မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အနားယူရာထဲသို့ သင်ဝင်နေပြီလား

ဘုရားသခင့်အနားယူရာထဲသို့ သင်ဝင်နေပြီလား

ဘုရားသခင့်အနားယူရာထဲသို့ သင်ဝင်နေပြီလား

“ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။”—ဟေဗြဲ ၄:၁၂

၁။ ယခုအချိန်မှာ ဘုရားသခင့်အနားယူရာထဲ ဝင်နိုင်တဲ့နည်းတစ်နည်းက ဘာလဲ၊ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ဘာကြောင့် ခက်နိုင်သလဲ။

ယေဟောဝါ​ကိုနာခံပြီး ကိုယ်တော့်အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ကိုယ်တော့်အနားယူရာထဲ ဝင်နိုင်ကြောင်း ရှေ့ဆောင်းပါးမှာ ကျွန်ုပ်တို့ သိခဲ့ကြပြီ။ ဒါက တစ်ခါတလေ အပြောလွယ်သလောက် အလုပ်ခက်တယ်။ ဥပမာ၊ ကျွန်ုပ်တို့နှစ်သက်တဲ့အရာတစ်ခုကို ယေဟောဝါမကြိုက်ဘူးလို့ သိရတဲ့အခါ ချက်ချင်းနာခံဖို့ခက်တယ်။ ဒါက “နာခံရန်အသင့်ရှိ” ခြင်းမှာ ကျွန်ုပ်တို့ တိုးတက်ဖို့လိုသေးတယ်ဆိုတာ ဖော်ပြတယ်။ (ယာ. ၃:၁၇) ဒီဆောင်းပါးမှာ အချိန်တိုင်းနာခံမှုပြဖို့ အသင့်ရှိမရှိ ဖော်ပြနိုင်တဲ့အခြေအနေတချို့ကို သုံးသပ်မှာဖြစ်တယ်။

၂၊ ၃။ ယေဟောဝါရဲ့အမြင်မှာ နှစ်သက်ဖွယ်ရာဖြစ်ဖို့ ကျွန်ုပ်တို့ဘာဆက်လုပ်နေရမလဲ။

သင့်အသက်တာကို သမ္မာကျမ်းစာနဲ့အညီ ပြုပြင်ဖို့လိုတယ်ဆိုတာ သိလာတဲ့အခါ ပြုပြင်ပြောင်းလဲဖို့ အသင့်ရှိသလား။ ဘုရားသခင်က မိမိအဖွဲ့အစည်းထဲကို “လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာ” ကိုစုသိမ်းမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟဂ္ဂဲ ၂:၇) ကျွန်ုပ်တို့အများစုဟာ အမှန်တရားကို စလေ့လာစဉ်က နှစ်သက်ဖွယ်ရာတွေမဟုတ်ကြဘူး။ ဒါပေမဲ့ ဘုရားသခင်နဲ့ ကိုယ်တော့်သားတော်ကိုချစ်တဲ့မေတ္တာက ကိုယ်တော့်နှစ်သက်မှု အပြည့်အဝရဖို့ ကျွန်ုပ်တို့ရဲ့သဘောထား၊ အကျင့်အကြံတွေကိုပြောင်းလဲဖို့ လှုံ့ဆော်ပေးခဲ့တယ်။ အကြိမ်ကြိမ်ဆုတောင်း၊ ကြိုးစားအားထုတ်ပြီးနောက်မှာတော့ ယေဟောဝါရဲ့နှစ်သက်မှုခံရပြီး နှစ်ခြင်းခံခဲ့ကြတယ်။—ကောလောသဲ ၁:၉၊ ၁၀ ကိုဖတ်ပါ။

ဒါပေမဲ့ မစုံလင်မှုတိုက်ပွဲက နှစ်ခြင်းခံပြီးတာနဲ့ အဆုံးသတ်မသွားဘူး။ မစုံလင်သေးသ၍ ဒီတိုက်ပွဲကို ဆက်တိုက်နေရဦးမှာဖြစ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဘက်က အားသွန်ခွန်စိုက်ကြိုးစားပြီး ဘုရားသခင့်အမြင်မှာ နှစ်သက်ဖွယ်ရာဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ကြိုးစားအားထုတ်မှုကို ကိုယ်တော် ကောင်းချီးပေးပါလိမ့်မယ်။

ပြုပြင်ပြောင်းလဲဖို့လိုတဲ့အခါ

၄။ ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲဖို့လိုကြောင်း သိရှိအောင် ဘယ်နည်းသုံးနည်းကို ယေဟောဝါ အသုံးပြုသလဲ။

