မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါလူမျိုးအတွက် တရားရေးအောင်ပွဲ

ယေဟောဝါလူမျိုးအတွက် တရားရေးအောင်ပွဲ

ယေဟောဝါလူမျိုးအတွက် တရားရေးအောင်ပွဲ

ဆိုဗီယက်ပြည်ထောင်စုက ၁၉၉၁ ခုနှစ်မှာ ယေဟောဝါသက်သေတွေကို တရားဝင်ဘာသာရေးတစ်ခုအဖြစ် မှတ်ပုံတင်ပေးခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတဲ့အခါ ရုရှားအစိုးရသစ်ကလည်း ယေဟောဝါသက်သေတွေကို ရုရှားမှာတရားဝင်ခွင့်ပြုထားတဲ့ ဘာသာရေးစာရင်းထဲမှာ ထည့်ခဲ့တယ်။ ယခင်အစိုးရက ညီအစ်ကိုတွေကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုတာကို အစိုးရသစ်က သိရှိထားတယ်။ ၁၉၉၃ ခုနှစ်မှာ မော်စကိုတရားရေးဌာနဟာ ယေဟောဝါသက်သေတွေကို မော်စကိုရှိ ယေဟောဝါသက်သေအဖွဲ့အစည်းအဖြစ် တရားဝင်မှတ်ပုံတင်ပေးခဲ့တယ်။ ၁၉၉၃ ခုနှစ်မှာ ရုရှားအစိုးရသစ်က ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲခဲ့ပြီး ပြည်သူလူထုကို လွတ်လပ်ခွင့်တချို့ပေးမယ်ဆိုတဲ့အချက်ပါတယ်။ လူတိုင်း ကိုယ်သက်ဝင်ယုံကြည်တဲ့ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်ဆိုတဲ့အချက်လည်း ပါတယ်။ ဒီလိုပြောင်းလဲလာဖို့ ညီအစ်ကိုညီအစ်မတွေ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတယ်။

အဲဒီနောက် ရုရှားမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက ဟောပြောခြင်းလုပ်ငန်းကို အရှိန်မြှင့်ခဲ့ကြပြီး လူများစွာ အမှန်တရားကို လက်ခံခဲ့ကြတယ်။ (၂ တိ. ၄:၂) ၁၉၉၀ ကနေ ၁၉၉၅ ခုနှစ်အတွင်းမှာ မော်စကိုမှာရှိတဲ့ သက်သေခံအရေအတွက် ၃၀၀ ကနေ ၅,၀၀၀ ကျော်အထိ တိုးများလာတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေကို ဆန့်ကျင်သူတွေ စိုးရိမ်လာကြတယ်။ အဲဒီအချိန်ကစပြီး ယေဟောဝါရဲ့လူမျိုးကို တရားဥပဒေနဲ့ စတင်တိုက်ခိုက်ခဲ့တယ်။

ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးမှုစတင်

၁၉၉၅၊ ဇွန်လမှာ ပထမဆုံးတိုက်ခိုက်မှု စတင်ခဲ့တယ်။ ရုရှားသြသဒေါက်စ်ချာ့ခ်ျနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်တဲ့ မော်စကိုကအုပ်စုတစ်စုဟာ ညီအစ်ကိုတွေ ရာဇ၀တ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ စွဲချက်တင်ခဲ့တယ်။ ၁၉၉၆၊ ဇွန်လမှာ စုံစမ်းစစ်ဆေးသူတွေက ယေဟောဝါသက်သေတွေ ရာဇဝတ်မှုကျူးလွန်တဲ့အထောက်အထား မတွေ့ဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ မော်စကိုမှာရှိတဲ့အုပ်စုက ညီအစ်ကိုတွေကို ဒီအတိုင်း နောက်ထပ်သုံးကြိမ်စွဲချက်တင်ခဲ့တယ်။ အကြိမ်တိုင်းမှာ စုံစမ်းစစ်ဆေးသူတွေက သက်သေအထောက်အထားရှာခဲ့ပေမဲ့ ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး ဘာအထောက်အထားမှ ရှာမတွေ့ခဲ့ဘူး။ မယုံနိုင်စရာက ဒီအုပ်စုက နောက်တစ်ကြိမ်စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့တယ်။ နောက်ဆုံး စုံစမ်းစစ်ဆေးသူအသစ်က ၁၉၉၈၊ ဧပြီ ၁၃ မှာ အမှုကိုပိတ်လိုက်တယ်။

