မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ မေတ္တာပါလမ်းညွှန်ချက်ကို သင်လိုက်နာမလား

ယေဟောဝါရဲ့ မေတ္တာပါလမ်းညွှန်ချက်ကို သင်လိုက်နာမလား

ယေဟောဝါရဲ့ မေတ္တာပါလမ်းညွှန်ချက်ကို သင်လိုက်နာမလား

“လမ်းမှားရှိသမျှတို့ကို မုန်းပါ၏။”—ဆာ. ၁၁၉:၁၂၈၊ ခမ။

၁၊ ၂။ (က) နေရာတစ်ခုကိုသွားတဲ့အခါ ဘယ်လိုသတိပေးချက်တွေအတွက် သင်ကျေးဇူးတင်လေးမြတ်သလဲ၊ ဘာကြောင့်လဲ။ (ခ) ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေကို ကိုယ်တော်ဘယ်လိုသတိပေးသလဲ၊ ဘာကြောင့်လဲ။

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– သင် နေရာတစ်ခုကိုသွားရမယ်။ ဒါနဲ့ ဒီလမ်းအကြောင်းကောင်းကောင်းသိတဲ့ သင့်မိတ်ဆွေကိုမေးတယ်။ သူက သင့်ကို သေသေချာချာလမ်းညွှန်ပြီး ကြုံတွေ့နိုင်တဲ့အန္တရာယ်တွေကို ပြောပြတယ်။ သူဒီလိုပြောနိုင်တယ်– “နောက်လမ်းကွေ့ရောက်ရင် သတိထားပါ။ လမ်းညွှန်ဆိုင်းဘုတ်က မျက်စိလည်စေနိုင်တယ်။ လူအတော်များများက အဲဒီလမ်းညွှန်ကြောင့် လမ်းပျောက်သွားကြတယ်။” သူ့ရဲ့သတိပေးချက်အတွက် သင်ဝမ်းသာမှာဖြစ်ပြီး သတိပေးချက်ကို ဂရုပြုလိုက်နာမယ်မဟုတ်လား။ ဒီမိတ်ဆွေလိုပဲ ယေဟောဝါကလည်း ကျွန်ုပ်တို့ ထာဝရအသက်ပန်းတိုင်ကိုရောက်အောင် ဘယ်လိုသွားရမယ်ဆိုတာ သေချာလမ်းညွှန်ပေးတယ်။ ဒါ့အပြင် လမ်းမှားရောက်သွားစေနိုင်တဲ့ အန္တရာယ်တွေကိုလည်း သတိပေးတယ်။—တရား. ၅:၃၂; ဆာ. ၂၅:၈

ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဒီအန္တရာယ်တွေအကြောင်း ဆွေးနွေးကြမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့မိတ်ဆွေ ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ကိုချစ်လို့ ဒီလိုသတိပေးတယ်ဆိုတာ သတိရပါ။ ကိုယ်တော်က ကျွန်ုပ်တို့ကို ထာဝစဉ်အသက်ရှင်စေလိုတယ်။ လူတွေ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချပြီး လမ်းလွဲသွားတဲ့အခါ ကိုယ်တော်ဝမ်းနည်းတယ်။ (ယေဇ. ၃၃:၁၁) ဒီဆောင်းပါးမှာ အန္တရာယ်သုံးမျိုးအကြောင်း ဆွေးနွေးကြမယ်။ ပထမအန္တရာယ်က တခြားသူတွေဆီကလာတယ်။ ဒုတိယအန္တရာယ်က ကျွန်ုပ်တို့ကိုယ်တိုင်ဖြစ်တယ်။ တတိယအန္တရာယ်က မျှော်လင့်တဲ့အတိုင်းမဖြစ်တဲ့အရာတွေ ဖြစ်တယ်။ ဒီအန္တရာယ်တွေက ဘာတွေလဲ၊ ဒါတွေကိုရှောင်ရှားဖို့ ယေဟောဝါ ဘယ်လိုကူညီပေးသလဲဆိုတာ သိဖို့လိုတယ်။ ကျမ်းရေးသူတစ်ဦးက ဒီအန္တရာယ်ကိုသိပြီး “လမ်းမှားရှိသမျှတို့ကို မုန်းပါ၏” လို့ပြောခဲ့တယ်။ (ဆာ. ၁၁၉:၁၂၈ခမ) သင်လည်း ဒီလိုပဲ သဘောထားသလား။ “လမ်းမှား” ရှိသမျှကိုရှောင်ဖို့ ဘယ်လိုစိတ်ပိုင်းဖြတ်နိုင်သလဲဆိုတာ သုံးသပ်ကြစို့။

