မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ ရှင်းလင်းတဲ့သတိပေးချက်ကို သင်လိုက်နာမလား

ယေဟောဝါရဲ့ ရှင်းလင်းတဲ့သတိပေးချက်ကို သင်လိုက်နာမလား

ယေဟောဝါရဲ့ ရှင်းလင်းတဲ့သတိပေးချက်ကို သင်လိုက်နာမလား

“ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့။”—ဟေရှာ. ၃၀:၂၁

၁၊ ၂။ စာတန် ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ၊ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးသလဲ။

လမ်းမှားကိုညွှန်ပြတဲ့ ဆိုင်းဘုတ်တစ်ခုက လမ်းမှားစေရုံသာမဟုတ်ဘဲ အန္တရာယ်ကျရောက်စေနိုင်တဲ့ အလားအလာလည်းရှိတယ်။ လူဆိုးတစ်ယောက်က အမှုမဲ့အမှတ်မဲ့သွားလာနေသူတွေကို ဒုက္ခရောက်စေလိုစိတ်နဲ့ ဆိုင်းဘုတ်ကိုတမင်တကာ ပြောင်းထားတယ်လို့ မိတ်ဆွေတစ်ဦး သင့်ကိုသတိပေးတယ်လို့ မြင်ယောင်ကြည့်ပါ။ သတိပေးချက်ကို သင်ဂရုပြုမယ်မဟုတ်လား။

စာတန်က ကျွန်ုပ်တို့ကို တလွဲလမ်းညွှန်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဆိုးညစ်တဲ့ရန်သူဖြစ်တယ်ဆိုတာ သေချာတယ်။ (ဗျာ. ၁၂:၉) ရှေ့ဆောင်းပါးမှာဆွေးနွေးခဲ့တဲ့ အန္တရာယ်တွေက သူ့ဆီကလာတာဖြစ်ပြီး ထာဝရအသက်ရစေတဲ့လမ်းကနေ ကျွန်ုပ်တို့ ကျောခိုင်းစွန့်ခွာသွားစေဖို့ ရည်ရွယ်တယ်။ (မ. ၇:၁၃၊ ၁၄) ကျွန်ုပ်တို့ရဲ့အကျိုးကိုလိုလားတဲ့ ဘုရားသခင်က လမ်းမှားရောက်စေတဲ့ စာတန်ရဲ့ ‘လမ်းညွှန်ဆိုင်းဘုတ်’ နောက်မလိုက်ဖို့ သတိပေးတဲ့အတွက် ကျေးဇူးတင်စရာကောင်းလှပါတယ်။ စာတန်ထံကလာတဲ့ နောက်ထပ်အန္တရာယ်သုံးမျိုးအကြောင်း ဆက်ဆွေးနွေးကြပါစို့။ လမ်းမှားမရောက်အောင် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဘယ်လိုကူညီပေးတယ်ဆိုတာ သုံးသပ်နေစဉ်မှာ ယေဟောဝါက ကျွန်ုပ်တို့နောက်ကလိုက်ပြီး “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့” လို့ညွှန်ပြနေသလို သင်မြင်ယောင်နိုင်တယ်။ (ဟေရှာ. ၃၀:၂၁) ယေဟောဝါရဲ့ရှင်းလင်းတဲ့သတိပေးချက်ကို စဉ်းစားသုံးသပ်ခြင်းက သတိပေးချက်ကို လိုက်နာမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေပါလိမ့်မယ်။

“ဆရာအတုအယောင်များ” နောက်သို့မလိုက်နဲ့

၃၊ ၄။ (က) ဆရာအတုအယောင်တွေက ဘယ်လိုနည်းနဲ့ ရေမရှိတဲ့ရေတွင်းနဲ့တူသလဲ။ (ခ) ဆရာအတုအယောင်တွေက ဘယ်နေရာကနေ ပေါ်လာလေ့ရှိပြီး သူတို့ ဘာကိုအလိုရှိကြသလဲ။

ပူပြင်းခြောက်သွေ့တဲ့ဒေသတစ်ခုမှာ သင်ခရီးသွားနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ခပ်လှမ်းလှမ်းတစ်နေရာမှာ ရေတွင်းတစ်တွင်းကို သင်တွေ့လိုက်ပြီး ရေဆာနေလို့ သောက်ရေရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီကို ဦးတည်သွားလိုက်တယ်။ အဲဒီကိုရောက်သွားတဲ့အခါ ခန်းခြောက်နေတဲ့ရေတွင်းဖြစ်နေတာကို တွေ့လိုက်ရတယ်။ တကယ်စိတ်ပျက်စရာပါပဲ။ ဆရာအတုအယောင်တွေဟာ ရေမရှိတဲ့ရေတွင်းနဲ့တူတယ်။ အမှန်တရားရေရဖို့ သူတို့ဆီသွားတဲ့သူတိုင်းက လုံးလုံးစိတ်ပျက်ရပါလိမ့်မယ်။ ယေဟောဝါက တမန်တော်ပေါလုနဲ့ ပေတရုကတစ်ဆင့် ဆရာအတုအယောင်တွေအကြောင်း ကျွန်ုပ်တို့ကို သတိပေးတယ်။ (တမန်တော် ၂၀:၂၉၊ ၃၀; ၂ ပေတရု ၂:၁-၃ တို့ကိုဖတ်ပါ။) ဒီဆရာတွေက ဘယ်သူတွေလဲ။ စွမ်းအားတော်တိုက်တွန်းမှုနဲ့ရေးခဲ့တဲ့ တမန်တော်နှစ်ဦးရဲ့စကားတွေက ဆရာအတုအယောင်တွေ ဘယ်ကလာတယ်၊ သူတို့ ဘယ်လိုလှည့်ဖြားတယ်ဆိုတာ သိအောင် ကူညီပေးပါတယ်။