တရားလိုဘက်က အမှုလိုက်ရှေ့နေရဲ့ကိုယ်စားလှယ်က ယေဟောဝါသက်သေတွေ ဥပဒေချိုးဖောက်တဲ့ အထောက်အထားမရှိဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေကို တားဆီးနိုင်တဲ့ နည်းတစ်နည်းကတော့ တရားမမှုနဲ့ တရားစွဲဆိုခြင်းဖြစ်တယ်လို့ သူမက အကြံပေးခဲ့တယ်။ တရားမမှုဆိုတာက ရဲကမဟုတ်ဘဲ လူလူချင်း ကိုယ်ပိုင်အခွင့်အရေးနဲ့ပတ်သက်ပြီး တရားစွဲဆိုတဲ့အမှုဖြစ်တယ်။ ဒါကြောင့် မော်စကိုမြောက်ပိုင်းတရားရုံးမှာ ညီအစ်ကိုတွေကို တရားမမှုနဲ့ တရားစွဲခဲ့တယ်။ ၁၉၉၈၊ စက်တင်ဘာ ၂၉ ရက်မှာ မော်စကို၊ ဂလာဗင်းစကီးခရိုင်တရားရုံးမှာ အမှုစဖြစ်ပြန်တယ်။

ရုံးတော်ရောက် ကျမ်းစာ

ဒီအမှုမှာ တရားလိုဘက်က အမှုလိုက်ရှေ့နေကတော့ ထကြာနာ ကွန်ထရပ်ယေဗာ ဖြစ်တယ်။ ၁၉၉၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အမျိုးသားဥပဒေကို အသုံးပြုပြီး ယေဟောဝါသက်သေတွေကို သူ တိုက်ခိုက်ခဲ့တယ်။ ဒီဥပဒေမှာ ဩသဒေါက်စ်ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူးဘာသာနဲ့ ဗုဒ္ဓဘာသာကပဲ အစဉ်အလာတည်ရှိခဲ့တဲ့ဘာသာတွေဖြစ်တယ် ဆိုတဲ့အချက်ပါဝင်တယ်။ ရုရှားသြသဒေါက်စ်ချာ့ခ်ျက ယေဟောဝါသက်သေတွေကို ပိတ်ပင်ချင်လို့ ဒီဥပဒေကိုရေးဆွဲဖို့ အစိုးရကို ဖိအားပေးခဲ့တယ်လို့ သတင်းစာတစ်စောင်က ဖော်ပြခဲ့တယ်။ (Associated Press June 25 1999) လူလူချင်းမုန်းတီးအောင် လှုံ့ဆော်ပေးတဲ့ ဘာသာရေးတွေကို တရားရုံးကပိတ်ပင်ခွင့်ရှိတယ်လို့ ဒီဥပဒေမှာဖော်ပြထားတယ်။ ယေဟောဝါသက်သေတွေဟာ လူလူချင်းမုန်းတီးအောင်လှုံ့ဆော်ပြီး မိသားစုတွေကို ပြိုကွဲစေတဲ့အတွက် အစိုးရက သူတို့ကိုပိတ်ပင်သင့်တယ်လို့ တရားလိုရဲ့အမှုလိုက်ရှေ့နေက ပြောခဲ့တယ်။

ညီအစ်ကိုတွေဘက်က အမျိုးသမီးရှေ့နေက “မော်စကိုအသင်းတော်မှာရှိတဲ့ ဘယ်သူတွေက ဥပဒေကိုမလိုက်နာဘဲ လူလူချင်းမုန်းတီးအောင် ပြုလုပ်နေသလဲ” လို့မေးခွန်းထုတ်ပြီး ပြန်ချေပခဲ့တယ်။ တရားလိုဘက်ကရှေ့နေက နာမည်တစ်ခုကိုမှ မပြောနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့စာပေတွေမှာ သူတို့သာ စစ်မှန်တဲ့ဘာသာဖြစ်တယ်လို့သွန်သင်တဲ့အတွက် ဘာသာရေးအမုန်းပွားမှုကိုဖြစ်စေတယ်လို့ ပြောပြန်တယ်။

ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတစ်ဦးဖြစ်တဲ့ နောက်ရှေ့နေတစ်ဦးက တရားသူကြီးနဲ့ တရားလိုဘက်ကအမှုလိုက်ရှေ့နေကို ကျမ်းစာတစ်အုပ်စီပေးလိုက်တယ်။ ပြီးတဲ့နောက် “သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ နှစ်ခြင်းတစ်ပါးတည်းရှိ၏” လို့ဖော်ပြထားတဲ့ ဧဖက် ၄:၅ ကိုဖတ်တယ်။ တရားသူကြီး၊ တရားလိုဘက်ကအမှုလိုက်ရှေ့နေနဲ့ ညီအစ်ကိုတွေဘက်ကရှေ့နေက ကျမ်းစာကိုယ်စီကိုင်ထားပြီး ယောဟန် ၁၇:၁၈ နဲ့ ယာကုပ် ၁:၂၇ အပါအဝင် ကျမ်းချက်တချို့ကို ဆွေးနွေးကြတယ်။ တရားသူကြီးက “ဒီကျမ်းချက်တွေက တခြားဘာသာဝင်တွေကို မုန်းတီးအောင် လှုံ့ဆော်ပေးသလား” လို့မေးတဲ့အခါ တရားလိုဘက်ကရှေ့နေက သူကျမ်းစာနဲ့ ကောင်းကောင်းအကျွမ်းတဝင်မရှိတဲ့အတွက် ကျမ်းစာကိုတော့မဝေဖန်လိုကြောင်း ပြန်ပြောခဲ့တယ်။ ဒါနဲ့ ညီအစ်ကိုတွေဘက်ကရှေ့နေက ယေဟောဝါသက်သေတွေအကြောင်း ပုတ်ခတ်ပြောဆိုထားတဲ့ ရုရှားသြသဒေါက်စ်ချာ့ခ်ျရဲ့စာပေတွေကိုပြပြီး “ဒီစာပေတွေမှာဖော်ပြထားတဲ့အချက်တွေက ဥပဒေကို မချိုးဖောက်ဘူးလား” လို့မေးတဲ့အခါ တရားလိုဘက်ကရှေ့နေက ဒီဘာသာရေးစာပေတွေအကြောင်း သူကောင်းကောင်းမသိတဲ့အတွက် ဒီစာပေတွေကို သူ မဝေဖန်လိုကြောင်း ပြောပြန်တယ်။