ကျွန်ုပ်တို့ရဲ့အသက်တာကို ပြုပြင်ပြောင်းလဲမှုမလုပ်ခင် ဘယ်ကဏ္ဍမှာ ပြုပြင်ပြောင်းလဲရမယ်ဆိုတာ သိဖို့လိုတယ်။ ဒီလိုသိရှိဖို့ ယေဟောဝါက ကျွန်ုပ်တို့ကို နည်းမျိုးစုံနဲ့ ကူညီပေးတယ်။ ဝတ်ပြုရာခန်းမမှာကြားရတဲ့ ဟောပြောချက်တစ်ခု၊ ကျွန်ုပ်တို့ရဲ့စာပေတွေမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကိုသုံးပြီး ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ အတွေးအခေါ်၊ အမူအကျင့်တစ်ခုခု လွဲမှားနေတယ်ဆိုတာ ထောက်ပြနိုင်တယ်။ တစ်ခါတလေ ဒါကို ကြားရ၊ ဖတ်ရပေမဲ့ ပြုပြင်ပြောင်းလဲရမယ်ဆိုတာ မသိဘဲဖြစ်နေနိုင်တယ်။ ဒီလိုဖြစ်နေတယ်ဆိုရင် အသင်းတော်မှာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတစ်ယောက်ယောက်ကိုသုံးပြီး ကျွန်ုပ်တို့ကို ကြင်နာစွာပြုပြင်ပေးနိုင်တယ်။—ဂလာတိ ၆:၁ ကိုဖတ်ပါ။

၅။ တစ်ခါတလေ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို ပဲ့ပြင်ပေးတဲ့အခါ ဘယ်လိုတုံ့ပြန်တတ်သလဲ၊ ခရစ်ယာန်အကြီးအကဲတွေက ဘာကြောင့် ဆက်ကူညီပေးဖို့လိုသလဲ။

သွန်သင်ချက်က ဘယ်လောက်ပဲမေတ္တာပါပြီး လိမ္မာပါးနပ်ပါစေ မစုံလင်သူလူသားတစ်ဦးပေးတဲ့ သွန်သင်ချက်ကို လက်ခံဖို့ခက်တယ်။ ဒါပေမဲ့ ဂလာတိ ၆:၁ မှာဖော်ပြတဲ့အတိုင်း ကျွန်ုပ်တို့ကို “နူးညံ့သိမ်မွေ့သောစိတ်” နဲ့ “တည့်မတ်” ပေးဖို့ အကြီးအကဲတွေကို ယေဟောဝါ မိန့်မှာထားတယ်။ သူတို့ရဲ့အကူအညီကို လက်ခံမယ်ဆိုရင် ကျွန်ုပ်တို့က ပိုနှစ်သက်ဖွယ်ကောင်းသူတွေ ဖြစ်လာမယ်။ အမှန်တော့၊ ဘုရားသခင်ထံဆုတောင်းတဲ့အချိန်မှာ ကျွန်ုပ်တို့က မစုံလင်ကြလို့ အမှားများစွာကျူးလွန်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အကြီးအကဲတစ်ယောက်က ကျွန်ုပ်တို့ရဲ့အမှားကို ထောက်ပြလာတဲ့အခါမှာတော့ ကျွန်ုပ်တို့ ဘာကြောင့် ဒီလိုလုပ်ရတယ်၊ ဒီလိုပြောရတယ်ဆိုတာ ဆင်ခြေပေးပြီး အပြစ်ကို လျှော့ပေါ့လိုက်တယ်။ ကျွန်ုပ်တို့ကို ပဲ့ပြင်ပေးသူက ကျွန်ုပ်တို့အပေါ်အမြင်မကြည်လို့ ဒီလိုပြောတယ်၊ မကြင်မနာဆက်ဆံတယ်လို့ ပြောတတ်ကြတယ်။ (၄ ရာ. ၅:၁၁) ဒါမှမဟုတ် ကျွန်ုပ်တို့ ခံရခက်တဲ့အရာတစ်ခုခုကို အကြီးအကဲတွေက ပြောလှာတဲ့အခါ စိတ်ဆိုးတတ်ကြတယ်။ ဥပမာ၊ မိသားစုဝင်တစ်ဦးဦး အမှားလုပ်နေတယ်၊ ကျွန်ုပ်တို့ရဲ့ဝတ်စားဖြီးလိမ်းပုံက မသင့်တော်ဘူး၊ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့လိုတယ်၊ ကျွန်ုပ်တို့ရဲ့အပန်းဖြေနည်းတွေကို ယေဟောဝါမနှစ်သက်ဘူးလို့ ပြောတာဖြစ်နိုင်တယ်။ အဲဒီအခါမှာ ကျွန်ုပ်တို့က စိတ်ဆိုးနေတဲ့အတွက် မပြောသင့်တာကို ပြောမိနိုင်တယ်။ ဒါက ကျွန်ုပ်တို့ကိုယ်တိုင်ကိုရော၊ ကျွန်ုပ်တို့ကို ကူညီပေးတဲ့ညီအစ်ကိုကိုပါ စိတ်ထိခိုက်စေတယ်။ ဒါပေမဲ့ နောက်ပိုင်း စိတ်ဆိုးပြေသွားတဲ့အခါမှာတော့ သူပြောတာက ကျွန်ုပ်တို့ ကောင်းကျိုးအတွက်ဖြစ်တယ်ဆိုတာ သိလာလေ့ရှိတယ်။