“လူများနောက်သို့” မလိုက်နဲ့

၃။ (က) ဘယ်လမ်းကိုသွားရမလဲဆိုတာ မသေချာတဲ့အခါ တခြားသူတွေနောက်လိုက်ခြင်းက ဘာကြောင့် အန္တရာယ်ရှိနိုင်သလဲ။ (ခ) ထွက်မြောက်ရာ ၂၃:၂ မှာ ဘယ်အရေးကြီးတဲ့အချက်ကို တွေ့ရသလဲ။

သင်ခရီးရှည်တစ်ခုကိုသွားတဲ့အခါ ဘယ်လမ်းသွားရမယ်ဆိုတာ မသေမချာဖြစ်နေရင် ဘာလုပ်မလဲ။ တခြားသူတွေနဲ့ ရောယောင်ပြီး လိုက်သွားမိနိုင်တယ်၊ အထူးသဖြင့် လူအများစုက လမ်းတစ်လမ်းတည်းကိုပဲ သွားနေတဲ့အခါဖြစ်တယ်။ ဒီလိုလုပ်တာက အန္တရာယ်ရှိတယ်။ ဒီလူတွေက သင်သွားလိုတဲ့နေရာကို သွားနေတာ ဟုတ်ချင်မှဟုတ်မယ်၊ ဒါမှမဟုတ် သူတို့လည်း လမ်းမှားနေတာဖြစ်နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ရှေးအစ္စရေးလူမျိုးကိုပေးခဲ့တဲ့ ပညတ်တစ်ခုကို သုံးသပ်ကြည့်ပါ။ တရားစီရင်ရေးကိစ္စတွေမှာပါဝင်တဲ့ တရားသူကြီးတွေ၊ သက်သေတွေက “လူများနောက်သို့လိုက်” မယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ သတိပေးခံခဲ့ကြရတယ်။ (ထွက်မြောက်ရာ ၂၃:၂ ကိုဖတ်ပါ။) မစုံလင်တဲ့လူတွေက အဲဒီလိုဖြစ်ဖို့ အရမ်းလွယ်တယ်။ ဒါပေမဲ့ လူများနောက်သို့ မလိုက်နဲ့ဆိုတဲ့ သတိပေးချက်က တရားစီရင်ရေးကိစ္စနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး။

၄၊ ၅။ ယောရှုနဲ့ကာလက်ဟာ လူများနောက်သို့လိုက်ဖို့ ဘယ်လိုဖိအားပေးခံခဲ့ရသလဲ၊ ဒါပေမဲ့ သူတို့ဘာကြောင့် တွန်းလှန်နိုင်ခဲ့သလဲ။

အမှန်တော့ “လူများနောက်သို့လိုက်” ခြင်းအန္တရာယ်ကို ကျွန်ုပ်တို့ အချိန်မရွေး ကြုံတွေ့ရနိုင်တယ်။ ဒါက ရုတ်တရက်ပေါ်လာနိုင်ပြီး တွန်းလှန်ဖို့ ခက်ခဲနိုင်တယ်။ ဥပမာ၊ တစ်ခါက ယောရှုနဲ့ကာလက် ကြုံတွေ့ခဲ့ရတဲ့ဖိအားကို စဉ်းစားကြည့်ပါ။ သူတို့နှစ်ယောက်က ကတိထားရာပြည်ကို စုံစမ်းဖို့သွားတဲ့ ၁၂ ယောက်အုပ်စုမှာပါတယ်။ သူတို့ပြန်ရောက်လာတဲ့အခါ ဆယ်ယောက်က စိတ်ပျက်စရာသတင်းဆိုးကို ပြန်ပြောတယ်။ အဲဒီမှာနေထိုင်တဲ့သူတွေက ပုန်ကန်တဲ့ကောင်းကင်တမန်တွေနဲ့ လူ့အမျိုးသမီးတွေ ပေါင်းဖက်ပြီးမွေးလာတဲ့ လူ့ဘီလူးနက်ဖလင်တွေရဲ့ သားစဉ်မြေးဆက်တွေဖြစ်တယ်လို့ ပြောကြတယ်။ (က. ၆:၄) ဒါက မဖြစ်နိုင်တဲ့အရာပဲ။ ဒီဆိုးသွမ်းတဲ့ကပြားတွေက အစောပိုင်းနှစ်ပေါင်းများစွာကတည်းက ရေလွှမ်းမိုးဘေးမှာ သုတ်သင်ဖျက်ဆီးခံရပြီးပြီ။ ဒါပေမဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေက ယုံကြည်ခြင်းအားနည်းသူတွေအပေါ် အတော်သြဇာလွှမ်းမိုးခဲ့တယ်။ ဒီလူဆယ်ယောက်ရဲ့စကားက ချက်ချင်းပျံ့သွားပြီး လူတွေကို အထိတ်တလန့်ဖြစ်စေခဲ့တယ်။ သိပ်မကြာခင်မှာပဲ လူတွေက ယေဟောဝါရဲ့လမ်းညွှန်အတိုင်း ကတိထားရာပြည်ထဲဝင်မယ်ဆိုရင် မှားသွားနိုင်တယ်လို့ ယူဆလာကြတယ်။ ဒီလိုတစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့အခြေအနေမှာ ယောရှုနဲ့ကာလက် ဘာလုပ်ခဲ့သလဲ။—တော. ၁၃:၂၅-၃၃ကဘ။