ဧဖက်အသင်းတော်အကြီးအကဲတွေကို ပေါလုစာရေးတဲ့အခါ “မှားယွင်းသောသွန်သင်ချက်များကို ဟောပြောသူများလည်း သင်တို့အထဲမှ ပေါ်လာလိမ့်မည်” လို့ပြောခဲ့တယ်။ ယုံကြည်သူချင်းတွေကို ပေတရုစာရေးတဲ့အခါမှာ “သင်တို့တွင်လည်း ဆရာအတုအယောင်များရှိလိမ့်မည်” လို့ပြောခဲ့တယ်။ ဒါဆိုရင် ဒီဆရာအတုအယောင်တွေ ဘယ်ကလာတာလဲ။ အသင်းတော်အတွင်းကပဲ ပေါ်လာနိုင်တယ်။ သူတို့တွေက အယူဖောက်ပြန်သူတွေဖြစ်တယ်။ * သူတို့ ဘာကိုအလိုရှိသလဲ။ သူတို့ ယေဟောဝါရဲ့အဖွဲ့အစည်းကို စွန့်ခွာတဲ့အခါ ‘တပည့်တို့ကို မိမိတို့နောက်ဆွဲဆောင်’ သွားလိုတယ်လို့ ပေါလုရှင်းပြခဲ့တယ်။ ပေါလုပြောတဲ့တပည့်တွေဆိုတာက ယေရှုခရစ်ရဲ့တပည့်တွေဖြစ်တယ်။ သူတို့တွေက တပည့်တွေရဖို့ အသင်းတော်ပြင်ပမှာမရှာကြဘဲ ယေရှုခရစ်ရဲ့တပည့်တွေ သူတို့နဲ့အတူပါသွားအောင် ကြိုးစားကြတယ်။ အယူဖောက်ပြန်သူတွေက သိုးတွေကို ကိုက်ဖဲ့စားသောက်တဲ့ ဝံပုလွေတွေနဲ့တူတယ်။ သူတို့တွေက အသင်းသားတွေရဲ့ယုံကြည်ခြင်းကို ဖျက်ဆီးလိုပြီး အမှန်တရားကနေ လမ်းလွဲသွားစေလိုတယ်။—မ. ၇:၁၅; ၂ တိ. ၂:၁၈

၅။ ဆရာအတုအယောင်တွေ ဘယ်လိုနည်းလမ်းတွေကို သုံးကြသလဲ။

ဆရာအတုအယောင်တွေ ဘယ်လိုလှည့်ဖြားကြသလဲ။ စဉ်းလဲပါးနပ်တဲ့နည်းကို သူတို့အသုံးပြုကြတယ်။ အယူဖောက်ပြန်သူတွေက တိုင်းပြည်အတွင်းကို မှောင်ခိုပစ္စည်းတွေသွင်းတဲ့ ရာဇဝတ်ဂိုဏ်းသားတွေလိုပဲ သူတို့ရဲ့အတွေးအခေါ်တွေကို အသင်းတော်ထဲ “မသိမသာ” ယူလာကြတယ်။ စာရွက်စာတမ်းအတုပြုလုပ်ရာမှာ ကျွမ်းကျင်တဲ့သူတွေလိုပဲ အယူဖောက်ပြန်သူတွေက “ပရိယာယ်ဆင်သောစကားကို” သုံးပြီး သူတို့ရဲ့အယူအဆတွေကို မှန်သယောင်ပြုလုပ်ကြတယ်။ သူတို့ရဲ့အယူအဆတွေ မှန်တယ်ဆိုတာဖော်ပြဖို့ ‘ကျမ်းချက်များကို လွဲမှားစွာအဓိပ္ပာယ်ကောက်ယူ’ ပြီး “မှားယွင်းသောသွန်သင်ချက်များ” ကိုဖြန့်ကြတယ်။ (၂ ပေ. ၂:၁၊ ၃၊ ၁၃; ၃:၁၆) အယူဖောက်ပြန်သူတွေက ကျွန်ုပ်တို့ရဲ့အကျိုးကို စိတ်မဝင်စားဘူး။ သူတို့နောက်လိုက်မယ်ဆိုရင် ထာဝရအသက်ရစေတဲ့လမ်းကနေ လွဲသွားမှာဖြစ်တယ်။

၆။ ဆရာအတုအယောင်တွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ရှင်းလင်းတဲ့ ဘယ်သတိပေးချက် ပေးထားသလဲ။

