မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာဖတ်ရှုခြင်းက ကျွန်တော့်ဘဝရဲ့ အင်အားဖြစ်

ကျမ်းစာဖတ်ရှုခြင်းက ကျွန်တော့်ဘဝရဲ့ အင်အားဖြစ်

ကျမ်းစာဖတ်ရှုခြင်းက ကျွန်တော့်ဘဝရဲ့ အင်အားဖြစ်

မာစိုး လရွာ ပြောပြသည်

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” လို့အစချီထားတဲ့ သမ္မာကျမ်းစာကို အခန်းထဲမှာ ကျွန်တော် ခိုးကြောင်ခိုးဝှက်နဲ့ စဖတ်ခဲ့တယ်။ ဘာကြောင့် ဒီလိုဖတ်ရတာလဲ။ ဘုရားသခင်ကို လုံးလုံးမယုံကြည်တဲ့ ကျွန်တော့်အဖေက ဒီစာအုပ်ကို မကြိုက်လို့ပဲ။

သမ္မာကျမ်းစာကို အရင်က တစ်ခါမှမဖတ်ဖူးပေမဲ့ ကမ္ဘာဦးကျမ်းရဲ့ အဲဒီအဖွင့်စကားတွေက ကျွန်တော့်ကို အလင်းတန်းတစ်ခု ပေးလိုက်သလိုပဲ။ ‘ဒါက ကျွန်တော်အမြဲအံ့သြခဲ့ရတဲ့ ရူပဗေဒနိယာမတရားရဲ့ သဟဇာတဖြစ်မှုအကြောင်း ရှင်းပြချက်ပဲလို့’ စဉ်းစားမိတယ်။ ညရှစ်နာရီကနေစဖတ်လိုက်တာ မနက်လေးနာရီထိုးတဲ့အထိပဲ။ အဲဒီအချိန်ကစပြီး ကျွန်တော့်ဘဝတစ်လျှောက်လုံး ကျမ်းစာဖတ်ခဲ့တယ်။ ကျမ်းစာဖတ်ရှုခြင်းက ကျွန်တော့်ဘဝကို ဘယ်လိုအင်အားပေးခဲ့တယ်ဆိုတာ ရှင်းပြပါရစေ။

“မင်း နေ့တိုင်းဖတ်ရတော့မယ်”

ကျွန်တော့်ကို ပြင်သစ်နိုင်ငံမြောက်ပိုင်း ကျောက်မီးသွေးထွက်တဲ့ ဗယ်မယ်ရွာမှာ ၁၉၂၆ ခုနှစ်တုန်းက မွေးဖွားခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျောက်မီးသွေးက အရေးပါတဲ့ ပြည်တွင်းထွက်ကုန်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောက်မီးသွေးတွင်းလုပ်သားဖြစ်တဲ့ကျွန်တော်က စစ်မှုထမ်းစရာမလိုဘူး။ ဒါပေမဲ့ ကျွန်တော့်ဘဝတိုးတက်ရေးအတွက် ရေဒီယိုနဲ့ လျှပ်စစ်ပညာကို စလေ့လာခဲ့တယ်။ ဒီပညာကြောင့် ရူပဗေဒနိယာမတရားရဲ့ သဟဇာတဖြစ်မှုကို ကျွန်တော် သိခဲ့ရတယ်။ ကျွန်တော်အသက် ၂၁ နှစ်မှာ အတန်းသားတစ်ဦးက ကျွန်တော့်ကို ကျမ်းစာအုပ်တစ်အုပ်လှမ်းပေးပြီး “ဒါက ဖတ်သင့်တဲ့စာအုပ်ဖြစ်တယ်” လို့ပြောတယ်။ တစ်အုပ်လုံးဖတ်ပြီးသွားတဲ့အခါ သမ္မာကျမ်းစာက လူသားတွေကို ဘုရားသခင်ဖွင့်ပြတဲ့ တရားစကားဖြစ်တယ်ဆိုတာ ကျွန်တော် ယုံကြည်သွားတယ်။

