မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမိုင်းဝင်အစည်းအဝေးတစ်ခု

သမိုင်းဝင်အစည်းအဝေးတစ်ခု

သမိုင်းဝင်အစည်းအဝေးတစ်ခု

“ဒီအစည်းအဝေးပြီးတဲ့နောက်မှာ ‘ဒါတကယ့်သမိုင်းဝင် နှစ်ပတ်လည်အစည်းအဝေးတစ်ခုပဲ’ လို့သင်တို့တွေ ပြောကြပါလိမ့်မယ်။” ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စတီဗင် လက်တ်က ရောက်ရှိနေတဲ့ ပရိသတ်ကြီးရဲ့အာရုံကို အထက်ပါစကားတွေနဲ့ နှိုးဆွလိုက်တယ်။ သူတို့က အောက်တိုဘာ ၂၊ ၂၀၁၀ မှာ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ ဂျာစီစီးတီး၊ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးပွဲခန်းမမှာ ကျင်းပတဲ့ ကင်းမျှော်စင် သမ္မာကျမ်းစာဝေစာအသင်း၊ ပဲင်စီလ်ဘေးနီးယားရဲ့ ၁၂၆ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအတွက် စုရုံးရောက်ရှိနေကြတယ်။ ဒီသမိုင်းဝင်အစည်းအဝေးရဲ့ ပေါ်လွင်ချက်တချို့က ဘာတွေဖြစ်မလဲ။

စတီဗင်လက်တ်က အဖွင့်ဟောပြောချက်မှာ ယေဇကျေလကျမ်းမှာပါတဲ့ ယေဟောဝါရဲ့ကောင်းကင်ရထားအကြောင်း အားတက်သရောဟောပြောခဲ့တယ်။ ကျက်သရေနဲ့ ထည်ဝါထွန်းတောက်နေတဲ့ ဒီရထားကြီးက ယေဟောဝါအပြည့်အဝထိန်းချုပ်ထားတဲ့ ဘုရားသခင့်အဖွဲ့အစည်းကို ပုံဆောင်တယ်။ ဝိညာဉ်သတ္တဝါတွေပါဝင်တဲ့ ဒီအဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်းဟာ ယေဟောဝါရဲ့ အကြံအစည်တော်ရဲ့အမြန်နှုန်းဖြစ်တဲ့ အလင်းရဲ့အမြန်နှုန်းနဲ့ ရွေ့လျားနေတယ်လို့ ညီအစ်ကို စတီဗင်လက်တ်က ပြောခဲ့တယ်။ ယေဟောဝါအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းလည်း အလားတူ ရွေ့လျားနေတယ်။ မကြာသေးမီနှစ်များအတွင်း ဘုရားသခင့်အဖွဲ့အစည်းရဲ့ မျက်မြင်ရအပိုင်းမှာ စိတ်လှုပ်ရှားဖွယ် တိုးတက်အောင်မြင်ခဲ့တာတွေကို ညီအစ်ကို စတီဗင် လက်တ်က ဖော်ပြခဲ့တယ်။

ဥပမာ၊ ဌာနခွဲရုံးတချို့ကို ပေါင်းလိုက်တဲ့အတွက် အဲဒီကဗေသလအိမ်တွေမှာ အမှုဆောင်ခဲ့သူများစွာဟာ ဟောပြောခြင်းလုပ်ငန်းမှာ ပိုအာရုံစိုက်လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ကျွန်ကိုကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဆက်တည်ကြည်ဖို့သာမက သတိပညာရှိဖို့ပါ အားလုံးဆက်ဆုတောင်းပေးကြပါလို့ ညီအစ်ကိုလက်တ်က တိုက်တွန်းခဲ့တယ်။—မ. ၂၄:၄၅-၄၇

