မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ

သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ

သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ

“လူများတို့သည် မျှော်လင့်၍၊ ယောဟန်သည် မေရှိယမှန်သည်မမှန်သည်ကို နှလုံးထဲမှာ တွေးတောဆင်ခြင်လျက်နေကြ၏။” —လု. ၃:၁၅THE EMPHATIC DIAGLOTT.

၁။ သိုးထိန်းတချို့ ဘယ်စိတ်လှုပ်ရှားစရာသတင်းကို ကြားခဲ့ရသလဲ။

အမှောင်ထုက ကြီးစိုးလာပြီ။ သိုးထိန်းတွေဟာ ကွင်းပြင်မှာ သိုးကျောင်းနေကြတယ်။ ရုတ်တရက်ဆိုသလို ယေဟောဝါရဲ့ကောင်းကင်တမန်တစ်ပါး သူတို့အနားမှာပေါ်လာပြီး သူတို့ဝန်းကျင်မှာ ဘုရားသခင့်တန်ခိုးထွန်းတောက်တဲ့အခါ ဘယ်လောက်တောင် အံ့သြတုန်လှုပ်ခဲ့ကြမလဲ။ နားထောင်ကြည့်ပါ၊ ကောင်းကင်တမန်က ဒီစိတ်လှုပ်ရှားစရာသတင်းကို ကြေညာတယ်– ‘ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ငါသည် သင်တို့အား ပြောကြားရ၏။ အကြောင်းမူကား သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် ယနေ့ ဖွားမြင်ခြင်းကို ခံတော်မူပြီ။’ ဒီကလေးက မေရှိယဖြစ်လာမယ့်သူဖြစ်တယ်။ ဒီဖွားစသူငယ်ကို အနီးအနားမြို့မှာရှိတဲ့ နွားတင်းကုပ်တစ်ခုရဲ့နွားစားခွက်မှာ သိပ်ထားတာကို တွေ့နိုင်တယ်လို့ ကောင်းကင်တမန်က ပြောတယ်။ ရုတ်တရက် “ကောင်းကင်ဗိုလ်ခြေများစွာ” ပေါ်လာပြီး ‘ကောင်းကင်၌ ဘုရားသခင်သည် တန်ခိုးကြီးတော်မူပါစေ၊ မြေကြီးပေါ်၌လည်း ဘုရားသခင်၏မျက်နှာသာရသူတို့တွင် ငြိမ်သက်ခြင်းရှိပါစေ’ ဆိုပြီး ယေဟောဝါကို ချီးမွမ်းကြတယ်။—လု. ၂:၈-၁၄

၂။ မေရှိယရဲ့အဓိပ္ပာယ်က ဘာလဲ၊ မေရှိယအစစ်အမှန်ဖြစ်ကြောင်း လူတွေ ဘယ်လိုနည်းနဲ့ သိနိုင်သလဲ။

မေရှိယ ဒါမှမဟုတ် ခရစ်တော်ဆိုတာ အထူးရည်ရွယ်ချက်တစ်ခုအတွက် ဘုရားသခင်ရွေးချယ်ထားသူ ဆိုတဲ့အဓိပ္ပာယ်ရှိကြောင်း ဂျူးသိုးထိန်းတွေ သိထားကြတယ်။ (ထွ. ၄၀:၁၃-၁၅) ဒါပေမဲ့ ကောင်းကင်တမန်ပြောတဲ့သူငယ်က ယေဟောဝါရွေးချယ်ချီးမြှောက်တဲ့ မေရှိယဖြစ်ကြောင်း သူတို့ဘယ်လိုသိနိုင်ပြီး တခြားသူတွေယုံကြည်အောင် ဘယ်လိုလုပ်နိုင်မလဲ။ ဟေဗြဲကျမ်းစောင်တွေမှာပါတဲ့ ပရောဖက်ပြုချက်တွေကို အသေအချာဆန်းစစ်လေ့လာပြီး အဲဒါတွေကို ဒီသူငယ်ရဲ့လုပ်ရပ်၊ အသက်တာနဲ့ နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ဖြစ်တယ်။

မေရှိယကို လူတွေဘာကြောင့်မျှော်လင့်ခဲ့ကြ

၃၊ ၄။ ဒံယေလ ၉:၂၄၊ ၂၅ မှာပါတဲ့ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံခဲ့သလဲ။