အိမ်နီးချင်းတွေလည်း ကျမ်းစာဖတ်ချင်မှာပဲလို့ယူဆပြီး ရှစ်အုပ်ယူလာလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို လှောင်ပြောင်၊ ဆန့်ကျင်ကြလို့ အတော်အံ့သြခဲ့ရတယ်။ အယူသီးတဲ့ဆွေမျိုးတွေက “ဒီစာအုပ်ကို စဖတ်တာနဲ့ မင်း နေ့တိုင်းဖတ်ရတော့မယ်” လို့ပြောတယ်။ အဲဒီအတိုင်း ဖတ်ခဲ့ပါတယ်၊ ဒီလိုဖတ်လို့ နောင်တမရခဲ့ဖူးဘူး။ ဒါက ကျွန်တော့်ရဲ့ တစ်သက်တာ အလေ့အကျင့်တစ်ခု ဖြစ်ခဲ့တယ်။

ကျွန်တော် ကျမ်းစာစိတ်ဝင်စားတယ်ဆိုတာသိလို့ တချို့အိမ်နီးချင်းတွေက သူတို့ရထားတဲ့ ယေဟောဝါသက်သေတွေရဲ့စာပေတွေကို လာပေးတယ်။ ကမ္ဘာတစ်ခု၊ အစိုးရတစ်ခု * (ပြင်သစ်ဘာသာစကားဖြင့် ပြထား) စတဲ့စာအုပ်ငယ်တွေမှာ ဘုရားသခင့်နိုင်ငံတော်က လူသားတွေအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တယ်ဆိုတာကို သမ္မာကျမ်းစာမှာ ဖော်ပြထားကြောင်း ရှင်းပြထားတယ်။ (မ. ၆:၁၀) ဒီမျှော်လင့်ချက်ကို တခြားသူတွေကိုပြောပြမယ်ဆိုတဲ့ ကျွန်တော့်စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာတယ်။

ကျွန်တော်ပေးတဲ့ ကျမ်းစာအုပ်ကို ဦးဆုံးလက်ခံတဲ့သူက ကျွန်တော့်ငယ်သူငယ်ချင်း နိုဝယ်ဖြစ်တယ်။ သူက ကက်သလစ်တစ်ဦးဖြစ်လို့ ခရစ်ယာန်ဘုန်းကြီးသင်တန်းတက်နေတဲ့ လူတစ်ယောက်နဲ့တွေ့ဖို့ သူစီစဉ်တယ်။ ကျွန်တော် ကြောက်စိတ်ဝင်နေပေမဲ့ ကျမ်းစာဖတ်တုန်းက ဆာလံ ၁၁၅:၄-၈ နဲ့ မဿဲ ၂၃:၉၊ ၁၀ မှာ ဝတ်ပြုရေးမှာ ရုပ်ပုံအသုံးပြုတာ၊ ခရစ်ယာန်ဓမ္မဆရာတွေကို ဘွဲ့အမည်တပ်ခေါ်တာကို ဘုရားသခင်မနှစ်သက်ဘူးဆိုတာ သိထားတယ်။ ဒါက ကျွန်တော်အသစ်တွေ့ရှိထားတဲ့ ယုံကြည်ချက်ကို ကာကွယ်ဖို့ ရဲစွမ်းသတ္တိရှိစေခဲ့တယ်။ ရလဒ်က နိုဝယ်ဟာ အမှန်တရားကိုလက်ခံပြီး ယနေ့အထိ တည်ကြည်တဲ့သက်သေခံတစ်ဦး ဖြစ်နေဆဲပဲ။