အားရှိစရာမှတ်တမ်းများနဲ့ လူတွေ့မေးမြန်းခန်းများ

ဟေတီနိုင်ငံ၊ ဌာနခွဲကော်မတီဝင်တစ်ဦးဖြစ်တဲ့ တက်ဘ် ဟွန်စဘာဂါက ၂၀၁၀၊ ဇန်နဝါရီ ၁၂ ရက်မှာလှုပ်ခဲ့တဲ့ ငလျင်ပြီးနောက် ကြေကွဲဖွယ်အခြေအနေတွေအကြောင်း ပြောပြခဲ့တယ်။ ဒီငလျင်ကြောင့် ခန့်မှန်းခြေလူပေါင်း ၃၀၀,၀၀၀ ခန့် သေဆုံးခဲ့တယ်။ ဘုရားသခင်က လူကောင်းတွေကိုကာကွယ်ခဲ့ပြီး သေဆုံးသွားသူတွေက ယုံကြည်ခြင်းမရှိလို့ ဒဏ်ခတ်ခံရတာလို့ ခရစ်ယာန်ဘုန်းကြီးတွေက လူတွေကိုပြောတယ်ဆိုပြီး သူပြောခဲ့တယ်။ ဒါပေမဲ့ ငလျင်ကြောင့် အကျဉ်းထောင်တစ်ခုရဲ့ နံရံပြိုကျသွားလို့ ထောင်နဲ့ချီတဲ့ ရာဇဝတ်သားတွေ ထွက်ပြေးလွတ်မြောက်သွားကြတယ်။ စိတ်နှလုံးရိုးဖြောင့်တဲ့ ဟေတီနိုင်ငံသားများစွာက ကျွန်ုပ်တို့အချိန်မှာ ဘာကြောင့် ဒီလောက်ဒုက္ခများရသလဲဆိုတဲ့ အမှန်တရားအကြောင်း သင်ယူပြီး နှစ်သိမ့်မှုရခဲ့ကြတယ်။ ညီအစ်ကို ဟွန်စဘာဂါက ငလျင်ကြောင့် ဇနီးဆုံးပါးသွားတဲ့ ဟေတီညီအစ်ကိုတစ်ယောက်အကြောင်း ပြောပြခဲ့တယ်။ ဒီညီအစ်ကို ဒီလိုပြောတယ်– “ဒီနေ့အထိ ကျွန်တော်ငိုနေတုန်းပဲ။ ဘယ်အချိန်အထိ ဆက်ပြီး ဝမ်းနည်းနေဦးမလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ယေဟောဝါအဖွဲ့အစည်းရဲ့မေတ္တာကို ခံစားရလို့ ကျွန်တော်ပျော်တယ်။ ကျွန်တော့်မှာ မျှော်လင့်ချက်ရှိတယ်၊ ဒီမျှော်လင့်ချက်အကြောင်း တခြားသူတွေကိုပြောပြဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ထားတယ်။”

