မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ မေရှိယကို တွေ့ခဲ့ကြ

သူတို့ မေရှိယကို တွေ့ခဲ့ကြ

သူတို့ မေရှိယကို တွေ့ခဲ့ကြ

“ငါတို့သည် မေရှိယကို တွေ့ကြပြီ။”—ယော. ၁:၄၁

၁။ “ငါတို့သည် မေရှိယကိုတွေ့ကြပြီ” လို့ အန္ဒြေ ဘာကြောင့်ပြောတာလဲ။

နှစ်ခြင်းဆရာယောဟန်က တပည့်နှစ်ယောက်နဲ့အတူ ရပ်နေတယ်။ ယေရှု ကြွလာတာကိုမြင်တဲ့အခါ ယောဟန်က “ဘုရားသခင်၏ သိုးသငယ်ကို ကြည့်ကြလော့” ဆိုပြီး ပြောတယ်။ တပည့်နှစ်ဦးဖြစ်တဲ့ အန္ဒြေနဲ့ယောဟန်က ယေရှုနောက်ချက်ချင်းလိုက်သွားပြီး ကိုယ်တော်နဲ့အတူ တစ်နေ့လုံးနေကြတယ်။ နောက်ပိုင်း အန္ဒြေက အစ်ကိုဖြစ်သူ ရှိမုန်ပေတရုကို ရှာတွေ့တဲ့အခါ “ငါတို့သည် မေရှိယကိုတွေ့ကြပြီ” လို့ စိတ်လှုပ်ရှားစွာ ပြောပြခဲ့တယ်။ အဲဒီနောက် ယေရှုကိုတွေ့ဖို့ ပေတရုကို ခေါ်လာခဲ့တယ်။—ယော. ၁:၃၅-၄၁

၂။ မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို လေ့လာခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုအထောက်အကူပြုမလဲ။

အချိန်ကုန်လွန်လာတာနဲ့အမျှ အန္ဒြေ၊ ပေတရုနဲ့ တခြားသူတွေက ကျမ်းစာကိုအသေအချာလေ့လာပြီး နာဇရက်မြို့သားယေရှုဟာ ကတိထားရာမေရှိယဖြစ်ကြောင်း စိတ်ချလက်ချပြောနိုင်ကြမှာဖြစ်တယ်။ မေရှိယကို ခွဲခြားသိရှိစေတဲ့ နောက်ထပ်ပရောဖက်ပြုချက်တချို့ကို အခု ဆက်လေ့လာကြမယ်။ ဒါက သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရွေးချယ်တဲ့မေရှိယကို ပိုယုံကြည်စိတ်ချစေဖို့ ကူညီပေးပါလိမ့်မယ်။

‘သင်၏အရှင်မင်းကြီး ကြွလာတော်မူသည်’

၃။ ယေရှု ဂျေရုဆလင်မြို့ထဲကို အောင်ပွဲခံဘုရင်အနေနဲ့ဝင်ခြင်းက ဘယ်ပရောဖက်ပြုချက်တွေ ပြည့်စုံခြင်းဖြစ်သလဲ။

မေရှိယက ဂျေရုဆလင်မြို့ထဲကို အောင်ပွဲခံဘုရင်အနေနဲ့ ကြွလာမယ်။ ဇာခရိပရောဖက်ပြုချက်မှာ ဒီလိုဖော်ပြထားတယ်– ‘အိုသတို့သမီးဇိအုန် အလွန်ဝမ်းမြောက်လော့။ အိုသတို့သမီးဂျေရုဆလင် ကြွေးကြော်လော့။ ကြည့်လော့၊ အောင်မြင်၍ အောင်ပွဲခံသောသင်၏အရှင်ဘုရင်မင်းသည် နှိမ့်ချသောစိတ်နှင့် မြည်းမ၏သားငယ်မြည်းကိုစီး၍ သင်ရှိရာသို့ကြွလာတော်မူပြီ။’ (ဇာ. ၉:၉သမ္မာ) ဆာလံဆရာက “ယေဟောဝါ၏ နာမတော်ဖြင့် ကြွလာသောသူသည် ကောင်းချီးခံစားရပါစေ” လို့ရေးခဲ့တယ်။ (ဆာ. ၁၁၈:၂၆ကဘ) ယေရှု ဂျေရုဆလင်မြို့ထဲဝင်တဲ့အခါ လူအုပ်ကြီးက ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်ခဲ့ကြတယ်။ ဒီလိုလုပ်ဖို့ ယေရှု သူတို့ကို မပြောခဲ့ဘူး။ ဒါက ပရောဖက်ပြုချက် အတိအကျပြည့်စုံခဲ့ခြင်းသာဖြစ်တယ်။ ဒီကျမ်းချက်ကိုဖတ်တဲ့အခါ အဖြစ်အပျက်ကိုမြင်ယောင်ကြည့်ပြီး သူတို့ရဲ့ ဝမ်းမြောက်ဝမ်းသာကြွေးကြော်သံတွေကို ကြားယောင်ကြည့်ပါ။—မဿဲ ၂၁:၄-၉ ကိုဖတ်ပါ။