ကျွန်တော့်အစ်မဆီကိုလည်း သွားလည်ခဲ့တယ်။ သူ့ခင်ပွန်းဆီမှာ လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်နဲ့ဆိုင်တဲ့ စာအုပ်တွေရှိနေပြီး ဝိညာဉ်ဆိုးတွေ နှောင့်ယှက်တာကို ခံနေရတယ်။ အစပိုင်းမှာ ဘာမှမတတ်နိုင်ဘူးလို့ ကျွန်တော်ထင်ခဲ့ပေမဲ့ ဟေဗြဲ ၁:၁၄ လိုကျမ်းချက်တွေက ယေဟောဝါရဲ့ကောင်းကင်တမန်တွေ ထောက်မတယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။ ကျွန်တော့်ယောက်ဖက ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးပြီး အဲဒီအတတ်ပညာနဲ့ဆိုင်တဲ့အရာမှန်သမျှကို စွန့်ပစ်လိုက်တဲ့အခါ ဝိညာဉ်ဆိုးတွေရဲ့ နှောင့်ယှက်မှုကနေ လွတ်မြောက်သွားတယ်။ သူတို့ဇနီးမောင်နှံဟာ ဇွဲထက်သန်တဲ့ သက်သေခံတွေဖြစ်လာတယ်။

၁၉၄၇ ခုနှစ်မှာ အမေရိကန်လူမျိုးသက်သေခံ အာသာ အမ်ယော့ထ် ကျွန်တော့်အိမ် ရောက်လာတယ်။ ၀မ်းသာအားရနဲ့ သက်သေခံတွေ ဘယ်မှာစည်းဝေးကြသလဲလို့ မေးလိုက်တယ်။ ခြောက်မိုင်အကွာလောက်မှာရှိတဲ့ လျေဗန်းမှာ အုပ်စုတစ်စုရှိတယ်လို့ ပြောပြတယ်။ အဲဒီအချိန်တုန်းက စက်ဘီးတစ်စီးပိုင်ဆိုင်ဖို့အရမ်းခက်လို့ လပေါင်းများစွာ အစည်းအဝေးအသွားအပြန် ခြေကျင်လျှောက်ခဲ့ရတယ်။ ပြင်သစ်မှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ရှစ်နှစ်ကြာ ပိတ်ပင်ထားတဲ့အချိန်ဖြစ်တယ်။ တစ်နိုင်ငံလုံးမှာ သက်သေခံ ၂,၃၈၀ ပဲရှိပြီး အများစုက ပိုလန်က ပြောင်းလာသူတွေဖြစ်တယ်။ ဒါပေမဲ့ ၁၉၄၇၊ စက်တင်ဘာ ၁ မှာ ပြင်သစ်နိုင်ငံက ကျွန်တော်တို့ရဲ့လုပ်ငန်းကို တရားဝင်အသိအမှတ်ပြုခဲ့တယ်။ ဌာနခွဲရုံးကို ပဲရစ်မြို့၊ ဗယ်လာ ဂီဘဲမှာ ပြန်ဖွဲ့စည်းခဲ့တယ်။ ပြင်သစ်မှာ ရှေ့ဆောင်တစ်ယောက်မှမရှိလို့ ၁၉၄၇၊ ဒီဇင်ဘာလထုတ် သတင်းပေးသူ (ယခု၊ လုပ်ငန်းတော်စာရွက်) မှာ တစ်လကို နာရီ ၁၅၀ ဟောပြောရမယ့် မှန်မှန်ရှေ့ဆောင်တွေကို ဖိတ်ခေါ်ခဲ့တယ်။ (၁၉၄၉ ခုနှစ်မှာ နာရီ ၁၀၀ အထိ လျှော့ချပေးခဲ့။) ယောဟန် ၁၇:၁၇ မှာပါတဲ့ ‘ဘုရားသခင်၏တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏’ ဆိုတဲ့ ယေရှုရဲ့စကားတွေကို အပြည့်အဝသဘောတူတဲ့အတွက် ၁၉၄၈ ခုနှစ်မှာ ကျွန်တော် နှစ်ခြင်းခံပြီး ၁၉၄၉၊ ဒီဇင်ဘာမှာ ရှေ့ဆောင်ဖြစ်လာတယ်။