ဆရာအတုအယောင်တွေရန်ကနေ ကျွန်ုပ်တို့ကိုယ်ကို ဘယ်လိုကာကွယ်နိုင်သလဲ။ ဘာလုပ်ရမယ်ဆိုတာ သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ရောမ ၁၆:၁၇; ၂ ယောဟန် ၉-၁၁ တို့ကိုဖတ်ပါ။) ကျမ်းစာက ‘သူတို့ကိုကြဉ်ရှောင်ကြလော့’ လို့ပြောတယ်။ တခြားဘာသာပြန်ကျမ်းတွေမှာ ဒီစကားစုကို “လွှဲရှောင်ကြလော့၊” “ရှောင်ရှားကြလော့” လို့ပြန်ဆိုတယ်။ ဒီသတိပေးချက်က အလွန်တရာ ရှင်းလင်းပါတယ်။ ဆရာဝန်တစ်ယောက်က ကူးစက်ရောဂါဆိုးရှိသူနဲ့ ဝေးဝေးနေပါလို့ သင့်ကို ပြောတယ်ဆိုပါစို့။ ဆရာဝန် ဘာကို ဆိုလိုတယ်ဆိုတာ သင်သဘောပေါက်ပြီး သူသတိပေးတာကို သင် တိတိကျကျလိုက်နာမှာဖြစ်တယ်။ အယူဖောက်ပြန်သူတွေက စိတ်ပိုင်း “မကျန်းမမာ” ဖြစ်နေသူတွေဖြစ်ပြီး သူတို့ရဲ့မှားယွင်းတဲ့အယူဝါဒတွေနဲ့ တခြားသူတွေကို ရောဂါကူးစက်စေလိုတယ်။ (၁ တိ. ၆:၃၊ ၄သမ) အကြီးမြတ်ဆုံးသမားတော် ယေဟောဝါက သူတို့နဲ့မဆက်ဆံနဲ့လို့ မိန့်မှာတယ်။ ကိုယ်တော်ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်ုပ်တို့သိတယ်၊ ဒါပေမဲ့ ကဏ္ဍတိုင်းမှာ ကိုယ်တော့်သတိပေးချက်ကိုလိုက်နာဖို့ ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်ထားသလား။

၇၊ ၈။ (က) ဆရာအတုအယောင်တွေကို ကြဉ်ရှောင်တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ (ခ) ဆရာအတုအယောင်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ သင် ဘာကြောင့် စိတ်ပိုင်းဖြတ်ထားသလဲ။

ဆရာအတုအယောင်တွေကို ကြဉ်ရှောင်တယ်ဆိုတာ ဘာကိုဆိုလိုသလဲ။ သူတို့ကို ကျွန်ုပ်တို့ရဲ့အိမ်မှာ လက်မခံခြင်း၊ နှုတ်မဆက်ခြင်းဖြစ်တယ်။ သူတို့ရဲ့စာပေတွေ၊ တီဗီအစီအစဉ်တွေနဲ့ အင်တာနက်တွေကို မကြည့်ရှုခြင်း၊ မှတ်ချက်တွေမပေးခြင်းလည်း ပါတယ်။ ဘာကြောင့် ဒီလို ပြတ်ပြတ်သားသားလုပ်ဆောင်ရတာလဲ။ ကျွန်ုပ်တို့က “အမှန်တရား၏ဘုရားသခင်” ကိုချစ်တဲ့အတွက် ကိုယ်တော့်တရားစကားနဲ့ဆန့်ကျင်တဲ့ မှားယွင်းတဲ့သွန်သင်ချက်တွေကို စိတ်မဝင်စားကြဘူး။ (ဆာ. ၃၁:၅ကဘ; ယော. ၁၇:၁၇) ကျွန်ုပ်တို့က ယေဟောဝါရဲ့အဖွဲ့အစည်းကိုလည်း ချစ်တယ်။ အဖွဲ့အစည်းက ယေဟောဝါနာမတော်နဲ့ နာမတော်ရဲ့အဓိပ္ပာယ်၊ မြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်၊ လူသေတွေရဲ့အခြေအနေ၊ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်စတဲ့ အမှန်တရားတွေကို သင်ပေးတယ်။ ဒီအမှန်တရားတွေနဲ့ တခြားအကြောင်းအရာတွေကို စသိရတုန်းက သင်ဘယ်လိုခံစားခဲ့ရသလဲဆိုတာ သတိရသလား။ ဒါကြောင့် ဆရာအတုအယောင်တွေကြောင့် ဒီအမှန်တရားတွေကိုသင်ပေးတဲ့ အဖွဲ့အစည်းကို ဆန့်ကျင်ကျောခိုင်းမသွားပါနဲ့။—ယော. ၆:၆၆-၆၉

ဆရာအတုအယောင်တွေ ဘာပဲပြောပါစေ ကျွန်ုပ်တို့က သူတို့နောက် မလိုက်ကြဘူး။ လှည့်စားခံပြီး ရေမရှိတဲ့ရေတွင်းဆီ သွားမယ်ဆိုရင် စိတ်ပျက်စရာပဲဖြစ်မယ်။ ကျွန်ုပ်တို့က ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းအပေါ် သစ္စာရှိဖို့ ဆုံးဖြတ်ထားကြတယ်။ ဒီအဖွဲ့အစည်းက ကျွန်ုပ်တို့ကို ဘယ်တော့မှစိတ်မပျက်စေတဲ့အပြင် စင်ကြယ်တဲ့အမှန်တရားရေကို အမြဲအလျှံပယ်ပေးနေတယ်။—ဟေရှာ. ၅၅:၁-၃; မ. ၂၄:၄၅-၄၇