၄။ ဆာလံ ၁၁၈:၂၂၊ ၂၃ ပါစကားတွေ ဘယ်လိုပြည့်စုံခဲ့သလဲ။

လူများစွာက ယေရှုကို မေရှိယဖြစ်ကြောင်း လက်မခံကြပေမဲ့ ကိုယ်တော်က ဘုရားသခင်အတွက် အဖိုးထိုက်သူဖြစ်တယ်။ ကြိုဟောထားတဲ့အတိုင်း အထောက်အထားကို မယုံကြည်တဲ့သူတွေက ယေရှုကို ‘မထီမဲ့မြင်ပြု၊ မရိုသေကြ’ ဘူး။ (ဟေရှာ. ၅၃:၃; မာ. ၉:၁၂) ဒါပေမဲ့ သမ္မာကျမ်းစာက ဒီလိုပြောခဲ့တယ်– ‘တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ယေဟောဝါပြုတော်မူသောအမှုဖြစ်၏။’ (ဆာ. ၁၁၈:၂၂၊ ၂၃) ဂျူးဘာသာရေးခေါင်းဆောင်တွေနဲ့ ယေရှုစကားပြောနေစဉ်မှာ ဒီပရောဖက်ပြုချက်ကို ကိုယ်တော် ထုတ်ပြောခဲ့တယ်။ ပေတရုကလည်း ဒီကျမ်းချက်က ခရစ်တော်မှာပြည့်စုံတယ်လို့ ပြောခဲ့တယ်။ (မာ. ၁၂:၁၀၊ ၁၁; တ. ၄:၈-၁၁) ယေရှုဟာ ခရစ်ယာန်အသင်းတော်ရဲ့ “တိုက်ထောင့်အထွတ်ကျောက်” တကယ်ပဲဖြစ်လာခဲ့တယ်။ ယုံကြည်ခြင်းကင်းမဲ့သူတွေရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပေမဲ့ “ဘုရားသခင်ရွေးချယ်တော်မူ၍ ကိုယ်တော်အတွက်အဖိုးထိုက်” သူဖြစ်တယ်။—၁ ပေ. ၂:၄-၆

သစ္စာဖောက်ခြင်း၊ စွန့်ပစ်ခြင်းခံခဲ့ရ

၅၊ ၆။ မေရှိယ သစ္စာဖောက်ခံရခြင်းအကြောင်း ဘာကြိုဟောထားသလဲ၊ ဘယ်လိုပြည့်စုံခဲ့သလဲ။

မေရှိယက မိတ်ဆွေတစ်ဦးရဲ့သစ္စာဖောက်ခြင်း ခံရမယ်။ ဒါဝိဒ် ဒီလိုပရောဖက်ပြုခဲ့တယ်– “ငါယုံ၍ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း။” (ဆာ. ၄၁:၉) သမ္မာကျမ်းစာခေတ်မှာ မုန့်အတူစားတဲ့ လူနှစ်ဦးကို မိတ်ဆွေတွေအဖြစ် သတ်မှတ်တယ်။ (က. ၃၁:၅၄) ဒါကြောင့် ပရောဖက်ပြုချက်အရ မိတ်ဆွေတစ်ဦးက မေရှိယကို သစ္စာဖောက်မှာဖြစ်တယ်။ သူနဲ့ပတ်သက်ပြီး တမန်တော်တွေကို ယေရှုဒီလိုပြောခဲ့တယ်– “သင်တို့အားလုံးကို ရည်ဆောင်၍ ငါပြောသည်မဟုတ်။ ငါရွေးကောက်ထားသောသူတို့ကို ငါသိ၏။ သို့ရာတွင် ‘ငါ၏မုန့်ကို စားသောသူသည် ငါ့ကိုခြေနှင့်ကန်လေပြီ’ ဟူသော ကျမ်းစကားပြည့်စုံရမည်။” (ယော. ၁၃:၁၈) ယေရှုက မိမိရဲ့မိတ်ဆွေလည်းဖြစ်၊ နောက်လိုက်လည်းဖြစ်တဲ့ ယုဒရှကာရုတ်ကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်တယ်။ ကိုယ်တော့်ကို သူသစ္စာဖောက်ချိန်မှာ ဒါဝိဒ်ရဲ့ပရောဖက်ပြုချက် ပြည့်စုံခဲ့တယ်။