ထောင်မှထွက်ပြီး ဒန်ကခ်ကိုသွား

ဦးဆုံးတာဝန်ကျတဲ့နေရာက ပြင်သစ်တောင်ပိုင်းမှာရှိတဲ့ အာဂျန်မြို့ဖြစ်ပြီး အဲဒီမှာ ခဏပဲနေလိုက်ရတယ်။ အကြောင်းကတော့ ကျောက်မီးသွေးတွင်းကနေ အလုပ်ထွက်လိုက်တဲ့အတွက် စစ်မှုထမ်းဖို့ လိုလာတယ်။ ကျွန်တော်ငြင်းတော့ ထောင်ချခံရတယ်။ ကျမ်းစာအုပ်ယူဖို့ ခွင့်မပြုပေမဲ့ ဆာလံကျမ်းရဲ့ စာမျက်နှာအနည်းငယ်ကို ရထားတယ်။ အဲဒါကိုဖတ်ခြင်းက ကျွန်တော့်ကို အားရှိစေတယ်။ ထောင်ကလွတ်လာတဲ့အခါ အချိန်ပြည့်လုပ်ငန်းကို ဆက်လုပ်မလား၊ တစ်နေရာမှာပဲ အတည်တကျနေမလားဆိုတာ ဆုံးဖြတ်ခဲ့ရတယ်။ ဒီတစ်ကြိမ်မှာလည်း ကျွန်တော်ဖတ်ထားတဲ့ ကျမ်းစာကနေပဲ အကူအညီရခဲ့တယ်။ ဖိလိပ္ပိ ၄:၁၁-၁၃ ပါ “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏” ဆိုတဲ့ ပေါလုရဲ့စကားတွေကို တွေးတောဆင်ခြင်ခဲ့တယ်။ ဒါနဲ့ပဲ ရှေ့ဆောင်ဆက်လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်မှာ အရင်က ကျွန်တော်ဟောပြောခဲ့တဲ့ ဒန်ကခ်မြို့မှာ တာဝန်ကျခဲ့တယ်။

အဲဒီကိုရောက်တဲ့အချိန်တုန်းက ကျွန်တော့်မှာ ဘာဆိုဘာမှမရှိဘူး။ မြို့က ဒုတိယကမ္ဘာစစ်ကြောင့် ပျက်စီးယိုယွင်းနေပြီး နေစရာနေရာ ရှာဖို့ခက်တယ်။ ဒါကြောင့် အဲဒီမြို့မှာ ကျွန်တော်လည်ပတ်နေကျ မိသားစုတစ်စုဆီသွားဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ရှင်မက ကျွန်တော့်ကိုတွေ့တာနဲ့ “ဟယ်၊ မစ္စတာ လရွာ၊ ရှင်လွတ်လာပြီ။ ရှင့်လိုလူမျိုး များများရှိမယ်ဆိုရင် စစ်ဖြစ်မှာမဟုတ်ဘူးလို့ ကျွန်မခင်ပွန်းက ပြောပြောနေတာ” ဆိုပြီး ဝမ်းသာအားရပြောတယ်။ သူတို့မှာ တည်းခိုခန်းတစ်ခုရှိပြီး ခရီးသွားရာသီမရောက်မချင်း ကျွန်တော့်ကို အဲဒီမှာ နေခွင့်ပေးခဲ့တယ်။ အဲဒီနေ့မှာပဲ အာသာ အမ်ယော့ထ်ရဲ့အစ်ကို အီဗန်က ကျွန်တော့်ကို အလုပ်လုပ်မလား လို့မေးတယ်။ * သူက ဆိပ်ကမ်းမှာ စကားပြန်လုပ်ပြီး သင်္ဘောညစောင့်အလုပ်သမားတစ်ဦးကို ရှာနေတာ။ သူက သင်္ဘောအရာရှိတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။ ထောင်ကနေလွတ်လာခါစဆိုတော့ ကျွန်တော်က အရိုးပြိုင်းပြိုင်းဖြစ်နေတယ်။ ကျွန်တော်ဘာကြောင့် ဒီလိုပိန်နေတယ်ဆိုတာ အီဗန်ကရှင်းပြလိုက်တဲ့အခါ အရာရှိက ရေခဲသေတ္တာထဲက အစားအသောက်တွေကို စိတ်ကြိုက်ယူစားဖို့ ပြောတယ်။ အဲဒီတစ်နေ့တည်းမှာပဲ နေစရာ၊ စားစရာနဲ့ အလုပ်ရခဲ့တယ်။ မဿဲ ၆:၂၅-၃၃ မှာပါတဲ့ ယေရှုရဲ့စကားတွေအပေါ် ကျွန်တော့်ရဲ့ယုံကြည်မှု ပိုခိုင်မာလာတယ်။