နှစ်အတန်ကြာတဲ့အခါ နှစ်ခြင်းဆရာယောဟန်ပေါ်လာပြီး သူဟောပြောတဲ့အကြောင်းအရာနဲ့ လုပ်ရပ်တွေကြောင့် သူဟာ မေရှိယဟုတ်မဟုတ် လူတချို့ဆင်ခြင်ခဲ့ကြတယ်။ (လုကာ ၃:၁၅ ကိုဖတ်ပါ။) မေရှိယနဲ့ပတ်သက်တဲ့ “သီတင်းခုနစ်ဆယ်” ပရောဖက်ပြုချက်ကို တချို့လူတွေ မှန်မှန်ကန်ကန် နားလည်ခဲ့ကြပုံရတယ်။ ဒီလိုသာဆိုရင် မေရှိယပေါ်ထွန်းမယ့်အချိန်ကို သူတို့ သိခဲ့ကြမှာဖြစ်တယ်။ အကြောင်းကတော့ ပရောဖက်ပြုချက်မှာ ဒီလိုဖော်ပြထားလို့ပဲ– ‘ဂျေရုဆလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ ခရစ်တော်သခင်၏လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ့်နှစ်သီတင်းကြာလိမ့်မည်။’ (ဒံ. ၉:၂၄၊ ၂၅) ဒါက သီတင်းနှစ်တွေဖြစ်တယ်ဆိုပြီး ကျမ်းပညာရှင်အတော်များများ လက်ခံကြတယ်။ ဒါကြောင့် သီတင်းတစ်ပတ်က ခုနစ်နှစ်ဖြစ်တယ်။ သာဓကအနေနဲ့ ကျမ်းတစ်ကျမ်းမှာ “သီတင်းနှစ်ခုနစ်ဆယ်ဟု သတ်မှတ်၏” လို့ ပြန်ဆိုထားတယ်။—Revised Standard Version.

ဒံယေလ ၉:၂၅ မှာ ဖော်ပြထားတဲ့ ၆၉ သီတင်းက ၄၈၃ နှစ်နဲ့ညီမျှပြီး ဘီစီအီး ၄၅၅ မှာစတင်တယ်လို့ ယနေ့ ယေဟောဝါကျေးကျွန်တွေ သိထားကြတယ်။ အဲဒီနှစ်မှာ ပါရှန်းဘုရင် အာတဇေရဇ်က နေဟမိကို ဂျေရုဆလင်မြို့ရိုးပြန်တည်ဆောက်ဖို့ အမိန့်ပေးခဲ့တယ်။ (နေ. ၂:၁-၈) သီတင်းနှစ် ၄၈၃ နှစ်အကုန်ဖြစ်တဲ့ စီအီး၂၉ မှာ နာဇရက်မြို့သားယေရှု နှစ်ခြင်းခံပြီး ဘုရားသခင့်စွမ်းအားတော် သွန်းလောင်းခံရတဲ့အခါ မေရှိယဖြစ်လာတယ်။—မ. ၃:၁၃-၁၇ *

၅။ အခု ဘယ်ပရောဖက်ပြုချက်တွေကို သုံးသပ်ကြမလဲ။

မေရှိယနဲ့ပတ်သက်ပြီး ပြည့်စုံခဲ့တဲ့ ပရောဖက်ပြုချက်များစွာရှိတယ်၊ အဲဒီထဲကတချို့ဖြစ်တဲ့ ယေရှုမွေးဖွားခြင်း၊ အစောပိုင်းအသက်တာ၊ အမှုဆောင်ခြင်းတို့နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို လေ့လာကြည့်ကြစို့။ ဒါတွေက ဘုရားသခင့်ပရောဖက်ပြုချက်စကားတွေကို ပိုယုံကြည်စိတ်ချစေပါလိမ့်မယ်။ ဒါ့အပြင် ယေရှုဟာ ကြာမြင့်စွာကတည်းကစောင့်မျှော်ခဲ့တဲ့ မေရှိယအစစ်အမှန်ဖြစ်ကြောင်း ဒါတွေက အထင်အရှား သက်သေပြပါလိမ့်မယ်။

