မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏အနားယူရာနေ့ဆိုတာ ဘာလဲ

ဘုရားသခင်၏အနားယူရာနေ့ဆိုတာ ဘာလဲ

ဘုရားသခင်၏အနားယူရာနေ့ဆိုတာ ဘာလဲ

‘ဘုရားသခင့်လူမျိုးတော်အတွက် အနားယူရာနေ့ရှိသေး၏။’—ဟေဗြဲ ၄:၉

၁၊ ၂။ ကမ္ဘာဦး ၂:၃ ကနေ ကျွန်ုပ်တို့ ဘာသိရသလဲ၊ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

ကမ္ဘာဦး​ အခန်းကြီးတစ်ကစပြီး ဘုရားသခင်ဟာ ပုံဆောင်ခြောက်ရက်အတွင်း ကမ္ဘာမြေကြီးကို လူသားတွေနေထိုင်ဖို့ ပြင်ဆင်တဲ့အကြောင်း ကျွန်ုပ်တို့ဖတ်ရတယ်။ တစ်ရက်ပြီးသွားတိုင်း ‘ညဦးနှင့်နံနက်ဖြစ်လေ၏’ ဆိုတဲ့စကားကိုတွေ့ရတယ်။ (က. ၁:၅၊ ၈၊ ၁၃၊ ၁၉၊ ၂၃၊ ၃၁) ဒါပေမဲ့ သတ္တမနေ့နဲ့ပတ်သက်တဲ့ ကမ္ဘာဦး ၂:၁-၃ ပါစကားကို ဆန်းစစ်ကြည့်တဲ့အခါ အဲဒီစကားကိုမတွေ့ရဘူး။

သမ္မာကျမ်းစာက ဒီလိုပြောတယ်– “ထိုသတ္တမနေ့ကို ဘုရားသခင်သည်ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။” (က. ၂:၃) ဒီစကားတွေအရ ဒီကမ္ဘာဦးကျမ်းကိုမောရှေရေးတဲ့ ဘီစီအီး ၁၅၁၃ အထိ ဘုရားသခင် အနားယူနေဆဲဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘုရားသခင့်အနားယူရာနေ့က အခုအချိန်အထိ ဆက်ရှိနေသေးသလား။ ရှိနေသေးတယ်ဆိုရင် အဲဒီနေ့ထဲကို ကျွန်ုပ်တို့ ဝင်နိုင်သလား။ ဒီမေးခွန်းတွေရဲ့အဖြေက ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးတယ်။

ယေဟောဝါ “အနားယူ” နေဆဲလား

၃။ သတ္တမနေ့က ယေရှုအသက်ရှင်နေတဲ့အချိန်အထိ ဆက်ရှိနေသေးတယ်ဆိုတာ ယောဟန် ၅:၁၆၊ ၁၇ မှာပါတဲ့ ယေရှုရဲ့စကားတွေက ဘယ်လိုဖော်ပြသလဲ။

အဲဒီသတ္တမနေ့က ယေရှုနဲ့ ပထမရာစုခရစ်ယာန်ခေတ်အထိ ဆက်ရှိနေဆဲဖြစ်တယ်လို့ ကောက်ချက်ချနိုင်တဲ့ အကြောင်းရင်းနှစ်ခုရှိတယ်။ ပထမအကြောင်းရင်းကို ဆန့်ကျင်သူတွေကို ယေရှုပြန်ဖြေတဲ့စကားမှာ တွေ့ရတယ်။ သတ္တမနေ့မှာ အလုပ်မလုပ်ရဘူးလို့ ဆန့်ကျင်သူတွေက လက်ခံထားတဲ့အတွက် အဲဒီနေ့မှာ ယေရှု ရောဂါကုပေးတာကိုမြင်တဲ့အခါ သူတို့ ပြစ်တင်ဝေဖန်ကြတယ်။ ယေရှု ဒီလိုပြန်ဖြေတယ်– “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူ၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်၏။” (ယော. ၅:၁၆၊ ၁၇) ကိုယ်တော် ဘာကိုဆိုလိုတာလဲ။ ဆိုလိုရင်းက ‘ငါနဲ့ ငါ့ခမည်းတော်က အလုပ်တစ်မျိုးတည်းကိုပဲလုပ်တယ်။ ခမည်းတော်က နှစ်ထောင်ချီကြာတဲ့ အနားယူရာသတ္တမနေ့မှာ အလုပ်လုပ်နေဆဲဖြစ်လို့ ငါလည်း အနားယူရာသတ္တမနေ့မှာ အလုပ်လုပ်လို့ရတယ်။’ ယေရှုရဲ့စကားတွေက မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်အနားယူရာ သတ္တမနေ့က ကိုယ်တော်အသက်ရှင်တဲ့အချိန်အထိ မကုန်ဆုံးသေးဘူးဆိုတာ ဖော်ပြတယ်။ *