သူတို့ “လူများနောက်” မလိုက်ခဲ့ကြဘူး။ အမှန်အတိုင်းပြောတာကို အစ္စရေးလူတွေ နားမထောင်ချင်ကြပေမဲ့ သူတို့ မကြောက်မရွံ့ပြောခဲ့ကြတယ်။ အစ္စရေးလူတွေက သူတို့ကို ကျောက်ခဲနဲ့ပေါက်သတ်ဖို့ ကြိုးစားကြပေမဲ့ သူတို့ မှန်ရာကိုလုပ်ခဲ့ကြတယ်။ သူတို့ ဘာကြောင့် ရဲစွမ်းသတ္တိရှိခဲ့တာလဲ။ ယေဟောဝါကို ယုံကြည်ခြင်းကြောင့်ဖြစ်တယ်။ ယုံကြည်ခြင်းရှိသူတွေက လူတွေရဲ့ အခြေအမြစ်မရှိတဲ့အပြောနဲ့ ယေဟောဝါရဲ့ ယုံကြည်ထိုက်တဲ့ကတိတော် ကွာခြားတာကို ရှင်းရှင်းလင်းလင်းသိတယ်။ ယောရှုနဲ့ကာလက်က နောက်ပိုင်းမှာ ယေဟောဝါအပေါ်ထားရှိခဲ့တဲ့ သူတို့ရဲ့ယုံကြည်ခြင်းအကြောင်းပြောတဲ့အခါ ယေဟောဝါက မိမိရဲ့ကတိတော်ကို အမြဲပြည့်စုံစေတယ်ဆိုတာ လူတွေကို ပြောပြခဲ့တယ်။ (ယောရှု ၁၄:၆၊ ၈; ၂၃:၂၊ ၁၄ တို့ကိုဖတ်ပါ။) ယောရှုနဲ့ကာလက်က သူတို့ချစ်ခင်၊ အားကိုးတဲ့ ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့တယ်၊ လူများနောက်သို့လိုက်ပြီး ယေဟောဝါကို ၀မ်းမနည်းစေခဲ့ဘူး။ ဒီလိုနည်းအားဖြင့် သူတို့က ယနေ့ကျွန်ုပ်တို့အတွက် အလွန်ကောင်းတဲ့ပုံနမူနာတစ်ခုပြခဲ့တယ်။—တော. ၁၄:၁-၁၀

၆။ ဘယ်အခြေအနေတွေက လူများနောက်သို့လိုက်ဖို့ ဖိအားဖြစ်နိုင်သလဲ။

လူများနောက်သို့လိုက်ဖို့ သင် ဖိအားပေးခံရဖူးသလား။ လူအများစုက ယေဟောဝါကို မလေးစားကြဘူး။ အမှားအမှန်နဲ့ပတ်သက်တဲ့ ကိုယ်တော့်စံနှုန်းတွေက အဓိပ္ပာယ်မရှိဘူးလို့ ယူဆကြတယ်။ ဖျော်ဖြေရေး၊ အပန်းဖြေမှုနဲ့ပတ်သက်ပြီး သူတို့မှာ ကိုယ်ပိုင်စံနှုန်းတွေရှိကြတယ်။ ရုပ်မြင်သံကြားအစီအစဉ်၊ ရုပ်ရှင်၊ ဗီဒီယိုဂိမ်းတွေမှာပါတဲ့ ကိုယ်ကျင့်တရားယိုယွင်းမှု၊ အကြမ်းဖက်မှု၊ ဝိညာဉ်ဆိုးတွေနဲ့ဆက်နွှယ်ရာတွေက အန္တရာယ်မရှိဘူးလို့ သူတို့ပြောကြတယ်။ (၂ တိ. ၃:၁-၅) သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် အပန်းဖြေမှု၊ ဖျော်ဖြေရေးတွေရွေးချယ်တဲ့အခါ တခြားသူတွေရဲ့အပြောအတိုင်း၊ လုပ်ရပ်အတိုင်း ဆုံးဖြတ်သလား။ အဲဒီလိုလုပ်တယ်ဆိုရင် သင် လူများနောက်သို့လိုက်နေခြင်းဖြစ်တယ်။

၇၊ ၈။ (က) ကျွန်ုပ်တို့ရဲ့ “သိနားလည်နိုင်စွမ်း” ကို ဘယ်လိုလေ့ကျင့်နိုင်သလဲ၊ အဲဒီလိုလေ့ကျင့်ထားခြင်းက စာရင်းရှည်တစ်ခုရှိခြင်းထက် ဘာကြောင့်ပိုကောင်းသလဲ။ (ခ) ခရစ်ယာန်လူငယ်လေးတွေရဲ့ ပုံသက်သေကောင်းက ဘာကြောင့် ဝမ်းမြောက်စေသလဲ။