“ဒဏ္ဍာရီပုံပြင်များ” နောက်သို့မလိုက်နဲ့

၉၊ ၁၀။ “ဒဏ္ဍာရီပုံပြင်များ” နဲ့ပတ်သက်ပြီး ပေါလု တိမောသေကို ဘာသတိပေးခဲ့သလဲ၊ ဘာကို ရည်ညွှန်းခြင်းဖြစ်သလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

တစ်ခါတစ်ရံ လမ်းညွှန်ဆိုင်းဘုတ်က လမ်းမှားဘက်ညွှန်နေတာကို အလွယ်တကူသိမြင်နိုင်ပေမဲ့ အလွယ်တကူမသိမြင်နိုင်တဲ့ အချိန်တွေလည်း ရှိနိုင်တယ်။ စာတန်ရဲ့လှည့်စားနည်းတွေကလည်း အဲဒီလိုပဲ။ တချို့နည်းတွေက သိသာမြင်သာတယ်။ တမန်တော်ပေါလုက စာတန်ရဲ့ စဉ်းလဲတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ “ဒဏ္ဍာရီပုံပြင်များ” အကြောင်း ကျွန်ုပ်တို့ကို သတိပေးထားတယ်။ (၁ တိမောသေ ၁:၃၊ ၄ ကိုဖတ်ပါ။) ထာဝရအသက်လမ်းကနေ လမ်းလွဲသွားနိုင်တဲ့အတွက် ဒီဒဏ္ဍာရီပုံပြင်တွေက ဘာတွေလဲ၊ ဘယ်လိုရှောင်နိုင်သလဲဆိုတာကို သိဖို့လိုတယ်။

၁၀ ပေါလုက ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်တဲ့ တိမောသေကိုရေးတဲ့ ပထမစာစောင်မှာ ဒဏ္ဍာရီပုံပြင်တွေအကြောင်း သတိပေးခဲ့တယ်။ ဒီစာမှာ အသင်းတော်သန့်ရှင်းစေဖို့နဲ့ ညီအစ်ကိုညီအစ်မတွေ ယေဟောဝါအပေါ် ဆက်သစ္စာရှိအောင် ကူညီပေးဖို့ ပေါလုပြောခဲ့တယ်။ (၁ တိ. ၁:၁၈၊ ၁၉) “ဒဏ္ဍာရီပုံပြင်များ” ဆိုပြီး ပေါလုသုံးခဲ့တဲ့ ဂရိစကားလုံးက “အလိမ်အညာစကား” ဒါမှမဟုတ် “လုပ်ကြံထားတဲ့ဇာတ်လမ်း” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ စာအုပ်တစ်အုပ် (The International Standard Bible Encyclopaedia) အရ ဒဏ္ဍာရီပုံပြင်တွေက ဝတ်ပြုရေးနဲ့သက်ဆိုင်ပြီး အမှန်မဟုတ်တဲ့ လုပ်ကြံဇာတ်လမ်းတွေဖြစ်တယ်။ လူတွေရဲ့သိလိုစိတ်ကို နှိုးဆွပေးတဲ့၊ လုပ်ကြံဖန်တီးထားတဲ့ ဝတ်ပြုရေးဆိုင်ရာ မဟုတ်မမှန်ဇာတ်လမ်းတွေကို ပေါလု ရည်ညွှန်းခဲ့တာဖြစ်နိုင်တယ်။ * ဒီဒဏ္ဍာရီပုံပြင်တွေက “အမေးပုစ္ဆာများကိုသာ ဖြစ်စေတတ်” ပြီး အကျိုးမဲ့စူးစမ်းလေ့လာစေတယ်။ ဒါက လှည့်စားမှုအပေါင်းမှာ သရဖူဆောင်းတဲ့စာတန်ရဲ့ စဉ်းလဲတဲ့နည်းတစ်နည်းဖြစ်တယ်။ စာတန်က သတိမဲ့နေတဲ့သူတွေကို လမ်းလွဲသွားစေဖို့ ဝတ်ပြုရေးဆိုင်ရာအလိမ်အညာတွေနဲ့ ယုံတမ်းစကားတွေကိုသုံးတယ်။ ဒဏ္ဍာရီပုံပြင်တွေနောက်မလိုက်ပါနဲ့ဆိုတဲ့ ပေါလုရဲ့ သတိပေးချက်က ရှင်းလင်းပြတ်သားတယ်။

၁၁။ လူတွေကိုလှည့်စားဖို့ စာတန်က အယူမှားဝတ်ပြုရေးကို ဘယ်လိုအသုံးပြုသလဲ၊ ဘယ်သတိပေးချက်ကို ကျွန်ုပ်တို့ ဂရုပြုသင့်သလဲ။

