ်မြို့မှာရှိတဲ့ ညီအစ်ကိုတွေကို ချစ်ခင်စုံမက်တဲ့အတွက် ပေါလုနဲ့ သူရဲ့လုပ်ဖော်ဆောင်ဖက်တွေက “ဘုရားသခင်၏ သတင်းကောင်းကိုသာမက ကိုယ့်အသက်ကိုပင် ပေးလိုသောစိတ်ရှိ” ခဲ့ကြတယ်။ ဒီလိုလုပ်တဲ့အခါမှာ သူတို့က ‘နို့တိုက်မိခင်သည် သားသမီးများကို မြတ်နိုးယုယသကဲ့သို့ သိမ်မွေ့ညင်သာစွာ ပြုစုကြ’ တယ်။ (၁ သက်. ၂:၇၊ ၈) နို့တိုက်မိခင်က သူ့ရင်သွေးအပေါ် ဘယ်လိုခံစားချက်ရှိတယ်ဆိုတာ ပေါလု နားလည်တယ်။ နို့တိုက်ဖို့အတွက် ညဉ့်နက်သန်းခေါင်မှာ ထခြင်းအပါအဝင် ကလေးအတွက် ဘာမဆို လုပ်ပေးမှာဖြစ်တယ်။

၁၃။ အကြီးအကဲတွေ ဘာနဲ့ပတ်သက်ပြီး ဟန်ချက်ညီဖို့လိုသလဲ။

၁၃ အကြီးအကဲတွေက သိုးထိန်းခြင်းတာဝန်နဲ့ မိသားစုတာဝန်ကို မျှတမှုရှိဖို့ ဂရုစိုက်ဖို့လိုတယ်။ (၁ တိ. ၅:၈) အသင်းတော်အတွက် အကြီးအကဲတွေသုံးတဲ့အချိန်က မိသားစုနဲ့အတူသုံးနိုင်တဲ့ တန်ဖိုးရှိတဲ့အချိန်တွေဖြစ်တယ်။ ဒီတာဝန်နှစ်ခုကို မျှမျှတတဖြစ်နိုင်တဲ့ နည်းတစ်နည်းက တစ်ခါတလေ မိမိရဲ့မိသားစုဝတ်ပြုမှုညချမ်းမှာ တခြားသူတွေကို ပါဝင်ဖို့ ဖိတ်ခေါ်ခြင်းဖြစ်တယ်။ ဂျပန်နိုင်ငံက အကြီးအကဲတစ်ဦးဖြစ်တဲ့ မာဆာနာအိုက နှစ်တွေတစ်လျှောက်မှာ သူတို့ရဲ့မိသားစုသင်အံမှုမှာ တစ်ကိုယ်ရေသမားတွေနဲ့ မယုံကြည်တဲ့ဖခင်ရှိတဲ့မိသားစုဝင်တွေကို ဖိတ်ခေါ်ခဲ့တယ်။ နောက်ပိုင်းမှာ သူကူညီပေးခဲ့သူတချို့က အကြီးအကဲတွေဖြစ်လာပြီး သူတို့လည်း မာဆာနာအိုရဲ့ပုံသက်သေကောင်းကို တုပကြတယ်။

မသမာသောနည်းဖြင့် အမြတ်ထုတ်လို၍မဟုတ်ဘဲ စေတနာစိတ်နှင့်ထိန်းကျောင်းပါ

၁၄၊ ၁၅။ “မသမာသောနည်းဖြင့် အမြတ်ထုတ်လို” မှုကို အကြီးအကဲတွေ ဘာကြောင့် သတိပြုဖို့လိုသလဲ၊ ဒီကိစ္စမှာ ပေါလုကို သူတို့ဘယ်လိုတုပနိုင်သလဲ။