ယေဟောဝါက ကျွန်ုပ်တို့ ဆုံးဖြတ်ချက်တွေချတဲ့အခါ အကူအညီဖြစ်စေတဲ့ အဖိုးတန်ဆု “သိနားလည်နိုင်စွမ်း” ကိုပေးထားတယ်။ ဒါပေမဲ့ ဒီအစွမ်းကို “အသုံးပြုခြင်းအားဖြင့်” လေ့ကျင့်ပေးရမှာဖြစ်တယ်။ (ဟေဗြဲ ၅:၁၄) တခြားသူတွေလုပ်တဲ့အတိုင်း၊ ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် သိနားလည်နိုင်စွမ်းကို လေ့ကျင့်နိုင်မှာမဟုတ်ဘူး။ ကိစ္စရပ်အတော်များများက မိမိရဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို အသုံးပြုရမှာဖြစ်တယ်။ ဒါကြောင့် ယေဟောဝါလူမျိုး မကြည့်ရတဲ့ ရုပ်ရှင်၊ စာအုပ်၊ အင်တာနက်စာရင်း မရှိဘူး။ ဒီလောက,က အလျင်အမြန်ပြောင်းလဲနေတဲ့အတွက် စာရင်းသာရှိမယ်ဆိုရင် ဒီစာရင်းကို အမြဲအသစ်လုပ်နေရမှာဖြစ်တယ်။ (၁ ကော. ၇:၃၁) ဒါ့အပြင် ဘုရားသခင်ပေးထားတဲ့အစွမ်းကို ကျွန်ုပ်တို့ အသုံးပြုလိုတယ်၊ ဒါက အရေးအကြီးဆုံးအချက်ဖြစ်တယ်။ ယေဟောဝါက ကျမ်းစာကို အသေအချာဆန်းစစ်စေလိုတယ်၊ လမ်းညွှန်ချက်အတွက်ဆုတောင်းပြီး ကိုယ်တော်နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချစေလိုတယ်။—ဧ. ၅:၁၀

ကျမ်းစာအခြေပြုပြီးချတဲ့ဆုံးဖြတ်ချက်တွေကို လူတချို့ နှစ်သက်မှာမဟုတ်ဘူး။ ခရစ်ယာန်လူငယ်လေးတွေက ကျောင်းမှာ တခြားသူတွေလုပ်တဲ့အတိုင်းလိုက်လုပ်ဖို့ ဖိအားပေးခံနေရတယ်။ (၁ ပေ. ၄:၄) ဒါကြောင့် ယောရှုနဲ့ကာလက်ရဲ့ ယုံကြည်ခြင်းကိုတုပပြီး “လူများနောက်သို့လိုက်” ဖို့ ငြင်းပယ်တဲ့ ခရစ်ယာန်လူကြီးလူငယ်တွေကို မြင်တွေ့ရတာ တကယ်ဝမ်းသာစရာကောင်းပါတယ်။

“ကိုယ့်စိတ်အလို၊ ကိုယ့်မျက်စိအလို” သို့ မလိုက်နဲ့

၉။ (က) နေရာတစ်နေရာကိုသွားတဲ့အခါ သင့်စိတ်အလိုအတိုင်းပဲ သွားခြင်းက ဘာကြောင့်အန္တရာယ်ရှိနိုင်သလဲ။ (ခ) တောလည်ရာ ၁၅:၃၇-၃၉ မှာပါတဲ့ပညတ်က ဘာကြောင့် အစ္စရေးလူမျိုးအတွက် အရေးကြီးသလဲ။