၆။ ဘုရားသခင့်တရားစကားတော်က ဘယ်လိုနည်းအားဖြင့် ‘စိတ်နှလုံးအကြံအစည်များကို ပိုင်းခြားသိမြင်’ နိုင်သလဲ။

ဒီဆောင်းပါးရဲ့အဓိကကျမ်းချက်မှာ ဘုရားသခင့်တရားစကားတော်က “တန်ခိုး” ရှိတယ်လို့ ဖော်ပြတယ်။ မှန်ပါတယ်၊ ဘုရားသခင့်တရားစကားတော်က အသက်တာတွေကို ပြောင်းလဲပေးနိုင်တဲ့တန်ခိုးရှိတယ်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့နှစ်ခြင်းမခံခင်မှာ ပြုပြင်ပြောင်းလဲဖို့ ကူညီပေးသလို နှစ်ခြင်းခံပြီးတဲ့နောက်မှာလည်း ကျွန်ုပ်တို့အသက်တာကို ပြောင်းလဲစေတယ်။ ဟေဗြဲခရစ်ယာန်တွေထံရေးတဲ့ ပေါလုရဲ့စာမှာ ဘုရားသခင့်တရားစကားတော်က “လူ့အပြင်ပန်းနှင့် အတွင်းသဘောကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ခွဲခြား၍ထွင်းဖောက်တတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း ပိုင်းခြားသိမြင်တတ်၏” လို့ရေးခဲ့တယ်။ (ဟေဗြဲ ၄:၁၂) နောက်တစ်နည်းပြောရရင် ဘုရားသခင် ကျွန်ုပ်တို့ကို လုပ်စေလိုတဲ့အရာကို ရှင်းရှင်းလင်းလင်း သိလာတဲ့အခါ ကျွန်ုပ်တို့ရဲ့ တုံ့ပြန်ပုံက ကျွန်ုပ်တို့ရဲ့အတွင်းသဘော ဘယ်လိုရှိတယ်ဆိုတာ ဖော်ပြတယ်။ တစ်ခါတလေ ကျွန်ုပ်တို့ရဲ့အပြင်ပန်းနဲ့ အတွင်းသဘော ကွဲပြားခြားနားနေသလား။ (မဿဲ ၂၃:၂၇၊ ၂၈ ကိုဖတ်ပါ။) အခုဆွေးနွေးသွားမယ့်အခြေအနေတွေမှာ သင်ဘယ်လို တုံ့ပြန်မယ်ဆိုတာ စဉ်းစားကြည့်ပါ။

ယေဟောဝါအဖွဲ့အစည်းနဲ့ ရင်ပေါင်တန်းလိုက်ပါ

၇၊ ၈။ (က) ဟေဗြဲခရစ်ယာန်တချို့က မောရှေပညတ်တချို့ကို ဘာကြောင့် လိုက်နာတာဖြစ်နိုင်သလဲ။ (ခ) သူတို့ ယေဟောဝါရဲ့ရည်ရွယ်ချက်အတိုင်း မလုပ်ဆောင်ဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ။