၄။ ပေါလုရဲ့စကားအရ သတ္တမနေ့က ပထမရာစုခရစ်ယာန်ခေတ်အထိ ရှိနေဆဲဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

ဒုတိယအကြောင်းရင်းကို တမန်တော်ပေါလုရဲ့စာမှာ တွေ့နိုင်တယ်။ ပေါလုက ဘုရားသခင်အနားယူရာနေ့အကြောင်းပါတဲ့ ကမ္ဘာဦး ၂:၂ ကိုမကိုးကားခင် “ယုံကြည်ကြောင်းတင်ပြသောငါတို့မူကား အနားယူရာထဲသို့ ဝင်ကြရ၏” လို့ရေးခဲ့တယ်။ (ဟေဗြဲ ၄:၃၊ ၄၊ ၆၊) ဒါကြောင့် သတ္တမနေ့က ပေါလုအချိန်အထိ ဆက်ရှိနေသေးတယ်။ ဒီအနားယူရာနေ့က ဘယ်အထိ ဆက်သွားမလဲ။

၅။ သတ္တမနေ့ရဲ့ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်အချိန်မှာ ဒီရည်ရွယ်ချက်ပြည့်စုံမလဲ။

ဒီမေးခွန်းအဖြေရဖို့ သတ္တမနေ့ရဲ့ ရည်ရွယ်ချက်ကို သတိရဖို့လိုတယ်။ ကမ္ဘာဦး ၂:၃ က ဒီလိုပြောတယ်– “ထိုသတ္တမနေ့ကို ဘုရားသခင်သည်ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။” ယေဟောဝါ ဒီနေ့ကို သန့်ရှင်းစေတဲ့ အကြောင်းကတော့ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံစေဖို့ဖြစ်တယ်။ နာခံမှုရှိတဲ့အမျိုးသား၊ အမျိုးသမီးတွေ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်ပြီး ကမ္ဘာမြေကြီးနဲ့ မြေကြီးပေါ်မှာရှိတဲ့အရာတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ဖြစ်တယ်။ (က. ၁:၂၈) ဒီရည်ရွယ်ချက်ကြောင့် ယေဟောဝါဘုရားသခင်နဲ့ အနားယူရာသတ္တမနေ့ရဲ့သခင် ယေရှုခရစ်က “ယခုတိုင်အောင်အလုပ်လုပ်” နေရခြင်းဖြစ်တယ်။ (မ. ၁၂:၈) ဒါကြောင့် ဘုရားသခင့်အနားယူရာနေ့က ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံတဲ့ ခရစ်တော်ရဲ့အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အဆုံးအထိ ဆက်ရှိနေမယ်။

“နာခံမှုကင်းမဲ့သူများနည်းတူ” မဖြစ်နဲ့

၆။ ဘယ်နမူနာတွေက ကျွန်ုပ်တို့အတွက် သတိပေးချက်ဖြစ်သလဲ။ ဒီနမူနာတွေကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာ ယူနိုင်သလဲ။