မေရှိယက ကျွန်တစ်ဦးရဲ့တန်ဖိုးနဲ့ပဲညီတဲ့ ငွေ ၃၀ နဲ့ သစ္စာဖောက်ခံရမှာဖြစ်တယ်။ ယေရှုကို ငွေ ၃၀ နဲ့ ယုဒသစ္စာဖောက်ခြင်းက ဇာခရိ ၁၁:၁၂၊ ၁၃ မှာပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်ကြောင်း မဿဲ ပြောခဲ့တယ်။ ဒါပေမဲ့ “ပရောဖက်ယေရမိအားဖြင့်” ဆင့်ဆိုသည့်စကားလို့ မဿဲ ဘာကြောင့်ပြောခဲ့သလဲ။ မဿဲအချိန်တုန်းက ယေရမိကျမ်းကို ဇာခရိကျမ်းပါဝင်တဲ့ ကျမ်းစောင်အုပ်စုထဲမှာ ဦးဆုံးကျမ်းအနေနဲ့ ထည့်သွင်းထားတာဖြစ်နိုင်တယ်။ (လုကာ ၂၄:၄၄ နဲ့ နှိုင်းယှဉ်ပါ။) ဒီငွေ ၃၀ ကို ယုဒ မသုံးခဲ့ဘူး၊ ဝတ်ပြုရာအိမ်တော်မှာပစ်ချ၊ ထွက်ပြေးပြီး ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချ အဆုံးစီရင်ခဲ့တယ်။—မ. ၂၆:၁၄-၁၆; ၂၇:၃-၁၀

၇။ ဇာခရိ ၁၃:၇ ဘယ်လိုပြည့်စုံခဲ့သလဲ။

မေရှိယရဲ့တပည့်တွေဟာ ကွဲလွင့်ကြမယ်။ “သိုးထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင် သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်” လို့ ဇာခရိ ရေးခဲ့တယ်။ (ဇာ. ၁၃:၇) စီအီး ၃၃၊ နိသန် ၁၄ ရက်မှာ ယေရှုက တပည့်တွေကို ဒီလိုပြောခဲ့တယ်– “ဤညတွင် သင်တို့ရှိသမျှသည် ငါ့ကို စွန့်ကြလိမ့်မည်။ အကြောင်းမူကား ‘ငါသည် သိုးထိန်းကို ရိုက်သတ်မည်ဖြစ်၍ သိုးတို့သည် ကွဲလွင့်ကြလိမ့်မည်’ ဟုကျမ်းစာ၌ ရေးထား၏။” ပြောတဲ့အတိုင်း အတိအကျဖြစ်ခဲ့ပြီး ‘တပည့်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်၍ ပြေးကြ၏’ လို့ မဿဲဖော်ပြခဲ့တယ်။—မ. ၂၆:၃၁၊ ၅၆

စွပ်စွဲခြင်း၊ ရိုက်နှက်ခြင်းခံရ

၈။ ဟေရှာယ ၅၃:၈ ဘယ်လိုပြည့်စုံခဲ့သလဲ။

မေရှိယဟာ ရုံးတင်ခံရပြီး သေဒဏ်စီရင်ခံရမယ်။ (ဟေရှာယ ၅၃:၈ ကိုဖတ်ပါ။) နိသန် ၁၄ ရက် အရုဏ်တက်ချိန်မှာ ဆန်ဟီဒရင်တရားရုံးအဖွဲ့ဝင်အားလုံး တွေ့ဆုံပြီး ယေရှုကိုချည်နှောင်ကာ ရောမဘုရင်ခံပုန္တိပိလတ်ဆီ ခေါ်ဆောင်သွားတယ်။ ယေရှုကို ပိလတ် စစ်ဆေးမေးမြန်းကြည့်တဲ့အခါ ဘာအပြစ်မှမတွေ့ရဘူး။ ပိလတ်က ယေရှုကိုလွှတ်ပေးရမလားလို့မေးတော့ လူအုပ်က “သစ်တိုင်ပေါ်တင်ပါ” လို့အော်ဟစ်ကြပြီး ရာဇဝတ်သား ဗာရဗ္ဗကိုလွှတ်ပေးဖို့ တောင်းဆိုကြတယ်။ ပိလတ်က လူအုပ်ကျေနပ်အောင် ဗာရဗ္ဗကိုလွှတ်ပေးလိုက်တယ်၊ ယေရှုကိုတော့ ကြာပွတ်နဲ့ရိုက်စေပြီး သစ်တိုင်ပေါ်တင်ဖို့ အမိန့်ပေးခဲ့တယ်။—မာ. ၁၅:၁-၁၅

