မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ သင် ဖိနဟတ်ကိုတုပနိုင်မလား

အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ သင် ဖိနဟတ်ကိုတုပနိုင်မလား

အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ သင် ဖိနဟတ်ကိုတုပနိုင်မလား

အသင်းတော်အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်ရတာက အခွင့်ထူးဖြစ်တယ်။ ဒါပေမဲ့ အကြီးအကဲတွေ အခက်အခဲတွေကြုံတွေ့ရမယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားတယ်။ အမှားပြုသူတွေကို ‘ယေဟောဝါကိုယ်စား’ ကိုင်တွယ်ရတဲ့အခါတွေလည်း ရှိမယ်။ (၆ ရာ. ၁၉:၆) ဒါမှမဟုတ် အကြီးအကဲတစ်ဦးက တာဝန်တစ်ခုကိုလက်ခံဖို့ အသင့်မဖြစ်သေးဘူးလို့ မောရှေလို ခံစားရနိုင်တယ်။ မောရှေလည်း သူရရှိတဲ့ တာဝန်တစ်ခုနဲ့ပတ်သက်ပြီး “အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍ ဖာရောဘုရင်ထံသို့ဝင်” ရပါမည်နည်းလို့ နှိမ့်ချစွာမေးခွန်းထုတ်ခဲ့တယ်။—ထွ. ၃:၁၁

အကြီးအကဲတွေကိုခန့်အပ်တဲ့ သန့်ရှင်းသောစွမ်းအားတော်ကပဲ အခက်အခဲတွေကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့တဲ့ ကြီးကြပ်မှူးတွေရဲ့ပုံနမူနာကို သမ္မာကျမ်းစာမှာမှတ်တမ်းတင်ရေးသားဖို့ တိုက်တွန်းခဲ့တယ်။ ဖိနဟတ်က ဧလာဇာရဲ့သား၊ အာရုန်ရဲ့မြေးဖြစ်လို့ ယဇ်ပုရောဟိတ်မင်းဖြစ်လာမယ့်သူဖြစ်တယ်။ သူ့ဘဝမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်သုံးခုက ယနေ့ အကြီးအကဲတွေပြဿနာဖြေရှင်းတဲ့အခါ ရဲစွမ်းသတ္တိ၊ ထိုးထွင်းသိမြင်မှုနဲ့ ယေဟောဝါကို အားကိုးဖို့လိုကြောင်း ဖော်ပြတယ်။

ချက်ချင်းထ၍လုပ်ဆောင်

အစ္စရေးလူတွေ မောဘလွင်ပြင်မှာစခန်းချတုန်းက ဖိနဟတ်ဟာ လူငယ်တစ်ဦးဖြစ်တယ်။ အဲဒီအချိန်က အခြေအနေကို ကျမ်းစာက ဒီလိုဖော်ပြတယ်– ‘အစ္စရေးအမျိုးသားတို့သည် မောဘမိန်းမတို့နှင့် တရားမဝင်လိင်ဆက်ဆံကြ၏။ ယောက်ျားတို့သည် ယဇ်သားကိုစား၍ ထိုဘုရားသခင်တို့ရှေ့မှာဦးချကြ၏။’ (တော. ၂၅:၁၊ ၂) ယေဟောဝါက ဒီလူတွေကို ကွပ်မျက်ဖို့ အမိန့်ပေးခဲ့တယ်။ သူတို့အမှားပြုတဲ့အကြောင်းနဲ့ ပြစ်ဒဏ်အကြောင်း သတင်းကြားတဲ့အခါ ဖိနဟတ် ဘယ်လိုနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။