အစောပိုင်းအသက်တာနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်များ

၆။ ကမ္ဘာဦး ၄၉:၁၀ ဘယ်လိုပြည့်စုံခဲ့သလဲ။

မေရှိယဟာ အစ္စရေးလူမျိုး၊ ယုဒအနွယ်ကနေ မွေးဖွားလာမယ်။ ဘိုးဘေးယာကုပ် မသေဆုံးခင် သားတွေကို ကောင်းချီးပေးတဲ့အခါ ယုဒနဲ့ပတ်သက်ပြီး ဒီလိုကြိုပြောခဲ့တယ်– “ရှိလောမရောက်မီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။” (က. ၄၉:၁၀) ဒီစကားတွေက မေရှိယကိုရည်ညွှန်းတယ်လို့ ဂျူးကျမ်းပညာရှင်များစွာ ယုံကြည်ခဲ့ကြတယ်။ ယုဒဘုရင်ဒါဝိဒ် အုပ်ချုပ်ချိန်ကစပြီး ရာဇလှံတံဖြစ်တဲ့ ဘုရင့်အကြွင်းမဲ့အာဏာက ယုဒအနွယ်မှာ ရှိခဲ့တယ်။ နောက်ဆုံးယုဒဘုရင်က ဇေဒကိဖြစ်တယ်၊ ဒါပေမဲ့ ယာကုပ်ရဲ့ပရောဖက်ပြုချက်က ဇေဒကိပြီးနောက် ပေါ်လာမယ့်ဘုရင်အကြောင်း ပြောနေခြင်းဖြစ်တယ်။ အဲဒီဘုရင်က ထာဝရဘုရင်ဖြစ်တယ်။ သူ့ကိုရှိလောလို့ခေါ်ပြီး အဓိပ္ပာယ်က “ပိုင်သသောသူ” ဖြစ်တယ်။ ဒီဘုရင်ဟာ အစိုးပိုင်သောသူဖြစ်မယ်ဆိုပြီး ဇေဒကိကို ဘုရားသခင် ပြောခဲ့တယ်။ (ယေဇ. ၂၁:၂၆၊ ၂၇) ဇေဒကိမင်းနောက်ပိုင်း ဒါဝိဒ်မျိုးရိုးကနေဆင်းသက်လာတဲ့ ကတိထားရာဘုရင်က ယေရှုပဲဖြစ်တယ်။ ယေရှုမမွေးဖွားမီမှာ ကောင်းကင်တမန်ဂါဗြေလက မာရိကို ဒီလိုပြောခဲ့တယ်– ‘သူ့အဖ ဒါဝိဒ်၏အရိုက်အရာကို ယေဟောဝါဘုရားသခင်သည် သူ့အားပေးတော်မူမည်။ သူသည် ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း အဆုံးမရှိရ။’ (လု. ၁:၃၂၊ ၃၃) ယေရှုခရစ်က ယုဒနဲ့ ဒါဝိဒ်ကနေ ဆင်းသက်လာတဲ့အတွက် ရှိလောဖြစ်တာသေချာတယ်။—မ. ၁:၁-၃၊ ၆; လု. ၃:၂၃၊ ၃၁-၃၄

၇။ မေရှိယ ဘယ်မှာမွေးဖွားခဲ့သလဲ၊ ဒါက ဘာကြောင့်ထူးခြားသလဲ။

မေရှိယဟာ ဘက်သလီဟင်မြို့မှာ မွေးဖွားမယ်။ ပရောဖက်မိက္ခာ ဒီလိုရေးခဲ့တယ်– ‘အိုဘက်သလီဟင်ဧဖရတ်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည်မြို့ငယ်ဖြစ်သော်လည်း အစ္စရေးလူမျိုးကိုအုပ်စိုးရသောသခင်သည် ငါ့အဖို့ သင်၏အထဲမှာပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏။’ (မိ. ၅:၂) မေရှိယဟာ ယုဒပြည်မှာ တစ်ချိန်က ဧဖရက်လို့အမည်တွင်ခဲ့တဲ့ ဘက်သလီဟင်မြို့မှာ မွေးဖွားရမှာဖြစ်တယ်။ ယေရှုရဲ့မိခင်မာရိနဲ့ မွေးစားဖခင်ယောသပ်က နာဇရက်မြို့မှာနေထိုင်ကြပေမဲ့ မှတ်ပုံတင်စာရင်းသွင်းဖို့ ရောမအမိန့်ထုတ်တဲ့အတွက် သူတို့ ဘက်သလီဟင်မြို့ကို ရောက်နေကြပြီး ဘီစီအီး ၂ ခုနှစ်မှာ ယေရှုကို မွေးဖွားခဲ့တယ်။ (မ. ၂:၁၊ ၅၊ ၆) ပရောဖက်ပြုချက်က တကယ့်ကို ထူးခြားစွာပြည့်စုံခဲ့တယ်။