ဘုရားသခင်က မိမိရဲ့ရည်ရွယ်ချက်အကြောင်း အာဒံနဲ့ဧဝကို ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပေမဲ့ သူတို့က ဒီရည်ရွယ်ချက်နဲ့အညီ မလုပ်ဆောင်ခဲ့ကြဘူး။ အာဒံနဲ့ဧဝက မနာခံတဲ့လမ်းစဉ်ကို လိုက်လျှောက်ခဲ့တဲ့ ဦးဆုံးလူသားမောင်နှံဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ သန်းနဲ့ချီတဲ့သူတွေလည်း အဲဒီလမ်းစဉ်ကို လိုက်ခဲ့ကြတယ်။ ဘုရားသခင်ရွေးချယ်ခဲ့တဲ့ အစ္စရေးလူမျိုးကတောင် မနာခံမှုလမ်းစဉ်ကို လိုက်ခဲ့ကြတယ်။ ပထမရာစုခရစ်ယာန်အချို့လည်း သူတို့လို မနာခံသူတွေဖြစ်သွားနိုင်လို့ ပေါလုသတိပေးခဲ့တယ်။ သူဒီလိုရေးခဲ့တယ်– “ထိုအနားယူရာထဲသို့ဝင်ရန် အစွမ်းကုန်ကြိုးစားကြစို့။ နာခံမှုကင်းမဲ့သူများနည်းတူ ဖြစ်သွားမည်ကို စိုးရိမ်စရာရှိသောကြောင့်ဖြစ်၏။” (ဟေဗြဲ ၄:၁၁) မနာခံတဲ့သူတွေက ဘုရားသခင့်အနားယူရာထဲ မဝင်နိုင်ဘူးလို့ ပေါလုပြောခဲ့တာကို သတိပြုပါ။ ဒါက ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။ ကျွန်ုပ်တို့က ဘုရားသခင့်ရည်ရွယ်ချက်ကို တစ်နည်းနည်းနဲ့ဆန့်ကျင်တယ်ဆိုရင် ဘုရားသခင့်အနားယူရာထဲမဝင်ရဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ဒီမေးခွန်းရဲ့အဖြေကိုသိဖို့ အရမ်းအရေးကြီးတဲ့အတွက် ဒီအကြောင်းကို ထပ်ဆင့်သုံးသပ်ကြပါမယ်။ ဒါပေမဲ့ ဦးဆုံး အစ္စရေးလူမျိုးရဲ့ နမူနာဆိုးနဲ့ သူတို့ဘာကြောင့် ဘုရားသခင့်အနားယူရာထဲ မဝင်ရသလဲဆိုတာ သုံးသပ်ကြမယ်။

“သူတို့သည် ငါ၏အနားယူရာထဲသို့ မဝင်ကြရ”

၇။ အစ္စရေးလူမျိုးကို အီဂျစ်ပြည်ကနေကယ်နုတ်ရတဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက်ကဘာလဲ။ အစ္စရေးလူမျိုး ဘာလုပ်ဖို့လိုသလဲ။

ဘီစီအီး ၁၅၁၃ မှာ ယေဟောဝါက အစ္စရေးလူမျိုးနဲ့ပတ်သက်တဲ့ မိမိရည်ရွယ်ချက်အကြောင်း မောရှေကို ဖော်ပြခဲ့တယ်။ ဘုရားသခင် ဒီလိုမိန့်တော်မူတယ်– “သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နုတ်၍ . . . နို့နှင့်ပျားရည်စီးတတ်သောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။” (ထွ. ၃:၈) ယေဟောဝါ အာဗြဟံကို ကတိပေးခဲ့တဲ့အတိုင်း အစ္စရေးလူမျိုးကို အီဂျစ်ပြည်ကနေ ကယ်နုတ်ခဲ့ပြီး ကိုယ်တော့်လူမျိုးဖြစ်စေခဲ့တယ်။ (က. ၂၂:၁၇) ဘုရားသခင်က အစ္စရေးလူမျိုးကို ပညတ်တရားပေးခဲ့လို့ သူတို့က ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေး ရရှိနိုင်ခဲ့တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) အစ္စရေးလူမျိုးကို ကိုယ်တော်ဒီလိုပြောခဲ့တယ်– “သင်တို့သည် ငါ့စကားကိုအမှန်နားထောင်၍ ငါ့ပဋိညာဉ် ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။” (ထွ. ၁၉:၅၊ ၆) ဒါကြောင့် အစ္စရေးလူမျိုးက ကိုယ်တော့်ပညတ်ကိုနာခံမှသာ ဘုရားသခင့်လူမျိုးဖြစ်နိုင်မယ်။