၁၄ “မသမာသောနည်းဖြင့် အမြတ်ထုတ်လို၍မဟုတ်ဘဲ စေတနာစိတ်နှင့်” ထိန်းကျောင်းဖို့လည်း အကြီးအကဲတွေကို ပေတရု အားပေးခဲ့တယ်။ အကြီးအကဲတွေရဲ့အလုပ်က အချိန်အတော်အတန်ပေးရပေမဲ့ အဲဒီအတွက် ငွေကြေးအကျိုးအမြတ်ရဖို့ သူတို့မမျှော်လင့်ကြဘူး။ သိုးထိန်းရာမှာ “မသမာသောနည်းဖြင့် အမြတ်ထုတ်” ခြင်းရဲ့အန္တရာယ်အကြောင်း အကြီးအကဲတွေကို သတိပေးဖို့လိုတယ်ဆိုတာ ပေတရု တွေ့ရှိခဲ့တယ်။ လူတွေကို ဆင်းရဲချို့ငဲ့တဲ့ဘဝကိုရောက်စေပြီး မိမိတို့က စည်းစိမ်ယစ်နေတဲ့ “မဟာဗာဗုလုန်” ရဲ့ဝတ်ပြုရေးခေါင်းဆောင်တွေမှာ ဒီလိုအခြေအနေကို အထင်းသားတွေ့ရတယ်။ (ဗျာ. ၁၈:၂၊ ၃) ဒီနေ့ အကြီးအကဲတွေလည်း အဲဒီအခြေအနေရောက်သွားစေနိုင်တဲ့ ဘယ်စိတ်သဘောထားကိုမဆို သတိထားဖို့ အကြောင်းကောင်း ရှိပါတယ်။

၁၅ ပေါလုက ခရစ်ယာန်အကြီးအကဲတွေအတွက် ပုံသက်သေကောင်းချမှတ်ခဲ့တယ်။ သူက တမန်တော်တစ်ဦးဖြစ်ပေမဲ့ သက်သာလောနိတ်မြို့မှာရှိတဲ့ခရစ်ယာန်တွေ “ဝန်ထုပ်ဝန်ပိုး” မဖြစ်စေဖို့ “တစ်စုံတစ်ဦးထံမှအစာကို အဖိုးမပေးဘဲစားခဲ့ခြင်းမရှိ” ခဲ့ဘူး။ အဲဒီအစား “နေ့ညမပြတ်ပင်ပင်ပန်းပန်းကြိုးစား၍ အလုပ်လုပ်ခဲ့” တယ်။ (၂ သက်. ၃:၈) နယ်လှည့်ကြီးကြပ်မှူးတွေအပါအဝင် မျက်မှောက်ခေတ် အကြီးအကဲတွေက ဒီကိစ္စမှာပုံသက်သေကောင်း တင်ပြကြတယ်။ ယုံကြည်သူချင်းတွေရဲ့ဧည့်ဝတ်ပြုမှုကို လက်ခံကြပေမဲ့ ဘယ်သူ့ကိုမှ “ဝန်ထုပ်ဝန်ပိုး” မဖြစ်စေကြဘူး။—၁ သက်. ၂:၉

၁၆။ သိုးတော်စုကို “စေတနာစိတ်” နဲ့ ထိန်းကျောင်းတယ်ဆိုတာ ဘာကိုဆိုလိုသလဲ။

၁၆ အကြီးအကဲတွေက သိုးတော်စုကို “စေတနာစိတ်” နဲ့ ထိန်းကျောင်းကြတယ်။ သိုးတော်စုကို ကိုယ်ကျိုးစွန့်ပြီး ကူညီပေးရာမှာ သူတို့ရဲ့စေတနာစိတ်ကို အထင်းအရှားတွေ့ရတယ်။ ယေဟောဝါကိုအမှုဆောင်ဖို့ သိုးတော်စုကို အတင်းအကျပ်ဖိအားမပေးသလို အပြိုင်အဆိုင်စိတ်ဓာတ်နဲ့ ဘုရားသခင်ကိုအမှုဆောင်ဖို့ တခြားသူတွေကို အားမပေးဘူး။ (ဂလ. ၅:၂၆) တစ်ဦးချင်းစီက မတူကြဘူးဆိုတာကို အကြီးအကဲတွေ နားလည်ထားကြတယ်။ သူတို့ရဲ့ညီအစ်ကိုညီအစ်မတွေ ယေဟောဝါကို ပျော်ရွှင်စွာအမှုဆောင်ဖို့ “စေတနာစိတ်” နဲ့ ကူညီပေးလိုကြတယ်။