၉။ ဆာလံ ၃၅:၁၁ ဘယ်လိုပြည့်စုံခဲ့သလဲ။

မေရှိယနဲ့ပတ်သက်ပြီး မမှန်မကန် သက်သေထွက်ဆိုကြလိမ့်မယ်။ “မမှန်သောသက်သေတို့သည်ပေါ်လာ၍ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏” ဆိုပြီး ဆာလံဆရာဒါဝိဒ် ပြောခဲ့တယ်။ (ဆာ. ၃၅:၁၁) ပရောဖက်ပြုချက်အတိုင်း “ယဇ်ပုရောဟိတ်ကြီးတို့နှင့် ဂျူးတရားရုံးချုပ်အဖွဲ့ဝင်အပေါင်းတို့သည် ယေရှုကိုသတ်ရန် မုသာသက်သေကို” ရှာခဲ့ကြတယ်။ (မ. ၂၆:၅၉) “လူအများတို့သည် မမှန်မကန် သက်သေထွက်ဆိုကြသော်လည်း သူတို့၏ထွက်ဆိုချက်များသည် မညီညွတ်ကြ။” (မာ. ၁၄:၅၆) ယေရှုကိုသတ်ဖို့ရှာကြံနေတဲ့ ဒေါသူပုန်ထနေတဲ့ရန်သူတွေက သက်သေထွက်ဆိုမှု မှန်တာမှားတာကို ဂရုမစိုက်ဘူး။ ယေရှုကိုပဲ သေစေချင်ကြတယ်။

၁၀။ ဟေရှာယ ၅၃:၇ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၀ မေရှိယဟာ စွပ်စွဲသူတွေရှေ့ နှုတ်ဆိတ်နေမယ်။ ဟေရှာယ ဒီလိုပရောဖက်ပြုခဲ့တယ်– “ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကိုမဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏။” (ဟေရှာ. ၅၃:၇) ယေရှုကို “ယဇ်ပုရောဟိတ်ကြီးများနှင့် လူကြီးများက စွပ်စွဲပြောဆိုကြသောအခါ ပြန်မဖြေဘဲနေတော်မူ” တယ်။ ပိလတ်မင်းက “သင့်အား ဤမျှစွပ်စွဲပြောဆိုကြသည်ကို သင်မကြားသလော” ဆိုပြီးမေးတဲ့အခါမှာလည်း ယေရှုက ‘စကားတစ်ခွန်းကိုမျှ ပြန်၍မိန့်တော်မမူသည်ကို ဘုရင်ခံ အလွန်အံ့သြ’ ခဲ့တယ်။ (မ. ၂၇:၁၂-၁၄) ယေရှုက မိမိကိုစွပ်စွဲပြောဆိုသူတွေကို ရိုင်းရိုင်းပျပျ ပြန်မပြောခဲ့ဘူး။—ရော. ၁၂:၁၇-၂၁; ၁ ပေ. ၂:၂၃

၁၁။ ဟေရှာယ ၅၀:၆ နဲ့ မိက္ခာ ၅:၁ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၁ မေရှိယဟာ ရိုက်နှက်ခံရလိမ့်မယ်ဆိုပြီး ဟေရှာယပရောဖက်ပြုခဲ့တယ်။ “ရိုက်သောသူတို့အား ငါ့ကျောကိုလည်းကောင်း၊ နားပန်းဆံကိုနုတ်သောသူတို့အား ငါ့ပါးကိုလည်းကောင်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့်တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကိုမလွှဲ” လို့ ပရောဖက်ရေးခဲ့တယ်။ (ဟေရှာ. ၅၀:၆) ‘အစ္စရေးမင်း၏ပါးကို ကြိမ်လုံးနှင့်ရိုက်ကြပြီတကား’ ဆိုပြီး မိက္ခာကြိုဟောခဲ့တယ်။ (မိ. ၅:၁) ဒီပရောဖက်ပြုချက်တွေ ယေရှုမှာပြည့်စုံကြောင်း ခရစ်ဝင်ကျမ်းရေးသူမာကု ဒီလိုအတည်ပြုပြောဆိုခဲ့တယ်– ‘အချို့တို့သည် ကိုယ်တော့်ကို တံတွေးထွေးခြင်း၊ မျက်နှာတော်ကိုဖုံး၍ လက်သီးနှင့် ထိုးခြင်းတို့ကိုပြု၍ “သင့်အား မည်သူရိုက်သည်ကို ပရောဖက်ပြု၍ ဟောလော့” ဟုဆိုကြ၏။ ပါးတော်ကို ရိုက်ကြပြီးလျှင် မင်းလုလင်တို့သည် ကိုယ်တော်အား ခေါ်ဆောင်သွားကြ၏။’ စစ်သားတွေက ကိုယ်တော့် “ခေါင်းတော်ကို ကျူရိုးနှင့်ရိုက်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ ဒူးထောက်၍ ပျပ်ဝပ်ခြင်းကိုလည်း ပြုကြ၏။” (မာ. ၁၄:၆၅; ၁၅:၁၉) တကယ်တော့ ဒီလိုမထီမဲ့မြင်ပြုခံရအောင် ယေရှု ဘာမှမလုပ်ခဲ့ဘူး။