ခရီးသွားရာသီရောက်တဲ့အခါ ကျွန်တော့်ရဲ့ရှေ့ဆောင်အဖော် ဆီမွန် အပိုလီနာစကီနဲ့ ကျွန်တော် နေစရာနေရာရှာဖို့ လိုလာတယ်။ ဒါပေမဲ့ တာဝန်ကျတဲ့နေရာမှာပဲ ဆက်နေမယ်လို့ ဆုံးဖြတ်ထားကြတယ်။ မြင်းဇောင်းအဟောင်းတစ်ခုမှာ နေစရာရခဲ့ပြီး ကောက်ရိုးမွေ့ယာမှာ အိပ်ခဲ့ကြရတယ်။ နေ့အချိန်မှာတော့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ မြင်းဇောင်းပိုင်ရှင်ကို ကျွန်တော်တို့ သက်သေခံတဲ့အခါ သူလည်း အမှန်တရားကို လက်ခံလာတယ်။ တခြားသူတွေလည်း အမှန်တရားကို လက်ခံခဲ့ကြတယ်။ သိပ်မကြာပါဘူး၊ ဒေသခံသတင်းစာတစ်စောင်မှာ “ယေဟောဝါသက်သေတွေရဲ့လှုပ်ရှားမှု” အကြောင်း ဒန်ကခ်မှာရှိတဲ့သူတွေကို သတိပေးခဲ့တယ်။ တကယ်တော့ သက်သေခံဆိုလို့ ဆီမွန်၊ ကျွန်တော်နဲ့ တခြားသူအနည်းငယ်ပဲရှိတယ်။ အခက်အခဲတွေကြုံရတဲ့အခါ ခရစ်ယာန်မျှော်လင့်ချက်နဲ့ ကျွန်တော်တို့ကို ယေဟောဝါဂရုစိုက်ခဲ့တာတွေကို စဉ်းစားတဲ့အခါ ပြန်အားရှိလာတယ်။ ကျွန်တော်တို့ပြောင်းရွှေ့ရတဲ့ ၁၉၅၂ ခုနှစ်ရောက်တော့ ဒန်ကခ်မှာ မှန်မှန်ကြေညာသူ ၃၀ လောက်ရှိနေပြီ။