သိုးတော်စုကို အစိုးတရမပြုဘဲ ပုံနမူနာပြပါ

၁၇၊ ၁၈။ (က) နှိမ့်ချမှုနဲ့ပတ်သက်တဲ့ ယေရှုရဲ့သွန်သင်ချက်ကို လက်တွေ့အသုံးချဖို့ တမန်တော်တွေ တစ်ခါတစ်ရံ ဘာကြောင့် အခက်တွေ့ခဲ့ကြသလဲ။ (ခ) သူတို့ရဲ့နမူနာက ကျွန်ုပ်တို့အတွက် ဘာသတိပေးချက်ဖြစ်နိုင်သလဲ။

၁၇ ကျွန်ုပ်တို့ဆွေးနွေးခဲ့ပြီးတဲ့အတိုင်း အကြီးအကဲတွေက မိမိတို့ထိန်းကျောင်းနေတဲ့ သိုးတော်စုဟာ မိမိတို့ပိုင်ဆိုင်ရာမဟုတ်ဘဲ ဘုရားသခင့်ပိုင်ဆိုင်ရာဖြစ်တယ်ဆိုတဲ့အချက်ကို စိတ်စွဲမှတ်ထားသင့်တယ်။ “ဘုရားသခင်၏ပိုင်ဆိုင်ရာကို အစိုးတရမပြု” ဖို့ သူတို့ဂရုစိုက်ကြတယ်။ (၁ ပေတရု ၅:၃ ကိုဖတ်ပါ။) ယေရှုရဲ့တမန်တော်တွေဟာ မှားယွင်းတဲ့သဘောထားနဲ့ ကြိုးစားတဲ့အခါတွေရှိခဲ့တယ်။ အုပ်စိုးရှင်တွေလို အထင်ကရရာထူးကို သူတို့လိုချင်ခဲ့ကြတယ်။—မာကု ၁၀:၄၂-၄၅ ကိုဖတ်ပါ။

၁၈ ယနေ့လည်းပဲ “ကြီးကြပ်မှူးဖြစ်ရန် ကြိုးစားနေသူ” ညီအစ်ကိုတွေက သူတို့ဘာကြောင့် ဒီလိုကြိုးစားနေတယ်ဆိုတာကို ပြန်သုံးသပ်သင့်တယ်။ (၁ တိ. ၃:၁) လက်ရှိအကြီးအကဲအဖြစ်အမှုဆောင်နေသူတွေလည်း တမန်တော်တွေဖြစ်ခဲ့သလို အခွင့်အာဏာရလို၊ ထင်ပေါ်ကျော်ကြားလိုတဲ့ဆန္ဒရှိမရှိ မိမိကိုယ်ကို ပွင့်ပွင့်လင်းလင်း မေးလိုကြမှာဖြစ်တယ်။ တမန်တော်တွေတောင် ဒီကိစ္စမှာ ပြဿနာရှိခဲ့ကြတယ်ဆိုရင် အကြီးအကဲတွေက တခြားသူတွေအပေါ် အာဏာပြလိုတဲ့ လောကစိတ်ဓာတ်ကို ရှောင်ဖို့ ကြိုးစားရမယ်ဆိုတာ နားလည်နိုင်ပါတယ်။

၁၉။ သိုးတော်စုကို ကာကွယ်ဖို့ အကြီးအကဲတွေလုပ်ဆောင်တဲ့အခါမှာ ဘာကိုသတိရသင့်သလဲ။

၁၉ သိုးတော်စုကို “ကြမ်းကြုတ်တဲ့ဝံပုလွေ” ရန်ကနေ ကာကွယ်ပေးရတဲ့အခါမျိုးမှာတော့ အကြီးအကဲတွေအနေနဲ့ ခိုင်မာပြတ်သားဖို့လိုတယ်ဆိုတာ မှန်ပါတယ်။ (တ. ၂၀:၂၈-၃၀) ပေါလုက တိတုကို “တိုက်တွန်းနှိုးဆော်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို အခွင့်အာဏာအပြည့်ဖြင့် ပြုလျက်နေ” ပါဆိုပြီး ပြောခဲ့တယ်။ (တိတု ၂:၁၅) ပြင်းထန်တဲ့ဆုံးမမှုနဲ့ တရားရေးကိစ္စကိုင်တွယ်မှုတွေပါဝင်တဲ့ ဒီလိုအရေးယူလုပ်ဆောင်မှုတွေမှာတောင် အမှားပြုသူတွေကို အကြီးအကဲတွေက လေးလေးစားစားဆက်ဆံမှာဖြစ်တယ်။ ခက်ခက်ထန်ထန်ပြစ်တင်ဝေဖန်မယ့်အစား နူးညံ့သိမ်မွေ့စွာသွေးဆောင်ခြင်းက ပိုထိရောက်လေ့ရှိပြီး မှန်ကန်တဲ့လမ်းစဉ်ကိုလိုက်လျှောက်ဖို့ လှုံ့ဆော်မှုဖြစ်စေတယ်ဆိုတာ သူတို့သဘောပေါက်ကြတယ်။