သေသည့်တိုင် တည်ကြည်မှုပြခဲ့

၁၂။ ဆာလံ ၂၂:၁၆ နဲ့ ဟေရှာယ ၅၃:၁၂ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၂ မေရှိယဟာ သစ်တိုင်ပေါ်မှာ သေဆုံးမယ်။ “စုဝေးသောလူဆိုးတို့သည် ဝန်းရံလျက်နေ၍ အကျွန်ုပ်၏လက်ခြေတို့ကို ထိုးဖောက်ကြပါပြီ” လို့ ဆာလံဆရာဒါဝိဒ် ပြောခဲ့တယ်။ (ဆာ. ၂၂:၁၆) ကျမ်းစာဖတ်ရှုသူတွေသိထားတဲ့ အချက်နဲ့ပတ်သက်ပြီး ခရစ်ဝင်ကျမ်းရေးသူမာကုက ဒီလိုဖော်ပြခဲ့တယ်– “သုံးနာရီခန့် [နံနက် ကိုးနာရီခန့်] တွင် ကိုယ်တော်ကို သစ်တိုင်ပေါ်တင်ကြ၏။” (မာ. ၁၅:၂၅) နောက်ပရောဖက်ပြုချက်တစ်ခုမှာ မေရှိယဟာ အပြစ်သားတွေနဲ့အတူ အသတ်ခံရမယ်ဆိုပြီး ဖော်ပြထားတယ်။ “မိမိအသက်ကို သေခြင်း၌သွန်း၍ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်” တယ်လို့ ဟေရှာယ ရေးသားခဲ့တယ်။ (ဟေရှာ. ၅၃:၁၂) ကြိုဟောထားတဲ့အတိုင်း “ကိုယ်တော်နှင့်အတူ ဓားပြနှစ်ယောက်ကို လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် သစ်တိုင်ပေါ်တင်” ခဲ့တယ်။—မ. ၂၇:၃၈

၁၃။ ဆာလံ ၂၂:၇၊ ၈ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၃ မေရှိယကို လူတွေကဲ့ရဲ့ပြောင်လှောင်ကြလိမ့်မယ်လို့ ဒါဝိဒ် ပရောဖက်ပြုခဲ့တယ်။ (ဆာလံ ၂၂:၇၊ ၈ ကိုဖတ်ပါ။) ယေရှု သစ်တိုင်ပေါ် ဝေဒနာခံစားနေရချိန်မှာ ကဲ့ရဲ့ပြောင်လှောင်ခံခဲ့ရကြောင်း မဿဲ ဒီလိုဖော်ပြတယ်– ‘ဖြတ်သန်းသွားလာသူတို့သည် ကိုယ်တော်အား ကဲ့ရဲ့၍ပြောဆိုကြ၏။ ခေါင်းကိုခါလျက်၊ “ဝတ်ပြုရာအိမ်တော်ကိုဖြိုဖျက်၍ သုံးရက်တည်းနှင့် ပြန်ဆောက်မည့်သူ၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်လော့။ ဘုရားသခင်၏ သားတော်မှန်လျှင် ညှဉ်းဆဲရာသစ်တိုင်ပေါ်မှ ဆင်းလော့” ဟုပြောဆိုကြ၏။’ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်များ၊ လူကြီးများကလည်း ကိုယ်တော်ကို ပြက်ရယ်ပြု၍ “သူတစ်ပါးကို ကယ်တင်သော်လည်း ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်ပါတကား။ အစ္စရေးဘုရင်မှန်လျှင် ညှဉ်းဆဲရာသစ်တိုင်ပေါ်မှ ယခုဆင်းပါလေစေ။ သို့ဆိုလျှင် ငါတို့ယုံကြည်မည်။ သူသည် ဘုရားသခင်ကို ကိုးစား၏။ ‘ငါသည် ဘုရားသခင်၏သားဖြစ်၏’ ဟူ၍ဆိုသဖြင့်၊ ဘုရားသခင်အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါစေ” လို့ ပြောဆိုကြတယ်။ (မ. ၂၇:၃၉-၄၃) ဒီအရာအားလုံးကို ယေရှု တည်တည်ငြိမ်ငြိမ်နဲ့ ခံရပ်သွားတယ်။ ကျွန်ုပ်တို့အတွက် တကယ်ကောင်းတဲ့ ပုံသက်သေပါပဲ။