ကျွန်ုပ်တို့လေ့လာနေတဲ့ ဒုတိယအန္တရာယ်က ကျွန်ုပ်တို့ကိုယ်တိုင်ဖြစ်တယ်။ ဒီအချက်ကို မြင်ယောင်ကြည့်ပါ– သင်က နေရာတစ်နေရာကိုသွားနေတယ်၊ လမ်းညွှန်ကိုမကြည့်ဘဲ ရှုခင်းကောင်းတဲ့လမ်းတွေကိုရွေးပြီး သင့်စိတ်အလိုအတိုင်း သွားနေတယ်ဆိုရင် ဘာဖြစ်မလဲ။ သင်သွားလိုတဲ့နေရာကို ရောက်တော့မှာမဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပြီး ရှေးအစ္စရေးလူမျိုးကို ယေဟောဝါပေးခဲ့တဲ့ ပညတ်တစ်ခုကို သုံးသပ်ကြည့်ပါ။ ဒီနေ့လူအတော်များများက အစ္စရေးလူတွေရဲ့ဝတ်ရုံစွန်းမှာ ပန်းပွားနဲ့ပြာတဲ့ကြိုး တပ်ရမယ်ဆိုတဲ့ပညတ်ကို နားမလည်ကြဘူး။ (တောလည်ရာ ၁၅:၃၇-၃၉ ကိုဖတ်ပါ။) ဒီပညတ်က ဘာကြောင့်အရေးကြီးတယ်ဆိုတာ သင်သိသလား။ ဒီပညတ်ကိုလိုက်နာခြင်းက ဘုရားသခင့်လူမျိုးကို ပတ်ဝန်းကျင်မှာရှိတဲ့ အယူမှားဝတ်ပြုကိုးကွယ်သူတွေနဲ့ ကွဲပြားခြားနားစေတယ်။ ယေဟောဝါမျက်နှာသာ ရချင်တယ်ဆိုရင် ပတ်ဝန်းကျင်မှာရှိတဲ့လူမျိုးတွေနဲ့ ကွဲပြားခြားနားဖို့လိုတယ်။ (ဝတ်. ၁၈:၂၄၊ ၂၅) ဒီပညတ်က ထာဝရအသက်ရစေတဲ့လမ်းကနေ လမ်းလွဲသွားစေတဲ့ ဒုတိယအန္တရာယ်အကြောင်းကိုလည်း ဖော်ပြတယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၀။ ယေဟောဝါက လူသားတွေအကြောင်းကောင်းကောင်းသိတယ်ဆိုတာ ဘယ်လိုဖော်ပြခဲ့သလဲ။

၁၀ ယေဟောဝါ ဒီပညတ်ပေးရတဲ့အကြောင်းရင်းတစ်ခုကို သတိပြုပါ– “ကိုယ်အလိုသို့လိုက်လျက် ကိုယ်ဉာဏ်ကိုမှီဝဲလျက် မှားယွင်းသကဲ့သို့မလိုက် [“ကိုယ့်စိတ်အလို၊ ကိုယ့်မျက်စိအလိုသို့မလိုက်၊” သမ္မာ]” ဖို့ဖြစ်တယ်။ ယေဟောဝါက လူတွေအကြောင်း ကောင်းကောင်းသိတယ်။ ကျွန်ုပ်တို့ရဲ့အတွင်းလူဖြစ်တဲ့ စိတ်နှလုံးက ကျွန်ုပ်တို့မျက်စိနဲ့ကြည့်တဲ့အရာကို အလွယ်တကူ တပ်မက်နိုင်တယ်ဆိုတာ ကိုယ်တော်သိတယ်။ သမ္မာကျမ်းစာမှာ ဒီလိုသတိပေးထားတယ်– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။” (ယေ. ၁၇:၉) ဒါကြောင့် ယေဟောဝါက အစ္စရေးလူမျိုးကို သူတို့ရဲ့ စိတ်အလို၊ မျက်စိအလိုအတိုင်းမလိုက်ဖို့ ပြောခဲ့ခြင်းဖြစ်တယ်။ အစ္စရေးလူမျိုးဟာ သူတို့ပတ်ဝန်းကျင်ကလူတွေကိုကြည့်ပြီး သူတို့နဲ့တူချင်တဲ့ဆန္ဒပေါ်လာနိုင်တယ်ဆိုတာ ကိုယ်တော်သိတယ်။ သူတို့နဲ့တူချင်လာပြီး သူတို့လို စတင်တွေးခေါ်၊ ပြုမူလာနိုင်တယ်။—သု. ၁၃:၂၀

၁၁။ ဘယ်အခြေအနေတွေက ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးနဲ့ မျက်စိအလိုအတိုင်း လိုက်စေနိုင်သလဲ။

၁၁ ယနေ့ခေတ်မှာ ကျွန်ုပ်တို့ကြည့်တဲ့အရာတွေကြောင့် စဉ်းလဲတဲ့နှလုံးသွေးဆောင်ခံရဖို့ ပိုလွယ်ကူတယ်။ မှားယွင်းတဲ့ဆန္ဒနောက်လိုက်ဖို့ လွယ်ကူတဲ့လောကမှာ ကျွန်ုပ်တို့ အသက်ရှင်နေကြရတယ်။ ဒါကြောင့် တောလည်ရာ ၁၅:၃၉ မှာတွေ့ရတဲ့မူကို ဘယ်လိုကျင့်သုံးနိုင်သလဲ။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– သင့်ကျောင်း၊ အလုပ်နဲ့ သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက မတော်လျော်တဲ့စိတ်ပေါ်လာစေတဲ့ အဝတ်အစားကို ဝတ်တယ်ဆိုရင် သင်လည်း ဒါကိုကြည့်ပြီး သူတို့လိုဝတ်ချင်စိတ် ပေါ်လာနိုင်တယ်။ အဲဒီနောက်မှာတော့ သင်ဟာ ခရစ်ယာန်တစ်ဦးလိုမဝတ်ဆင်တော့ဘဲ သူတို့လိုဝတ်ဆင်လာတော့တယ်။—ရော. ၁၂:၁၊ ၂