တာ၀န်အသစ်တွေအတွက် ခွန်အားရ

အမ်မြန်မြို့မှာ ခဏနေပြီးတဲ့နောက် ပဲရစ်မြို့ရဲ့ ဆင်ခြေဖုံးဖြစ်တဲ့ ဘူလွန်ဘီယန်ခူးမှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ ကျွန်တော့်မှာ ကျမ်းစာသင်အံမှုများစွာရှိပြီး အဲဒီထဲကတချို့ဟာ နောက်ပိုင်းမှာ အချိန်ပြည့်အမှုဆောင်လုပ်ငန်းနဲ့ ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ လူငယ်တစ်ဦးဖြစ်တဲ့ ဂီ မာဘီလတ်က အမှန်တရားကိုလက်ခံပြီး နောက်ပိုင်းမှာ တိုက်နယ်ကြီးကြပ်မှူး၊ ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။ နောက်ပိုင်း သူဟာ ပဲရစ်မြို့နဲ့ အတော်လေးဝေးတဲ့ လူဗီယေဗေသလရဲ့ ပုံနှိပ်စက်ရုံဆောက်လုပ်ရေးကို ကြီးကြပ်ခဲ့တယ်။ အမှုဆောင်လုပ်ငန်းမှာ မကြာမကြာကျမ်းစာဆွေးနွေးတာတွေက ကျွန်တော့်စိတ်ထဲမှာ ဘုရားသခင့်တရားစကားတော်ကို ပိုစွဲမှတ်စေတယ်၊ ဒါက ကျွန်တော့်ကို ပျော်ရွှင်စေပြီး သွန်သင်ခြင်းစွမ်းရည်ကို ပိုတိုးတက်စေတယ်။

၁၉၅၃ ခုနှစ်ရောက်တော့ မထင်မှတ်ဘဲ အဲလ်စပ်လော်ရိန်းမှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်၊ အဲဒီဒေသက ၁၈၇၁ နဲ့ ၁၉၄၅ ခုနှစ်အတွင်း ဂျာမနီတွေရဲ့ သိမ်းပိုက်ခြင်းကို နှစ်ကြိမ်ခံခဲ့ရတယ်။ ဒါကြောင့် ဂျာမန်စကားကို သင်ယူခဲ့ရတယ်။ ကျွန်တော် တိုက်နယ်စလုပ်တုန်းက အဲဒီဒေသမှာ ကား၊ ရုပ်မြင်သံကြား၊ လက်နှိပ်စက် သိပ်မရှိဘူး၊ ရေဒီယိုနဲ့ ကွန်ပျူတာလည်း မရှိဘူး။ ဒါပေမဲ့ ဒါတွေမရှိလို့ ကျွန်တော် စိတ်မပျက်ခဲ့ဘူး၊ မချို့ငဲ့ခဲ့ဘူး။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်က ကျွန်တော့်ဘဝမှာ အရမ်းပျော်ရွှင်ခဲ့တဲ့အချိန်တွေပဲ။ “မျက်စိရိုးရှင်း” ပါဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာခြင်းက ယေဟောဝါရဲ့အမှုတော်ကိုဆောင်ရာမှာ အခုအချိန်ထက် အာရုံမပျံ့လွင့်ဘဲ လုပ်ဆောင်နိုင်ခဲ့တယ်။—မ. ၆:၁၉-၂၂

၁၉၅၅ ခုနှစ်မှာ ပဲရစ်မှာကျင်းပခဲ့တဲ့ “အောင်ပွဲရ ဘုရားသခင့်နိုင်ငံတော်” စည်းဝေးကြီးက ကျွန်တော့်အတွက် အမှတ်ရစရာ အခါသမယဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော့်ဇနီးဖြစ်လာမယ့် အီရန်း ကိုလန်စကီနဲ့ ဆုံတွေ့ခဲ့တယ်၊ သူက အချိန်ပြည့်လုပ်ငန်းမှာ ကျွန်တော့်ထက် တစ်နှစ်စောပြီး ပါဝင်ခဲ့သူဖြစ်တယ်။ သူ့ရဲ့ပိုလန်လူမျိုး မိဘနှစ်ပါးက ဇွဲထက်သန်တဲ့ သက်တမ်းကြာသက်သေခံတွေဖြစ်တယ်။ ပြင်သစ်မှာနေတဲ့ သူတို့ဆီကို အဒေါ့ဖ် ဝယ်ဘာ လည်ပတ်ခဲ့တာဖြစ်တယ်။ သူက ညီအစ်ကိုရပ်စယ်လ်ရဲ့ ဥယျာဉ်မှူးဖြစ်ခဲ့ပြီး သတင်းကောင်းဟောဖို့ ဥရောပကို ရောက်လာတာဖြစ်တယ်။ အီရန်းနဲ့ကျွန်တော် ၁၉၅၆ ခုနှစ်မှာလက်ထပ်ခဲ့ပြီး သူက ကျွန်တော်နဲ့အတူ တိုက်နယ်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ နှစ်တွေတစ်လျှောက်မှာ သူက ကျွန်တော့်အတွက် တကယ့်အထောက်အမကောင်း ဖြစ်ခဲ့တယ်။