၁၄၊ ၁၅။ မေရှိယရဲ့အဝတ်နဲ့ ပုံးရည်တိုက်ခြင်းအကြောင်း ပရောဖက်ပြုချက်တွေ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၄ မေရှိယရဲ့အဝတ်ကို မဲချကြမယ်။ “အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏” လို့ ဆာလံဆရာ ရေးခဲ့တယ်။ (ဆာ. ၂၂:၁၈) ကြိုဟောထားတဲ့အတိုင်း “ကိုယ်တော်အား သူတို့ [ရောမစစ်သားတို့] သစ်တိုင်ပေါ်တင်ပြီးနောက် အဝတ်တော်များကို မဲချ၍ ခွဲဝေ” ခဲ့ကြတယ်။—မ. ၂၇:၃၅; ယောဟန် ၁၉:၂၃၊ ၂၄ ကိုဖတ်ပါ။

၁၅ မေရှိယကို ဆေးခါးနဲ့ပုံးရည်ပေးလိမ့်မယ်။ “အကျွန်ုပ်စားစရာဖို့ ဆေးခါးကိုကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကိုတိုက်ကြပါ၏” လို့ဆာလံဆရာပြောခဲ့တယ်။ (ဆာ. ၆၉:၂၁) ဒီပရောဖက်ပြုချက်ပြည့်စုံကြောင်း မဿဲ ဒီလိုပြောတယ်– “ဆေးခါးနှင့်ရောသောဝိုင်ကို ကိုယ်တော်အား တိုက်ကြရာ မြည်းစမ်းပြီးမှ မသောက်ဘဲနေတော်မူ၏။” နောက်တော့ “သူတို့ထဲမှတစ်ဦးသည် ချက်ချင်းပြေး၍ ရေမြှုပ်ကိုယူပြီး ပုံးရည်၌နှစ်လေ၏။ ထို့နောက် ကျူရိုး၌တပ်ပြီးလျှင် သောက်စေ၏။”—မ. ၂၇:၃၄၊ ၄၈

၁၆။ ဆာလံ ၂၂:၁ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၆ မေရှိယဟာ ဘုရားသခင့်စွန့်ပစ်ခြင်းခံရပုံပေါက်မယ်။ (ဆာလံ ၂၂:၁ ကိုဖတ်ပါ။) ပရောဖက်ပြုချက်ပြည့်စုံချက်အနေနဲ့ “ကိုးနာရီ [ညနေ သုံးနာရီခန့်] အချိန်၌ ယေရှုက ‘ဧလိ၊ ဧလိ၊ လာမာရှာဗတ်ခသာနိ’ ဟုကျယ်သောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား ‘ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း’ ဟုဆိုလိုသတည်း။” (မာ. ၁၅:၃၄) ဒီလိုပြောလို့ ကောင်းကင်ခမည်းတော်အပေါ်ထားရှိတဲ့ ယေရှုရဲ့ယုံကြည်ခြင်း ပျောက်ဆုံးသွားတယ်လို့ မဆိုလိုဘူး။ ခရစ်တော်ရဲ့တည်ကြည်မှုကို ရန်သူတွေ အပြည့်အဝစမ်းသပ်နိုင်စေဖို့ ဘုရားသခင် မိမိကို မကာကွယ်ဘူးဆိုတာ ကိုယ်တော်သိတယ်။ အထက်ပါအတိုင်း ယေရှုကြွေးကြော်ခြင်းက ဆာလံ ၂၂:၁ ပါ ပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်တယ်။