၁၂၊ ၁၃။ (က) မကြည့်သင့်တဲ့အရာကိုမှ ကြည့်ချင်တဲ့စိတ်ပေါ်လာတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ (ခ) တခြားသူတွေရဲ့စိတ်မှာ မှားယွင်းတဲ့ဆန္ဒပေါ်လာအောင် ကျွန်ုပ်တို့ ဘာကြောင့်မလုပ်သင့်သလဲ။

၁၂ ကျွန်ုပ်တို့ရဲ့ စိတ်ဆန္ဒကိုထိန်းချုပ်ဖို့ အလွန်အရေးကြီးတယ်။ ကျွန်ုပ်တို့ရဲ့မျက်စိက မကြည့်သင့်တဲ့အရာကိုမှ ကြည့်ချင်နေတယ်ဆိုရင် သစ္စာရှိယောဘကို သတိရပါ၊ ယောဘက သူ့ဇနီးမဟုတ်တဲ့ တခြားအမျိုးသမီးတစ်ဦးကို တပ်မက်စိတ်နဲ့မကြည့်မိဖို့ သူ့မျက်စိနဲ့ ပဋိညာဉ်ဖွဲ့ခဲ့တယ်။ (ယောဘ ၃၁:၁) ဘုရင်ဒါဝိဒ်လည်း ‘မကောင်းတဲ့အရာကို မျက်မှောက်မပြု’ ဖို့ ဆုံးဖြတ်ခဲ့တယ်။ (ဆာ. ၁၀၁:၃) ကျွန်ုပ်တို့ရဲ့ ကြည်လင်တဲ့ကိုယ်ကိုယ်ကိုယ်သိသောစိတ်၊ ယေဟောဝါနဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်စေတဲ့အရာမှန်သမျှက ကျွန်ုပ်တို့အတွက် ‘မကောင်းတဲ့အရာ’ ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးမှာ မှားယွင်းတဲ့ဆန္ဒတွေပေါ်လာစေပြီး မကောင်းမှုကိုလုပ်မိစေတဲ့အရာတွေကို ကြည့်ရှုခြင်းလည်း ပါဝင်တယ်။

၁၃ ကျွန်ုပ်တို့ကြောင့် တခြားသူတွေရဲ့စိတ်ထဲမှာ မှားယွင်းတဲ့ဆန္ဒပေါ်လာတယ်ဆိုရင် ကျွန်ုပ်တို့က ‘မကောင်းတဲ့အရာ’ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် လျောက်ပတ်ပြီး ဣန္ဒြေရှိတဲ့အဝတ်အစားကိုဝတ်ဆင်ပါဆိုတဲ့ ကျမ်းစာသွန်သင်ချက်ကို ကျွန်ုပ်တို့ အလေးထားလိုက်နာကြတယ်။ (၁ တိ. ၂:၉) ဣန္ဒြေရှိတဲ့အဝတ်အစားဆိုတာ ကိုယ့်အကြိုက်အတိုင်းဝတ်ဆင်တာကို ပြောတာမဟုတ်ဘူး။ ကိုယ့်အကြိုက်ထက် တခြားသူတွေရဲ့အမြင်ကို လေးစားပြီး သူတို့ကို ထည့်စဉ်းစားဖို့လိုတယ်။ (ရော. ၁၅:၁၊ ၂) ခရစ်ယာန်အသင်းတော်မှာရှိတဲ့ လူငယ်များစွာဟာ ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်ပြီး ပုံသက်သေကောင်းပြကြတယ်။ သူတို့ရဲ့ ‘စိတ်အလို၊ မျက်စိအလို’ အတိုင်း မလိုက်တာကို မြင်တွေ့ရခြင်းက ကျွန်ုပ်တို့ကို ပျော်ရွှင်စေတယ်။ သူတို့က ဝတ်စားဆင်ယင်မှုအပါအဝင် ကဏ္ဍတိုင်းမှာ ယေဟောဝါနှစ်သက်တဲ့အရာတွေကိုပဲ ရွေးချယ်လုပ်ဆောင်ကြတယ်။

“အချည်းနှီးဖြစ်သောအရာတို့” နောက် မလိုက်နဲ့

၁၄။ “အချည်းနှီးဖြစ်သောအရာတို့” ကို လိုက်စားခြင်းရဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး ရှမွေလ ဘာသတိပေးခဲ့သလဲ။

၁၄ သင်ဟာ ကျယ်ပြောလှတဲ့ ကန္တာရကိုဖြတ်ပြီး ခရီးသွားနေတယ်လို့ မြင်ယောင်ကြည့်ပါ။ တံလျှပ်ကို ရေထင်ပြီး အလိုက်မှားသွားတယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ သင့်အသက်ကိုတောင် ဆုံးရှုံးစေနိုင်တယ်။ အဲဒီအန္တရာယ်အကြောင်း ယေဟောဝါ ကောင်းကောင်းသိတယ်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ အစ္စရေးလူမျိုးဟာ သူတို့ဝန်းကျင်မှာရှိတဲ့လူတွေမှာ လူသားဘုရင်တွေအုပ်စိုးတာကိုတွေ့မြင်ပြီး သူတို့လိုဖြစ်ချင်လာတယ်။ အဲဒီဆန္ဒက ယေဟောဝါရဲ့အုပ်ချုပ်မှုကို ငြင်းပယ်ခြင်းဖြစ်လို့ တကယ်ကြီးလေးတဲ့အပြစ်ဖြစ်တယ်။ ယေဟောဝါက သူတို့ကို လူသားဘုရင်တစ်ပါးထားရှိဖို့ ခွင့်ပြုခဲ့ပေမဲ့ ပရောဖက် ရှမွေလကို စေလွှတ်ပြီး “အချည်းနှီးဖြစ်သောအရာ” နောက်လိုက်ခြင်းအကြောင်း သတိပေးခဲ့တယ်။ အချည်းနှီးဖြစ်သောအရာဆိုတာ သူတို့ကို တကယ်မကူညီပေးနိုင်တဲ့အရာတစ်ခုကို ယုံကြည်ကိုးစားခြင်းဖြစ်တယ်။—၁ ရာ. ၁၂:၂၁ ကိုဖတ်ပါ။

၁၅။ အစ္စရေးလူမျိုးတွေက ဘယ်လိုနည်းနဲ့ အချည်းနှီးဖြစ်သောအရာတွေနောက် လိုက်ခဲ့ကြသလဲ။

၁၅ လူသားဘုရင်က ယေဟောဝါထက် ပိုယုံကြည်စိတ်ချရတယ်လို့ အစ္စရေးလူတွေ ယူဆခဲ့ကြတာဖြစ်နိုင်တယ်။ အဲဒီလိုယူဆတယ်ဆိုရင် သူတို့က အချည်းနှီးဖြစ်သောအရာနောက် လိုက်နေခြင်းဖြစ်တယ်။ ဒါက အမြင်မှားအောင် စာတန်ပြုလုပ်ထားတဲ့အရာတွေထဲက တစ်ခုပဲ။ လူသားဘုရင်က သူတို့ကို မျက်စိနဲ့မြင်နိုင်တဲ့ ဘုရားသခင်တွေကိုဝတ်ပြုအောင် အလွယ်တကူသွေးဆောင်နိုင်တယ်။ မျက်စိနဲ့မြင်ရတဲ့ အရာဝတ္ထုတွေနဲ့လုပ်ထားတဲ့ ဘုရားသခင်တွေက အရာခပ်သိမ်းကိုဖန်ဆင်းတဲ့ မမြင်နိုင်တဲ့ ယေဟောဝါထက် ပိုအားကိုးလို့ရတယ်လို့ လွဲမှားစွာယူဆစေနိုင်တယ်။ ဒါပေမဲ့ တမန်တော်ပေါလုပြောတဲ့အတိုင်း အဲဒါတွေက အချည်းနှီးပဲ။ (၁ ကော. ၈:၄) ကျွန်ုပ်တို့ကသာ သူတို့ကို ထိတွေ့နိုင်၊ မြင်နိုင်ပြီး သူတို့ကတော့ မမြင်နိုင်၊ မကြားနိုင်၊ စကားမပြောနိုင်ဘူး။ ဒါကြောင့် ဒီအရာတွေကို ဝတ်ပြုနေတယ်ဆိုရင် အချည်းနှီးအရာတွေကို လိုက်စားနေခြင်းဖြစ်တယ်။—ဆာ. ၁၁၅:၄-၈