၈။ အစ္စရေးလူမျိုး ဘုရားသခင်ကိုနာခံမယ်ဆိုရင် ဘယ်အခြေအနေမျိုးရှိနေမလဲ။

အစ္စရေးလူမျိုး ဘုရားသခင့်စကားကို နားထောင်ခဲ့မယ်ဆိုရင် ဘယ်လိုအခြေအနေဖြစ်နေမလဲဆိုတာ စဉ်းစားကြည့်ပါ။ ယေဟောဝါက သူတို့ရဲ့လယ်ယာ၊ စပျစ်ဥယျာဉ်နဲ့ တိရစ္ဆာန်တွေကို ကောင်းချီးပေးမှာဖြစ်တယ်။ ရန်သူတွေရဲ့လက်ကနေလည်း ကာကွယ်ပေးမယ်။ (၃ ရာ. ၁၀:၂၃-၂၇ ကိုဖတ်ပါ။) မေရှိယကြွလာချိန်မှာလည်း သူတို့က ရောမလက်အောက်ခံမဟုတ်ဘဲ လွတ်လပ်တဲ့နိုင်ငံအဖြစ် ရပ်တည်နေမှာဖြစ်တယ်။ ယေဟောဝါက အစ္စရေးလူမျိုးကို ပတ်ဝန်းကျင်နိုင်ငံတွေအတွက် စံပြနိုင်ငံတစ်ခုဖြစ်စေချင်တယ်။ စစ်မှန်တဲ့ဘုရားသခင်ကိုနာခံသူတွေ ကောင်းချီးခံစားရတယ်ဆိုတာ လူတွေကို ကိုယ်တော် သိစေချင်တယ်။

၉၊ ၁၀။ (က) အစ္စရေးလူမျိုး အီဂျစ်ပြည်ကိုပြန်ချင်တာက ဘာကြောင့် ကြီးလေးတဲ့အမှားဖြစ်ခဲ့သလဲ။ (ခ) အီဂျစ်ပြည်ကိုပြန်မယ်ဆိုရင် အစ္စရေးလူမျိုးရဲ့ဝတ်ပြုရေး ဘယ်လိုထိခိုက်နိုင်သလဲ။

ယေဟောဝါရည်ရွယ်ချက်ပြည့်စုံရေးအတွက် အသုံးတော်ခံရခြင်းက အစ္စရေးလူမျိုးအတွက် အခွင့်ထူးဖြစ်တယ်။ ဒါက သူတို့ကိုယ်နှိုက်အတွက်သာမက လူမျိုးအပေါင်းကိုကောင်းချီးရစေလို့ပဲ။ (က. ၂၂:၁၈) ဒါပေမဲ့ အစ္စရေးလူမျိုးအများစုက ဘုရားသခင့်အုပ်ချုပ်မှုအောက် စံပြနိုင်ငံတည်ထောင်ဖို့ အခွင့်ထူးကို တန်ဖိုးမထားခဲ့ကြဘူး။ အီဂျစ်ပြည်ပြန်မယ်လို့တောင် ပြောခဲ့ကြတယ်။ (တောလည်ရာ ၁၄:၂-၄ ကိုဖတ်ပါ။) သူတို့တွေ အီဂျစ်ပြည်ပြန်မယ်ဆိုရင် သူတို့နဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို ပြည့်စုံစေနိုင်တော့မှာမဟုတ်ဘူး။ အယူမှားတဲ့လူမျိုးရဲ့ကျွန် ပြန်ဖြစ်သွားမယ်ဆိုရင် မောရှေပညတ်ကို လိုက်လျှောက်နိုင်တော့မှာမဟုတ်သလို သူတို့ရဲ့အပြစ်ကိုဖြေပေးမယ့် ယေဟောဝါရဲ့အစီအစဉ်ကနေလည်း အကျိုးခံစားရမှာမဟုတ်ဘူး။ ဘယ်လောက်တောင် အမြော်အမြင်နည်းခဲ့ကြသလဲ။ ဒါကြောင့် ဒီပုန်ကန်တဲ့သူတွေကို ယေဟောဝါဒီလိုပြောခဲ့တယ်– “ထိုလူမျိုးဆက်ကို ငါရွံရှာ၍ ‘သူတို့စိတ်နှလုံးတွင် အစဉ်လမ်းလွဲကြပြီး ငါ၏နည်းလမ်းတော်များကို မသိကြ’ ဟုငါမိန့်ဆို၏။ သို့ဖြစ်၍ ‘သူတို့သည် ငါ၏အနားယူရာထဲသို့ မဝင်ကြရ’ ဟုအမျက်တော်ထွက်လျက် ကျိန်ဆို၏။”—ဟေဗြဲ ၃:၁၀၊ ၁၁; ဆာ. ၉၅:၁၀၊ ၁၁