၈၊ ၉။ မေရှိယမွေးဖွားခြင်းနဲ့ မွေးဖွားပြီးနောက်ပိုင်းဖြစ်ပျက်မယ့် အဖြစ်အပျက်တွေအကြောင်း ဘယ်လိုကြိုဟောထားသလဲ။

မေရှိယဟာ အပျိုကညာတစ်ဦးကနေ မွေးဖွားလာမယ်။ (ဟေရှာယ ၇:၁၄ ကိုဖတ်ပါ။) ဟေရှာယ ၇:၁၄ မှာ “သတို့သမီးကညာ” က သားယောက်ျားကို ဖွားမြင်မယ်လို့ ပရောဖက်ပြုထားတယ်။ ဟေရှာယ ၇:၁၄ က ယေရှုမွေးဖွားခြင်းနဲ့ဆက်စပ်ပြီးပြည့်စုံကြောင်း ဖော်ပြတဲ့အခါ စွမ်းအားတော်တိုက်တွန်းမှုနဲ့ မဿဲက ဂရိစကားလုံး “အပျိုကညာ” (ပါသီနော့စ်) ကို သုံးခဲ့တယ်။ ခရစ်ဝင်ကျမ်းရေးသူ မဿဲနဲ့လုကာက မာရိဟာ အပျိုကညာဖြစ်ပြီး ဘုရားသခင့်စွမ်းအားတော်ကြောင့် ကိုယ်ဝန်ရှိလာတယ်ဆိုပြီး ဖော်ပြခဲ့တယ်။—မ. ၁:၁၈-၂၅; လု. ၁:၂၆-၃၅

မေရှိယမွေးဖွားပြီးနောက် ကလေးငယ်တွေ အသတ်ခံရမယ်။ အီဂျစ်အုပ်စိုးရှင်ဖာရောက ဟေဗြဲသားယောက်ျားတွေကို နိုင်းလ်မြစ်ထဲပစ်ချဖို့ အမိန့်ထုတ်ခဲ့တယ်။ (ထွ. ၁:၂၂) အလားတူအဖြစ်အပျက်မျိုး ထပ်ဖြစ်မယ်ဆိုပြီး ယေရမိ ၃၁:၁၅၊ ၁၆ မှာ ဖော်ပြထားတယ်။ အဲဒီပရောဖက်ပြုချက်မှာ ရာခေလက သူ့ရဲ့သားတွေ “ရန်သူပြည်” ကို ခေါ်ဆောင်သွားခံရတဲ့အတွက် ငိုကြွေးတယ်။ သူ့ရဲ့ငိုကြွေးသံကို ဂျေရုဆလင်မြို့မြောက်ဘက်၊ အတော်ဝေးတဲ့နေရာဖြစ်တဲ့ ဗင်ယာမိန်ခရိုင် ရာမမြို့ကနေတောင် ကြားရတယ်လို့ ပရောဖက်ပြုထားတယ်။ ဘက်သလီဟင်မြို့မှာရှိတဲ့ သားယောက်ျားလေးတွေကို သတ်ဖို့ ဘုရင်ဟေရုဒ် အမိန့်ထုတ်တဲ့အချိန်မှာ ဒီပရောဖက်ပြုချက်ပြည့်စုံခဲ့တယ်လို့ မဿဲဖော်ပြတယ်။ (မဿဲ ၂:၁၆-၁၈ ကိုဖတ်ပါ။) အဲဒီဒေသမှာရှိတဲ့လူတွေရဲ့ ဝမ်းနည်းကြေကွဲမှုကို မြင်ယောင်ကြည့်ပါ။