၁၆။ (က) လူတွေ “အချည်းနှီးဖြစ်သောအရာတို့” နောက်လိုက်အောင် စာတန် ဘယ်လိုလှည့်စားသလဲ။ (ခ) ယေဟောဝါနဲ့ယှဉ်ရင် ရုပ်ပစ္စည်းတွေက “အချည်းနှီးဖြစ်သောအရာ” ဖြစ်တယ်လို့ ကျွန်ုပ်တို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၆ စာတန်က အချည်းနှီးဖြစ်တဲ့အရာတွေနောက်လိုက်ဖို့ လူတွေကို အယုံသွင်းနေဆဲဖြစ်တယ်။ ဥပမာ၊ ငွေ၊ ရုပ်ပစ္စည်းနဲ့ လစာကောင်းတဲ့အလုပ်ရှိမယ်ဆိုရင် ပျော်ရွှင်မှုနဲ့ လုံခြုံမှုခံစားရမယ်လို့ လူတွေထင်မှတ်အောင် သူ လှည့်စားတယ်။ ဒီအရာတွေက သူတို့ရဲ့ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဖျားနာလာတဲ့အခါ၊ စီးပွားပျက်ကပ်ဆိုက်တဲ့အခါ၊ သဘာဝဘေးဆိုးတွေကြုံတွေ့ရတဲ့အခါ ဒါတွေက ကျွန်ုပ်တို့ကို ဘယ်လောက်ကူညီပေးနိုင်သလဲ။ ဘဝမှာ ရည်ရွယ်ချက်မရှိဘူးလို့ ခံစားရတဲ့အခါ ဒါတွေက သူတို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့မေးခွန်းတွေကို ဖြေပေးနိုင်သလား။ သေတော့မယ့်လူတစ်ဦးကို ဒီအရာတွေက ကူညီပေးနိုင်သလား။ ငွေနဲ့ ရုပ်ပစ္စည်းတွေကို အားကိုးနေမယ်ဆိုရင် စိတ်ပျက်ရပါလိမ့်မယ်။ ငွေနဲ့ ရုပ်ပစ္စည်းတွေက ကျွန်ုပ်တို့ကို စစ်မှန်တဲ့ပျော်ရွှင်မှုမပေးနိုင်သလို မဖျားနာအောင်၊ မသေအောင်လည်း မလုပ်ပေးနိုင်ဘူး။ အဲဒါတွေက “အချည်းနှီးဖြစ်သောအရာတို့” ဖြစ်တယ်။ (သု. ၂၃:၄၊ ၅) ဒါပေမဲ့ ယေဟောဝါက အချည်းနှီးဖြစ်သောအရာမဟုတ်ဘူး။ ကိုယ်တော်က စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်။ ကိုယ်တော်နဲ့ခိုင်မြဲတဲ့ဆက်ဆံရေးရှိမှသာ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့လုံခြုံမှု ခံစားရမယ်။ ယေဟောဝါတစ်ပါးတည်းကသာ ကျွန်ုပ်တို့ရဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တယ်။ အချည်းနှီးဖြစ်သောအရာတွေနောက်လိုက်ပြီး ကိုယ်တော့်ကိုစွန့်ခွာတဲ့အဖြစ်မျိုး ဘယ်တော့မှမလုပ်ဖို့ ဆုံးဖြတ်ထားကြပါစို့။

၁၇။ ဒီဆောင်းပါးမှာပါတဲ့ သတိပေးချက်တွေနဲ့ပတ်သက်ပြီး သင်ဘယ်လိုစိတ်ပိုင်းဖြတ်ထားသလဲ။

၁၇ ယေဟောဝါက ကျွန်ုပ်တို့ရဲ့မိတ်ဆွေ၊ ထာဝရအသက်ရဖို့ လမ်းပြပေးတဲ့အရှင်အနေနဲ့ ရှိနေတာက ကောင်းချီးဖြစ်တယ်။ အန္တရာယ်သုံးခုဖြစ်တဲ့ လူအများနောက်၊ ကျွန်ုပ်တို့ရဲ့စိတ်အလိုနောက်၊ အချည်းနှီးဖြစ်သောအရာများနောက်လိုက်ခြင်းနဲ့ပတ်သက်ပြီး ကိုယ်တော့်မေတ္တာပါသတိပေးချက်ကို ကျွန်ုပ်တို့ ဆက်လိုက်နာကြမယ်ဆိုရင် ထာဝရအသက်ပန်းတိုင်ကို ရောက်ရှိကြမှာဖြစ်တယ်။ နောက်ဆောင်းပါးမှာ နောက်ထပ်သတိပေးချက်သုံးခုကို လေ့လာကြပါမယ်၊ ဒါက များစွာသောသူတို့ကို လမ်းလွဲစေခဲ့တဲ့ အန္တရာယ်ကိုရှောင်ရှားဖို့ အထောက်အကူရပါလိမ့်မယ်။—ဆာ. ၁၁၉:၁၂၈

သင်ဘယ်လိုထင်သလဲ

အောက်ပါကျမ်းချက်တွေမှာပါတဲ့မူတွေကို သင်ဘယ်လိုကျင့်သုံးနိုင်သလဲ။

ထွက်မြောက်ရာ ၂၃:၂

တောလည်ရာ ၁၅:၃၇-၃၉

၁ ရာ. ၁၂:၂၁

ဆာလံ ၁၁၉:၁၂၈

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

လူအများနောက်သို့လိုက်ဖို့ သင် သွေးဆောင်ခံရဖူးသလား

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

မျက်စိအလိုနောက်လိုက်ခြင်းက ဘာကြောင့် အန္တရာယ်ရှိသလဲ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

အချည်းနှီးဖြစ်သောအရာတစ်ခုခုကို သင် လိုက်စားနေသလား