၁၀ အီဂျစ်ပြည်ကိုပြန်ဖို့ ကြိုးစားခြင်းက ယေဟောဝါပေးတဲ့ကောင်းချီးကို တန်ဖိုးမထားဘူးဆိုတာ ပြသရာရောက်တယ်။ ဒီနာခံမှုမရှိသူတွေက အီဂျစ်ပြည်ကအစားအစာတွေကို တောင့်တခဲ့ကြတယ်။ (တော. ၁၁:၅) သူတို့က သားဦးအခွင့်အရာကို တန်ဖိုးမထားဘဲ ပဲဟင်းတစ်ခွက်နဲ့လဲခဲ့တဲ့ ဧသောနဲ့တူတယ်။—က. ၂၅:၃၀-၃၂; ဟေဗြဲ ၁၂:၁၆

၁၁။ အီဂျစ်ပြည်ကထွက်လာတဲ့ အစ္စရေးလူမျိုးရဲ့ မတည်ကြည်မှုကြောင့် ဘုရားသခင့်ရည်ရွယ်ချက် ထိခိုက်ခဲ့သလား။

၁၁ အီဂျစ်ပြည်ကထွက်လာတဲ့ အစ္စရေးလူမျိုးက ယေဟောဝါကို မတည်ကြည်ခဲ့ကြပေမဲ့ ဒီလူမျိုးနဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက် မပြောင်းလဲခဲ့ဘူး။ သူတို့ထက် သူတို့ရဲ့သားသမီးတွေက ပိုနာခံမှုရှိခဲ့ကြလို့ ယေဟောဝါက ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံစေဖို့ သူတို့ကို အသုံးပြုခဲ့တယ်။ သူတို့က ယေဟောဝါရဲ့ပညတ်ကိုနာခံပြီး ကတိထားရာပြည်ထဲ ဝင်ရောက်သိမ်းပိုက်ခဲ့ကြတယ်။ ယောရှု ၂၄:၃၁ မှာ ဒီလိုဖော်ပြထားတယ်– ‘ယောရှုလက်ထက်ကာလပတ်လုံး အစ္စရေးအမျိုးသားတို့သည် ယေဟောဝါကို ဝတ်ပြုကြ၏။ ယေဟောဝါသည် အစ္စရေးအမျိုးအဖို့ ပြုတော်မူသမျှတို့ကိုသိ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ယေဟောဝါကိုဝတ်ပြုကြ၏။’

၁၂။ ယနေ့အချိန်မှာ ဘုရားသခင့်အနားယူရာထဲ ဝင်နိုင်တယ်ဆိုတာ ကျွန်ုပ်တို့ဘယ်လိုသိရသလဲ။

၁၂ ဒါပေမဲ့ တည်ကြည်မှုရှိသူတွေ တဖြည်းဖြည်းသေဆုံးကုန်ပြီး နောက်လူမျိုးဆက်က ‘ယေဟောဝါကိုလည်းကောင်း၊ အစ္စရေးအမျိုးအဖို့ပြုတော်မူသော အမှုတို့ကိုလည်းကောင်း မသိ’ ကြတော့ဘူး။ အကျိုးဆက်အနေနဲ့ ‘အစ္စရေးအမျိုးသားတို့သည် ယေဟောဝါရှေ့တော်၌ မကောင်းမှုကိုပြု၍ ဗာလတို့ကို ဝတ်ပြုကြ’ တယ်။ (သူကြီး. ၂:၁၀၊ ၁၁) ကတိထားရာပြည်က သူတို့အတွက် “အနားယူရန်နေရာတစ်ခု” မဟုတ်တော့ဘူး။ သူတို့ရဲ့မနာခံမှုကြောင့် ဘုရားသခင်နဲ့ ဆက်ဆံရေးပျက်ပြားသွားတယ်။ သူတို့ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ပေါလုဒီလိုရေးခဲ့တယ်– ‘ယောရှုသည် သူတို့[အစ္စရေးလူမျိုး]ကို အနားယူရန် နေရာတစ်ခုသို့ ဆောင်သွင်းခဲ့ပြီဆိုလျှင် အခြားနေ့ရက်တစ်ရက်အကြောင်း ဘုရားသခင် နောက်တစ်ဖန် မိန့်တော်မူမည်မဟုတ်။ ထို့ကြောင့် ဘုရားသခင့်လူမျိုးတော်အတွက် အနားယူရာနေ့ ရှိသေး၏။’ (ဟေဗြဲ ၄:၈၊ ၉) ပေါလုပြောတဲ့ “ဘုရားသခင့်လူမျိုးတော်” က ခရစ်ယာန်တွေဖြစ်တယ်။ ဒါကြောင့် ဂျူးလူမျိုးရော ဂျူးမဟုတ်သူတွေပါ ပါဝင်တဲ့ ခရစ်ယာန်တွေဟာ ဘုရားသခင့်အနားယူရာထဲ ဝင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဘုရားသခင့်အနားယူရာထဲ တချို့သူတွေမဝင်နိုင်ကြ