ကျွန်ုပ်တို့အများစုက ဒီကျမ်းချက်ကို အလွတ်ရကြတယ်– “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။” (သု. ၄:၁၈) အချိန်ကုန်လွန်လာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့အကျင့်အကြံ၊ ဘုရားသခင့်ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့သိနားလည်မှုတွေ ပိုတိုးတက်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း ယေရှုသေဆုံးပြီးနောက် ဂျူးခရစ်ယာန်များစွာက မောရှေပညတ်အောက်မှာ မရှိတော့ဘူးဆိုတဲ့အချက်ကို လက်ခံဖို့ခက်ကြတယ်။ (တ. ၂၁:၂၀) ခရစ်ယာန်တွေ ပညတ်တရားအောက်မှာမရှိတော့တဲ့အကြောင်း ပေါလု လိမ္မာပါးနပ်စွာရှင်းပြခဲ့ပေမဲ့ တချို့သူတွေက လက်မခံကြဘူး။ (ကော. ၂:၁၃-၁၅) မောရှေပညတ်တချို့ကိုကျင့်စောင့်ခြင်းက ဂျူးဘာသာဝင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကနေ လွတ်စေနိုင်တယ်လို့ သူတို့ ယူမှတ်ခဲ့ကြတာ ဖြစ်နိုင်တယ်။ ဘုရားသခင့်ရည်ရွယ်ချက်နဲ့အညီ မလုပ်ဆောင်ဘူးဆိုရင် ဘုရားသခင့်အနားယူရာထဲမဝင်နိုင်ဘူးလို့ ဟေဗြဲခရစ်ယာန်တွေကို ပေါလုရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ * (ဟေဗြဲ ၄:၁၊ ၂၊ ၆; ဟေဗြဲ ၄:၁၁ ကိုဖတ်ပါ။) ယေဟောဝါရဲ့နှစ်သက်လက်ခံမှုရဖို့ ကိုယ်တော့်ကို တခြားနည်းလမ်းနဲ့ ဝတ်ပြုရမယ်ဆိုတဲ့အချက်ကို သူတို့ လက်ခံဖို့လိုတယ်။

၉။ ကျမ်းစာသိနားလည်မှုတစ်ခု ပြုပြင်ပြောင်းလဲလိုက်တဲ့အခါ ကျွန်ုပ်တို့ ဘယ်သဘောထား တင်ပြသင့်သလဲ။

မျက်မှောက်ခေတ်မှာ တချို့သောကျမ်းစာသွန်သင်ချက်တွေကို ပြုပြင်ပြောင်းလဲတာတွေ ရှိတယ်။ ဒါကို ၀မ်းသာစွာလက်ခံပြီး သစ္စာနဲ့သတိပညာရှိကျွန်ကို ပိုယုံကြည်စိတ်ချသင့်တယ်။ “ကျွန်” အတန်းအစားကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးအဖွဲ့က အမှန်တရားနဲ့ပတ်သက်ပြီး တချို့အချက်တွေကို ပြုပြင်ရမယ်ဆိုတာသိလာတဲ့အခါ ပြုပြင်ပြောင်းလဲဖို့ မတွန့်ဆုတ်ကြဘူး။ ဝေဖန်ခံရမယ်ဆိုတာသိပေမဲ့ ဘုရားသခင့်ရည်ရွယ်ချက်နဲ့အညီလုပ်ဆောင်ဖို့ကို ပိုအာရုံစိုက်ကြတယ်။ ကျမ်းစာနားလည်မှုတစ်ခု ပြုပြင်ပြောင်းလဲလိုက်တဲ့အခါ သင်ဘယ်လိုတုံ့ပြန်သလဲ။—လုကာ ၅:၃၉ ကိုဖတ်ပါ။

၁၀၊ ၁၁။ ကျမ်းစာကျောင်းသားတချို့ ဟောပြောခြင်းနည်းလမ်းအသစ်ကို သိလာတဲ့အခါ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။ သူတို့ဆီကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။

၁၀ နောက်ဥပမာတစ်ခုကို သုံးသပ်ကြည့်ကြစို့။ လွန်ခဲ့တဲ့အနှစ်တစ်ရာလောက်တုန်းက တချို့ကျမ်းစာကျောင်းသားတွေဟာ လူထုရှေ့ဟောပြောချက်ပေးရာမှာ တကယ်တော်တဲ့သူတွေဖြစ်ပြီး ဒါက ဟောပြောခြင်းလုပ်ငန်းအတွက် အကောင်းဆုံးနည်းဖြစ်တယ်လို့ ယူဆခဲ့ကြတယ်။ ကောင်းကောင်းပြင်ဆင်ထားတဲ့ ဟောပြောချက်တွေနဲ့ ပရိသတ်ရှေ့တင်ဆက်ရတာကို နှစ်သက်ခဲ့ကြပြီး ပရိသတ်ရဲ့ ချီးမွမ်းစကားသံတွေကြားမှာ သာယာနေကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ယေဟောဝါက ဟောပြောခြင်းလုပ်ငန်းကို တစ်အိမ်မှတစ်အိမ်အပါအဝင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်စေလိုတယ်ဆိုတာ သိလာကြတယ်။ လူထုရှေ့ဟောပြောရတာကို နှစ်သက်တဲ့သူတွေက တခြားနည်းတွေနဲ့ဟောပြောဖို့ ငြင်းဆိုခဲ့ကြတယ်။ အပြင်ပန်းကကြည့်ရင် သူတို့က ဘုရားသခင်ကိုချစ်ပြီး နာခံသူတွေလို့ ထင်ရပေမဲ့ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို သိလာတဲ့အခါ သူတို့ရဲ့စိတ်သဘောထားအမှန် ပေါ်လာတယ်။ သူတို့ကို ယေဟောဝါ ဘယ်လိုယူမှတ်သလဲ။ သူတို့ကို ကိုယ်တော် ကောင်းချီးမပေးခဲ့ဘူး။ သူတို့ အဖွဲ့အစည်းကနေ ထွက်သွားခဲ့ကြတယ်။—မ. ၁၀:၁-၆; တ. ၅:၄၂; ၂၀:၂၀