၁၀။ ဟောရှေ ၁၁:၁ က ယေရှုမှာ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၀ မေရှိယဟာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခံရမယ်။ (ဟော. ၁၁:၁) ဟေရုဒ် သတ်မိန့်မထုတ်ခင် ကောင်းကင်တမန်က ယောသပ်၊ မာရိနဲ့ ယေရှုကို အီဂျစ်ပြည်ကိုသွားဖို့ ညွှန်ကြားခဲ့တယ်။ သူတို့က ‘ဟေရုဒ်မင်း ကွယ်လွန်ချိန်အထိ ထိုအရပ်တွင် နေ’ ခဲ့တယ်။ ဟေရုဒ်ကွယ်လွန်ပြီးတဲ့နောက်မှာ ယောသပ်က ယေရှုကို အစ္စရေးပြည်ကို ပြန်ခေါ်လာတယ်။ ဒီအချက်က ‘“ငါ့သားကို အီဂျစ်ပြည်မှ ခေါ်ခဲ့မည်” ဟု ပရောဖက်မှတစ်ဆင့် မိန့်ဆိုသော ယေဟောဝါ၏စကားပြည့်စုံ’ ဖို့ဖြစ်တယ်။ (မ. ၂:၁၃-၁၅) ယေရှုကိုယ်တိုင် မိမိမွေးဖွားခြင်းနဲ့ အစောပိုင်းအသက်တာနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေပြည့်စုံအောင် တမင်ဖန်တီးယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။

မေရှိယ ဘုရားသခင့်အမှုတော် စတင်ဆောင်ရွက်

၁၁။ မေရှိယအတွက်လမ်းခရီးကို ဘယ်သူပြင်ဆင်ပေးခဲ့သလဲ။

၁၁ မေရှိယအတွက် လမ်းပြင်ဆင်ပေးမယ့် တမန်တစ်ဦးရှိမယ်။ မေရှိယမကြွလာခင်မှာ လမ်းပြင်ဆင်ပေးဖို့ တစ်စုံတစ်ဦး ရောက်လာမယ်လို့ မာလခိကပြောခဲ့တယ်။ မေရှိယကြွလာတဲ့အခါ လက်ခံဖို့အသင့်ဖြစ်အောင် သူက လူတွေကို ကူညီပေးမှာဖြစ်တယ်။ မာလခိက သူ့ကို “ပရောဖက် ဧလိယ” လို့ခေါ်ခဲ့တယ်။ (မာလခိ ၄:၅၊ ၆ ကိုဖတ်ပါ။) အဲဒီဧလိယက နှစ်ခြင်းဆရာယောဟန်ဖြစ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၁၁:၁၂-၁၄) ဒါ့အပြင် ယောဟန်က လမ်းခရီးကိုပြင်ဆင်ပေးတယ်လို့ မာကုပြောခဲ့တယ်။ ဒါက ဟေရှာယပရောဖက်ပြုချက်စကား အတိအကျပြည့်စုံခြင်းဖြစ်တယ်။ (ဟေရှာ. ၄၀:၃; မာ. ၁:၁-၄) ယေရှုက ယောဟန်ကို မိမိအတွက် လမ်းပြင်ဆင်ပေးဖို့ မပြောခဲ့ဘူး။ မေရှိယက ဘယ်သူလဲဆိုတာ လူတွေကို ဘုရားသခင် သိစေချင်တယ်။ ဒါကြောင့် ဘုရားသခင်က ယောဟန်ကိုရွေးချယ်ပြီး ဧလိယလိုအလုပ်မျိုး လုပ်စေခဲ့ပြီး မေရှိယကိုကြိုဆိုဖို့ လူတွေကို အသင့်ပြင်ဆင်ပေးခဲ့တယ်။