၁၃၊ ၁၄။ (က) မောရှေအချိန်မှာ အစ္စရေးလူမျိုး ဘုရားသခင့်အနားယူရာထဲ ဝင်ချင်တယ်ဆိုရင် ဘာလုပ်ဖို့လိုသလဲ။ (ခ) ပေါလုအချိန်မှာ ခရစ်ယာန်တွေ ဘုရားသခင့်အနားယူရာထဲ ဝင်ချင်တယ်ဆိုရင် ဘာလုပ်ဖို့လိုသလဲ။

၁၃ တချို့သူတွေ ဘုရားသခင့်ရည်ရွယ်ချက်နဲ့အညီ မလုပ်ဆောင်တဲ့အတွက် ပေါလု ဟေဗြဲခရစ်ယာန်တွေထံ စာရေးခဲ့တယ်။ (ဟေဗြဲ ၄:၁ ကိုဖတ်ပါ။) သူတို့ ဘယ်လိုသဘောနဲ့ မလုပ်ဆောင်ခဲ့တာလဲ။ မောရှေပညတ်မှာပါတဲ့တချို့အပိုင်းတွေကို ဆက်စောင့်ထိန်းနေကြခြင်းအားဖြင့် ဖြစ်တယ်။ ဘုရားသခင့်ရည်ရွယ်ချက်နဲ့အညီ အသက်ရှင်ချင်တဲ့ အစ္စရေးလူမျိုးတိုင်းက မောရှေပညတ်ကို အနှစ် ၁,၅၀၀ ကြာ စောင့်ခဲ့ကြရတယ်။ ဒါပေမဲ့ ယေရှုအသေခံလိုက်တဲ့အတွက် ပညတ်တရားမလိုတော့ဘူး။ တချို့ခရစ်ယာန်တွေက ဒါကို အသိအမှတ်မပြုဘဲ ပညတ်တရားရဲ့တချို့အပိုင်းတွေကို ဆက်စောင့်ထိန်းဖို့ အတင်းအကျပ်ပြောဆိုကြတယ်။ *