၂၀။ ပုံသက်သေကောင်းပြရာမှာ အကြီးအကဲတွေ ယေရှုကို ဘယ်လိုတုပနိုင်သလဲ။

၂၀ ခရစ်တော်ရဲ့ပုံသက်သေကောင်းက အကြီးအကဲတွေ သိုးတော်စုကိုချစ်ဖို့ လှုံ့ဆော်ပေးတယ်။ (ယော. ၁၃:၁၂-၁၅) ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် တပည့်တွေကို သွန်သင်ပေးပုံအကြောင်းဖတ်ရတဲ့အခါ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးက နွေးထွေးမှုခံစားရတယ်။ ကိုယ်တော်ရဲ့နှိမ့်ချမှုက တပည့်တွေရဲ့စိတ်ကိုထိမိခဲ့ပြီး “သူတစ်ပါးသည် မိမိထက်သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့်ယူမှတ်” ဖို့ သူတို့ကို လှုံ့ဆော်ပေးခဲ့တယ်။ (ဖိ. ၂:၃) ယနေ့ အကြီးအကဲတွေလည်း ယေရှုရဲ့ပုံနမူနာကိုတုပဖို့ လှုံ့ဆော်ခံရပြီး သူတို့ကတစ်ဖန် “သိုးတော်စုအတွက် ပုံနမူနာ” ဖြစ်လိုကြတယ်။

၂၁။ အကြီးအကဲတွေ ဘာဆုကျေးဇူးရကြမလဲ။

၂၁ အကြီးအကဲတွေကို တိုက်တွန်းတဲ့ ပေတရုရဲ့စကားကို အနာဂတ်ကတိတော်နဲ့ နိဂုံးချုပ်ထားတယ်။ (၁ ပေတရု ၅:၄ ကိုဖတ်ပါ။) ကောင်းကင်အတန်းအစား ကြီးကြပ်မှူးတွေက ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ‘မညှိုးနွမ်းတတ်သောသရဖူကို ရကြ’ မယ်။ “သိုးထိန်းချုပ်” ရဲ့အုပ်ချုပ်မှုအောက်မှာ “အခြားသိုး” ဖြစ်တဲ့ သိုးထိန်းတွေကတော့ မြေကြီးပေါ်ရှိတဲ့ ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းရတဲ့အခွင့် ရကြပါလိမ့်မယ်။ (ယော. ၁၀:၁၆) နောက်ဆောင်းပါးမှာ အသင်းသားတွေက ဦးဆောင်ဖို့ ခန့်အပ်ခံရသူတွေကို ထောက်မပေးနိုင်တဲ့ နည်းလမ်းတွေကို ဆွေးနွေးပါမယ်။

ပြန်လည်သုံးသပ်ချက်

• ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းရတဲ့ အကြီးအကဲချင်းတွေကို ပေတရု ဘာကြောင့် သတိပေးခဲ့ရသလဲ။

• ဝတ်ပြုရေးနဲ့ဆိုင်တဲ့လုပ်ဆောင်မှုတွေမှာ အားနည်းနေသူတွေကို အကြီးအကဲတွေ ဘယ်လိုကူညီပေးနိုင်သလဲ။

• ဘုရားသခင့်သိုးတော်စုကို ထိန်းကျောင်းဖို့ အကြီးအကဲတွေကို ဘာကလှုံ့ဆော်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ရှေးခေတ်သိုးထိန်းတွေလိုပဲ ယနေ့အကြီးအကဲတွေက သူတို့ကြည့်ရှုစောင့်ရှောက်ရတဲ့ “သိုး” တွေကို ကာကွယ်ပေးကြရ