၁၁ သတိမဲ့နေတဲ့သူကို လမ်းလွဲသွားစေနိုင်တဲ့ ဒဏ္ဍာရီပုံပြင်တချို့က ဘာလဲ။ “ဒဏ္ဍာရီပုံပြင်များ” ဆိုတဲ့အသုံးအနှုန်းက ဝတ်ပြုရေးနဲ့ဆိုင်တဲ့ မှားယွင်းတဲ့သွန်သင်ချက်တွေလည်းဖြစ်နိုင်ပြီး အဲဒါတွေက “အမှန်တရားကိုနားမထောင်ဘဲ” လမ်းလွဲသွားစေနိုင်တယ်။ (၂ တိ. ၄:၃၊ ၄) “အလင်း၏ကောင်းကင်တမန်” အယောင်ဆောင်တဲ့ စာတန်က လူတွေလမ်းလွဲသွားစေဖို့ မှားယွင်းတဲ့ဝတ်ပြုရေးကို ပါးနပ်စွာအသုံးပြုတယ်။ (၂ ကော. ၁၁:၁၄) အမည်ခံခရစ်ယာန်တွေက ခရစ်တော်နောက်လိုက်ဖြစ်တယ်လို့ပြောပေမဲ့ မီးငရဲ၊ သုံးပါးပေါင်းတစ်ဦး၊ မသေနိုင်တဲ့ဝိညာဉ်စတဲ့ အလိမ်အညာတွေကို သွန်သင်တယ်။ လူအများက ခရစ္စမတ်နဲ့ အီစတာပွဲတွေကို ဘုရားသခင်နှစ်သက်တယ်လို့ ထင်ကြပေမဲ့ တကယ်တော့ ဒီပွဲတွေက အယူမှားဝတ်ပြုရေးက ဆင်းသက်လာတာဖြစ်တယ်။ အယူမှားဝတ်ပြုရေးနဲ့ ကင်းကင်းရှင်းရှင်းနေပြီး “မသန့်ရှင်းသောအရာကို မတို့မထိကြနှင့်” ဆိုတဲ့ ဘုရားသခင့်သတိပေးချက်ကို လိုက်နာမယ်ဆိုရင် ဒဏ္ဍာရီပုံပြင်တွေရဲ့ လှည့်စားမှုကို ခံရမှာမဟုတ်ဘူး။—၂ ကော. ၆:၁၄-၁၇

၁၂၊ ၁၃။ (က) စာတန်အားပေးအားမြှောက်ပြုနေတဲ့ အလိမ်အညာတွေက ဘာတွေလဲ၊ ဒါပေမဲ့ အမှန်တရားက ဘာလဲ။ (ခ) စာတန်သုံးတဲ့ ဒဏ္ဍာရီပုံပြင်တွေရဲ့ လှည့်စားမှုကို ကျွန်ုပ်တို့ ဘယ်လိုရှောင်နိုင်သလဲ။

၁၂ ကျွန်ုပ်တို့သတိမထားဘူးဆိုရင် ကျွန်ုပ်တို့ကို လမ်းလွဲသွားစေနိုင်တဲ့ စာတန်ရဲ့ တခြားအလိမ်အညာစကားတွေလည်းရှိသေးတယ်။ သုံးခုကို သုံးသပ်ကြည့်ကြစို့။ ပထမ– မှားတယ်၊ မှန်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပြီး ကိုယ် ကြိုက်တာလုပ်နိုင်တယ်။ မီဒီယာတွေနဲ့ ဖျော်ဖြေရေးတွေမှာ ဒီသဘောထားကို အသားပေးဖော်ပြတယ်။ ဒီသဘောထားက ဘုရားသခင်ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းကို ဘေးချိတ်လိုက်စေတယ်။ အမှန်တရားကတော့ ကျွန်ုပ်တို့ဟာ ဘုရားသခင်ချမှတ်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်မှု မရှိမဖြစ်လိုအပ်တယ်။ (ယေ. ၁၀:၂၃) ဒုတိယ– ဘုရားသခင်က လူ့အရေးကိစ္စမှာ ဘယ်တော့မှကြားမဝင်ဘူး။ ဒီအယူအဆက လူတွေကို ဒီနေ့အတွက်ပဲ အသက်ရှင်စေပြီး “ပျင်းရိခြင်း၊ အချည်းနှီးဖြစ်ခြင်း” အဖြစ်ကို ရောက်သွားစေတယ်။ (၂ ပေ. ၁:၈) အမှန်တရားက ယေဟောဝါရဲ့နေ့ကြီး အလွန်နီးနေပြီဖြစ်တဲ့အတွက် ကျွန်ုပ်တို့ အဲဒီနေ့ကို စောင့်မျှော်နေဖို့လိုတယ်။ (မ. ၂၄:၄၄) တတိယ– ဘုရားသခင်က သင့်ကို ဂရုမစိုက်ဘူး။ စာတန်ရဲ့ဒီအလိမ်အညာစကားကြောင့် ဘုရားသခင့်မေတ္တာတော်နဲ့ မထိုက်တန်ဘူးလို့ ခံစားရစေပြီး ကိုယ်တော့်အမှုတော်ကို ဆက်မဆောင်ချင်တော့ဘူး။ အမှန်တရားက ယေဟောဝါဟာ ကိုယ်တော့်ကျေးကျွန်တစ်ဦးချင်းစီကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတယ်။—မ. ၁၀:၂၉-၃၁

၁၃ စာတန့်လောကရဲ့ အတွေးအခေါ်နဲ့ သဘောထားတွေက အပြင်ပန်းအရကြည့်ရင် မှန်သယောင်ထင်ရတဲ့အတွက် ကျွန်ုပ်တို့ သတိရှိနေဖို့လိုတယ်။ စာတန်က လှည့်ဖြားတဲ့နေရာမှာ အကျွမ်းကျင်ဆုံးဖြစ်ပြီး သူ့ထက်တော်တဲ့သူမရှိဘူးဆိုတာ သတိရပါ။ သမ္မာကျမ်းစာသတိပေးချက်၊ အကြံပြုချက်တွေကို လိုက်လျှောက်မှသာ စာတန်ရဲ့ “ပရိယာယ်နှင့်တီထွင်ထားသော ဒဏ္ဍာရီပုံပြင်များ” ကိုရှောင်နိုင်မှာဖြစ်တယ်။—၂ ပေ. ၁:၁၆