အခု ဘရွတ်ကလင်ဗေသလမိသားစုဝင်ဖြစ်နေတဲ့ မာ့ခ် ဆန်ဒါဆင်က ဖိလစ်ပိုင်နိုင်ငံအကြောင်း ပြောပြခဲ့တယ်။ သူဟာ ယခင်က ဖိလစ်ပိုင်မှာ ဌာနခွဲကော်မတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ဒီနိုင်ငံမှာ ၃၂ ကြိမ်ဆက်တိုက် ကြေညာသူနှုန်းသစ်ရရှိခဲ့တာနဲ့ ကျမ်းစာသင်အံမှုအရေအတွက်က ကြေညာသူအရေအတွက်ထက်များတာကို ဝမ်းမြောက်ဝမ်းသာ ပြောပြခဲ့တယ်။ မြေးဖြစ်သူအသတ်ခံခဲ့ရတဲ့ မီဂဲလ်ဆိုတဲ့ ညီအစ်ကိုတစ်ယောက်အကြောင်း သူပြောပြခဲ့တယ်။ မီဂဲလ်ဟာ လူသတ်တရားခံကို တရားစွဲပြီး ထောင်ချဖို့ ကြိုးစားလုပ်ဆောင်ခဲ့တယ်။ နောက်ပိုင်း မီဂဲလ်က ထောင်မှာသက်သေခံတဲ့အခါ ဒီလူသတ်တရားခံနဲ့ ဆုံတွေ့ခဲ့တယ်။ အကြီးအကျယ်စိတ်လှုပ်ရှားနေပေမဲ့ မီဂဲလ်က အဲဒီလူကို နူးညံ့သိမ်မွေ့စွာ၊ ကြင်နာစွာ စကားပြောခဲ့တယ်။ နောက်ဆုံး မီဂဲလ်က ဒီတရားခံကို ကျမ်းစာသင်ပေးတယ်၊ ဒီလူက ကောင်းကောင်းတုံ့ပြန်ပြီး ယေဟောဝါကိုချစ်လာတယ်။ အခု သူ နှစ်ခြင်းခံပြီးနေပြီ။ မီဂဲလ်နဲ့ သူဟာ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ကြပြီး မီဂဲလ်ဟာ သူ့ရဲ့ညီအစ်ကိုအသစ် ထောင်ကနေ စောစောလွတ်နိုင်ဖို့ ကြိုးစားနေတယ်။ *

အစီအစဉ်ရဲ့ နောက်ကဏ္ဍတစ်ခုက လူတွေ့မေးမြန်းခန်းဖြစ်ပြီး သီအိုကရက်တစ်ကျောင်းဌာနရဲ့ သင်တန်းပို့ချသူတစ်ဦးဖြစ်တဲ့ ညီအစ်ကို မာ့ခ် နျူမာက ကိုင်တွယ်ခဲ့တယ်။ သူက မောင်နှံစုံသုံးတွဲဖြစ်တဲ့ အဲလက်စ်နဲ့ ဆယ်ရာ ရိန်မြူလာ၊ ဒေးဗစ်နဲ့ ခရစ်တာ ရှဖာ၊ ရောဘတ်နဲ့ ကက်ထရာ ဆီရန်ကိုတို့ကို လူတွေ့မေးမြန်းခဲ့တယ်။ ပုံနှိပ်ထုတ်ဝေရေးကော်မတီမှာ ကူညီပေးသူတစ်ဦးဖြစ်တဲ့ အဲလက်စ် ရိန်မြူလာက သူ ၁၅ နှစ်သားတုန်းက ကနေဒါမှာ ရှေ့ဆောင်လုပ်ချိန်၊ များသောအားဖြင့် တစ်ယောက်တည်းအမှုဆောင်ခဲ့ရချိန်မှာ အမှန်တရားကို ဘယ်လိုကိုယ်ပိုင်ဖြစ်စေခဲ့တဲ့အကြောင်း ပြောပြတယ်။ ဗေသလမှာ သူ့အပေါ် ဩဇာအသက်ရောက်ဆုံးပုဂ္ဂိုလ်က ဘယ်သူလဲလို့ မေးခံရတဲ့အခါ ညီအစ်ကို ရိန်မြူလာက တည်ကြည်တဲ့ပုဂ္ဂိုလ်သုံးဦးအကြောင်း ပြောပြခဲ့တယ်၊ သူတို့တစ်ဦးစီက သူရင့်ကျက်တိုးတက်လာအောင် ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ ပြောပြခဲ့တယ်။ သူ့ဇနီး ဆယ်ရာကတော့ ယုံကြည်ခြင်းကြောင့် တရုတ်ပြည်မှာ နှစ်ပေါင်းများစွာ ထောင်ကျခဲ့တဲ့ ညီအစ်မတစ်ဦးနဲ့ ခင်မင်ရင်းနှီးမှုအကြောင်း ပြောပြခဲ့တယ်။ ကိုယ်ပိုင်ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို မှီခိုအားကိုးရမယ်ဆိုတာ သင်ယူခဲ့ရကြောင်း ဆယ်ရာပြောပြခဲ့တယ်။