နှစ်နှစ်ကြာပြီးတဲ့နောက် အံ့ဩစရာတစ်ခုကို ကြုံတွေ့ခဲ့ရတယ်၊ အဲဒါကတော့ ခရိုင်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရခြင်းပဲ။ ဒါပေမဲ့ အရည်အချင်းပြည့်မီတဲ့ ညီအစ်ကိုတွေမရှိလို့ ကျွန်တော်က တချို့အသင်းတော်တွေကို တိုက်နယ်ကြီးကြပ်မှူးအဖြစ် ဆက်လည်ပတ်ခဲ့ရတယ်။ တကယ် အလုပ်များခဲ့တဲ့ အချိန်ပါပဲ။ တစ်လကို နာရီ ၁၀၀ ဟောပြောရတဲ့အပြင် အပတ်တိုင်း ဟောပြောချက်တွေပေးရတယ်၊ စာအုပ်ကြီးသင်တန်း အုပ်စုသုံးစုကို လည်ပတ်ရတယ်၊ မှတ်တမ်းတွေကို စစ်ဆေးရတယ်၊ မှတ်တမ်းပို့ဖို့ ပြင်ဆင်ရတယ်။ ဒီလောက်အလုပ်များတဲ့ကြားကနေ ကျမ်းစာဖတ်ဖို့ ဘယ်ကနေအချိန်ရသလဲ။ တစ်နည်းပဲရှိတယ်၊ ကျမ်းစာအုပ်အဟောင်းတစ်အုပ်ထဲက စာရွက်တွေဖြုတ်ပြီး သွားလေရာယူသွားတယ်။ တစ်ယောက်ယောက်ကို စောင့်နေရတဲ့အခါမှာ ဒါတွေကို ထုတ်ဖတ်တယ်။ ဒီအချိန်တိုလေးအတွင်း ကျမ်းစာဖတ်ရှုရတာက ကျွန်တော့်တာဝန်ကို ဆက်လုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေတယ်။

၁၉၆၇ ခုနှစ်မှာ အီရန်းနဲ့ကျွန်တော် ဘူလွန်ဘီယန်ခူး ဗေသလကို ဖိတ်ခေါ်ခံခဲ့ရတယ်။ လုပ်ငန်းတော်ဌာနမှာ အမှုဆောင်ခဲ့တာ အခုဆို အနှစ် ၄၀ ကျော်ပြီ။ ကျွန်တော့်အလုပ်ထဲမှာ ကျွန်တော်အနှစ်သက်ဆုံးက ကျမ်းစာမေးခွန်းတွေကို စာနဲ့ပြန်ဖြေရတဲ့ အလုပ်ဖြစ်တယ်။ ဘုရားသခင့်တရားစကားတော်ကို နက်နက်နဲနဲရှာဖွေလေ့လာပြီး “သတင်းကောင်းကို ခုခံကာကွယ်” ရတာ ကျွန်တော်အရမ်းပျော်တယ်။ (ဖိ. ၁:၇) နံနက်စာမစားခင် နံနက်ဝတ်ပြုမှုမှာ ကျမ်းစာဆွေးနွေးတာကို ဦးဆောင်ရတာလည်း ကျွန်တော်ပျော်တယ်။ ၁၉၇၆ ခုနှစ်မှာ ပြင်သစ်ဌာနခွဲ ကော်မတီ၀င်တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရတယ်။