၁၇။ ဇာခရိ ၁၂:၁၀ နဲ့ ဆာလံ ၃၄:၂၀ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၇ မေရှိယဟာ ထိုးဖောက်ခြင်းခံရမယ်၊ ဒါပေမဲ့ အရိုးတစ်ချောင်းမှ မကျိုးမပဲ့ဘူး။ ဂျေရုဆလင်မြို့သားတွေက “မိမိတို့ထိုးဖောက်သောသူကို ရှုမြင်ရကြ” မှာဖြစ်တယ်။ (ဇာ. ၁၂:၁၀) ဆာလံ ၃၄:၂၀ မှာ ဒီလိုဖော်ပြထားတယ်– “သူ၏အရိုးရှိသမျှတို့ကို စောင့်ရှောက်တော်မူသည်ဖြစ်၍ တစ်ချောင်းမျှမကျိုးမပဲ့ရ။” ဒီအချက်တွေရဲ့ပြည့်စုံချက်ကို တမန်တော်ယောဟန် ဒီလိုရေးခဲ့တယ်– “စစ်သည်တစ်ဦးသည် နံဘေးတော်ကို လှံနှင့်ထိုး၍ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။ ထိုအမှုကို မြင်သောသူ [ယောဟန်] သည် သက်သေခံ၍ သူ၏သက်သေခံချက်သည် မှန်ပေ၏။ . . . ထိုအကြောင်းအရာများကား ‘သူ၏အရိုး တစ်ချောင်းမျှ မကျိုးရ’ ဟူသောကျမ်းချက် ပြည့်စုံစေရန်ဖြစ်၏။ နောက်ကျမ်းတစ်ချက်က ‘သူတို့သည် မိမိတို့ထိုးဖောက်သောအရှင်ကို ရှုမြင်ရလိမ့်မည်’ ဟူ၍လည်း ဆိုထား၏။”—ယော. ၁၉:၃၃-၃၇

၁၈။ သူကြွယ်တစ်ဦးရဲ့ သင်္ချိုင်းမှာ မြှုပ်နှံခံရမယ်ဆိုတဲ့အချက် ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၈ မေရှိယဟာ သူကြွယ်တစ်ဦးရဲ့သင်္ချိုင်းမှာ မြှုပ်နှံခံရမယ်။ (ဟေရှာယ ၅၃:၅၊ ၈၊ ၉ ကိုဖတ်ပါ။) နိသန် ၁၄ ရက် ညနေစောင်းအချိန်မှာ ‘ယေရှု၏တပည့်ဖြစ်လာသူ ယောသပ်အမည်ရှိသော အရိမသဲမြို့သား သူကြွယ်တစ်ဦး’ က ပိလတ်မင်းထံဝင်ပြီး ယေရှုအလောင်းတော်ကို တောင်းတဲ့အခါ ပိလတ်မင်းရဲ့ ခွင့်ပြုချက်ရခဲ့တယ်။ မဿဲ ဒီလိုဆက်ဖော်ပြတယ်– “ယောသပ်သည် အလောင်းတော်ကိုယူ၍ သန့်ရှင်းသောပိတ်ချောနှင့် ပတ်ရစ်လေ၏။ ထို့နောက် ကျောက်ဆောင်၌ ထွင်းထားသော မိမိ၏သင်္ချိုင်းဂူအသစ်ထဲတွင် ထားပြီးလျှင် ကျောက်ကိုလှိမ့်၍ ဂူဝကိုပိတ်ပြီးမှ ထွက်သွား၏။”—မ. ၂၇:၅၇-၆၀

မေရှိယဘုရင်ကို ချီးမွမ်းကြ

၁၉။ ဆာလံ ၁၆:၁၀ ပါပရောဖက်ပြုချက်စကားတွေ ဘယ်လိုပြည့်စုံခဲ့သလဲ။

၁၉ မေရှိယဟာ ရှင်ပြန်ထမြောက်လိမ့်မယ်။ ဒါဝိဒ် ဒီလိုရေးခဲ့တယ်– ‘ကိုယ်တော် [ယေဟောဝါ] သည် အကျွန်ုပ်ကို မရဏာနိုင်ငံ၌ စွန့်ထားတော်မမူ။’ (ဆာ. ၁၆:၁၀) ယေရှုရဲ့အလောင်းထားတဲ့ သင်္ချိုင်းဂူကို အမျိုးသမီးတွေရောက်တဲ့အခါ သူတို့အံ့သြတကြီးဖြစ်သွားတာကို မြင်ယောင်ကြည့်ပါ။ အဲဒီမှာ သူတို့ကို ကိုယ်ယောင်ထင်ရှားပြတဲ့ ကောင်းကင်တမန်တစ်ပါးက “အံ့သြမိန်းမောခြင်း မရှိကြနှင့်။ သစ်တိုင်ပေါ်တွင် အသေခံတော်မူသော နာဇရက်မြို့သား ယေရှုကို သင်တို့ရှာနေကြောင်း ငါသိ၏။ ကိုယ်တော်သည် ထမြောက်တော်မူပြီဖြစ်၍ ဤနေရာ၌မရှိ။ အလောင်းတော်ထားသောနေရာကို ကြည့်ကြလော့” ဆိုပြီး ပြောတယ်။ (မာ. ၁၆:၆) စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဂျေရုဆလင်မှာရှိတဲ့လူအုပ်ကို တမန်တော်ပေတရုက ဒီလိုကြေညာခဲ့တယ်– “ခရစ်တော်ကို သင်္ချိုင်း၌ စွန့်ပစ်တော်မူမည်မဟုတ်။ ခန္ဓာကိုယ်ကိုလည်း ပုပ်ပျက်စေတော်မူမည် မဟုတ်ဟူ၍ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို [ဒါဝိဒ်] ကြိုတင်ဟောခဲ့၏။” (တ. ၂:၂၉-၃၁) ဘုရားသခင်က မိမိချစ်မြတ်နိုးတဲ့သားတော်ရဲ့ ခန္ဓာကို ပုပ်ပျက်ဖို့ ခွင့်မပြုခဲ့ဘူး။ ဒါ့အပြင် အံ့ဖွယ်နည်းနဲ့ ယေရှုကို ဝိညာဉ်အသက်တာကို ထမြောက်ပေးခဲ့တယ်။—၁ ပေ. ၃:၁၈