သွန်သင်ခြင်းကော်မတီမှာ ကူညီပေးနေတဲ့ ဒေးဗစ် ရှဖာက မိခင်ဖြစ်သူရဲ့ ခိုင်ခံ့တဲ့ယုံကြည်ခြင်းအကြောင်း ချီးမွမ်းပြောဆိုခဲ့ပြီး သူဆယ်ကျော်သက်အရွယ်တုန်းက အရန်ရှေ့ဆောင်လုပ်နိုင်ဖို့ အသင်းတော်ကညီအစ်ကိုတွေက သစ်ခုတ်တဲ့အလုပ်လုပ်ပြီး ကူညီပေးတဲ့အကြောင်း ပြောပြခဲ့တယ်။ သူ့ဇနီး ခရစ်တာကတော့ ယေရှုမိန့်မှာခဲ့တဲ့အတိုင်း ‘အနည်းငယ်သောအမှု၌ တည်ကြည်’ ခဲ့ကြတဲ့ သက်ကြီး ဗေသလမိသားစုဝင်တွေရဲ့ ဩဇာလွှမ်းမိုးမှုခံခဲ့ရတာကို မြတ်မြတ်နိုးနိုးပြောပြခဲ့တယ်။—လု. ၁၆:၁၀

စာပေပြုစုရေး ကော်မတီမှာ ကူညီပေးနေတဲ့ ရောဘတ် ဆီရန်ကိုက နှစ်ဖက်အဘိုးအဘွားတွေအကြောင်း ပြောပြခဲ့တယ်။ သူတို့က ပြောင်းရွှေ့လာတဲ့ ဟန်ဂေရီလူမျိုးတွေဖြစ်ပြီး ကောင်းကင်အတန်းအစားခရစ်ယာန်တွေ ဖြစ်တယ်။ ကလေးဘဝတုန်းက ၁၉၅၀ ပြည့်လွန်နှစ်တွေမှာပြုလုပ်တဲ့ စည်းဝေးကြီးတွေကိုတက်ပြီး ယေဟောဝါအဖွဲ့အစည်းဆိုတာ သူ့ရဲ့အသင်းတော်လောက်ပဲ မဟုတ်ဘူးဆိုတာ သိခဲ့ရလို့ စိတ်စွဲမှတ်ခဲ့ရကြောင်း ပြောပြခဲ့တယ်။ အယူဖောက်ပြန်မှုတွေရှိပြီး တခြားပြဿနာတွေဖြစ်နေတဲ့ အသင်းတော်မှာ သူ့ဇနီး ကက်ထရာ ရှေ့ဆောင်အဖြစ်အမှုဆောင်ခဲ့စဉ်က တည်ကြည်မှုရှိဖို့ ဘယ်လိုသင်ယူခဲ့တဲ့အကြောင်း ပြောပြခဲ့တယ်။ သူ ခံနိုင်ရည်တင်ပြခဲ့ပြီး နောက်ဆုံးမှာတော့ စိတ်စွဲမှတ်ရလောက်အောင် တကယ့်ကိုစည်းလုံးညီညွတ်တဲ့ အသင်းတော်တစ်ခုမှာ အထူးရှေ့ဆောင်အဖြစ်အမှုဆောင်ဖို့ တာဝန်ရခဲ့တယ်။