အကောင်းဆုံး ဘ၀လမ်းစဉ်

ခက်ခဲတဲ့အချိန်တွေ ကြုံတွေ့ခဲ့ရပေမဲ့ အခက်ခဲဆုံးကတော့ ကျွန်တော်တို့နှစ်ယောက်စလုံး အသက်ကြီးလာပြီး ကျန်းမာရေးချို့တဲ့လာလို့ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ အခုအချိန်ပါပဲ။ ဒါပေမဲ့ သမ္မာကျမ်းစာကို အတူလေ့လာဖတ်ရှုခြင်းက ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို ဆက်ပြီးရှင်သန်နေစေတယ်။ ဒီမျှော်လင့်ချက်အကြောင်း တခြားသူတွေကိုဝေမျှဖို့ ဘတ်စကားစီးပြီး အသင်းတော်ရပ်ကွက်တွေဆီသွားရတာလည်း ပျော်တယ်။ ကျွန်တော်တို့နှစ်ယောက်ပေါင်းရဲ့ အချိန်ပြည့်သက်တမ်းက ၁၂၀ ကျော်ပြီ။ စိတ်လှုပ်ရှား၊ ပျော်ရွှင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့အသက်တာကို ပိုင်ဆိုင်လိုသူအားလုံးကို အချိန်ပြည့်အမှုဆောင်ခြင်းက အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောလိုပါတယ်။ ဆာလံ ၃၇:၂၅ ကိုရေးတဲ့အချိန်မှာ ဘုရင်ဒါဝိဒ် “အို” နေပြီ၊ ဒါပေမဲ့ သူ့လိုပဲ ကျွန်တော်လည်း ‘ဖြောင့်မတ်သောသူ စွန့်ပစ်ခံရတာကို’ မတွေ့ဖူးဘူး။

ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ ယေဟောဝါက ကျမ်းစာနဲ့ ခွန်အားပေးခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်ကျော်တုန်းက ကျွန်တော် တစ်သက်လုံး ကျမ်းစာဖတ်ရလိမ့်မယ်လို့ ကျွန်တော့်ဆွေမျိုးတွေ နိမိတ်ဖတ်ခဲ့တယ်။ သူတို့ပြောတာမှန်တယ်။ ဒါက ကျွန်တော် ဘယ်တော့မှ နောင်တမရခဲ့တဲ့ နေ့စဉ်အလေ့အထတစ်ခုပါပဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ၁၉၄၄ ခုနှစ်မှာ ထုတ်ဝေခဲ့။ ယခု ပုံမနှိပ်တော့။

^ အပိုဒ်၊ 14 အီဗန် အမ်ယော့ထ်အကြောင်း ထပ်ဆင့်အချက်အလက်ကို ကင်းမျှော်စင်၊ ဇန်နဝါရီ ၁၊ ၁၉၉၉၊ စာမျက်နှာ ၂၂ နဲ့ ၂၃ မှာကြည့်ပါ။

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ဆီမွန်နဲ့ ကျွန်တော်

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်တုန်းက

[စာမျက်နှာ ၅ ပါရုပ်ပုံ]

ကျွန်တော်ဦးဆုံးရရှိခဲ့တဲ့ ကျမ်းစာက ဒီလိုကျမ်းစာမျိုးဖြစ်

[စာမျက်နှာ ၆ ပါရုပ်ပုံ]

ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့

[စာမျက်နှာ ၆ ပါရုပ်ပုံ]

အီရန်းနဲ့ကျွန်တော် ကျမ်းစာဖတ်ရှုလေ့လာရတာကို ပျော်မွေ့