အထောက်အထားမရှိတဲ့ စွဲချက်များ

တရားလိုဘက်ကရှေ့နေက သက်သေခံတွေ မိသားစုကိုဖြိုခွဲတယ်လို့ စွပ်စွဲရာမှာ ခရစ္စမတ်လိုပွဲတော်တွေ မကျင်းပတာကို အထောက်အထားတစ်ခုအဖြစ် ဖော်ပြခဲ့တယ်။ သက်သေခံတွေက ကလေးတွေကို ပုံမှန်အနားယူခွင့်မပေးဘူး၊ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် နေခွင့်မပေးဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ရုရှားလူမျိုးတွေ ခရစ္စမတ်ပွဲကျင်းပရမယ်လို့ ရုရှားဥပဒေက မတောင်းဆိုထားကြောင်း၊ ယေဟောဝါသက်သေ ကလေးတစ်ယောက်နဲ့မှ စကားမပြောဖူးကြောင်း၊ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတစ်ခုကိုမှ မတက်ဖူးကြောင်းလည်း နောက်ပိုင်းမှာ သူ၀န်ခံခဲ့တယ်။

တရားလိုဘက်ကရှေ့နေက စိတ်ရောဂါကုပါရဂူတစ်ဦးကိုဖိတ်ခေါ်ပြီး သူ့ရဲ့အမြင်တွေကို ပြောပြစေခဲ့တယ်။ ပါရဂူက ကျွန်ုပ်တို့ရဲ့စာပေတွေကို ဖတ်ရှုခြင်းက စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီအမှုနဲ့ပတ်သက်ပြီး သူပြောတာတွေက မော်စကိုသြသဒေါက်စ်ချာ့ခ်ျ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့အဆိုကို မှီငြမ်းခဲ့တာလို့ ဝန်ခံခဲ့တယ်။ ယေဟောဝါသက်သေ စိတ်ဝေဒနာရှင်တစ်ယောက်ကိုမှ မကုသဖူးဘူးလို့လည်း ဝန်ခံခဲ့တယ်။ နောက်ဆရာဝန်တစ်ယောက်က မော်စကိုမှာရှိတဲ့ သက်သေခံ ၁၀၀ ကျော်ကို သူလေ့လာဖူးတယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တယ်။ ဒီသက်သေခံတွေက စိတ်ပိုင်းဆိုင်ရာမှာ ကျန်းမာတဲ့အပြင် ယေဟောဝါသက်သေဖြစ်ပြီးနောက်မှာ အရင်ကထက် တခြားဘာသာကို ပိုပြီးလေးစားလာကြောင်း ပြောခဲ့တယ်။

ကျွန်ုပ်တို့အနိုင်ရခဲ့၊ ဒါပေမဲ့ အပြီးသတ်မဟုတ်

၁၉၉၉၊ မတ် ၁၂ ရက်မှာ ယေဟောဝါသက်သေတွေရဲ့စာပေတွေကို လေ့လာဖို့ တရားသူကြီးက ပညာတတ်ငါးယောက်ကို တာဝန်ပေးပြီး အမှုကိုအချိန်အတော်ကြာ ရွှေ့ဆိုင်းခဲ့တယ်။ အဲဒီမတိုင်ခင် ရုရှားတရားရေးဝန်ကြီးဌာနကလည်း ကျွန်ုပ်တို့ရဲ့စာပေတွေကို လေ့လာဖို့ တခြားပညာတတ်အုပ်စုတစ်စုကို တာဝန်ပေးပြီးသားဖြစ်တယ်။ ၁၉၉၉၊ ဧပြီ ၁၅ ရက်မှာ ကျွန်ုပ်တို့ရဲ့စာပေတွေမှာ မကောင်းတာတစ်ခုမှ မပါဘူးလို့ ဒီအဖွဲ့ကပြောခဲ့တယ်။ ၁၉၉၉၊ ဧပြီ ၂၉ ရက်မှာ ယေဟောဝါသက်သေတွေကို ရုရှားနိုင်ငံရဲ့တရားဝင်ဘာသာတစ်ခုအဖြစ် ဆက်အသိအမှတ်ပြုဖို့ တရားရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ မော်စကိုက တရားသူကြီးကတော့ သူရွေးထားတဲ့ပညာတတ်ငါးယောက်ကို ကျွန်ုပ်တို့ရဲ့စာပေတွေကိုလေ့လာဖို့ ပြန်ဆုံးဖြတ်ခဲ့တယ်။ ဒါက ထူးခြားတဲ့အခြေအနေတစ်ခုဖြစ်တယ်။ ယေဟောဝါသက်သေတွေက ဥပဒေကိုလိုက်နာလို့ တရားဝင်ဘာသာရေးတစ်ခုအဖြစ် သတ်မှတ်နိုင်တယ်လို့ ရုရှားတရားရေးဝန်ကြီးဌာနက ပြောခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေ ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်ကြောင့် မော်စကိုတရားရေးဌာနက စုံစမ်းစစ်ဆေးနေလို့ပဲ။

နှစ်နှစ်ကြာပြီးတဲ့နောက် မော်စကိုကအမှုကို ပြန်စခဲ့တယ်။ ၂၀၀၁၊ ဖေဖော်ဝါရီ ၂၃ ရက်မှာ တရားသူကြီး ယယ်လင်နာ ပရိုဟိုရီချေဗာက မော်စကိုမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့လုပ်ဆောင်မှုတွေကို ပိတ်ပင်စရာအကြောင်းမရှိဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံးမှာ စွပ်စွဲချက်တွေအားလုံး မှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ တရားလိုဘက်ကရှေ့နေက ဆုံးဖြတ်ချက်ကို လက်မခံဘဲ အမှုကို ပြန်စစ်ဆေးဖို့ မော်စကိုမြို့တော်တရားရုံးကို အယူခံဝင်ခဲ့တယ်။ သုံးလအကြာဖြစ်တဲ့ ၂၀၀၁၊ မေ ၃၀ မှာ ဒီတရားရုံးက တရားသူကြီး ပရိုဟိုရီချေဗာရဲ့ဆုံးဖြတ်ချက်ကို ပယ်ချလိုက်တယ်။ ဒီအမှုလိုက်ရှေ့နေကပဲ သက်သေခံတွေနဲ့ပတ်သက်တဲ့ နောက်အမှုတစ်ခုတင်ခဲ့တယ်၊ တရားသူကြီးက နောက်တစ်ယောက်ပြောင်းသွားတယ်။

ကျွန်ုပ်တို့ရှုံးနိမ့်ခဲ့၊ ဒါပေမဲ့ အပြီးသတ်မဟုတ်

၂၀၀၁၊ အောက်တိုဘာ ၃၀ ရက်မှာ တရားသူကြီး ဗယ်ရာ ဒူဘင်စကီယာရဲ့ကြားနာမှုနဲ့ အမှုကို ပြန်စခဲ့တယ်။ အမှုလိုက်ရှေ့နေ ကွန်ထရပ်ယေဗာက ယေဟောဝါသက်သေတွေဟာ လူလူချင်းမုန်းတီးအောင် လှုံ့ဆော်ပေးတယ်လို့ စွဲချက်တင်ပြန်တယ်။ ဒါ့အပြင် ယေဟောဝါသက်သေတွေကို ကာကွယ်ပေးဖို့အတွက် အစိုးရက သူတို့ကိုပိတ်ပင်သင့်တယ်လို့ ပြောခဲ့တယ်။ ဒီအကြောင်းကိုကြားတဲ့အခါ မော်စကိုမှာရှိတဲ့ ယေဟောဝါသက်သေ ၁၀,၀၀၀ က အသနားခံစာမှာ လက်မှတ်ရေးထိုးပြီး အမှုလိုက်ရှေ့နေပြောတဲ့ “ကာကွယ်မှု” မလိုအပ်ဘူးလို့ တရားသူကြီးထံ တင်ပြခဲ့တယ်။ စိတ်ဝင်စားစရာက အဲဒီနေ့ဟာ ယေဟောဝါသက်သေတွေ ဘာသာရေးကြောင့် ဆိုဗီယက်အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုခံရတယ်လို့ လက်ရှိအစိုးရအသိအမှတ်ပြုခဲ့တဲ့ ၁၉၉၁၊ အောက်တိုဘာ ၃၀ ရက်ရဲ့ ဆယ်နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်တယ်။

အမှုလိုက်ရှေ့နေက ယေဟောဝါသက်သေတွေ ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထား တင်ပြစရာမလိုဘူး၊ ဒီအမှုက ယေဟောဝါသက်သေတွေရဲ့လုပ်ဆောင်မှုနဲ့မသက်ဆိုင်ဘဲ သူတို့ရဲ့စာပေ၊ ယုံကြည်ချက်နဲ့သာ သက်ဆိုင်တယ်လို့ ပြောခဲ့တယ်။ ရုရှားသြသဒေါက်ချာ့ခ်ျက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို တရားရုံးသက်သေအဖြစ်ခေါ်မယ်လို့လည်း သူပြောခဲ့တယ်။ ယေဟောဝါသက်သေတွေကို ပိတ်ပင်ချင်တဲ့သူတွေထဲမှာ ရုရှားသြသဒေါက်ချာ့ခ်ျ ခေါင်းဆောင်တွေလည်းပါတယ်ဆိုတာ သူ့အပြောက ဖော်ပြနေတယ်။ ၂၀၀၃၊ မေ ၂၂ ရက်မှာ တရားသူကြီးက ယေဟောဝါသက်သေတွေရဲ့စာပေတွေကို ပြန်ဆန်းစစ်ဖို့ ဘာသာရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့အုပ်စုတစ်စုကို အမိန့်ချမှတ်ပြန်တယ်။

၂၀၀၄၊ ဖေဖော်ဝါရီ ၁၇ ရက်မှာ တရားရုံးက လေ့လာတွေ့ရှိခဲ့တဲ့အချက်တွေကို ကြားနာခဲ့တယ်။ ကျွန်ုပ်တို့ရဲ့စာပေတွေက ပျော်ရွှင်တဲ့မိသားစု၊ သာယာတဲ့အိမ်ထောင်ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ လူတွေကို သင်ပေးကြောင်း လေ့လာမှုကနေ သိရှိခဲ့တယ်။ လူလူချင်းမုန်းတီးအောင် သင်ပေးတဲ့အချက်တွေကို သူတို့မတွေ့ခဲ့ဘူး။ တခြားကျွမ်းကျင်သူတွေလည်း ဒါကိုသဘောတူခဲ့တယ်။ တရားသူကြီးက ဘာသာရေးသမိုင်းအကြောင်းကျွမ်းကျင်တဲ့ ပါမောက္ခကို “ယေဟောဝါသက်သေတွေ ဘာကြောင့်ဟောပြောကြတာလဲ” လို့ မေးခဲ့တယ်။ ပါမောက္ခက ခရစ်ယာန်တွေဟောပြောရမယ်၊ သမ္မာကျမ်းစာမှာ ဟောပြောရမယ်လို့မိန့်မှာထားပြီး ခရစ်တော်ကလည်း မြေတစ်ပြင်လုံးမှာ ဟောပြောရမယ်လို့အမိန့်ပေးခဲ့ကြောင်း ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ ၂၀၀၄၊ မတ် ၂၆ ရက်မှာ တရားသူကြီးက မော်စကိုမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ပိတ်ပင်လိုက်တယ်။ ၂၀၀၄၊ ဇွန် ၁၆ ရက်မှာ မော်စကိုမြို့တော်တရားရုံးက ဒီဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တယ်။ မော်စကိုမှာရှိတဲ့အသင်းတော်တွေက တရားဝင်အဖွဲ့အစည်းမဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဆန့်ကျင်သူတွေက ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုတွေကို ပြဿနာတက်စေလိုပြီး ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်သွားစေလိုတယ်။

ညီအစ်ကိုတွေ ဘာလုပ်ခဲ့ကြသလဲ။ ဆန့်ကျင်သူတွေကြောင့် သူတို့လုပ်ငန်းကို မရပ်တန့်လိုက်ဘဲ သတင်းကောင်း ဆက်ဟောကြတယ်။ (၁ ပေ. ၄:၁၂၊ ၁၆) ယေဟောဝါ သူတို့ကိုကူညီမယ်ဆိုတာ ယုံကြည်ခဲ့ကြပြီး ယေဟောဝါကိုဝတ်ပြုခွင့်ရဖို့ ဆက်လုပ်ဆောင်ခဲ့ကြတယ်။

ရန်လိုမှုတိုးပွားလာ

၂၀၀၄၊ ဩဂုတ် ၂၅ ရက်မှာ ညီအစ်ကိုတွေဟာ အဲဒီအချိန်တုန်းက ရုရှားသမ္မတဖြစ်တဲ့ ဗလာဒီမာ ပူတင်ထံ အသနားခံစာရေးခဲ့ကြတယ်။ ဒီစာထဲမှာ မော်စကိုကတရားရုံးတွေရဲ့ ပိတ်ပင်မှုကြောင့် သူတို့ဘယ်လိုခံစားရတယ်ဆိုတာ ရေးထားတယ်။ ဒီစာမှာ အတွဲ ၇၆ တွဲပါပြီး လူပေါင်း ၃၁၅,၀၀၀ လက်မှတ်ရေးထိုးခဲ့တယ်။ တစ်ချိန်တည်းမှာ ရုရှားသြသဒေါက်စ်ချာ့ခ်ျရဲ့ခေါင်းဆောင်တွေက “ယေဟောဝါသက်သေတွေရဲ့လုပ်ဆောင်မှုတွေကို ဆန့်ကျင်ကန့်ကွက်ပါတယ်” လို့ ကြေညာခဲ့ကြတယ်။

ရုရှားမှာရှိတဲ့တချို့သူတွေက ယေဟောဝါသက်သေတွေကိုစွပ်စွဲထားတဲ့ စွဲချက်တွေကို အမှန်လို့ထင်ပြီး စတင်ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်။ မော်စကိုမြို့မှာဟောပြောနေတဲ့ သက်သေခံတွေကို လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်ခဲ့ကြတယ်။ အဆောက်အအုံတစ်ခုမှာဟောပြောနေတဲ့ ညီအစ်မကို ဒေါသထွက်နေတဲ့လူတစ်ယောက်က မောင်းထုတ်ပြီး နောက်ကျောကိုကန်လိုက်လို့ ညီအစ်မ လဲကျသွားတယ်။ ဦးခေါင်းကိုထိခိုက်သွားလို့ ဆေးရုံတင်လိုက်ရတယ်။ ဒါပေမဲ့ ရဲက အဲဒီလူကို အရေးမယူခဲ့ဘူး။ သူတို့က သက်သေခံတွေကိုဖမ်းဆီး၊ ရာဇဝတ်သားတွေလိုဆက်ဆံ၊ အချုပ်ခန်းထဲမှာ တစ်ညလုံးချုပ်ထားခဲ့တယ်။ အစည်းအဝေးကျင်းပဖို့ငှားရမ်းထားတဲ့ခန်းမတွေရဲ့ တာဝန်ရှိသူတွေက အလုပ်ပြုတ်မှာကြောက်လို့ ခန်းမတွေကို ဆက်မငှားပေးတော့ဘူး။ အသင်းတော်များစွာက အစည်းအဝေးလုပ်ဖို့ နေရာမရှိကြဘူး။ ဥပမာ၊ အသင်းတော် ၄၀ က အဆောက်အဦတစ်ခုတည်းမှာရှိတဲ့ ဝတ်ပြုရာခန်းမလေးခုကို အလှည့်ကျသုံးကြတယ်။ အဲဒီထဲက အသင်းတော်တစ်ခုဆိုရင် လူထုဟောပြောချက်ကို မနက် ခုနစ်နာရီခွဲမှာ လုပ်ရတယ်။ ညီအစ်ကိုတွေက အစည်းအဝေးတက်ဖို့ မနက်ငါးနာရီမှာ အိပ်ရာထရတယ်၊ ဒါပေမဲ့ သူတို့ အဲဒီလို ပျော်ရွှင်စွာနဲ့ တစ်နှစ်ကျော်လုပ်ဆောင်ခဲ့တယ်လို့ နယ်လှည့်ကြီးကြပ်မှူးတစ်ဦး ပြောခဲ့တယ်။

“သက်သေခံခွင့်ရ”

မော်စကိုမှာ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်တဲ့ဆုံးဖြတ်ချက်က တရားဥပဒေနဲ့မညီဘူးဆိုတာ သက်သေခံတွေ သက်သေပြချင်ခဲ့တယ်။ ဒါကြောင့် ၂၀၀၄၊ ဒီဇင်ဘာလမှာ ကျွန်ုပ်တို့ရဲ့ရှေ့နေတွေက လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးကို အကူအညီတောင်းခဲ့တယ်။ (စာမျက်နှာ ၆ ပါ “ရုရှားမှာချတဲ့ စီရင်ချက်ကို ဘာကြောင့် ပြင်သစ်မှာ ပြန်သုံးသပ်ရ” လေးထောင့်ကွက်ကိုကြည့်ပါ။) နောက်ခြောက်နှစ်အကြာဖြစ်တဲ့ ၂၀၁၀၊ ဇွန် ၁၀ ရက်မှာ စွပ်စွဲချက်အားလုံးကို စစ်ဆေးပြီးတဲ့နောက် ယေဟောဝါသက်သေတစ်ယောက်မှ အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပြီး စွဲချက်တွေအားလုံး လုံးဝမှားယွင်းနေတယ်လို့ ပြောခဲ့တယ်။ ရုရှားအစိုးရက ပိတ်ပင်မှုကိုရုပ်သိမ်းပြီး သက်သေခံတွေ ထိခိုက်နစ်နာခဲ့ရာအားလုံးကို နစ်နာကြေးပေးဖို့လည်း အမိန့်ချမှတ်ခဲ့တယ်။ အမိန့်ချမှတ်ပြီးတဲ့နောက် ရုရှားအစိုးရက ဒီအမှုကို ပြန်စစ်ဆေးလိုခဲ့တယ်။ ဒါကြောင့် လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ အထက်တရားရုံးမှာ ဒီအမှုကို ပြန်ကြားနာပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ၂၀၁၀၊ နိုဝင်ဘာ ၂၂ ရက်မှာ အထက်တရားရုံးကတရားသူကြီး ငါးဦးက ဒီအမှုကို ကြားနာဖို့မလိုတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ၂၀၁၀၊ ဇွန်လ ၁၀ ရက်မှာချတဲ့ဆုံးဖြတ်ချက်က အပြီးသတ်ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို နာခံရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။—စာမျက်နှာ ၈ မှာပါတဲ့ “တရားရုံးဆုံးဖြတ်ချက်” လေးထောင့်ကွက်ကိုကြည့်ပါ။

လူ့အခွင့်အရေးဆိုင်ရာ ဥရောပပဋိညာဉ်စာတမ်းက ယေဟောဝါသက်သေတွေရဲ့လုပ်ဆောင်မှုတွေကို ကာကွယ်ပေးတယ်လို့ တရားရုံးကဆုံးဖြတ်ပြီး ဒီဆုံးဖြတ်ချက်က ရုရှားနိုင်ငံသာမက ဥရောပကောင်စီအဖွဲ့ဝင်နိုင်ငံ ၄၆ နိုင်ငံနဲ့လည်းအကျုံးဝင်တယ်။ တရားသူကြီးတွေ၊ ဥပဒေပြုသူတွေ၊ လူ့အခွင့်အရေးအကြောင်းလေ့လာတဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီဆုံးဖြတ်ချက်ကို စိတ်ဝင်စားခဲ့ကြတယ်။ အကြောင်းကတော့ တရားသူကြီးတွေ ဒီဆုံးဖြတ်ချက်ကိုချတဲ့အခါ ယေဟောဝါသက်သေတွေကိုအနိုင်ပေးခဲ့တဲ့ အစောပိုင်းဆုံးဖြတ်ချက်ရှစ်ခုကို သာဓကအဖြစ် အသုံးပြုခဲ့ကြလို့ပဲ။ အာဂျင်တီးနား၊ ကနေဒါ၊ ဂျပန်၊ ရုရှား၊ တောင်အာဖရိက၊ စပိန်၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အထက်တရားရုံးတွေက ယေဟောဝါသက်သေတွေကို အနိုင်ပေးခဲ့တဲ့ တခြားဆုံးဖြတ်ချက်ကိုးခုကိုလည်း ရည်ညွှန်းကိုးကားခဲ့တယ်။ အခု ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ မိမိတို့ရဲ့ဝတ်ပြုရေးကိုကာကွယ်ဖို့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အသုံးပြုနိုင်ပြီ။

ယေရှုက တပည့်တွေကို ဒီလိုပြောခဲ့တယ်– “ငါ့ကြောင့် သင်တို့ကို ဘုရင်ခံများ၊ ရှင်ဘုရင်များရှေ့ ပို့ဆောင်ကြလိမ့်မည်။ သို့ဖြင့် သင်တို့သည် သူတို့နှင့် လူမျိုးခြားတို့တွင် ငါ့အကြောင်း သက်သေခံခွင့်ရကြလိမ့်မည်။” (မ. ၁၀:၁၈) လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး ရုရှားမှာရင်ဆိုင်ခဲ့ရတဲ့အမှုက မော်စကိုနဲ့ တခြားနေရာမှာရှိတဲ့သူတွေကို ယေဟောဝါအကြောင်း တစ်ခါနဲ့မှမတူအောင်ကြားသိစေတဲ့ အခွင့်အရေးရခဲ့တယ်။ ဒီအမှုကိစ္စတွေကြောင့် “သက်သေခံခွင့်ရ” ခဲ့ကြပြီး ‘သတင်းကောင်းကို တိုးပွားစေ’ ခဲ့တယ်။ (ဖိ. ၁:၁၂) ဘယ်အရာကမှ၊ ဘယ်သူကမှ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းကို မတားဆီးနိုင်ဘူး။ ကျွန်ုပ်တို့ချစ်ရတဲ့၊ ရဲစွမ်းသတ္တိရှိတဲ့ ရုရှားကညီအစ်ကိုညီအစ်မတွေကို ယေဟောဝါဆက်ကူညီပေးဖို့ ကျွန်ုပ်တို့ဆုတောင်းပါတယ်။

[စာမျက်နှာ ၆ ပါလေးထောင့်ကွက်]

ရုရှားမှာချတဲ့ စီရင်ချက်ကို ဘာကြောင့် ပြင်သစ်မှာ ပြန်သုံးသပ်ရ

၁၉၉၆၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ ရုရှားက လူ့အခွင့်အရေးဆိုင်ရာ ဥရောပပဋိညာဉ်စာတမ်းမှာ လက်မှတ်ရေးထိုးခဲ့တယ်။ (၁၉၉၈၊ မေ ၅ ရက်မှာ ရုရှားက ပဋိညာဉ်စာချုပ်ကို တရားဝင်သဘောတူလက်ခံခဲ့။) ဒီစာချုပ်မှာ လက်မှတ်ထိုးခြင်းအားဖြင့် ရုရှားအစိုးရက အောက်ပါအချက်တွေကို သဘောတူရာရောက်တယ်-

‘လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်၊ မိမိတို့၏ဘာသာရေးယုံကြည်ချက်နှင့်အညီ အိမ်တွင်ဖြစ်စေ၊ လူထုရှေ့တွင်ဖြစ်စေ ပြောဆိုပြုမူခွင့်ရှိသည်၊ ဘာသာပြောင်းလိုက ပြောင်းခွင့်ရှိသည်။’—အပိုဒ် ၉။