၁၂။ ဘုရားသခင်က မေရှိယကို ဘယ်အထူးတာဝန် ပေးအပ်ခဲ့သလဲ။

၁၂ ဘုရားသခင်က မေရှိယကို အထူးတာဝန်တစ်ခု ပေးအပ်မယ်။ တစ်နေ့မှာ ယေရှုက မိမိကြီးပြင်းရာ နာဇရက်မြို့က ဝတ်ပြုရာအဆောင်မှာ ရှိနေတယ်။ ကိုယ်တော်က ဟေရှာယကျမ်းလိပ်ကိုဖွင့်ပြီး ဒီအချက်ကို ဖတ်တယ်– ‘ယေဟောဝါ၏စွမ်းအားတော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသောသူတို့အား သတင်းကောင်းကို ပြောကြားရန် ငါ့ကိုခန့်အပ်တော်မူ၏။ ငါ့ကို စေလွှတ်တော်မူရခြင်းမှာ သုံ့ပန်းများ လွတ်မြောက်ခွင့်နှင့် မျက်မမြင်များ ပြန်မြင်ခွင့်အကြောင်းကို ဟောပြောရန်၊ နှိပ်စက်ခံရသူတို့အား လွတ်မြောက်စေရန်၊ ယေဟောဝါဘုရား၏ နှစ်သက်လက်ခံဖွယ်နှစ်ကာလအကြောင်းကို ဟောပြောရန် ဖြစ်၏။’ ယေရှုက မေရှိယအမှန်ဖြစ်တဲ့အတွက် “ယခု သင်တို့ကြားရသောကျမ်းချက်သည် ယနေ့ ပြည့်စုံလေပြီ” လို့ ပြောနိုင်ခဲ့တယ်။—လု. ၄:၁၆-၂၁

၁၃။ ယေရှု ဂါလိလဲမှာ ဘုရားသခင့်အမှုတော် ဆောင်ရွက်ခြင်းနဲ့ပတ်သက်ပြီး ဟေရှာယ ဘယ်လိုကြိုဟောခဲ့သလဲ။

၁၃ မေရှိယက ဂါလိလဲမှာ ဘုရားသခင့်အမှုတော် ဆောင်ရွက်မယ်ဆိုတာကို ကြိုဟောထားတယ်။ “ဇာဗုလုန်ခရိုင်၊” “နဿလိခရိုင်၊” “တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်” နဲ့ပတ်သက်ပြီး ဟေရှာယ ဒီလိုပရောဖက်ပြုခဲ့တယ်– “မှောင်မိုက်ထဲမှာသွားလာသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။” (ဟေရှာ. ၉:၁၊ ၂) ယေရှုက ဘုရားသခင့်အမှုဆောင်ခြင်းကို ဂါလိလဲပြည်၊ ကပေရနောင်မြို့ကနေ စတင်ခဲ့တယ်။ ဇာဗုလုန်နဲ့ နဿလိခရိုင်မှာနေတဲ့ လူများစွာကိုလည်း ကိုယ်တော်သွန်သင်ခဲ့တဲ့အတွက် သူတို့က ကိုယ်တော်ဖော်ပြတဲ့အမှန်တရားအလင်းကနေ အကျိုးခံစားကြရတယ်။ (မ. ၄:၁၂-၁၆) ဂါလိလဲပြည်မှာ တောင်ပေါ်တရားတော်ကို ဟောခဲ့တယ်၊ တမန်တော်တွေကို ရွေးချယ်ခဲ့တယ်၊ ပထမဦးဆုံး အံ့ဖွယ်အမှုကို ပြုလုပ်ခဲ့တယ်။ ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော် ၅၀၀ ရှေ့ ကိုယ်ယောင်ထင်ရှားပြခဲ့တာလည်း ဂါလိလဲမှာပဲဖြစ်ပုံရတယ်။ (မ. ၅:၁-၇:၂၇; ၂၈:၁၆-၂၀; မာ. ၃:၁၃၊ ၁၄; ယော. ၂:၈-၁၁; ၁ ကော. ၁၅:၆) “ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်” မှာ ဟောပြောခြင်းအားဖြင့် ဟေရှာယပရောဖက်ပြုချက်ကို ကိုယ်တော်ပြည့်စုံစေခဲ့တယ်။ ကျန်တဲ့အစ္စရေးတစ်နယ်လုံးမှာလည်း ဘုရားသခင့်နိုင်ငံတော်သတင်းကို ယေရှုဟောပြောခဲ့တယ်။