ဆက်လက်ပြီး မန်ဖရိတ် တိုနာ့တ်က အီသီယိုးပီးယားအကြောင်း ပြောပြခဲ့တယ်။ ဒီနိုင်ငံက ကျမ်းစာခေတ်ကတည်းကရှိခဲ့ပြီး အခု အဲဒီမှာ ကြေညာသူ ၉,၀၀၀ ကျော်ရှိတယ်။ အများစုက မြို့တော်အက်ဒစ်အဘာဘာနဲ့ အနီးတစ်ဝိုက်မှာနေကြတယ်။ ဒါကြောင့် ဝေးလံသီခေါင်တဲ့ဒေသတွေမှာ သတင်းကောင်းဟောပြောသူ ပိုလိုအပ်တယ်။ ဒီလိုအပ်ချက်ကြောင့် ဒီနိုင်ငံရဲ့ ဝေးလံသီခေါင်တဲ့ဒေသတွေမှာ ဟောပြောဖို့ တခြားနိုင်ငံတွေမှာနေထိုင်တဲ့ အီသီယိုးပီးယားလူမျိုးတွေကို ဖိတ်ခေါ်ခဲ့တယ်။ များစွာသောသူတွေ ရောက်လာခဲ့ကြလို့ ဒေသခံသက်သေခံတွေ အားရှိခဲ့ကြတယ်၊ စိတ်ဝင်တစား နားထောင်တဲ့သူတွေကို တွေ့ရှိခဲ့ကြတယ်။

အစီအစဉ်ရဲ့ ပေါ်လွင်တဲ့အပိုင်းကတော့ ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ သူတို့ရင်ဆိုင်ခဲ့ရတဲ့ တရားရေးတိုက်ပွဲတွေအကြောင်း အခန်းဆက်ဟောပြောချက် ဖြစ်တယ်။ ရုရှားဌာနခွဲကော်မတီဝင် အော်လီယက်စ် ဘတ်ဒဲလ်က ရုရှားနိုင်ငံ၊ အထူးသဖြင့် မော်စကိုမှာ သက်သေခံတွေ ခံစားခဲ့ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုသမိုင်းကြောင်းကို ပြောပြခဲ့တယ်။ အမေရိကန်ဌာနခွဲ၊ တရားရေးဌာနက ဖိလစ် ဘရန်လီက လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က သက်သေခံတွေအပေါ် စွဲချက်တင်ထားတဲ့ အချက်ကိုးချက်ကိုကြားနာခြင်းနဲ့ပတ်သက်လို့ မကြာသေးခင်လတွေမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်လှုပ်ရှားဖွယ် တိုးတက်မှုတွေအကြောင်း ပြောပြခဲ့တယ်။ စွပ်စွဲချက်ကိုးချက်စလုံးမှာ အပြစ်တစ်စုံတစ်ရာ မတွေ့ရကြောင်း တရားရုံးက တညီတညွတ်တည်းသဘောတူခဲ့ပြီး တချို့စွပ်စွဲချက်တွေက ဘာကြောင့်မှားတယ်ဆိုတာ အသေးစိတ်ရှင်းပြဖို့တောင် တရားရုံးက ကြိုးစားအားထုတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ရုရှားမှာဘယ်လိုရလဒ်တွေရမယ်ဆိုတာ မသိသေးဘူး၊ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က တခြားနိုင်ငံမှာဖြစ်ပျက်တဲ့ အမှုတွေအပေါ်လည်း အကျိုးသက်ရောက်မယ်လို့ မျှော်လင့်ရကြောင်း ညီအစ်ကို ဘရန်လီက ပြောခဲ့တယ်။

ဒီစိတ်လှုပ်ရှားစရာသတင်းကို ဖော်ပြပြီးတဲ့နောက် ညီအစ်ကို လက်တ်က ပြင်သစ်အစိုးရနဲ့ ယေဟောဝါသက်သေတွေအကြား နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အခွန်နဲ့ပတ်သက်တဲ့အမှုကို အီးစီအိတ်ခ်ျအာက ကြားနာမှာဖြစ်ကြောင်း ကြေညာခဲ့တယ်။ ဒီရုံးတော်ဟာ သူ့ဆီရောက်လာတဲ့အမှုတွေထဲက အနည်းငယ်ကိုပဲ လက်ခံတယ်။ အီးစီအိတ်ခ်ျအာက ယေဟောဝါသက်သေတွေနဲ့ပတ်သက်တဲ့အမှု ၃၉ မှုကိုကြားနာခဲ့ပြီး အဲဒီအထဲက ၃၇ မှုကို ကျွန်ုပ်တို့ကို အနိုင်ပေးခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားသခင်ထံ ဆက်ဆုတောင်းကြဖို့ ညီအစ်ကိုလက်တ်က ဘုရားသခင့်လူအားလုံးကို အားပေးတိုက်တွန်းခဲ့တယ်။