ကျမ်းစာမှတ်တမ်းက ဒီလိုဆက်ပြောတယ်– ‘အစ္စရေးအမျိုးသားတစ်ယောက်သည် မောရှေရှေ့၌လည်းကောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာငိုကြွေးသော အစ္စရေးအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌လည်းကောင်း မိဒျန်မိန်းမကို မိမိညီအစ်ကိုတို့ထံသို့ ဆောင်ခဲ့လေ၏။’ (တော. ၂၅:၆) ယဇ်ပုရောဟိတ် ဖိနဟတ် ဘာလုပ်မလဲ။ သူက လူငယ်ဖြစ်ပြီး အမှားပြုသူက အစ္စရေးလူမျိုးရဲ့ဝတ်ပြုရေးကို ဦးဆောင်နေတဲ့ အကဲအမှူးတစ်ဦးဖြစ်တယ်။—တော. ၂၅:၁၄

ဒါပေမဲ့ ဖိနဟတ်က လူကိုမဟုတ်ဘဲ ယေဟောဝါကို ကြောက်ရွံ့ခဲ့တယ်။ အဲဒီနှစ်ယောက်ကိုတွေ့တာနဲ့ လှံကိုစွဲကိုင်၊ သူတို့ရဲ့တဲထဲဝင်သွားပြီး နှစ်ယောက်စလုံးကို ထုတ်ချင်းပေါက်အောင် ထိုးလိုက်တယ်။ ဖိနဟတ်ရဲ့ရဲစွမ်းသတ္တိ​နဲ့ ပြတ်သားတဲ့လုပ်ရပ်ကို ယေဟောဝါ ဘယ်လိုရှုမြင်သလဲ။ ပြစ်ဒဏ်ပေးတာကို ကိုယ်တော် ချက်ချင်းရပ်လိုက်ပြီး ဖိနဟတ်ရဲ့ယဇ်ပုရောဟိတ်မျိုးရိုး “ထာဝရ” တည်မယ်လို့ ပဋိညာဉ်ပြုခဲ့တယ်။—တော. ၂၅:၇-၁၃

ဒီအချိန်မှာတော့ ခရစ်ယာန်အကြီးအကဲတွေ အကြမ်းမဖက်ကြဘူး။ ဒါပေမဲ့ ဖိနဟတ်လိုပဲ ပြတ်သားမှုနဲ့ ရဲစွမ်းသတ္တိရှိရမှာဖြစ်တယ်။ ဥပမာ၊ အကြီးအကဲဖြစ်တာ လပိုင်းလောက်ပဲရှိသေးတဲ့ ဂျီယာမာဟာ တရားရေးကော်မတီတစ်ခုမှာ ပါဝင်ဖို့ တာဝန်ပေးခံရတယ်။ ဒီကိစ္စမှာ သူငယ်ငယ်တုန်းက သူ့ကိုကူညီပေးခဲ့တဲ့ အကြီးအကဲ ပါဝင်ပတ်သက်နေတယ်။ သူ ဒီလိုပြောတယ်– “အဲဒီလိုလုပ်ရတာ ကျွန်တော် စိတ်မသက်မသာခံစားရတယ်။ ညမှာ အိပ်လို့တောင်မပျော်ဘူး။ ကိုယ့်ရဲ့ခံစားချက်အတိုင်းမဟုတ်ဘဲ ယေဟောဝါရဲ့စံနှုန်းနဲ့အညီ အခြေအနေတွေကို ကိုင်တွယ်ဖို့ အမြဲသတိရှိနေရတယ်။ ရက်ပေါင်းများစွာဆုတောင်းပြီး ကျမ်းစာအခြေပြုစာပေတွေကို ရှာဖွေလေ့လာခဲ့တယ်။” အဲဒီလိုလုပ်ခဲ့လို့ ဒီအခြေအနေကို ကိုင်တွယ်ဖို့၊ အမှားပြုတဲ့ညီအစ်ကိုကို ကူညီပေးဖို့ သူလိုအပ်တဲ့ ရဲစွမ်းသတ္တိရခဲ့တယ်။—၁ တိ. ၄:၁၁၊ ၁၂