မေရှိယနဲ့ပတ်သက်တဲ့ တခြားပရောဖက်ပြုချက်များ

၁၄။ ဆာလံ ၇၈:၂ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၄ မေရှိယက ပုံဥပမာတွေသုံးပြီး သွန်သင်မယ်။ ဆာလံဆရာအာသပ်က ‘ပုံစကားကို ငါမြွက်ဆိုမည်’ ဆိုပြီး သီဆိုခဲ့တယ်။ (ဆာ. ၇၈:၂) ဒီပရောဖက်ပြုချက်က ယေရှုနဲ့သက်ဆိုင်ကြောင်း မဿဲ ဖော်ပြခဲ့တယ်။ ယေရှုက မုန်ညင်းစေ့၊ တဆေးပုံဥပမာကိုသုံးပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း သွန်သင်ပေးပြီးတဲ့နောက် မဿဲ ဒီလိုပြောခဲ့တယ်– “ယေရှုသည် ထိုအကြောင်းအရာအားလုံးကို ပုံဥပမာများဖြင့် ဟောပြောတော်မူ၏။ ပုံဥပမာကင်း၍ ဟောတော်မမူ။ ထိုအမှုအရာကား ‘ငါသည် ပုံဥပမာများဖြင့် မြွက်ဆိုမည်။ မြေကြီးအုတ်မြစ်တည်ချိန်မှစ၍ ထိမ်ဝှက်ထားသောအရာများကို ဖော်ပြမည်’ ဟူ၍ ပရောဖက်အားဖြင့် ဆင့်ဆိုသောစကား ပြည့်စုံမည်အကြောင်းတည်း။” (မ. ၁၃:၃၁-၃၅) ပုံဥပမာတွေသုံးခြင်းက ယေရှုရဲ့ထိရောက်တဲ့သွန်သင်နည်းတွေထဲက တစ်ခုဖြစ်တယ်။

၁၅။ ဟေရှာယ ၅၃:၄ ပါ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၅ မေရှိယက လူသားတွေကို ကုသပေးမယ်။ ဟေရှာယက “ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏” လို့ ကြိုဟောခဲ့တယ်။ (ဟေရှာ. ၅၃:၄) ပေတရုရဲ့ယောက္ခမနဲ့ တခြားသူတွေကို ယေရှု ကုသပေးတဲ့အကြောင်း မဿဲဖော်ပြခဲ့တယ်၊ အဲဒီနောက် “ထိုအမှုအရာကား ‘သူသည် ငါတို့၏အနာရောဂါများကို ယူဆောင်လေသည်’ ဟူသော ပရောဖက်ဟေရှာယဟောဖူးသောစကား ပြည့်စုံမည်အကြောင်းတည်း” လို့ ဆက်ပြောခဲ့တယ်။ (မ. ၈:၁၄-၁၇) ဒါပေမဲ့ ဒါက ဖျားနာသူတွေကို ယေရှုကုသပေးကြောင်းဖော်ပြတဲ့ မှတ်တမ်းတွေထဲက တစ်ခုဖြစ်တယ်။

၁၆။ ယေရှုက ဟေရှာယ ၅၃:၁ ကို ပြည့်စုံစေခဲ့ကြောင်း တမန်တော်ယောဟန် ဘယ်လိုဖော်ပြခဲ့သလဲ။

၁၆ မေရှိယက ကောင်းမှုများစွာလုပ်ပေမဲ့ လူများစွာက ကိုယ်တော့်ကို မယုံကြည်ကြဘူး။ (ဟေရှာယ ၅၃:၁ ကိုဖတ်ပါ။) ဒီပရောဖက်ပြုချက်ပြည့်စုံမှုနဲ့ပတ်သက်ပြီး တမန်တော်ယောဟန် ဒီလိုရေးခဲ့တယ်– ‘သူတို့ရှေ့မှောက်တွင် နိမိတ်လက္ခဏာများစွာ ပြတော်မူသော်လည်း သူတို့သည် ကိုယ်တော်ကို မယုံကြည်ကြ။ သို့ဖြင့် “ယေဟောဝါ၊ ကျွန်ုပ်တို့ပြောကြားသောသတင်းကို မည်သူယုံပါသနည်း။ ယေဟောဝါ၏ လက်ရုံးတော်ကို မည်သူအား ထင်ရှားပြပြီနည်း” ဟူသော ပရောဖက်ဟေရှာယ ဟောဖူးသည့်စကားသည် ပြည့်စုံလေ၏။’ (ယော. ၁၂:၃၇၊ ၃၈) နှစ်အတန်ကြာပြီးနောက် တမန်တော်ပေါလု သတင်းကောင်းဟောချိန်မှာတောင် ယေရှုဟာ မေရှိယဖြစ်တယ်ဆိုတာကို လူအနည်းငယ်ကပဲ ယုံကြည်ကြတယ်။—ရော. ၁၀:၁၆၊ ၁၇