၁၁ အဖွဲ့အစည်းအပေါ် တည်ကြည်တဲ့သူတွေအတွက်လည်း လူတွေထံသွားဟောပြောဖို့ မလွယ်ကူခဲ့ဘူး။ အထူးသဖြင့် အစပိုင်းမှာဖြစ်တယ်။ ဒါပေမဲ့ သူတို့ နာခံမှု ပြခဲ့ကြတယ်။ အချိန်ကြာလာတဲ့အခါ ဟောပြောရတာ ပိုလွယ်ကူလာပြီး ယေဟောဝါ သူတို့ကို ကောင်းချီးပေးခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ သင်မလုပ်ဖူးသေးတဲ့နည်းနဲ့ ဟောပြောဖို့ အကြံပြုလှာတဲ့အခါ သင် ဘယ်လိုတုံ့ပြန်သလဲ။ အကြံပြုချက်အတိုင်းလိုက်လုပ်ဖို့ တလိုတလားရှိသလား။

ချစ်ရသူတစ်ဦး ယေဟောဝါကို ကျောခိုင်းသွားတဲ့အခါ

၁၂၊ ၁၃။ (က) နောင်တမယူတဲ့ အမှားပြုသူကို နှင်ထုတ်ရတဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကဘာလဲ။ (ခ) ခရစ်ယာန်မိဘတချို့ ဘယ်စမ်းသပ်မှုနဲ့ ရင်ဆိုင်ရနိုင်သလဲ၊ ဒီစမ်းသပ်မှုက ဘာကြောင့် အရမ်းခက်သလဲ။

၁၂ ယေဟောဝါရဲ့နှစ်သက်မှုရဖို့ အရာရာတိုင်းမှာ သန့်ရှင်းမှုရှိရမယ်ဆိုတဲ့အချက်ကို ကျွန်ုပ်တို့ သဘောတူကြတယ်။ (တိတု ၂:၁၄ ကိုဖတ်ပါ။) ဒါပေမဲ့ ဒီအချက်နဲ့အညီနေထိုင်ဖို့ စမ်းသပ်ခံရတဲ့ အခြေအနေတွေရှိနိုင်တယ်။ ဥပမာ၊ ပုံသက်သေကောင်းတဲ့ ခရစ်ယာန်ဇနီးမောင်နှံရဲ့ တစ်ဦးတည်းသောသားက အမှန်တရားကို ကျောခိုင်းသွားတယ်ဆိုပါစို့။ ယေဟောဝါ၊ သူ့မိဘတွေနဲ့ ဆက်ဆံရေးထက် “အပြစ်နှင့်ဆိုင်သောပျော်မွေ့ခြင်းကို ခဏခံစား” ခြင်းကို ပိုနှစ်သက်တဲ့အတွက် ဒီလူငယ် နှင်ထုတ်ခံလိုက်ရတယ်။—ဟေဗြဲ ၁၁:၂၅