အသင်းတော်မှာ အဲဒီလိုပြဿနာတွေပေါ်လာတဲ့အခါ အကြီးအကဲတွေ ရဲစွမ်းသတ္တိရှိရှိ၊ ပြတ်ပြတ်သားသားကိုင်တွယ်တာက တည်ကြည်တဲ့ပုံသက်သေ ပြနေခြင်းဖြစ်တယ်။ ဒါပေမဲ့ တခြားခရစ်ယာန်တွေလည်း ကြီးလေးတဲ့အမှားတွေကို သူတို့သိမြင်တဲ့အခါမှာ အကြီးအကဲတွေကို ရဲစွမ်းသတ္တိရှိရှိ ပြောပြဖို့လိုတယ်။ အလားတူပဲ နှင်ထုတ်ခံရတဲ့မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်ဦးနဲ့ အပေါင်းအသင်းဆက်မလုပ်ဖို့ဆိုတာ တည်ကြည်မှုရှိဖို့လိုတယ်။—၁ ကော. ၅:၁၁-၁၃

ထိုးထွင်းသိမြင်မှုက ပြဿနာကိုရှောင်နိုင်

ဖိနဟတ်ရဲ့ရဲစွမ်းသတ္တိက လူငယ်သဘာဝ ကမူးရှူးထိုးလုပ်တာမဟုတ်ဘူး။ သူ့မှာ ထိုးထွင်းသိမြင်မှုဖြစ်တဲ့ အမြော်အမြင်နဲ့ ပညာသတိရှိကြောင်း သတင်းတစ်ခု သူ့နားထဲရောက်လာတဲ့အခါ ဖြေရှင်းပုံကဖော်ပြတယ်။ ရုဗင်၊ ဂဒ်နဲ့ မနာရှေအမျိုးတစ်ဝက်က ယော်ဒန်မြစ်အနီးမှာ ယဇ်ပလ္လင်တစ်ခုတည်နေကြတယ်။ သူတို့တွေ အယူမှားဝတ်ပြုရေးမှာပါဝင်ကြတယ်လို့ ယူဆပြီး တခြားမျိုးနွယ်တွေက စစ်တိုက်ဖို့ပြင်ဆင်ကြတယ်။—ယောရှု ၂၂:၁၁၊ ၁၂

ဖိနဟတ် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ အစ္စရေးအကြီးအမှူးတွေနဲ့အတူသွားပြီး ယဇ်ပလ္လင်တည်ဆောက်သူတွေနဲ့ အမြော်အမြင်ရှိရှိ ဆွေးနွေးခဲ့တယ်။ အထင်မှားခံရတဲ့ အမျိုးအနွယ်တွေက ဒါဟာ ‘ယေဟောဝါ၏အမှုကိုဆောင်ရွက်ဖို့’ မှတ်တိုင်တစ်ခုစိုက်ခြင်းသာဖြစ်တယ်လို့ ရှင်းပြလိုက်တဲ့အခါ ပြဿနာဖြစ်မယ့်အခြေအနေကို ရှောင်နိုင်ခဲ့တယ်။—ယောရှု ၂၂:၁၃-၃၄

အကယ်၍ ခရစ်ယာန်တစ်ဦးက ယုံကြည်သူချင်းတစ်ဦးအကြောင်း စွပ်စွဲချက် ဒါမှမဟုတ် အပျက်သဘောနဲ့ပြောတာကို ကြားတဲ့အခါ ဖိနဟတ်ကိုတုပခြင်းက တကယ်ပညာရှိရာရောက်ပါတယ်။ ထိုးထွင်းသိမြင်မှုက တခြားသူပြောတဲ့ အကြောင်းအရာတစ်ခုခုကြောင့် မကျေမနပ်ဖြစ်တာ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေကို မစာမနာပြောတာတွေကို ရှောင်ကြဉ်စေတယ်။—သု. ၁၉:၁၁