၂၀။ မေရှိယအုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ပရောဖက်ပြုချက်မှာ ဘယ်လိုဖော်ပြထားသလဲ။

၂၀ ကြိုဟောထားတဲ့အတိုင်း ဘုရားသခင်က ယေရှုကို မိမိရဲ့သားတော်အဖြစ် ကြေညာခဲ့တယ်။ (ဆာလံ ၂:၇; မဿဲ ၃:၁၇ တို့ကိုဖတ်ပါ။) လူအုပ်က ယေရှုနဲ့ ရောက်ရှိလာမယ့် ဘုရားသခင့်နိုင်ငံတော်ကို ချီးမွမ်းကြွေးကြော်ခဲ့ကြသလို ကျွန်ုပ်တို့လည်း ကိုယ်တော်နဲ့ ကိုယ်တော့်အုပ်ချုပ်မှုကနေ ခံစားရမယ့် ကောင်းချီးတွေအကြောင်း ဝမ်းသာအားရပြောဆိုကြတယ်။ (မာ. ၁၁:၇-၁၀) ကိုယ်တော်ဟာ “သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရား” တို့ကိုစီးပြီး မကြာခင် ရန်သူတွေကို သုတ်သင်ဖျက်ဆီးပါတော့မယ်။ (ဆာ. ၂:၈၊ ၉; ၄၅:၁-၆) ကိုယ်တော့်အုပ်ချုပ်မှုက ကမ္ဘာတစ်ခွင် ငြိမ်းချမ်းမှုနဲ့ ပေါကြွယ်ဝမှုကို ဆောင်ကြဉ်းပေးမှာဖြစ်တယ်။ (ဆာ. ၇၂:၁၊ ၃၊ ၁၂၊ ၁၆; ဟေရှာ. ၉:၆၊ ၇) ယေဟောဝါချစ်မြတ်နိုးတဲ့သားတော်ဟာ မေရှိယဘုရင်အနေနဲ့ ကောင်းကင်မှာအုပ်စိုးနေပြီ။ ယေဟောဝါသက်သေတွေအနေနဲ့ ဒီအမှန်တရားတွေကို ကြေညာခွင့်ရရှိခြင်းက တကယ့်အခွင့်ထူးပါပဲ။

သင် ဘယ်လိုဖြေဆိုမလဲ

• သစ္စာဖောက်ခြင်း၊ စွန့်ပစ်ခြင်းကို ယေရှု ဘယ်လိုခံခဲ့ရသလဲ။

• ယေရှုခရစ်နှက်တိုင်တင်ခံရခြင်းနဲ့ပတ်သက်ပြီး ကြိုဟောထားချက်တချို့က ဘာတွေလဲ။

• ယေရှုဟာ ကတိထားရာမေရှိယဖြစ်ကြောင်း ဘာကြောင့် သင် အခိုင်အမာယုံကြည်စိတ်ချသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဂျေရုဆလင်မြို့ထဲကို အောင်ပွဲခံဘုရင်အနေနဲ့ ယေရှုကြွလာခြင်းက ဘယ်ပရောဖက်ပြုချက်တွေ ပြည့်စုံခြင်းဖြစ်သလဲ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ရဲ့အပြစ်တွေအတွက် ယေရှု အသေခံခဲ့၊ ဒါပေမဲ့ အခု မေရှိယဘုရင်အနေနဲ့ စိုးစံနေ