၁၇။ ဆာလံ ၆၉:၄ ရဲ့ ပြည့်စုံချက်ကို ယောဟန် ဘယ်လိုဖော်ပြခဲ့သလဲ။

၁၇ မေရှိယဟာ အကြောင်းမဲ့အမုန်းခံရမယ်။ (ဆာ. ၆၉:၄) တမန်တော်ယောဟန်က ယေရှုရဲ့စကားကို ဒီလိုဖော်ပြတယ်– “ငါသည် မည်သူမျှ မပြုဖူးသောအမှုများကို ထိုသူတို့ရှေ့တွင်မပြုလျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမူကား သူတို့သည် ထိုအမှုများကို မြင်လျက်ပင် ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြပြီ။ ‘သူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ ဟူသော သူတို့၏ပညတ်ကျမ်း၌ ရေးထားသောစကား ပြည့်စုံမည်အကြောင်းတည်း။” (ယော. ၁၅:၂၄၊ ၂၅) ဒီမှာဖော်ပြထားတဲ့ “ပညတ်ကျမ်း” ဆိုတဲ့ အသုံးအနှုန်းက အဲဒီအချိန်တုန်းကရနိုင်တဲ့ ကျမ်းစောင်အားလုံးကို ဆိုလိုတယ်။ (ယော. ၁၀:၃၄; ၁၂:၃၄) ယေရှုဟာ အမုန်းခံခဲ့ရတယ်၊ အထူးသဖြင့် ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ မုန်းတီးမှုကိုခံခဲ့ရတယ်ဆိုတာ ခရစ်ဝင်ကျမ်းမှတ်တမ်းတွေက ဖော်ပြတယ်။ ဒါ့အပြင် ခရစ်တော်ဒီလိုပြောခဲ့တယ်– “လောကသည် သင်တို့ကိုမုန်းရန် အကြောင်းမရှိ။ ငါ့ကိုမူကား မုန်းကြ၏။ အကြောင်းမူကား ငါသည် လောက၏အကျင့် ဆိုးညစ်ကြောင်းကို သက်သေခံ၏။”—ယော. ၇:၇

၁၈။ နောက်ဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

၁၈ ယေရှုရဲ့ ပထမရာစုနောက်လိုက်တွေက ကိုယ်တော်ဟာ မေရှိယဖြစ်တယ်ဆိုတာ အခိုင်အမာယုံကြည်ခဲ့ကြတယ်။ အကြောင်းကတော့ ဟေဗြဲကျမ်းစောင်တွေမှာပါတဲ့ မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေက ကိုယ်တော့်မှာပြည့်စုံခဲ့လို့ပဲ။ (မ. ၁၆:၁၆) ယေရှုရဲ့အစောပိုင်းအသက်တာ၊ အမှုဆောင်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံခဲ့တယ်ဆိုတာ ဒီဆောင်းပါးကနေ ကျွန်ုပ်တို့သိခဲ့ရတယ်။ မေရှိယနဲ့ပတ်သက်တဲ့ နောက်ထပ်ပရောဖက်ပြုချက်တွေကို နောက်ဆောင်းပါးမှာ သုံးသပ်မှာဖြစ်တယ်။ ဒီပရောဖက်ပြုချက်တွေကို ကျွန်ုပ်တို့ အလေးအနက်တွေးတောဆင်ခြင်မယ်ဆိုရင် ယေရှုခရစ်ဟာ ယေဟောဝါရွေးချယ်ချီးမြှောက်တဲ့ မေရှိယအမှန်ဖြစ်တယ်ဆိုတာ လုံးလုံးယုံကြည်စိတ်ချနိုင်မှာ ဖြစ်တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 “သီတင်းခုနစ်ဆယ်” နဲ့ပတ်သက်တဲ့ အသေးစိတ်ရှင်းပြချက်ကို သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်းစာအုပ်၊ နောက်ဆက်တွဲ စာမျက်နှာ ၁၉၇-၁၉၉ ကိုကြည့်ပါ။

သင် ဘယ်လိုဖြေဆိုမလဲ

• ယေရှုဖွားမြင်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တချို့က ဘာလဲ။

• မေရှိယအတွက်လမ်းခရီးကို ဘယ်သူပြင်ဆင်ပေးခဲ့သလဲ။

ဟေရှာယ အခန်းကြီး ၅၃ ပါပရောဖက်ပြုချက်တွေ ဘယ်လိုပြည့်စုံလာခဲ့သလဲ။

[လေ့လာရန်မေးခွန်းများ]