ထိုးထွင်းသိမြင်မှုက ဖိနဟတ်လိုလုပ်ဆောင်ဖို့ အကြီးအကဲတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။ အကြီးအကဲဖြစ်တာ ဆယ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ဂျေမီ ဒီလိုပြောတယ်– “ကြေညာသူတစ်ယောက်က နောက်တစ်ယောက်နဲ့ ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲတဲ့အကြောင်း လာပြောတယ်ဆိုရင် တစ်ဖက်စကားကိုပဲ နားမယောင်မိဖို့၊ ကျမ်းစာလမ်းညွှန်ချက်အတိုင်းလိုက်နိုင်ဖို့ ကူညီပေးပါလို့ ချက်ချင်း ယေဟောဝါထံဆုတောင်းတယ်။ တစ်ခါက ညီအစ်မတစ်ယောက် ကျွန်တော့်ဆီလာပြီး တခြားအသင်းတော်က တာဝန်ရှိညီအစ်ကိုတစ်ဦး သူ့ကိုဆက်ဆံပုံနဲ့ပတ်သက်တဲ့ပြဿနာအကြောင်း ပြောပြတယ်။ ဒီညီအစ်ကိုက ကျွန်တော်နဲ့ရင်းနှီးတဲ့မိတ်ဆွေဖြစ်လို့ ညီအစ်ကိုကို ကျွန်တော် ဒီအကြောင်းသွားပြောလိုက်မိနိုင်တယ်။ ဒါပေမဲ့ ကျွန်တော် ဒီညီအစ်မနဲ့အတူ ကျမ်းစာမူတွေကို ဆွေးနွေးခဲ့တယ်။ ညီအစ်မက အဲဒီညီအစ်ကိုကို သူကိုယ်တိုင်သွားပြောဖို့ သဘောတူလိုက်တယ်။ (မ. ၅:၂၃၊ ၂၄) ဒါပေမဲ့ ချက်ချင်းတော့ မပြေလည်သွားဘူး။ ဒါကြောင့် တခြားကျမ်းစာမူတွေကိုသုံးသပ်ဖို့ သူ့ကို ကျွန်တော်အားပေးခဲ့တယ်။ အခြေအနေနဲ့ပတ်သက်ပြီး ထပ်ဆုတောင်းဖို့နဲ့ ခွင့်လွှတ်ဖို့ကြိုးစားမယ်လို့ သူဆုံးဖြတ်လိုက်တယ်။”

ဘာရလဒ်ရခဲ့သလဲ။ ဂျေမီ ဒီလိုပြန်ပြောပြတယ်– “လအတော်ကြာပြီးတဲ့နောက် ညီအစ်မ ကျွန်တော့်ဆီရောက်လာပြီး သူနဲ့ပြဿနာဖြစ်တဲ့ညီအစ်ကိုက ပြောခဲ့တာတွေအတွက် သူ့ကိုတောင်းပန်တဲ့အကြောင်း၊ သူနဲ့အတူအမှုဆောင်ထွက်ဖို့ စီစဉ်ပြီး ညီအစ်မမှာရှိတဲ့ အရည်အသွေးကောင်းတွေကို ချီးမွမ်းတဲ့အကြောင်း ပြောပြတယ်။ ဒီလိုနဲ့ ပြန်သင့်မြတ်သွားတယ်။ ကျွန်တော်သာ ဘက်လိုက်ပြီး ကြားဝင်ခဲ့မယ်ဆိုရင် ဒီလိုရလဒ်ကောင်းရနိုင်ပါ့မလား။” ကျမ်းစာက “အမှုကိစ္စနှင့်ပတ်သက်၍ အလျင်စလို ရုံးတော်သို့မတိုင်တန်းနှင့်” လို့ ပြောတယ်။ (သု. ၂၅:၈ခမ) ထိုးထွင်းသိမြင်မှုရှိတဲ့ အကြီးအကဲတွေက ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲနေတဲ့ ခရစ်ယာန်တွေကို ကျမ်းစာမူတွေကျင့်သုံးပြီး သင့်မြတ်အောင်လုပ်ဖို့ အားပေးတယ်။