“စာတန်နောက်သို့” မလိုက်နဲ့

၁၄။ အသက်ငယ်တဲ့မုဆိုးမတချို့ကို ပေါလု ဘယ်သတိပေးချက်ပေးခဲ့သလဲ၊ သူ့ရဲ့စကားတွေကို ဘာကြောင့် ကျွန်ုပ်တို့အားလုံး နှလုံးသွင်းဖို့လိုသလဲ။

၁၄ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုက “စာတန်နောက်သို့” ဆိုပြီး ရေးထားတယ်လို့ မြင်ယောင်ကြည့်ပါ။ ကျွန်ုပ်တို့ထဲက ဘယ်သူမှ အဲဒီဆိုင်းဘုတ်နောက်လိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ပေါလုက စစ်မှန်တဲ့ခရစ်ယာန်တွေ “လမ်းလွဲ၍ စာတန်နောက်သို့လိုက်သွား” နိုင်တဲ့ နည်းအမျိုးမျိုးအကြောင်း သတိပေးတယ်။ (၁ တိမောသေ ၅:၁၁-၁၅ ကိုဖတ်ပါ။) ပေါလုရဲ့စကားတွေက “အသက်ငယ်သော မုဆိုးမ” တချို့ကို ရည်ညွှန်းပြောဆိုပေမဲ့ အဲဒီမှာပါတဲ့မူကတော့ ကျွန်ုပ်တို့အားလုံးနဲ့ သက်ဆိုင်တယ်။ သူတို့ကိုယ်သူတို့ စာတန့်နောက်လိုက်နေတယ်ဆိုတာ မသိကြပေမဲ့ သူတို့ရဲ့လုပ်ရပ်တွေက အဲဒီအတိုင်းဖြစ်နေတယ်။ စာတန့်နောက်လိုက်မှန်းမသိ လိုက်နေတဲ့အဖြစ်မျိုးကို ကျွန်ုပ်တို့ ဘယ်လိုရှောင်နိုင်သလဲ။ ထိခိုက်နစ်နာစေတဲ့ အတင်းအဖျင်းပြောခြင်းနဲ့ပတ်သက်ပြီး ပေါလုရဲ့သတိပေးချက်ကို သုံးသပ်ကြည့်ကြစို့။

၁၅။ စာတန်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ စာတန်ရဲ့နည်းပရိယာယ်တွေနဲ့ပတ်သက်ပြီး ပေါလု ဘယ်လိုဖော်ပြခဲ့သလဲ။

၁၅ စာတန့်ရည်ရွယ်ချက်က ကျွန်ုပ်တို့ယုံကြည်တဲ့ သတင်းကောင်းအကြောင်း တခြားသူတွေကို မပြောပြတော့ဘဲ နှုတ်ဆိတ်သွားဖို့ဖြစ်တယ်။ (ဗျာ. ၁၂:၁၇) ဒါကြောင့် အချိန်ကုန်ပြီး အချင်းချင်း စိတ်ဝမ်းကွဲပြားစေတဲ့အရာတွေကို ကျွန်ုပ်တို့လိုက်စားဖို့ သူလုပ်ဆောင်တယ်။ စာတန်ရဲ့နည်းပရိယာယ်တွေနဲ့ပတ်သက်ပြီး ပေါလုရဲ့ဖော်ပြချက်ကို သတိပြုပါ။ ‘အလုပ်မလုပ်ဘဲ လျှောက်လည်တတ်ကြ’ တယ်လို့ ပေါလု ဖော်ပြခဲ့တယ်။ အဲဒီမုဆိုးမတွေက သူတို့ရဲ့မိတ်ဆွေတွေဆီ လည်ပတ်ပြီး အရေးမကြီးတဲ့အကြောင်းအရာတွေကို ပြောကြတယ်။ ကျွန်ုပ်တို့လည်း သူတို့လိုမဖြစ်ဖို့ သတိပြုရမယ်။ နည်းပညာတိုးတက်နေတဲ့ဒီခေတ်မှာ အရေးမကြီးတဲ့အကြောင်းအရာတွေ၊ မဟုတ်မမှန်အကြောင်းအရာတွေကို အီးမေးလ်အပြန်အလှန်ပို့ခြင်း၊ ဖုန်းဆက်ခြင်း ဒါမှမဟုတ် လူချင်းတွေ့ပြီး ပြောဆိုခြင်းအားဖြင့် ကျွန်ုပ်တို့နဲ့ တခြားသူတွေရဲ့ အချိန်ကိုဖြုန်းဖို့ အရမ်းလွယ်တယ်။ ဒီမုဆိုးမတွေက “အတင်းအဖျင်း” လည်းပြောတယ်လို့ ပေါလုဖော်ပြတယ်။ ထိခိုက်နစ်နာစေတဲ့ အတင်းအဖျင်းပြောခြင်းကနေ ရှုတ်ချဂုဏ်ဖျက်တာမျိုးဖြစ်သွားပြီး အငြင်းပွားတဲ့အထိဖြစ်စေနိုင်တယ်။ (သု. ၂၆:၂၀) သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဒီလိုပြောဆိုခြင်းက စာတန်ကိုတုပနေခြင်း ဖြစ်တယ်။ * “သူတစ်ပါးကိစ္စတွင် ဝင်စွက်” ခြင်းအကြောင်းကိုလည်း ပေါလု ဖော်ပြတယ်။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့် ကျွန်ုပ်တို့မှာ မရှိဘူး။ ဒီလိုအကျိုးမပြုတဲ့၊ ပြဿနာဖြစ်စေတဲ့လုပ်ရပ်တွေက ဘုရားသခင်ပေးအပ်ထားတဲ့ သတင်းကောင်းဟောပြောခြင်းကနေ ကျွန်ုပ်တို့ကို အာရုံလွဲသွားစေနိုင်တယ်။ ယေဟောဝါကို တက်တက်ကြွကြွအမှုမဆောင်တော့ဘူးဆိုရင် စာတန့်နောက်ကို စလိုက်နေပြီဖြစ်တယ်။ စာတန့်နောက်လိုက်နေတယ်ဆိုရင် ယေဟောဝါကို ဆန့်ကျင်တာပဲ။ ဒါကြောင့် ကျွန်ုပ်တို့အားလုံးက ဘယ်သူ့နောက်လိုက်မလဲဆိုတာ ရွေးချယ်ရမှာဖြစ်တယ်။—မ. ၁၂:၃၀