နောက်ဆုံးမှတ်တမ်းကို အသင်းတော်အကြီးအကဲများအတွက်သင်တန်းမှာ သင်တန်းပို့ချသူတစ်ဦးဖြစ်တဲ့ ရစ်ချက် မော်လန်က ပြောခဲ့တယ်။ သူက သင်တန်းအကြောင်းနဲ့ သင်တန်းတက်ခဲ့ကြတဲ့ အကြီးအကဲတွေရဲ့ ကျေးဇူးတင်ကြောင်းဖော်ပြချက်တွေကို အားတက်သရောပြောခဲ့တယ်။

တခြား အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ဟောပြောချက်များ

အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂိုင် ပီယက်စ်က ၂၀၁၁ ခုနှစ် နှစ်ချုပ်ကျမ်းချက်ဖြစ်တဲ့ ‘ယေဟောဝါ၏နာမတော်၌ ခိုလှုံပါ’ ကိုအခြေခံပြီး နှလုံးထိမိတဲ့ဟောပြောချက်တစ်ခု ပေးခဲ့တယ်။ (ဇေ. ၃:၁၂) ဒီအချိန်က ယေဟောဝါရဲ့လူမျိုးတွေ နည်းအမျိုးမျိုးနဲ့ ပျော်ရွှင်တဲ့အချိန်ဖြစ်ပေမဲ့ အလေးအနက်ထားရမယ့် အရေးကြီးတဲ့အချိန်လည်းဖြစ်တယ်လို့ သူပြောခဲ့တယ်။ ယေဟောဝါရဲ့နေ့ကြီးက နီးလာပြီ၊ ဒါပေမဲ့ လူတွေက အယူမှားဝတ်ပြုရေး၊ နိုင်ငံရေးအဖွဲ့အစည်း၊ စည်းစိမ်ဥစ္စာ၊ ပတ်ဝန်းကျင်နဲ့လက်တွေ့ဘဝကိုလျစ်လျူရှုပြီး ကိုယ့်ဘာသာသီးခြားနေခြင်းနဲ့ အလားတူအရာတွေမှာ ဆက်ခိုလှုံရာရှာနေကြတယ်။ စစ်မှန်တဲ့ခိုလှုံရာရဖို့အတွက် ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့နာမတော်ကိုသိရှိခြင်း၊ လေးစားခြင်း၊ ဒီနာမတော်ရှိတဲ့ကိုယ်တော်ကို ယုံကြည်စိတ်ချခြင်း၊ အစွမ်းရှိသမျှနဲ့ ကိုယ်တော့်ကိုချစ်ခြင်းဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ နာမတော်ကိုခေါ်ဖို့လိုတယ်။