ယေဟောဝါကို မေးမြန်းခဲ့

ဖိနဟတ်က ဘုရားသခင်ရွေးချယ်ထားတဲ့လူမျိုးအတွက် ယဇ်ပုရောဟိတ်အဖြစ် အမှုဆောင်ခွင့်ရခဲ့တယ်။ သိခဲ့ပြီးဖြစ်တဲ့အတိုင်း သူဟာ လူငယ်ဘဝကတည်းက ထူးခြားတဲ့ရဲစွမ်းသတ္တိ​နဲ့ ထိုးထွင်းသိမြင်မှု ရှိခဲ့တယ်။ ဒါပေမဲ့ ပြဿနာတွေကို အောင်မြင်စွာဖြေရှင်းနိုင်တာက ဘုရားသခင်အပေါ် ယုံကြည်ကိုးစားခဲ့လို့ဖြစ်တယ်။

လေဝိလူတစ်ယောက်ရဲ့ မယားငယ်ကို သေတဲ့အထိရှုတ်ချခဲ့တဲ့ ဗင်ယာမိန်အနွယ် ဂိဗာမြို့သားတွေကို တခြားအမျိုးအနွယ်တွေက စစ်တိုက်ဖို့ပြင်တယ်။ (သူကြီး. ၂၀:၁-၁၁) သူတို့တွေက စစ်တိုက်မထွက်ခင် ယေဟောဝါကိုဆုတောင်းခဲ့တယ်၊ ဒါပေမဲ့ နှစ်ကြိမ်တိုင်တိုင် အထိနာပြီး ရှုံးနိမ့်ခဲ့တယ်။ (သူကြီး. ၂၀:၁၄-၂၅) အဲဒီလိုရှုံးနိမ်ခဲ့တဲ့အတွက် သူတို့ စိတ်ဓာတ်ကျခဲ့ပုံရတယ်။ သူတို့ရဲ့ဆုတောင်းချက်ကို ယေဟောဝါနားမထောင်ဘူး၊ ဒီအပြစ်လုပ်သူတွေကို အပြစ်ပေးဖို့ ယေဟောဝါ သူတို့ကို အသုံးမပြုလိုခဲ့ဘူးလို့ စဉ်းစားမိနိုင်တယ်။

အခု ယဇ်ပုရောဟိတ်မင်းဖြစ်နေတဲ့ ဖိနဟတ်ကတော့ အခိုင်အမာ ယုံကြည်စိတ်ချမှုနဲ့ ထပ်ပြီးဆုတောင်းခဲ့တယ်– “အကျွန်ုပ်တို့ညီ ဗင်ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွား၍တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လော။” ယေဟောဝါက နားညောင်းခဲ့ပြီး ဗင်ယာမိန်အမျိုးသားတွေကို သူတို့လက်ထဲအပ်လိုက်ခဲ့တဲ့အတွက် ဂိဗာမြို့ပြာကျသွားတယ်။—သူကြီး. ၂၀:၂၇-၄၈

ဒီကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာသင်ယူနိုင်သလဲ။ အသင်းတော်မှာရှိတဲ့ ပြဿနာတချို့က အကြီးအကဲတွေ ဝီရိယရှိရှိကြိုးစားပြီး ဆုတောင်းနေတဲ့ကြားကနေ မပြေလည်တာ ဖြစ်နိုင်တယ်။ အဲဒီလိုဖြစ်နေတယ်ဆိုရင် အကြီးအကဲတွေက ယေရှုရဲ့စကားကို သတိရသင့်တယ်– “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်မြဲခေါက်ကြလော့။ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်။” (လု. ၁၁:၉) အဖြေမရပုံပေါက်နေတယ်ဆိုရင်တောင် ယေဟောဝါသတ်မှတ်ထားချိန်မှာ အဖြေပေးမယ်လို့ အကြီးအကဲတွေ ယုံကြည်စိတ်ချနိုင်ပါတယ်။