၁၆။ “လမ်းလွဲ၍ စာတန်နောက်သို့လိုက်သွား” ခြင်းမျိုးမဖြစ်ဖို့ ဘယ်သတိပေးချက်တွေက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။

၁၆ သမ္မာကျမ်းစာအကြံပြုချက်ကို လိုက်နာခြင်းက “လမ်းလွဲ၍စာတန်နောက်သို့လိုက်သွား” တဲ့အဖြစ်ကို ရှောင်နိုင်ဖို့ ကူညီပေးတယ်။ ပေါလုရဲ့ ပညာရှိအကြံပြုချက်တချို့ကို သုံးသပ်ကြည့်ပါ– “သခင်၏အမှုတော်တွင် အလုပ်များလျက်နေ” ပါ။ (၁ ကော. ၁၅:၅၈) ဘုရားသခင့်အမှုဆောင်ခြင်းမှာ အလုပ်များနေခြင်းက အကျိုးမပြုတဲ့၊ အချိန်ကုန်စေတဲ့အရာတွေကို မလုပ်မိအောင် ကာကွယ်ပေးတယ်။ (မ. ၆:၃၃) “တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာပြောဆို” ပါ။ (ဧ. ၄:၂၉) ထိခိုက်နစ်နာစေတဲ့ အတင်းအဖျင်းတွေနားထောင်ပြီး ပြန်ဖြန့်တာမျိုးမလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ * ခရစ်ယာန်ချင်းတွေအပေါ် ယုံကြည်စိတ်ချပြီး လေးစားတဲ့စိတ်ရှိဖို့ မွေးမြူပါ။ ဒါမှသာ ဖြိုဖျက်တဲ့စကားမဟုတ်ဘဲ တည်ဆောက်မှုဖြစ်စေတဲ့စကားတွေကို ပြောနိုင်မှာဖြစ်တယ်။ “ကိုယ်အမှုကိစ္စကို အာရုံစိုက်” ပါ။ (၁ သက်. ၄:၁၁) တခြားသူတွေကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ၊ တစ်ချိန်တည်းမှာ သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သိက္ခာကို လေးစားပါ။ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စတွေမှာ ကျွန်ုပ်တို့ရဲ့ရှုမြင်ချက်အတိုင်း လုပ်ဆောင်ဖို့ အတင်းအကျပ်မလုပ်သင့်ဘူး။—ဂလ. ၆:၅

၁၇။ (က) မလိုက်ရမယ့်အရာတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ကို ယေဟောဝါ ဘာကြောင့် သတိပေးသလဲ။ (ခ) ယေဟောဝါ ကျွန်ုပ်တို့ကို လျှောက်စေလိုတဲ့လမ်းနဲ့ပတ်သက်ပြီး သင့်စိတ်ပိုင်းဖြတ်ချက်က ဘာလဲ။

၁၇ မလိုက်ရမယ့်အရာတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ကျွန်ုပ်တို့ကို ရှင်းရှင်းလင်းလင်း သတိပေးတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ ဒီဆောင်းပါးနဲ့ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ သတိပေးချက်တွေက ယေဟောဝါ ကျွန်ုပ်တို့ကို ချစ်လို့ပေးတယ်ဆိုတာ အမြဲသတိရသင့်တယ်။ ကိုယ်တော်က စာတန်ရဲ့ ‘လမ်းညွှန်ဆိုင်းဘုတ်’ အမှားတွေကြောင့် ကျွန်ုပ်တို့ ဒုက္ခရောက်မှာကို မလိုလားဘူး။ ယေဟောဝါ ကျွန်ုပ်တို့ကို လျှောက်စေလိုတဲ့လမ်းက ကျဉ်းပေမဲ့ ဒါက ထာဝရအသက်ရစေတဲ့ တစ်ခုတည်းသောလမ်းဖြစ်တယ်။ (မ. ၇:၁၄) “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့” ဆိုတဲ့ ယေဟောဝါရဲ့သတိပေးချက်အတိုင်း လိုက်လျှောက်မယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ဘယ်တော့မှ မယိမ်းယိုင်ပါစေနဲ့။—ဟေရှာ. ၃၀:၂၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အယူဖောက်ပြန်ခြင်းဆိုတာ စစ်မှန်တဲ့ဝတ်ပြုရေးကို ဆန့်ကျင်ပုန်ကန်ပြီး ကျောခိုင်းသွားခြင်းဖြစ်တယ်။

^ အပိုဒ်၊ 10 ဥပမာ၊ ဘီစီအီး သုံးရာစုခန့်ကရေးခဲ့ပြီး ပေါလုအချိန်အထိရှိနေတဲ့ တောဘိ (တိုဘိုင်ယပ်စ်) ကျမ်းအတုမှာ အယူသီးမှု၊ မှော်နဲ့ဆိုင်တဲ့ပုံပြင်တွေကို အဖြစ်မှန်အလား ရေးထားတယ်။—Insight on the Scripturesအတွဲ ၁၊ စာမျက်နှာ ၁၂၂ [အင်္ဂလိပ်] ကိုကြည့်ပါ။

^ အပိုဒ်၊ 15 မူရင်းဂရိမှာ စာတန်ကို “ရှုတ်ချဂုဏ်ဖျက်သူ” လို့အဓိပ္ပာယ်ရှိတဲ့ နောက်နာမည်တစ်ခုနဲ့လည်း ခေါ်တယ်။ အကြောင်းကတော့ သူဟာ ပထမဦးဆုံးရှုတ်ချဂုဏ်ဖျက်သူဖြစ်လို့ပဲ။—ယော. ၈:၄၄; ဗျာ. ၁၂:၉၊ ၁၀

သင် ဘယ်လိုဖြေဆိုမလဲ

အောက်ပါကျမ်းချက်တွေမှာပါတဲ့ သတိပေးချက်တွေကို သင် ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်သလဲ။

၂ ပေတရု ၂:၁-၃

၁ တိမောသေ ၁:၃၊ ၄

၁ တိမောသေ ၅:၁၁-၁၅

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

 “ငှက်မွှေးတွေကို လေထဲလွှင့်ခြင်း”

ဂျူးပုံပြင်တစ်ပုဒ်က ထိခိုက်နစ်နာစေတဲ့ အတင်းအဖျင်း ပြောခြင်းရဲ့ ဆိုးကျိုးတွေကို ကောင်းကောင်းသရုပ်ဖော်ထားတယ်။

လူတစ်ယောက်က မြို့အနှံ့လျှောက်သွားပြီး မြို့ထဲကပညာရှိ တစ်ယောက်အကြောင်း သွားပုပ်လေလွင့်ပြောတယ်။ နောက်ပိုင်းမှာ သူ့အမှားသူသိပြီး ပညာရှိကို သွားတောင်းပန်တယ်။ ခွင့်လွှတ်ဖို့တောင်းပန်ရာမှာ သူ့အမှားအတွက် ဘာလုပ်ရမလဲဆိုပြီး မေးတယ်။ ပညာရှိက အတင်းပြောတဲ့သူကို တစ်ခုတောင်းဆိုတယ်– ငှက်မွှေးတွေထည့်ထားတဲ့ ခေါင်းအုံးတစ်လုံးကိုယူပြီး အဲဒီအထဲက ငှက်မွှေးတွေကို လေထဲမှာကြဲဖြန့်ခိုင်းတယ်။ ဘာကြောင့် ဒီလိုလုပ်ခိုင်းတယ်ဆိုတာ နားမလည်ပေမဲ့ ပြောတဲ့အတိုင်းလုပ်ပြီး ပညာရှိထံပြန်သွားတယ်။

“အခု ကျွန်တော့်ကို ခွင့်လွှတ်ပြီလား” လို့ မေးတယ်။

ပညာရှိက “အရင်ဆုံး ငှက်မွှေးတွေကို ပြန်သွားကောက်ချေ” ဆိုပြီး ပြောလိုက်တယ်။

“လေထဲ အကုန်လွင့်ကုန်ပြီ၊ ဘယ်လို ပြန်ကောက်ရမလဲ” လို့ အတင်းပြောတဲ့သူကပြောတယ်။

ဒါနဲ့ ပညာရှိက “ငှက်မွှေးတွေကို တစ်ခုချင်းစီပြန်ကောက်သိမ်းဖို့ ခက်သလိုပဲ ခင်ဗျားပြောတဲ့ စကားကြောင့် ထိခိုက်နစ်နာခဲ့တာတွေကို ပြန်ပြင်ဖို့ ခက်တယ်” လို့ပြောလိုက်တယ်။

သင်ခန်းစာကတော့ ရှင်းပါတယ်။ ပြောပြီးသားစကားကို ပြန်ရုပ်သိမ်းလို့မရသလို ထိခိုက်နစ်နာသွားတာကိုလည်း နဂိုအတိုင်းပြန်ဖြစ်အောင် လုပ်လို့မရနိုင်ဘူး။ ဒါကြောင့် အတင်းအဖျင်းမပြောခင် သတိရသင့်တာက ငါ ငှက်မွှေးတွေကို လေထဲလွှင့်တော့မှာပါလားဆိုတဲ့အချက်ပဲ။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

တချို့သူတွေ အယူဖောက်ပြန်သူတွေကို မိမိတို့အိမ်ထဲမှာ ဘယ်လိုလက်ခံမိနိုင်သလဲ