၁၃ မိဘတွေ အရမ်းဝမ်းနည်းကြေကွဲကြမှာပဲ။ ဒါပေမဲ့ နှင်ထုတ်ခြင်းနဲ့ပတ်သက်တဲ့ ဒီကျမ်းချက်ကို သူတို့သိတယ်– ‘ညီအစ်ကိုဟုခေါ်၍ တရားမဝင်လိင်ဆက်ဆံသူ၊ လောဘကြီးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဆဲရေးကဲ့ရဲ့သူ၊ သောက်ကြူးသူ၊ လုယက်သူဖြစ်လျှင် ထိုသို့သောသူနှင့် ပေါင်းဖော်ခြင်းသာမက အတူစားသောက်ခြင်းကိုပင် မပြု’ နှင့်။ (၁ ကော. ၅:၁၁၊ ၁၃) “ညီအစ်ကို” ဆိုတဲ့စကားလုံးက တစ်အိမ်တည်းမှာအတူမနေတဲ့ မိသားစုဝင်လည်းပါတယ်ဆိုတာ သူတို့သိတယ်။ သူတို့ရဲ့သားကို အရမ်းချစ်တဲ့အတွက် ဒီလိုဆင်ခြေပေးမိနိုင်တယ်– ‘လုံး၀အဆက်အသွယ်မလုပ်ဘဲ အဆက်ဖြတ်လိုက်မယ်ဆိုရင် ယေဟောဝါထံပြန်လာအောင် ဘယ်လိုကူညီပေးနိုင်မှာလဲ။ သူနဲ့ ပုံမှန်ပြောဆိုဆက်သွယ်နေမှ ကူညီပေးနိုင်မှာပေါ့။’ *

၁၄၊ ၁၅။ နှင်ထုတ်ခံရတဲ့သားသမီးနဲ့ စကားပြောခြင်းနဲ့ပတ်သက်ပြီး မိဘတွေဆုံးဖြတ်ချက်ချတဲ့အခါ ဘယ်အချက်ကို သတိရဖို့လိုသလဲ။

၁၄ မိဘတွေဝမ်းနည်းပြီးခံစားရတာကို တွေ့တဲ့အခါ ကျွန်ုပ်တို့လည်း ဝမ်းနည်းကြတယ်။ တကယ်တော့ သားဖြစ်သူမှာ ရွေးချယ်ခွင့်ရှိပြီး သူက မိဘ၊ ယုံကြည်သူချင်းတွေနဲ့ဆက်ဆံရေးကောင်းကို ရွေးချယ်မယ့်အစား ခရစ်ယာန်မဆန်တဲ့လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်။ မိဘတွေအနေနဲ့ သူတို့သားကို ကူညီပေးလိုပေမဲ့ ဒါက သားရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် သူတို့ဘာမှမတတ်နိုင်ဘူး။ မိဘတွေ ဘာကြောင့် ဒီလောက်ခံစားရတယ်ဆိုတာ နားလည်နိုင်ပါတယ်။

၁၅ ဒါပေမဲ့ မိဘတွေ ဘာလုပ်ကြမလဲ။ ယေဟောဝါရဲ့ ရှင်းလင်းတဲ့ညွှန်ကြားချက်ကို နာခံမလား ဒါမှမဟုတ် “ရှောင်လွှဲလို့မရတဲ့ မိသားစုအရေးကိစ္စ” လို့အကြောင်းပြပြီး သားနဲ့ပုံမှန်ပြောဆိုဆက်သွယ်နေမလား။ ဆုံးဖြတ်ချက်ချတဲ့အခါ သူတို့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုခံစားရမယ်ဆိုတာ သတိရသင့်တယ်။ ကိုယ်တော့်ရည်ရွယ်ချက်က အဖွဲ့အစည်းသန့်ရှင်းနေဖို့နဲ့ ဖြစ်နိုင်မယ်ဆိုရင် အမှားပြုသူ အသိတရားပြန်ရလာဖို့ဖြစ်တယ်။ ခရစ်ယာန်မိဘတွေက ဒီရည်ရွယ်ချက်နဲ့အညီ ဘယ်လိုလုပ်ဆောင်နိုင်မလဲ။

၁၆၊ ၁၇။ အာရုန်ရဲ့အဖြစ်အပျက်ကနေ ဘာသင်ခန်းစာရသလဲ။

၁၆ မောရှေရဲ့အစ်ကို အာရုန်လည်း သူ့သားနှစ်ယောက်ကြောင့် ခက်ခဲတဲ့အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်။ သားတွေဖြစ်တဲ့ နာဒပ်နဲ့အဘိဟုက ယေဟောဝါကို ထူးခြားတဲ့မီးနဲ့ပူဇော်တဲ့အတွက် ကိုယ်တော် သူတို့ကို သေဒဏ်စီရင်ခဲ့တယ်။ သူ့သားတွေသေဆုံးသွားလို့ အာရုန် သူတို့နဲ့စကားပြောလို့မရတော့ဘူး။ ဒါတင်မကသေးဘူး၊ ယေဟောဝါက အာရုန်နဲ့ သူ့ရဲ့တည်ကြည်တဲ့တခြားသားတွေကို ဒီလိုညွှန်ကြားခဲ့တယ်– ‘သင်တို့လည်းသေမည်၊ လူအပေါင်းတို့အပေါ်မှာ [ယေဟောဝါ၏] အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍ သင်တို့ဦးထုပ်ကိုမချွတ်နှင့်။ [ငိုကြွေးမြည်တမ်းကာ] အဝတ်ကိုမဆုတ်နှင့်။’ (ဝတ်. ၁၀:၁-၆) သင်ခန်းစာကတော့ ရှင်းပါတယ်။ ကျွန်ုပ်တို့က တည်ကြည်မှုမရှိတဲ့ မိသားစုဝင်တွေကိုချစ်တာထက် ယေဟောဝါကို ပိုချစ်ရမယ်ဆိုတာပဲ။

၁၇ ဒီနေ့အချိန်မှာ ယေဟောဝါက ကိုယ်တော့်ပညတ် ချိုးဖောက်သူတွေကို ချက်ချင်းသေဒဏ်မစီရင်ဘူး။ နောင်တရပြောင်းလဲဖို့ မေတ္တာနဲ့ အခွင့်အရေးပေးထားတယ်။ မိဘတွေက ကိုယ်တော့်ပညတ်ကိုမနာခံဘဲ အကြောင်းအမျိုးမျိုးပြပြီး နှင်ထုတ်ခံထားရတဲ့သားသမီးနဲ့ ပြောဆိုဆက်သွယ်မယ်ဆိုရင် ယေဟောဝါ ဘယ်လိုခံစားရမလဲ။

၁၈၊ ၁၉။ နှင်ထုတ်ခံရသူတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ညွှန်ကြားချက်အတိုင်း လုပ်ဆောင်တဲ့ မိသားစုဝင်တွေ ဘာကောင်းချီးခံစားရမလဲ။

၁၈ တစ်ချိန်က နှင်ထုတ်ခံရဖူးသူများစွာက သူတို့ရဲ့မိသားစုနဲ့ မိတ်ဆွေတွေ ယေဟောဝါရဲ့အစီအစဉ်ကို နာခံပြီး သူတို့နဲ့စကားမပြောတဲ့အတွက် အသင်းတော်ထဲပြန်ဝင်လာနိုင်တာလို့ ပြောပြကြတယ်။ ဥပမာ၊ ညီအစ်မငယ်တစ်ဦး သူ့အသက်တာကို ပြောင်းလဲရတဲ့အကြောင်းရင်းတစ်ခုက သူ့အစ်ကိုရဲ့လုပ်ရပ်ကြောင့်ဖြစ်တယ်လို့ အကြီးအကဲတွေကို ပြောပြတယ်။ သူနှင်ထုတ်ခံရချိန်အတွင်းမှာ အစ်ကိုဖြစ်သူက ယေဟောဝါအပေါ် တည်ကြည်မှုပြပြီး ကိုယ်တော့်ပညတ်ကိုနာခံခဲ့တယ်။ ဒီလုပ်ရပ်က သူ့ကို အသင်းတော်ထဲပြန်ဝင်လာအောင် လှုံ့ဆော်ပေးခဲ့တာဖြစ်တယ်။

၁၉ ကျွန်ုပ်တို့ဘက်က ဘာလုပ်ဖို့လိုသလဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ယေဟောဝါကို နာခံမှုပြဖို့ဖြစ်တယ်။ ကျွန်ုပ်တို့က မစုံလင်တဲ့အတွက် အဲဒီလို နာခံမှုပြဖို့တော့ခက်တယ်။ ဒါပေမဲ့ ယေဟောဝါမိန့်မှာတဲ့အရာမှန်သမျှက ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်တယ်ဆိုတာ အခိုင်အမာယုံကြည်စိတ်ချရမယ်။

“ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်”

၂၀။ ဟေဗြဲ ၄:၁၂ ကို ဘယ်နည်းနှစ်နည်းနဲ့ နားလည်နိုင်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

၂၀ “ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်” ၏လို့ ပေါလုရေးသားချိန်မှာ ကျမ်းစာအုပ်ကို အတိအကျရည်ညွှန်းခဲ့တာမဟုတ်ဘူး။ * အထက်အောက်စကားအရ ဘုရားသခင့်ကတိစကားတွေကို ရည်ညွှန်းခြင်းဖြစ်တယ်။ ပေါလုဆိုလိုတာက ဘုရားသခင်ဟာ ကတိပေးပြီး ကတိမတည်တဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးဆိုတာပဲ။ ယေဟောဝါက ဒီအချက်ကို ပရောဖက်ဟေရှာယကတစ်ဆင့် အတည်ပြုခဲ့တယ်– ‘ငါ၏စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’ (ဟေရှာ. ၅၅:၁၁) ဒါကြောင့် ကျွန်ုပ်တို့မျှော်လင့်ထားချိန်မှာ ကိုယ်တော့်ကတိတော်တွေ မပြည့်စုံလို့ စိတ်မရှည်စရာအကြောင်း ဘာမှမရှိဘူး။ ယေဟောဝါက မိမိရဲ့ရည်ရွယ်ချက်တွေ အပြီးသတ်ပြည့်စုံဖို့ ယခုတိုင်အောင် ဆက် ‘အလုပ်လုပ်နေ’ တယ်။—ယော. ၅:၁၇

၂၁။ ဟေဗြဲ ၄:၁၂ က လူအုပ်ကြီးအဝင် တည်ကြည်တဲ့သက်ကြီးသူတွေအတွက် ဘယ်လိုနည်းနဲ့ အားပေးမှုဖြစ်နိုင်သလဲ။

၂၁ “လူအုပ်ကြီး” အဝင် တည်ကြည်တဲ့သက်ကြီးသူတွေက ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုလာခဲ့ကြတယ်။ (ဗျာ. ၇:၉) ဒီအစီအစဉ်စနစ် ဒီလောက်ထိသက်ဆိုးရှည်လိမ့်မယ်လို့ သူတို့ဘယ်တုန်းကမှ တွေးမထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့စိတ်မပျက်ခဲ့ကြဘူး။ (ဆာ. ၉၂:၁၄) ဘုရားသခင့်ကတိတော်တွေက အသက်ရှင်ပြီး တကယ်ပဲပြည့်စုံလာမယ်ဆိုတာ သူတို့ ယုံကြည်ကြတယ်။ ဘုရားသခင်က မိမိရဲ့ရည်ရွယ်ချက်ကို အလေးအနက်ထားတယ်၊ ကျွန်ုပ်တို့လည်း ကိုယ်တော့်ရည်ရွယ်ချက်ကို အလေးအနက်ထားတယ်ဆိုရင် ကိုယ်တော်ပျော်တယ်။ ယေဟောဝါရဲ့ အနားယူရာသတ္တမနေ့အတွင်း ကိုယ်တော့်ရည်ရွယ်ချက်မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်ဘူး၊ ဒါ့အပြင် ကိုယ်တော့်လူမျိုးဟာ အုပ်စုလိုက်အနေနဲ့ ကိုယ်တော့်ရည်ရွယ်ချက်နဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်။ သင်ကော ဘုရားသခင့်အနားယူရာထဲ ဝင်နေပြီလား။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ဂျူးဘာသာရေးခေါင်းဆောင်တွေက မောရှေပညတ်ကို အသေးစိတ်ကအစ လိုက်နာဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ ယေရှု မြေကြီးပေါ်ကြွလာတဲ့အခါ ကိုယ်တော့်ကို မေရှိယအဖြစ် လက်မခံလိုကြဘူး။ ဒါက ဘုရားသခင့်ရည်ရွယ်ချက်ကို ဆန့်ကျင်ခြင်းဖြစ်တယ်။

^ အပိုဒ်၊ 20 ဒီနေ့အချိန်မှာ ဘုရားသခင်က လူတွေရဲ့အသက်တာကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့ကို စကားပြောတယ်။ ဒါကြောင့် ဟေဗြဲ ၄:၁၂ ပါစကားက သမ္မာကျမ်းစာကိုလည်း ရည်ညွှန်းနိုင်တယ်။

သင်မှတ်မိသလား

• ဒီနေ့ ဘုရားသခင့်အနားယူရာထဲဝင်နိုင်ဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

• ဘုရားသခင့်ရည်ရွယ်ချက်ကို နားလည်လာတဲ့အခါ ဘုရားသခင့်နှစ်သက်လက်ခံမှုရလိုကြောင်း ကျွန်ုပ်တို့ ဘယ်လိုဖော်ပြသလဲ။

• ဘယ်ကဏ္ဍတွေမှာ ယေဟောဝါမိန့်မှာတဲ့အတိုင်း နာခံဖို့ခက်သလဲ၊ ဒါပေမဲ့ ဘာကြောင့် နာခံဖို့ အရေးကြီးသလဲ။

ဟေဗြဲ ၄:၁၂ ကို ဘယ်နည်းနှစ်နည်းနဲ့ နားလည်နိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၃၁ ပါရုပ်ပုံ]

မိဘတွေ အရမ်းဝမ်းနည်းကြေကွဲကြရ