ဥပမာ၊ အိုင်ယာလန်မှာရှိတဲ့ အသင်းတော်တစ်ခုက ဝတ်ပြုရာခန်းမတစ်ခု အပူတပြင်းလိုအပ်နေတယ်၊ ဒါပေမဲ့ ဒေသခံဆောက်လုပ်ရေးအရာရှိရဲ့ ခွင့်ပြုချက်မရနိုင် ဖြစ်နေတယ်။ ညီအစ်ကိုတွေတင်သွင်းတဲ့ ဆောက်လုပ်ရေးအစီအစဉ်အားလုံးကို သူပယ်ချခဲ့တယ်။ အရာရှိချုပ်ထံတင်သွင်းမှပဲ ခွင့်ပြုချက်ရမယ့်ပုံဖြစ်နေတယ်။ ဖိနဟတ်ခေတ်တုန်းကလိုပဲ ဆုတောင်းချက်က အကူအညီဖြစ်ပါ့မလား။

ဒေသခံ အကြီးအကဲတစ်ဦး ဒီလိုပြောပြတယ်– “အကြီးအကျယ် ဆုတောင်းအသနားခံပြီးတဲ့နောက် ကျွန်တော်တို့ ရုံးချုပ်ကိုသွားလိုက်တယ်။ အရာရှိချုပ်ကိုတွေ့ဖို့ အပတ်အတော်ကြာစောင့်ရမယ်လို့ ကျွန်တော့်ကို ပြောတယ်။ ဒါပေမဲ့ သူနဲ့ငါးမိနစ်ပဲတွေ့ဖို့ စီစဉ်လိုက်တယ်။ ပြန်ဆွဲထားတဲ့အစီအစဉ်ကို ကြည့်ပြီးတဲ့နောက် ကျွန်တော်တို့ကို ချက်ချင်းပဲ ခွင့်ပြုချက်ပေးလိုက်တယ်။ အဲဒီနောက်ပိုင်း ဒေသခံအရာရှိက ဘာမှမတတ်နိုင်ဘဲ ကျွန်တော်တို့ကို ကူညီပေးရတော့တယ်။ ဒီအတွေ့အကြုံကနေ ဆုတောင်းခြင်းတန်ခိုးက ဘယ်လောက်အရေးပါတယ်ဆိုတာ ပိုသိခဲ့ရတယ်။” ယေဟောဝါက မိမိကိုအားကိုးတဲ့ အကြီးအကဲတွေရဲ့ဆုတောင်းချက်ကို အမှန်ပဲ အဖြေပေးပါလိမ့်မယ်။

ရှေးခေတ်အစ္စရေးအချိန်မှာ ဖိနဟတ်က ရဲစွမ်းသတ္တိ၊ ထိုးထွင်းသိမြင်မှု၊ ဘုရားသခင်ကို ယုံကြည်အားကိုးမှုနဲ့ ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်ပြီး အခက်အခဲတွေကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့တယ်။ ဘုရားသခင့်လူမျိုးကို ဖိနဟတ် ဝီရိယရှိရှိ ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့အတွက် ဘုရားသခင့်မျက်နှာသာရရှိခဲ့တယ်။ နှစ်ပေါင်း ၁,၀၀၀ ခန့်ကြာပြီးတဲ့နောက် ဧဇရ ဒီလိုရေးခဲ့တယ်– ‘ရှေးကာလ၊ ဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ကိုအုပ်ရ၍ ယေဟောဝါသည် သူနှင့်အတူရှိတော်မူ၏။’ (၅ ရာ. ၉:၂၀) ယနေ့ ယေဟောဝါရဲ့လူမျိုးကို ဦးဆောင်နေတဲ့ခရစ်ယာန်တွေနဲ့ ကိုယ်တော့်ကိုတည်ကြည်စွာ အမှုဆောင်နေတဲ့ ခရစ်ယာန်အားလုံး ဒီအတိုင်းဖြစ်ကြပါစေ။