အုပ်ချုပ်ရေးအဖွဲ့ဝင်နောက်တစ်ဦးဖြစ်တဲ့ ဒေးဗစ် စပလိန်က “ဘုရားသခင့်အနားယူရာထဲ သင်ဝင်နေပြီလား” ဆိုတဲ့ အားတက်စရာ၊ စဉ်းစားဆင်ခြင်မှုကို နှိုးဆွပေးတဲ့အကြောင်းအရာကို ဆွေးနွေးခဲ့တယ်။ ယေဟောဝါနဲ့ ကိုယ်တော့်သားတော်ဟာ ပုံဆောင်အနားယူရာနေ့မှာ မြေကြီးဖန်ဆင်းရာတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက် အောင်မြင်စွာပြည့်စုံစေဖို့ “အလုပ်လုပ်” နေတဲ့အတွက်ကြောင့် ဘုရားသခင်အနားယူတယ်ဆိုတာက မလှုပ်မယှက်ငြိမ်သက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလို့ သူဟောပြောခဲ့တယ်။ (ယော. ၅:၁၇) ဒါဆိုရင် ဘုရားသခင့်အနားယူရာထဲ ကျွန်ုပ်တို့ ဘယ်လိုဝင်နိုင်မလဲ။ အပြစ်တွေ ဆက်မကျူးလွန်တော့ခြင်း၊ ယေရှုခရစ်နဲ့ကိုယ်တော့်ပူဇော်ရာယဇ်ကို လက်မခံဘဲ ကိုယ့်ကိုယ်ကိုယ်ဖြောင့်မတ်ကြောင်းဖော်ပြဖို့ ကြိုးစားအားထုတ်ခြင်းကိုရှောင်ခြင်းက အဖြေရဲ့ အပိုင်းတစ်ပိုင်းသာဖြစ်တယ်။ ကျွန်ုပ်တို့က ယုံကြည်ခြင်းတင်ပြပြီး ဘုရားသခင့်ရည်ရွယ်ချက်တွေကို အမြဲသတိရကာ ဒီရည်ရွယ်ချက်မှာ အတတ်နိုင်ဆုံးပါဝင်လုပ်ဆောင်ဖို့လိုတယ်။ တစ်ခါတလေ ဒီလိုလုပ်ဖို့ အရမ်းခက်ခဲတဲ့အချိန်တွေရှိနိုင်တယ်၊ ဒါပေမဲ့ ယေဟောဝါအဖွဲ့အစည်းကလာတဲ့ သွန်သင်ချက်၊ ညွှန်ကြားချက်တွေကိုလိုက်နာဖို့လိုတယ်။ ဘုရားသခင့်အနားယူရာထဲဝင်နိုင်ဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ကြပါလို့ ညီအစ်ကို စပလိန်က ပရိသတ်ကို တိုက်တွန်းနှိုးဆော်ခဲ့တယ်။

“အနာဂတ်မှာ ဘာတွေဖြစ်လာဦးမလဲ” ဆိုတဲ့ နောက်ဆုံးဟောပြောချက်ကို အုပ်ချုပ်ရေးအဖွဲ့ဝင် အန်တိုနီ မောရစ်က ပေးခဲ့တယ်။ တည်ကြည်သူအားလုံး စိတ်အားထက်သန်စွာ စောင့်မျှော်နေတဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံတော့မှာဖြစ်ကြောင်း ညီအစ်ကို မောရစ်က အရေးတကြီးသဘောထား၊ ဖခင်သဖွယ်နွေးထွေးမှုနဲ့ ပရိသတ်ကို နှိုးဆော်ခဲ့တယ်။ စောင့်မျှော်နေတဲ့အရာတွေထဲမှာ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ကြွေးကြော်ချက်နဲ့ အယူမှားဝတ်ပြုရေးဖျက်ဆီးခံရခြင်း ပါဝင်တယ်။ (၁ သက်. ၅:၂၊ ၃; ဗျာ. ၁၇:၁၅-၁၇) သတင်းမှာပါတဲ့အဖြစ်အပျက်တွေကိုကြည့်ပြီး “ဒါအာမဂေဒုန်ပဲ ဖြစ်ရမယ်” လို့ မပြောကြဖို့ ညီအစ်ကိုမောရစ်က သတိပေးခဲ့တယ်။ ရွှင်လန်းခြင်း၊ စိတ်ရှည်သည်းခံခြင်းနဲ့ မိက္ခာ ၇:၇ မှာဖော်ပြထားတဲ့ စောင့်မျှော်တတ်တဲ့သဘောထားကို သူ ထောက်ခံပြောဆိုခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ တိုက်ပွဲဝင်နေတဲ့စစ်သားတွေ ပူးပူးကပ်ကပ်ရှိနေသလို ကျွန်ုပ်တို့အားလုံးက အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပူးကပ်ကပ်ရှိနေရမှာဖြစ်တယ်။ ‘ယေဟောဝါကို စောင့်မျှော်သောသူအပေါင်းတို့ အားယူ၍ ရဲရင့်သောစိတ်နှလုံးရှိကြလော့’ လို့ သူပြောခဲ့တယ်။—ဆာ. ၃၁:၂၄သမ္မာ။