၁၄ ယေရှုက မစုံလင်တဲ့ ယဇ်ပုရောဟိတ်မင်းတွေထက် ပိုသာလွန်မြင့်မြတ်တဲ့ ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း၊ ပဋိညာဉ်သစ်က အစ္စရေးလူမျိုးတွေကိုပေးခဲ့တဲ့ ပညတ်တရားထက်ပိုသာလွန်ကြောင်း၊ ယေဟောဝါရဲ့ မြင့်မြတ်တဲ့ဝတ်ပြုရာအိမ်တော်က “လူလက်ဖြင့်လုပ်” တဲ့ ဝတ်ပြုရာအိမ်တော်ထက် “သာ၍ကြီးမြတ်စုံလင်” ကြောင်း ဟေဗြဲခရစ်ယာန်တွေကို ပေါလုရှင်းပြခဲ့တယ်။ (ဟေဗြဲ ၇:၂၆-၂၈; ၈:၇-၁၀; ၉:၁၁၊ ၁၂) ပေါလုက ပတ်စဉ်စောင့်ထိန်းတဲ့သတ္တမနေ့ကို ဥပမာအဖြစ်သုံးပြီး ခရစ်ယာန်တွေ ယေဟောဝါရဲ့အနားယူရာနေ့ထဲ ဘယ်လိုဝင်နိုင်တယ်ဆိုတာ ရှင်းပြခဲ့တယ်။ သူ ဒီလိုရေးခဲ့တယ်– ‘ဘုရားသခင့်လူမျိုးတော်အတွက် အနားယူရာနေ့ ရှိသေး၏။ ဘုရားသခင်သည် မိမိ၏အမှုတော်များမှ အနားယူသကဲ့သို့ ဘုရားသခင်၏အနားယူရာထဲသို့ ဝင်သောသူသည်လည်း သူ၏အလုပ်များမှ အနားယူ၏။’ (ဟေဗြဲ ၄:၈-၁၀) မောရှေပညတ်ကိုနာခံမှ ယေဟောဝါရဲ့မျက်နှာသာကို ရမယ်ဆိုတဲ့အတွေးမျိုးကို ဟေဗြဲခရစ်ယာန်တွေ ဖျောက်ရမှာဖြစ်တယ်။ စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့ကစပြီး ဘုရားသခင်က ယေရှုခရစ်ကို ယုံကြည်ကြောင်းတင်ပြသူတွေကို ဆုကျေးဇူးအဖြစ် မိမိရဲ့မျက်နှာသာပေးခဲ့ပြီဖြစ်တယ်။

၁၅။ ဘုရားသခင့်အနားယူရာထဲဝင်ချင်တယ်ဆိုရင် နာခံမှုရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၅ မောရှေအချိန်က အစ္စရေးလူတွေ ဘာကြောင့် ကတိထားရာပြည်ထဲ မဝင်ရသလဲ။ မနာခံမှုကြောင့်ပဲ။ ပေါလုအချိန်က ခရစ်ယာန်တချို့ ဘာကြောင့် ဘုရားသခင့်အနားယူရာထဲ မဝင်ရသလဲ။ မနာခံမှုကြောင့်ပဲဖြစ်တယ်။ ယေဟောဝါက မိမိကို မောရှေပညတ်အတိုင်းမဟုတ်ဘဲ တခြားနည်းနဲ့ ဝတ်ပြုစေချင်တယ်ဆိုတာ သူတို့ အသိအမှတ်မပြုကြဘူး။

ယနေ့ ဘုရားသခင့်အနားယူရာထဲဝင်နိုင်ပုံ

၁၆၊ ၁၇။ (က) ဒီနေ့အချိန်မှာ ခရစ်ယာန်တွေ ဘုရားသခင့်အနားယူရာထဲ ဘယ်လိုဝင်နိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၁၆ ယနေ့အချိန်မှာ မောရှေပညတ်ကိုစောင့်ထိန်းမှ ကယ်တင်ခံရမယ်ဆိုပြီး ကျွန်ုပ်တို့ မယုံကြည်ကြဘူး။ ဧဖက်အသင်းသားတွေဆီရေးတဲ့ ပေါလုရဲ့စကားတွေက ရှင်းပါတယ်– ‘ထိုမဟာကြင်နာမှုကြောင့် သင်တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလေပြီ။ ထိုအမှုသည် သင်တို့၏လုပ်ရပ်ကြောင့်မဟုတ်ဘဲ ဘုရားသခင့် ဆုကျေးဇူးတော်ကြောင့်ဖြစ်၏။’ (ဧ. ၂:၈၊ ၉) ဒါဆိုရင် ဒီနေ့အချိန်မှာ ခရစ်ယာန်တွေ ဘုရားသခင့်အနားယူရာထဲ ဘယ်လိုဝင်နိုင်သလဲ။ ယေဟောဝါက မြေကြီးနဲ့ပတ်သက်တဲ့ မိမိရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့ အနားယူရာနေ့ကို သတ်မှတ်ခဲ့တယ်ဆိုတာ သတိရပါ။ ဒီရည်ရွယ်ချက်နဲ့ ကျွန်ုပ်တို့ လုပ်ဆောင်ရမယ့်အရာတွေကို အဖွဲ့အစည်းကနေတစ်ဆင့် ပြောပြတယ်။ ကျွန်ုပ်တို့က ကိုယ်တော့်ကိုနာခံပြီး အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ယေဟောဝါရဲ့အနားယူရာထဲ ဝင်နိုင်ကြမှာဖြစ်တယ်။

၁၇ ကျွန်ုပ်တို့က သစ္စာနဲ့သတိပညာရှိကျွန်ကို မနာခံဘူးဆိုရင် ဒါမှမဟုတ် အရေးကြီးတယ်လို့ကိုယ်ထင်တဲ့အပိုင်းကိုပဲ ရွေးပြီးနာခံတယ်ဆိုရင် ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ရာရောက်တယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက်ကို ဆန့်ကျင်တယ်ဆိုရင် ကိုယ်တော့်မိတ်ဆွေ မဖြစ်နိုင်ဘူး။ နောက်ဆောင်းပါးမှာ နာခံမှုရှိကြောင်းတင်ပြနိုင်တဲ့ အခြေအနေတချို့ကို ဆွေးနွေးမှာဖြစ်တယ်။ အဲဒီအခြေအနေတွေနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်က ဘုရားသခင့်အနားယူရာထဲ ဝင်နေ၊ မဝင်နေဆိုတာ ဖော်ပြပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယဇ်ပုရောဟိတ်နဲ့ လေဝိသားတွေက ဝတ်ပြုရာအိမ်တော်မှာ အနားယူရာသတ္တမနေ့အတွင်း အလုပ်လုပ်တာ “အပြစ်မသင့်” ဘူး။ ဒါကြောင့် ပုံဆောင်ဝတ်ပြုရာအိမ်တော်ရဲ့ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်တဲ့ ယေရှုက အဲဒီနေ့မှာ ယေဟောဝါပေးအပ်ထားတဲ့အလုပ်လုပ်တာ မမှားဘူး။—မ. ၁၂:၅၊ ၆

^ အပိုဒ်၊ 13 စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့နောက်ပိုင်း အပြစ်ဖြေရာနေ့မှာ ယဇ်ကောင်တွေကို ပူဇော်တဲ့ ဂျူးခရစ်ယာန်တွေ ရှိသေးသလားဆိုတာ ကျွန်ုပ်တို့ မသိရဘူး။ ပူဇော်ခဲ့တယ်ဆိုရင် ဒါက ယေရှုရဲ့ပူဇော်ရာယဇ်ကို မထီမဲ့မြင်ပြုတာဖြစ်တယ်။ ဒါပေမဲ့ ဂျူးတချို့က မောရှေပညတ်ရဲ့တချို့အပိုင်းတွေကို ဆက်စောင့်ထိန်းနေဆဲဖြစ်တယ်ဆိုတာတော့ သိရတယ်။—ဂလ. ၄:၉-၁၁

တွေးတောဆင်ခြင်ရန် မေးခွန်းများ

• ဘုရားသခင့်အနားယူရာ သတ္တမနေ့ရဲ့ ရည်ရွယ်ချက်ကဘာလဲ။

• သတ္တမနေ့က အခုအချိန်ထိ ရှိနေဆဲဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

• မောရှေအချိန်က အစ္စရေးလူမျိုးနဲ့ ပထမရာစုခရစ်ယာန်တချို့ ဘာကြောင့် ဘုရားသခင့်အနားယူရာထဲ မဝင်နိုင်ခဲ့ကြသလဲ။

• ဒီနေ့အချိန်မှာ ဘုရားသခင့်အနားယူရာနေ့ထဲ ဘယ်လိုဝင်နိုင်သလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၇ ပါအကျဉ်းဖော်ပြချက်]

ကျွန်ုပ်တို့က ကိုယ်တော့်ကိုနာခံပြီး အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် ယေဟောဝါရဲ့အနားယူရာထဲ ဝင်နိုင်ကြမှာဖြစ်တယ်

[စာမျက်နှာ ၂၆၊ ၂၇ ပါရုပ်ပုံ]

ဒီနေ့အချိန်မှာ ဘုရားသခင့်လူမျိုးက ကိုယ်တော့်အနားယူရာထဲဝင်နိုင်ဖို့ ဘာလုပ်ရမလဲ