‘မိမိတို့ယုံကြည်ချက်အကြောင်း အခြားသူများ သိရှိစေရန် အနှောင့်အယှက် မဖြစ်စေသောနည်းဖြင့် ပြောဆို၊ ရေးသားခွင့်ရှိသည်။’—အပိုဒ် ၁၀။

‘အေးဆေးငြိမ်သက်စွာ တွေ့ဆုံစည်းဝေးခွင့်ရှိသည်။’—အပိုဒ် ၁၁။

စာချုပ်ပါအချက်အလက်ကိုချိုးဖောက်ခြင်းကြောင့် နစ်နာ ဆုံးရှုံးတဲ့လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းဖြစ်စေ၊ ပြည်တွင်းမှာရှိတဲ့ ဥပဒေပုဒ်မတွေနဲ့ မဖြေရှင်းနိုင်တဲ့အမှုဖြစ်စေ ပြင်သစ်နိုင်ငံ စထရေ့ဇ်ဘာ့ဂ်မြို့ရှိ (အထက်ဖော်ပြပါ) လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးသို့ အမှုတင်သွင်းနိုင်တယ်။ ဒီအဖွဲ့မှာ တရားသူကြီး ၄၇ ဦးပါဝင်ပြီး ဒီအရေအတွက်က လူ့အခွင့်အရေးဆိုင်ရာ ဥရောပပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံအရေအတွက်နဲ့တူတယ်။ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေက အတည်ဖြစ်ပြီး ဒီစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံအားလုံးက ဒီဆုံးဖြတ်ချက်တွေကို လိုက်နာရမှာဖြစ်တယ်။

[စာမျက်နှာ ၈ ပါလေးထောင့်ကွက်]

တရားရုံးဆုံးဖြတ်ချက်

အောက်ပါအချက်တွေက လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက တရားသူကြီးတွေချခဲ့တဲ့ ဆုံးဖြတ်ချက်တချို့ဖြစ်တယ်။

စွပ်စွဲချက်တစ်ခုက ယေဟောဝါသက်သေတွေဟာ မိသားစုတွေကို ဖြိုခွဲသူတွေဖြစ်တယ်။ ဒီစွပ်စွဲချက်မှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။ ဒီလိုဖော်ပြထားတယ်–

“ဘာသာတရားကိုင်းရှိုင်းသည့် ဆွေမျိုးသားချင်းများ မိမိတို့ယုံကြည်ချက်ကို ဖော်ပြခြင်း၊ ကျင့်သုံးခြင်းဆိုင်ရာလွတ်လပ်ခွင့်ကို လက်ခံလေးစားမှုမရှိသော ယုံကြည်ခြင်းမတူသည့် မိသားစုဝင်များ၏ ကန့်ကွက်မှုကြောင့်သာ မိသားစုပြိုကွဲရခြင်းဖြစ်သည်။”—အပိုဒ် ၁၁၁။

လူတွေရဲ့ “စိတ်ကိုထိန်းချုပ်” ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တရားရုံးက ဘာသက်သေအထောက်အထားမှမတွေ့ရလို့ ဒီလိုဖော်ပြထားတယ်-

“အထက်ပါနည်းစနစ်ကိုသုံးကာ လူတစ်ဦး၏လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ဖောက်ဖျက်ပြီး မတရားထိန်းချုပ်ထားခြင်းခံရသူ တစ်ဦးတစ်ယောက်၏အမည်ကိုမျှ [ရုရှား]တရားရုံးများက မဖော်ပြနိုင်သည်ကို အထင်အရှားတွေ့မြင်ရပါသည်။”—အပိုဒ် ၁၂၉။

နောက်စွဲချက်တစ်ခုက ယေဟောဝါသက်သေတွေဟာ သွေးမသွင်းခြင်းအားဖြင့် ယုံကြည်သူချင်းတွေရဲ့ ကျန်းမာရေးကို ထိခိုက်ပျက်စီးစေကြတယ်။ ဥရောပတရားရုံးက တရားသူကြီးတွေက ဒီစွပ်စွဲချက်ကို လက်မခံကြဘူး။ သူတို့ဒီလိုပြောတယ်-

“ဆေးကုသနည်းတစ်ခုကို လက်ခံမည်၊ လက်မခံမည်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်၊ သို့မဟုတ် တခြားကုသနည်းပုံစံတစ်မျိုးမျိုးကို ရွေးနိုင်သည်၊ ဤအချက်က လူတစ်ဦး၏ လွတ်လပ်စွာလုပ်ပိုင်ခွင့်တွင်ပါဝင်သော အရေးပါသည့်အချက်ဖြစ်သည်။ အရွယ်ရောက်ပြီးသူ လူနာတစ်ဦးသည် ခွဲစိတ်ကုသမှု သို့မဟုတ် ကုထုံးတစ်ခုကို ခံယူမည်၊ မခံယူမည်ကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ ယင်းတွင် သွေးသွင်းခြင်းလည်း အကျုံးဝင်သည်။”—အပိုဒ် ၁၃၆။