နိဂုံးချုပ်မှာတော့ စိတ်လှုပ်ရှားဖွယ်၊ သမိုင်းတွင်မယ့် ကြေညာချက်တွေကို ကြေညာခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျက်ဖရီ ဂျက်ဆင်က အင်္ဂလိပ်စာဖတ်နိုင်စွမ်း အကန့်အသတ်ရှိသူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ လေ့လာရန်ကင်းမျှော်စင်စာစောင်ကို အစမ်းထုတ်ဝေဖို့ အစီအစဉ်ရှိကြောင်း ကြေညာခဲ့တယ်။ အဲဒီနောက် စတီဗင် လက်တ်က အမေရိကန်နိုင်ငံမှာရှိတဲ့ ခရိုင်ကြီးကြပ်မှူးတွေနဲ့ ဇနီးတွေကို သိုးထိန်းလည်ပတ်မှုလုပ်ဖို့ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်မှာဖြစ်ကြောင်း ကြေညာခဲ့တယ်။ အဲဒီနောက် အခုချိန်ကစပြီး [ခရစ်ယာန်]ဓမ္မအမှုသင်တန်းကျောင်းကို တစ်ကိုယ်ရေညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း လို့ခေါ်တော့မှာဖြစ်ကြောင်း ကြေညာခဲ့တယ်။ ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်းလို့ခေါ်တဲ့ သင်တန်းအသစ်ကိုလည်း ကြေညာခဲ့တယ်။ ဒီသင်တန်းက မောင်နှံစုံတွေကို ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ပိုအသုံးပြုနိုင်ဖို့ လေ့ကျင့်ပေးမှာဖြစ်တယ်။ နယ်လှည့်ကြီးကြပ်မှူးနဲ့ဇနီး၊ ဌာနခွဲကော်မတီဝင်နဲ့ဇနီးအတွက် သင်တန်းတွေကို ပက်တာစင်မှာ တစ်နှစ်ကိုနှစ်ကြိမ် တိုးချဲ့ကျင်းပမှာဖြစ်ပြီး တက်ပြီးသားသူတွေလည်း ဒုတိယအကြိမ် ပြန်တက်နိုင်အောင် စီစဉ်ထားကြောင်း ကြေညာခဲ့တယ်။

သက်တမ်းကြာ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ ဂျွန် အီး ဘားရ်က နှိမ့်ချပြီး ခံစားချက်ပါတဲ့ ဆုတောင်းချက်နဲ့ အစီအစဉ်ကို နိဂုံးချုပ်ခဲ့တယ်။ * အစီအစဉ်အပြီးမှာတော့ တက်ရောက်သူတိုင်းက ဒါဟာ တကယ့်သမိုင်းဝင်နေ့ပဲလို့ ခံစားခဲ့ကြရတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ၂၀၁၁ ခုနှစ်၊ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ် [အင်္ဂလိပ်]၊ စာမျက်နှာ ၆၂-၆၃ ကိုကြည့်ပါ။

^ အပိုဒ်၊ 20 ညီအစ်ကိုဘားရ်ဟာ ၂၀၁၀ ဒီဇင်ဘာ ၄ ရက်မှာမြေကြီးအသက်တာ ကုန်ဆုံးသွားတယ်။

[စာမျက်နှာ ၁၉ ပါအကျဉ်းဖော်ပြချက်]

လူတွေ့မေးမြန်းခန်းကို တက်ရောက်သူအားလုံး နှစ်သက်ခဲ့ကြ

[စာမျက်နှာ ၂၀ ပါအကျဉ်းဖော်ပြချက်]

အီသီယိုးပီးယားမှာရှိတဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးခဲ့